အပိုင်း ၁၃
Viewers 17k


Chapter 13
စိန်


ရုတ်တရက် ကောင်းကင်မှ မိုးများ သည်းထန်စွာ ရွာသွန်းလာသည်။ ကား၏ လေကာပေါ်သို့ မိုးစက်များက တစ်ဖြောက်ဖြောက်မြည်ကာ ကျဆင်းနေသည်။ 

ကားထဲတွင် တခြားသော မိစ္ဆာကို အာရုံခံမိရာ ဖူလီက ပြုံးပြလိုက်သည်။

" ဆောရီး... လူလွတ်ကားဆိုတဲ့ ဆိုင်းဘုတ်က လင်းနေလို့ လူမရှိဘူး ထင်လိုက်တာ..."

"ကိစ္စမရှိပါဘူး..."

ရောင်ခြယ် အရေပြားနှင့် သရဲ၏ အသံထဲတွင် အေးစက်မှုများ ရှိနေသည်။ 

"တစ်ခေါက်ထဲနဲ့ နှစ်ယောက်ရမှာ ငါအတွက် အရှုံးမရှိပါဘူး..."

ချူးယွီက ဤမိစ္ဆာအသစ်မှာ တုံးအသည်ဟု ခံစားရ၍ သူ့မျက်နှာကို ဖုံးအုပ်လိုက်သည်။ အရိုးဖြူဝိညာဉ်တစ်ကောင်က အမှန်တကယ် ညအချိန်၌ အငှားယာဉ်မောင်းနေသည်ဆိုလျှင်ပင် အဘယ်ကြောင့် မူရင်းသဏ္ဍာန်ကိုပြသရန် လိုမည်နည်း။ တစ်မြို့လုံးတွင် စောင့်ကြည့် ကင်မရာများရှိနေသည်ဖြစ်ရာ 'ထိတ်လန့်ဖွယ် လူသား အရိုးစုတစ်ခုက အမှန်တကယ်ပင် ပိုက်ဆံရရန် အငှားယာဉ်မောင်းနေသည်'ဟူသော ခေါင်းစည်းက မနက်ဖြန်တွင် မီဒီယာပေါင်းစုံတွင် ပေါ်လာမည် ဖြစ်သည်။ 

"ဒါက ငါပထမဆုံး တက္ကစီ စီးဖူးတာလေ..."

ဖူလီက ပြတင်းပေါက်မှ မိုးရေထဲရှိ လမ်းမီတိုင်များကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"ဒါက စိတ်ဝင်စားဖို့တော့ ကောင်းသား..."

မိုးက ပို၍ပင် သည်းလာပေသည်။ အငှားယာဉ်က မီးနီဖြတ်မောင်းလိုက်သောအခါ ဖူလီက မျက်မှောင်ကြုတ်လိုက်သည်။ 

"ဘေးကင်းတာက တောင်းပန်တာထက် ပိုကောင်းတယ်ဆိုတဲ့ စကားပုံလိုပဲ မီးနီဖြတ်မောင်းတာက တော်တော်ကို အန္တရာယ်များတဲ့ အပြုအမူပဲ..."

"ဘာမှမဖြစ်ပါဘူး... ငါက ခဏနေရင် ပိုပြီးတောင် အန္တရာယ်များတာတွေ လုပ်အုံးမှာ..."

ရောင်ခြယ်အရေပြားနှင့် သရဲက ဤသို့တုံးအလှသည့် မိစ္ဆာတစ်ကောင်နှင့် တွေ့ဖူးခဲ့သည်မှာ အလွန်ကြာပြီ ဖြစ်သည်။

"ငါမြန်မြန်မောင်းလေလေ မင်းကို အိမ်မြန်မြန်ပို့ပေးလို့ရလေလေပဲ..."

"ဒါပေမဲ့ ငါမင်းကို လိပ်စာမပြောရသေးဘူးလေ... ငါဘယ်မှာနေတာလဲ မင်းဘယ်လိုလုပ်ပြီး သိမှာလဲ..."

