အပိုင်း ၁၀
Viewers 18k


Chapter 10
အရှက်မဲ့မှု


" ဖူကျင့်ကြံသူ..."

ကျွမ်းချင်က ဖူလီ့ကို အထင်ကြီးနေဆဲဖြစ်သည်။ ကောင်းကင်ဘုံ၏ဆန္ဒအရ လူသားအဖြစ် အသွင်ပြောင်းနိုင်ပြီး ‌မိစ္ဆာရိုက်ကြာပွတ်ကို ကိုင်နိုင်သူက ကောင်းကင်ဘုံ၏ချစ်ခင်ခြင်းခံရသူဟု ဆိုနိုင်ပေသည်။ ကောင်းကင်ဘုံ၏စည်းမျဉ်းက လူသားများကိုသာ အမြဲ မျက်နှာသာပေးလေ့ရှိသည်။ လူသားများနှင့်ယှဉ်ပါက မိစ္ဆာများမှာ လူသားများနှင့်အတူ ရှိနေသော ထုတ်ကုန်တစ်ခုဟုပင် ယူဆနိုင်ပေသည်။ သို့ဖြစ်၍ လူသားကျင့်ကြံသူများနှင့်ယှဉ်ပါက သူတို့၏ကံကြမ္မာနှင့် ဘဝက ပို၍ သနားစရာကောင်းပေသည်။

သို့ရာတွင် ဤဖူလီဆိုသောကောင်လေးက မိစ္တာများအကြားတွင် ပုံမှန်မဟုတ်သော တည်ရှိမှုတစ်ခုဟု ဆိုရပေမည်။ 

" ကျွမ်းကျင့်ကြံသူ..."

ဖူလီက ပြုံးပြလိုက်သည်။ 

" ဆုကြေးငွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်..."

ဝိညာဉ်ကျင့်ကြံရေးကျည်ဆန်က သူ့အတွက် အသုံးမဝင်သော်လည်း ဆုကြေးငွေက သူ့လုပ်အားခ နှစ်လစာခန့် ရှိပေသည်။ 

" ကျေးဇူးတင်စရာ မလိုပါဘူး... ဒါက တိုင်းပြည်ဘဏ္ဍာထဲက ရံပုံငွေတွေလေ ငါ့ရဲ့ငွေတွေမဟုတ်ဘူး... မင်း အဲ့တုန်းက မကူညီခဲ့ဘူးဆိုရင် ငါ့ရဲ့အသင်းဖော်က ကျူးယန်ဆီမှာ အသက်ဆုံးရှုံးသွားခဲ့လောက်ပြီ..."

ကျွမ်းချင်က အလွန်တည်ငြိမ်နေသည်။ 

" ဒါက သဟဇာတဖြစ်အောင်နေရတဲ့ပတ်ဝန်းကျင်ပဲဆိုတော့ အခက်အခဲတွေ့နေချိန်တစ်ယောက်ကိုတစ်ယောက် ကူညီသင့်ပါတယ်..."

ဖူလီက သူ့ကျောပိုးအိတ်ကို ပြန်ဆွဲလိုက်သည်။ 
" ကျွန်တော် သွားပြီနော်..."

ကျွမ်းချင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ဘေးကပ်ပြီး ဖယ်ပေးလိုက်သည်။ ဖူလီ အပေါ်ထပ်သို့ ပြန်တက်တော့မည့်အချိန်မှာပင် ဖူလီ့ကိုလှမ်းတားလိုက်သည်။

" ဖူကျင့်ကြံသူရဲ့ ‌မိစ္ဆာရိုက်ကြာပွတ်အကြောင်း တခြားသူတွေ မသိပါစေနဲ့..."

ဤကဲ့သို့သော စွမ်းအာကြီးသည့် မှော်ပစ္စည်းမျိုးက ‌ကျင့်ကြံခြင်းလောကတွင် ညှို့ယူဖမ်းစားနိုင်သည့်အရာမျိုးဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က ဤရတနာကို လုယူလိုပါက ဖူလီဟူသောမိစ္ဆာငယ်လေးက ကာကွယ်နိုင်မည်မဟုတ်ပေ။ 

" ဒီဟာကိုပြောတာလား..."

ဖူလီက ကျွမ်းချင်ကို မိစ္ဆာရိုက်ကြာပွတ်ကို ထုတ်ပြကာ ခဏတာ လေးလေးနက်နက်တွေးတောနေလိုက်သည်။ 

" ခင်ဗျားယူထားလိုက်..."

