Chapter 7
အလုပ်ပြောင်းခြင်း
ကျွမ်းချင်က အိမ်မပြန်ပဲ ချူးယွီကို ဗျူရိုရှိရာသို့ တိုက်ရိုက်ကားမောင်းသွားခိုင်းလိုက်သည်။
သူတို့ဘောစ့်ပြန်လာနေသည်ကို သိသောအခါ ဗျူရိုမှလူများက စားပွဲခုံများကို ခွေးခြေခုံအဖြစ် ပြောင်းလဲလိုက်သည်။ ရှုပ်ပွနေသည့်စာရွက်များက အလွန်လျင်မြန်စွာပင် သန့်ရှင်းသပ်ရပ်သွားသည်။ သူတို့စားပွဲများပေါ်တွင် ပျင်းရိပျင်းတွဲမှီနေကြသော အလုပ်သမားများက ရာထူးကြီးတစ်ယောက်၏ စစ်ဆေးခြင်းကို စောင့်ဆိုင်းနေကြသော စစ်သည်များသဖွယ် မတ်မတ်ထိုင်လိုက်ကြသည်။
တောက် တောက် တောက်...
ခြေသံက တဖြည်းဖြည်းပိုကျယ်လာသည်နှင့်အမျှ အားလုံး၏ မျက်နှာထက်မှ အမူအရာများကလည်း တဖြည်းဖြည်း လေးနက်တည်ကြည်လာသည်။ ကျွမ်းချင်ပေါ်လာချိန်တွင် အားလုံးက "မင်္ဂလာပါ ခေါင်းဆောင်" ဟု ပြိုင်တူအော်လိုက်ကြသည်။
ကျွမ်းချင်၏အကြည့်က အားလုံးအပေါ် ကျရောက်သွားသည်။ ခဏအကြာတွင်မှ ပျင်းရိပျင်းတွဲဖြင့် ပါးစပ်ဟလာသည်။
" မင်းတို့အားလုံး အခုမှ ကြောက်ရကောင်းမှန်း သိတာလား..."
အားလုံးက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားကြသည်။ ဤတစ်ကြိမ် မကောင်းဆိုးဝါးမိစ္ဆာပြုလုပ်ခဲ့သည့် အရှုပ်အထွေးများစွာကြောင့် လူအနည်းငယ် သေဆုံးခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့အားလုံး ကောင်းမွန်စွာ မကျင့်ကြံကြသောကြောင့်ဖြစ်သည်။ တိုင်းပြည်က ကျယ်ဝန်းပြီး လူအရေအတွက်က များပြားလှသည်နှင့် ထိုလူများက မိစ္ဆာများအတွက် စားနပ်ရိက္ခာအဖြစ် ဆက်ဆံခံရမည်ဟု မဆိုလိုပေ။
ချူးယွင်သည် နှလုံးထုတ်ပြီး အစားခံလိုက်ရသောမိန်းကလေးက အသက်နှစ်ဆယ်သာ ရှိသေးသည်ကို တွေးလိုက်မိသည်။ ထိုမိန်းကလေး၏ ကံခေမှုအကြောင်း မိသားစုဝင်များ သိသွားပြီးချိန်တွင် သူတို့အားလုံး မူးမေးလဲမတတ် အော်ဟစ်ငိုယိုခဲ့ကြသည်။ ထိုအကြောင်းကို တွေးမိသည့်အခါ ချူးယွင် စိတ်ညစ်ညူးသွားရသည်။
" အဲဒီရှေးဟောင်းမိစ္ဆာကို ငါသွားတွေ့မယ်..."
