Chapter 5
ငါ့ရဲ့ဧကရာဇ်က နောက်ဆုံးတော့ ပြန်ရောက်လာပြီ...
အင်တာနက်ပေါ်မှ သက်ဝင်လှုပ်ရှားမှုက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုံခြုံစိတ်ချရအောင် စီမံနေရသည့် အလုပ်သမားခေါင်းဆောင်နှင့် မယှဉ်နိုင်ပေ။ အလုပ်သမားခေါင်းဆောင်အများစုက သူတို့လက်အောက်တွင် လူအုပ်စုများစွာရှိပြီး ဆောက်လုပ်ရေးကုမ္ပဏီအချို့နှင့်လည်း အဆက်အသွယ်ရှိတတ်ကြသည်။
ကျောက်စန်းရှန့်က ဤကိစ္စမျိုးတွင် အလွန်တော်သည်။ ဤလုပ်ငန်းခွင်က ဆောက်လုပ်၍ မပြီးစီးသေးသော်လည်း သူ့အတွက်လစာက ရပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပရောဂျက်အသစ်တစ်ခုကိုပါ လက်ခံရရှိထားပေသည်။ သူ့နောက်လိုက်များက သူ့ကို ကျောက်ကောဟုပင် စိတ်ပါလက်ပါ ခေါ်ကြသည်။
ဖူလီက လောင်ကျန်း၏သားလေးကို ကယ်ဆယ်လိုက်သည့်အကြောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ပျံ့နှံ့သွားပြီးချိန်မှစ၍ ဖူလီက အလုပ်သမားဟောင်းများနှင့် အတော်အတန် ရင်းနှီးလာခဲ့သည်။ သို့ရာတွင် အားလုံးက လောင်ကျန်းကဲ့သို့ပင် အသံထွက်ပြဿနာရှိကြ၍ ယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလုံးက သူ့ကိုရှောင်ဟူ ဟုသာ ခေါ်နေကြသည်။ ကံကောင်းသည်မှာ ဖူလီက ထိုကိစ္စမျိုးကို စိတ်ထဲမထားပေ။ ရှောင်ဖူဖြစ်စေ၊ ရှောင်ဟူဖြစ်စေ၊ ရှောင်ဟွားဖြစ်စေ သူ့အတွက် ကွာခြားချက် မရှိပေ။
ထိုနေ့ နေ့လယ်ခင်းတွင် နားချိန်၌ ကျန်းဖမ်က ဝက်လက်စွပ်ပြုတ်လာပေးထား၍ ဖူလီက ၎င်းကိုစားနေစဉ် အပြင်ဘက်မှ ဥဩဆွဲသံကျယ်ကြီး ကြားလိုက်ရသည်။ လိုက်ကာစကို မ'လိုက်ချိန်တွင် အခြားသူများက အပြင်ဘက်ကို ပြေးနေကြသည်အား မြင်လိုက်ရသည်။ သူ အော်ပြီးမေးလိုက်သည်။
" အားလုံး ဘယ်သွားကြမလို့လဲ..."
" ဆောက်လုပ်ရေးလုပ်ငန်းခွင်အပေါ်မှာ လူတစ်ယောက်က သတ်သေဖို့ကြိုးစားနေတယ်တဲ့ မင်းရော လာကြည့်ဦးမလား..."
ဖူလီမေးသည်ကို ပြန်ဖြေလိုက်သူက မိသားစုနာမည်ချန်ဖြစ်သည်။ သူက အသက်လေးဆယ်နား ကပ်လာသော်လည်း မိန်းမ မရသေး၍ အားလုံးက သူ့ကို လူပျိုကြီးချန်ဟု ခေါ်ကြသည်။ သူက စိတ်မဆိုးသည့်အပြင် အခြားလူများက ထိုနာမည်ခေါ်လျှင်လည်း ပျော်ပျော်ရွှင်ရွှင်သာ ပြန်ဖြေတတ်သည်။ သူက ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လူအားလုံးနှင့် ဆက်ဆံရေးအဆင်ပြေသူဖြစ်သည်။
ဖူလီကလည်း ပျင်းနေချိန်ဖြစ်၍ အားလုံးက ထိုအဖြစ်ကို သွားကြည့်ကြသည့်အခါ သူလည်း လူအုပ်ထဲဝင်ရောပြီး လိုက်လျောညီထွေ နေသင့်သည်ဟု တွေးလိုက်မိသည်။
" ဟုတ် တူတူသွားကြည့်ကြမယ်လေ..."
