အပိုင်း ၁၂
Viewers 16k


Chapter 12
သရဲ သတင်းပို့သူ



ခြေသံများက ပို၍ပင်ကျယ်လောင်လာသည်။ ယင်းချိုင်နှင့် ဖူလီတို့က ခြေသံကြားရာဆီသို့ တစ်ချိန်တည်း လှမ်းကြည့်လိုက်သည်။ လမ်းထောင့်တွင် အနောက်တိုင်းဝတ်စုံဝတ်ထားသည့် ခပ်ချောချော အမျိုးသားတစ်ဦးက ထွက်ပေါ်လာသည်။ ထိုအမျိုးသားကို မြင်သည်နှင့် ယင်းချိုင်၏ မျက်နှာပေါ်တွင် ရိုသေလေးစားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ 

"သခင်လေး ကျွမ်းချင်..."

ကျွမ်းချင်က ခေါင်းညိမ့်လိုက်ပြီး ဖူလီကို စောင်းကြည့်လိုက်သည်။ သူက သူတို့၏ စကားဝိုင်းကို ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိပဲ ရပ်တန့်ရန် လာခဲ့ခြင်းဖြစ်သည်။

မြေအောက်လောကနှင့် စီမံခန့်ခွဲရေး ဗျူရိုတို့က အချင်းချင်း အဆက်အဆံ ရှိကြသည်။ ကျွမ်းချင်ရှိနေ၍ ယင်းချိုင်က ပို၍ ထိန်းထိန်းသိမ်းသိမ်းဖြစ်နေသည်။ သို့သော် ဖူလီကို တွေ့ရခြင်းသည် သူ့အား လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်သွားခဲ့သည့် အဖြစ်အပျက်များကို ပြန်သတိရသွားစေသည်။ ထိုအချိန်က သူသည် ယင်းချိုင် ဖြစ်ခါစဖြစ်ပြီး သေဆုံးခြင်းကြောင့် ဖြစ်စေသည့် ကွဲကွာခြင်းကို တွေ့ကြုံရခြင်းအား အသားမကျသေးပါချေ။ သရဲတစ်ကောင်၏ ချစ်ရသူတို့၏ ပူဆွေးဝမ်းနည်းမှုက သူ့နှလုံးသားထဲမှ တင်းအားကို ဖြေလျော့ရန် ခက်ခဲလှသည်။ သူက သူ့ထံမှ ဝိညာဉ်ကို အဓမ္မ သိမ်းပိုက်ရန် ကြိုးစားပြီး သူ့ဝိညာဉ်ကို မြေအောက်ကမ္ဘာသို့ ခေါ်ဆောင်သွားခြင်းမှ တားဆီခဲ့သည့် ကျင့်ကြံခြင်းအခြေခံရှိသည့် မိစ္ဆာတစ်ကောင်နှင့် ကြုံခဲ့ရဖူးသည်။ 

ယောင်ကျင့်ကြံသူ(မိစ္ဆာကျင့်ကြံသူ)များ နေထိုင်သည့် တောင်တစ်ခုဆီသို့ သွားရောက်ကာ လူသားဝိညာဉ်တစ်ခုကို ခေါ်ဆောင်ရမည်ကို သိသောအခါ သူက တစ်လမ်းလုံး အလွန်ကြောက်နေခဲ့ပေသည်။ သူက ထိုနေရာသို့ ရောက်သည့်အခါ ယောင်ကျင့်ကြံသူက အလောင်းဘေးတွင် ထိုင်နေပြီး အလောင်းကို လှပသည့် ပန်းထိုး ပိုးသားစောင်တစ်ထည်ဖြင့် ဖုံးထားပေးသည်။ စိတ်ဝိညာဉ် ပိုးကောင်များမှ ရရှိသည့် ပိုးသားဖြင့် ပြုလုပ်ထားသည့် ထိုသို့ ပန်းထိုး ပိုးသားစောင်များက အလောင်းကို နှစ်တစ်ရာတိုင် ပုပ်သိုးခြင်းမှ ကာကွယ်ပေးနိုင်သည်ဟု ဆိုကြသည်။ ထိုအနေအထားကို မြင်သည့်အခိုက်တွင် ယင်းချိုင်က ပျက်ဆီးခြင်းတစ်ခုကို ခံစားမိလေသည်။ ဤကဲ့သို့ ပိုးသားစောင်ကို ထုတ်ထားသည်ဖြစ်ရာ ထိုနေ့၌ ဝိညာဉ် ခေါ်ဆောင်ရန်မှာ သူ့အတွက် အနည်းငယ် ခက်ခဲပေသည်။ 

