အပိုင်း ၃
Viewers 17k

Chapter 3
ဆိုးယုတ်ခြင်း


လွန်စွာမကျယ်ဝန်းလှသည့် ဆေးရုံခန်းထဲတွင် ခုတင်အနည်းငယ်ခန့်ရှိနေသည်။ အခန်းထဲတွင် လူနာများက မိသားစုဝင်များဖြင့် ပြည့်ကျပ်နေပြီး သူတို့၏ နေ့စဉ်ဘဝများအကြောင်း ဆွေးနွေးနေကြသည်။

' ဘယ်အိမ်ကသားက စိတ်ပျက်စရာကောင်းတယ်၊ ဘယ်အိမ်က သမီးက လက်မထပ်ချင်ဘူး၊ ဘယ်အိမ်က သားက တက္ကသိုလ်ကောင်းကောင်းကိုရောက်သွားတယ် ' အစရှိသော အ‌ကြောင်းများဖြစ်သည်။

ဖူလီက ဆေးရုံခုတင်ပေါ်ထိုင်ပြီး သူ့လက်ထဲမှ ပန်းသီးက တကျွတ်ကျွတ်ဝါးနေသည်။ ကျောက်စန်းရှန့်က သူနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေပြီး စကားမပြောပဲ ငြိမ်နေသည်မှာ ဆယ်မိနစ်ခန့်ရှိပြီဖြစ်သည်။

သာမန်လူတစ်ယောက်ဆိုပါက အချိန်ကြာသည်အထိ စိုက်ကြည့်ခံနေရပါက စိတ်မသက်မသာဖြစ်နိုင်သော်လည်း ဖူလီ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် နေနိုင်သည့်စွမ်းရည်က ကောင်းလွန်းလှသည်။  သူ့စိတ်ထဲ မသက်မသာ ဖြစ်ရုံသာမက ငှက်ပျောသီး၊ မက်မွန်သီးနှင့် စပျစ်သီးများကိုပါ အခွံခွာပြီးစားနေသည်။

ပန်းသီးက ကုန်လုနီးပါးဖြစ်လာသည်။ ကျောက်စန်းရှန့်က နောက်ဆုံးတွင် သည်းမခံနိုင်တော့၍ ထပြောလာသည်။

" မင်းကတော်တော်လေး ခေါင်းမာတာပဲ သူရဲကောင်းတောင် ဝင်လုပ်လိုက်သေးတယ်..."

ဖူလီက ပန်းသီးရိုးကြီးကို တစ်မီတာအကွာခန့်က အမှိုက်ပုံးထဲ လှမ်းပစ်လိုက်ပြီး စိတ်အေးလက်အေးဖြင့် ပြန်ဖြေလိုက်သည်။

" သူ ကျွန်တော့်ရှေ့မှာ သေသွားမှာကို ကြည့်နေလို့မှ မရတာ..."

ထိုမိသားစုက ကုသိုလ်ကောင်းမှုများများ မပြုလုပ်ထားသော်လည်း သူတို့က မဆိုးလှပေ။ မည်သို့ပင်ဖြစ်စေ အရာအားလုံးက ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပေသည်။

သာမန်လူများက တစ်စုံတစ်ရာထူးဆန်းနေကြောင်း သိသွားမည်စိုး၍ သူ၏ပုံရိပ်ယောင်နည်းစနစ်ကိုသုံးပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ပြည့်နေသည်ဟု ထင်ရအောင် ပြုလုပ်ထားသည်။

" Sh*t..."

ကျောက်စန်းရှန့်က သူ့အင်္ကျီအိတ်ကပ်ထဲမှ စီးကရကဘူးကို ထုတ်လိုက်သည်။ သူ မီးမညှိမီအချိန်မှာပင် ဘေးခုတင်မှ အန်တီ၏ ‌စူးစူးရဲရဲကြည့်ခြင်း ခံလိုက်ရသည်။

" အစ်ကိုကြီး နံရံကို ကြည့်လိုက်ပါဦး..."