လူများကို ဆူပူကျိန်းမောင်းနေသည်နှင့်ယှဉ်ပါက စိတ်ခံစားချက်မရှိသော ကျွမ်းချင်၏ပုံစံက ပိုကြောက်မက်ဖွယ် ကောင်းပေသည်။ စီမံခန့်ခွဲရေးအဖွဲ့တွင် အသက်ကျယ်ကျယ်ရှုရဲသူတစ်ယောက်မှ မရှိပေ။ ကျွမ်းချင်က ကျူးယန်ကို စစ်ဆေးတော့မည့်အကြောင်းကို ကြားသည့်အခါ လောင်ဟွမ်က အလျင်အမြန်ပြုံးပြလိုက်ပြီး ရှေ့မှဦးဆောင်ကာ လျှောက်သွားလိုက်သည်။
ဗျူရို၏မြေအောက်ခန်းတွင် စည်းကမ်းဖောက်ဖျက်သော ကျင့်ကြံသူများအတွက် အထူးတလည်ပြုလုပ်ထားသော ဝိညာဉ်ပိတ်လှောင်အစီအရင်တစ်ခု ရှိသည်။ ထိုအစီအရင်ကို ကျွမ်းချင်၏သွေးဖြင့် ရေးဆွဲထားပြီး ယောင်ဓာတတ်( မိစ္ဆာဓာတ် )ကို ဖိနှိပ်နိုင်သော အဆောင်များကိုလည်း ထောင့်လေးထောင့်တွင် ချထားပေသည်။ ကျင့်ကြံဆင့်နိမ့်သောယောင်များက ဤနေရာသို့ ဝင်ရောက်သည်နှင့် မသက်မသာ ဖြစ်စေနိုင်ပေသည်။
ကျုးယန်ကို ဤနေရာတွင် ပိတ်လှောင်ထားသည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်သော်လည်း သူ၏ မောက်မာသော စိတ်အခြေအနေကို မဖြိုဖျက်နိုင်သေးပေ။ လူများဝင်လာသည်ကိုတွေ့သည်နှင့် ရန်စကား စပြောတော့သည်။
" အသုံးမကျတဲ့လူသားတွေနဲ့ မိစ္ဆာတွေပါလား..."
ကျွမ်းချင်က လက်ရွေးစင်တစ်ယောက်၏ရနံ့ဖြင့် ပေါင်းစပ်ထားသော ဘလေဇာအင်္ကျီကိုချွတ်ပြီး သူ့နောက်တွင်ရပ်နေသည့် ချူးယွင်ကို ပေးလိုက်သည်။
" သေချာကိုင်ထား သွေးတစ်စက်မှ မပေစေနဲ့..."
ချူးယွင်က အလွန်နာခံမှုရှိသည်။ ဘလေဇာကိုကိုင်ထားပြီးနောက် ခြေလှမ်းပေါင်းများစွာ ဆုတ်သွားလိုက်သည်။ ကံကောင်းသည်မှာ အရှေ့တွင် အရံအတားတစ်ခု ချထား၍ ဤနာမည်ကြီးတံဆိပ်အင်္ကျီတွင် ဖုန်တစ်စက်မှ ရှိမနေပေ။
" ကျူးယန်..."
ကျွမ်းချင်က ဝိညာဉ်ပိတ်လှောင်အစီအရင်ထဲ ခြေချလိုက်ပြီး လူသားပုံစံကိုပင် မထိန်းထားနိုင်တော့သည့်အပြင် လက်တစ်ချောင်းပင် မလှုပ်နိုင်တော့သည့်ကျူးယန်ကိုကြည့်လိုက်သည်။
" ရှေးဟောင်းမိစ္ဆာ..."
" နဂါးမျိုးနွယ်စုရဲ့ ငယ်ရွယ်တဲ့မျိုးဆက်ကတောင် ဒီဘုရင်ရဲ့ရှေ့မှာ လက်သည်းလာထုတ်ပြရဲတယ်ပေါ့လေ..."
ကျူးယန်က မျက်လုံးထောင့်မှစိုက်ကြည့်ပြီး အထင်သေးစွာ ပြောလိုက်သည်။
" မင်းတို့လို အသက်ငယ်ငယ်နဲ့ ဘဝင်မြင့်နေတဲ့ကောင်တွေကြောင့် ငါတို့ယောင်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာတွေက တဖြည်းဖြည်းလွင့်ပြယ်သွားရတာပဲ..."
