အပိုင်း ၈
Viewers 17k


Chapter 8
ဇို့ကျောင်း


ဟိုတယ်တွင် ရက်အနည်းငယ်အထိ အလုပ်လုပ်ပြီးသော်လည်း ဖူလီက ဟိုတယ်၏ လူငယ်မျိုးဆက်ကျင့်ကြံသူဘော့စ်ကို မမြင်တွေ့ရသေးပေ။ သို့သော် သူ ဘောက်ဆူးအတော်များများ ရထားသည်။ ဟိုတယ်က ထိပ်တန်းစာရင်းဝင်ဖြစ်၍ ဝန်ဆောင်မှုပေးသော ဝန်ထမ်း သို့မဟုတ် လုံခြုံရေးဝန်ထမ်းများက သူတို့၏တာဝန်များအနေဖြင့် တည်းခိုသူများ၏ လက်ဆွဲအိတ်များကို သယ်ပေးရသည်။ ဖူလီက ခွန်အားလုံလုံလောက်လောက်ရှိပြီး တည်းခိုသူများ၏ အိတ်များကို ကောင်းစွာကာကွယ်ပေးနိုင်၍ ဘောက်ဆူးများစွာ ရရှိထားပေသည်။ 

တည်းခိုသူအများစုက ဟိုတယ်မှပြန်ချိန်တွင် အကြံပြုစာအုပ်ထဲ၌ ဖူလီ့ကို အထူးတလည်ချီးကျူးသွားကြသည်။ သို့ဖြစ်၍ ဟိုတယ်တွင် အလုပ်လုပ်သည်မှာ လဝက်ခန့်သာ ရှိသေးသော်လည်း ဝန်ထမ်းအစည်းအဝေးတွင် လော်ဘီမန်နေဂျာက သူ့ကို ဆုချီးမြှင့်ခဲ့သည်။ 

အစည်းအဝေးပြီးချိန်တွင် ဖူလီက 'ကစားစရာကောင်လေး' နှင့် 'အိပ်ရာနွေးအောင်လုပ်ပေးသူ' ဟူသော စကားအချို့ကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ သူ တစ်ဖက်ကို လှည့်ကြည့်လိုက်ချိန်တွင် ထိုလူများက ပါးစပ်မဟရဲကြတော့ပေ။ လုံခြုံရေးဌာနမှ မန်နေဂျာရောက်လာပြီး သူ့ပခုံးကိုပုတ်ကာ ပြုံးလိုက်သည်။  

" ရှောင်ဖူရေ ရှောင်ဟယ်ရဲ့မိန်းမက ဒီညကလေးမွေးမှာတဲ့ ဒီညသူ့အစား ညဆိုင်းဆင်းပေးပါလား..."

မျိုးစိတ်တစ်ခုကို မွေးဖွားခြင်းက အရေးကြီးသောဖြစ်ရပ်ဖြစ်၍ ဖူလီက များများစားစားမတွေးနေတော့ပဲ သဘောတူလိုက်သည်။

မန်နေဂျာက ပိုမိုပျော်ရွှင်စွာပြုံးလိုက်သည်။ အထက်လူကြီးတစ်ယောက်ဖြစ်သောကြောင့် အားကိုးရပြီး နာခံတတ်သည့်လူသစ်တစ်ယောက် ရောက်လာသည်ကို သူအလွန်ကျေနပ်နေမိသည်။ 

လစန္ဒာပေါင်းကူးဟိုတယ်ကဲ့သို့သော ထိပ်တန်းဟိုတယ်မျိုးတွင် ဧည့်သည်များ check-in ပြုလုပ်ခြင်းက ၂၄နာရီတစ်ခါဖြစ်ပြီး အစားအသောက်နှင့် အဖျော်ယမကာများ၊ အပန်းဖြေခြင်းနှင့် နေထိုင်ရာပေးခြင်းစသည့် ဝန်ဆောင်မှုများ ပါဝင်ပေသည်။  သို့ဖြစ်၍ တည်းခိုသူများက အရည်အသွေးအမြင့်ဆုံးသော ဝန်ဆောင်မှုများကို အချိန်မရွေးခံစားနိုင်ရန် ဤနေရာမှ ဝန်ထမ်းများအတွက် အလုပ်ချိန်ကို သုံး‌ဆိုင်းခွဲထားသည်။

ညရောက်သည့်အခါ ကောင်းကင်ကြီးက ပိုမိုအုံ့မှိုင်းလာပေသည်။  ဖူလီက ကောင်းကင်ကိုမော့ကြည့်ပြီးနောက် အိမ်အမြန်ပြန်ချင်နေသည့် သန့်ရှင်းရေးအန်တီကြီးကို ပြောလိုက်သည်။ 

" အန်တီ ရာသီဥတု သိပ်မကောင်းဘူး... အိမ်စောစောပြန်နော်..."

