Chapter 4
မျက်နှာသာ ပေးရမယ်တဲ့လား...
မှောင်မိုက်နေသည့်လမ်းကို လရောင်တစ်မျိုးတည်းက အလင်းဓာတ်ပေးထား၍ မကောင်းဆိုးဝါးမိစ္ဆာ၏ ထူးခြားသောပုံပန်းသွင်ပြင်က ပို၍ကြောက်စရာကောင်းနေသည်။ ကျန်းခယ့်က သွေးနှစ်လုတ်ဆက်တိုက် အန်ထွက်လာပြီးနောက် သူ့ရှေ့တွင်ရပ်နေသည့် ပိန်ပိန်ပါးပါးနှင့် ဖူလီကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲ စိတ်ဓာတ်ကျမှုလှိုင်းတစ်ခု ရိုက်ခတ်လာပေသည်။ ချင်းရှောင်ဂိုဏ်း၏ ထူးချွန်သောတပည့်တစ်ယောက်ဖြစ်သည့်သူက နှလုံးသားကို မကောင်းဆိုးဝါးမိစ္ဆာက ဆွဲထုတ်သွားခြင်းခံရပြီး လမ်းကြိုလမ်းကြားတစ်ခုတွင် ပျောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မဟုတ်သေးပါဘူး... သူ ခုနက ဖူလီကိုကွယ်ပြီး ရပ်နေပေးတာလေ... မျက်စိတစ်မှိတ်အတွင်း အဲ့ကောင်လေးက ဘယ်လိုလုပ် သူ့ရှေ့ရောက်လာတာလဲ..
သူ ဒီတစ်ခါရော သူရဲကောင်း လုပ်ချင်ပြန်တာလား...
" ဟန်ဆောင်မနေနဲ့တော့... ခင်ဗျားထွေးထုတ်လိုက်တဲ့သွေးက ပန်းကန်လုံးတစ်လုံးစာတောင်ပြည့်တော့မယ်... ရပ်နေရတာ မပင်ပန်းဘူးလား..."
ဖူလီက ကျန်းခယ့်ကိုလှည့်ကြည့်လိုက်ပြီး ကျောက်တုံးလှေကားများကို လက်ညှိုးထိုးပြလိုက်သည်။
" ဟိုမှာ ထိုင်နေပါလား..."
မင်း ဖင်ကြီးကိုပဲထိုင်လေ... နှစ်ယောက်လုံးက သေခါနီးဖြစ်နေတာတောင်မှ သူက ငါ့ကို လာထိုင်ခိုင်းနေသေးတယ်...
ကျန်းခယ့်က ဒေါသထွက်သွားပြီး နောက်ထပ် သွေးတစ်လုတ်အန်လုနီးပါးဖြစ်သွားသည်။
ဒီမိစ္ဆာလေးက အန္တရာယ်ဆိုတာဘာလဲ သိရဲ့လား...
သူ ထိုအကြောင်းတွေးနေစဉ်တွင် မကောင်းဆိုးဝါးမိစ္ဆာ၏ လက်များက လက်သည်းများအဖြစ်။အသွင်ပြောင်းသွားသည်။ ချွန်ထက်သည့်လက်သည်းများဖြင့် ဖူလီ၏ရင်ဘတ်ကို လှစ်ခနဲတိုက်ခိုက်လိုက်၍ ဖူလီက "အား" ဟုပင် အော်ချိန်မရလိုက်ပေ။
နောက်တစ်စက္ကန့်အကြာတွင် ကျန်းခယ့်၏ခန္ဓာကိုယ်ကို ခါးနေရာမှစ၍ ဆွဲမ'ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ သူ အသိစိတ် ပြန်ဝင်လာချိန်တွင် ခြံစည်းရိုးပေါ်၌ ရပ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
" ဒီနေရာမှာ လူသားတွေရဲ့ စည်းမျဉ်းစည်းကမ်းက နိုင်ငံကြီးသားပီသတဲ့ အမူအကျင့်တွေ တိုးပွားလာဖို့နဲ့ ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်ကို ဖန်တီးဖို့ပဲ... စည်းမျဉ်းတွေနဲ့ တစ်ချက်မှ ညှိယူဖို့ မစဉ်းစားပဲ လှုပ်ရှားလိုက်တယ်ပေါ့လေ..."