ကျွမ်းချင်က သူ ပြောနေသည့် အခြေအမြစ်မရှိသော စကားများကို လျစ်လျူရှု့ထားကာ လက်တစ်ဖက်ဆန့်ထုတ်ပြီး မိစ္ဆာရိုက်ကြာပွတ်ကို လက်ဖြင့်ထိလိုက်သည်။ ကြာပွတ်က ကျူးယန်၏ကိုယ်မှ ပြုတ်ကျလာသည်။ သူ့ကိုချည်နှောင်ထားသောအရာမှ လွတ်မြောက်သွားသည်နှင့် ကျူးယန်၏ခန္ဓာကိုယ်က အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး ဝိညာဥ်ပိတ်လှောင်အစီအရင်ထဲမှ ထွက်ပြေးရန် ပြင်တော့သည်။ ကျူးယန်က သူ့အရှိန်နှင့်ပတ်သက်ပြီး အလွန်ယုံကြည်မှုရှိပေသည်။ ရှေးဟောင်းမိစ္ဆာများ၏ အရေအတွက်က ခွေးများသဖွယ်များပြားလှသော အချိန်မှစ၍ ယနေ့တိုင်အောင် ရှင်သန်နေထိုင်နိုင်ခဲ့ခြင်းမှာ သူ၏ တစ်မူထူးခြားသော လွတ်မြောက်နိုင်စွမ်းကြောင့်ဖြစ်သည်။
သို့ရာတွင် သူ မှားယွင်းတွက်ချက်လိုက်မိသည်။ တံခါးမှဖြတ်ပြီး ထွက်ပြေးသွားတော့မည့်အချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသည့်သဖွယ် ခံစားလိုက်ရကာ သူ့ကို ဝိညာဥ်ပိတ်လှောင်အစီအရင်ထဲ ပြန်ပိတ်ထားသည်။
" မင်းကို ငါက ထွက်သွားလို့ ပြောသေးလို့လား..."
ကျွမ်းချင်က လက်ပိုက်ထားလျက်နှင့် ကျူးယန်၏အပေါ်မှ အုပ်မိုးပြီး ကြည့်လိုက်သည်။
" ယောင်လောက စီမံခန့်ခွဲရေးဗျူရိုရဲ့ ဥပဒေအသစ်အရဆိုရင် မင်းက လူသားတွေကို အစာအဖြစ်သဘောထားပြီး စားသောက်ခဲ့တဲ့အတွက် ဧရာမပြစ်မှုကြီးတစ်ခု ကျူးလွန်ထားတာပဲ..."
ကျူးယန်က မြေပြင်ပေါ် လဲကျသွားသည်။ တစ်ချက်တည်း တိုက်ခိုက်လိုက်သည်ကပင် အလွန်စွမ်းအားကြီးလွန်းလှ၍ အသိစိတ်ပြန်မကပ်နိုင်အောင်ပင် ဖြစ်သွားရသည်။ ကျူးယန်များက ဉာဏ်များသည့် မိစ္ဆာအမျိုးအစားဖြစ်သည်။ သူတို့မချေမှူန်းနိုင်သော ပြိုင်ဘက်တစ်ယောက်ယောက်ကိုတွေ့ပါက ဒူးထောက်အညံ့ခံပြီး ပြိုင်ဘက်ကို ဘုရင်အဖြစ်သတ်မှတ်လိုက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်း ရွေးချယ်မှုနှစ်ခုထဲအနက်မှ တစ်ခုကို ပြုလုပ်လေ့ရှိသည်။
ယခုအခါ သူ မထွက်ပြေးနိုင်တော့၍ လိမ္မာပါးနပ်စွာဖြင့် အရှုံးကို လက်ခံရတော့မည်ဖြစ်သည်။
သူ ကျွမ်းချင်ကို စူးစူးရဲရဲ စိုက်မကြည့်နေတော့သည့်အပြင် သူ့မျက်နှာထက်မှ အေးတိအေးစက်အပြုံးက ပျောက်ကွယ်သွားကာ နာခံစွာဖြင့် မြေပြင်ပေါ် ဝပ်တွားလိုက်ပြီး သာမန်မျောက်ဝံတစ်ကောင်သဖွယ် ဟန်ဆောင်နေသည်။
" ယောင်ဧကရာဇ်က ဘယ်သူလဲ..."
ကျူးယန်က နာခံသွားသည်ကိုမြင်မှ ကျွမ်းချင်က သူ့ဘောင်းဘီအိတ်ကပ်ကို ဖုန်ခါလိုက်ပြီး မေးမြန်းတော့သည်။
ကျူးယန်က ကျွမ်းချင်နှင့် အကြည့်ချင်းဆုံသွားချိန်တွင် လိပ်ပြာမလုံဖြစ်သွားပြီး အကြည့်လွှဲလိုက်မိသည်။
" တ... တကယ်တော့ ကျွန်တော်လည်း အဲဒိီယောင်(မိစ္ဆာ)ကို မမြင်ဖူးပါဘူး..."
