အပိုင်း ၁၁
Viewers 18k


Chapter 11
မင်းဘယ်သူလဲ


ကျို့ချန်မှာ ဖူလီ၏ မေးခွန်းကြောင့် စိတ်ရှုပ်ထွေးနေပေသည်။ သူက အတန်ကြာသည်အထိ ပြောစရာမဲ့နေလေသည်။

"ကမ္ဘာကြီးက အရမ်းကြီးပြီး ဆန်းကြယ်လွန်းတယ်..."

ဖူလီ၏ နက်စွေးစွေးမျက်လုံးများထဲတွင် လျှို့ဝှက်ချက်အများအပြား ပုန်းကွယ်နေဟန် ရပေသည်။ ကျို့ချန်မှာ လမ်းဘေးတွင် ကားထိုးရပ်ကာ ဖူလီ၏ မျက်လုံးများထဲသို့ ငေးကြည့်လိုက်သည်။ သူ့အတွက်မူ ၄င်းက အသူတစ်ရာ ချောက်နက်အတွင်းသို့ စိုက်ကြည့်နေရသည်ဟု ခံစားရသည်။ 

"မင်းမရှိဘူးလို့ထင်နေတဲ့ တစ်ချို့အရာတွေက တကယ်တော့ မင်းဘေးမှာ ပုန်းနေတာမျိုးပဲ..."

ဖူလီက ကျို့ချန်၏ နောက်ကျောကို စိုက်ကြည့်လိုက်သည်။

"မင်းဘေးမှာ မမြင်နိုင်တဲ့ အရာတွေ ဘယ်လောက်များများပုန်းနေလဲဆိုတာ မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး..."

အလွန် နှစ်လိုဖွယ်ဟန်ပန်ရှိလှသော တစ်စုံတစ်ဦးက ထိုသို့ ကြက်သီးထစေနိုင်သည့် အရာများပြောဆိုနေသည်။ ဖော်မပြတတ်သည့် ကြောက်ရွံ့မှုကြောင့် ကျို့ချန်က ဇက်ပင်ပုဝင်သွားရသည်။ သူ အနည်းငယ် ကျောချမ်းလာသည်ဟုပင် ခံစားရသည်။ 

"လူချောလေး... ငါတို့ ကောင်းကောင်းမွန်မွန်စကားလေးတွေပဲ ပြောလို့ရမလား... ငါက ရုပ်ဝတ္ထုသဘောကို ယုံကြည်တဲ့လူပါ..."

"ရုပ်ဝတ္ထုသဘောဆိုတာက ကောင်းပါတယ်... အဲ့တာက သိပ္ပံပညာ၊ နည်းပညာနဲ့ ဖြစ်တန်စွမ်းတွေရဲ့ တည်ဆောက်မှုတွေကို အထောက်အကူပေးတယ်လေ..."

ဖူလီက အကြည့်လွှဲကာ ခါးမတ်လိုက်သည်။ 

"သွားကြစို့..."

"ဘယ်သွားရမှာလဲ..."

"ငါ့ကို အိမ်ပြန်ပို့မယ်လို့ ပြောတယ်မလား..."

"အိုး..."

ကျို့ချန်က ခေါင်းညိတ်ကာ ဖူလီပြောခဲ့သည့်လမ်းမဆီသို့ နာနာခံခံပင် မောင်းလာခဲ့သည်။ 

ဖူလီနေထိုင်သော ဧရိယာမှာ အလွန်ဝေးလံလှပြီး ပတ်ဝန်းကျင်လည်း မကောင်းလှပေ။ အသွားလမ်းတွင် ကျို့ချန်၏ ကားမှာ ဘယ်ညာခါယမ်းနေသည်။ သူက မလှောင်ပြောင်ပဲ မနေနိုင်ပါချေ။ 

"လူချောလေး... မင်းမှာ တကယ်ပဲ ဆေးဝါးတွေ ဒီလောက်တောင်များနေတာ ဘာလို့ထုတ်မရောင်းပဲ ဒီလိုနေရာမျိုးမှာ နေနေတာလဲ..."

"ငါ ဘယ်သူ့ကို ရောင်းရမလဲ မသိဘူး..."