ကျွမ်းချင်မှာ ဖူလီဆိုလိုချင်သည်ကို သဘောမပေါက်၍ မျက်ခုံးများ တွန့်ချိုးသွားရသည်။ 

" ကျွန်တော် မြို့ထဲ မဝင်လာခင် မိစ္ဆာတစ်ယောက်ဆီကနေ ကြားခဲ့တာ ခင်ဗျားတို့ဗျူရိုက ကျင့်ကြံခြင်းလောကမှာ တရားစီရင်ပေးတဲ့လုပ်ငန်းတွေ လုပ်တာတဲ့... ဒီမိစ္ဆာရိုက်ကြာပွတ်ကို ကျွန်တော်နဲ့ ထပ်ကြပ်မခွာသယ်သွားရင်တောင်မှ သုံးစရာအကြောင်း သိပ်မရှိဘူး... အဲဒါကြောင့်မို့ ခင်ဗျားကိုပေးလိုက်ရင် ပိုကောင်းကောင်းအသုံးချမယ်ထင်လို့ပါ..."

ဖူလီက ကြာပွတ်ကို ကျွမ်းချင်၏လက်ထဲ ထည့်ပေးလိုက်သည်။ 

" ဒီလောကမှာ အရင်ကထက်စာရင်တော့ ကိုယ်ကျင့်တရားတွေ ပိုကောင်းလာကြပါပြီ ဒါပေမဲ့ မကောင်းတဲ့လူသားတွေနဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေကတော့ ဘယ်တော့မှ ပျက်သုဉ်းသွားမှာ မဟုတ်ဘူး..."

ဤသွေးနှောနဂါးအတွက်လည်း ယခုကဲ့သို့ မြင့်မားသောနေရာတစ်ခုကို ရခဲ့ရန်က လွယ်ကူသည့်ပုံမပေါ်ပေ။ သူ့ကို ဆုကြေးငွေပမာဏများစွာ ပေးထားခဲ့ခြင်းဖြစ်၍ သူ့ဘက်ကလည်း အခြားသူများကို အကူအညီပေးနိုင်စေရန် ကြာပွတ်ကို ပြန်ပေးသင့်ပေသည်။

" ငါ မလိုပါဘူး..."

ဤမိစ္ဆာလေး၏ တွေးခေါ်ပုံကို ကျွမ်းချင် အနည်းငယ် နားမလည်နိုင်ပေ။ သူက အလွန်ဆင်းရဲလွန်းသောကြောင့် ပလတ်စတစ်ရေဘူးများကို ပြန်ရောင်းစားနေရသော်လည်း ဤသို့သော အဖိုးဖြတ်မရသည့်မှော်လက်နက်ကို သူ့အား အလွယ်တကူ ပေးပစ်နေသည်။ 
သူ ဦးနှောက်ရောကောင်းရဲ့လား...

[ ဆေးရုံရှေ့မှာတည်းက မြင်ဖူးတာကို နောက်တစ်ကြိမ် ထပ်တွေ့တော့ မှတ်မိနေတာပေါ့လေ (⁠☞⁠ ‌⁠°⁠ ‌⁠ʖ⁠ ‌⁠°⁠)⁠☞ ]

" ခင်ဗျားမလိုရင်လည်း တခြားအဖွဲ့သားတွေသုံးဖို့ ပေးလိုက်ပါ..."

ဤသွေးနှောနဂါးက အနည်းငယ် နှေးကွေးလှသည်ဟု ဖူလီထင်နေမိသည်။ 

သူ့ရဲ့လက်အောက်ငယ်သားတွေကို ဘာအကျိုး ကျေးဇူးမှမပေးပဲ သူ့နေရာက မြဲမယ်တဲ့လား...

သူ လွန်ခဲ့သော နှစ်ရာပေါင်းများစွာခန့်က နေထိုင်ခဲ့သည့်တောင်ပေါ်တွင် ဝက်မိစ္ဆာတစ်ကောင်က တောင်ဘုရင်ဖြစ်သည်။ ထိုဝက်မိစ္ဆာ ဘုရင်ဖြစ်လာပြီးသည့်နောက်တွင် တောင်တစ်ခုလုံးကို သောက်စရာများစွာပေးကမ်းပီး ရက်အနည်းငယ်အထိ သိုးသားများ စားစေခဲ့သည်။ 

" ယူထားလိုက်ပါ..."