ကျောက်စန်းရှန့် မော့ကြည့်လိုက်သည်။ ' ‌လူနာခန်းထဲတွင် ဆေးလိပ်မသောက်ရ ' ဟူသော ဆိုင်းဘုတ်ကြီးကို နံရံပေါ်တွင် ချိတ်ထားပေသည်။ သူ့လက်ထဲမှစီးကရက်ကို ဘူးထဲ ပြန်ထည့်ထားလိုက်သည်။ သူ ‌စိတ်အနှောင့်အယှက်ဖြစ်သွား၍ မတ်တပ်ထရပ်ပြီး ဖူလီကို ပြောလိုက်သည်။

" ဆေးရုံမှာ နောက်၂ရက်လောက် ထပ်နေလိုက်ဦး...ငါ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပြန်သွားတော့မယ်..."

သူ လူနာခန်းထဲမှ ထွက်လာချိန်တွင် အခန်းထဲမှလူများက ဖူလီ့ကိုမေးနေကြသည်ကို မပီမသ ကြားလိုက်ရသည်။

" ကောင်လေး... ခုနကထွက်သွားတာ မင်းအဖေလား..."

" မဟုတ်ပါဘူး..."

" ငါလည်း အဖေမဟုတ်ဘူးလို့တော့ထင်သား..."

ကျောက်စန်းရှန့် အေးစက်စက်ဖြင့် ရယ်လိုက်မိသည်။

အသိဉာဏ်ကင်းမဲ့တဲ့ လူသားတွေ... သူက နှစ် ၂ထောင်လောက် နေလာတဲ့ ဘဲတစ်ကောင်လေ ဒီလို ငတုံးသားမျိုး ရှိပါ့မလား... ဒါပေမဲ့ ဖူလီက ဘယ်လို မိစ္ဆာမျိုးပါလိမ့်...နှစ် ၂ထောင်ခန့် ကျင့်ကြံလာသော်လည်း သူ  အတိအကျ မပြောနိုင်ဖြစ်နေသည်။

ဆေးရုံ အဝင်ဝကို ရောက်သည့်အခါ သာမန်ပုံစံဖြင့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က သူရှိရာဘက်ကို လျှောက်လာသည်အား မြင်လိုက်ရ၍ သူ့အလိုလို ခြေနှစ်လှမ်းခန့် ဆုတ်သွားမိသည်။

သူတို့နှစ်ယောက် ကျောက်စန်းရှန့်အနားမှ ဖြတ်သွားချိန်တွင်  သူ့ကိုလှည့်ကြည့်လိုက်ကြသည်။ သူက ထိုသူနှစ်ယောက်ကို စာအုပ်အသေးလေးတစ်အုပ် အမြန်ပြလိုက်သည်။

(သူက ဒီနိုင်ငံစတည်ထောင်တည်းက မကောင်းတဲ့ကိစ္စတစ်ခုမှ မလုပ်ခဲ့တဲ့ အပြစ်ကင်းတဲ့မိစ္ဆာလေးပါ...)

" စိုးရိမ်နေစရာမလိုပါဘူး..."

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ကျောက်စန်းရှန့်၏လက်ထဲမှ အပြစ်ကင်းကြောင်း သက်သေပြသည့်အရာကိုကြည့်ပြီး ပြုံးလိုက်မိသည်။

" ငါတို့က ဖြတ်သွားရုံပါ..."

ကျောက်စန်းရှန့် စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။ ဆေးရုံထဲမှ ထွက်လာပြီးချိန်တွင်မှ သူ့ခေါင်းထဲကို အတွေးတစ်ခု ဝင်ရောက်လာသည်။

သူတို့နှစ်ယောက် ဖူလီ့ကို လာရှာတာများလား...

ထိုအတွေးဖြင့် ဆေးရုံဝင်ပေါက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ခြေလှမ်းများကို မြန်လိုက်သည်။

သူ မြန်မြန် ထွက်ပြေးမှပဲ...