ပန်းပွင့်ပုံရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ဆောက်လက်စအဆောက်အဦး၏ထိပ်ဆုံးထပ်မှ အစွန်အဖျားတစ်နေရာတွင် ထိုင်နေသည်။ အောက်ဘက်ရှိ မြေပြင်တွင်လည်း လူများစွာဖြင့် ပြည့်နေသည်။
သတင်းပေးပို့ချက် ရရှိပြီးနောက် ဤနေရာကို အပြေးအလွှားရောက်လာခဲ့သောဖမ်ဟန့်က ရဲယူနီဖောင်းကို အသည်းအသန်ဝတ်နေစဉ် အဆောက်အဦးအောက်၌ လေကူရှင်တစ်ခုကို အမြန်ချထားရန် ညွှန်ကြားနေသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွက်မှ မြေကြီးက ကျောက်တုံးကျောက်ခဲများပြားပြီး မညီညာသောကြောင့် အချို့နေရာတွင် မြက်ပင်များက လူတစ်ရပ်စာထက် ရှည်နေသည်။ ဆေးရုံကားကလည်း မဝင်နိုင်သေး၍ ကယ်ဆယ်ရေးကိရိယာများကို လူအားဖြင့်သာ သယ်နေရသည်။
" အစ်မကြီး ရာသီဥတုကိုလည်းကြည့်ပါဦး ဒီလောက်ပူအိုက်နေတာ... ပြောစရာရှိရင် အောက်ဆင်းလာပြီး ပြောပါလား... ပြဿနာရှိရင် ရဲအရာရှိကိုရှာပါဆိုတဲ့ စကားပုံအတိုင်းပဲလေ... အစ်မကြီး ဆင်းလာမယ်ဆိုရင် ကျွန်တော်တို့ သေချာပေါက် ကူညီပေးပါ့မယ်..."
ဖမ်ဟန့်က အခြားဌာနမှ သူ့လုပ်ဖော်ကိုင်ဖက်များကို အဆောက်အဦးထဲ တိတ်တဆိတ်ဝင်ရန် အချက်ပြလိုက်သည်။
ထိုအမျိုးသမီးက စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေသည်။ သူက ငိုရှိုက်နေလျက်ဖြင့် ဖမ်ဟန့်ကို တောင်းပန်နေပြီး သူမက အားလုံးကို ပြဿနာမရှာလိုသော်လည်း ရွေးချယ်စရာမရှိကြောင်း လှမ်းပြောနေသည်။ သူမ ဝမ်းနည်းလွန်းနေ၍ တစ်ချက်တစ်ချက် ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းညွတ်ထားမိသည်။ သတိလက်လွတ်ပြုမူမိပါက အချိန်မရွေး ထိုနေရာမှ ပြုတ်ကျသွားနိုင်သည်။
ထိုအမျိုးသမီး၏ ပါတနာက လွန်ခဲ့သော နှစ်နှစ်ခန့်က ဖျားနာမှုကြောင့် ကွယ်လွန်သွားခဲ့ပြီး သူမထံတွင် ကျောင်းတက်နေဆဲ ကလေးတစ်ယောက် ရှိနေသည်။ သူမက ခေတ်ပညာတတ်မဟုတ်၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွက်သာ ယောကျာ်းတစ်ယောက်ကဲ့သို့ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရခြင်းဖြစ်သည်။ နှစ်ဝက်ကြာပြီးချိန်တွင် အလုပ်သမားခေါင်းဆောင်က လုပ်အားခငွေများကိုခိုးယူပြီး ထွက်ပြေးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ယခုအခါ သူမကလေးကလည်း အပြင်းအထန် နာမကျန်းဖြစ်နေ၍ ဆေးရုံကလည်း ဆေးကုသစရိတ်များ ဆက်တိုက်တောင်းခံနေပြီဖြစ်သည်။ သူမ ရှာတွေ့သမျှလူတိုင်းကို တောင်းပန်ခယခဲ့သော်လည်း ငွေအလုံအလောက် မချေးယူနိုင်သေးပေ။ ရွေးချယ်စရာတစ်ခုမှ မရှိတော့၍ သူမ အသက်ဆက်ရှင်ရန် မဖြစ်နိုင်တော့ပေ။