ကံကောင်းစွာဖြင့် ဝိညာဉ်က မငိုကြွေးသလို မသေလိုကြောင်းလဲ ပြောဆိုမနေချေ။ ယောင်ကျင့်ကြံသူသည်လည်း မည်သည်ကိုမှ တောင်းဆိုမည့်ဟန် မရပါပေ။ အစမှ အဆုံးထိတိုင် စကားတစ်ခွန်းပင် မဆိုချေ။ သူက ဝိညာဉ်ပိတ်လှောင် ချိန်းကြိုးကို ချည်နှောင်သည့် အချိန်မှသာလျှင် မိစ္ဆာကျင့်ကြံသူက သူ့အား အနည်းငယ် ညင်ညင်သာသာ ပြုလုပ်ပေးရန် ဆိုလာသည်။ 

သူက ညင်ညင်သာသာ ပြုလုပ်ပေးခဲ့သည်။ လမ်းတစ်လျှောက်တွင် ထိုဝိညာဉ်က တစ်ခွန်းမှမဆိုပါပေ။ သူတို့ မြေအောက်ကမ္ဘာ၏ ဝင်ပေါက်ကို ဖြတ်လာပြီးမှသာလျှင် ဝိညာဉ်၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာကာ သွေးကြောင်းနှစ်ခုဖြစ်ပေါ်လာသည်။ နီရဲရဲ မျက်ရည်များနှင့် အမူအရာမဲ့ မျက်နှာတစ်ခုပေါင်းစပ်လိုက်သည့်အခါ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှပြီး ယင်းချိုင်က ထိုဝိညာဉ်နှင့် ယောင်ကျင့်ကြံသူကို နှစ်ပေါင်းများစွာတိုင်အောင် မှတ်မိနေပေသည်။ 

"လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက ကျွန်တော် ခင်ဗျားနဲ့ တွေ့ဖို့အခွင့်အရေးတစ်ခုရခဲ့တယ်..."

ယင်းချိုင်က ဤယောင်ကျင့်ကြံသူက ထိုလူသားက မည်သူအဖြစ် ပြန်လည်မွေးဖွားလာသည်ကို မေးလာမည်ကြောက်၍ ထိုလူသားဝိညာဉ်အကြောင်းကို ထုတ်မပြောခဲ့ပါပေ။ 

"လွန်ခဲ့တဲ့ နှစ်နှစ်ထောင်..."

ဖူလီက အတန်ကြာအောင် စဥ်းစားလိုက်ပြီး သူက ယင်းချိုင်တစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ခဲ့သည့်အချိန်ကို မှတ်မိသွားလေသည်။ 

"မင်းက မြေအောက်ကမ္ဘာက ပို့လိုက်တဲ့ ယင်းချိုင်လား..."

ယင်းချိုင်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ဤနှစ်ထဲတွင် ယင်းချိုင်က အမှန်ပင် သတ္တိများ လျော့ပါးလာပေသည်။ 

"ကျွန်တော်က လီရှုလို့ခေါ်ပါတယ်... နှစ်တွေ အများကြီး ကြာပြီးမှ ကျွန်တော်တို့ ပြန်တွေ့နိုင်တာ ကံကြမ္မာပဲနော်..."

သူက ဖူလီဝတ်ထားသည့် ဝတ်စုံကို သတိထားမိသွားသည်။

သူက... ဒီလူသားကမ္ဘာက လုံခြုံရေးအစောင့်တစ်ယောက်လား...

ဖူလီက ယင်းချိုင်ဝတ်ထားသည့် ဝတ်စုံမှာ သူညနေက တွေ့ခဲ့သည့် ယင်းချိုင်နှင့် မတူညီသည်ကို သတိပြုမိပြီး နားလည်စွာ ဆိုလိုက်သည်။

"မင်းက နှစ်နှစ်ထောင်အတွင်း ရာထူးတက်သွားပုံပဲ..."

လီရှုက ပြုံးကာ သူ့အိတ်ထဲမှ စီးကရက်တစ်လိပ်ထုတ်ကာ ဖူလီကို ပေးလိုက်သည်။ ဖူလီက ငြင်းလိုက်ပြီးနောက် သူက သူ့အတွက်သာ မီးညှိလိုက်သည်။

"ငါထင်တာက... တောင်ပေါ်က တခြားမိစ္ဆာတွေလိုပဲ ခင်ဗျားလဲ..."