ဖူလီက ခေါင်းစောင်းကာ သူ့ကို ကြည့်လိုက်သည်။ 
"ငါမင်းကို ဆေးပေးတုန်းက ဘာပိုက်ဆံမှ မယူလိုက်ဘူးလေ.."

ကျို့ချန်က ခေတ္တမျှ ကြောင်ငေးကာ စိုက်ကြည့်နေသော်လည်း အလျင်အမြန်ပင် ဖူလီ၏ စကားလုံးများ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားသည်။ သူက သူ့အား ဆေးများ အလကားပေးခဲ့သည့်အပြင် မည်သည်ကိုမှ လိမ်လည်ခြင်း မရှိခဲ့ပေ။ သူက ဤလူအား ဆေးလိမ်ရောင်းသူဟု ခေါ်ဆိုပိုင်ခွင့် မရှိသည့်ပုံ ရပေသည်။

မဟုတ်သေးဘူး... ဒီသခင်လေးက သူ့ကားရှေ့မီးသီးကိုခွဲသွားတာလေ... သူက အဲ့အတွက် အလျော်မတောင်းခဲ့ဘူးမလား...

ကားမှာ လမ်းဟောင်းကလေးတစ်ခု၏ အပြင်တွင် ထပ်မံ ရပ်တန့်သွားသည်။ ကျို့ချန်က ဖူလီကို စိတ်ရင်းအပြည့်နှင့်ဆိုလိုက်သည်။

"ညီအစ်ကို မင်းဘဝက နည်းနည်းကြမ်းတယ်ဆိုတာ ငါသိပါတယ်... ငါလေးလိုဒုတိယမျိုးဆက် လူချမ်းသာလေးက မင်းကို လက်ချာရိုက်ဖို့ အခွင့်အရေးမရှိပါဘူး... ဆေးဆိုတာမျိုးက အသက်ကယ်နိုင်သလို ဘေးလည်း ဖြစ်စေနိုင်တာပဲလေ... တစ်ခါတစ်လေကျရင် ဆေးအတုတွေက လူတစ်ယောက်ကို အသက်ဆုံးရှုံးစေနိုင်တယ်... မင်းက ငါ့ထက်ငယ်ပြီး လူဆိုးပုံလည်း မပေါက်ပါဘူး... ငွေအတွက်နဲ့ လမ်းမှားမလိုက်ပါနဲ့ကွာ..."

ဖူလီက မျက်နှာတည်ဖြင့် လူငယ်လေးကို ကြည့်ကာ သူ့ကျောပိုးအိတ်ထဲမှ ဂျင်ဆင်းတစ်မြစ်ကို ထုတ်လိုက်သည်။ 

"မင်းပြောတာ အဓိပ္ပာယ်တော့ရှိပါတယ်... ဒါပေမဲ့ ငါတစ်ခါမှ မလိမ်ဖူးဘူး..."

"မင်းဘာလုပ်နေတာလဲ..."

ကျို့ချန်က ဂျင်ဆင်းမြစ်ကိုကြည့်ကာ ထိုလူငယ်လေးအပေါ် စိတ်ပျက်လာသည်ဟု ခံစားနေရပေသည်။ 

သူဒီလောက်ပြောထားတာတောင် သူက ပြောင်းလဲဖို့ ငြင်းနေတယ်ပေါ့... လူတွေကို ဒီလိုလိမ်တာက အဓိပ္ပာယ်တစ်ခုခုများ ရှိနေတာလား...

"ကားခ..."

ဖူလီက ကားတံခါးဖွင့်ကာ ဆင်းလိုက်သည်။ သူက လှေကားပေါ်တွင် ရပ်ကာ ကျို့ချန်ကို ကြည့်လိုက်သည်။ 

"မင်းရဲ့ ပင်ကိုယ်စရိုက်က ပျင်းတာဆိုပေမဲ့ ကိုယ်ကျင့်တရားကတော့ သန့်စင်တယ်... သဘာဝအတိုင်းသာဆိုရင် မင်းက ပျော်ရွှင်ပြီး ကြီးပွားတဲ့ ဘဝကို ဦးဆောင်ရမှာ... မင်းလို လူသားမျိုးက အရမ်းချစ်စရာကောင်းတယ်..."