ကျန်းခယ့်နှင့် ရှုယွမ်တို့ ဖူလီ၏လူနာခန်းထဲ ဝင်လာစဉ်တွင် အမျိုးသမီးကြီးတစ်ယောက်က ဖူလီ့လက်ထဲကို သစ်သီးများ ထိုးထည့်ပေးနေသည်ကို အချိန်ကိုက်မြင်လိုက်ရသည်။

ရှုယွမ်က ဖူလီကို ဂရုတစိုက်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်က အချိုးအစားကျနပြီး ကျော့ရှင်းသော ပုံပန်းသွင်ပြင်ရှိသည်။ သူ့ပုံစံကိုကြည့်ရုံဖြင့် မည်သည့်မိစ္ဆာမျိုးဖြစ်သည်ကို ပြောရန်မဖြစ်နိုင်ပေ။ ထို့အပြင် သူ့ထံ၌ မိစ္ဆာဓာတ်အနည်းငယ်မှ ရှိမနေပေ။ အကယ်၍ တစ်ဖက်လူက ‌မိစ္ဆာဖြစ်ကြောင်းကို အတည်ပြုပြီးသား မဟုတ်ပါက သူ့ကို သာမန်လူသားတစ်ယောက်ဟုသာ ထင်သွားနိုင်သည်။

ကောင်းကင်ဘုံမှ အခွင့်အရေးပေးခြင်းခံရသော မိစ္ဆာအချို့က ကျင့်ကြံဆင့်နိမ့်နေလျှင်ပင် လူသားပုံစံဖြစ်အောင် အလွယ်တကူကျင့်ကြံနိုင်သည်ဟု ဆိုကြပေသည်။ သူတို့၏စွမ်းရည်က သာမန်လူသားများနှင့် အလွန်မကွာခြားကြ၍ လူသားကျင့်ကြံသူများနှင့် အလွယ်တကူအထင်မှားနိုင်သည်။

သူက မြင့်မားသောဘုံတစ်ခုကို ရောက်ရှိနေပြီးဖြစ်သည့် စွမ်းအားကြီးမိစ္ဆာလည်း ဖြစ်နိုင်ပေသည်။ ထို့နောက်တွင်မှ သူ၏။သဘာဝအနေအထားကို ပြန်ရောက်သွားသောကြောင့် သူ၏ မူလအသွင်ကို အတိအကျမမြင်ရခြင်းနှင့် မိစ္ဆာဓာတ်ကို အာရုံမခံနိုင်ခြင်း ဖြစ်ပေမည်။

ဒါပေမဲ့... ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာပဲ အလုပ်လုပ်နိုင်တဲ့ မိစ္ဆာတစ်ကောင်က ယောင်လောကရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်လောက်တဲ့အထိ စွမ်းအားကြီးပါ့မလား...

သူတို့ ပထမဆုံးအကြိမ် သတင်းပေးပို့ချက် ရရှိခဲ့စဉ်က ပြဿနာရှာသော မိစ္ဆာတစ်ကောင်ဟုသာ ထင်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် အဆုံးတွင်မူ ဤမိစ္ဆာက လူသားတစ်ယောက်ကို သူ၏နောက်ဆုံးအချိန်တွင် ကာကွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရသည်။ သူတို့နှစ်ယောက် ဤနေရာသို့ ရောက်လာရခြင်းမှာလည်း သူ၏ သူရဲကောင်းဆန်သောလုပ်ရပ်အတွက် ဆုကြေးငွေချီးမြှင့်ရန် ဖြစ်သည်။ ငွေပမာဏက မများလှသော်လည်း စီမံခန့်ခွဲရေးဗျူရို၏ ကျေးဇူးတင်ခြင်းကို ပြသသည့်ပုံစံဖြစ်သည်။

သူတို့လာရောက်သည့် အကြောင်းပြချက်ကို နားထောင်ပြီးသည့်နောက်တွင် ဖူလီက ဆုကြေးငွေ ယွမ်တစ်ထောင်ကို ပျော်ပျော်ရွှင်ရွှင်ဖြင့် လက်ခံလိုက်သည်။ ငွေကို သူ့အိတ်ကပ်ထဲ ထည့်လိုက်ပြီးနောက် လက်ဖြင့် တစ်ချက်ပုတ်လိုက်သေးသည်။

နောက်ဆုံးတွင် ငွေတစ်ပြားမှ မရှိသည့်ဘဝမှ လွတ်မြောက်သွားရပြီဖြစ်သည်။

" ကျေးဇူးတင်ပါတယ်..."

ဖူလီက ဝမ်းမြောက်ဝမ်းသာဖြင့်ပြုံးပြပြီး ထိုနှစ်ယောက်ကို ကျေးဇူးတင်လိုက်သည်။ ခုတင်ဘေးမှ ပန်းသီးနှစ်လုံးကိုလှမ်းယူပြီး သူတို့လက်ထဲ ထည့်ပေးလိုက်သည်။

" ပန်းသီးစားကြပါဦး..."