ဖူလီက ကျန်းခယ့်ကို ကြက်ပေါက်စလေးတစ်ကောင်သဖွယ် သယ်ထားသည်။ ကျန်းခယ့်က သူ့ခြေထောက်အောက်မှ မငြိမ်မသက်ဖြစ်နေသော ခြံစည်းရိုးကို ငုံ့ကြည့်လိုက်ပြီး သတိလက်လွတ်မလှုပ်ရဲ ဖြစ်နေသည်။ အကယ်၍ ခြံစည်းရိုးပြိုကျသွားပါက ပြန်ရောက်လျှင် သူ အပြစ်တင်ခံရလိမ့်မည်။
ထားလိုက်ပါတော့... ဒီအဖြစ်အပျက်ကနေ အသက်ရှင်လျက်ပြန်သွားပြီး အဆူခံရမယ်ဆိုရင်တောင် တော်တော်လေး အံ့ဩစရာကောင်းနေပြီ...
သူ့ပါးစပ်ထောင့်မှသွေးများကို လက်ခုံဖြင့် သုတ်လိုက်ပြီးနောက် အင်္ကျီရင်ဘတ်ထဲမှ အဆောင်လက်ဖွဲ့ အစုအပုံလိုက်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ ဖူလီကို လှမ်းပြောလိုက်သည်။
" အကူအညီသွားခေါ်လိုက်... ငါ သူ့ကို ဒီမှာထိန်းထားလိုက်မယ်..."
ဖူလီက ကျန်းခယ့်၏လက်ထဲမှ အဆောင်လက်ဖွဲ့များကို တစ်ချက်ကြည့်လိုက်သည်။
လူသားတွေက သူတို့ရဲ့ စာရေးနည်းကို အရိုးရှင်းဆုံးပုံစံပြောင်းရေးတာကဟုတ်ပါပြီ ဒါပေမဲ့ ယောင်လောကဘက်က အဆောင်တွေကိုပါ အရိုးရှင်းဆုံးပုံစံနဲ့ဆွဲပြီး အပြည့်မဆွဲတော့တာလား... ဒီအဆောင်တွေထဲမှာ စွမ်းအားတွေအများကြီး ပါနိုင်တယ်လေ...
ယခုခေတ်တွင် လူသားများက သိပ္ပံနှင့် နည်းပညာဆိုင်ရာတွင် သူတို့ကို အမှီလိုက်လာနိုင်သည်မှာ အဆန်းမဟုတ်တော့ပေ။ ကျင့်ကြံခြင်းလောကဘက်က အဆောင်လက်ဖွဲ့ရေးဆွဲခြင်းကဲ့သို့သော ကိစ္စများတွင်ပါ ပျင်းရိပျင်းတွဲဖြစ်လာ၍ အရေးကြီးကိစ္စဖြစမပေါ်လာပါကလည်း အဆောင်များကို မှီခိုနိုင်တော့မည် မဟုတ်ပေ။
" ကျွန်တော့်ကို ကူညီပေးမယ့်သူမရှိဘူး..."
ဖူလီက ခြံစည်းရိုးအပြင်ဘက်နေရာကို ပျံသန်းသွားပြီး သူ့ကိုအုပ်မိုးထားပြီး ပြောလိုက်သည်။
" ခင်ဗျားပဲ အကူအညီသွားခေါ်ပါလား ဒီမှာကျွန်တော် ထိန်းထားလိုက်မယ်လေ..."
" ဘယ်သူမှ မထွက်သွားရဘူး..."
ထိုလူသားနှစ်ယောက်က သူ့ကို မမြင်ရသည့်သဖွယ် ပြုမူနေကြ၍ ကျူးယန်က ရှေ့တိုးလာပြီး ဖူလီရှိရာကို ဦးတည်လာနေသည်။ သူ တစ်ဟုန်ထိုးပြေးလာသည်ကို မြင်သောအခါ ဖူလီက ကျန်းခယ့်ကို ပြုတ်မကျအောင် ထိန်းထားလိုက်သည်။
" ထားလိုက်တော့ တူတူ ထွက်ပြေးရအောင်..."
ကျန်းခယ့်က "ထွက်ပြေး" ဟူသောစကားကို ကြားသည့်အခါ ပါးစပ်အဟောင်းသားဖြစ်သွား၍ ပါးစပ်ထဲ လေများ အလုံးအရင်း ဝင်လာသည်။ ဖူလီက သူ့ကိုချီသွား၍ သူ ကားယားကြီး ပါသွားရတော့သည်။ သူတို့သွားနေသည့်အရှိန်က အလွန်မြန်လှ၍ သူ အော့အန်လုနီးပါးဖြစ်နေသည်။
ဒီ ဖူလီဆိုတဲ့ကောင်က ခုန်တာမြန်လိုက်တာ... သူ့ မူရင်းပုံစံက ယုန်များလား...