သူက အနီးနားရှိ ကျွမ်းချင်ကို တစ်ချက်ကြည့်ကာ သူ့စကားများကို မျိုချလိုက်သည်။

သူက ထိုဝိညာဉ်ကို လမ်းပြပေးရန်အတွက်သာ ထိုတောင်ပေါ်သို့ သွားခဲ့ခြင်းပင်။ သူက နှစ်ရာပေါင်းများစွာ ကြာပြီးနောက် အခြားသော ယင်းချိုင်ကို ထိုတောင်ပေါ်ရှိ ယောင်ကျင့်ကြံသူအကြောင်း မေးပြီးသည့်အချိန်မှသာလျှင် သူ့၏ ဝိညာဥ်သယ်ဆောင်ရေး အနှစ် ၈၀မြောက်တွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်အကြောင်းကို သိရှိခဲ့ပေသည်။

 ထိုအချိန်က မိုးပြာရောင် နဂါးများစွာက ရေနှင့်ဆော့ကစားကာ မိုးကြိုးမုန်တိုင်းများစွာကို
ဖြစ်ပေါ်စေခဲ့သည်။ ထိုတောင်ပေါ်ရှိ ယောင်ကျင့်ကြံသူက လူသားများ ခံစားနေရသည်ကို မကြည့်နိုင်တော့၍ ထိုနဂါးများထံမှ သက်ညှာမှု တောင်းဆိုခဲ့သည်။ သို့သော် ထိုမိုးပြာရောင် နဂါးများက ဒေါသထွက်သွားမည်ဟု မည်သူက ထင်ပါမည်နည်း။ အဆုံးတွင် ထိုယောင်ကျင့်ကြံသူတစ်ချို့က သေဆုံးကာ တစ်ချို့က ဒဏ်ရာရသွားကြသည်။ တောင်တစ်ခုလုံးသည်လည်း ပြိုကျသွားပေသည်။ လီရှုက ဤယောင်ကျင့်ကြံသူသည်လည်း သေဆုံးသွားပြီဟု မှတ်ယူထားခြင်းဖြစ်သည်။ သို့သော် ထိုကဲ့သို့ ကံကြမ္မာအပြောင်းအလဲများကြားတွင် ဤယောင်ကျင့်ကြံသူက အသက်ရှင်နိုင်ဆဲဖြစ်သည်။ 

ဖူလီ၏ မျက်ခွံများက မှေးကျလာသည်။ အတိတ်မှ အဖြစ်အပျက်များကို ပြောဆိုနေသော်လည်း သူ့အသံမှာ အတက်အကျ မရှိပါပေ။

"အဲ့အချိန်မှာ ငါတော့ အိပ်ပျော်နေပြီ..."

လီရှုက ရုတ်တရက် သဘောပေါက်သွားသည်။ 
ဒါကြောင့်များ ဒီမိစ္ဆာက သေခြင်းကနေ လွတ်မြောက်လာတာလား...

"ဘမ်း..."

အဝေးမှ အသံကျယ်ကြီးတစ်ခုက ပဲ့တင်ထပ်လာကာ ကောင်းကင်သို့ မီးများ ဖြာတက်လာပေသည်။ 

လီရှုက စီးကရက်ကို လွှင့်ပစ်ကာ သူ့ဖိနပ်ဖြင့် တက်နင်းလိုက်သည်။

"ငါအလုပ် လုပ်သင့်ပြီ..."

"ခဏလေး..."
ဖူလီက ခေါ်လိုက်သည်။

လီရှု၏ နှလုံးသားက တင်းကြပ်သွားသည်။ 
သူက ငါ့ကို အဲ့လူသားအကြောင်း မေးမလို့များလား...

"အမှိုက်မဖွနဲ့..."

ဖူလီက သူ့ခြေထောက်ဘေးရှိ စီးကရက် ဖင်ဆီခံကိုညွှန်ပြကာ သူ့လက်ညှိုးကို အနီးနားရှိ အမှိုက်ပုံဆီသို့ ရွေ့ပြလိုက်သည်။

လီရှု : "..."

သူက ခေါင်းငုံ့ကာ စီးကရက် ဖင်ဆီခံကိုကောက်လိုက်ပြီး အနီးရှိ အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။ 

"လူချောလေးဖူ... ဘယ်သူနဲ့ စကားပြောနေတာလဲ..."