" အိုင်း ဟုတ်ပါပြီ..."

အန်တီကြီးက သူ့အိတ်ထဲမှ သကြားလုံးဘူးတစ်ဘူး ထုတ်လာသည်။ ၎င်းတို့က ယနေ့ ဟိုတယ်တွင်ပြုလုပ်သော မင်္ဂလာပွဲမှ လက်ကျန်များဖြစ်သည်။ ဧည့်သည်များက မလိုချင်ကြသောကြောင့် ဝန်ထမ်းများကို ခွဲပေးလိုက်သည်။

" ရှောင်ဖူ ရော့ သကြားလုံးလေးတွေစားပြီး ပျော်ပျော်နေ... မင်း သဘောကျတဲ့ ကောင်မလေးလည်း မြန်မြန်ရှာဦးလေ..."

" ကျေးဇူးတင်ပါတယ်..."

ဖူလီက သူမ ပေးသည်ကို မငြင်းလိုက်ပေ။ သကြားလုံးဘူးလေးကို ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပြီးနောက် အရှေ့ဘက်ကောင်တာကိုသွားပြီး ထီးတစ်ချောင်းငှားကာ သန့်ရှင်းရေးအန်တီကို ပေးလိုက်သည်။

" အန်တီ အပြန်ကျ ဒါဆောင်းသွားလေ..."

သန့်ရှင်းရေးအန်တီက ထီးမယူသွားချင်သော်လည်း ဖူလီက အတင်းပေးနေ၍ လူငယ်လေး၏ ကြင်နာမှုကို အဘဟဿမဖြစ်စေချင်သောကြောင့် ထီးကိုယူသွားလိုက်သည်။

လမ်းတစ်ဝက်တွင် အနားမှ စူပါမားကတ်က အသီးအရွက်နှင့် အသီးများ ဈေးချနေသည်ကိုမြင်၍ သူမ အိမ်အတွက် ဝင်ဝယ်သွားလိုက်သည်။ သူမ စူပါမားကတ်ထဲမှ ထွက်လာချိန်တွင် အပြင်ဘက်၌ လေပြင်းတိုက်နေ‌သည်။ မိုးရေစက်နှင့် မိုးသီးများက တဖြောက်ဖြောက်ကျနေပြီး မြေပြင်ကို ထိနေပေသည်။ 

ဤနေရာက သူမအိမ်နှင့် မီတာရာဂဏန်းခန့်သာ ဝေးကွာသာဖြစ်၍ ဖူလီငှားလိုက်သောထီးကိုယူပြီး ကြောက်ခမန်းလိလိကျဆင်းလာသော မိုးသီးများကိုကာ၍ အိမ်ကို ခပ်သုတ်သုတ်ပြန်သွားလိုက်သည်။ 

အိမ်ပြန်ရန် အလောတကြီးဖြစ်နေသည့်သူမက ထီးပေါ်သို့ကျဆင်းလာသည့် ဧရာမမိုးသီးကြီးများက မိုးရေစက်များအဖြစ် အသွင်ပြောင်းသွားသည်ကို သတိမပြုမိလိုက်ပေ။ လေပြင်းများကလည်း အရည်အသွေးမကောင်းသည့်ထီးလေးကို လွင့်စင်မသွားစေခဲ့ပေ။

မိုးရွာသွန်းချိန်က ပိုမိုကြာမြင့်လာလေ ပိုပြင်းထန်လာလေဖြစ်သည်။ တစ်မြို့လုံး လေပြင်းများတိုက်ပြီး မိုးသည်းကြီးမည်းကြီးရွာနေသည်။ လစန္ဒာပေါင်းကူးဟိုတယ်က မြေအမြင့်ပိုင်းတွင်ရှိ၍ ယခုအချိန်အထိ မိုးရေများ စိမ့်ဝင်မလာသေးပေ။ အပြင်ဘက်တွင်မူ လေပြင်းများ၊ ရုတ်ချည်းမိုးခြိမ်းသံများ၊ ပြင်းထန်သောမိုးနှင့် မိုးသီးများ အဆက်မပြတ်ရွာသွန်းနေ၍ အနည်းငယ်ကြောက်လန့်ဖွယ်ကောင်းသောမြင်ကွင်းတစ်ခု ဖြစ်နေသည်။