ထိုအမျိုးသမီးက အသက်၄၀ပင် မပြည့်သေးသော်လည်း အသားအရေက ညိုမည်းပြီး၊ ပိန်ချုံးချိနဲ့ကာ ဖရိုဖရဲဖြစ်နေသည်။ သူမခန္ဓာကိုယ်တစ်ခုလုံးက စိုထိုင်းမှုများ ခမ်းခြောက်သွားသည့် မုန်လာဥဖြူတစ်လုံးနှင့် တူနေသည်။ သူမငိုသံထဲတွင် ပူဆွေးမှုနှင့် နောင်တရမှုများပါဝင်နေကာ ငိုသံက တဖြည်းဖြည်းပိုပြင်းထန်လာ၍ ဖမ်ဟန့်က အနည်းငယ် စိတ်တိုလာသည်။ သူ့နှဖူးပေါ်မှ ချွေးများကိုသုတ်လိုက်ပြီး
လုပ်ဖော်ကိုင်ဖက်များကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ခုခေတ် အရင်းရှင်တွေက ဘာမှသုံးစားမရဘူး..."
ထိုနောက် အနောက်ကိုလှည့်ပြီး ရဲများက ဝန်းရံပိတ်ဆို့ထားသည့်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူ ခါးထောက်လိုက်ပြီး သရော်ဟန်ဖြင့် ပြောလိုက်သည်။
" ဒီလောက်ပူတဲ့နေမှာတောင် စပ်စပ်စုစုနဲ့ လာကြည့်တဲ့သူတွေ ရှိသေးတယ်... ကြည့်နေတဲ့သူတွေကို လှောင်တာ ပြောင်တာတွေမလုပ်ဖို့ပြောထားဦး... အပေါ်ကလူကို လှုံ့ဆော်မိလို့ အသက်တစ်ချောင်း အလကားသေနေဦးမယ်..."
" ဘော့စ် အပြင်ဘက်ကလူတွေက ဒီနားက ဆောက်လုပ်ရေးလုပ်ငန်းခွင်က ယာယီလုပ်သားတွေပါ... သူတို့အတွက် ပျော်စရာကသိပ်ရှိတာမဟုတ်ဘူး ဒါမျိုးဖြစ်လာမှတော့ စိတ်ဝင်တစားလာမကြည့်ပဲနေကြမှာ မဟုတ်ဘူး..."
သူ့လုပ်ဖော်ကိုင်ဖက်ရှောင်ယန်က သဘောတူဟန်ဖြင့် ပြောလိုက်ပြီး ကြည့်နေကြသော အလုပ်သမားများကို စကားသွားပြောသည်။
လူပျိုကြီးချန်က အပေါ်ကိုလှမ်းကြည့်နေလျက် သက်ပြင်းချပြီး ဖူလီကို လှမ်းပြောလိုက်သည်။
" အိုင်း... အလုပ်သမားတွေရဲ့ငွေကိုယူပြီးထွက်ပြေးတဲ့ ဒီလို အလုပ်သမားခေါင်းဆောင်မျိုးကတော့ တော်တော်လူမဆန်တာပဲ..."
ဖူလီက ဘာမှမပြောမိပေ။ အဘယ့်ကြောင့်ဆိုသော်လူသားများက အခြားလူများကြောင့် အသက်ကို ဆုံးရှုံးခံကြသည်အား သူ နားမလည်နိုင်သောကြောင့်ဖြစ်သည်။
" လူကြီးမင်းတို့ ကျွန်တော်တို့အခု သေကြောင်းကြံတဲ့လူကို ဖျောင်းဖျဖို့ကြိုးစားနေတာပါ... ကျေးဇူးပြုပြီးတော့ သူ့စိတ်ကိုဆွနိုင်တဲ့စကားတွေ မပြောမိဖို့ ဂရုစိုက်ပေးကြပါ..."