ကောင်တာမှ အမျိုးသမီးသည် ဖူလီက အပြင်တွင် တစ်ယောက်တည်း စကားပြောနေသည်ကို မြင်ရာ သူမက နောက်ဆုံးတွင် သမိုင်းဝင် သဘာဝလွန်ဖြစ်ရပ်တစ်ခုကို မြင်ရပြီဟုတွေးကာ ကျောမချမ်းပဲမနေနိုင်ပါချေ။ ဟိုတယ်တိုင်းနီးပါးသည် တိတ်တဆိတ် ပျံ့နှံ့နေသည့် ထူးထူးဆန်းဆန်းပုံပြင်များ ရှိပေသည်။ ဤဉပဒေသမှာ ကျောင်းများသည် သင်္ချိုင်းများနှင့် ဘုရားကျောင်းများပေါ်တွင် တည်ဆောက်ထားသည်ဟူသော အဆိုနှင့် ဆင်တူပေသည်။ 

"သူငယ်ချင်းတစ်ယောက်ပါ..."

ဖူလီ၏ အကြည့်က ကျွမ်းချင်ပေါ်သို့ ရောက်ရှိသွားသည်။ 

"သူက အကြောင်းတစ်ခုကြောင့် ငါ့ကို လာရှာတာ"

ဖူလီ၏ စူးစူးစိုက်စိုက်အကြည့်များအောက်တွင် ကျွမ်းချင်က နီးကပ်လာပြီး ကောင်တာမှ အမျိုးသမီး၏ မြင်ကွင်းထဲသို့ရောက်ရှိလာသည်။ 

ကောင်တာမှ အမျိုးသမီးက တစ်ချက်ကြည့်ကာ သူမက သရဲပုံပြင်များ အလွန်အကျွံ နားထောင်ထားမိသည်ဟု ခံစားလိုက်ရသည်။

ဘယ်လို သရဲကများ ဒီလောက်ချောပြီး အထက်တန်းကျနေမှာလဲ... 
သူမက ချောမောခံ့ညားမှု၏ စွမ်းအားအောက်တွင် ရိုးရိုးသားသားပင် ကျဆင်းသွားလေသည်။

ထိုအခိုက်တွင် တစ်စုံတစ်ဦးက ဟိုတယ်တည်းရန် ရောက်ရှိလာ၍ ကောင်တာမှ အမျိုးသမီးက အမျိုးသား၏ ချောမောမှုကို သွားရည်ကျချင်သော်လည်း အလုပ်ကို အရင်ဆုံး အပြီးသတ်လုပ်ဆောင်ရပေသည်။ 

"ကျွမ်းကျင့်ကြံသူ ထိုင်ပါ..."

ဖူလီက ကျွမ်းချင်ကို သောက်စရာတစ်ခု ကမ်းပေးလိုက်ပြီး အများသုံးဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ခွင့်ပြုလိုက်သည်။ 

"ဒီနေ့ မင်းရဲ့ ဟိုတယ်မှာ အနုပညာရှင်တစ်ယောက် ဆုံးသွားတယ်မလား..."

ကျွမ်းချင်က လိုရင်းကို ဆိုလာသည်။
"အခင်းဖြစ်တုန်းက မင်းရှိနေလား..."

ဖူလီက ခေါင်းခါလိုက်သည်။
"ကျွန်တော်က လူသစ်လေ... ဧည့်သည်တွေက မလိုဘူးဆိုရင် VIP အခန်းထဲကို သွားခွင့်မရှိဘူး..."

"ငါနားလည်ပြီ..."

ကျွမ်းချင်က မတ်တပ်ရပ်လိုက်သည်။ ဖူလီက သူ့၏ ဝတ်စုံနှင့် မတ်မတ်ထိုင်နေသည်ကို မြင်ရသည်မှာ တခြားသူများ၏ ကိစ္စများတွင် ဝင်ပါရသည်ကို မကြိုက်သည့် သူက နောက်ထပ်သော မေးခွန်းတစ်ခုကို မမေးပဲ မနေနိုင်ပါချေ။

"မင်းက လုံခြုံရေး အစောင့်ပဲ လုပ်တော့မှာလား..."

"မဟုတ်ဘူး... ကျွန်တော့်အိပ်မက်က အစိုးရဝန်ထမ်းဖြစ်ဖို့လေ..."

ဖူလီက ကျွမ်းချင်က မသောက်သည်ကို မြင်သောအခါ ခွက်ကိုမပြီး သူကိုယ်တိုင်သောက်လိုက်လေသည်။

"ကံမကောင်းတာက ကျွန်တော်က တစ်ခုခုလိုအပ်နေတုန်းပဲလေ..."

"ဘာလိုနေတာလဲ..."
ကျွမ်းချင်က မေးလိုက်သည်။

"တက္ကသိုလ် ဘွဲ့ရဖို့..."

