MM Storyteller
Webnovel Translations
အပိုင်း ၉
Viewers
18k
Chapters
186
Chapter 9
ဆုကြေးငွေ
ကျန်းခယ့်က ဖူလီ့ကို သူ့အား ဝိညာဉ်ရိုက်ကြာပွတ်ငှားခဲ့သော မိစ္ဆာငယ်လေးအဖြစ် မှတ်မိနေခြင်းဖြစ်သည်။ သူက ပျော်ရွှင်စွာဖြင့် လက်တစ်ဖက်ကမ်းလိုက်ပြီး အားပါးတရစကားပြောတော့မည့်အချိန်တွင် ကျွမ်းချင်က သူ့ကိုတားလိုက်သည်။
" ဘော့စ် ဘာလို့..."
ကျန်းခယ့်က ကျွမ်းချင်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ အဘယ့်ကြောင့် သူ အတားခံလိုက်ရသည်ကို ကျန်းခယ့် နားမလည်နိုင်ဖြစ်နေသည်။ ကျွမ်းချင်က သူ့ကိုအာရုံမစိုက်ပဲ မြေပြင်ပေါ်လဲကျနေသည့် ဧရာမ စပါးအုံးမြွေကြီးကိုကြည့်ကာ ဖူလီ့ကိုပြောလိုက်သည်။
" ကူညီပေးတဲ့ ဒီကမိတ်ဆွေကို ကျေးဇူးအများကြီးတင်ပါတယ်..."
" ဒီမှာ ဘာတွေဖြစ်သွားတာလဲ..."
ဖမ်ဟန့်က အစောပိုင်းက အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့၏ဇစ်မြစ်ကို မသိလိုက်သော်လည်း ဆေးအတုဖြင့် လူတစ်ယောက်ကိုကယ်ခဲ့သော လူငယ်လေး ဒုက္ခရောက်နေမည်ကို မသိစိတ်က စိုးရိမ်သွားခဲ့သည်။ သို့ဖြစ်၍ သူ့ ရဲဝန်ထမ်းကတ်ကို ထုတ်လိုက်သည်။
" ဒီမှာ ဘာဖြစ်သွားတယ်ဆိုတာ ကျွန်တော် သိလို့ရမလား..."
" ဟိုတစ်ခါ ရဲဦးလေးကြီးပဲ..."
ဖူလီက သူတို့စကားပြောနေစဉ်အချိန်အတွင်း တစ်ချက်မှာပင်မလှုပ်သည့် အနက်ရောင်စပါးအုံးမြွေကြီးကို လက်ညှိုးထိုးပြလိုက်သည်။
" ကျွန်တော် အလုပ်ဆင်းတဲ့အချိန် ဒီနားကဖြတ်သွားတော့ မြေကြီးပေါ်မှာ မြွေတစ်ကောင်လဲကျနေတာတွေ့လို့...
ဖမ်ဟန့် : ဘယ်သူက မင်းဦးလေးတုန်း...
သူ ခြေလှမ်းအနည်းငယ် ရှေ့တိုးလာပြီးနောက် ဖူလီ၏ဘေးတွင်ရပ်လိုက်သည်။ စပါးအုံးမြွေကြီး၏ တစ်ကိုယ်လုံးက မည်းနက်နေပြီး အမြှီးနှင့် ဝမ်းဗိုက်နေရာများတွင် ဒဏ်ရာများရှိနေသည်။ ဒဏ်ရာများက မီးကျွမ်းသွားသကဲ့သို့ မည်းနက်နေ၍ သူ့ကို မိုးကြိုးပစ်ချသွားပုံရသည်။ ဖမ်ဟန့်က သူ့ဖုန်းကိုအမြန်ထုတ်ပြီး သစ်တောရေးရာဠာနကိုဖုန်းဆက်ကာ လူအနည်းငယ် လွှတ်ပေးလိုက်ရန် အကြောင်းကြားလိုက်သည်။
ဖမ်ဟန့်က ဖုန်းချပြီးသည်နှင့် မနီးမဝေးမှ ကျွမ်းချင်၏အုပ်စုကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးတွန့်ကာ မေးလိုက်သည်။
" ဘယ်သူတွေများလဲမသိ..."