"အမ်..."

ကျို့ချန်က ငြင်းဆန်လိုသော်လည်း လူငယ်လေးက အလွန်လျင်မြန်စွာ လျှောက်သွားသည်ဖြစ်ရာ အနည်းငယ် ထူးဆန်းနေပေသည်။ သူက ခေတ္တမျှသာ အတွေးလွန်နေခဲ့သည်ဖြစ်သော်လည်း ထိုလူငယ်လေးက အဝေးသို့ရောက်နေပြီဖြစ်ကာ လမ်းကြားထဲသို့ အလျင်အမြန် ပျောက်ကွယ်သွားပေသည်။ 

ဂျင်ဆင်းမြစ်၏ ရနံ့က ကားထဲတွင် ပျံ့နှံ့နေပေသည်။ ကျို့ချန်က အံတင်းတင်းကြိတ်ကာ နောက်ပြန် ကွေ့လိုက်သည်။ သူက သူ့မိသားစုထဲမှ တရုတ်တိုင်းရင်းဆေးဝါးထုတ်ကုန်များကို မည်သို့ စစ်ဆေးရမည်ကိုသိသော အဘိုးအိုတစ်ဦးကို သွားရှာလိုခြင်း ဖြစ်သည်။

ဒီလူက... လိမ်နေတာ မဟုတ်ရင်ရော...

ထိုဖြစ်နိုင်ခြေမှာ အလွန်အမင်း နည်းပါးသော်လည်း ကျို့ချန်က စမ်းကြည့်ချင်နေဆဲ ဖြစ်ပေသည်။ 

ဟိုတစ်ယောက်ရဲ့ အကြည့်တွေက အရမ်းကို လေးနက်နေတာကြောင့်နေမယ်... လေးနက်လွန်းလို့ မယုံမိရင် အပြစ်လုပ်မိတယ်လို့တောင် ခံစားရအောင်ပဲ...

အဘိုးအိုက ကျို့ချန်ကမ်းပေးလာသော ဂျင်ဆင်းကို တုန်တုန်ယင်ယင် လက်ခံလိုက်လေသည်။ အဘိုးအို၏ အရူးအမူး စိတ်လှုပ်ရှားနေဟန် အကြည့်များက ကျို့ချန်အား မိမိယူလာသည်မှာ ဂျင်ဆင်းပေလား မကောင်းဆိုးဝါးတစ်ကောင်ပေလားပင် သံသယဝင်စေမိပေသည်။

"ကျို့လေး... ဒီလိုအရည်အသွေးမြင့် ဂျင်ဆင်းကို မင်းဘယ်ကရှာလာတာလဲ..."

အဘိုးအိုက ဂျင်းဆင်းကို လင်ဗန်းတစ်ခုပေါ်တွင် သတိတကြီး တင်လိုက်သည်။

"ဒါက နှစ်တွေအတော်ကြာပြီဆိုပေမဲ့ တောင်ရိုင်းပေါ်က ဂျင်ဆင်းအသန့်ပဲ... ပြီးတော့ ဒါက ပိုက်ဆံနဲ့ဝယ်လို့မရတဲ့ အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်တစ်ခုကွ... ဒီလို ကောင်းတဲ့ဟာကို ဘယ်ကနေရလာတာလဲ ပြောစမ်း..."

"ဦးလေး... ဒါက... အစစ်လား..."

ကျို့ချန်က ဤနှစ်တစ်ရာဂျင်ဆင်းကို သူအနည်းငယ် သတိမမူပဲ သယ်ဆောင်လာသည်ဟု ခံစားရ၍ တံတွေးမျိုချလိုက်သည်။

အဘိုးအိုက ခေါင်းညိတ်ပြသည်။

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက တောင်ရိုင်းပေါ်က နှစ်၅၀ ဂျင်ဆင်းတစ်ခုကို တစ်သန်းနီးပါးနဲ့ လေလံဆွဲခဲ့ကြတာ... မင်းရဲ့ဟာက ပိုက်ဆံနဲ့တောင် ဝယ်လို့မရတဲ့ ပစ္စည်းကောင်းပဲ... ပြန်ယူသွားပြီး မင်းမိဘတွေကိုကန်တော့လိုက်... ဒါပေမဲ့ တစ်ခါသုံးရင် နည်းနည်းပဲသုံးနော်... ဒီဟာက ဆေးအာနိသင်တွေ အများကြီး ပါပြီးသား..."