အရှေ့ဘက်ကောင်တာမှ ဝန်ထမ်းမိန်းကလေးများက တစ်ယောက်နှင့်တစ်ယောက် ကပ်နေကြပြီး ဝင်ပေါက်တွင်ရပ်နေသောဖူလီ့ကို အထဲသို့လာပြီး မိုးခိုရန်  လက်ယပ်ခေါ်လိုက်ကြသည်။ ဖူလီက ကျေးလက်မှလာသူဖြစ်၍ ပညာအရည်အချင်းက မမြင့်မားသည်ကို သိကြသော်လည်း သူက ကြည့်ကောင်းပြီးယဉ်ကျေးမှုရှိသူဖြစ်၍ ဖူလီ့ကိုအကောင်းမြင်ကြသည်။

" တော်တော်လေး အရှိန်အဝါကြီးတဲ့ တည်ရှိမှုတစ်ခုက အတိဒုက္ခကို ဖြတ်ကျော်နေတယ်လို့ မထင်ကြဘူးလား... ရာသီဥတုက ပုံမှန်မဟုတ်ဘူးနော်..."

မိန်းကလေးများအနက် တစ်ယောက်က ဟာသလုပ်လိုက်သည်။

" ဇို့ကျောင်းများလား..."

" ဇို့ကျောင်းကဘာလဲ..."

မိန်းကလေးများအားလုံးက ငယ်ရွယ်ပြီး စပ်စုချင်စိတ်များသူဖြစ်ကြသည်။

" နဂါးအဖြစ် အသွင်ပြောင်းချင်တဲ့ ဇို့ကျောင်းက မိုးနဲ့ လျှပ်စီးတွေကို ဆွဲဆောင်နိုင်တယ်... ပြီးတော့ သူနဲ့ ရှေးရေစက်ပါတဲ့သူကိုရှာပြီးရင် သူ့ကို နာမည်တစ်ခုပေးခိုင်းပြီးတော့ ရေထဲမှာ မြွေရှိလား နဂါးရှိလား မေးရတယ်..."

ထိုမိန်းကလေးများက အလွန်စိတ်ဝင်စားနေသည်ကိုမြင်၍ ဖူလီက ဆက်ပြောလိုက်သည်။ 

" တကယ်လို့ သူနဲ့ ရေစက်ပါတဲ့သူက မြွေလို့ဖြေရင် ဇို့ကျောင်းက နဂါးအဖြစ် အသွင်ပြောင်းဖို့ ကျရှုံးသွားမယ်... တကယ်လို့ နဂါးလို့ဖြေလိုက်ရင်တော့ သူက နဂါးအဖြစ်နဲ့ ကောင်းကင်ပေါ် ပျံတက်သွားလိမ့်မယ်..."

" သူနဲ့ရေစက်ပါတဲ့သူကရော..."

မိန်းကလေးများက ပိုပြီးစိတ်ဝင်စားလာသည်။ 
" နဂါးဖြစ်သွားတဲ့ ဇို့ကျောင်းက ကြင်နာမှုအတွက် ကျေးဇူးပြန်ဆပ်မှာလား..."

" နဂါးအဖြစ်ပြောင်းသွားတာ ကြင်နာတတ်တဲ့ဇို့ကျောင်းဆိုရင်တော့ ကျေးဇူးပြန်ဆပ်တယ်... ဒါ‌ပေမဲ့ နတ်ဆိုး‌ဇို့ကျောင်း ဖြစ်နေရင်တော့..."

ဖူလီက ရုတ်ချည်းရပ်တန့်သွားသည်။

" ဘာဖြစ်လာမှာလဲ..."
မိန်းကလေးများက ဆက်မေးသည်။ 

" ရေစက်ပါတဲ့သူက အစားခံရမယ်..."

လှည့်နေသောတံခါးကပွင့်လာပြီး အနက်ရောင်အင်္ကျီနှင့် ဘောင်းဘီရှည်ဝတ်ထားသောအမျိုးသားတစ်ယောက်က ခြေဆုံးခေါင်းဆုံး မိုးရေများစိုရွှဲပြီး ခြေလှမ်းကျဲကျဲလှမ်းလာသည်။ သူ့အကြည့်များက ဖူလီနှင့် အခြားလူများထံ ရောက်လာသည်။

" မိုးတော်တော်သည်းတာပဲ ကျွန်တော်အခန်းတစ်ခန်းယူပါ့မယ်..."

