အပိုင်း ၆
Viewers 18k


Chapter 6 
မျိုးဆက်တစ်ခုစီတိုင်းက အရင်မျိုးဆက်တွေနဲ့ ယှဉ်လို့မရတာတော့ အမှန်ပဲ


လူများစွာစည်ကားသွားလာနေသည့် မီးရထားဘူတာရုံထဲတွင် ဖက်ရှင်ကျကျ ဝတ်စားထားသော လူငယ်များနှင့် သက်လတ်ပိုင်းအရွယ်လူများက အိတ်အရွယ်အစားမျိုးစုံကိုကိုင်ပြီးသွားလာနေကြသည်။ သူတို့က အလျင်လိုနေကြ၍ ဘေးပတ်ဝန်းကျင်မှ အခြားလူများနှင့် ခွဲခြားထားသကဲ့သို့ ဖြစ်နေသည်။ 

ဤနေရာတွင် လူတန်းစားမျိုးစုံ ဘဝမျိုးစုံကို တွေ့ရှိနိုင်ပေသည်။ ယခုချိန်တွင် ဘူတာရုံများက အလွန်စည်းကမ်းတင်းကြပ်ပြီးနေရာအနှံ့တွင် လုံခြုံရေးကင်မရာများစွာ ရှိသော်လည်း အခြားသူများ၏ ပိုင်ဆိုင်မှုကို အလစ်အငိုက်တွင် ရယူလိုသည့် လူအချို့ ရှိနေသေးပေသည်။ 

ဘူတာရုံသို့ မီးရထားတစ်စီး ဆိုက်လာချိန်တွင် သက်ကြီးပိုင်းအရွယ်လူတစ်ယောက်က သူ့လက်ဆွဲအိတ်ကို တစ်ယောက်ယောက်တွေ့မိသလားဟု အော်ဟစ်မေးမြန်းလာသည်။ ခရီးသည်များက ကတိုက်ကရိုက်ဖြင့် လှုပ်ရှားသွားလာနေကြသည်။ အချို့က သူ့ကိုတစ်ချက်မှပင် လှည့်မကြည့်ပေ။ အချို့က သူ့ကို သနားစဖွယ်လှည့်ကြည့်လိုက်သော်လည်း သူ့ဘေးနားလာပြီး အကူအညီမပေးကြပေ။

လူအိုကြီး၏ အသားအရည်က မည်းနက်နေပြီး သူ့မျက်နှာကလည်း ရွတ်တွနေပြီဖြစ်သည်။ သူ ဝတ်ဆင်ထားသည့်အဝတ်များမှာ ကြိမ်ဖန်များစွာလျှော်ဖွတ်ထားခဲ့ခြင်းဖြစ်၍ အရောင်လွင့်နေပြီး အထည်အနားစကလည်း ကြမ်းတမ်းနေပြီဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် သူက ကြွယ်ဝချမ်းသာသူတစ်ယောက်မဟုတ်ကြောင်း သိနိုင်ပေသည်။ သူ့အော်သံကြောင့် မီးရထားလုံခြုံရေးဝန်ထမ်းများက အာရုံစိုက်မိသွားကြသည်။ လူအိုကြီးက ‌ဒေါသကြောင့် မူးမေ့လဲသွားမည်စိုး၍ လုံခြုံရေးများက သူ့ကို ဘေးမှနေရာတွင် ခဏထိုင်ခိုင်းထားသည်။ ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေသည့်လူများအကြားတွင် တစ်စုံတစ်ယောက်က သူ့ကို လက်ကိုင်ပဝါတစ်ထည်ကမ်းပေးလာပြီး အခြားတစ်ယောက်က သူ့ကို ရေတစ်ဘူးလာပေးခဲ့သည်။ အခြားလူများမှာမူ လူအိုကြီးကို တစ်ချက်သာလှည့်ကြည့်ပြီး ထွက်သွားကြသည်။