အရူးကောင်... သူက မင်းကို သတ်တော့မှာမို့ကွ... 
ချူးယွီက စိတ်ထဲမှ အော်ဟစ်လိုက်သည်။ ဖူလီ အငှားယာဉ်အတွင်းသို့ ဝင်လာသည့်အချိန်တွင် ရောင်ခြယ်အရေပြားနှင့် သရဲက သူ့အား စကားပြောခြင်းမှ တားဆီးရန် ထူးဆန်းသည့်နည်းလမ်းတစ်ခု သုံးထားပေသည်။ 

ကားလေးမှာ အရှိန်ပြင်းပြင်း မြှားတစ်စင်းကဲ့သို့ မြို့ပြမှ ဝေးရာသို့ မောင်းနှင်လာပြီး စွန့်ပစ်ထားသည့် ဆောက်လုပ်ရေးဆိုက်တစ်ခုတွင် ရပ်တန့်သွားသည်။ ရောင်ခြယ်အရေပြားနှင့် သရဲက တံခါးကို မဖွင့်ခဲ့ပါပေ။ ၄င်းက ချူးယွီကို လှည့်ကြည့်လိုက်ပြီး ၄င်း၏ လက်သည်းငါးချောင်းကို ဓားများသဖွယ် ချွန်နေသည်။ ၄င်း၏ လက်သည်းများမှ ချောက်ချားဖွယ် အေးစက်စက် အလင်းများ ထွက်ပေါ်လာသည်။ 

"ညီအစ်ကို..."

ကျောက်စိမ်းသဖွယ် ဖြူဖွေးလှသည့်လက်တစ်ချောင်းက ၄င်း၏ အရိုးလက်ချောင်းများကို ညင်သာစွာ ဆွဲလိုက်သည်။

"နောက်ခန်းထဲက ဧည့်သည့်က သူတော်ကောင်းတရားနဲ့ အသိဉာဏ် ရှိပါတယ်... သူက လမ်းမှန်လျှောက်နေတဲ့ ယောင်ကျင့်ကြံသူပါ... သူ့ကို တစ်ခုခုလုပ်တာက နည်းနည်းမလွန်ဘူးလား..."

"လောင်ဇီက မကောင်းဆိုးဝါး ကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်တာကွ..."

ရောင်ခြယ်အရေပြားနှင့်သရဲက ကြက်သီးထဖွယ် ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့... ငါ ဒီငါးရဲ့ အတွင်းအမြုတေကို စားပြီးရင် မင်းအလှည့်ပဲ..."

"ငါတို့ မိစ္ဆာလောကမှာ စည်းမျဉ်းတစ်ခုရှိတယ်... မတရားလုပ်တဲ့ လူတွေကလွဲရင် အသိဉာဏ်ရှိတဲ့ သက်ရှိသတ္တဝါတွေကို မစားရဘူးဆိုတာပဲ..."

ဖူလီက သူ့ဘဝတွင် ပထမဆုံး အငှားယာဉ် စီးသည့်အတောအတွင်း ဤကဲ့သို့ မိစ္ဆာသတ်ဖြတ်ခြင်း မြင်ကွင်းနှင့် ကြုံရမည်ဟု မမျှော်လင့်ထားပါပေ။ သူက တစ်ရေးအိပ်ကာ စောင့်ကြည့်ပြီး လူသားဘဝတစ်ခုကို ကြုံတွေ့ရန် ထွက်လာဖို့ ဆုံးဖြတ်ပြီးနောက် ကမ္ဘာကြီးက အလွန်လျင်မြန်စွာ တိုးတက်သွားသည်ကို သဘောပေါက်ချိန်တွင် ကောင်းကောင်းပင် မနိုးသေးပါချေ။ 
သူက ဘာလို့အမြဲတမ်း လူသားတွေနဲ့ မိစ္ဆာတွေကို သတ်ရတာကြိုက်တဲ့ အရာတွေနဲ့ပဲ ကြုံနေရတာလဲ...

အရင်တုန်းက နာမည်ကျော် စာဆိုတွေက လူသူမရှိတဲ့ နေရာတွေမှာ သီးသန့်နေရတာကို ကြိုက်တာလဲ အံ့ဩစရာမရှိပါဘူးလေ... ဒီလူသားကမ္ဘာမှာ စိတ်ရှုပ်စရာတွေ ဒီလောက်များနေတာကို...