ကျွမ်းချင်က မဖော်ပြနိုင်သည့် မှိုင်းထိုင်းခြင်းတစ်ခုကို ခံစားလိုက်ရသည်။ သူက ကိစ္စအနည်းငယ် ထပ်မေးလိုသော်လည်း ဖူလီက ဧည့်သည်များအား သူတို့၏ ခရီးဆောင်အိတ်များ သယ်ဆောင်ပေးရန် ထွက်သွားပြီ ဖြစ်လေသည်။ သူက အဝေးသို့ ကြည့်လိုက်ကာ မီတာရာပေါင်းအနည်းငယ်ခန့်တွင် အတွဲလိုက် မတော်တဆမှုတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဝိညာဉ် အတန်းအရှည်ကြီးက ယင်းချိုင်၏ ဝိညာဉ်ပိတ်လှောင် ချိန်းကြိုးသို့ တွဲဆက်နေပေသည်။ 

မြင်ကွင်းက ဖရိုဖရဲဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ ရဲကားများ၊ မီးသက်စက်များနှင့် လူနာတင်ယဉ်များ ပြည့်နှက်သွားလာနေပြီး ကိုယ်ပိုင်ကားများက ၄င်းတို့အတွက် လမ်းဘေးသို့ ထိုးကပ်ထားကြသည်။ မြင်ကွင်းတစ်ခုလုံးမှာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်သည်။

လူနာတင်ယဉ်တစ်စီးက တဝီဝီမြည်ကာ သူ့ဘေးမှ ဖြတ်သွားသည်။ သူက ဝိညာဉ်များကို ဦးဆောင်သည့် ယင်းချိုင်က သူ့ရှေ့တွင် မပေါ်လာခင်အထိ အမူအရာမဲ့စွာ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှိုက်ထားလေသည်။ ညဉ့်ယံလေ ပေါ်ထွက်လာကာ သွေးနံ့ဖျော့ဖျော့ကို ၄င်းနှင့် အတူသယ်ဆောင်လာလေသည်။

"သခင်လေး ကျွမ်းချင်..."

လီရှုက ကျွမ်းချင်က နေရာတွင် မလှုပ်မယှက်ရပ်နေသည်ကို တွေ့လိုက်ရာ သူ့အားရှာနေသည်ဟုထင်ကာ ရပ်ပြီး မေးလိုက်သည်။

"တစ်ခုခုကြောင့် ကျွန်တော့်ကို ရှာနေတာလား..."

ကျွမ်းချင်က ဝိညာဉ်များထဲတွင် အမျိုးသားများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် လူငယ်များရှိနေသည်ကို တွေ့လိုက်သည်။ ခေတ္တမျှ ကြည့်လိုက်ပြီးနောက် သူက အကြည့်လွှဲသွားလေသည်။

"မင်းရဲ့ မြေအောက်ကမ္ဘာက ဒီညနေ လစန္ဒာပေါင်းကူးဟိုတယ်မှာ ဝိညာဉ်ပို့ဆောင်ပေးဖို့လာတုန်းက ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ရှိသေးလား..."

"ကျွန်တော်တော့ တစ်ခုမှ မကြားမိဘူး... လစန္ဒာပေါင်းကူးဟိုတယ်ရဲ့ သူဌေးက ကျင့်ကြံခြင်းလောကနဲ့ ဆက်နွယ်မှု ရှိတယ်တဲ့... ဘယ်သာမန်လူကမှ ဟိုတယ်ထဲမှာ တစ်ခုခု မလုပ်ရဲလောက်ဘူး..."

လီရှုက ပြန်ဖြေလိုက်သည်။

"အဲ့ဆယ်လီက အလကားကောင်ပါ... သူ့သက်တမ်းတစ်လျှောက် လုပ်ခဲ့တဲ့ မကောင်းမှုတွေက တောင်ကြီးတစ်တောင်ဖြစ်လာဖို့တောင် လုံလောက်တယ်... သူက မြေအောက်ကမ္ဘာမှာ ရာစုနှစ်တော်တော်ကြာအောင် အလုပ်ကြမ်းလုပ်ဖို့ အခိုင်းခံရလောက်တယ်... သူက အရင်ဘဝတုန်းကလည်း ကံတရားကို မစုဆောင်းထားဘူး... ဒီဘဝမှာလဲ ထာဝရရှင်သန်ဖို့ မကျင့်ကြံဘူး... သူနောက်ဘဝမှာ ဘယ်လိုပြန်ပြီး မွေးဖွားလာမလဲ ဘယ်သူသိမှာလဲ..."

"သူဌေး..."