ငယ်ရွယ်သောရဲသားတစ်ယောက်က နှဖူးတွင် ချွေးများစိုရွှဲလျက် သူတို့အနားရောက်လာသည်မှာ ရေကန်ထဲ ခုန်ဆင်းလာသည်ဟု ထင်ရသည်။
" သူ့မှာ ကျန်းမာရေးမကောင်းတဲ့ ကလေးတစ်ယောက်လည်း ရှိသေးတယ်... တကယ်လို့ သူ တစ်ခုခုဖြစ်သွားရင် ကလေးရဲ့ဘဝက တော်တော်သနားစရာကောင်းသွားမှာ..."
ထိုနေရာမှလူများ ငြိမ်ကျသွားသည်။
အချိန်အတန်ကြာမှသာ အလုပ်သမားများထဲမှတစ်ယောက်က စကားစပြောလာသည်။
" ဒီအစ်မကြီးဘဝကလည်း တော်တော်ခက်ခဲတာပဲ... ရဲအရာရှိလေး ငွေတွေယူပြီးထွက်ပြေးသွားတဲ့လူကို ဖမ်းပေးရမယ်နော်..."
ရှောင်ယန်က ခါးသက်စွာပြုံးလိုက်သည်။ အနက်ရောင်ဆီများဖြင့် ပြည့်နေသည့် မျက်နှာပေါင်းများစွာကို မျက်နှာချင်းဆိုင်လျက် ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်သည်။
" စိတ်မပူပါနဲ့ ကျွန်တော်တို့ အားစိုက်ထုတ်ပေးပါ့မယ်..."
ဆွေးနွေးညှိနှိုင်းခြင်းက အဆင်ပြေပုံမရပေ။ ထိုအမျိုးသမီး မည်သို့တွေးနေသည်ကို မသိကြသော်လည်း သူမက ရုတ်ချည်းမတ်တပ်ထရပ်လိုက်သည်။ သူမက အသက်ဆက်ရှင်လိုစိတ်မရှိကြောင်းပြသနေပေသည်။ ထိုနေရာမှလူများ အလန့်တကြားဖြစ်ကုန်ပြီး ဖမ်ဟန့်ကလည်း အရဲစွန့်ပြီးအော်ပြောလိုက်သည်။
" အစ်မကြီးရေ သားလေးအတွက် တွေးပေးပါဦး... သူက အစ်မကြီးပြန်လာမှာကို စောင့်နေတယ်နော်..."
အမျိုးသမီးက သူမမျက်နှာကိုအုပ်ထားပြီး ငိုနေသည်။
" သူ့ဘဝအဲ့လိုဖြစ်နေရတာ ကျွန်မကြောင့်ပါ... ကျွန်မက အသုံးမဝင်တဲ့အမေပဲ..."
ထိုစကားများ ပြောပြီးသည်နှင့် မျက်ရည်ကိုသုတ်လိုက်ပြီး မျက်လုံးမှိတ်ထားကာ ခုန်ချရန်ပြင်လိုက်သည်။
" ကျွန်တော်တို့ ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ၉၆ပါးရောဂါပျောက်ဆေး ကျွန်တော့်မှာရှိတယ်... အဲဒါနဲ့ ခင်ဗျားရဲ့သားလေးကို ကုပေးလို့ရတယ်..."
အသံကကျယ်ပြီး ကြည်လင်ပြတ်သားလွန်းလှသည်။ အားလုံးက အထင်မှားနေသည်လားဟု ထင်လိုက်သော်လည်း ထိုစကားလုံးများက သူတို့နားစည်ထဲကို ထိုးဖောက်ပြီး နှလုံးသားထဲ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရသည်။
အမျိုးသမီးက သူမမျက်လုံးကို ပြန်ဖွင့်လိုက်သည်။ စကားပြောလိုက်သည့်လူကို ရှာနေဟန်ဖြင့် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။
ဖမ်ဟန့်က ခေတ္တယာယီစိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ယခုကဲ့သို့အချိန်မျိုးတွင် လိမ်ညာလိုက်ခြင်းက ညစ်ပတ်ခြင်းမဟုတ်ပဲ နည်းပရိယာယ်ကြွယ်ဝခြင်းဖြစ်သည်ဟု သတ်မှတ်နိုင်ပေသည်။
ဖူလီက ရဲများတားမြစ်ထားသည့် အဝါရောင်စည်းကို ဆုတ်ကိုင်ထားပြီး ထိုအမျိုးသမီးနှင့် အကြည့်ချင်းဆုံအောင် မော့ကြည့်လိုက်သည်။
" အောက်ဆင်းလာခဲ့ပါ... ခင်ဗျားရဲ့သားလေး ပြန်ကောင်းသွားစေရမယ်လို့ ကျွန်တော်အာမခံတယ်..."