ကောင်တာမှ အမျိုးသမီးလေးများက မှတ်ပုံတင်ကတ်ကိုယူလိုက်ပြီးနောက် တည်းခိုရန်လုပ်ငန်းစဉ်များကို အဆင့်ဆင့်လုပ်ဆောင်ပေးနေသည်။ အနက်ရောင်အင်္ကျီနှင့်လူက ဖူလီ့ကိုကြည့်ပြီး ကျီစယ်လိုက်သည်။

" ဒီနေ့ မိုးတော်တော်သည်းတာပဲ... နဂါးတစ်ကောင် ကောင်းကင်ပေါ် တက်သွားတာများလား..."

" နဂါးဆိုတာ တကယ်မရှိပါဘူး..."

ဖူလီက ထိုလူ့ကို တည်ကြည်သောအမူအရာဖြင့်ကြည့်လိုက်ပြီးနောက် အပြင်ဘက်တွင် အဆက်မပြတ်ရွာသွန်းနေသည့် မိုးများကို တစ်ချက်ကြည့်လိုက်သည်။

" အခုက သိပ္ပံနည်းကျနေထိုင်နေကြတဲ့ လူမှုပတ်ဝန်းကျင်ပါ ဒဏ္ဍာရီတွေက အလိမ်အညာတွေပါပဲ..."
[ T/N - ဖူလီနဲ့ ဟိုတယ်ဝန်ထမ်းတချို့ကတော့ ယောင်(မိစ္ဆာ)တွေပါ ‌ယောင်တွေဆိုရင်တော့ သူတို့အချင်းချင်းကြည့်ရုံနဲ့သိကြလို့ နဂါးအကြောင်းနဲ့ တခြားမိစ္ဆာအကြောင်းတွေကို ပြောကြပေမယ့် လူသားတွေရှေ့မှာတော့ လုံးဝမပြောမိအောင် သတိထားကြရတာပါ ဒါပေမဲ့ အခုတွေ့တဲ့သူကတော့ မိစ္ဆာလား လူသားလား မသေချာပါဘူး မိစ္ဆာဖြစ်မှန်းသိတာတောင် ဖူလီက တမင်ပြောလိုက်တာလည်း ဖြစ်နိုင်ပါတယ် ]

မူလကတက်ကြွစွာပြုံးနေသောလူ၏ မျက်နှာက ရုတ်ချည်း မည်းမှောင်သွားသည်။ ကောင်တာရှိ ဝန်ထမ်းထံမှ မှတ်ပုံတင်ကတ်ကို အမြန်ပြန်ဆွဲယူလိုက်ပြီးနောက် မျက်ဆံနက်များဖြင့် ဖူလီ့ကို စူးစူးရဲရဲကြည့်ကာ တစ်ဖက်သို့လှည့်ပြီး ပြန်ထွက်သွားတော့သည်။ 

ရုတ်ချည်းပြောင်းလဲမှုကြောင့် မိန်းကလေးများအားလုံး ဇဝေဇဝါဖြစ်သွားသည်။ 
သူ ဟိုတယ်မှာတည်းမလို့ မဟုတ်ဘူးလား... ဒီလောက်မိုးရွာနေတာကို ဘာလို့အပြင်ပြေးထွက်သွားရတာလဲ...

" သူ့ပိုက်ဆံအိတ်ယူလာဖို့ မေ့သွားတာဖြစ်မယ်..."
ဖူလီက မတ်တပ်ထရပ်လိုက်ပြီးနောက် ထောင့်တစ်နေရာမှ ကြမ်းတိုက်တံကိုယူကာ ထိုဧည့်သည်၏ ရေစိုနေသောခြေရာများကို ဖုန်တစ်စက်မှ မကျန်သည်အထိ တိုက်လိုက်သည်။

မိုးက တစ်ညလုံးသည်းထန်စွာ ရွာသွန်းနေခဲ့သည်။ ဖူလီ ညဆိုင်းဆင်းပြီး၍ မနက်ပိုင်း အလုပ်မှပြန်လာသည်အထိ မိုးမတိတ်သေးပေ။ သူငှားနေသောအိမ်က ဤနေရာနှင့် အနည်းငယ်အလှမ်းဝေးသောကြောင့် ဘတ်စ်ကားစီးပြီး မိနစ်၂၀ - ၃၀ခန့်အထိ လမ်းလျှောက်ရသေးသည်။ 