ထောင့်တွင်ရပ်နေသည့် ချူးယွင်က လှမ်းပြောလာသည်။
" ဘော့စ်ရေ သူလိမ်ပြောနေတာ... ဘောစ့် ပြန်မရောက်လာခင်ကအထိကို သု့ဧကရာဇ်က ပြန်လာတော့မယ်ဆိုပြီး တဖွဖွပြောနေတာ သူ ဘယ်လိုလုပ် မမြင်ဖူးပဲ နေမှာလဲ..."
ဘန်း...
ကျူးယန်က နံရံဖြင့် ဝင်ဆောင့်ခံလိုက်ရပြီးမှ သူ့မူလနေရာတွင် အပုံလိုက်ပြန်ကျလာသည်။ ဖြစ်ပျက်နေသည်ကို မသိသူများက ကျွမ်းချင်က သူနှင့်အတူ ဂိမ်းတစ်ပွဲ ကစားနေသည်ဟုပင် ထင်သွားနိုင်သည်။
ကောင်းကင်ဘုံရဲ့ တရားမျှတမှု... နဂါးမျိုးနွယ်စုက ဘယ်လိုတောင် ကျင့်ကြံနေလို့ သူတို့ရဲ့ ကျင့်ကြံဆင့်က ဒီလောက်အထိ သိမ်မွေ့လာရတာလဲ...
ကျူးယန် သွေးတစ်လုတ်အန်ထွက်သွားသည်။ ကျွမ်းချင်က သူ့ကို ဆက်ပြီးရိုက်နှက်နေမည်စိုး၍ ကတိုက်ရိုက်ပြောလိုက်သည်။
" ကျွန်တော် မလိမ်ပါဘူး... ကျွန်တော် ယောင်ဧကရာဇ်ကို အရင်က တကယ် မမြင်ဖူးပါဘူး... သူနဲ့ပတ်သက်တဲ့ ကောလဟာလတွေကိုပဲ ကြားဖူးတာပါ..."
" ပြောစမ်း..."
" ဟိုးအရင်တုန်းက ကျုံးတျောင်နဲ့ ကျန့်မျိုးနွယ်တို့က မသင့်ဖြတ်ကြတော့ ဝေ့မြစ်မှာ တိုက်ပွဲဖြစ်ပါတယ်... မမျှော်လင့်ထားပဲ သူတို့က ယောင်ဧကရာဇ်ကို အမျက်သင့်သွားစေခဲ့လို့ ဧကရာဇ်က တစ်ချက်လှုပ်ရှားလိုက်တာနဲ့ သူတို့ နှစ်တစ်သောင်းလောက်ကျင့်ကြံထားရတဲ့ ကျင့်ကြံဆင့်တွေကို ဖျက်ဆီးပစ်လိုက်တယ်... အဲ့အချိန်ကစပြီးတော့ မိစ္ဆာဘုရင်နှစ်ယောက်က အစအနတောင် ရှာမရပဲ ပျောက်သွားပြီးတော့ လူသားလောကမှာ ပြန်မပေါ်လာတော့ပါဘူး... ယောင်ဧကရာဇ်ရဲ့ နက်နဲတဲ့ကျင့်ကြံဆင့်က မတည်မငြိမ်ဖြစ်နေတယ်လို့ ကောလဟာလတွေလည်း ကြားရပါတယ်... ဘယ်သူမှ သူ့ရဲ့မူလသွင်ပြင်ကို မမြင်ဖူးကြပေမယ့် တစ်ယောက်မှ အဲ့အကြောင်းကို စကားမစရဲပါဘူး... သူ့ကို ရိုသေကြောင်းပြဖို့ ယောင်လောကတစ်ခုလုံးက သူ့ကို ဧကရာဇ်အဖြစ် သတ်မှတ်ခဲ့ကြတာပါ... လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ယောင်လောကမှာ သတင်းတစ်ခု ပျံ့သွားခဲ့ပါတယ် အဲဒါကတော့ နောက်နှစ်တစ်ထောင်ကြာရင် ဒီနယ်မြေပေါ်မှရှိတဲ့တိုင်းပြည်ရဲ့ ကံကြမ္မာက အောင်မြင်တိုးတက်ပြီး ယောင်ဧကရာဇ်ကလည်း ပြန်ပေါ်လာပါလိမ့်မယ်တဲ့.."