သွေးနှောနဂါးက ဤနေရာအထိ တက်လှမ်းလာနိုင်ရန် သိသာထင်ရှားစွာ အားထုတ်ကြိုးပမ်းခဲ့ရမည်ဖြစ်သည်။ ဖူလီက ဤသို့သောစွမ်းအင်နှင့် ဖျတ်လတ်တက်ကြွမှုရှိသည့် မိစ္ဆာမျိုးကို လေးစားပေသည်။

ကျွမ်းချင်က မိစ္ဆာရိုက်ကြာပွတ်ကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် သူ့ခေါင်းမှ ဆံပင်မွေးနှစ်မွေးကို ဆွဲနှုတ်လိုက်သည်။ ဆံပင်များက သူ့လက်ပေါ်ရောက်သည်နှင့် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည် နဂါးမုတ်ဆိတ်မွေးများအဖြစ် ပြောင်းလဲသွားသည်။ ထိုနဂါးမုတ်ဆိတ်များက ဖူလီ့ကိုယ်ပေါ်ပျံသန်းသွားပြီးနောက် အရိပ်အယောင်ပင် မမြင်ရတော့ပဲ ပျောက်သွားသည်။

ဖူလီက သူ့ကိုယ်‌ပေါ်တွင် ကပ်တွယ်သွားသည့် နဂါးချီဓာတ်ကို ရေးတေးတေးခံစားနေရသည်။ ၄င်းက အလွန်မသိသာလှသော အသက်ဓာတ်လက်တစ်ဆုပ်စာခန့်ဖြစ်သည်။ သူ ထိုနဂါး၏ကျင့်ကြံဆင့်ကို မခန့်မှန်းနိုင်တော့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ ဤသွေးနှောနဂါးက ကျင့်ကြံခြင်းလောကတွင် ခေါင်းဆောင်ရာထူးကို ရထားရုံသာမက  တိုင်းပြည်၏ ကံကြမ္မာနှင့်ပါ တိတ်တဆိတ် ပေါင်းစည်းထားပုံပေါ်သည်။

ကျွမ်းချင်က ဉာဏ်နီဉာဏ်နက်များသော နဂါးတစ်ကောင်ဖြစ်ကြောင်း သူ သဘောမပေါက်သေးပေ။

လူသားများကို ကောင်းကင်ဘုံကချစ်ခင်ပြီး သူတို့က သက်ရှိအရာအားလုံး၏ ခေါင်းဆောင်လည်းဖြစ်သည်။  သို့ဖြစ်၍ လူသားကျင့်ကြံသူဖြစ်စေ မိစ္ဆာကျင့်ကြံသူဖြစ်စေ လူသားများ၏ အသိမှတ်ပြုမှုနှင့် ကိုးကွယ်မှူကို ရရှိပါက ကျင့်ကြံဆင့်က များစွာတိုးတက်သွားနိုင်ပေသည်။ သို့ရာ‌တွင် လွန်ခဲ့သော နှစ်ငါးထောင်အတွင်းတွင် တိုင်းပြည်၏ကံကြမ္မာထံမှ အသိအမှတ်ပြုမှုကို ရရှိထားသူက အနည်းငယ်မျှပင် မရှိချေ။ အကယ်၍ ဤကဲ့သို့ အဖြစ်အပျက်ကြီး ပေါ်ပေါက်လာပါက နဂါးမျိုးနွယ်က သွေးချောင်းစီးသည်အထိ တိုက်ခိုက်လိမ့်မည်ဖြစ်သည်။
ဒီသွေးနှောနဂါးက အဲ့အခွင့်အရေးကို ရထားတာလား...

အဲဒါကြောင့်မို့ နဂါးမျိုးနွယ်စုက တခြားမိစ္ဆာတွေကို နှာခေါင်းရှုံ့ပြီး အများကြားထဲမှာ မော်မော်ကြွားကြွား ဖြစ်နေတာလား... အရင်ကဆိုရင် အဲ့နဂါးတွေက သူ့ကို ရုပ်ဆိုးပြီး ကျင့်ကြံဆင့်နိမ့်လို့ လှောင်ကြသေးတယ်... သူတို့ အဲ့လောက်အသုံးကျတယ်ဆိုရင် ဒီလိုအခွင့်အရေးကြီးကို အရယူရမယ့်အချိန်မှာ ဘာလို့ သွေးနှောနဂါးတစ်ကောင်ကိုတောင် မနိုင်ကြတာလဲ...

ကျွမ်းချင်၏ အကြောက်အလန့်ကင်းမဲ့သောစိတ်ဓာတ်ကြောင့် လေးစားခဲ့သောဖူလီမှာ ယခုအခါတွင် သူ့စိတ်ထဲ၌ ကျွမ်းချင်ကို နဂါးမျိုးနွယ်စု၏စက်ဝန်းထဲမှ ကန်ထုတ်လိုက်ပြန်သည်။ 

"ငါ့ရဲ့ နဂါးချီဓာတ်နဲ့ ကာကွယ်ပေးထားရင် တခြားမိစ္ဆာတွေ မင်းကို ထိရဲတော့မှာ မဟုတ်ဘူး..."