လူတစ်ယောက်က ထိုနေရာနှင့် မနီးမဝေးတွင်ရပ်ပြီး စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေသည်။ ထို့နောက် လူအုပ်ကြီးထဲအတူ ဝင်ရောက်ရောနှောရန် တစ်ဖက်ကိုလှည့်လိုက်သည်။ သို့ရာတွင် သူ ခြေလှမ်းနှစ်ခြမ်းပြည့်အောင် မလှမ်းရသေးမီမှာပင် တစ်ယောက်ယောက်က သူ့ပခုံးကို လာပုတ်သည်။ ထိုလူမှာ အလွန်ထိတ်လန့်သွားပြီး နောက်ကိုတစ်ချက်မှ လှည့်မကြည့်ပဲ ပြေးတော့သည်။ 

" မင်း ဘာလို့ပြေးတာလဲ..."

ဝတ်စုံပြည့်နှင့် နက်ကတိုင် ဝတ်ထားသူက ထိုလူ၏ တံခေါက်ကွေးနေရာကို ကန်လိုက်၍ ထိုလူက အရှိန်မထိန်းနိုင်ပဲ နံရံနှင့် ဆောင့်မိသွားသည်။ ထိုလူ့ထံမှ ပိုက်ဆံအိတ်များနှင့် ဟမ်းဖုန်းများ ထွက်ကျလာပေသည်။ 

သူ့အကြောင်းများ ပေါ်သွားပြီဖြစ်၍ ထိုလူက နာကျင်မှုကြောင့် အော်ဟစ်နေရန်ပင် သတိမရတော့ပဲ ထိုနေရာမှထွက်ပြေးရန် ဒယိမ်းဒယိုင်ဖြင့် ထလာတော့သည်။ သို့ရာတွင် ချောမောခံ့ညားပြီး ဆံပင်ကို သေသပ်စွာဖီးထားသောလူက တစ်နေရာမှ ထွက်ပေါ်လာပြီး ခြေထောက်တစ်ဖက်ဖြင့် သူ့ကိုဖိထား၍ ထွက်ပြေး၍ မရတော့ပေ။ 

" လူအိုကြီးတစ်ယောက်ရဲ့ငွေကိုတောင် ‌ခိုးရဲတယ်ပေါ့လေ မင်းက ကိုယ်ကျင့်တရားပျက်ယွင်းနေတာပဲ..."

ကျွမ်းချင်က သူခိုးကို အားဖြင့် ဆောင့်ဆွဲလိုက်ပြီး သူနှင့်အတူ ခိုးရာပါပစ္စည်းများဖြစ်သည့် ပိုက်ဆံအိတ်နှင့် ဟမ်းဖုန်းများကို နားသို့ပြေးလာသည့် လုံခြုံရေးဝန်ထမ်းသးများထံ အပ်လိုက်သည်။ ထိုပစ္စည်းအပုံထဲမှ  ပလတ်စတစ်အိတ်လေးတစ်အိတ်က အကြည့်ကို ဖမ်းစားနေသည်။ ကျွမ်းချင်က သူ့ကိုယ်ပေါ်မှ ဖုန်များကို ခါလိုက်ပြီးမှ လူအိုကြီးရှိရာကို တဖြည်းဖြည်းလျှောက်လာသည်။ 

" ဒါက လူကြီးမင်းရဲ့ ပစ္စည်းများလား..."

လူအိုကြီးက ပလတ်စတစ်အိတ်ကို တုန်တုန်ယင်ယင်ဖြင့်ယူပြီး ဖွင့်ကြည့်လိုက်သည်။ ကုန်ပို့လွှာအနည်းငယ်အပြင် အခြားကျန်ရှိနေသောအရာမှာ ငွေအနည်းငယ်ဖြစ်သည်။ ငွေအကြွေများက အထပ်လိုက်ဖြစ်နေသော်လည်း ပမာဏက အလွန်မများပေ။ 

" ကျေးဇူးတင်ပါတယ် တကယ် ကျေးဇူးတင်ပါတယ်..."