ကျို့ချန်က ကြောင်ငေးကာ ထိုင်နေလေသည်။ အတန်ကြာပြီးသည့်အချိန်မှသာ သူ့မျက်နှာက အလွန်အမင်း နီရဲလာသည်ကို သဘောပေါက်လာပေသည်။

သူသည် မိမိကိုယ်ကို လူချမ်းသာ ဒုတိယမျိုးဆက်ဟု ကြွားဝါခဲ့သည့် အပျော်အပါးလိုက်စားသူတစ်ဦးဖြစ်ခဲ့ပြီး တစ်စုံတစ်ယောက်ထံမှ အခွင့်ကောင်းခဲ့သည့် အပြင် ထိုသူ၏ အရာဝတ္ထုများကို ဆေးအတုဟုပင် ခေါ်ခဲ့ပေသည်။ 

ညနေ ၅နာရီအချိန်တွင် ဖူလီက အစောင့်တာဝန်ကို လွှဲပြောင်းယူရန်အတွက် ဟိုတယ်ဆီသို့ အချိန်တိတိကျကျရောက်လာခဲ့သည်။ ယူနီဖောင်းဝတ်ဆင်ပြီးနောက် ဖူလီက အဝတ်လဲခန်းထဲမှ ထွက်လာသည်။ လျှောက်လမ်းမှာ အလွန်တိတ်ဆိတ်နေသည်။ သူက ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်သော်လည်း တစ်ဦးကိုမှ မမြင်ပါချေ။

တင်... တင်... တင်...

ရှိနေသည်ဟုထင်ရသော်လည်း အမှန်တကယ် မရှိနေသော ခေါင်းလောင်းသံတစ်ခုက မြေပြင်မှ ပဲ့တင်ထပ်လာလေသည်။ ဖူလီက တုံ့ဆိုင်းသွားပြီး ရှေ့သို့ ဆက်မလျှောက်တော့ချေ။ 

လူသားကမ္ဘာတွင် မြေအောက်၌ ဝိညာဉ်ဖမ်းယင်းချိုင် များ ရှိနေသည်ဟု ပြောစမှတ်ရှိသည်။ ဝိညာဉ် ခေါ်ခေါင်းလောင်းတစ်ခုနှင့် ဝိညာဉ်ပိတ်လှောင်ချိန်းကြိုးတို့ကို ကိုင်ဆောင်ထားပါက သူတို့က သက်တမ်းကုန်ဆုံးသွားသည့် ဝိညာဉ်များကို မြေအောက်ကမ္ဘာသို့ လမ်းပြနိုင်မည်ဖြစ်သည်။ 

ဖူလီမှာ ယင်းချိုင်ကို နှစ်ကြိမ် မြင်ဖူးပြီး ဖြစ်သည်။ ဤသည်မှာ တတိယအကြိမ် ဖြစ်နိုင်ပေသည်။ 

ခေါင်းလောင်းသံမှာ ပို၍ကျယ်လာသည်။ ဖူလီ လှည့်ကြည့်လိုက်ရာ ခါးပတ်တစ်ခုနှင့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက သူ့ဆီသို့ ကတိုက်ကရိုက်လျှောက်လာသည်ကို တွေ့ရသည်။ သူ့လက်ထဲတွင် လက်လေးချောင်းခန့် ကျယ်သည့် လေးထောင့်ပုံ အရာဝတ္ထုတစ်ခုရှိသည်။ ၄င်းက လူသားများ အသုံးပြုလေ့ရှိသည့် လက်ကိုင်ဖုန်းနှင့် တူပေသည်။