ကျန်းခယ့်နှင့် ရှုယွမ်တို့ အနည်းငယ် အံ့အားသင့်နေကြသည်။ မကောင်းဆိုးဝါးဇို့ကျောင်းမှာ ဤအခြေအနေအထိ မိုးကြိုးပစ်ခံထားရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ၎င်း၏ကျင့်ကြံဆင့်ကလည်း လုံးဝပျောက်ကွယ်သွားသည်။ နောက်ထပ်ရာစုနှစ်အနည်းငယ်ခန့်အထိ ကျင့်ကြံပြီးမှသာ လူအသွင်ပြန်ပြောင်းနိုင်မည့်ပုံပေါ်သည်။
ဒီဇို့ကျောင်းက အတိတ်တုန်းက ဘယ်လောက်တောင် ဆိုးယုတ်တာတွေလုပ်ထားလို့ ဒီလိုအညှာအတားကင်းကင်းနဲ့ မိုးကြိုးပစ်ချခံလိုက်ရပါလိမ့်...
ပြီးတော့ သူတို့ဖမ်းရမယ့်မိစ္ဆာကို သစ်တောရေးရာဌာနက သယ်သွားတော့မယ်ထင်တယ် ဒီကိစ္စကို ဘယ်လိုဖြေရှင်းရတော့မှာလဲ...
ဖူလီက ကျန်းခယ့်ကို လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူက သူ့ကို အထူးဆုချီးမြှင့်ပေးမည်ဟု ကတိပေးထားခဲ့ဖူး၍ ဖမ်ဟန့်ဘက်ကိုလှည့်ပြီး ပြောလိုက်သည်။
" သူတို့က ကျွန်တော့်မိတ်ဆွေတွေပါ... ကျွန်တော် မြွေကြီးတစ်ကောင်နဲ့ တွေ့နေတာကိုသိသွားလို့ ဒီကိုရောက်လာပြီး အပျော်သဘောနဲ့ လာကြည့်တာပါ..."
" အခု မိုးတော်တော်သည်းနေတာလေ... မင်းတို့ အပျော်ကြည့်ချင်တယ်ဆိုရင်တောင် လုံခြုံရေးကို ဂရုစိုက်ကြဦးမှပေါ့..."
ဖမ်ဟန့်က သာမန်အရပ်သားများ၏ ကြံဖန်ပြီးပျော်စရာရှာတတ်ပုံကို ကျင့်သားရနေပြီးဖြစ်သည်။ ကျွမ်းချင်တို့အုပ်စုကို ခဏတာ လက်ချာရိုက်ပြီးသည့်အခါ ဖူလီ့ကို ထပ်ပြောလိုက်သည်။
" သစ်တောရေးရာကလူတွေကို ဒီမှာစောင့်နေလိုက်ဦး ငါဒီနားမှာ ကင်းလှည့်လိုက်ဦးမယ်..."
" ဟုတ်..."
ဖူလီက နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ဖမ်ဟန့်က ဖူလီကို သူ့ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာသည့် ရောဂါဘယပျောက်ဆေးကို အခြားသူများသောက်ရန် မပေးသင့်ကြောင်း အကြံပေးစကားအချို့ပြောချင်သေးသည်။ သို့ရာတွင် ဖူလီ့မိတ်ဆွေများက ဤနေရာတွင် ရှိနေသေး၍ ထိုသို့မလုပ်တော့ပဲ ထိန်းချုပ်ထားလိုက်သည်။ လူငယ်များက သူတို့သူငယ်ချင်းမိတ်ဆွေများရှေ့တွင် ပုံရိပ်ကောင်းကောင်းဖြင့်သာ အမြဲတစေ နေထိုင်လိုကြသည်ဖြစ်ရာ ထိုစကားများကို နောက်မှပြောလျှင်လည်း ဖြစ်ပေသည်။
ဖမ်ဟန့်ထွက်သွားသည့်အခါ လမ်းကြားထဲမှ လေထုအခြေအနေက အနည်းငယ် ကိုးရို့ကားယားဖြစ်သွားသည်။ ကျန်းခယ့်က သူ့မျက်နှာပေါ်မှ မိုးရေစက်များကို သုတ်လိုက်သည်။ သူ့ဘော့စ်က စကားပြောမည့် အရိပ်အယောင်မပြသည့်အခါ ခြောက်ကပ်ကပ်ဖြင့်ရယ်လိုက်ပြီး သူတို့ကို မိတ်ဆက်ပေးလိုက်သည်။
" ဘော့စ် သူက ကျွန်တော့်ကို မိစ္ဆာရိုက်ကြာပွတ်ငှားခဲ့တဲ့ ကျင့်ကြံသူပါ..."