ကျွမ်းချင်က မိစ္ဆာရိုက်ကြာပွတ်ကို လက်ခံထားရန် ဆုံးဖြတ်လိုက်သည်။ 

" ငါတို့ဗျူရိုက မိစ္ဆာရိုက်ကြာပွတ်ကို ခဏငှားတယ်လို့ပဲ သဘောထားလိုက်ပါ... မင်း လိုအပ်တဲ့အချိန် ပြန်ယူလို့ရတယ်..."

လက်ကိုလှန်လိုက်သည်နှင့် ကျွမ်းချင်၏လက်ထဲတွင် နောက်ထပ် ကျောက်စိမ်းသေတ္တာတစ်လုံးပေါ်လာသည်။

" ဒါက ငှားခပါ..."

ဖူလီက ကျောက်စိမ်းသေတ္တာကို ယူလိုက်သည်။ သေတ္တာဘူးထဲတွင် ရွှေရောင်အလင်းတန်း ဖြာထွက်နေသည့် အရည်အသွေးမြင့်သော ဝိညာဉ်စုစည်းဆေးလုံးတစ်လုံးပါဝင်သည်။ သူ ခဏကြာတွင် ကျွမ်းချင်ကို ထိုဘူးပြန်ပေးလိုက်သည်။

" ကျွန်တော် ဆေးလုံးတွေမလိုချင်ဘူး... အဲ့အစား ငွေပဲပေးပါလား..."

ကျွမ်းချင်  “...”

ဒီမိစ္ဆာလေးရဲ့ ကျင့်ကြံဆင့်နိမ့်နေတာက အသိဉာဏ်ပညာ မရှိတာကြောင့်မဟုတ်ပဲ ဦးနှောက်မှာ တစ်ခုခုဖြစ်နေလို့များလား...

အခုခေတ်မှာ ဒီလို ၉၆ပါးရောဂါပျောက်ဆေးတွေက တော်တော်ရှားတဲ့အပြင် ထိပ်တန်းအရည်အသွေးရှိတဲ့ ဝိညာဉ်စုစည်းဆေးလုံးကို သန့်စင်ဖို့ဆိုတာလည်း တော်တော်ရှားသွားပြီ... အဲဒါတောင်မှ ဒီကောင်လေးက ဆေးလုံးအစား ငွေပဲလိုချင်နေတာလား...

ဤသို့ ရှားရှားပါးပါးရက်ရောထားသော ကျွမ်းချင်မှာ သူက အရူးလား ထိုမိစ္ဆာလေးက အရူးလားဟု ထင်မိလာသည်။ 

ဖူလီက ကျွမ်းချင်၏မျက်နှာထက်မှ ထူးဆန်းသောအကြည့်ကို သတိပြုမိ၍ သူ ငွေမပေးချင်ဟုထင်သွားပြီး သက်ပြင်းချလိုက်မိသည်။

" ထားလိုက်ပါ ထားလိုက်ပါ..."

နဂါးမျိုးနွယ်စုရဲ့ ကပ်စေးနဲတာကတော့ အချိန်ဘယ်လောက်ကြာကြာအပြောင်းလဲသွားဘူးပဲ... နဂါးမျိုးနွယ်စုက လူဆယ်ယောက်မှာ ကိုးယောက်က ကပ်စေးနဲပြီး ကျန်နေတဲ့တစ်ယောက်က အလွန်အကျွံကပ်စေးနဲကြတာ... ဒီလိုလူငယ်လေးတစ်ယောက်ကို ဈေးဆစ်နေရင်လည်း ငါ့ဘက်က မကောင်းပါဘူးလေ...

ထို့အပြင် တစ်ဖက်လူက တိုင်းပြည်ကံကြမ္မာနှင့် ပေါင်းစပ်ထားပြီးဖြစ်၍ သူ ရန်မစရဲပေ။

ဖူလီ၏ 'မင်းနဲ့ဈေးမဆစ်တော့ဘူး' ဟူသည့် အမူအရာက အကြောင်းအရင်းအချို့‌ကြောင့် ကျွမ်းချင်ကို နင်သွားစေသည်။ ကျွမ်းချင် တစ်ဖက်သို့လှည့်ထွက်သွားလိုက်သည်။  အလုပ်မကြိုးစားပဲ လူသားတို့၏ငွေဖြင့် ပျော်ပါးနေသည့် မိစ္ဆာလေးကို သူ စကားဆက်မပြောချင်တော့ပေ။

ဖူလီက ကျွမ်းချင်၏စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို အာရုံမခံမိလိုက်ပေ။ ချန်လုံဇီဝနည်းပညာသုတေသနကုမ္ပဏီမှ ထွက်သွားပြီးနောက် အနီးဆုံးဘူတာရုံမှ ရထားစီးရန်ပြင်လိုက်သည်။  

.....