ထိုသစ်သီးများကို ဦးလေးကျန်း၏ မိသားစုက ဝယ်လာပေးခြင်းဖြစ်ပြီး ဤရက်အနည်းငယ်အတွင်း ဆေးကုသစရိတ်အားလုံးကိုလည်း သူတို့မိသားစုက ပေးထားခြင်းဖြစ်သည်။ ဦးလေးကျန်းက သူ့ကိုကျေးဇူးဆပ်သည့်အနေဖြင့် ငွေပေးချင်သေးသော်လည်း သူက ငြင်းဆန်ခဲ့သည်။
သူက ပညာရေးကို တန်ဖိုးထားတဲ့ မိစ္ဆာလေ... ‌ဦးလေးကျန်းက ကျန်းဖမ်ကျောင်းစရိတ်အတွက် စုထားတဲ့ငွေတွေကို သူဘယ်လိုသုံးရက်မှာလဲ...

လူသားများပြောတတ်သော စကားပုံများထဲတွင် သူ အကြိုက်ဆုံး စကားပုံတစ်ခုရှိသည်။

" လူတစ်ယောက်က ဘယ်လောက်ပဲ ဆင်းရဲပါစေ ပညာရေးကို  လျစ်လျူမရှု့ရဘူး..." ဟူသောစကားပုံဖြစ်သည်။ အရာအားလုံးက မည်မျှခက်ခဲကြမ်းတမ်းနေပါစေ ကလေးများက နာကျင်ခံစားကြရန် မလိုအပ်ပေ။

ကျန်းခယ့်က ပန်းသီးကို မယူ‌လိုက်သော်လည်း ရှုယွမ်က ကျေးဇူးတင်စကားပြောပြီး လက်ခံထားလိုက်သည်။

" ရပါတယ်..."

ဖူလီ၏ မျက်နှာပေါ်မှ အပြုံးက ပိုမိုတောက်ပလာသည်ဟု ထင်ရသည်။

ကျန်းခယ့်နှင့် ရှုယွမ်တို့က မိစ္ဆာတစ်ကောင်အတွက်နှင့် အချိန်ကြာကြာအကုန်ခံရန် ဆန္ဒမရှိကြပေ။ ဖူလီက အန္တရာယ်မပေးတတ်သောမိစ္ဆာဖြစ်ကြောင်း အတည်ပြုပြီးသည့်နောက်တွင် ဗျူရိုကို ပြန်သတင်းပို့ကြရန် ပြင်ဆင်လိုက်သည်။ မြို့တော်တွင် နဂါးချီဓာတ်က အများဆုံးဖြစ်၍ မိစ္ဆာများကို ဆက်တိုက်စုဝေးလာစေသည်။ ထူးဆန်းသော မိစ္ဆာများစွာကလည်း ရောက်ရှိလာပေသည်။ အချို့က အင်တာနက်တွင်နာမည်ကြီးများဖြစ်လာပြီး မျက်နှာကပ်သည့်မက်စ်အတုများကို ရောင်းစားကြ၍ အဖမ်းခံရသည်။ အချို့ကမူ သူခိုးများဖြစ်လာကြပြီး သူတို့၏ ယောင်စွမ်းရည်(မိစ္ဆာစွမ်းရည်)ကိုသုံး၍ ရဲများထံမှ ထွက်ပြေးကြသည်။ အချို့အမူ အခြားလူများ၏ စိတ်ခံစားချက်ကို အသုံးချ၍ လက်ဆောင်များရအောင် ကြံဖန်ကြသည်။

မှတ်ပုံတင်အတုဖြင့် လူအယောင်ဆောင်နေထိုင်ကြစဉ်တွင် သက်ကြီးရွယ်အိုများကို ဆေးအတုများဝယ်အောင် လိမ်ညာကြသည်များလည်းရှိသည်။ သို့ရာတွင် ဤကဲ့သို့ တရားမဝင်ကိစ္စများလုပ်ဆောင်နေသည့် မိစ္ဆာများကိုမူ ဖမ်းဆီးအပြစ်ပေး၍မရပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့က ပိုက်ဆံကို လိမ်ညာယူခြင်းသာဖြစ်ပြီး လူအများကို ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်းကြောင့်ဖြစ်သည်။ အရက်စက်ဆုံးသောမိစ္ဆာများမှာ လူသားနှင့် မိစ္ဆာများကိုပါ သတ်ဖြတ်သူများဖြစ်သည်။ ၎င်းတို့ကိုမူ တစ်ကမ္ဘာလုံးက အလိုရှိသည့်စာရင်းတွင် ထည့်သွင်းထားပြီး မည်သည့်နေရာတွင် တွေ့သည်ဖြစ်စေ အမေးအမြန်းမရှိ သတ်ပစ်နိုင်သည်။