ကျွမ်းချင်က ဖူလီကို စိတ်ဝင်စားသည့်အကြည့်များဖြင့် ကြိမ်ဖန်များစွာကြည့်လိုက်ပြီးမှ သူ့ကို ကျေးဇူးတင်လိုက်သည်။
" ဒီက ကျင့်ကြံသူလေးရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်..."
" ရပါတယ်..."
ဖူလီက စိတ်ထဲမထားဟန်ဖြင့် ခေါင်းခါပြလိုက်သည်။
" ကျွန်တော့်ရဲ့ဆုကြေးငွေကို ဘယ်နေ့ပို့ပေးမှာလဲ..."
" နောက်နှစ်ရက်နေရင် ပို့ပေးပါ့မယ်..."
ကျွမ်းချင်က ရှေ့ကို ခြေလှမ်းအနည်းငယ်ခန့် တိုးလာသည်။ မိုးရေစက်များက သူ့ခန္ဓာကိုယ်ကိုမထိပဲ မြေပြင်ပေါ် တိုက်ရိုက်ကျဆင်းသွားသည်။ သူ့အဝတ်အစားတွင်လည်း ရေတစ်စက်မှ မစိုနေပေ။ သူ့ခြေချောင်းများကလည်း ရှည်သွယ်သွယ်ဖြစ်၍ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရုံဖြင့် ဖူလီ့အနားကိုရောက်လာသည်။
" ငါ မင်းအတွက် ငွေတောင်းခံလွှာ ရေးပေးပါ့မယ်..."
လူသားအဖြစ်အသွင်ပြောင်းရန် အားထုတ်ခဲ့ရမှုကြောင့် ဖူလီ၏ကိုယ်ပေါ်မှ မိစ္ဆာဓာတ်က အားနည်းနေပုံပေါ်သည်။ ဤကဲ့သို့ ကျင့်ကြံဆင့်နိမ့်သောမိစ္ဆာများအတွက်မူ ကောင်းကင်ဘုံက ကောင်းချီးပေးထားသောကြောင့် တစ်ယောက်ယောက်က သူတို့မည်သူမည်ဝါဖြစ်ကြောင်း မဖော်ထုတ်ပါက လူသားကျင့်ကြံသူများ၏မျက်လုံးထဲတွင်မူ သူတို့ကိုသာမန်လူများဟု သတ်မှတ်သွားနိုင်ပေသည်။ လူသားများနှင့် မိစ္ဆာများ အတူယှဉ်တွဲမနေထိုင်မီ အစောပိုင်းနှစ်များတွင်မူ ဤကဲ့သို့သောမိစ္ဆာမျိုးများက စည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်ကာ ထွက်ပြေးသွားပြီး လူသားများအကြား ပုန်းကွယ်နေထိုင်ကြပြီး သူတို့ဘဝကို အေးချမ်းစွာ ဖြတ်သန်းကြပေသည်။
ယခုလက်ရှိ ကျင့်ကြံခြင်းလောကတွင် လူသားများနှင့် မိစ္ဆာများက စည်းချက်ညီစွာဖြင့် ယှဉ်တွဲနေထိုင်နေပြီဖြစ်သော်လည်း ဖူလီကဲ့သို့ ကောင်းကင်ဘုံစည်းမျဉ်းများကို ကျော်လွန်နေသောတည်ရှိမှုများက အလွန်အမင်း ရှားပါးနေဆဲဖြစ်သည်။ ကျွမ်းချင်သည်ပင် တစ်ဖက်လူထံမှ မိစ္ဆာဓာတ်ကို အာရုံခံမိရုံမျှသာဖြစ်၍ ထိုအခါမှသာ တစ်ဖက်လူက လူသားမဟုတ်ပဲ မိစ္ဆာဖြစ်နေကြောင်း သေချာသွားခြင်းဖြစ်သည်။
ကျင့်ကြံဆင့်မရှိတော့သည့် အနက်ရောင်စပါးအုံးမြွေကြီးက သာမန်မြွေတစ်ကောင်နှင့် ထူးမခြားနားဖြစ်သည်။ ကျွမ်းချင်က မြွေကို နှစ်ကြိမ်ခန့်ကြည့်ပြီးနောက် စိတ်ဝင်စားမှုကင်းမဲ့သွားကာ ဖူလီ့ဘက် ပြန်လှည့်သွားသည်။ ဖူလီက သူ့ထီးကို နောက်လှန်လိုက်သည့်အခါ သူ၏ကြည်လင်လှသောမျက်ဝန်းက မျက်ဝန်းနက်တစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။ ထိုလူ၏ မျက်ဆံနက်များက ကြယ်ရောင်လရောင်မရှိသော ညအချိန်ကိုပင် အမှတ်ရသွားစေနိုင်သည်။
" ဒါက မကောင်းဆိုးဝါးဇို့ကျောင်းပဲ... မင်း ဒီကိုရောက်တဲ့အချိန် ဒီနေရာမှာ လဲကျနေတာလား..."