သူ့၏ တစ်ခြားလက်တစ်ဖက်က ရေချိုးဝတ်ရုံဝတ်ထားသည့် လူငယ်တစ်ယောက်ကို ချည်ထားသည့် သတ္ထုကြိုးတစ်ချောင်းကို ကိုင်ထားသည်။ ထိုအမျိုးသားက သူမည်မှ မသေလိုကြောင်း၊ သူ့တွင် ငွေအမြောက်အများရှိသည့်အကြောင်းနှင့် ထိုနည်းတူ တခြားသော အဓိပ္ပာယ်မရှိ အရာများကို အော်ဟစ်နေသည်။ သို့ပေသိ လူငယ်ယင်းချိုင်မှာ ထိုအမျိုးသားကို လျစ်လျူရှုကာ သူ့၏ လက်ကိုင်ဖုန်းနှင့် ဆော့နေလေသည်။ 

ဒင်...

ယင်းချိုင်က ရပ်တန့်လိုက်ပြီး ခေါင်းလောင်းသံက ပျောက်ကွယ်သွားသည်။ သူက ခေါင်းမော့ကြည့်လိုက်ရာ သူ့နှင့် ခြေသုံးလှမ်းအကွာတွင် ရှိနေသော ဖူလီကို မြင်သွားပေသည်။ သူက ဖုန်းကို ဘောင်းဘီအိတ်ထဲသို့ ထိုးထည့်ကာ သူ့၏ မှတ်ပုံတင်ကို ဆွဲထုတ်လိုက်သည်။ 

"ယင်းချိုင်အလုပ်လုပ်နေတယ်... မဆိုင်သူတွေ လာမနှောင့်ယှက်နဲ့..."

ဖူလီက ယင်းချိုင်၏ မှတ်ပုံတင်ကို လှမ်းကြည့်လိုက်သည်။ ၄င်းအပေါ်တွင် နျိုကျန်းဟူသော စာလုံးနှစ်လုံးကို လက်ရေးဖြင့် ရေးထားသည်။ 

"မင်းငါ့ကို မြင်ရတယ်လား..."

အဖမ်းခံထားရသည့် လူငယ်က ဖူလီဆီသို့ ပြေးဝင်လာသည်။

"ကယ်ပါဦး... ကယ်ပါဦး... ငါ့မှာ ပိုက်ဆံတွေအများကြီး ရှိပါတယ်... မင်းကို ငါ ပိုက်ဆံအများကြီး ပေးနိုင်တယ်..."

နျိုကျန်းက လှောင်ပြုံးလိုက်လေသည်။

"ငါတို့မြေအောက်လောက အလိုရှိတဲ့ လူတိုင်းက သွားကိုသွားရမှာပဲ... မင်းဘယ်သူ့ကိုပဲ တောင်းပန်တောင်းပန် အသုံးမဝင်ဘူး..."

သူက အသက်ရှင်စဉ်တွင် မည်သည့်ကောင်းမှုကုသိုလ်မှ မပြုလုပ်ခဲ့သလို သူ့ခန္ဓာကိုယ်ကိုလည်း မမြတ်နိုးခဲ့ပါပေ။ သူ့၏ အလောင်းက တောင့်တင်းသွားသည့်အချိန်မှသာလျှင် သေခြင်းတရားကို ကြောက်ရမည်ကို သိခဲ့သည်။ ဤသို့သော လူသားက စိတ်ဝင်စားစရာကောင်းလှပေသည်။

"မင်းက ဒီဟိုတယ်ရဲ့ လုံခြုံရေးလေ... ဟိုတယ်ထဲက လူတွေကို မင်းကာကွယ်ပေးသင့်တယ်..."

လူငယ်က အကြောင်းပြချက်အားလုံး ပျောက်ဆုံးသွားပြီး ဖြစ်သည်။ သူက ဖူလီ၏ ခြေထောက်ကို တင်းတင်းဖက်ထားသည်။ 
"ကယ်ပါ..."

ဖူလီက ခြေတစ်လှမ်းဆုတ်ကာ အမျိုးသား၏ လက်ကို ဖယ်ချလိုက်သည်။ 

"ငါက ဒီဟိုတယ်ထဲက အသက်ရှင်နေတဲ့ ဖောက်သည်တွေကို ကာကွယ်တာ.. ခင်ဗျားက သေသွားပြီလေ..."