လူအိုကြီးက ဝမ်းသာသွားပြီး ကျွမ်းချင်ကို အထပ်ထပ်အခါခါ ကျေးဇူးတင်နေသည်။ ဘေးနားမှ ဖြတ်သွားသူများကလည်း စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးပေးနေကြသည်။ 

ကျွမ်းချင်က စိတ်လှုပ်တ‌ရှားဖြင့်ကြည့်နေသည့် လူအုပ်ကြီးထဲမှ တိုးထွက်လာကာ သူဝတ်ထားသော နာမည်ကြီးတံဆိပ်ကိုခါလိုက်ပြီးမှ ဘူတာရုံ၏ လော်ဘီထဲ လျှောက်လာလိုက်သည်။

" ဘော့စ် တက္ကစီလိုသေးလား..."

" မလိုဘူး..."

" ကောင်ချောလေး တုန်းချန်ကို သွားမလို့လား... ၇၅ယွမ်ပဲပေးလေ ငါ မင်းအိမ်တံခါးဝအထိ လိုက်ပို့ပေးမယ်..."

" မသွားတော့ပါဘူး..."

ကျွမ်းချင်က ခရီးသည်ရှာနေသည့် အငှားယာဉ်မောင်းပေါင်းများစွာကို လျစ်လျုရှု့လိုက်သည်။ သူ ထိုနေရာတစ်ခုလုံးကို ခြုံငုံကြည့်လိုက်ပြီးမှ ကားနက်တစ်စီးရှိရာကို လျှောက်လာလိုက်သည်။ ကားပြတင်းပေါက်ကို အသာခေါက်လိုက်သည့်အခါ ပြတင်းပေါက်ကပွင့်လာပြီး ခေါင်းပြောင်ကြီး ထွက်လာပေသည်။

" ဘော့စ် နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့..."

" ရထားနည်းနည်းနောက်ကျသွားလို့..."

ကျွမ်းချင်က လက်ဆွဲအိတ်ကို ကားနောက်ထဲ ပစ်ထည့်လိုက်ပြီးမှ ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်သည်။ ကားထဲဝင်လိုက်သည်နှင့် သူ့မျက်ခုံးများ ချက်ချင်း တွန့်ချိုးသွားရတော့သည်။ 

" ကျင့်ကြံသူတွေက ဘာလို့ သာယာမှုရှာနေရတာလဲ အဲကွန်း ချက်ချင်းပိတ်လိုက်..."

ခေါငးပြောင်ကြီးက တွန့်ဆုတ်စွာဖြင့် ကျွမ်းချင်ကို လှည့်ကြည့်လာသည်။ 

" ဘော့စ် အခုက လကုန်ခါနီးပြီလေ...  ဒီလအတွက်  ကျွန်တော်တို့ဌာနရဲ့သွားလာစရိတ်တွေကလည်း တစ်ပြားမှ မသုံးရသေးဘူး အဲ့လောက်ကြီး ကပ်စေးနဲဖို့ လိုလို့လား..."

" ဒါက ကပ်စေးနဲတာနဲ့ ဘာဆိုင်လို့လဲ..."

ကျွမ်းချင်၏ အမူအရာက တည်ကြည်လေးနက်နေသည်။ 

" ကျင့်ကြံသူတွေက ရာသီဥတုပူတာအေးတာကို မကြောက်ကြဘူး ဒါကမှ မဟာတာအိုပဲ..."

" ဒါပေမဲ့ ကျွန်တော်က အပူကြောက်တဲ့ငါးလေ..."

ရုတ်တရက် ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသော ဖိအားတစ်ခုက သူ့ထံကျရောက်လာသည်။ ခေါင်းပြောင်က တံတွေးမျိုချလျက် ကားအဲကွန်းကိုပိတ်လိုက်သည်။

" ဘော့စ်ပြောတာမှန်ပါတယ်... သန်မာတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်လာဖို့ကျွန်တော့်ရဲ့ သဘာဝဗီဇကို ဖြတ်ကျော်နိုင်ရမယ်..."

" အင်း..."