သူတို့နှစ်ယောက် လူနာခန်းထဲမှ လမ်းလျှောက်ထွက်လာစဉ်တွင် လူနှစ်ယောက်ကိုသတ်ပြီး လက်ရှိအချိန်တွင် ထွက်ပြေးနေသည့် နှလုံးဝါးမျိုမိစ္ဆာတစ်ကောင်အကြောင်း ရုံးချုပ်က သတင်းပို့သည်ကို လက်ခံလိုက်ရသည်။

" ချီးပဲ ‌ ဒီမိစ္ဆာတွေက ပူးပေါင်းကြံစည်နေတာများလား... အခုနောက်ပိုင်း ခေါင်းဆောင်ကျွမ်းက နိုင်ငံထဲက မကြာခဏထွက်သွားတာကိုသိလို့ တစ်ယောက်ပြီးတစ်ယောက် ပြဿနာရှာနေတာများလား..."

ကျန်းလယ့်က လူသတ်မှုဖြစ်ပွားထားသည့်နေရာကိုကြည့်နေပြီး သူ့အမူအရာက အကျည်းတန်လာသည်။ လက်ရှိကမ္ဘာကြီးတွင် ဤကဲ့သို့သောပြစ်မှုမျိုးကို ဗြောင်ကျကျကျူးလွန်နိုင်သည့် မိစ္ဆာက များများစားစား မရှိလှပေ။

......

‌လူနာခန်းထဲတွင် ဖူလီက အားလုံးနှင့် တူတူစုပြီး တီဗီကြည့်နေသည်။ သတင်းက ယခုလတ်တလောဖြစ်ပွားထားသည့် လူသတ်မှုတစ်ခုအကြောင်း ပြသနေခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများကို သတိဖြင့် သွားလာကြရန် သတိပေးနေသည်။

" အားယိုးယိုး သေသွားတဲ့ကလေးက ခုမှ အသက် ၂၀တဲ့..."

အန်တီတစ်ယောက်က သူ့ပေါင်သူပြန်ရိုက်ပြီး ရေရွတ်လိုက်သည်။

" လူသတ်သမားဆိုတာ ဆန်ကုန်မြေလေးတွေပဲ... အဲ့ကလေးရဲ့ မိဘဆွေမျိုးတွေ ဘယ်လိုခံစားနေရမလဲ တွေးကြည့်ပါဦး..."

ဦးလေးနှင့် အန်တီများက လူသတ်မှုအကြောင်းပြောဆိုနေကြပြီး အမည်မသိလူသတ်သမားကို ကျိန်ဆဲနေကြ၍ တီဗီကြည့်လေ့ကြည့်ထမရှိသော ဖူလီက အာရုံစိုက်သွားမိသည်။ ထို့နောက် ခုတင်ဘေးရှိ ဗီရိုထဲမှ မက်မွန်သီးတစ်လုံးကိုယူပြီး ဝါးလိုက်သည်။

ဖူလီက ဆေးရုံတွင် နောက်ထပ်နှစ်ရက်ခန့်နေပြီးသောအခါ တေးရုံဆင်းရန် ပြင်ဆင်စရာရှိသည်များကို ကိုယ်တိုင်ပြင်ဆင်နေသည်။ ဦးလေးကျန်း၏မိသားစုက သူ့ကို ဆေးရုံဆင်းခွင့်မပေးသော်လည်း ဖူလီက ငွေကို အလဟဿ မကုန်စေလိုပေ။ သို့ဖြစ်၍ သူ ဆေးရုံမှ ခိုးကြောင်ခိုးဝှက်ဖြင့် ထွက်လာတော့မည်ဖြစ်သည်။ ဆေးရုံဆင်းရန် လိုအပ်သည့်ကိစ္စများ ဆောင်ရွက်ပြီးသောအခါ သူ့ကျန်းမာရေးကိုာဂရုမစိုက်သောကြောင့် ဆေးရုံအုပ်ဆရာဝန်ကြီး၏ ဆူပူကျိန်းမောင်းခံလိုက်ရသေးသည်။