"သွားစမ်းပါ..."

ရောင်ခြယ်အရေပြားနှင့် သရဲက ဖူလီနှင့် ပေါက်ကရများဆက်လက်ပြောဆိုလိုစိတ်မရှိတော့၍ ချူးယွီ၏ အသက်ကို နှုတ်ရန် စတင်လှုပ်ရှားလိုက်သည်။ ၄င်း၏ လက်သည်းများက မျက်စိတစ်မှိတ်အတွင်းမှာပင် သိသိသာသာရှည်လာပြီး ချူးယွီ၏ ရင်ဘတ်သို့ ရောက်လာလေသည်။ 

ချူးယွီက သူအသတ်ခံရတော့မည်ဟု တွေးမိစဉ်မှာပင် သူ့ရင်ဘတ်ရှေ့ရှိ လက်ချောင်းများ၏ အဆစ်များက တိတိပပ ဆွဲဖြုတ်ခံလိုက်ရပြီး လက်ချောင်းအရိုးများအဖြစ်ပြောင်းသွားကာ ကားပေါ်သို့ ပြုတ်ကျသွားသည်။ 

"မင်းက သေချင်နေတာပဲ..."

ရောင်ခြယ်အရေပြားနှင့် သရဲက ဒေါသထွက်သွားလေသည်။ ဆွဲဖြုတ်ခံလိုက်ရသည် လက်များက ထပ်မံ ထွက်လာသည်။ ချူးယွီကို အရေးမစိုက်တော့ပဲ ရောင်ခြယ်အရေပြားနှင့် သရဲက လေကာကို လက်ထောက်ကာ နောက်လှည့်ပြီး ဖူလီကို တိုက်ခိုက်လာသည်။

ဖူလီ၏ မျက်လုံးထဲတွင် ဤအရိုးဖြူ စိတ်ဝိညာဉ်၏ လှုပ်ရှားမှုများက ခရုတစ်ကောင်သဖွယ် နှေးကွေးနေသည်။ ၄င်း၏ မှော်စွမ်းအားက ပို၍ပင် အားနည်းပေသည်။ ယခင်က သူ့လှိုဏ်ဂူနေအိမ်ဝင်ပေါက်ရှိ စာကလေးဝိညာဉ်ကပင် ၄င်းထက် မျှော်လင့်ချက် ရှိပေသည်။ အလွန်စိတ်အေးနေသည့် အမူအရာဖြင့် အရိုးဖြူ ဝိညာဉ် သူ့ဆီသို့ ထိုးလိုက်သည့် အရိုးဓားမြောင်ကို လက်နှစ်ဖက်ဖြင့် ညှပ်လိုက်သည်။ လျင်မြန်သည့် လက်ဖဝါးလှုပ်ရှားမှုတစ်ခုအပြီး အရိုးဖြူဝိညာဉ်၏ အရိုးစုမှာ ချက်ချင်းပင် တစ်စစီ ပြိုကျသွားပြီး အရိုးပုံတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ 

နောက်ခုံတွင် ထိုင်နေသော ချူးယွီက လည်ပင်းကို ကိုင်ကာ မျက်လုံးများ ခေါင်းလောင်းသဖွယ် ပြူးကျယ်နေတော့သည်။ 

ဖူလီက သူ့မျက်နှာထက်ရှိ မိုးရေစက်များကို သုတ်လိုက်ပြီး သူ့နောက်ရှိ အပြည့်အဝ ကွဲကျေသွားပြီ ဖြစ်သော လေကာကို တစ်ချက်ကြည့်လိုက်သည်။

မည်သည့် ရွေးချယ်စရာမှ မရှိတော့၍ သူက ကားတံခါးကိုဖွင့်ကာ ချူးယွီနှင့်အတူ ပူးကပ်ထိုင်လိုက် လေသည်။ 

ဖူလီက သူ့နှင့်လာထိုင်မည်ကို မြင်သောအခါ ချူးယွီက အလွန်ကြောက်လန့်ကာ တုန်ယင်နေပေသည်။ သူက ကားတံခါးဘေးသို့ အလွန်တိုးကပ်သွားလေသည်။ 