မကောင်းဆိုးဝါးမိစ္ဆာက သူတို့ကို ဖမ်းမိတော့မည့်အချိန်တိုင်းတွင် ဖူလီက သူ့တိုက်ခိုက်မှုများကို တိုက်တိုက်ဆိုင်ဆိုင် ရှောင်လိုက်သည်။ ကျန်းခယ့်မှာ မူလက ကပျာကယာ ဖြစ်နေရာမှ တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူ့နားရွက်ထဲတွင် လေတိုက်သံ တဝှီဝှီကိုသာ ကြားနေရပြီး လခြမ်းကွေးကလည်း ကောင်းကင်ယံတွင် တောက်ပနေလေသည်။ ကျန်းခယ့်မှာ သူ၏သေရေးရှင်ရေးကိစ္စကို ယခင်က ဤမျှ မစိုးရိမ်ခဲ့ဖူးပေ။
ဖူလီဆက်ပြေးမည်ဟု တွေးနေစဉ်မှာပင် သူက ရုတ်ချည်းရပ်တန့်လိုက်ပြီး ကျန်းခယ့်ကို မြေကြီးပေါ် ပစ်ချလိုက်သည်။
ကျန်းခယ့်မှာ အေးစက်စက်မြေပြင်ပေါ်တွင် ခြေကားယား လက်ကားယားဖြင့် လဲသွားပြီး ခေါင်းမော့၍ သူတို့၏ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူတို့အနောက်တွင် အလွန်မသန့်ရှင်းသည့် ချောင်းတစ်စင်းရှိပြီး ထွန်ယက်စိုက်ပျိုးထားခြင်းမရှိသည့်မြေက မျက်စိတစ်ဆုံး ရှိနေသည်။
ကောင်းသားပဲ သူတို့နှစ်ယောက်လုံး ဒီမှာပဲ သေကြမှာပေါ့... အနည်းဆုံး ကောင်းတဲ့အချက်တစ်ချက်တော့ ရှိပါတယ်... သူတို့ကသာမန်ပြည်သူပြည်သားတွေကို အထိတ်တလန့်မဖြစ်စေတော့ဘူးပေါ့...
" ဆက်ပြေးလေ ဘာလို့မပြေးတော့တာလဲ..."
မကောင်းဆိုးဝါးမိစ္ဆာ၏အသံက နားဝင်မချိုလှပဲ စကားဝဲနေသည်။ ယခုအချိန်တွင် ကျန်းခယ့်၏ခေါင်းထဲ၌ အတွေးတစ်ချက် ဝင်လာသည်။
ဒီမိစ္ဆာက ဒေသခံမဟုတ်ဘူးပဲ...
" ကျူးယန် မင်း ဘာလို့ ရှောင်စစ်တောင်ပေါ်မှာ ကောင်းကောင်းမနေပဲ ဒီမှာပြေးလွှားနေတာလဲ..."
ဖူလီလက်ဝှေ့ယမ်းလိုက်သည်နှင့် ကျူးယန်၏ဦးထုပ်က မြေပေါ်ပြုတ်ကျသွားပြီး သူ၏ခေါင်းဖြူဖြူကြီး ပေါ်လာသည်။ လူသားနှင့်တူသော်လည်း မျက်နှာပေါ်မှ အမွှေးဖြူဖြူများကြောင့် သူ့ပုံစံက ကြောက်စရာကောင်းနေသည်။
ကျန်းခယ့်က 'ကျူးယန်' ဟူသည့်အမည်ကို ကြားသောအခါ သူ့စိတ်ထဲ တစ်ခုခုမှားနေသည်ဟု တွေးလိုက်မိသည်။
ဒီမိစ္ဆာက ဒဏ္ဍာရီထဲမှာပဲရှိတာ မဟုတ်ဘူးလား... ဘာလို့ ဒီလောကထဲ ရှိနေတာလဲ...