ကျွမ်းချင် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ တိုက်ခိုက်ထားသော အရိပ်အယောင်လည်း မတွေ့ရပေ။
" ကျွန်တော်ရောက်လာတုန်းကတော့ သူက လူသားပုံစံပဲရှိသေးတာ... သူ ကျွန်တော့်ကို စားပစ်မယ်လို့လည်းပြောပြီးကော မိုးကြိုးပစ်ခံလိုက်ရတာပဲ..."
ဖူလီက ရိုးသားစွာဖြင့် ပြောပြလိုက်သည်။
ထိုစကားကိုကြားသည့်အခါ ဘေးနားတွင်ရပ်နေသောကျန်းခယ့်က စိတ်ဂနာမငြိမ်ဖြစ်သွားပုံရသည်။
" မင်း အဆင်ပြေရဲ့လား..."
ထိုလူက သူ၏အသက်သခင်ကျေးဇူးရှင်ဖြစ်၍ ဇို့ကျောင်း၏လက်ထဲတွင် အစားခံရလုမတတ်ဖြစ်သွားသည်ကို တွေးကြည့်လိုက်မိသောအခါ ဇောချွေးများမပြန်ပဲ မနေနိုင်တော့ပေ။
" သူကဘာလို့ မင်းကိုစားချင်ရတာလဲ..."
" မနေ့ညက မိုးတွေအရမ်းသည်းနေတော့ နဂါးတွေ ကောင်းကင်ပေါ်တက်သွားတာလား မသိဘူးလို့မေးတော့ ကျွန်တော်တို့က သိပ္ပံခေတ်ကြီးထဲမှာ နေနေလို့ နဂါးတွေ ကောင်းကင်ပေါ်တက်သွားတယ်ဆိုတာမျိုး မရှိပါဘူးလို့ ဖြေလိုက်မိတယ်..."
ကျန်းခယ့်မှာ တစ်ခဏတာခန့် ဘာပြောရမည်မသိ ဖြစ်သွားသည်။ ဇို့ကျောင်းများက နဂါးဖြစ်လာရန် လူသားများကို ထိုမေးခွန်းများ မေးတတ်ပေသည်။ ဤဇို့ကျောင်းက မျက်လုံးမကောင်းပုံပေါ်သည်။ ဟိုဟိုသည်သည်တွင် အခြားလူများကို ရှာပြီးသည့်နောက်တွင်မှ မိစ္ဆာတစ်ကောင်ကို ဤမေးခွန်းမေးမိသွားသည်။ အကယ်၍ ဖူလီက ကောင်းကင်ပေါ် နဂါးများတက်သွားသည်ဟု ဖြေလိုက်ပါကလည်း သူ နဂါးအဖြစ် အသွင်ပြောင်းနိုင်မည်မဟုတ်ပေ။
ဖူလီက အလွန်ရိုးသားလှသည်။
နဂါးတွေ ကောင်းကင်ပေါ် တက်သွားတယ်လို့ ဖြေလိုက်ရင်ရော ဘာဖြစ်မှာမို့လဲ ဘယ်လိုပဲဖြစ်ဖြစ် တကယ်ဖြစ်လာမှာလည်း မဟုတ်ဘူးလေ...
သူက ငယ်ရွယ်သော လူသားကျင့်ကြံသူဖြစ်၍ ဤမိစ္ဆာများ၏ စိတ်အခြေအနေကို နားမလည်နိုင်ပေ။
" မင်းပြောတာမှန်တယ် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း နဂါးအဖြစ်အသွင်ပြောင်းသွားတဲ့ ဇို့ကျောင်းတစ်ကောင်မှ မရှိခဲ့ဘူး..."