သူက လူသားအသွင်ယူထားသည့် နှစ်တစ်ထောင် ဘုရားကျောင်းတစ်ခုမှ ယင်ယန်ငါးတစ်ကောင်သာ ဖြစ်သည်။ သူက ချီနှင့် သွင်ပြင်များကို ခွဲခြားနိုင်စွမ်းရှိသော်လည်း ဤသေးငယ်လှသော စွမ်းရည်မှာ သူ့တွင်ရှိသမျှ အကုန်ဖြစ်လေသည်။ သူက သူ့၏ မူရင်းအသွင် ဓာတ်ပုံတစ်ခုကိုပင် ကံကြမ္မာပြောင်းလဲမှုဖြစ်စေရန် အသုံးမပြုနိုင်ပါပေ။

မိုးက ပို၍ပင် သည်းလာသည်။ မိုးရေများက ကားရှေ့ခန်းမှ နောက်ခန်းဆီသို့ စိမ့်ဝင်လာပြီး သူတို့၏ ထိုင်ခုံအောက်ခြေများကို အလွန်ပင် လျင်မြန်စွာ စိုစွတ်လာစေသည်။ 

"မင်းမှာ အမျိုးတွေ သူငယ်ချင်းတွေ ရှိလား... ငါ မိုင်တစ်ထောင်အသံကူးပြောင်းခြင်းကိုလွှတ်ပြီး သူတို့ကို မင်းကိုလာခေါ်ခိုင်းလိုက်ရမလား..."

ဖူလီသည် ထိုငါးက အလွန်ထိတ်လန့်သွားသည်ကို မြင်၍ ကြင်ကြင်နာနာဖြင့် အကူအညီပေးရန် ဆိုလိုက်သည်။ 

ချူးယွီက ခေါင်းခါလိုက်ပြီး သူ့လည်ပင်းကို ညွှန်ပြလိုက်သည်။ 

"မင်းက အသံတိတ်အတတ်တစ်ခုနဲ့ ပိတ်မိနေတာလား..."

ယခုမှသာ ဖူလီက ချူးယွီစကားမပြောနိုင်သည်ကို သဘောပေါက်သွားလေသည်။ 
ဒီလိုအသေးအဖွဲ့အတတ်လေးကတောင် သူ့ကို သက်ရောက်မှုရှိတယ်ဆိုတော့ ဒီငါးရဲ့ ကျင့်ကြံခြင်းအခြေခံက ဘယ်လောက်တောင် နိမ့်နေလို့လဲ..."

"မလို... မလိုပါဘူး..."

ချူးယွီ၏ လည်ပင်းက ပြန်လည်ကောင်းမွန်လာသည်။ သူက သတိတကြီးဖြင့် လက်ကိုင်ဖုန်းကို ထုတ်ကာ ဖူလီကို ထပ်မံခိုးကြည့်လိုက်သည်။ ဖူလီက သူ့အပြုအမူများကို မဆန့်ကျင်သည်ကို မြင်သောအခါတွင်မှ သူက သူ့ဘော့စ်၏ နံပါတ်ကို ခေါ်လိုက်သည်။ 

ဖုန်းပြောပြီးနောက် ဖူလီ့ကို ရင်းနှီးနေသည်ဟု ချူးယွီ ခံစားလာရသည်။ သူက အသေအချာတွေးလိုက်သည်။ 

ဒီမိစ္ဆာလေးက ဆေးရုံဝင်ပေါက်မှာ ပလတ်စတစ်ဘူးတွေ ကောက်နေတဲ့ တစ်ယောက်မဟုတ်လား... အဲ့တုန်းက သူကတောင် ဒီကောင်လေးဘဝကို ကောင်းကောင်းမနေရဘူးဆိုပြီး သနားနေသေးတယ်... 

၄င်းကိုတွေးမိသောအခါ သူ့မျက်နှာမှာ အလွန်နီရဲလာလေသည်။ သူ့တွင် ထိုမျှ မျက်နှာများများ မရှိပါပေ။ 

ချူးယွီက လည်ဆန့်ကာ အပြင်ဘက်မှ အရိုးပုံကြီး ကြည့်ကာ ဖူလီကို ဆိုလိုက်သည်။

"ကျွန်တော့်အသက်ကို ကယ်ပေးတာ ကျေးဇူးပါ စီနီယာ... ဒီ ရောင်ခြယ်အရေပြားနဲ့ သရဲက ကောက်ကျစ်ပြီး ရက်စက်တဲ့နည်းတွေသုံးလာတာ... စီနီယာကြောင့်သာမဟုတ်ရင် ကျွန်တော်တော့ ဒီည ဒီနေရာမှာတင် အနားယူရတော့မှာ..."