" ဒီကောလဟာလကို ငါဘာလို့ မကြားရတာလဲ..."
လောင်ဟွမ်က ခွန်းတုံ့ပြန်လိုက်သည်။
" ဟီးဟီး..."
ကျူးယန်က သူ့ကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။
" မင်းလို့ အညံ့စားလေးတွေက ဘာသိမှာလဲ..."
လောင်ဟွမ်က မုတ်ဆိတ်မွေးကိုပွတ်ပြီး ပြုံးလိုက်သည်။
" ဘော့စ် သူ အမှန်ကိုပြောနေတယ်မထင်ဘူး... နောက်ထပ် နှိပ်စက်တာ ပိုကောင်းမယ်ထင်တယ်..."
" ငါ ပြောသမျှက အမှန်တွေပါ..."
ကျူးယန်က လောင်ဟွမ်ကို အထင်သေးသော်လည်း ကျွမ်းချင်ကို သေအောင်ကြောက်ပေသည်။
" အိုး ဟုတ်သားပဲ တစ်ခုခုကို မှတ်မိသွားပြီ... လွန်ခဲ့တဲ့နှစ် နှစ်ထောင်က နဂါးတစ်ကောင် တောင်ပိုင်းကိုရောက်သွားပြီး မိုးသက်မုန်တိုင်းတွေကျအောင် လုပ်ခဲ့ဖူးတယ်... အဲ့အချိန်တုန်းက ယောင်ဧကရာဇ်က အနီးပတ်ဝန်းကျင်မှာရှိနေတာ သူ မသိခဲ့ဘူး... သူက ဒေသခံနယ်မြေတွေနဲ့ ယောင်ဧကရာဇ်ရဲ့ အင်မော်တယ်အိမ်တော်ကိုပါ ရေမြုပ်အောင် လုပ်ခဲ့တယ်... နောက်ကျတော့ ယောင်ဧကရာဇ်က အဲ့နဂါးရဲ့ဂျိုကို ချိုးပစ်လိုက်ပြီး အကြေးခွံတွေပါ ခွာပစ်လိုက်တာ... အဲ့နောက်ပိုင်းမှ နဂါးမျိုးနွယ်စုကလူတွေက သူတို့လူအတွက် လက်စားချေဖို့ သွားကြသေးတယ် ဒါပေမဲ့ နောက်ဆုံးမှာတော့..."
သူ ကျွမ်းချင်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ သူသည်လည်း နဂါးမျိုးနွယ်စုမှဖြစ်၍ စကားလုံးများကို ဂရုတစိုက်ရွေးချယ် ပြောရပေမည်။
" နောက်ဆုံးမှာတော့ သူတို့ဘက်က နည်းနည်းဆုံးရှုံးသွားပုံရတယ်..."
အဲဒါက တကယ်တော့ နည်းနည်းလေး ဘယ်ဟုတ်မလဲ... နဂါးမျိုးနွယ်အတွက်ကတော့ ဒီကိစ္စကြီးက တော်တော်လေး အရှက်ကွဲစရာ ဖြစ်သွားတာပဲ... ပြောကြတာတော့ ယောင်ဧကရာဇ်နဲ့ သွားတိုက်ခိုက်တဲ့ နဂါးတွေက ခေါင်းပြောင်ကြီးအဖြစ်နဲ့ ပြန်လာကြပြီး ရှက်လွန်းလို့ နှစ်တစ်ရာကျော်ကြာတဲ့အထိ ပင်လယ်ကနေတောင် မထွက်ကြတော့ဘူးတဲ့...
.....
သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးနှင့် အပန်းဖြေရေးကလပ်တွက် ဖူလီက ကျောပိုးအိတ်တစ်လုံးလွယ်ထားပြီး အဟောင်းမကျ အသစ်မကျဖြစ်နေသော ခုံတွင်ထိုင်ကာ အမျိုးသားအို အမျိုးသမီးအိုကြီးများ မာကျောက်ကစားနေသည်ကို ကြည့်နေသည်။ ထိုလူအိုကြီးများက ကျင့်ကြံခြင်းလောကမှ အနားယူသွားပြီသူများ ဖြစ်ကြသည်။
" ရှောင်ဖူ..."