ဖမ်ဟန့်က သူ့ရှေ့မှလူငယ်လေးကို ကြည့်လိုက်သည်။ လူငယ်လေးက တောင်တန်းပုံစံနှင့် Aidadasအင်္ကျီနှင့် ပန်းပွင့်ပုံဘောင်းဘီကိုဝတ်ထားသည်။ သူ့ဖိနပ်ပေါ်တွင်လည်း ဖုန်တစ်လွှာကပ်နေပေသည်။ သူက အနီးနားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားဖြစ်ပုံရသည်။
သို့ရာတွင် ဤကလေးက ရိုးသားလွန်းလှသည်။ ဤသို့သိသာလှသောအလိမ်အညာတစ်ခုက ထိုအမျိုးသမီးကို အောက်ဆင်းလာရန် ဖျောင်းဖျနိုင်သည်ဆိုပါက ထူးဆန်းနေနိုင်သည်။
ထိုအမျိုးသမီးက ထိပ်ဆုံးထပ်မှပြန်လှည့်ပြီး အောက်သို့ဆင်းလာမည်ကို မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။ ပြတင်းပေါက်များအနားတွင် ပုန်းနေကြသည့် မီးသတ်တပ်ဖွဲ့ဝင်များပင် အချိန်မီမတုံ့ပြန်နိုင်ဖြစ်သွားသည်။
နှစ်မိနစ်ခန့်အကြာတွင် အသားညိုညိုနှင့် ပိန်ချုံးနေသည့် အမျိုးသမီးကြီးက စင်္ကြန်မှ ပြေးထွက်လာသည်။ သူမ၏ ခြောက်သွေ့နေသည့်လက်များဖြင့် ဖူလီ့ကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး မျက်လုံးထဲတွင်လည်း မီးတောက်မတတ်ဖြစ်နေသည်။ အကယ်၍ ဤမီးတောက်များကို ငြှိမ်းသတ်လိုက်ပါက သူမ အသက်ဆက်ရှင်နိုင်တော့မည်မဟုတ်ပေ။
" ကျွန်တော် ဘယ်တော့မှ လိမ်မပြောပါဘူး..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။
ရှောင်ယန်က ဖမ်ဟန့်အနားသို့ ရွှေ့သွားပြီး ထိုမြင်ကွင်းကြောင့် ရယ်ရငိုရမည် မသိတော့ချေ။
" ဘော့စ် ကျွန်တော်တို့ ဘာလုပ်သင့်လဲ..."
" ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ... သူတို့ကို အရင်ဆုံး ဆေးရုံကိုလိုက်ပို့လိုက်... အဲ့အမျိုးသမီးရဲ့ စိတ်ခံစားချက်တွေက မတည်မငြိမ်ဖြစ်နေတုန်းပဲ... ငါတို့ အခုနေ ထွက်သွားရင် သူ စိတ်ဂနာမငြိမ်ဖြစ်ရင် ဖြစ်ဦးမှာ..."
သူ အသက်ပြင်းပြင်းရှုလိုက်သည်။ ပူပြင်းလှသောနေရောင်က သူ့မျက်နှာကို ရှုံ့မဲ့သွားစေသည်။
" သွားကြမယ်လေ လူတစ်ယောက်ကို ကယ်တဲ့အလုပ်ကို အဆုံးထိလုပ်ပေးရတာပေါ့... ငါတို့ နောက်တစ်နေရာကို ထပ်သွားလိုက်ရတာက ဘာမှ သိပ်မပင်ပန်းပါဘူး..."
သူ တစ်ဖက်သို့လှည့်ပြီး ထိုအမျိုးသမီးက တင်းတင်းကြပ်ကြပ်ဆွဲထားသည့် လူငယ်လေးကို ကြည့်လိုက်သည်။ ဖမ်ဟန့်၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသည်။
အဲ့လူငယ်လေးရဲ့ ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ၉၆ပါးရောဂါပျောက်ဆေးက ကူညီနိုင်မလား ကြည့်ရဦးမှာပေါ့လေ...