"ရောင်ခြယ်အရေပြားနဲ့သရဲ ဟုတ်လား..."

ဖူလီက အံ့အားသင့်သွားပေသည်။

"အဲ့တော့ အဲ့ဒါက သရဲကျင့်ကြံသူတစ်ယောက်ပဲပေါ့... ငါက အဲ့တာကို အရိုးဖြူဝိညာဉ်လို့ ထင်နေတာ..."

ချူးယွီက ခြောက်ကပ်ကပ်ဖြင့် ပြုံးလိုက်သည်။

"သာမန် ရောင်ခြယ်အရေပြားနဲ့ သရဲက ဒီကမ္ဘာပေါ်မှာ လူသားအရေပြားကိုငှားပြီး လမ်းပဲလျှောက်လို့ရတာ... ဒီရောင်ခြယ်အရေပြားနဲ့ သရဲက နက်နဲတဲ့ကျင့်ကြံခြင်းရှိတယ်... ပြန်လည်သန့်စင်ပြီး အရိုးစုတစ်ခုလည်း ထုတ်လုပ်ထားပြီးပြီ... လူသားအရေပြားရဲ့အထောက်အပံ့မရှိဘဲနဲ့တောင် အဲ့ဒါက ဒီကမ္ဘာပေါ်မှာ လမ်းလျှောက်နိုင်တုန်းပဲလေ..."

"အဲ့ဒါက အဲ့အပိုင်ပိုင်းပြတ်ပြီး ပုပ်သိုးနေတဲ့အရိုးတွေကိုပဲ မှီခိုပြီး ဒီကမ္ဘာထဲမှာ လမ်းလျှောက်ရဲတယ်ပေါ့..."

ဖူလီက 'နက်နဲ့တဲ့ ကျင့်ကြံခြင်း'ဟူသော စကားစုကို သူနားလည်မှုလွဲနေသလားဆိုသည်ကို သံသယဝင်စပြုလာပေသည်။ 

"စီနီယာရဲ့ ကျင့်ကြံခြင်းအခြေခံက နက်နဲတယ်လေ... ဘာလို့..."

ချူးယွီက သူဤကဲ့သို့ ဆိုးရွားလွန်းသည့် အခြေအနေသို့ မည်သို့ကျရောက်လာသည်ကို မေးလိုသော်လည်း ဖူလီဒေါသထွက်ကာ သူ့အားရိုက်နှက်လာမည်ကို ကြောက်ရွံ့၍ အလွန်ပါးနပ်လှသော ဟန်ပန်ဖြင့် မေးမြန်းလိုက်သည်။

"ဘာလို့ ဒီလိုမျိုး မထင်မရှားနေနေရတာလဲ..."

ဖူလီက ယခုတွင် 'နက်နဲသည့် ကျင့်ကြံခြင်း' ဟူသည့်စကားနှစ်လုံးကို ထပ်မံကြားရပြီး သူ့အား ချီးကျူးနေသည်ဟု လုံးဝပင် မခံစားရပါပေ။

"ငါက မွေးကတည်းက တောင်လေးတစ်တောင်ပေါ်မှာ နေခဲ့တာ... တောင်ပေါ်က တခြားမိစ္ဆာတွေ အပြင်က မိစ္ဆာဘုရင်တွေအကြောင်းပြောတာကို တစ်ခါတစ်လေတော့ ကြားဖူးပါတယ်... ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းက သာမန်ပဲလေ... အဲ့တော့ ငါ တောင်ပေါ်ကနေ ဘယ်မှမသွားဖူးဘူး... သာမန်ဆိုရင် ငါက တောင်ပေါ်မှာ သိုင်းကျင့်ရင်ကျင့် မကျင့်ရင် အိပ်နေတာ... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငါ့ရဲ့ လှိုဏ်ဂူအိမ်လေးကို ဆုံးရှုံးလိုက်ရတယ်... ငါက တခြားယောင်ရဲ့ အိမ်ကိုလဲ မလုရဲဘူးလေ... အဲ့တော့ တောင်တစ်တောင်ထဲက တောနက်ကြီးထဲသွားအိပ်နေလိုက်တာ..."