ဝမ်စွေ့ဟွားမှာ မာကျောက်ကစားရာတွင် နိုင်လာသဖြင့် စိတ်အခြေအနေကောင်းနေသည်။ ဖူလီ သူမဘေးတွင် ထိုင်နေချိန်တည်းက ကံကောင်းလာသည်ဟု ခံစားရ၍ ဖူလီ့ကို ဖရဲစေ့တစ်စေ့ပေးလိုက်သည်။
" မင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မလုပ်တော့ဘူးဆို..."
" ဟုတ်..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။
" ကျွန်တော် တောင်ပေါ်က ဆေးကိုယူလာပြီးတော့ လူသားကလေးတစ်ယောက် နေမကောင်းဖြစ်နေတာ ကုပေးခဲ့မိလို့ပါ... အဲဒါက ပြဿနာဖြစ်လာမှာစိုးလို့ အလုပ်ထွက်ခဲ့တာပါ..."
ဝမ်စွေ့ဟွားက ရုတ်ချည်း နားလည်သဘောပေါက်သွားသည်။ ကျေးလက်ဒေသရှိ တောင်ပေါ်တွင်နေသော မိစ္ဆာများအတွက်မူ ဂျင်ဆင်းကဲ့သို့သော အဖိုးတန်ဆေးပင်များ ရှိတတ်ပေသည်။ သို့ရာတွင် ထိုအကြောင်းကို မေးရမည်ကလည်း တစ်မျိုးဖြစ်နေ၍ တခြားအကြောင်းကို ပြောလိုက်သည်။
" ငါတို့မျိုးနွယ်စုက လူငယ်လေးတစ်ယောက်က စူပါမားကတ်ကြီးတစ်ခုမှယာ မန်နေဂျာလေ... မင်းအတွက် အလုပ်တစ်နေရာလောက်များ ရှိမလားလို့ ငါသူ့ကို မေးပေးမယ်..."
သူမ ဖူလီ့ကို တစ်ချက်ကြည့်လိုက်သည်။
" မင်းက ကြည့်ကောင်းတာပဲ... အလုပ်တစ်ခုရှာရတာ မခက်လောက်ပါဘူး..."
" ကျောက်ကောပြောတာတော့ ကျွန်တော့်လိုမျိုး အထက်တန်းအောင်လက်မှတ်မရှိတဲ့ မိစ္ဆာတွေက အသက်မွေးဖို့ခက်တယ်တဲ့..."
သူ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်ထွက်လာစဉ်တွင် ကျောက်စန်းရှန့်က သူ့ကို ကျေးလက်သို့ပြန်ရန်ပြောခဲ့သည်ကို အမှတ်ရသွား၍ သူ့စိတ်ထဲတွင် အထင်အမြင်သေးခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
" မင်းက ရုပ်ရည်လေး ကြည့်ကောင်းတာပဲကို... အဲဒီမိစ္ဆာလေးတွေဆီကနေ..."
ဝမိစွေ့ဟွားက စကားပြောနေခြင်းကို ရုတ်ချည်း ရပ်လိုက်ပြီး မာကျောက်ဆက်ကစားနေသည်။
စားပွဲတွင် အတူတူထိုင်ကာ မာကျောက်ကစားနေကြသူများထံမှ မကျေမနပ်ညည်းညူသံများကိုနားထောင်ပြီး ဝမ်စွေ့ အနည်းငယ်ဝမ်းသာနေမိသည်။ သူမအနိုင်ရထားသော ပိုက်ဆံများကို စားပွဲခင်းအောက်ထည့်ကာ ဖိထားလိုက်ပြီးနောက် ဖူလီ့ကို စကားဆက်ပြောသည်။
" အင်တာနက်ပေါ်မှာ နာမည်ကြီးရင်လည်း ငွေတော်တော်လေးရတယ်လို့ ပြောကြတယ်... မင်းတို့မိစ္ဆာလေးတွေက နေလာတာ အနည်းဆုံးနှစ်ရာပေါင်းများစွာတော့ ကြာပြီဆိုတော့ အနုပညာလေးမျိုးလောက်တော့ တတ်တယ်မလား... မင်း အဲဒါတွေ မကျွမ်းရင်တောင်မှ လက်မှုပစ္စည်းတွေလုပ်ရောင်းပြီး ငွေရှာလို့ရတာပဲ... အသက်မွေးဖို့နည်းလမ်းဆိုတာ အမြဲတမ်း တစ်ခုမဟုတ်တစ်ခုတော့ ရှိပါတယ်..."