လက်တွေ့တွင်မူ မနက်ခင်း မိုးသည်းထန်စွာရွာသွန်းနေချိန်၌ မည်သူမှ လမ်းကြားလေးထဲတွင် လမ်းမလျှောက်ကြပေ။ အနက်ရောင်အင်္ကျီဖြင့်လူက ထိုလမ်းကြားထဲတွင် ရပ်နေသည်ကို တွေ့လိုက်ရသောအခါ ဖူလီ အနည်းငယ်မျှပင် မအံ့ဩသွားပေ။ 

ထိုလူ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နေသည်။ ဖူလီ့ကိုကြည့်ပြီး သူက စကားတစ်ခွန်းကို နောက်တစ်ကြိမ် ထပ်ပြောသည်။ 

" ဒီနေ့ မိုးတော်တော်သည်းတာပဲ... နဂါးတစ်ကောင် ကောင်းကင်ပေါ် တက်သွားတာများလား..."

" မဟုတ်ပါဘူး..."

ဖူလီက နိယာမများကို နားလည်သူဖြစ်‌၍ သူ မရှိဘူးဟုပြောပါက အမှန်တကယ် မရှိပေ။

လေပြင်းတစ်ချက် တစ်ခဏတွင်းချင်းတိုက်ခတ်လာပြီး လမ်းကြားထဲတွင် တဝီဝီအသံများ ဖြစ်ပေါ်စေလိုက်သည်။

ထိုလူ၏မျက်လုံးများက နီရဲသွားပြီး သူ့မျက်နှာထက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အနက်ရောင်သွေးကြောများ ထောင်တက်လာသည်။

" ငါမင်းကို စားပစ်မယ်..."

သူက နှစ်တစ်ထောင်ခန့် ကျင့်ကြံခဲ့ပြီး အစောပိုင်းနှစ်များတွင် ဇို့ကျောင်းဖြစ်လာရန်အတွက်  မရေမတွက်နိုင်သော အပျိုစင်မိန်းကလေးများနှင့် ယောက်ျားလေးများကို စားသောက်ခဲ့သည်။ သူက ဘုန်းကြီးများ၊ တာအိုပညာရှင်များလက်မှလွတ်အောင်ပုန်းရှောင်ကာ နေ့ရက်တိုင်းကို ဖြတ်သန်းနေခဲ့ရသော်လည်း ဤလူသားတစ်ယောက်ကြောင့် ပျက်စီးသွားခဲ့ရသည်။ နဂါးဖြစ်ခွင့် ဆုံးရှုံးသွားသည်နှင့် နောက်ထပ်ရာစုနှစ်အနည်းငယ်ခန့် ထပ်မံကျင့်ကြံရတော့မည်ဖြစ်သည်။ 
ဒီလိုနှစ်ရာပေါင်းများစွာအတွင်းမှာ ဒီလူသားကျင့်ကြံသူကို ကျရှုံးသွားမလားဆိုတာ ဘယ်သူသိမှာလဲ...

မိစ္ဆာက မည်းနက်နေသည့် ဇို့ကျောင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ကို တိုက်ခိုက်ရန် လှမ်းလာသော်လည်း ဖူလီက သူ့ထီးဖြင့်ကာလိုက်သည်။ 

သူက တစ်ကိုယ်လုံးချောမွတ်အေးစက်နေကာ အမွေးအမျှင်များကင်းမဲ့သည့် သတ္တဝါဖြစ်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ကြက်သီးထလာစေနိုင်ပေသည်။

မူလပုံစံသို့ အသွင်ပြောင်းသွားပြီး ဖျက်ဆီးမှုများ စတင်ဖန်တီးတော့မည့် မိစ္ဆာတစ်ကောင် ထွက်ပေါ်လာ၍ မြို့ထဲတွင်ရှိသော မိစ္ဆာအားလုံး၏ရင်ထဲတွင် စိုးရိမ်ပူပန်မှုတို့ ဖြစ်တည်လာသည်။ ကျင့်ကြံသူများဆိုင်ရာ စီမံခန့်ခွဲရေးဗျူရိုက တစ်ညလုံး ဤနေရာပတ်ပတ်လည်တွင် ရှာဖွေနေခဲ့ကြခြင်းဖြစ်သည်။ မြို့၏အနောက်ဘက်ခြမ်းမှ ပြင်းထန်သောမိုးရွာသွန်းခြင်းနှင့် မိုးခြိမ်းခြင်း လျှပ်စီးလက်ခြင်းတို့က သဘာဝဖြစ်စဉ်တစ်ခုထက် ကျော်လွန်နေကြောင်း သိလိုက်ကြရသည့်အခါ သူတို့ အသက်ဝဝပင် မရှုနိုင်တော့ပေ။

" မကောင်းတော့ဘူး... ယောင်တွေဘက်က ဇို့ကျောင်းတစ်ကောင်က ဒေါသထွက်ပြီး မကောင်းမှုတွေ ကျူးလွန်တော့မယ်..."