ကျို့ချန်၏စိတ် အခြေအနေက ယခုနောက်ပိုင်းတွင် ထိုင်းမှိုင်းနေခဲ့သည်။ သူ နောက်ဆုံးတွင် ခက်ခက်ခဲခဲဖြင့် မိသားစုဝင်များအမြင်တွင် ချီးကျူးဖွယ်ရာကိစ္စတစ်ခုကို လုပ်နိုင်ခဲ့ပေသည်။ သို့ရာတွင်အဆုံး၌မူ ဆေးဆိုင်ပေါင်းများစွာကို သွားရောက်ရှာဖွေပြီးသည့်နောက် ရန်ယီအသားဟုခေါ်သည့်အရာကို ရှာမတွေ့ခဲ့၍ သူ့မိသားစုဝင်များက သူ့ကို အားမကိုးရသည့်လူလိမ်တစ်ယောက်ဟု ထင်သွားကြသည်။

ရိုးသားစွာပြောရလျှင် သူက လက်ကြောမတင်းသူဖြစ်၍ မည်သည့်အလုပ်မှ မလုပ်ရသည်ကို ပျော်နေသူဖြစ်သော်လည်း သူ့မိသားစုဝင်များက သူ့ကိုဟာသလုပ်ခြင်းကို လက်မခံနိုင်ပေ။

သူ အလွန်ဒေါသထွက်လွန်း၍ သည်းမခံနိုင်အောင် ဖြစ်နေခဲ့သည်။ သို့ဖြစ်၍ တရုတ်ဆေးပညာကျွမ်းကျင်သော ကျင့်ကြံသူတစ်ယောက်ကို ဖိတ်ခေါ်ပြီး လောကတွင် ရန်ယီအသားဟူသောအရာ ရှိမရှိကို မေးမြန်းစုံစမ်းခဲ့သည်။

ကျို့ချန် ပြောပြသည်ကို နားထောင်ပြီးသည့်အခါ ကျင့်ကြံသူက အချိန်အတန်ကြာအောင် ငြိမ်ကျသွားပြီးမှ ပြောလာခဲ့သည်။ 

" လူကြီးမင်းကျို့ ကျုပ်တို့တိုင်းပြည်ရဲ့ သမိုင်းတွေထဲမှာတော့ ရန်ယီလို့ခေါ်တဲ့ငါးတစ်မျိုး တကယ်ရှိခဲ့ပါတယ်... ဒီငါးရဲ့အသားက မကောင်းဆိုးဝါးဝိညာဉ်တွေကို နှင်ထုတ်ပေးနိုင်ပြီး ဝိညာဉ်ကို တည်ငြိမ်စေတဲ့ သက်ရောက်မှုမျိုးရှိတယ်လို့ ဒဏ္ဍာရီထဲမှာတော့ ပြောကြပါတယ်..."

" အဲဒါ တကယ်ရှိတာလား ဒါဆိုရင် ဘယ်မှာဝယ်လို့ရမလဲ..."

ကျို့ချန် တုန်လှုပ်သွားရသည်။

ကျင့်ကြံသူက ဘဝင်မြင့်သော ဒုတိယမျိုးဆက်သခင်လေးကို သည်းခံ‌နရသည်မှာ တစ်ဖက်လူက သူ့ကို အခကြေးငွေများစွာ ပေးထားသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ သူ့မေးခွန်းများက မည်မျှတုံးအနေသည်ဖြစ်စေ သူ ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ 

" လူကြီးမင်းကျို့ ဒီလိုဆေးမျိုးက ဝယ်လို့မရပါဘူး..."

" ဘာလို့လဲ..."
ကျို့ချန် မပျော်မရွှင်ဖြစ်သွားရပြန်သည်။ 

ဝယ်လို့မရဘူးဆိုရင် ဟိုတစ်ခါရလာတဲ့ဆေးကဘာလဲ...