"မဟုတ်ဘူး... မဟုတ်ဘူး... ငါမသေချင်ဘူး..."

အမျိုးသားက အပြင်းအထန်ရုန်းကန်လာပေသည်။ သူ့ခါးရှိ ဝိညာဉ်ပိတ်လှောင် ချိန်းကြိုးက သူ့အသားများ၊ အရိုးများနှင့် ပေါင်းစည်းလုမတတ် သိသိသာသာ တင်းကြပ်လာသည်။ အမျိုးသားက နာနာကျင်ကျင်အော်ဟစ်ကာ မျက်နှာရှုံ့မဲ့နေပေသည်။ 

"ဖူလီ မင်းအဲ့မှာ ဘာရပ်လုပ်နေသေးတာလဲ..."

လုံခြုံရေး အဖွဲ့မှ လုပ်ဖော်ကိုင်ဘက်တစ်ဦးက လျှောက်လာပြီး အော်ဟစ်လိုက်သည်။

"မင်းအလုပ်စဝင်ရမဲ့ အချိန်ရောက်တော့မယ်... အမျိုးသမီးဖောက်သည်တစ်ချို့က မင်းကို ချီးကျူးတာနဲ့ပဲ အချောင်ခိုလို့ရမယ်ထင်မနေနဲ့..."

ဖူလီက အော်ဟစ်နေသော အမျိုးသား၏ ဝိညာဉ် 
ပေါ်သို့ တက်နင်းနေသည့် လုပ်ဖော်ကိုင်ဘက်ကို ကြည့်ကာ တိတ်တဆိတ် ခေါင်းငြိမ့်လိုက်သည်။

လုံခြုံရေးအစောင့်က သူ့ခြေထောက်အောက်ပိုင်းကို သံသယအပြည့်နှင့် ထိလိုက်သည်။ 
လျှောက်လမ်းက လေအေးပေးစက်က အရမ်းအေးနေတာလား... 

သူက ပြန်မော့ကြည့်လိုက်ရာ ဖူလီက တိတ်တဆိတ်ရှိနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရာ မကျေမနပ်ဖြင့် ဆိုလိုက်သည်။

"မင်း..."

ထိုအခိုက်အတန့်တွင် သူ့ခါးရှိ စကားပြောစက်က အသံမြည်လာသည်။

"အဖွဲ့နှစ်... အခုချက်ချင်း အရေးပေါ် စုကြမယ်... နာမည်ကြီး အနုပညာရှင် လုရမ်ကျားက ငါတို့ ဟိုတယ်မှာ မတော်တဆဖြစ်သွားတယ်..."

လုံခြုံရေးအစောင့်က စကားပြောစက်ကို ကိုင်ကာ လှေကားဆီသို့ ပြေးသွားသည်။ သူလှေကားဆီသို့ ရောက်သွားသည့်အချိန်တွင် သူခြေထောက်များက ရုတ်တရက် အားပျော့သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သူက ကုန်းထပြီး လျှောက်လမ်းတွင် ရပ်နေဆဲဖြစ်သော ဖူလီကို လှမ်းကြည့်လိုက်ပြီး ရှက်ရွံ့စွာ ပြေးသွားသည်။ 

နျိုကျန်းက ဝိညာဉ် ပိတ်လှောင်ချိန်းကြိုးကို တင်းကြပ်စေလိုက်ပြီး ဖူလီကို ခေါင်းငြိမ့်ပြကာ လူငယ်၏ ဝိညာဥ်ကို အဝေးသို့ ဆွဲခေါ်သွားသည်။

ခေါင်းလောင်းသံများ ပျောက်ကွယ်သွားပြီးနောက် ဖူလီက နောက်သို့ ပြန်လှည့်ကာ သူ့လက်များကို ခါလိုက်ပြီး အတားအဆီးကို ဖွင့်လိုက်သည်။ 

" မင်း သွားလို့ရပြီ... နောက်ဆိုရင် ယောက်ျားလေး အဝတ်လဲခန်းထဲ လျှောက်လျှောက်မဝင်နဲ့..."