နဂါးများအကြောင်းပြောသည့်အချိန်တွင် ကျွမ်းချင်၏လေသံက ခပ်ပြတ်ပြတ်ဖြစ်နေသည်မှာ ဤမျိုးနွယ်စုက သူနှင့် မသက်ဆိုင်ဟုပင် ထင်ရသည်။
" ဒီစပါးအုံးမြွေနက်ကြီးက ဘာမှ အသုံးမဝင်တော့ဘူး သူ့ကို တိရစ္ဆာန်ရုံပို့လိုက်ရင်တော့ အကောင်းဆုံးပဲ..."
ရှုယွမ် နှာချေလိုက်မိသည်။ နှစ်တစ်ထောင်ကျင့်ကြံခဲ့သော ဤမိစ္ဆာက သူ၏ ကျင့်ကြံဆင့်များအားလုံး ကုန်ခမ်းသွားရုံသာမက အသိဉာဏ်မရှိသော သတ္တဝါသဖွယ် ဆက်ဆံခံရတော့မည်ဖြစ်သည်။ ၎င်းက ခန္ဓာကိုယ်နှင့် စိတ်နှလုံးသားကိုပါ ထိခိုက်ဖွယ်ရာပင်။
" သူ ရှိနေရင် တိရစ္ဆာန်ရုံတောင် ဝင်ငွေပိုတိုးလာဦးမယ်..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။ လူသားများကို စိတ်ပျော်ရွှင်စေခြင်းကြောင့် သူအတိတ်က ပြုလုပ်ခဲ့သောပြစ်မှုများကို အနည်းငယ် ကြေသွားစေနိုင်ပေသည်။
မြေပြင်ပေါ်လဲကျနေသည့် အနက်ရောင်ဇို့ကျောင်းက တဖြည်းဖြည်းခေါင်းထောင်လာသည်။ သူတို့၏ ပင်ကိုဗီဇအရ နဂါးမျိုးနွယ်စုကို ရိုသေလေးစားရခြင်းဖြစ်၍ ကျွမ်းချင်၏တည်ရှိမှုကို အာရုံခံမိသည့်အခါ ခေါင်းလုံးဝထောင်မလာရဲပဲ ထွက်ပြုနေသောလျှာနှစ်ခွကလည်း ပါးစပ်ထဲ ပြန်ဝင်သွားသည်။
" ကြည့်ရတာ သူ သေတော့မသေသေးဘူးပဲ..."
ဖူလီက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဘေးနားမှ သစ်ကိုင်းခြောက်ကိုကောက်ကာ မြွေခေါင်းကို ထိကြည့်လိုက်သည်။
" တိရစ္ဆာန်ရုံရောက်ရင် ကောင်းကောင်းနေ... အဲဒါမှအစာကောင်းကောင်းစားရပြီး နေစရာကောင်းကောင်းနဲ့ နေရမှာ..."