" ဘာလို့လဲဆိုတော့ ရန်ယီအသားက ဒဏ္ဍာရီထဲမှာပဲရှိပြီး အပြင်မှာ တကယ်မရှိတော့လို့ပါ... အဲ့လို ဒဏ္ဍာရီလာသားရဲမျိုး အခု ဒီလောကမှာ မရှိတော့ပါဘူး..."

ကျင့်ကြံသူက မျက်မှန်ကို နှာတံပေါ် ပင့်တင်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် စာနာသနားသည့် အရိပ်အယောင်အချို့ ပေါ်လာသည်။

" ကျွန်တော်ထင်တာတော့ လူကြီးမင်းက ဆေးအတုတွေလိမ်ရောင်းတဲ့သူနဲ့ ကြုံခဲ့ရတဲ့ပုံပဲ... သက်ရောက်မှုရှိတယ်ဆိုတာလည်း တခြားဆေးသောက်တာနဲ့ တိုက်ဆိုင်သွားလို့နေမှာပါ ရန်ယီအသားကြောင့် မဟုတ်လောက်ဘူး..."

" အခုခေတ် ဆေးအတုလိမ်ရောင်းတဲ့သူတွေက တော်တော်သတ္တိရှိလာကြပြီ... သူတို့မပြောရဲတဲ့ဟာကို မရှိတော့ဘူး... အမဲသားကို နဂါးအသားလို့ပြောတယ်၊ တောင်ကြက်ကို ဇာမဏီလို့ပြောတယ် ပြီးတော့ လမ်းဘေးမှာပေါက်တဲ့ မြက်တွေကိုတောင် ကျောက်စိမ်းရေကန်ကပစ္စည်းလို့ ပြောတတ်ကြတယ်..."

ကျင့်ကြံသူက သက်ပြင်းချလိုက်သည်။ 

" ဒီနှစ်အတောအတွင်း အဲ့လိုအလိမ်ခံလိုက်ရတဲ့သူတွေ နည်းတာမဟုတ်ဘူး... အဲဒါကြောင့်မို့ ဒီတိုင်းပြည်က တရားမဝင် ဆေးရောင်းတဲ့သူတွေကို ထိထိရောက်ရောက် တားဆီးလာကြပြီ... ဒါပေမဲ့လည်း ဒီနှစ်နှစ်အတွင်းတော့ အဲ့လိုလူလိမ်နည်းနည်းကိုပဲ ဖမ်းမိသေးတယ်..."

ဒါပေမဲ့ ဒီလိုအလိမ်ခံရတဲ့ ငတုံးတွေက တော်တော်နည်းတယ်ဆိုတာတော့ သူ မပြောတော့ပါဘူး...

ကျင့်ကြံသူက သူ့IQအတွက် စိတ်မကောင်းဖြစ်နေသည်ကို သတိမပြုမိသောကျို့ချန်က စိတ်ခံစားချက်ပေါင်းစုံရောပြွန်းနေလျက် ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ သူ့စိတ်ထဲတွင် ဆေးအတုကို ၉၆ပါးရောဂါပျောက်ဆေးဟု အထင်မှားနေသည်ကို လက်မခံနိုင်သေးသော်လည်း ထိုသို့သော ဒဏ္ဍာရီလာပစ္စည်းက ဤလောကတွင် မရှိနိုင်တော့သည်ကိုလည်း သိနေသည်။ 

သူ ဦးတည်ရာမဲ့စွာဖြင့် ကားလျှောက်မောင်းနေလိုက်သည်။ သူ့ရင်ထဲမှ ထိုင်းမှ်ိုင်းမှုများ အနည်းငယ်ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ကျို့ချန်က လမ်းဘေးတွင် ကားရပ်လိုက်ပြီး ဖုန်းထုတ်ကာ ဤဆေးမျိုး ဝယ်မရနိုင်ကြောင်း သူ့မိဘများကို ဖုန်းဆက်ပြောရန် ပြင်လိုက်သည်။ သူ အလိမ်ခံလိုက်ရသည်ကို ဝန်မခံချင်သေးပေ။ 

သူ ဖုန်းမခေါ်ရသေးမှပင် လမ်းဘေးမှာ လူသွားလိမ်းအတိုင်းလျှောက်လာသည့် လူတစ်ယောက်ကို မြင်မိသွားသည်။ ထိုလူက သူ့ကို ရန်ယီအသားပေးခဲ့သူဖြစ်သည်။

ကျို့ချန် ဖုန်းပြန်ချထားလိုက်ပြီးနောက် ကားတံခါးဆွဲဖွင့်ကာ ထိုလူ့နောက်ကို လိုက်သွားသည်။ သူ ကားတံခါးလော့ချရန်ပင် အချိန်မရခဲ့ပေ။ 

" နေဦး..."