ဖူလီ ဆေးရုံမှ ထွက်လာချိန်မှသာ စိတ်အေးလက်အေးဖြင့် သက်ပြင်းချနိုင်သွားသည်။ လူသားများက အထင်ကြီးလောက်ဖွယ်ရာကောင်းသည့် သက်ရှိများဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကမူ သမားတော်များက သူ့ကိုမြင်ရုံဖြင့် ခြေထောက်များ တုန်ယင်သည်အထိ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သူ့ကို ဝေဖန်အပြစ်တင်ရဲနေပြီဖြစ်သည်။ ထို့အပြင် တစ်ကြိမ်တည်းမဟုတ်ပဲ ပြစ်တင်စကားကို မထပ်အောင်ပြောနေခြင်းဖြစ်သည်။

သူ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ‌မိုးကုတ်စက်ဝိုင်းသို့ ဝင်လုဆဲဆဲနေက ကောင်းကင်ကြီးတစ်ခုလုံးကို အနီရောင်ခြယ်ထားသည်မှာ ပြင်းထန်လွန်းနေ၍ အနည်းငယ်ထူးဆန်းနေသည်။

ဖူလီက ပလတ်စတစ်အိတ်ကို လက်တစ်ဖက်ဖြင့် ပြောင်းကိုင်လိုက်ပြီးနောက် လမ်းကြားလေးထဲကို လျှောက်လာလိုက်သည်။

ပန်းပွင့်ပုံရှပ်အင်္ကျီနှင့် သက်လတ်ပိုင်းအရွယ်လူများ၊ အင်္ကျီလက်ပြတ်နှင့် သက်ကြီးရွယ်အိုများသာမက အမျိုးသမီးငယ်လေးအချို့ကလည်း စားသောက်ဆိုင်ငယ်လေးရှေ့တွင် ထိုင်နေသည်။ ဖူလီရောက်လာသည်နှင့် ထိုအမျိုးသမီးငယ်လေးများက သူ့ကို အကြိမ်ပေါင်းများစွာ ခိုးကြည့်ကြတော့သည်။ ရဲတင်းသူအချို့ကမူ ဖုန်းများထုတ်ပြီး ဓာတ်ပုံပါရိုက်နေကြသည်။

ဖူလီက ထိုမိန်းကလေးများ၏အကြည့်ကို သတိထားမိ၍ ခေါင်းငုံပြီး ခေါက်ဆွဲကို ငြိမ်ငြိမ်လေး စားနေသည်။

လူသားများပြုလုပ်သော အစားအစာများက တဖြည်းဖြည်းပိုပြီး အရသာရှိလာပေသည်။ လူသားဟူသည်မှာ ထူးခြားဆန်းကြယ်သောမျိုးစိတ်တစ်ခု ဖြစ်ပေသည်။ အမြဲထာဝရ တိုးတက်နေပြီး မိစ္ဆာများက သူတို့အပေါ်ထားသည့် လေးစားမှုကို အဆင့်တစ်ခုအထိ ရောက်သွားစေနိုင်သည်။ ဖူလီက ပန်းကန်လုံးကိုကိုင်၍ စွပ်ပြုတ်ရည်များကို တစ်စက်မကျန်အောင် သောက်လိုက်သည်။ ထို့နောက် တစ်သျှူးဘူးထဲမှ တစ်သျှူးတစ်ရွက်ထုတ်ပြီ သုတ်လိုက်သည်။

သူ မတ်တပ်ရပ်ပြီူ ငွေရှင်းတော့မည့်အချိန်၌ သူ့ခြေထောက်နားကို ပန်းကန်လုံးတစ်လုံး ပျံလာသည်။ ဆံပင်အရောင်စုံနှင့် လူငယ်အချို့က မိန်းကလေးများကို ဝိုင်းထားကာ တစ်ခုခုပြောနေပြီး မိန်းကလေးများအနက်မှ တစ်ယောက်၏ဖုန်းကို ဆွဲယူရန် ပြင်နေသည်။

" ကောကောတို့က မင်းတို့နဲ့ မိတ်ဆွေဖြစ်ချင်ရုံပဲလေ ဒါလေးတောင် မျက်နှာသာ မပေးနိုင်ဘူးလား... ‌ဒါက နည်းနည်းတော့ အဓိပ္ပါယ်မရှိဘူးထင်တယ်..."