နောက်ကြောင်းမကောင်းသော အနက်ရောင်ဇို့ကျောင်းမှာ လုံးဝမတုံ့ပြန်လာတော့၍ ဖူလီက သစ်ကိုင်းဖြင့် ဟိုထိုးသည်ထိုး ထိုးကြည့်နေသည်။
သစ်တောရေးရာဠာနမှလူများ အလျင်အမြန် ရောက်လာသည့်အခါ စပါးအုံးမြွေနက်ကြီးက အသက်ရှင်သေးကြောင်း အတည်ပြုလိုက်ကြသည်။ ၎င်းက တစ်တိုင်းပြည်လုံးတွင် အကာအကွယ်ပေးရမည့်တိရစ္ဆာန်စာရင်းတွင် နံပါတ်တစ်နေရာ၌ ပါနေ၍ ဖူလီ၊ ကျွမ်းချင်နှင့် အခြားလူများမှာ ဆုချီးမြှင့်ခံရသည်။ သူတို့က စပါးအုံးမြွေကြီးကိုခေါ်ပြီး မထွက်သွားမီတွင် ဖူလီတို့အုပ်စုနှင့်အတူ အမှတ်တရဓာတ်ပုံပါ ရိုက်သွားခဲ့သည်။
နှစ်ရက်ခန့်အကြာတွင် မြို့တော်၏သစ်တောရေးရာဗျူရိုက ဝေ့ပေါ်တွင် ပိုစ့်တစ်ခု တင်ခဲ့သည်။ ပို့စ်နှင့်အတူ ပုံနှစ်ပုံပါ တွဲလျက်ပါရှိသည်။ တစ်ပုံက နွေးထွေးပျူငှာသော ဖြတ်သွားဖြတ်လာတစ်အုပ်စုနှင့် အခြားတစ်ပုံက ဖန်လှောင်အိမ်ထဲရောက်သွားသည့် စပါးအုံးမြွေနက်ကြီးတစ်ကောင်ဖြစ်သည်။ သို့ရာတွင် သစ်တောရေးရာဗျူရိုက ပရိသတ်များစွာမရှိ၍ သူတို့ဝန်ထမ်းများမှ ပေးသော likeများသာဖြစ်ပြီး အခြားလူများက forward လုပ်ခြင်း commentရေးခြင်းတို့ မရှိပေ။
ဖူလီမှာ သူ့ကိုမြို့ တော်သစ်တောရေးရာဗျူရိုက ကျေးဇူးတင်ထားသည်ကို မသိပေ။ ကျင့်ကြံသူလောက စီမံခန့်ခွဲရေးဗျူရိုရုံးသို့ရောက်ရန် အမျာသုံးယာဉ်သုံးဆင့်ခန့်စီးလိုက်ရပေသည်။ သို့ရာတွင် အဆောက်အဦးအပြင်ဘက်တွင် ချိတ်ထားသောဆိုင်းဘုတ်မှာ ချန်လုံဇီဝနည်းပညာသုတေသနကုမ္ပဏီဟူ၍ ဖြစ်နေသည်။ ဆိုင်းဘုတ်က အရောင်တလက်လက်တောက်နေပေသည်။ အဆောက်အဦး၏ အရှေ့ဘက်မှ မှန်များက နေရောင်ကို ရောင်ပြန်ဟပ်နေ၍ တောက်ပနေသည်။
ဝင်ပေါက်တွင်ရပ်နေသော ခန္ဓာကိုယ်တောင့်တောင့် လူငယ်နှစ်ယောက်က သာမန်လူဟု ထင်ရသော်လည်း ဖူလီတစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့က ပင်လယ်ပုစွန်နှင့် ဂဏန်းဖြစ်ကြောင်း သိလိုက်သည်။
အိမ်မက်ရှိသူတိုင်းက ထူးခြားဆန်းကြယ်လွန်းသည်ဟု ဆိုနိုင်ပေသည်။
ပင်လယ်ပုစွန်ရဲ့ လူသားပုံစံက အရပ်ပုပု ပိန်ပိန်သေးသေးလို့ ဘယ်သူပြောလဲ...
အဆောက်အဦးထဲ ဝင်လာပြီးသည့်နောက် လမ်းတစ်လျှောက်တွင် လူအနည်းငယ်ကိုတွေ့ခဲ့သည်။ ထိုလူများအနက် မိစ္ဆာအချို့နှင့် လူသားကျင့်ကြံသူများ ပါဝင်ပေသည်။ ဖူလီက ဗျူရို၏ ငွေတောင်းခံစာကိုရရှိထားပြီးဖြစ်၍ ချန်လုံဇီဝနည်းပညာသုတေသနကုမ္ပဏီ၏ ဘဏ္ဍာရေးဌာနကို အခက်အခဲမရှိ ရှာတွေ့သွားသည်။
ဤငွေတောင်းခံစာဖြင့် ဘဏ္ဍာရေးဌာနတွင် ဆုငွေထုတ်ယူနိုင်ကြောင်း လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူနှင့်တွေ့ခဲ့သည့် သွေးနှောနဂါးက ပြောခဲ့ပေသည်။