ရှုယွမ်က တွက်ချက်ကြည့်နေပြီးနောက် ပြတင်းပေါက်ဖွင့်ကာ လေးလွှာမှ ခုန်ချသွားတော့သည်။ 

လမ်းကြားလေးထဲတွင် ဖူလီက ထီးကိုကိုင်ထားပြီး မိုးရေစက်တစ်စက်မှ သူ့အပေါ် ကျမနေပေ။ အနက်ရောင်ဇို့ကျောင်းက လူသားပုံစံပြန်ပြောင်းသွားပြီး သူ့နှဖူးထက်တွင်လည်း ဒဏ်ရာတစ်ခုရှိနေသည်။ သူတို့နှစ်ယောက်အကြား မီတာအခန်းငယ်ခန့်ကွာဝေးပြီး မည်သူမှ မလှုပ်ရှားကြပေ။ 

" မင်းကလည်း မိစ္ဆာပဲပေါ့လေ... ငါတို့နှစ်ယောက်လုံးက မိစ္ဆာချင်းအတူတူကို ဘာလို့ငါ့ကို မကူညီတာလဲ..."

ဇို့ကျောင်း၏ မျက်လုံးထဲတွင် ဒေါသရိပ်သန်းနေသည်။

" ငါက ဘာကိစ္စ မင်းကိုကူညီရမှာလဲ..."

ဇို့ကျောင်းတစ်ကောင်မှ နဂါးအဖြစ်သို့ ပြောင်းလဲနိုင်ခြင်းမှာ ကောင်းကင်ဘုံက ပေးအပ်ထားသော အခွင့်အရေးတစ်ခုဖြစ်သည်။ သူက ဖူလီကို ရေစက်ပါသောလူအဖြစ် သတ်မှတ်ခဲ့ပြီး အမည်နာမတစ်ခုပေးရန် ကျရှူံးခဲ့သည်ဟူသော အဓိပ္ပါယ်မှာ ကောင်းကင်ဘုံက သူ့ကို အကူအညီမပေးချင်သည့်သဘောဖြစ်သည်။

" မင်းက လူ့အသွေးအသားတွေနဲ့ တခြားမိစ္ဆာငယ်လေးတွေကို အစာအဖြစ်သုံးတယ်လေ... မင်းလိုကောင်မျိုးက နဂါးတစ်ကောင်ဖြစ်လာဖို့ အခွင့်အရေးမရှိဘူး..."

" အဲဒါက လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကလေ..."

ဇို့ကျောင်းက ဤသို့သောရလဒ်ကို လက်မခံနိုင်သည့်ပုံပေါ်သည်။ 

" တကယ်လို့ ငါအဲ့လူတွေကို မစားရင်တောင်မှ သူတို့က စောစောစီးစီးသေသွားကြမှာပဲလေ... ယောင်လောကမှာ အသက်ရှင်နေနိုင်ဖို့ နည်းလမ်းမျိုးစုံသုံးနေကြတာပဲ ဒီလူတွေကို ငါစားဖို့ထိုက်တန်တယ် ..."

ဤတိုင်းပြည်ကို စတင်တည်ထောင်ချိန်တည်းက  သူက လူသားများကို ထပ်မံမစားသောက်တော့ပေ။ 

သူ့ရဲ့ အစောပိုင်းနှစ်တွေတုန်းက ကိစ္စအဟောင်းတွေကို ပြန်စစ်ဆေးနေတော့ရော ဘာလုပ်ရမှာလဲ...

" ကောင်းကင်ဘုံရဲ့ဥပဒေက အတည်ပဲ... မင်း မကောင်းမှုတွေလုပ်ခဲ့တာ အချိန်အရမ်းကြာပြီ အတိတ်ကာလကအကြောင်းတွေဖြစ်ခဲ့တယ်ဆိုတိုင်း သူက အဲ့အပြစ်တွေကို ဖြေဖျောက်ပေးမှာ မဟုတ်ဘူး..."

ဖူလီက ကောင်းကင်ထက်မှ တလှိမ့်လှိမ့်တက်လာသော တိမ်တိုက်များကို မော့ကြည့်လိုက်သည်။ 

" ထွက်သွားတော့ မင်းက နဂါးတစ်ကောင် ဖြစ်မလာနိုင်တော့ဘူး..."