ကျူးယန်ဟူသည့်အရာကလည်း တစ်စုံတစ်ယောက်က သူ့ကို မှတ်မိလိမ့်မည်ဟု ထင်ထားပုံ မရပေ။ သူ၏မျက်လုံးမှေးများဖြင့် ဖူလီကို အချိန်အတန်ကြာစိုက်ကြည့်နေလိုက်သည်။ ဤမိစ္ဆာလေးကို မမြင်ဖူးကြောင်း အတည်ပြုပြီးမှသာ အထူးအဆန်းသဖွယ် ရယ်လိုက်သည်။
" ငါ ဘယ်သူလဲဆိုတာ သိတယ်ပေါ့လေ... အဲဒါတောင်မှ ထွက်ပြေးရဲသေးတယ်ပေါ့..."
ဒဏ္ဍာရီထဲတွင်မူ ကျူးယန်က နာမည်ကြီးသောသားရဲမိစ္ဆာဖြစ်သည်။ လူသားကျင့်ကြံသူဖြစ်သည့်ကျန်းခယ့်က ကျူးယန်နှင့် ပတ်သက်သည့် ဒဏ္ဍာရီနှင့် ယုံတမ်းစကားများကို ကြားဖူးခဲ့သည်။ ယခုလက်ရှိအချိန်တွင် သူက မည်သည့်နေရာကိုမှ မပြေးတော့ပဲ သက်တောင့်သက်သာပုံစံဖြင့်သာ သေရန်အသင့်စောင့်ဆိုင်းနေသည်။
" ထွက်ပြေးတဲ့နေရာမှာတော်တာ မင်းမဟုတ်ဘူးလား..."
ဖူလီ၏မျက်နှာထက်တွင် သံသယများပေါ်ပေါက်လာသည်မှာ သူက ဤကိစ္စကို ကျူးယန်နှင့် အသည်းအသန်ဆွေးနွေးနေပုံဖြစ်နေသည်။
" မင်းက ဒီနှစ်တွေထဲမှာ ကိုယ့်သဘာဝကိုယ် မေ့သွားတဲ့ပုံပဲ..."
ဖူလီ၏စကားကြောင့် ကျူးယန်က ရှေးဟောင်းမိစ္ဆာများ၏ အနိုင်ကျင့်ခံရပြီး ပုန်းအောင်းနေရသည့် နေ့ရက်များကို ပြန်တွေးမိသွားသည်။ သူ့ပါးစပ်မှ စူးရှသည့် အာမေဋိတ်သံ ချက်ချင်း ထွက်ပေါ်လာသည်။
" မင်း ဘယ်သူလဲ..."
" ကျွန်တော်မျိုးက ဘုရင်ကြီးကျူးယန်ရဲ့ ပုံပြင်တွေကို ကြားဖူးနေတဲ့ နာမည်မဲ့မိစ္ဆာလေးပါ..."
ဖူလီက မြေပြင်ပေါ်တွင် လှုပ်ရှားမှုမရှိပဲ လှဲလျောင်းနေသည့်ကျန်းခယ့်ကို ငုံ့ကြည့်လိုက်သည်။ သူ့အိတ်ကပ်ထဲမှ ဆုကြေးငွေကို ထိကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ ကြင်နာမှုကို ပြန်လည်ပေးဆပ်သော မိစ္ဆာကောင်းလေး ဖြစ်သင့်သည်ဟု ဆုံးဖြတ်လိုက်သည်။
" လူသားလောက က ဝိညာဉ်ချီဓာတ်က ညစ်နွမ်းနေတာကို ... ဘုရင်ကြီးက ရှောင်စစ်တောင်ကို စွန့်ပစ်ပြီးတော့ ဘာလို့ ဒီမှာ လူတွေကိုလာစားနေတာလဲ..."
" ရှောင်စစ်တောင်... ဘာလို့ အဲ့နေရာကို အခုချိန်အထိ ရှောင်စစ်တောင်လို့ ခေါ်နေတာလဲ..."
ကျူးယန် ဒေါသထွက်သွားသည်။
" ငါက ပင်လယ်ပြင်ဘက်ကို ခဏတစ်ဖြုတ်သွားရုံပဲ ဒါပေမဲ့ ငါလည်းပြန်ရောက်ရော ရှောင်စစ်တောင်က သားရဲနှစ်ကောင်ကြောင့် အပေါက်ကြီးတောင် ဖြစ်နေပြီ... ဒီဘုရင်ရဲ့ ကြေးနီနဲ့ကျောက်စိမ်းဖြူစပ်ပြီးထုထားတဲ့ ခုတင်လေးတောင် အလွတ်မပေးသွားကြဘူး..."