......
ယောင်လောကစီမံခန့်ခွဲရေးအဖွဲ့နှင့် ကျင့်ကြံသူများဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့တို့က ရုံးအဆောက်အဦးတစ်ခုတည်းတွင် တည်ရှိသည်။ တစ်ဖွဲ့က လူသားများကို စီမံခန့်ခွဲရပြီး အခြားတစ်ဖွဲက လူသားမဟုတ်သည့်အရာများကို စီမံရန် တာဝန်ယူရသည်။ အချိန်တိုင်း သူတို့က အတွေးအခေါ်ပိုင်းတွင် စိတ်သဘောထားမတိုက်ဆိုင်မှုများ ဖြစ်လေ့ရှိသော်လည်း အကျယ်တဝင့် ထုတ်ဖော်မပြောရဲကြပေ။
ကျန်းခယ့် မကောင်းဆိုးဝါးမိစ္ဆာကို ဖမ်းဆီးလာသည့်သတင်းက အဆောက်အဦးတစ်ခုလုံး၏ အာရုံစိုက်မှုကို ရယူထားသည်။ ဤအဆောက်အဦးတွင် လူသားများနှင့် မိစ္ဆာများ အတူတကွ အလုပ်လုပ်ကြသည်။ သို့ရာတွင် ဤမကောင်းဆိုးဝါးမိစ္ဆာကို ဖမ်းဆီးရန်အတွက် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အလုပ်သမားအချို့ ဒဏ်ရာရခဲ့သည်။ ကျန်းခယ့်က ချင်းရှောင်ဂိုဏ်း၏ ထူးချွန်သည့် တပည့်တစ်ယောက်ဖြစ်သော်လည်း သူ၏ကျင့်ကြံဆင့်က အသေးအဖွဲမျှသာဖြစ်သည်။
သူက ဘယ်တုန်းကစပြီး စီမံခန့်ခွဲရေးဗျူရိုရဲ့ ထောက်တိုင်တွေထက်ပိုပြီး စွမ်းအားကြီးသွားရတာလဲ...
" သန့်စင်တဲ့ တမန်တော်တွေ ကောင်းချီးပေးပါစေ..."
ကျင့်ကြံသူများဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့၏ လောင်ဟွမ်က မကောင်းဆိုးဝါးမိစ္ဆာ၏ အသွင်အစစ်ကို မြင်သည့်အခါ ခြေနှစ်လှမ်းခန့် ဆက်တိုက်ဆုတ်သွားသည်။
" ခေါင်းအဖြူရောင်၊ လူသားမျက်နှာနဲ့ ဒဏ္ဍာရီထဲက သားရဲတွေလို ခြေထောက်အနီတွေပါလား..."
" ဘာနဲ့တူလဲ..."
လောင်ဟွမ်က သိမ်မွေ့နက်နဲစွာ တွေးတောတတ်သူအဖြစ် သရုပ်ဆောင်နေသည်ကို ရှုယွမ် အသားမကျဖြစ်နေသည်။ သူမ သရော်လိုက်သည်။
" သူ ဘာဖြစ်ဖြစ် ဘယ်သူဂရုစိုက်မှာလဲ... ဘာပဲဖြစ်ဖြစ် သူ့ကိုဖမ်းထားတာ ကျွန်မတို့ရဲ့ ယောင်လောကစီမံခန့်ခွဲရေးအဖွဲ့ကလေ..."
" မစိုးရိမ်ပါနဲ့ မစ္စရှု..."
လောင်ဟွမ်က သူ့မေးစေ့မှ မုတ်ဆိတ်များကိုပွတ်ပြီး ညင်သာစွာရယ်လိုက်သည်။
" ဒီလိုသားရဲမျိုးကို ကျူးယန်လို့ခေါ်တယ်... သမိုင်းမှတ်တမ်းတွေအရတော့ သူကတော်တော်စွမ်းအားကြီးတယ်... ဒါပေမယ့် ဟန်နဲ့ ထန်မင်းဆက်ခေတ်ကိုရောက်တော့ မှတ်တမ်းတွေက ရပ်သွားတယ် ဒီလိုမိစ္ဆာမျိုး အခုချိန်ထိ ဒီလောကထဲမှာ ရှိနေဦးမယ် မထင်ထားမိဘူး..."