တကယ်လို့ သူ မထွက်သွားသေးဘူးဆိုရင် သူအကြိုက်ဆုံးပေါက်စီဆိုင်လေးက ပေါက်စီတွေအကုန် ရောင်းထွက်သွားလိမ့်မယ်...

" ဘဝင်မြင့်နေတဲ့မိစ္ဆာကောင်... အရေမရ အဖတ်မရတွေ လျှောက်ပြောမနေနဲ့... ငါ မင်းကို စားပစ်တော့မယ်..."

ဇို့ကျောင်းက သူ့ဒေါသကို မထိန်းနိုင်တော့ပဲ ကြမ်းတမ်းသော သဘာဝအတိုင်း စတင်ပြုမူလာသည်။ 

ဖူလီ သက်ပြင်းချလိုက်သည်။
" မင်းတို့လို မြို့မှာနေတဲ့မိစ္ဆာတွေကို ငါတကယ် နားမလည်နိုင်ဘူး... အတိတ်ကလည်း မင်းကိုသဘောမတူတဲ့ စကားတစ်ခွန်းပြောလိုက်တာနဲ့ မိစ္ဆာတွေကိုသတ်တယ်... အခုလည်း စကားနည်းနည်းပြောကြည့်လို့ သဘောမတူဘူးဆိုတာနဲ့ မိစ္ဆာတစ်ကောင်ကို စားချင်နေတယ်... ငါတို့‌လို ကျေးလက်ကမိစ္ဆာတွေက လောကကြီးကို မမြင်ဖူးဘူးဆိုတာနဲ့ပဲ အနိုင်ကျင့်ဖို့ လုပ်နေတာလား..."

သူက စိတ်ထားကောင်းပြီး ကျိုးကြောင်းဆီလျော်သည်ဟု ဖူလီက တွေးထားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူက အခြားလူများကို အကြောင်းပြချက်မရှိ အနိုင်ကျင့်ခြင်းကိုမူ သူသဘောမကျပေ။ 

ကျေးလက်မှာနေတဲ့မိစ္ဆာတွေလည်း သူတို့အကန့်အသတ်နဲ့သူတို့ရှိတယ် မျက်နှာပျက်တတ်တယ်လေ...

ရှုယွမ်က ကားမောင်းကျွမ်းကျင်သူဖြစ်သည်။ သို့ရာတွင် သူမ မည်မျှပင် ကားမောင်းကျွမ်းစေကာမူ မြို့တော်မှ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အခက်တွေ့နေသည်။ မြို့အနောက်ပိုင်းမှ အခြေအနေက မိနစ်ပိုင်းအတွင်း ပြောင်းလဲသွားနိုင်သောကြောင့် သူမစိတ်ထဲ စိုးရိမ်ပူပန်နေပြီး ထိုနေရာသို့ ဓားပျံစီးပြီး တိုက်ရိုက်မပျံမသွားနိုင်ခြင်းကို မုန်းတီးနေမိသည်။ 

" စိုးရိမ်နေလည်း မထူးဘူး... ရှုကျဲ(အစ်မရှု) မြို့တော်မှာက မိစ္ဆာတွေလည်း များနေတာကို... ဒါပေမဲ့ ရွှေနဂါးကြီးက သူ့ကိုမြင်သွားပြီဆိုတော့ သူလည်း အပြင်ထွက်လာပြီး ပြဿနာရှာရဲဖို့အထိတော့ သတ္တိရှိမယ်မထင်ဘူး..."

" သူက နာမည်တစ်ခုရဖို့ ကျရှုံးသွားပြီဆိုတော့ သူနဲ့ရေစက်ပါတဲ့သူကို သတ်ပစ်ပြီး ဒေါသဖြေပစ်မှာကို ငါလန့်နေတာ..."

ရှုယွမ်က အနောက်ခုံတွင် တိတ်ဆိတ်စွာထိုင်နေသည့် ကျွမ်းချင်ကို လှည့်ကြည့်လိုက်သည်။

" ဘော့စ် အခု ကျွန်မတို့ ဘယ်လိုလုပ်သင့်လဲ..."

ကျွမ်းချင်က မြို့အနောက်ဘက်မှ ကောင်းကင်ယံကို ကြည့်လိုက်သည်။ ထိုနေရာတွင် မိစ္ဆာဓာတ်များစီးဆင်းနေပြီး တိမ်များတလှိမ့်လှိမ့်တက်လာသည်မှာ အချိန်မရွေး မိုးခြိမ်းတော့မည့်ပုံဖြစ်နေသည်။ ဖုန်းထုတ်ပြီး မြို့အနောက်ပိုင်းကို တာဝန်ယူရသော ရဲစခန်းကို ဖုန်းခေါ်လိုက်သည်။

.....