ဖူလီ ကျန်းခယ့်ကို ငုံ့ကြည့်လိုက်ပြန်သည်။ ကျန်းခယ့်က သူ့မျက်နှာကို တိတ်တဆိတ် အုပ်ထားလိုက်သည်။
ကိုယ့်ဘာကိုယ်ပြောကြ... အဲဒါ ငါ့သောက်ကြောင်းမဟုတ်ဘူး...
" သားရဲနှစ်ကောင်က ငါ့နယ်မြေကို ဖျက်ဆီးသွားတာ အဲဒါကြောင့်မို့ ငါသူတို့ နှလုံးသားတွေကို စားပစ်တာလေ... ဒါက မှန်ကန်တဲ့အပြင် လုပ်သင့်လုပ်ထိုက်တာပဲ..."
" အဲ့ကိစ္စတွေက ဒီလူသားနဲ့ ဘာဆိုင်လို့လဲ... ကျွန်တော်တို့ကို မျက်နှာသာပေးပြီး ဒီကိစ္စကို ထားလိုက်ပါတော့လား..."
" မင်းကို မျက်နှာသာ ပေးရမယ်တဲ့လား... ဒီနှစ်တွေထဲမှာ ဒီဘုရင်ကို ကပ်ဖားလျက်ဖားလုပ်တဲ့ မိစ္ဆာတွေမှ တစ်ပြုံကြီးပဲ... မင်းလောက်အရေထူတဲ့သူတော့ မမြင်ဖူးသေးဘူး... မင်းက ဘာကောင်မို့ ဒီဘုရင်ကိုလာပြီး မျက်နှာသာ ပေးခိုင်းနေတာလဲ..."
ကျူးယန်က သရော်လိုက်သည်။
" ဘာပဲဖြစ်ဖြစ် အဲဒီသားရဲနှစ်ကောင်ကြောင့် ငါ့မှာအခု ပိုင်နက်မရှိတော့ဘူး... အဲတော့ လောလောဆယ် သူက တော်တော်ကောင်းတဲ့စားစရာပဲ..."
" အစကတော့ ဒီလူသားရဲ့အပြစ်လို့ ကျွန်တော်က ထင်လိုက်တာ အဲ့တော့ တကယ်လို့ ကျွန်တော်သူ့အစား လျော်ကြေးတစ်ခုခုပေးရင် ခင်ဗျား တောင်ပေါ် ပြန်တက်သွားမယ်ထင်တာပေါ့လေ..."
ဖူလီက သူ့အင်္ကျီလက်ကိုခေါက်နေသည်။
" ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကိုငြင်းတဲ့အပြင် မျက်နှာသာမပေးဘူးဆိုတော့ မပျော်မရွှင်ဖြစ်သွားပြီ..."
" ဟားဟားဟားဟားဟား..."
ကျူးယန်က ထိုစကားကို ရယ်စရာကောင်းသည်ဟုသာ ခံစားလိုက်ရသည်။
"မင်းက မိစ္ဆာလေးတစ်ကောင်ပဲကို... ဒီဘုရင်က မင်းကိုမျက်နှာသာမပေးတော့ရော မင်း ဘာလုပ်နိုင်လို့လဲ..."
ကျန်းခယ့်က ဖူလီရုတ်ချည်းခုန်လိုက်သည်ကို မြင်လိုက်ရသည်။ တစ်ဖက်လူ၏ လှုပ်ရှားမှုကို သေသေချာချာမမြင်လိုက်ရမီမှာပင် ကျူးယန်က အဝေးကိုလွင့်ထွက်သွားသည်။ အနံ့အသက်မကောင်းသောမြစ်ထဲကို ဗွမ်းခနဲကျသွားပေသည်။
ဘော့ ဘော့စ်လား...
" ဒါကိုယူပြီး သူ့လက်ကိုချည်ထားလိုက်ပါ..."