" ငါလည်း မင်းဘယ်သူလဲလို့ တွေးနေတာ... ကြည့်ရတာ မင်းက ဖျံနီညိုတစ်ကောင်ထက် မပိုဘူးပဲ..."
ကျူးယန်မှာ တစ်ကိုယ်လုံးကို တင်းကြပ်စွာ တုပ်နှောင်ထား၍ မလှုပ်ရှားနိုင်ဖြစ်နေသည်။ လောင်ဟွမ်ကိုတစ်ချက်ကြည့်ပြီးနောက် ရှေးဟောင်းမိစ္ဆာဘုရင်တစ်ကောင်၏ မာန်နာကြီးမှုများ သိသိသာသာပေါ်လာသည်။
" ဒီလိုကစားစရာမျိုးကို ဒီဘုရင်က အပျော်ပဲသတ်တာ..."
လောင်ဟွမ်က ဒေါသမထွက်ပေ။ သူက အပြုံးဖြင့် ဆက်ပြောသည်။
" ကျူးယန်တွေက တော်တော်ရက်စက်တယ်လို့ ကောလဟာလတွေရှိတယ်... ဟန်မင်းဆက်ရဲ့ တရားဝင်မှတ်တမ်းမဟုတ်တဲ့ ပါးစပ်ရာဇဝင်တစ်ခုထဲမှာတော့ တစ်ခါက ကျူးယန်တစ်ကောင်က တိုင်းပြည်နှစ်ခုက စစ်တပ်တွေကို တိုက်ခိုက်ခဲ့လို့ လူတွေသိန်းနဲ့ချီပြီး သေကုန်တယ်တဲ့..."
နားထောင်နေသူများက လေအေးကိုရှုရှိုက်လိုက်ရသည်။
သိန်းချီတဲ့လူတွေရဲ့အသက်က ဒီလိုမကောင်းဆိုးဝါးမိစ္ဆာတစ်ကောင်အတွက်တော့ အသေးအဖွဲပဲလား...
သူတို့ ကျူးယန်ကို နောက်တစ်ကြိမ်ကြည့်မိသောအခါ သူတို့မျက်ဝန်းထဲတွင် ကြောက်ရွံမှုအလွှာတစ်ထပ်ပေါ်လာသည်။
" မစ္စတာကျန်း မင်း ကျင့်ကြံသူတစ်ယောက်ရဲ့ အကူအညီ ယူခဲ့ရသေးလား..."
လောင်ဟွမ်က ကျူးယန်ကိုချည်ထားသည့် အနက်ရောင်ကြာပွတ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
" ဒီလိုသားရဲတစ်ကောင်ကိုတောင် ထိန်းထားနိုင်တဲ့ ဒီကြာပွတ်ရဲ့ မူလဇစ်မြစ်က ဘာလဲ..."
ကျန်းခယ့်က သူ့လက်ထဲမှ ကြာပွတ်ကို ငုံ့ကြည့်လိုက်သည်။
" ကျွန်တော့်ကို ဒီကြာပွတ်ပေးခဲ့တဲ့ မိစ္ဆာလေးပြောတာတော့ ဒါက မိစ္ဆာရိုက်ကြာပွတ်လို့ ခေါ်တယ်တဲ့..."
လောင်ဟွမ်က အချိန်အတန်ကြာအထိ တွေးတောနေခဲ့သော်လည်း ဤမိစ္ဆာရိုက်ကြာပွတ်၏ မူလဇစ်မြစ်ကို အမှတ်မရနိုင်ဖြစ်နေသည်။ သူ ဝမ်းနည်းပက်လက်ဖြင့် သက်ပြင်းချလိုက်သည်။
" ဒါဆိုရင်တော့ သူက တစ်ခါတစ်လေမှ ပေါ်လာတတ်တဲ့ ကျင့်ကြံသူပဲ... ငါတို့ သူ့ကို ကျေးဇူးတင်သင့်တယ်..."