မိန်းကလေးများက ကြောက်လန့်လွန်း၍ ငိုရှိုက်နေကြသည်။ ဆိုင်ပိုင်ရှင်က ကြားထဲမှ ဖျောင်းဖျပြောဆိုပေးသော်လည်း ထိုလမ်းသရဲများက သူ‌ပြောသည်ကို မကြားချင်ယောင်ဆောင်နေသည်။ လက်ထဲတွင် ယောက်ချိုကိုင်ထားသောဆိုင်ပိုင်ရှင်က သူတို့ကို တားလိုသော်လည်း အနည်းငယ် ကြောက်နေမိသည်။ အခြားသောစားသုံးသူများကလည်း လမ်းသရဲများကို ရန်မစရဲကြ၍ အခြေအနေက ပိုဆိုးလာသည်။

" မိန်းကလေးတွေကို အနိုင်ကျင့်နေတယ်ဆိုတည်းက မင်းတို့ကို မျက်နှာသာပေးစရာအကြောင်းမှ မရှိတော့တာ... ဘာတွေများ ဖြစ်ချင်နေသေးတာလဲ..."

‌အကြောက်လွန်၍ တုန်ယင်နေသော မိန်းကလေးများအရှေ့တွင် ဖူလီက ဝင်ရပ်လိုက်ပြီး ထိုလမ်းသရဲများက မိန်းကလေးများကို လက်ညှိုးထိုးနေသည်အား ပုတ်ချလိုက်သည်။

" နိုင်ငံကြီးသားတစ်ယောက်ဆိုရင် သိက္ခာရှိရှိ ပြုမူလေ..."

" သူများကိစ္စ ဝင်စပ်စုတဲ့ငတုံးက ဘယ်နေရာက ရောက်လာတာလဲ ထွက်သွားစမ်း..."

ဦးဆောင်လာသော လမ်းသရဲက ဆဲရေးပြီးသွားသည်နှင့် တစ်ကိုယ်လုံး မြေပေါ်လှိမ့်သွားတော့သည်။

ဖူလီ၏ မျက်လုံးအရောင်များက အလွန်ဖျော့တော့သည်။ လမ်းမီးရောင်ဝါကျင်ကျင်အောက်တွင် သူ့မျက်လုံးသူငယ်အိမ်အထက်၌ ရွှေရောင်အလင်းတန်းတစ်လွှာ ထပ်ထားသည်ဟုပင် ထင်ရသည်။ ထို လမ်းသရဲများကို သူရယ်ပြလိုက်သည်။

" ဒီလမ်းကနေ ထွက်သွားရမှာလား..."

မိန်းကလေးများကိုသာ အနိုင်ကျင့်ရဲကြသော လမ်းသရဲများက ကြောက်ကြောက်လန့်လန့်နှင့် နောက်တစ်လှမ်းဆုတ်လိုက်သည်။

နှစ်မိနစ်ခန့်အကြာတွင် ထိုလမ်းသရဲအားလုံးကို ကြိုးဖြင့်ချည်ထားလိုက်ပြီးနောက် ရဲများ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေလိုက်သည်။ အကယ်ခံလိုက်ရသည့်အထဲတွင် သတ္တိအရှိဆုံးကောင်မလေး၏နာမည်က တင်းတင်းဖြစ်သည်။ ဖူလီ ထွက်သွားရန် ပြင်နေသည့်အခါ သူမက အလျင်အမြန်တားမြစ်လိုက်သည်။

" လူချောလေး... ရှင့်နာမည်က ဘယ်သူလဲဟင်..."

ဖူလီ၏ နှုတ်ခမ်းက ကွေးညွတ်သွားသည်။ သူ ခေါင်းမော့၍ သိမ်မွေ့စွာ ပြန်ဖြေလိုက်သည်။

" ကျေးဇူးပြုပြီး ကျွန်တော့်ကို လဲ့ဖုန်းလို့ ခေါ်ရင်ရပါတယ်..."