ဖူလီက ကြာပွတ်တစ်ခုကို ကျန်းခယ့်၏လက်ထဲ ထိုးထည့်ပေးလိုက်သည်။
ကျန်းခယ့်က မသစ်လွန်းမဟောင်းလွန်းသည့် ကြာပွတ်တစ်ချောင်းကိုယူပြီး နောက်ကိုလှည့်မကြည့်ပဲ တစ်ချိုးတည်း ပြေးထွက်သွားတော့သည်။ ခဏအကြာတွင် ကျူးယန်ကို ကြိုးဖြင့်ချည်နှောင်ပြီးစီးသွားပေတော့သည်။ သူ့နောက်မှ နာနာခံခံဖြင့်လိုက်လာသည့် ကျူးယန်ကိုကြည့်ပြီး ကျန်းခယ့်က သူ့ကို ဒဏ္ဍာရီထဲမှ သားရဲဟုတ်မဟုတ် သံသယဝင်နေမိသည်။
ဖူလီက ကျန်းခယ့်ထံမှ အနံ့ကိုရှုမိသောကြောင့် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားသည်။
ကြည့်ရတာ ဒီလူသားကို အဲဒီကျူးယန်ကို ချည်ခိုင်းလိုက်တာ ရွေးချယ်မှု မှန်သွားတဲ့ပုံပဲ...
" စီနီယာက ရှေးဟောင်းမိစ္ဆာဆိုတာ ကျွန်တော် သတိမထားခဲ့မိဘူး... ဒီမျိုးဆက်သစ်လေးက စီနီယာ့ကို သတိမထားမိလိုက်ဘူး... စီနီယာ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ..."
ကျန်းခယ့် ချောင်းထဲမှ ပြန်တက်လာပြီး ပထမဆုံးပြောသည့်စကားက ဖူလီ့ကို တောင်းပန်ခြင်းဖြစ်သည်။
ဖူလီက သူ့ကို ခေါင်းရှုပ်သွားပုံဖြင့် ကြည့်လိုက်သည်။
" ဘယ်က ရှေးဟောင်းမိစ္ဆာလဲ... ကျွန်တော်က မိစ္ဆာရိုက်ကြာပွတ်နဲ့ သူ့ကို ထိန်းချုပ်လိုက်ရုံပဲလေ..."
" မင်း... မင်းက ရှေးဟောင်းမိစ္ဆာမဟုတ်ဘူးလား..."
ကျန်းခယ့်က ဖူလီကို သင်္ကာမကင်းဖြင့် စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူ၏ ပုံပန်းသွင်ပြင်အရဆိုလျှင် သူက လိမ်ညာပြောနေသည့်ပုံ မပေါ်ပေ။ ထိုအခါမှသာ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်သည်။
" ဒါဆိုရင် ဒီဟာက ဘယ်လိုမျိုး မိစ္ဆာရိုက်ကြာပွတ်လဲ..."
" အိုး ဒီဟာလား..."
ဖူလီက အတိုချုပ်ရှင်းပြလိုက်သည်။
" အတိတ်တုန်းက မိစ္ဆာဘုရင်နှစ်ယောက်က တိုက်ခိုက်ကြတယ် နောက်ဆုံးတော့ တစ်ယောက်က သေတဲ့အထိထိုးနှက်ခံလိုက်ရပြီး တခြားတစ်ယောက်ကတော့ မိုးကြိုးပစ်ခံရလို့ သေသွားတယ်... အဲဒါကြောင့်မို့ ကျွန်တော်က အဲဒါကို အေးအေးဆေးဆေးပဲ မြေကြီးပေါ်က ကောက်လာခဲ့တာ..."
ကျန်းခယ့် “...”
တကယ်ကို အေးအေးဆေးဆေး ကောက်လာတဲ့ပုံပါပဲ...
မိစ္ဆာရိုက်ကြာပွတ်ဖြင့် အချည်ခံထားရသော ကျူးယန်က နာနာကျင်ကျင်ဖြင့် ရယ်လိုက်သည်။ မိစ္ဆာရိုက်ကြာပွတ်၏ ချုပ်နှောင်ထားမှုကြောင့် သူ၏ မူလပုံစံကို ထုတ်ဖော်ပြသလိုက်ရသည်။ သူ့ထံတွင် နှင်းတမျှဖြူဖွေးသည့်ခေါင်း၊ မျောက်ဝံကဲ့သို့ကိုယ်လုံးနှင့် အနီရောင်ခြေလက်နှစ်ဖက်စီရှိသည်။ သူ မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ချလိုက်ပြီး မျက်နှာကိုမဲ့လိုက်သည်။
".မင်းက မိစ္ဆာဖြစ်ရဲ့သားနဲ့ ခြေနှစ်ချောင်းသတ္တဝါတွေနဲ့ ရောနှောနေပြီး ငါတို့သိက္ခာကျအောင် လုပ်တယ်ပေါ့..."