ယောင်လောကတွင် သူတို့မျိုးဆက်၏ သန့်စင်မှုကို အလွန်အလေးထားကြပေသည်။ လွန်ခဲ့သောရက်ကတွေ့ခဲ့သည့် လူတစ်ပိုင်း နဂါးတစ်ပိုင်းများကိုမူ မကြိုဆိုကြပေ။ ထိုအကြောင်းကိုတွေးခဲ့မိသည့်အခါ ဖူလီစိတ်မကောင်းဖြစ်သွားသည်။ ထိုသွေးနှောနဂါးက ယခုခေတ်ကျင့်ကြံရေးလောကတွင် ခေါင်းဆောင်ငယ်တစ်ယောက်ဖြစ်လာအောင် မနည်းကြိုးစားအားထုတ်ခဲ့ရပုံပေါ်သည်။
ဘဏ္ဍာရေးဌာနမှ ဝန်ထမ်းများက စာရင်းအင်းပညာကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာထားသော လူသားကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ကျင့်ကြံဆင့်က မမြင့်သော်လည်း ငွေစာရင်းများကိ စီမံခန်ခွဲပြီး ကိုင်တွယ်နိုင်ပုံက အထင်ကြီးစရာကောင်းလှသည်။ သို့ဖြစ်၍ သူတို့အားလုံးက စီမံခန့်ခွဲရေးဗျူရိအတွင်းတွင် အလွန်လေးစားခံရသည်။ ဖူလီဝင်လာသည်ကိုတွေ့သည်နှင့် သူတို့က သာမန်ကာလျှံကာ မေးခွန်းအချို့သာမေးနေသည်။ သို့ရာတွင် ငွေတောင်းခံစာပေါ်မှ လက်မှတ်နာမည်ကို မြင်သည့်အခါ သူတို့အားလုံး ခါးမတ်မတ်ထိုင်ပြီး အာရုံစိုက်လိုက်ကြသည်။
" ဘော့စ်က အထူးတလည်ရေးပေးလိုက်တဲ့ ဆုကြေးငွေလား..."
ဘဏ္ဍာရေးဌာနမှ ဝန်ထမ်းAက ဖူလီ့အတွက် ရေနွေးတစ်ခွက်ခပ်လာပေးသည်။
" ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ... ကျွန်တော်တို့ ဆုကြေးငွေကို အခုပဲထုတ်ပေးလိုက်ပါ့မယ်..."
ဖူလီက သူ့ရှေ့မှ အငွေ့တထောင်းထောင်းနှင့် ရေနွေးကို ကြည့်နေလျက် ထိုအချိန်မှသာ လွန်ခဲ့သောနှစ်ရက်က သူ့ကို လက်မှတ်ထိုးပေးခဲ့သော သွေးနှောနဂါးက ဤနေရာ၏ဘော့စ်ဖြစ်ကြောင်း သိလိုက်ရသည်။ သူ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သောအခါ ဘဏ္ဍာရေးဌာန၏ ခေတ်မီပရိဘောဂများကိုမြင်ပြီး စိတ်ထဲတွင် အနည်းငယ် မနာလိုဖြစ်လာမိသည်။
သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်ပြီး လူသားအိမ်များတွင် သတင်းကြည့်ရန် သွားခဲ့စဉ်အချိန်က ရုံးတွင်အလုပ်လုပ်ရသောလူများက ထိပ်တန်းအဆင့် အရည်အချင်းရှိသူများဖြစ်ကြောင်း ကြားခဲ့ဖူးသည်။ ငယ်ရွယ်သောလူသားအများစုက အစိုးရဝန်ထမ်းဖြစ်လာရန်အတွက် သွေး၊ ချွေးနှင့် မျက်ရည်များကိုရင်းပြီး ကြိုးစားကြသည်။ သူတို့က ရှေးယခင်အချိန် နန်းတွင်းစာမေးပွဲ ဝင်ဖြေခဲ့သော ပညာရှင်များထက်ပို၍ ကြိုးစားရပေသည်။
ဖူလီကိုဧည့်ခံနေသောဝန်ထမ်းလေးက သူ ငြိမ်နေသည်ကိုမြင်၍ ဖော်ရွေစွာဖြင့် ပြုံးပြလိုက်သည်။
" ကျွန်တော်ဆို့ဘော့စ်က လွှတ်လိုက်တာကို ခုနတုန်းက မသိလိုက်ကြလို့ပါ တကယ်လို့ ကျွန်တော်တို့ဘက်က တစ်ခုအမှားလုပ်မိရင် ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့..."