" အဲဒီကျင့်ကြံသူကတော့ ကျေးဇူးတင်စရာမလိုဘူးလို့ ပြောလိုက်တယ် ဒီလိုသူရဲကောင်းဆန်တဲ့လုပ်ရပ်အတွက် ဆုကြေးငွေပို့ပေးမယ်ဆိုရင် လုံလောက်ပါပြီတဲ့... ပြီးတော့ သူက ကျင့်ကြံသူ မဟုတ်ဘူး... ဒီ မိစ္ဆာရိုက်ကြာပွတ်ကို မတော်တဆကောက်ရတယ်လို့။ပြောတာပဲ..."
ကျန်းခယ့်က ခြောက်ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်သည်။
ကျင့်ကြံသူအစစ်တစ်ယောက်က ဆုကြေးနည်းနည်းလေးကို ဂရုစိုက်နေပြီး ဝင်ငွေရဖို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်မယ်တဲ့လဲ... သူ သိသလောက်ဆိုရင် ကျင့်ကြံဆင့်မြင့်တဲ့ လူသားဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ် သာမန်အစားအစာတွေ စားစရာမလိုပဲ နေနဲ့လရဲ့ အဆီအနှစ်ကိုပဲ စုပ်ယူဖို့လိုတာမလား...
ကျင့်ကြံဆင့်က ပြီးပြည့်စုံမှု မရှိကြသူများသာ ဆာလောင်မှုကိုဖြေဖျောက်ရန်အတွက် အစာစားရန် လိုအပ်ကြခြင်းဖြစ်သည်။
သူသိသမျှကို ပြောပြပြီးသည့်အခါ အားလုံးက စိတ်ထားကောင်းသည့်မိစ္ဆာလေးကို ဆုကြေးငွေပေးရန် သဘောတူလိုက်ကြပြီး ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးတစ်လုံးပါ အပိုထည့်ပေးရန် တွေးလိုက်ကြသည်။ ကျင့်ကြံခြင်းက ခက်ခဲလှသောလုပ်ငန်းစဉ်တစ်မျိုးဖြစ်သည်။ စိတ်ကောင်းရှိသော ဤမိစ္ဆာလေး၏လုပ်ရပ်ကို ဆေးလုံးတစ်လုံးတည်းဖြင့် တန်ဖိုးဖြတ်ရခြင်းက မလုံလောက်သော်လည်း ၎င်းက အကြောက်အလန့်ကင်းမဲ့မှုနှင့် အန္တရာယ်ကို ရင်ဆိုင်နေရချိန်တွင် ကူညီပေးနိုင်မှုက ချီးကျူးထိုက်ပေသည်။
မည်သူကမှ ကျူးယန်ကို မိစ္ဆာရိုက်ကြာပွတ်ထံမှ မလွှတ်ပေးရဲကြပေ။ အဆုံးတွင် သူ့ကိုဝိညာဉ်ချုပ်နှောင်အစီအရင်ထဲ ယာယီထည့်ထားပြီး ဘော့စ်ကျွမ်းပြန်ရောက်မှသာ ကိုင်တွယ်ရန် စောင့်ဆိုင်းနေကြသည်။
ဝိညာဉ်ချုပ်နှောင်အစီအရင်ထဲမှ ကျူးယန်၏ အနီရောင်မျက်လုံးများက အစီအရင်အပြင်ဘက်မှ လူများကို ခပ်စိန်းစိန်းကြည့်နေသည်။
" ငါ့ရဲ့ဧကရာဇ်က နောက်ဆုံးတော့ ပြန်ရောက်လာပြီ..."
သူ ထိုစကားကို ထူးထုးဆန်းဆန်းလေသံဖြင့် ထပ်ခါထပ်ခါပြောနေသည်ကို ကြားသည့်အခါ ရှုယွမ်က ဖရဲစေ့နှစ်စေ့စာခန့် ဟလိုက်ပြီး မှတ်ချက်ပြုလိုက်သည်။
" အဲ့အဆင့်လောက်ရှိတဲ့ မိစ္ဆာမျိုး ရှိတော့မယ်တော့ မထင်ဘူးနော်..."
တီဗီဇာတ်လမ်းတွဲများထဲတွင် သူတို့၏ဘော့စ် ပြန်ရောက်လာပြီး အခြေအနေများကို ပြောင်းပြန်လှန်ပစ်မည်ဟု ပြောတတ်သောဗီလိန်များက ရံဖန်ရံခါတွင် အပိုင်း၃ထက် ကျော်ပြီး အသက်မရှင်တတ်ကြပေ။