ဖူလီ ခေါင်းခါလိုက်သည်။
" အတိတ်တုန်းကတော့ အဲ့ပညာတွေတတ်တဲ့ မိစ္ဆာလေးတွေ ကျွန်တော့်ဘေးမှာရှိတယ် ဒါပေမဲ့ ကျွန်တော်က အဲဒါတွေကို မသင်ဖူးဘူး..."
ဝမ်စွေ့ဟွားက သူ့ကို ခဏတာစိုက်ကြည့်နေလိုက်ပြီးမှ အဓိပ္ပါယ်ပါပါဖြင့် သက်ပြင်းချလိုက်သည်။
" မိစ္ဆာငယ်လေးတွေဆိုတာ တခြားစွမ်းရည်တွေကိုလည်း သင်ထားသင့်တယ်...တတ်ထားတဲ့ပညာပိုများလေ မင်း အသက်ရှင်နေထိုင်ဖို့အတွက် ပိုအဆင်ပြေလေပဲ မင်း ဒီအတိုင်း ဆက်နေလို့မှ မဖြစ်တာ..."
ဖူလီက စိတ်ဓာတ်ကျစွာဖြင့် မျက်နှာကို လက်ဖြင့်အုပ်ထားလိုက်ပြီးမှ အရည်လဲ့နေသော မျက်လုံးရွဲကြီးများဖြင့် ဝမ်စွေ့ဟွားကို ကြည့်နေသည်။ သူ၏ နာခံမှုရှိသော ပုံစံလေးကြောင့် သူမက စိတ်ဆိုးဒေါသထွက်သည့်စကားတစ်ခွန်းမှ ဆက်မပြောရက်တော့ပေ။
" ဒါက မင်းအပြစ်တော့လည်း မဟုတ်ပါဘူး... မင်းနေတဲ့ နေရာကလည်း တောင်ပေါ်က အနက်ဆုံးနေရာမှရှိတဲ့ သစ်တောဟောင်းကြီးပဲကို ဒီလိုကိစ္စတွေနဲ့ လက်ပွန်းတတီးတော့ ဘယ်ရှိမှာလဲ... ဟုတ်တယ်မလား..."
ဝမ်စွေ့ဟွားက ဖူလီ့ပခုံးကိုပုတ်လိုက်သည်။
" အလုပ်ရှာတဲ့ကိစ္စကို ငါနဲ့အပ်ထားလိုက်ပါ... မင်းအတွက် တစ်ယောက်ယောက်ကို အနောက်တံခါးဖွင့်ခိုင်းထားလိုက်မယ်..."
" ကျေးဇူးတင်ပါတယ် ကျင့်ကြံသူဝမ်..."
ဖူလီက အားပါးတရ ပြုံးပြလိုက်သည်။
" နောက်နေ့တွေမှာလည်း ဒီနေ့လိုပဲ နိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်..."
" အေးဆေးပါ ကိတ်မုန့်စားနေရသလိုပဲ လွယ်လွန်းတယ်..."
ဝမ်စွေ့ဟွား၏ အပြုံးက ပိုမိုကြင်နာဟန်ပေါက်လာသည်။ အသက်ကြီးလာပြီးသည့်နောက်တွင်လည်း သူမက ချောမောပြီး နာခံတတ်သော မိစ္ဆာငယ်လေးများကို မှားသည်ဟု မထင်တော့ပေ။ သူမက ရုပ်ရည်သွင်ပြင်အရ အသက်ခုနစ်ဆယ်ကျော်နေသည့်အဖွားအိုကြီး ဖြစ်နေသော်လည်း သူတို့ကို တောင့်ခံနိုင်စွမ်း မရှိပေ။
.....