ကျွမ်းချင်က မျက်လုံးမှိတ်လိုက်ပြီး နောက်ခုံကို မှီနေသည်။ သူ၏ ချောမောခံ့ညားသော မျက်နှာသွင်ပြင်က အလွန်ပြီးပြည့်စုံလွန်း၍ ပြစ်ချက်တစ်ခုမှ ရှာမရပေ။ 

သူတို့ လမ်းတစ်ဝက်တွင် ကားလမ်းပိတ်ဆို့ခြင်းနှင့် ကြုံလိုက်ရသည်။ အပူချိန် လေးဆယ်ဒီဂရီနီးပါးရှိသော ရာသီဥတုအခြေအနေတွင် ကားထဲရှိ လူနှစ်ယောက်က ချွေးတစ်စက်မှပင်မထွက်ပေ။ ကောင်းကင်ယံမှ နေလုံးကြီးက သူတို့အတွက် အပူမထွက်သော မီးသီးတစ်လုံးသာ ဖြစ်ပုံပေါ်သည်။ 

" လွန်ခဲ့တဲ့ရက်က မင်းငါ့ကို သတင်းပို့ထားတဲ့ မကောင်းဆိုးဝါးမိစ္ဆာကို ဖမ်းမိပြီလား..."

" ဟုတ် ဖမ်းမိပါပြီ..."

ချူးယွီက အရှေ့တွင် ယာဉ်ကြောပိတ်ဆို့နေ၍ ပျင်းရိနေပုံပေါ်သည်။ 

" လူငယ်လေးကျန်းခယ့်က သူ့ကို ကျင့်ကြံသူတစ်ယောက်ရဲ့ အကူအညီနဲ့ ဖမ်းလာတယ်လို့ သတင်းပို့ထားပါတယ်... အဲဒီမကောင်းဆိုးဝါးမိစ္ဆာကို မိစ္ဆာရိုက်ကြာပွတ်နဲ့ ချည်ထားတုန်းပါပဲ... ကျွန်တော်တို့ရဲ့ ကျင့်ကြံဆင့်က မမြင့်ဘူးဆိုတော့ သတိလက်လွတ်မလုပ်ရဲလို့ ဘော့စ်ပြန်လာတာ စောင့်နေတာပါ..."

ချူးယွီက ရုတ်တရက် မမေးပဲ မနေနိုင်ဖြစ်လာသည်။

" ဘော့စ်ဘာလို့ ရထားနဲ့ ပြန်လာတာလဲ..."

" အဲ့နေရာကနေ တိုက်ရိုက်လေယာဉ်မရှိဘူးလေ..."

" ဒါဆိုရင်လည်း သမုဒ္ဒရာမြို့တော်ကိုရောက်ပြီးမှ ‌အဲ့ကနေ လေယာဉ်စီးလာလို့ ရတာပဲ...ရေဒါတွေနဲ့ လုံခြုံရေးကင်မရာတွေကြောင့်သာမဟုတ်ရင် ဘော့စ်ရဲ့ကျင့်ကြံဆင့်နဲ့ ပင်လယ်ရပ်ခြားကနေ မျက်စိတစ်မှိတ်အတွင်း ပျံလာလို့ ရနေတာပဲကို..."
ချူးယွီက ကပ်ဖားလျက်ဖားပုံစံဖြင့် ပြောလိုက်သည်။

ကားထဲတွင် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ခဏအကြာတွင်မှ ကျွမ်းချင်က ပြောလာသည်။

" သမုဒ္ဒရာမြို့တော်ကနေ လေယာဉ်နဲ့ပြန်လာမယ်ဆို ခရီးစရိတ် ပြန်မရဘူးလေ..."

ချူးယွီ :  “...”

.....