တင်းတင်း : " ဘယ်လို..."

သူမ အသိစိတ်ပြန်ဝင်လာချိန်တွင် သူ့ကိုယ်သူ "လဲ့ဖုန်း" ဟုခေါ်သည့်ကောင်ချောလေးက မည်သည့်နေရာသို့ရောက်သွားကြောင်းပင် မသိလိုက်ပေ။

ဖူလီက မီးရောင်မှိန်မှိန်နှင့် လမ်းကြားအတိုင်း လျှောက်လာသည်။ သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံနေပေသည်။ သူ့အင်္ကျီအိတ်ကပ်ထဲ မွှေနှောက်လိုက်ပြီးနောက် မီကူးသစ်ကိုင်းခြောက်ကို ထုတ်လိုက်သည်။ သစ်ကိုင်းအဖျားကို အသာထိလိုက်သည့်အခါ သစ်ကိုင်းက အရပ်မျက်နှာတစ်ဖက်သို့ လှည့်လာပေသည်။

မီကူးသစ်ကိုင်းခြောက်က ဖူလီကို ဖြတ်လမ်းတစ်ခုအား ညွှန်ပြနေခြင်းဖြစ်သည်။ သို့ဖြစ်၍ သူဖြတ်သွားရမည့်လမ်းများက အလွန်ကျဉ်းမြောင်းပြီး လူအသွားအလာမရှိပေ။

ဘန်း...

လူသားတစ်ယောက်က သူ့ရှေ့၌ ရုတ်ချည်းပြုတ်ကျလာချိန်တွင် ခြေလှမ်းများကို ကတိုက်ကရိုက်ရပ်တန့်လိုက်ပြီး ထိုလူကို တစ်ချက်ကြည့်လိုက်သည်။

ဒီလူက သူ့ကို လွန်ခဲ့တဲ့နှစ်ရက်က ဆုကြေးငွေ လာပေးတဲ့သူမလား... ဘာလို့ အပေါ်က ပြုတ်ကျလာတာလဲ...

သူ မော့ကြည့်လိုက်သည့်အခ အရပ်ရှည်ရှည်ခန္ဓာကိုယ်တောင့်တောင့်လူက ခြံစည်းရိုးပေါ်တွင်ရပ်နေပြီး မျက်လုံးနှစ်လုံးလုံးတွင် ထူးဆန်းသည့် အနီရောင်အလင်းတန်းများ ရှိနေသည်။

" အမြန်ပြေးတော့..."

ကျန်းခယ့်က ဖူလီကို မှတ်မိသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် မနည်းကြိုးစားကာ ဖူလီ့ရှေ့တွင်။ပိတ်ရပ်ထားလိုက်သည်။

" မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး..."

" ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး... အားလုံး ဒီမှာပဲနေပြီး ငါ့ရဲ့ညစာဖြစ်ရမယ်..."

မကောင်းဆိုးဝါးမိစ္ဆာက ဝမ်းသာအားရဖြင့် ရယ်မောလိုက်ပြီး ခြံစည်းရိုးပေါ်မှ ခုန်ဆင်းလာသည်။ သူ၏ ဖြူဖွေးပြီး အမွေးများပြည့်နေသည့်မျက်နှာ၌ သွေးများပေနေသည်။

ဖူလီ ခေါင်းမော့ကြည့်လိုက်ပြီးနောက် ယောင်လောက က တဖြည်းဖြည်းဆိုးယုတ်လာသောကြောင့် သက်ပြင်းချလိုက်မိသည်။

ဒီလို ငြိမ်းချမ်းသာယာနေတဲ့ ခေတ်ကြီးထဲမှာ ကျုးယန်တစ်ကောင်ထွက်လာပြီး တခြားလူတွေကို အနိုင်ကျင့်ရဲသေးတယ်ပေါ့လေ...

သူတို့တွေက ဆိုးယုတ်လာတာပဲ တကယ်ကို ဆိုးယုတ်လာတာ...

ဒီလို စိတ်ပျက်စရာကောင်းတဲ့ဟာတွေကြောင့် ယောင်လောကလည်း မျက်နှာပျက်ရပြီ...


Xxxx