စကပ်တိုလေး ဝတ်ထားသည့် အမျိုးသမီးငယ်လေးတစ်ဦးက အခန်းထဲမှ ထွက်လာသည်။ သူမက ဖူလီကို ပြုံးပြလိုက်သည်။ သူမ၏ မျက်လုံးနှစ်ဖက်မှ သွေးများ စီးကျနေပေသည်။ 

"ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်..."

ဖူလီက ပြန်မဖြေပေ။ သူက လူသားများကို နားမလည်နိုင်သေးပါချေ။

အဲ့အမျိုးသားက အသက်သေခါနီးနီးဖြစ်နေတာကို ဘာလို့ ဒီသရဲမက အဲ့လူသေသွားအောင် အန္တရာယ်များတဲ့ ချီကျင့်ကြံဖို့ကို စွန့်စားနေသေးတာလဲ...

"မင်းကို ပို့ဆောင်ပေးဖို့ ဘယ်ယင်းချိုင်မှ မလာရင်တောင် ဒါက နင့်ကို မြေအောက်ကမ္ဘာသွားဖို့ လမ်းကြောင်းကူရှာပေးနိုင်တယ်..."

ဖူလီက သရဲမ၏ လက်ထဲသို့ မီကူး သစ်ကိုင်းတစ်ခုထည့်ပေးလိုက်သည်။ 

"မင်းနောက်ဘဝက အေးချမ်းပါစေ..."

"ကျွန်မက အစွမ်းမရှိသလို မပြည့်စုံလှပါဘူး... ဒီက တာအိုပညာရှင်ကို နောက်ဘဝကျရင် ကျေးဇူးပြန်ဆပ်နိုင်ဖို့ပဲ မျှော်လင့်နိုင်ပါတယ်..."

သရဲမက ကျိန်ဆိုချက်တစ်ခုကို တည်ကြည်စွာပြုလုပ်လိုက်သည်။ 

"တာအိုပညာရှင်ကြောင့်သာမဟုတ်ရင် ကျွန်မက မကောင်းတဲ့ သရဲတစ်ယောက်လို့ ယူဆခံရပြီး ခေါ်ဆောင်ခံရမှာ... ပြန်ပြီ လူဝင်စားဖို့ အခွင့်အရေး မရနိုင်လောက်ဘူး..."

"မလိုပါဘူး... ဒါက ဘာမှ ထွေထွေထူးထူးမဟုတ်ဘူး..."

ဖူလီက ခေါင်းခါလိုက်သည်။

"ငါလူသားတွေကို အိမ်မွေးတိရစ္ဆာန်လုပ်ရတာ မကြိုက်ဘူး..."

သရဲမက အလွန်အံ့အားသင့်သွားလေသည်။ တာအိုပညာရှင်က နောက်နေခြင်းမဟုတ်သည်ကို မြင်သောအခါမှသာ သူ့အား လေးလေးနက်နက် အရိုအသေပေးပြီး မီကူးသစ်ကိုင်းနှင့် ထွက်သွားလေသည်။ 

တစ်နာရီကြာပြီးနောက် နာမည်ကြီး အနုပညာရှင် လုရမ်ကျား၏ သေဆုံးမှုသတင်းက အမျိုးမျိုးသော အဓိက ဖျော်ဖြေရေး သတင်းမီဒီယာများတွင် ပျံ့နှံ့သွားလေသည်။ မကြာမီမှာပင် ရဲများက သေဆုံးကြောင်းကို အစီအရင်ခံလေသည်။ ၄င်းက မိမိကိုယ်ကို သတ်သေခြင်းရော လူသတ်မှုရော မဟုတ်ပါပေ။ ဆေးလွန်သေဆုံးခြင်းသာ ဖြစ်ပေသည်။

သေဆုံးကြောင်း အစီအရင်ခံပြီးသည့်နောက်တွင် တစ်တိုင်းပြည်လုံးက အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။ ပို၍ အံ့အားသင့်ဖွယ်အကြောင်းအရာကို နှစ်ရက်အကြာတွင် ထပ်မံကြေညာလေသည်။ လုရမ်ကျား၏ သေဆုံးမှုက လွန်ခဲ့သည့် နှစ်ဝက်က သေဆုံးခဲ့သည့် တက္ကသိုလ်ကျောင်းသူတစ်ဦးနှင့် ဆက်စပ်နေလေသည်။ 