ဆေးရုံတွင် ဖူလီက ထူးဆန်းသည့်အရောင်နှင့် အရာဝတ္ထုတစ်ခုကို ခွက်ထဲထည့်လိုက်သည်အား ဖမ်ဟန့် စောင့်ကြည့်နေသည်။  ၎င်းက ဇွန်းဖြင့် နှစ်ချက်ခန့်တို့လိုက်ပြီးနောက် ရေလောင်းချကာ ဆေးရုံခန်းထဲမှ လူနာကိုတိုက်ရန် ပြင်နေသည်။ ဖမ်ဟန့်က ထိတ်လန့်သွားပြီး ဖူလီ့ကို တားလိုက်သည်။

" ကောင်လေး မင်းတစ်ယောက်ယောက်ကို ဒီလိုဈေးပေါတဲ့ ဆေးအတုတွေတိုက်မိလို့ သူတစ်ခုခုဖြစ်သွားရင် ထောင်ကျလိမ့်မယ်နော်..."

" ဒါပေမဲ့ ဒါက ဆေးအစစ်လေ..."

ဖူလီက ဖမ်ဟန့်၏လက်ကို ခါလိုက်သည်။

"  လူကြီးလူကောင်းတစ်ယောက်ရဲ့ ကတိစကားက ကတ်တီတစ်ထောင်ထက် ပိုလေးလံတယ်တဲ့ ကျွန်တော်က ဘယ်တော့မှ ကတိဖျက်မယ့်သူ မဟုတ်ဘူး..."

ဒီကောင်လေး ခေါင်းရောကောင်းရဲ့လား...

" သူက အစာအိမ်‌ကင်ဆာရှိနေတာ ပန်းပွင့်တွေ ဆေးပင်တွေလောက်နဲ့ သူ့ကို ကယ်မရဘူး..."

ဖမ်ဟန့်က ဖူလီကိုပြန်ဖမ်းဆွဲထားသည်။

" ညီလေး ဟာသမလုပ်ပါနဲ့တော့ ဒီကိစ္စကို ရဲတွေပဲ ဖြေရှင်းခိုင်းလိုက်ပါ... ငါ စခန်းကို ဆက်သွယ်ပြီးပြီ... စခန်းက သူတို့ရဲ့မိသားစုဝင်တွေနဲ့ ပရဟိတအဖွဲ့တွေကို ဆက်သွယ်ပြီး အထူးထောက်ပံ့ကြေး ပေးမှာပါ... သတိလက်လွတ်မလုပ်လိုက်ပါနဲ့ တစ်ခုခုဖြစ်လာမယ်ဆိုရင် မင်း တာဝန်ယူနိုင်မှာ မဟုတ်ဘူး..."

ဖူလီ တွန့်‌ဆုတ်သွားမိသည်။ သူက လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကအထိ လူသားများနှင့် အရောတဝင်မနေခဲ့ပဲ ယခုနောက်ပိုင်းမှသာ ရံဖန်ရံခါ၌ လူမှုပတ်ဝန်းကျင်ထဲ ဝင်ရောက်နေထိုင်ရခြင်းဖြစ်သည်။ သို့ရာတွင် လူသားများအပေါ် သူ၏ သိရှိလေ့လာမှုအရ အကယ်၍ လူသားခန္ဓာကိုယ်၏ဖွဲ့စည်းတည်ဆောက်ပုံတွင် တစ်ခုခု အပြောင်းအလဲဖြစ်နေပါက ဆေးက သက်ရောက်မှု မရှိသည်လည်း ဖြစ်နိုင်ချေရှိသည်။

သို့ရာတွင် အခန်းတံခါးက ဘန်းခနဲပွင့်လာသည်။ ‌အဆောက်အဦးပေါ်မှ ခုန်ချရန် ပြင်ခဲ့သော အသားညိုညို ပိန်ပိန်ပါးပါးအမျိုးသမီးက ဖူလီ၏လက်ထဲမှ ဆေးခွက်ကို လုယူပြီး လူနာခန်းရှိရာသို့ ပြေးထွက်သွားသည်။။

" အိုင်း နေဦးလေ..."

ဖမ်ဟန့်၏စိတ်ထဲတွင် စိုးရိမ်စိတ်တို့ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုအမျိုးသမီးကို ဟန့်တားလိုသော်လည်း ဖူလီက သူ့ကို ထိန်းထားလိုက်သည်။ 

" မစိုးရိမ်ပါနဲ့ ထိရောက်မှုရှိမှာပါ..."