သူ၏ ကတ္တီပါနီရောင်မျက်လုံးများက ဖူလီ့ကို စူးစူးရဲရဲစိုက်ကြည့်နေပြီး နှုတ်ခမ်းထောင့်များတွန့်လိုက်သည့်အခါ သွားချွန်ချွန်များကို မြင်လိုက်ရသည်။
" ငါတို့မိစ္ဆာမျိုးနွယ်ရဲ့ ဧကရာဇ်က နောက်ဆုံးကျရင် နိုးထလာပြီး ငါတို့ပိုင်ဆိုင်သင့်တဲ့ နယ်မြေတွေကို သိမ်းယူလိမ့်မယ်..."
ကောင်းကင်ပေါ်မှ လခြမ်းကွေးကို တိမ်တိုက်များက ဖုံးလွှမ်းထားသည်။ ကျန်းခယ့် အမြင်မှားသည်လား မသိသော်လည်း လက အနည်းငယ် နီရဲနေပုံပေါ်သည်။
" အခြေအမြစ်မရှိတဲ့ကိစ္စတွေကို မစဉ်းစားနေပါနဲ့..."
ဖူလီက ကျူးယန်၏ အမွေးထူထူခေါင်းကို အသာပုတ်လိုက်သည်။
" ဧကရာဇ်အာဏာနဲ့ အုပ်ချုပ်တဲ့ ပဒေသရာဇ်ခေတ်က ကျရှုံးသွားတာ ကြာလှပြီ... ဘယ် ဧကရာဇ်ကို လာပြောနေတာလဲ... တောင်တွေတောတွေထဲကထွက်လာတဲ့ မင်းတို့လိုမိစ္ဆာတွေက လောကကြီးကို မမြင်ဖူးကြဘူး... အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးပြီး လူနေမှုပတ်ဝန်းကျင်ကလည်း ပြောင်းလဲနေတယ်ဆိုတာ မင်းတို့မသိဘူးလား..."
သူက ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ကောင်သာဖြစ်သော်လည်း လူသားများ၏ အသိပညာကို စတင်လေ့လာနေပြီဖြစ်၍ ထူးဆန်းသော မာနကြီးမှုမျိုးကို ဘေးချိတ်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဖူလီ ထိုသို့ပြောလိုက်သည်နှင့် ကျူးယန်ထံမှ ထုတ်လွှတ်နေသည့် ကြောက်ခမန်းလိလိအော်ရာကြီးက အစပင်ရှာမရအောင် ချက်ချင်းပျောက်ကွယ်သွားသည်။ ကျန်းခယ့်က ကျူးယန်ကို ပြောလိုက်သည်။
".မကောင်းဆိုးဝါးမိစ္ဆာ ကျူးယန်... မင်းက လူသားလေးယောက်ကို သတ်ဖြတ်လိုက်တဲ့အတွက် ယောင်လောကစည်းမျဉ်းနံပါတ် ၁နဲ့ ၃ကို ချိုးဖောက်ထားတဲ့အပြင်၊ လူသားတွေကို အစာအဖြစ်အသုံးပြုလို့ စည်းမျဉ်းနံပါတ်၈နဲ့ နံပါတ် ၁၂ကိုလည်း ချိုးဖောက်ထားတယ်...မင်းကို ဖမ်းထားပြီးတော့ ယောင်လောကစီမံခန့်ခွဲရေးဗျူရိုက အပြစ်ဒဏ်ချလိမ့်မယ် ငါနဲ့လိုက်ခဲ့ပါ..."
ကျူးယန်က အေးစက်စက် ရယ်မောလိုက်ပြီး ထိုစကားများကို ခေါင်းထဲမထည့်ပေ။ အတိတ်တွင် သူ ထောင်နှင့်ချီသောလူများကို သတ်ခဲ့စဉ်ကလည်း ဤခြေနှစ်ချောင်းသတ္တဝါများက သူ့ကို ယဇ်ပူဇော်ခံရန်လူများ ဆက်သခဲ့ပေသည်။
" ဟေး ခဏစောင့်ပါဦး..."
ဖူလီက ကျန်းခယ့်ကို လှမ်းခေါ်လိုက်သည်။
" စိတ်အေးအေးထားပါ... ငါတို့ကျူးယန်ကို အကျဉ်းချထားပြီးရင် မိစ္ဆာရိုက်ကြာပွတ်ကို မင်းဆီပြန်ပေးမှာပါ..."