" ရှောင်ဖမ်..."

ခေါင်းဆောင်က အခန်းထဲမှထွက်လာပြီး ပဲနို့သောက်ပြီး ပေါက်စီစားနေသည့် ဖမ်ဟန့်ကို ပြောလာသည်။

" အဖွဲ့တစ်ဖွဲ့ကိုခေါ်ပြီး လမ်းကြားတွေထဲကို ချက်ချင်းသွားရှာပါ... လူသတ်သမားလို့ သံသယရှိသူတစ်ယောက်ကို တွေ့တယ်လို့ လူထုက သတင်းပို့ထားတယ်..."

" လူသတ်သမားတဲလား..."

ဖမ်ဟန့်က ကျန်ရှိနေသောပေါက်စီကို ပါးစပ်ထဲ ထိုးထည့်လိုက်ပြီးနောက် ပါးစပ်ကို လက်ဖမိုးဖြင့်သုတ်လိုက်သည်။ 

" ခေါင်းဆောင် ကျွန်တော့်ကို နောက်နေတာလား..."

ဖြတ်သွားတဲ့လူက လူသတ်သမားဟုတ်မဟုတ် သာမန်မျက်စိနဲ့ကြည့်ပြီး ပြောနိုင်နေကြတာလား... ပြီးတော့ အရေးကြီးဆုံးက သူတို့စခန်းမှာ အခုနောက်ပိုင်း အမှုကြီးတွေပဲ ကိုင်နေရသလိုပဲ...

" ကဲ မဟုတ်တာတွေ ပြောမနေနဲ့တော့ အမြန်သွားစစ်ဆေးလိုက်ဦး..."

နိုင်ငံတော်လုံခြုံရေး‌ဌာနက ဖုန်းခေါ်သည်ဟု ပြော၍မရသောကြောင့် ခေါင်းဆောင်က လူထုကိုသာ လွှဲချလိုက်ခြင်းဖြစ်သည်။ 

ဘာပဲဖြစ်ဖြစ် လူထုလို့ပြောလိုက်‌တော့ အများကြီးကို ကိုယ်စားပြုသလိုဖြစ်သွားတယ်လေ ဘယ်သူမှန်း မသိတော့ဘူးပေါ့...

ဖမ်ဟန့်နှင့် သူ့လုပ်ဖော်ကိုင်ဖက်များက လူသတ်သမားဖြစ်နိုင်သူကိုရှာဖွေရန် နေ‌ရာပေါင်းများစွာကို သွားခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် လမ်းကြားတစ်ခုမှ အသည်းအသန်ပြေးထွက်လာသည့် ခက်ထန်နေသောအမူအရာများနှင့် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ပေသည်။ ခဏတာ တွေးတောပြီးသည့်အခါ သူတို့အားလုံး ထိုနေရာသို့ သွားလိုက်ကြသည်။ 

ထီးကိုင်ဆောင်ထားသော လူငယ်လေးတစ်ယောက်က လမ်းကြားထဲတွင်ရပ်နေပြီး ပန်းကန်လုံးဝခန့် လုံးပတ်ရှိသော မြွေကြီးတစ်ကောင်က သူ့ခြေထောက်နားတွင် ရှိနေသည်။ မြွေက သေသွားသည်လား ဒဏ်ရာရနေသည်လားကို မသိရသော်လည်း ၎င်းက မိုးရေစက်ကြောင့် ဖြစ်ပေါ်လာသောရေအိုင်ထဲတွင် လှုပ်ရှားမှုမရှိပဲ လှဲနေသည်။ 
 
လူငယ်လေးက သူတို့ရောက်လာသည်ကို မြင်သည်နှင့် မြွေကို လက်ညှိုးထိုးပြလိုက်သည်။

" ‌ဒီနားမှာ ဒဏ်ရာရထားတဲ့ ‌စပါးအုံးမြွေကြီးတစ်ကောင်ရှိတယ်... သူ့ကို တိရစ္ဆာန်ရုံ ပို့ရမယ်ထင်တယ်..."

ဖမ်ဟန့်က မလဲကျသွားအောင် နံရံကိုလက်ဖြင့်ထောက်ထားလိုက်ရသည်။

ဖာ့ခ်... ဒီကောင်လေးက ဆေးအတုတွေရောင်းတဲ့ လူလိမ်လေးမလား...



Xxxxx