ချူးယွီက ကားမောင်းလာသည်။ လီရှုကိုမြင်သောအခါ သူက ပြုံးကာဆိုလိုက်သည်။

"အိုး... ယင်းချိုင်ခေါင်းဆောင် အကြီးအကဲ... ဒီနေ့ ဘာလို့ ဝိညာဉ်ပို့ဆောင်ဖို့ ကိုယ်တိုင်ထွက်လာတာလဲ..."

"ငါရဲ့ လုပ်ဖော်ကိုင်ဘက်တွေက အရမ်း အလုပ်များနေလို့ လာကူပေးတာ..."

လီရှုက ထိုသူနှစ်ဦးက လုပ်စရာရှိသည်ကို သိ၍ ပါးပါးနပ်နပ်ဆိုလိုက်သည်။

"ကျွန်တော် အရင်သွားနှင့်မယ်... စိတ်ကြိုက်နေကြပါ..."

လီရှုထွက်သွားသည့်အခါ ချူးယွီက ကျွမ်းချင်ကို ခေါင်းခါပြလိုက်သည်။ 

ကျွမ်းချင်က ကားထဲတွင်ထိုင်က မနီးမဝေးရှိ အဆောက်အဦးမြင့်ကြီးတစ်ခုကိုကြည့်ကာ ခေါင်းမီှလိုက်သည်။ မီးလင်းနေသည့် ဆိုင်းဘုတ်က တောက်ပနေသည်။ 'လစန္ဒာ ပေါင်းကူးဟိုတယ်' ဟူသော စကားလုံးသုံးလုံးမှာ အဝေးမှပင် မြင်နိုင်လေသည်။

"ကျွန်တော် လစန္ဒာပေါင်းကူးဟိုတယ် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ခဲ့သေးတယ်... ဒါပေမဲ့ ရန်လိုတဲ့ ချီနည်းနည်းတောင် အာရုံမခံမိဘူး... ကျွန်တော် ခုဏလေးတင် ဝမ်ဟန်နဲ့ ဆက်သွယ်လိုက်တာ... သူပြောတာတော့ ဒီဟိုတယ်ရဲ့ ဝန်ထမ်းတွေထဲမှာ မိစ္ဆာတစ်ယောက်ပဲ ရှိတယ်တဲ့... သူ့နာမည်က..."

"ဖူလီ..."

ကျွမ်းချင်က ဆိုလိုက်သည်။ သူက ထိုစကားလုံးနှစ်လုံးကို ရွတ်ဆိုလိုက်သည့်အခါ သူ့၏ စကားပြောပုံမှာ ထူးဆန်းပြီး တောင့်တင်းလာသည်မှာ လမ်းဘေးမှ ကျောက်တုံးတစ်ခု သို့မဟုတ် သာမညောင်ည ပန်းပွင့်လေးတစ်ပွင့်အကြောင်း ပြောနေသကဲ့သို့ပင်။

ချူးယွီက မိစ္ဆာဓာတ်နှင့် ရန်မူလိုသောချီတို့အား အလွန်ခံစားသိနိုင်ပေသည်။ သူက တခြားသူများ အာရုံမခံနိုင်သော ရနံ့များကို အလွယ်တကူ ရနိုင်ပေသည်။ သူ၏ မူလအသွင်မှာ ငါးဖြစ်နေပြီး ခွေးမဟုတ်နေခြင်းကြောင့်သာမဟုတ်ပါက သူက ရဲခွေးတစ်ကောင်အဖြစ် ရှင်သန်နိုင်ပေသည်။ သူက ဟိုတယ်အနီးတွင် မည်သည်ကိုမှ အာရုံမခံမိပါပေ။ ဆိုလိုခြင်းမှာ သူတို့၏ တွက်ချက်မှုတွင် မှားယွင်းမှုတစ်ခုရှိနေသည်ဟု ဆိုလိုခြင်းပင်။ လုရမ်ကျား၏ သေဆုံးမှုက မည်သူနှင့်မှ မဆိုင်ပါပေ။

"ဒီကိစ္စကိုထပ်ပြီး စုံစမ်းဖို့ မလိုတော့ဘူး... ဒီအမှုကို သဘာဝအရသေဆုံးမှုလို့ပဲ အဆုံးသတ်လိုက်..."

ကျွမ်းချင်က သူ့မျက်လုံးများကို ပိတ်လိုက်သည်။

"အိမ်ပြန်ကြစို့..."