မိစ္ဆာရိုက်ကြာပွတ်က အတော်အတန်ရှားပါးသည့် ပစ္စည်းမျိုးဖြစ်သည်ကို ကျန်းခယ့်သိသော်လည်း အခြားလူများ၏ ရတနာကို ခိုးယူရန်စိတ်ကူး သူ့ထံတွင် မရှိပေ။
" အဲ့ကစားစရာကို ဘယ်သူ ဂရုစိုက်လို့လဲ..."
ဖူလီ လက်ကာပြလိုက်သည်။
".ကျွန်တော်ပြောချင်တာက ဒီည အဖြစ်အပျက်က ကျွန်တော် ခင်ဗျားကို ကူညီလိုက်တယ်လို့ သဘောထားလို့ရတယ်လေ အဲ့အတွက် ဆုကြေး ဒါမှမဟုတ် တစ်ခုခု ရဦးမလား..."
ကျန်းခယ့် နှစ်စက္ကန်ခန့် ငြိမ်ကျသွားသည်။
" စိတ်မပူပါနဲ့ မင်း ဆုကြေးရအောင် ငါတောင်းပေးပါ့မယ်..."
" ဒါဆိုရင်တော့ ကောင်းတာပေါ့..."
ဖူလီ စိတ်ချလက်ချ ဖြစ်သွားသည်။
ဒီည သူ့ကိုယ်သူ အလုပ်ရှုပ်စေလိုက်တာ အလဟဿ မဖြစ်တော့ဘူး...
ထိုအချိန်တွင် တင်းတင်းဟူသောအမည်နှင့် မိန်းကလေးက သူမသူငယ်ချင်းများနှင့်အတူ ရဲစခန်းထဲမှ ထွက်လာသည်။ သူမ ဖုန်းထဲမှ ခိုးရိုက်ထားသည့်ဓာတ်ပုံကို လူမှုကွန်ယက်များပေါ် တင်လိုက်ပေသည်။ အင်တာနက်၏စွမ်းအားဖြင့် သူမနှင့် သူမသူငယ်ချင်းများကို ကူညီပေးခဲ့သည့် ကြင်နာတတ်သောလူကို ရှာတွေ့ရန် မျှော်လင့်နေမိသည်။
ဓာတ်ပုံထဲတွင် ရှပ်အင်္ကျီဝတ်ထားသောကောင်လေးက ဈေးဆိုင်ငယ်လေးတွင် ထိုင်နေခြင်းဖြစ်သော်လည်း သူ၏ ကျက်သရေရှိသော သွင်ပြင်ကိုမူ မဖုံးကွယ်ထားနိုင်ပေ။
တင်းတင်းက ဤကောင်လေးကို ရှာဖွေထားသည့် ဝေ့ပေါ်မှ ပို့စ်ကို ဒေသခံရဲစခန်းက သူတို့ဝေ့ပေါ်တွင် forwardလုပ်ခဲ့ပြီး ဖူလီ၏ အခြားလူများအပေါ် ကူညီတတ်သည့်စိတ်ထားကို ချီးကျူးကာ အမျိုးသားများက အမျိုးသမီးများကို လေးစားရန်လည်း ရှေ့ဆောင်လမ်းပြသဘောဖြစ်အောင် ပြုလုပ်ခဲ့သည်။
အချိန်နှစ်ရက် မကုန်ဆုံးသေးမီမှာပင် ဝေ့ပေါ်ပိုစ့်က အင်တာနက်အသုံးပြုသူအတော်များများ၏ အာရုံစိုက်မှုကို ရယူထားသည်။ လူအများစုက သူ့ကိုယ်သူ လဲ့ဖုန်းဟုခေါ်သောကောင်လေး မည်သူမည်ဝါဖြစ်ကြောင်း မှန်းဆနေကြသည်။
......
" ရှောင်ဟူ... ဒီ ဘိလပ်မြေလှည်းကို တွန်းသွားလိုက် မြန်မြန်လုပ်..."
" ဟုတ်..."
ဖူလီက လှည်းကို လမ်းလျှောက်လုံး လျှပ်စီး၏အလျင်ဖြင့် တွန်းသွား၍ ဖုန်များက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလုံး ပျံ့ကုန်သည်။
Xxxx