" လူ့အသက်နဲ့ ပတ်သက်လာရင် ရှိမှာပါဆိုတဲ့စကားမျိုးနဲ့လည်း မရဘူး... ဆေးရုံခုတင်ပေါ်လှဲနေကာက ကလေးတစ်ယောက်ကွ..."

ဖမ်ဟန့်က ‌ဒေါသတကြီးအော်ပြောလိုက်သည်။ ထို့နောက် ဖူလီ့ကို ဘေးနားတွန်းထုတ်ပစ်ပြီး ခြေလှမ်းကျဲကြီးများဖြင့် တစ်ဟုန်ထိုး ထွက်သွားလေသည်။

‌ဖူလီက တွန်းထုတ်ခံလိုက်ရသည့်သူ့လက်ကို ငုံ့ကြည့်နေလိုက်မိသည်။ 

သူ လူသားကမ္ဘာမှာ ဒီလိုစုံထောက်တွေအများကြီးကို မြင်ခဲ့ဖူးပါတယ် အဲ့လူတွေအားလုံးက ဒီလောက်တောင် သတ္တိရှိတာလား...

သောကရောက်နေသော မိခင်တစ်ယောက်၏ခွန်အားကို အထင်သေး၍မရပေ။ ဖမ်ဟန့်ဆေးရုံခန်းထဲ ရောက်ချိန်တွင် ကလေးက ဆေးတစ်ဝက်ခန့်ကို သောက်ပြီးပြီဖြစ်သည်။ သူ အထင်မှားသည်လား မသေချာသော်လည်း ထိုဆေးအတုက အတော်လေးမွှေးပျံ့သည်ဟု ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်သော အနံ့အရသာအချို့ ပါဝင်ပုံပေါ်သည်။ 

ထိုအမျိုးသမီးကြီး၏ မျှော်လင့်တကြီးဖြစ်နေသောအကြည့်ကို မြင်ရသည့်အခါ ဖမ်ဟန့်က ဆေးအတုဖြစ်ကြောင်း ပြောမထွက်နိုင် ဖြစ်သွားသည်။ သူ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုသာ ဆရာဝန်သွားခေါ်ရန် တိတ်တဆိတ်အချက်ပြလိုက်သည်။ တစ်ခုခုဖြစ်လာခဲ့ပါက ထိုကလေးကို အချိန်မီကယ်တင်ရပေမည်။ 

တစ်ယောက်ယောက်က လူနာကို အမည်မသိဆေးများတိုက်လိုက်ကြောင်း ဆေးရုံအုပ်ဆရာဝန်ကြီးသိသောအခါ အတော်အတန်ထိတ်လန့်သွားရသည်။ သူ နှစ်လုတ်သာ စားရသေးသည့် နေ့လယ်စာဘူးကို ချန်ထားခဲ့ပြီး လူနာခန်းထဲ အမြန်ပြေးဝင်လာတော့သည်။ သူတို့က အပိုလုပ်နေကြခြင်းမဟုတ်ပေ။ အတိတ်တွင်လည်း လူနာတစ်ယောက်၏ ဆွေမျိုးက အိမ်တွင်းဆေးဝါးတစ်မျိုး၏ သက်ရောက်မှုအကြောင်း ကြားခဲ့သောကြောင့် လူနာသောက်ရန် ဆေးရုံအထိ ယူလာခဲ့ပေသည်။ အဆုံးတွင် လူနာကို အချိန်မီမကယ်တင်နိုင်၍ အသက်ဆုံးရှုံးခဲ့ရသည်။ 

ဆရာဝန်က အမောတကောအသက်ရှုလျက် လူနာအခန်းဝသို့ ရောက်လာသည်။ တံခါးဘောင်ကိုမှီလျက် အသက်ဝဝမရှုရသေးမီမှာပင် ကိုးနှစ်အရွယ်‌လူနာကလေးလေးက တစ်ခုခု ပြောလိုက်သည်ကို ကြားလိုက်ရသည်။

" မေမေ သားဗိုက်က ထပ်မအောင့်တော့ဘူး..."