ကျွမ်းချင်၏အမည်ဖြင့် အလွန်တန်ဖိုးကြီးသည့် ဗီလာတစ်ခုရှိပေသည်။ အတွင်းပိုင်အပြင်အဆင်များ၏ ဒီဇိုင်းမှာ 'ခန်းနားကြီးကျယ်မှုထဲမှ ရွှေနှင့် ကျောက်စိမ်း'ဟု ဖော်ပြ၍ ရနိုင်သည်။ သူ့အိမ်ကို မြင်သည့် လူတိုင်းမှာ ၄င်း၏ ပရိဘောဂများကြောင့် ကြောင်ငေးနေမည်ဖြစ်သည်။ ကျောက်မျိုးစုံ၊ သန္တာကျောက်များ၊ ပုလဲများနှင့် တခြားသော မျိုးတူပစ္စည်းများစွာ ရှိနေပေသည်။ တော်ဝင်မျိုးနွယ်များ ပါဝင်သည့် ရယ်စရာအကောင်းဆုံးသော တီဗွီဒရမ်မာများသည်ပင် ဟိတ်ဟန်များသည်ဟု ဝေဖန်ခံမည်စိုး၍ ဤကဲ့သို့ နေရာမျိုးတွင် ရိုက်ကူးရန် မတွေးရဲကြပေ။ 

ဧည့်ခန်းထဲတွင် အလွန်ကြီးမားသည့် သဘာဝ သလင်းကျောက် မီးဆိုင်းကြီး ချိတ်ဆွဲထားသည်။ ထောင့်တစ်ခုစီမှ ထွန်းလင်းသည့် အလင်းတန်းတိုင်းက အဓိပ္ပာယ်ရှိလှသည်။

၄င်းက ဈေးကြီးသည်။ အလွန် ဈေးကြီးပေသည်။

ပြတင်းပေါက်များရှိ ခန်းစည်းများမှာ ပုလဲများနှင့် အလှဆင်ထားပြီး ၄င်းပုလဲများမှာ ညဉ့်ယံလေတိုက်ခတ်လာသည့်အချိန်တိုင်း အနည်းငယ် ယမ်းခါသွားမည့် လက်မအရွယ်အစားခန့် ခရမ်းရောင် ပုလဲများဖြစ်သည်။

အမျိုးမျိုးသော ကျောက်တုံးများမှ ထုတ်လွှတ်နေသည့် အလင်းတန်းတောက်တောက်များက ချူးယွီကို မျက်လုံးပင် နာလာစေသည်။ သူက သူ့လက်ထဲတွင် သယ်လာသည့် သစ်သီးများကို စားပွဲပေါ်သို့တင်လိုက်သည်။ 

" ဘော့စ် ကျွန်တော်ပြန်ပြီနော်..."

"အင်း..."

ကျွမ်းချင်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သူက သူ့အိမ်တွင် တခြားသူများကို နေခိုင်းသည့် အကျင့်မရှိပါပေ။

ချူးယွီက တံခါးဆီမှ အလျင်အမြန် လျှောက်ထွက်သွားပြီး အငှားယာဉ်ထဲသို့ ဝင်လိုက်သည်။ သူက အတန်ကြာမှသာ ကားက လမ်းမှန်သို့ သွားနေခြင်းမဟုတ်သည်ကို သဘောပေါက်သွားသည်။ 

"ဆရာသွားနေတဲ့ လမ်းက မမှန်ဘူးထင်တယ်..."

"ကိစ္စမရှိပါဘူး..."

အငှားကား၏ ယာဉ်မောင်းက ရယ်မောနေသည်။ 

"လမရှိပဲ လေထန်တဲ့ညက ငါးတွေကို သတ်ဖို့ အကောင်းဆုံးလေ..."

ချူးယွီက လွတ်မြောက်ရန် ကြိုးစားနေသည်ကို မြင်သောအခါ ယာဉ်မောင်း၏ အပြုံးက တောင့်တင်းသွားသည်။ 

"ငါဒီကားကို မင်းအတွက် အထူးဆောက်ထားတာ... ဒါက မိစ္ဆာဓာတ်နဲ့ သရဲချီဓာတ်ကို တားဆီးပေးလို့ မိစ္ဆာတွေကို အလိုလို ပိတ်လှောင်ထားနိုင်တယ်... ဒါက မင်းလို ထူးချွန်တဲ့ စိတ်ဝိညာဉ် အာရုံခံမှု ရှိတယ်လို့ကြွားတတ်တဲ့ ငါးတွေနဲ့အတူ မြေမြုပ်ပစ်ဖို့ ကွက်တိပဲလေ..."

"မင်းက ရောင်ခြယ်အရေပြားနဲ့ သရဲတစ်ကောင်လား..."