ထိုကျောင်းသူမှာ လုရမ်ကျား၏ ပရိသတ်တစ်ယောက်ဖြစ်လေသည်။ သူမက လှပသည်ကို မြင်ရာ လုရမ်ကျားက သူမကို ရည်ရွယ်ချက်ရှိရှိ ဖိတ်ခေါ်ပြီး ဆေးသုံးစေကာ အဓမ္မပြုလိုသည်ဖြစ်သည်။ သူ့၏ မူလ ရည်ရွယ်ချက်မှာ သူမကို ဆေးသုံးစေပြီး သူ့အား နာခံလာစေရန်ဖြစ်သည်။ သို့သော် မိန်းကလေးမှာ ခေါင်းမာနေမည်ဟု သူမမျှော်လင့်ထားမိပါပေ။ သူမက သူနှင့် လုံးထွေးသတ်ပုတ်ကာ အဆောက်အဦးထက်မှ ပြုတ်ကျသွားလေသည်။ 

မိန်းကလေး သေဆုံးပြီးနောက် သူမက ဆေးသုံးပြီး ဟိုတယ်တွင် အခန်းတစ်ခန်းယူထားသည်ဖြစ်ရာ သူမနှင့် ထိုက်တန်သည်ဟု တစ်ချို့က ဆိုကြသည်။

ကြည့်ရှုသူများ၏ စော်ကားမှုများနှင့် သူမ၏ မိဘများ၏ မျက်ရည်များက အမျိုးသမီးကို သေဆုံးပြီးသည့်တိုင် အေးအေးချမ်းချမ်း အနားမယူနိုင်အောင် ပြုလုပ်ထားပေသည်။ အဆုံးတွင် သူမက သရဲမတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လုရမ်ကျားကို နေ့တိုင်းနှောင့်ယှက်နေလေသည်။

ဖူလီလုပ်ခဲ့သည့် တစ်ခုတည်းသော အရာမှာ သူမကယင်းချိုင်ကို ရှောင်နေစဉ်တွင် သူမကို သူပြုလုပ်ထားသည့် အကာအကွယ်နောက်တွင် ဖုံးကွယ်ပေးထားခြင်းပင်။

ညဆိုင်းအတွင်း ရင်းနှီးသည့် ခေါင်းလောင်းသံတစ်ခုကြားသည့်အချိန်တွင် ဖူလီက ကောင်တာမှ မိန်းကလေးများ လုရမ်ကျားအကြောင်း အတင်းတုပ်နေသည်ကို နားထောင်ကာ ဟိုတယ်ပြင်ပမှ ညကောင်းကင်ယံကို ငေးကြည့်နေသည်။

သူက အဓိက ဝင်ပေါက်တွင်ရပ်ပြီး ဖြတ်သွားသည့် ယင်းချိုင်ကို မြင်လိုက်ပေသည်။ 

"မင်းပဲ..."

ထိုယင်းချိုင်က အနက်ရောင် ဝတ်စုံတစ်ခုဝင်ဆင်ထားသော်လည်း သူ့ဆံပင်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက စတိုင်ဖြစ်သည့် ဆံထုံးတစ်ခု ထုံးထားသည်။ ၄င်းက နေရာနှင့် အနည်းငယ် မဆိုင်သည့်ပုံရပေသည်။

"နှစ်တွေ ဒီလောက်ကြာပြီကို မင်းက အသက်ရှင်နေသေးတယ်လား..."

ဖူလီ၏ နက်စွေးစွေး မျက်လုံးများက ယင်းချိုင်ကို စိုက်ကြည့်နေလေသည်။

"မင်းက ဘယ်သူလဲ..."

ယင်းချိုင်က စကားမဆိုပါချေ။ လမ်း၏ တစ်ခြားတစ်ဖက်မှ ခြေသံများ ထွက်ပေါ်လာသည်။

Xxxx