ထိုဆေးတွင် နာကျင်မှုကို သက်သာစေသော သက်ရောက်မှုများ ပါဝင်‌သည်ဟု ဆရာဝန်က တွေးလိုက်မိသည်။ ယခုခေတ် တရားမဝင်ဆေးဝါးများက မကောင်းသော ပါဝင်ပစ္စည်းများဖြင့် ပြည့်နေသည်က များပေသည်။ သူ နှစ်ကြိမ်ခန့် ပင့်သက်ရှိုက်လိုက်ပြီးနောက် ကလေး‌ကို အခြေခံစစ်ဆေးမှုများလုပ်ရန် ခုတင်နားကို လျှောက်သွားလိုက်သည်။ ကလေး၏နှလုံးခုန်နှုန်း၊ အသက်ရှုသံနှင့် မျက်လုံးသူငယ်အိမ်တို့တွင် ပုံမှန်မဟုတ်သည်ကို မတွေ့ရပေ။ လူနာ၏ ဝမ်းဗိုက်နားကို အသာဖိကြည့်သောအခါတွင်လည်း လူနာက နာကျင်မှုမခံစားရပုံပေါ်သည်။ 

" ကလေးကို ဘာတွေ တိုက်လိုက်တာလဲ..."

ဆရာဝန်ကြီးက ပိန်ကပ်နေသော အမျိုးသမီးကြီးကို ကြည့်လိုက်သည်။ ထိုအမျိုးသမီးကြီးကလည်း မှင်သက်စွာဖြင့် ခေါင်းခါပြလိုက်သည်။  သူမ တံခါးအပြင်ဘက်ကို လှမ်းကြည့်လိုက်သော်လည်း အစောပိုင်းက လူငယ်လေးကို မတွေ့တော့ပေ။

သူ ဘယ်ရောက်သွားတာလဲ...

.....

" ဘော့စ်... အဲ့အနံ့ရလား..."

ချူးယွင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ့နောက်ခုံမှလူကို လှမ်းကြည့်လိုက်သည်။ 

သူ၏ မူလသွင်ပြင်က ငါးဖြစ်၍ အနံ့အာရုံခံမှုက အထင်ကြီးလောက်ဖွယ်ရာ မဟုတ်ပေ။ သို့ရာတွင် ထိုမှ မွှေးကြိုက်သောလင်ဇီးနံ့ကို လျစ်လျှူမရှု့ထားနိုင်ပေ။ 

မျက်လုံးမှိတ်ထားသောကျွမ်းချင်က သူ့မျက်လုံးများကို တဖြည်းဖြည်းဖွင့်လိုက်သည်။ သူ့အကြည့်များက လမ်းဘေးမှ ဆေးရုံရှိရာသို့ရောက်သွားပြီး အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

" ထိုက်စွေ့..."

‌ဤလင်ဇီးက နှစ်တစ်ထောင်ကြာမှတစ်ကြိမ်ပွင့်ပြီး မည်သည့်ရောဂါဘယကိုမူ ကုသပေးနိုင်ပေသည်။ ကံဆိုးသည်မှာ လူသားအများစုနှင့် မိစ္ဆာများက အသုံးမပြုနိုင်ကြပေ။ သုံးစွဲလိုက်ပါက ဖျားနာမှု အသေးစားဖြစ်နေသူများက အလွန်အမင်းနာမကျန်းဖြစ်ကုန်ကြပြီး ရောဂါကြီးသူများကလည်း သေဆုံးသည်အထိ ဖြစ်သွားတတ်ကြသည်။ အချိန်ကြာလာသည်နှင့် ကံဆိုးသူများကသာ ထိုက်စွေ့ကို ရနိုင်သည်ဟူသော ကောလဟာလတစ်ခု လူသားလောကတွင် ပျံ့နှံ့လာသည်။ 

သို့ရာတွင် ယခု သူရနေသော ထိုက်စွေ့အနံ့က အလွန်ထူးဆန်းလှသည်။ ၎င်းထံတွင် အမျက်ဒေါသ၊ ရန်ညှိုးနှင့် ရန်လိုစိတ်တို့ မပါဝင်ပေ။ 