ချူးယွီ၏ လက်ဖဝါးမှ ချွေးစေးများ စိမ့်ထွက်လာသည်။

မကြာသေးမီက ရောင်ခြယ်အရေပြားနှင့် သရဲတစ်ကောင်က သာမန်လူဟန်ဆောင်ကာ သူ့အား ခြိမ်းခြောက်သည်ကို သူသိရှိခဲ့သည်။ သူက သူ့၏ အဖွဲ့ဝင်များကို ၄င်းအားဖမ်းရန် ခေါ်ဆောင်လာသော်လည်း ရောင်ခြယ်အရေပြားနှင့် သရဲက လွတ်မြောက်သွားပြီး ဘော့စ်ခေါ်ဆောင်လာသည့် လျှပ်စီးအောက်တွင် သေဆုံးသွားသည်။
ဒီ ရောင်ခြယ် အရေပြားနဲ့ သရဲက လက်စားချေဖို့ ရောက်လာတာလား...

သူက စိတ်ဝိညာဉ် ခံစားမှုနဲ့ ပတ်သတ်ပြီး ထူးချွန်တယ်ဆိုပေမဲ့ တိုက်ခိုက်နိုင်တဲ့ ခွန်အားက ဘဲတစ်ကောင်နဲ့တောင် ယှဉ်လို့မရဘူးလေ... ဒီတစ်ခါတော့ သူကံဆိုးမိုးမှောင် ကျပြီ...

အငှားယာဉ်က အပြေးနှင်နေသည်။ ရောင်ခြယ် အရေပြားနှင့် သရဲက ၄င်း၏ မျက်နှာပေါ်ရှိ အရေပြားနှင့် အသားအတုတို့ကို ဖယ်ရှားကာ အရိုးဖြူဖြူများကို လှစ်ဟပြလာသည်။ 

ချူးယွီက စိတ်ပျက်အားငယ်စွာ တွေးတောလိုက်သည်။

ဒီမြင်ကွင်းကသာ ထောက်လှမ်းရေးကင်မရာတွေထဲမှာ ပါသွားရင် လူတွေကို ဒီယာဉ်မောင်းက လူသားအရိုးစုမဟုတ်ဘူး ဟာသတစ်ခုပဲဆိုတာ ယုံအောင် ဘယ်လိုပြောကြမလဲ... နေပါအုံး... သူက သေတော့မှာလေ... အဲ့ဒါကို ဘယ်သူက ဂရုစိုက်လို့လဲ...

သူက ကမ္ဘာကြီးအား တခြားသောအကြည့်တစ်ခုဖြင့် ကြည့်လို၍ စိတ်ပျက်အားငယ်စွာဖြင့် ပြတင်းပေါက်ပြင်ပသို့ ကြည့်လိုက်ရာ 'လစန္ဒာပေါင်းကူးဟိုတယ်'ဟူသည့် ဆိုင်းဘုတ်အကြီးကြီးကို မြင်လိုက်သည်။

သူ ဆိုင်းဘုတ်များကို မုန်းသည်။

ညအမှောင်ထဲရှိ လမ်းများတွင် ကားအနည်းငယ်နှင့် လူများပို၍ နည်းပါးလေသည်။ လမ်းဘေးတွင် ရပ်နေသည့် တစ်စုံတစ်ဦးက ယာဉ်မောင်း၏ အရိုးစုသွင်ပြင်ကို မကြောက်လန့်ပဲ ဆက်လက်၍ ကားတားနေသောအခါ လေထုက အလွန်ထူးဆန်းလာပေသည်။ 

ရောင်ခြယ်အရေပြားနှင့် သရဲက ကားရပ်ကာ ထိုလူကို တက်ရန်ခွင့်ပြုလိုက်သည်။

"မင်းတို့လို အရိုးဖြူဝိညာဉ် တွေတောင် ညဘက်ကို တက္ကစီမောင်းပြီး ပိုက်ဆံရှာဖို့လိုနေပြီလား..."

ဖူလီက ယာဉ်မောင်ဘေးခုံတွင် ဝင်ထိုင်ကာ ထိုင်ခုံခါးပတ်ပတ်လိုက်သည်။

"အသက်မွေး ဝမ်းကျောင်းအလုပ်လုပ်ရတာ တကယ် မလွယ်ဘူးပဲ..."

ရောင်ခြယ်အရေပြားနှင့် သရဲ : "..."

ချူးယွီ : ငါ့မျှော်လင့်ချက်တွေအကုန်လုံးတော့ သွားရှာပြီ...


Xxxxxx