ကျို့ချန် ခဏ‌တာပြေးလွှားပြီးသည်နှင့် ပင့်သက်ရှိုက်လာရသည်။ 

ဒီလူငယ်လေးက လမ်းမြန်မြန်လျှောက်နေတာလည်း မဟုတ်ပဲနဲ့ ဘာလို့ သူ့ကိုအမှီလိုက်ဖို့ တော်တော်ခက်နေတာလဲ...

ဖူလီက ဘတ်စ်ကားမှတ်တိုင်သို့ ယခုမှရောက်၍ ဘတ်စ်ကား မလာသေးပေ။ သူ ထိုင်စောင့်နေတော့မည့်အချိန်တွင် တစ်ယောက်ယောက်က သူ့ပခုံးကို လာကိုင်သည်။ တစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါ သူ မြို့ထဲကို ပထမဆုံးအကြိမ် လာရောက်ခဲ့စဉ်က တိုက်မိခဲ့သောလူဖြစ်ကြောင်း မှတ်မိသွားသည်။

" တကယ်ပဲ မင်းကိုး..."

ကျို့ချန်က ဖူလီ့ကို ကိုင်ထားသည်အား မလွှတ်တော့ပေ။ သူ အမောတကောဖြင့် အသက်ရှုပြီးမှ ဖူလီ့ကို ပြောလိုက်သည်။

" ငါနဲ့လိုက်ခဲ့..."

" ‌ပြန်ပေးဆွဲတာက တရားမဝင်ဘူးနော် လူငယ်လေး..."

ဖူလီက ထိုနေရာမှ တစ်ချက်မရွေ့သွားပေ။ ထိုကဲ့သို့သောခွန်အားမျိုးဖြင့် သူ့ကို ပြန်ပေးဆွဲနိုင်ချေ မရှိပေ။ 

" ငါကမင်းကို ဘာကိစ္စ ပြန်ပေးဆွဲရမှာလဲ... မင်းရဲ့ကျောက်ကပ်ကိုထုတ်ပြီး ကျောက်ကပ်မွှေကြော် လုပ်စားဖို့လား..."

ကျို့ချန်က မလှမ်းမကမ်းတွင် ရပ်ထားသည့်ကားကို လက်ညှိုးထိုးပြလိုက်သည်။

" ငါ့ကားက ဟိုမှာရှိတယ်... မင်းနဲ့ စကားခဏပြောချင်ရုံပါ..."

" ဒါပေမဲ့ ငါအိမ်ပြန်ဖို့ ဘတ်စ်ကားစီးရဦးမှာ..."

" ငါ မင်းကို ပြန်ပို့ပေးမယ် ဟုတ်ပြီလား..."
ကျို့ချန်က ဖြတ်ပြောလိုက်သည်။ 

" သွား သွား သွား ငါတို့ အခုမသွားသေးရင် ရဲတွေရောက်လာပြီး ငါတို့ကို လက်ချာလာရိုက်တော့မှာ..."

ဖူလီ့ကို ကျို့ချန်က ကားရှိရာကို ဆွဲခေါ်သွားပြီးနောက် အေးစက်စက်ပြောလိုက်သည်။ 

" မင်း ကားထဲကို တကယ်လိုက်လာရဲတယ်ပေါ့... ငါမင်းကို ရဲစခန်းခေါ်သွားမှာ မကြောက်ဘူးလား..."

" ဘာလို့လဲ..."

ဖူလီက ‌သူပြောသည်ကို နားမလည်ပေ။ လူသားများ၏အတွေးက မှန်းဆရန် ခက်ခဲလွန်းပေသည်။ 

လွန်ခဲ့သောအချိန်တစ်ခုက သူ လူသားတစ်ယောက်ကို ကယ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ထိုလူသားက သူ့လှိုဏ်ဂူထဲတွင်သာနေပြီး မထွက်သွားတော့ပေ။ ဖူလီကအမြဲတစေ သဘောထားကြီးသူဖြစ်၍ ထိုလူကို နှင်မထုတ်ပဲ သူမွေးထားသည့် အိမ်မွေးတိရစ္ဆာန်အဖြစ်သာ သဘောထားခဲ့သည်။ နောက်ပိုင်းတွင် ထိုလူသားက ဖျားနာခဲ့သည်။ သူ့သက်တမ်းက ကုန်ဆုံးလုဖြစ်ပြီး လူသား သမားတော်တစ်ယောက် ထိုလူ့အတွက် ရှာဖွေပေးသောဆေးများက သက်ရောက်မှုမရှိသောကြောင့် ဖြစ်နိုင်သည်။ 