အစာအိမ်ကျူမာရှိသော လူနာကလေးလေးက အမည်မသိဆေးတစ်မျိုး သောက်ပြီးချိန်တွင် အပြည့်အဝပြန်လည်ကောင်းမွန်သွားသောသတင်းက ဆေးရုံတစ်ခုလုံးတွင် ပျံ့နေသည်။ သို့ရာတွင် ဆေးပညာအကြောင်း အနည်းငယ်နားလည်ထားသူများပင်လျှင် ဤကိစ္စက မဖြစ်နိုင်ကြောင်း သိပေသည်။ ဆေးရုံ၏ ဆေးစစ်ချက် မှားယွင်းနေသည်က ၈၀-၉၀ရာခိုင်နှုန်းခန့် ဖြစ်နိုင်သည်။ ယခုအခါ သူတို့က ဤသတင်းကို သာမန်လူများထံ ရည်ရွယ်ချက်ရှ်ိရှိဖြန့်ပြီး ဆေးရုံ၏သိက္ခာမကျအောင် ပြုလုပ်ထားသည်နှင့် တူသွားပေသည်။
အခြားဆေးရုံမှ ဆရာဝန်များက ဤဆေးရုံကို အခြေခံကိုယ်ကျင့်တရားကောင်းမွန်မှု မရှိကြဟုထင်၍ တိတ်တဆိတ် ကျိန်ဆဲနေကြသည်။
ဒီလိုအလိမ်အညာမျိုးနဲ့ နာမည်မပျက်အောင်လုပ်ထားတာ ဆေးပညာလောကကို လေးစားမှု မရှိတဲ့အပြင် ကိုယ်ကျင့်တရားပါ ပျက်ယွင်းနေတာပဲ...
ထိုလူငယ်လေးက လူနာကလေးကို လျှို့ဝှက်ဆန်းကြယ်သောဆေးတစ်မျိုး တိုက်သွားသည်ဟု ဖမ်ဟန့်က ယုံကြည်လုနီးပါးဖြစ်သွားခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သူ့ကို သွားရောက်ရှာဖွေသော်လည်း ထိုလူငယ်လေးက ထွက်ပြေးသွားပြီဖြစ်ကြောင်း သိခဲ့ရသည်။ ထို့အပြင် ဆရာဝန်၏ ရှင်းပြချက်ကို ကြားသိပြီးနောက် ဤကိစ္စက တိုက်ဆိုင်မှုတစ်ခုသာဟု တွေးလိုက်ပေသည်။
ထိုဆေးရုံက ဆေးစစ်ရာတွင် အမှားဖြစ်သွားပြီး ထိုလူငယ်လေးက အခြားသူများကို လိမ်ညာမိ၍ လိပ်ပြာမလုံစွာဖြင့် ထွက်ပြေးသွားခြင်း ဖြစ်နိုင်သည်။
တကယ်လို့ ဆေးက တကယ်စွမ်းမယ်ဆိုရင် သူဘာလို့ ထွက်ပြေးမှာလဲ... သူ အဲ့လိုဆေးမျိုးကိုပဲ ထုတ်ရောင်းပြီး သန်းကြွယ်သူဌေး ဖြစ်နေလောက်ပြီလေ ဘာလို့ ကာယအလုပ်သမားလုပ်မှာလဲ...
.....
ဝမ်စွေ့ဟွားကို ကျင့်ကြံခြင်းလောက၏ စီနီယာကြီးဟု ခေါ်ထိုက်ပေသည်။ နှစ်ရက်အတွင်းမှာပင် သူမတို့ ကျင့်ကြံခြင်းလောက လူငယ်မျိုးဆက်တစ်ယောက်၏ အဆက်အသွယ်ဖြင့် ဖူလီ့ကို ဟိုတယ်တစ်ခုတွင် လုံခြုံရေးဝန်ထမ်းအလုပ် ရှာပေးနိုင်ခဲ့သည်။ ကျင့်ကြံခြင်းလောကတွင် ကျေးလက်ဒေသဘက်မှ မိစ္ဆာများကို အကူအညီပေးသည့် မူဝါဒရှိသောကြောင့် ဖူလီက အထက်တန်းကျောင်းအောင်လက်မှတ်မရှိသော်လည်း သူ့လစာက အခြားသောလုံခြုံရေးများနှင့် အတူတူသာဖြစ်သည်။
ပထမဆုံး အလုပ်တက်ရသည့်နေ့တွင် ဖူလီက ယူနီဖောင်းဝတ်ပြီး ဟိုတယ်လော်ဘီတွင် ရပ်နေသည်။
ရုတ်တရက်ပင် သူနှင့် မျက်နှာချင်းဆိုင်တွင်ရပ်နေသော လုံခြုံရေးက ဖရုံသီးတစ်လုံးသဖွယ် ဖြစ်သွားပေသည်။
Xxxx