ကျင့်ကြံခြင်းလောကမှာ ယခုအချိန်တွင် ဆုတ်ယုတ်လာပြီဖြစ်၍ ကျင့်ကြံသူမျိုးဆက်သစ်တိုင်းက ယခင်မျိုးဆက်များနှင့် မယှဉ်နိုင်ကြတော့ပေ။ ဤကဲ့သို့ ကံဆိုးမှုမပါဝင်သော ထိုက်စွေ့ကို ပိုင်ဆိုင်ထားသူကို မရေမတွက်နိုင်သောလူများက လိုက်နေနိုင်သည်။

ဒါတောင်မှ အဲဒါကိုဘာလို့ လွယ်လွယ်ထုတ်လိုက်တာလဲ..

ထိုက်စွေ့၏ရနံ့က လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ အနံ့အနည်းငယ် ရှုရှိုက်ကြည့်လိုက်ရုံဖြင့် အစအနပင် မတွေ့ရတော့ပေ။

ကျွမ်းချင်က ပစ္စည်းကောင်းများကို မမြင်တွေ့ဖူးသူမဟုတ်၍ ထိုကဲ့သို့သောအရာအပေါ်တွင် စိတ်ဝင်စားမှု ချက်ချင်းပျောက်ဆုံးသွားသည်။ 

" အိုင်း ကျွန်တော်တို့ရဲ့ ယောင်လောကသားတွေဘဝလည်း အခု မလွယ်တော့ပါဘူး..."

ချူးယွင်က ထိတ်လန့်နေရာမှ အာရုံပြောင်းသွားပြီး ဆေးရုံဝင်ပေါက်နားတွင် ပလတ်စတစ် ရေဘူးများကောက်နေသည့် လူငယ်လေးကို လက်ညှိုးထိုးပြလိုက်သည်။

" သူတို့တွေ ငွေရဖို့ သူများပစ်ထားတဲ့ ရေဘူးတွေပါ လိုက်ကောက်နေရတဲ့ ဘဝရောက်သွားတဲ့အထိ နိမ့်ပါးကုန်ကြပြီ..."

ကျွမ်းချင်လှမ်းကြည့်လိုက်သည့်အခါ တီရှပ်ဝတ်ထားသော လူငယ်လေးက ပလတ်စတစ်ရေဘူးများကောက်ပြီး သူသယ်လာသောအိတ်ထဲထည့်နေသည်ကို မြင်လိုက်ရသည်။ 

" မင်း ကောင်းကောင်းမကျင့်ကြံလို့ ဗျူရိုက အထုတ်ခဲရတာနဲ့ အဆုံးသတ်သွားမယ်ဆိုရင်တော့ သူနဲ့တူတူ အလုပ်သွားလုပ်နေရလိမ့်မယ်..."

.....

နဂါးတစ်ကောင်ရဲ့ အနံ့လား...

ဖူလီက ပူပြင်းလှသော နေလုံးကြီးကို မော့ကြည့်လိုက်မိသည်။ အတိတ်တွက် နဂါးများဖြတ်သန်းသွားပါက ရာသီဥတုပူပြင်းနေသည်ကိုတွေ့သည်နှင့် မိုးကိုဆင့်ခေါ်ပေးပြီး သာမန်လူများကို အအေးဓာတ်ခံစားစေပေသည်။ ယခုခေတ်နဂါးများမှာမူ တဖြည်းဖြည်းပို၍ ကပ်စေးနဲလာကြသည်။ 

နဂါးများ၏ ပင်ကိုဝိသေသလက္ခဏာဖြစ်သော မိုးခေါ်ခြင်းကိုပင် မေ့သွားကြပုံပေါ်သည်။ 

မျိုးဆက်တစ်ခုစီတိုင်းက အရင်မျိုးဆက်တွေနဲ့ ယှဉ်လို့မရတာတော့ အမှန်ပဲ...


Xxxxx