ထိုလူသားက သေရမည်ကို မကြောက်ပေ။ ဆေးက သက်ရောက်မှု မရှိသော်လည်း ငိုယိုဆူပူခြင်းတို့လည်း မပြုလုပ်ခဲ့ပေ။ သို့ရာတွင် သေမင်းတံခါးဝကို မျက်နှာချင်းဆိုင်လိုက်သည့်အချိန်၌ ဖူလီက မိစ္ဆာဖြစ်နေခြင်းကို မကျေနပ်ကြောင်း ပြောခဲ့သည်။ သို့သော် အဆုံးတွင်မူ သူ နောက်ဘဝတွင် လူသားမဖြစ်လာရန်မျှော်လင့်ကြောင်း ပြောခဲ့ပြန်သည်။ 

၎င်းက လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာခန့်က ကိစ္စဖြစ်သည်။ ဖူလီက ထိုလူ၏ပုံပန်းသွင်ပြင်နှင့် သူ့နာမည်ကို မမှတ်မိတော့သော်လည်း လူသားများ၏ အပြောင်းအလဲမြန်ခြင်းကို အမှတ်ရနေခဲ့သည်။ သို့ရာတွင် လူသားယောက်ျားများက အတော်လေး ထူးဆန်းလှပေသည်။ သူတို့က မိန်းမများနည်းတူ အပြောင်းအလဲမြန်ကြသော်လည်း မိန်းမများကို အပြောင်းအလဲအမြန်ဆုံး သတ္တဝါဟုပြောတတ်ကြသည်။

လူသားယောကျာ်းများက သူတော်ကောင်းယောင်ဆောင်တတ်ဆုံးလူများ ဖြစ်နိုင်ပေသည်။ 

" မင်း ငါ့ကို ဆေးအတုတွေ ပေးလိုက်ပြီးတော့ ဘာလို့လဲလို့ မေးရဲသေးတယ်ပေါ့လေ..."

ကျို့ချန်မှာ တစ်ဖက်လူ၏ အရှက်မဲ့မှုကြောင့် တအံ့တဩဖြစ်နေသည်။

" ငါ လူတွေကိုလိမ်တဲ့ကိစ္စ မလုပ်ဖူးပါဘူး..."

ဖူလီက သူ၏ကိုယ်ကျင့်တရားကို ယုံကြည်ချက်ရှိပေသည်။

" ဒါဆိုရင် ရန်ယီအသားအကြောင်း ငါ့ကိုဘာလို့လိမ်ပြောတာလဲ... ကျင့်ကြံသူတစ်ယောက် ငါ့ကိုပြောတာတော့ ဒီလောကမှာ ရန်ယီအသားဆိုတာမျိုး မရှိဘူးတဲ့..."

ကျို့ချန်က ဘရိတ်နင်းလိုက်ပြီးနောက် ကားကို လမ်းဘေးတစ်နေရာတွင် ရပ်လိုက်သည်။

" မင်း ငါ့ကားကို ဝင်တိုက်တာကို ငါလျော်ကြေးမတောင်းခဲ့ဘူးနော် ဒါပေမဲ့ မင်းက ဆေးအတုနဲ့ပါ ငါ့ကိုလိမ်သွားတာပဲ... မင်းပေးတဲ့ ဆေးသောက်လိုက်မိတဲ့သူက တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ..."

ဖူလီက စကားတစ်ခွန်းမှမပြောပဲ မျက်ခုံးများ တွန့်ချိုးလိုက်သည်။ ယခင်တစ်ခေါက် ထိုလူငယ်လေး၏ မျက်နှာသွင်ပြင်ကိုကြည့်လိုက်စဉ်က သူ၏မိသားစုဝင်ထဲမှ လူကြီးတစ်ယောက် ဖျား‌နာနေသည်ကိုသိ၍ ရန်ယီအသား လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ယခု သူ့မျက်နှာသွင်ပြင်ကို ထပ်ကြည့်လိုက်သောအခါ ထို နာမကျန်းဖြစ်မှုက ကောင်းမွန်သွားပုံပေါ်သည်။

ဆေးက အစွမ်းထက်ရဲ့သားနဲ့ သူက အံကြိတ်ပြီး လိမ်ပြောနေသေးတယ်ပေါ့လေ... လူသားတွေက ပိုပိုပြီးအရှက်မဲ့လာတာပဲ..."

" ကျင့်ကြံသူတစ်ယောက်ရဲ့စကားက အမြဲတမ်းယုံလို့ရတယ်တဲ့လား..."


Xxxxx