ဖူလီက သူ့ကို ခဏတာ စိုက်ကြည့်နေပြီးမှ ဆိုလိုချင်သည့်အရာကို သဘောပေါက်သွားသည်။ သို့ရာတွင် သူက ထိုသို့သော အသေးအဖွဲကိစ္စများကို စိတ်ထဲထားတတ်သူမဟုတ်ပေ။ အတိတ်တွင် ဆွေးနွေးညှိနှိုင်း၍ မရခဲ့သောကိစ္စများရှိခဲ့စဉ်က ဤထက်ပိုဆိုးသောကိစ္စများကို ကြုံတွေ့ခဲ့ရဖူးပေသည်။ သူ့ကို သူတို့ဘက်မှ ဆုကြေးငွေပေးသရွေ့ အခြားသောကိစ္စများကို မသိချင်ယောင်ဆောင်နိုင်ပေသည်။
ဆုကြေးငွေကို ထိုဝန်ထမ်းလေးက အမြန်လာပေးသည်။ ဆုကြေးငွေအပြင် ' ထူးချွန်ပြီး ကြင်နာတတ်သောယောင် ' ဟူသည့်စာလုံးများရေးထားသော လက်မှတ်နှင့် စန္ဒကူးဘူး၊ မိစ္တာရိုက်ကြာပွတ်ပါသော သစ်သားဘူးအနက်ရောင်တို့လည်း ပါဝင်ပေသည်။
ဖူလီ စန္ဒကူးဘူးကို ဖွင့်ကြည့်သည့်အခါ ဝိညာဉ်ချီဓာတ်ထုတ်လွှတ်နေသော ဆေးလုံးတစ်လုံးပါသည်ကို မြင်လိုက်ရသည်။
" ဒါက ဝိညာဉ်ကျင့်ကြံရေးဆေးလုံးပါ ကိုယ်နဲ့မကွာဆောင်ထားသင့်ပါတယ်..."
ဝန်ထမ်းလေးက မနာလိုဖြစ်နေမိသည်။ ၎င်းက သူ၏ တစ်နှစ်စာဝင်ငွေဖြင့်ပင် ဝိညာဉ်ကျင့်ကြံရေးဆေးလုံးကို ဝယ်ရန် မလုံလောက်ပေ။
ဖူလီက အနည်းငယ်သင်္ကာမကင်းဖြစ်သွားပြီး ဆေးလုံးကို ဘူးထဲ ပြန်ထည့်ထားလိုက်သည်။
ဝိညာဉ်ကျင့်ကြံရေးဆေးလုံးဆိုတာ ဘာလဲ... ဝိညာဉ်စုစည်းဆေးလုံးကို မီးနဲ့သန့်စင်နေတုန်း ကျရှုံးသွားတဲ့ ထုတ်ကုန်လား...
အခုခေတ် ကျင့်ကြံရေးလောကက တော်တော်ကပ်စေးနဲလာကြတာပဲ... သန့်စင်တာ ကျရှုံးသွားတဲ့ ဒီလိုဆေးလုံးတွေကိုတောင် ဆုအဖြစ်ပေးနေပြီ...
ဖူလီက ဝိညာဉ်ရိုက်ကြာပွတ်နှင့် ဝိညာဉ်ကျင့်ကြံရေးဆေးလုံးကို အိတ်ထဲ ဂရုတစိုက်ထည့်လိုက်ပြီးသည့်နောက် ဆုကြေးငွေပါသောစာအိတ်ကိုတစ်ချက်ကြည့်ကာ ကျေးဇူးတင်စကားပြောပြီး ပြုံးပြလိုက်သည်။ သူ ငွေနှင့် လက်မှတ်ကို သေချာသိမ်းပြီးမှ ဘဏ္ဍာရေးဌာနရုံးခန်းထဲမှ ထွက်လာလိုက်သည်။
သူ ဝင်ပေါက်ကိုရောက်သည်နှင့် ကျွမ်းချင်က သူရှိရာသို့ တည့်တည့်လျှောက်လာသည်အား မြင်လိုက်ရသည်။
သူ ခဏတွေးလိုက်ပြီးနောက် ခြေလှမ်းခပ်မြန်မြန်လှမ်းရန် ဆုံးဖြတ်လိုက်သည်။
Xxxxx
Prev
Next
Welcome To MM Storyteller
LOGIN
Email Address
Password
Remember Me
Forgot your password?
Log In
OR
Don't have an account?
REGISTER
Welcome To MM Storyteller
REGISTER
Username
Email Address
Password
Register
OR
Already have an account?
LOGIN