"စီနီယာ ဘယ်အချိန်က နိုးလာတာလဲ..."

ချူးယွီက ဤမိစ္ဆာက အတန်ပင် ပျင်းစရာကောင်းလှသည့်ဘဝတွင် နေထိုင်ခဲ့သည်ဟု ခံစားရသည်။ 

"လွန်ခဲ့တဲ့ သုံးနှစ်က..."

ဖူလီက ဤလူမှုပတ်ဝန်းကျင်အသစ်နှင့် ကောင်းစွာ ကျင့်သားမရသေးပါချေ။

"ငါလူသားတစ်ယောက်ရဲ့အိမ်ကိုသွားပြီး တိတ်တိတ်လေးစောင့်ကြည့်နေတာ အပြင်လောကကြီးက တော်တော်လေးပြောင်းလဲသွားတာ တွေ့ရတယ်..."

ချူးယွီ : "..."

လူမှုပတ်ဝန်းကျင်ကို ကြည့်ပြီးမှ ဝင်လာချင်တာ... သူက သာမန်ယောင်ကျင့်ကြံသူတစ်ယောက်ကို အရှက်ရစေလောက်တဲ့ သိတ္တိရှိတာပဲ...

"စီနီယာက ဒီလောက်နှစ်တွေအများကြီးအသက်ရှင်ပြီးပြီကို ကောင်းတဲ့အရာတွေ ရှိမှာပေါ့... အဲ့တာတွေရောင်းပြီး ပိုက်ဆံရှာလို့ရတယ်လေ..."
သူထိုသို့ပြုလုပ်ပါက ဖူလီက ပလတ်စတစ်ပုလင်းများရောင်းစရာမလိုဟု ခံစားရသည်။

"မရောင်းပါဘူး... အဲ့တာဆိုရင် သုညကနေစပြီး အောင်မြင်တယ်ဆိုတဲ့ခံစားချက် ဘယ်ရှိတော့မလဲ..."

ဖူလီက ခေါင်းခါလိုက်သည်။

"ပြီးတော့ ငါ့ပိုင်တဲ့ဟာတွေ သိပ်လည်းမတန်ပါဘူး..."

ချူးယွီ : "..."

ဒီမိစ္ဆာက တကယ်ကြီး သုညကနေစချင်နေတာလား... ဒီလူခေါင်းမကောင်းဘူးလားဟ...

တစ်နာရီခွဲခန့်ကြာပြီးနောက် ကားထဲမှ ရေများက သူတို့၏ ခြေကျင်းဝတ်ထိပင်ရောက်လာသည်။ ဖူလီက ထိုင်ခုံပေါ်တွင် ခြေထောက်များကို ကွေးကာထိုင်ပြီး သံသယအပြည့်နှင့် မေးလိုက်သည်။

"မင်းသူငယ်ချင်းက မင်းကို တကယ်လာခေါ်မှာပါနော်..."

ထိုလူမှာ ဤမျှကြာသည့်တိုင် ရောက်မလာသည်ကို သိခဲ့ပါက ဤနေရာတွင် ရူးမိုက်စွာ ထိုင်စောင့်နေမည်မဟုတ်ပါပေ။

သူက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကားကြုံလိုက်စီးဖို့ တွေးမိတာလေးပဲကို ဘာတွေ ဒီလောက်ခက်နေတာလဲ...

ချူးယွီက ပြတင်းပေါက်ပြင်ပသို့ လှမ်းကြည့်လိုက်သည်။

"လာလောက်မှာပါ..."

သူထိုစကားများ ပြောပြီးပြီးချင်းမှာပင် အနက်ရောင် ရှပ်အင်္ကျီဝတ်ထားသည့် အမျိုးသားတစ်ယောက်က ကားဆီသို့လျှောက်လာပြီး သူတို့နှစ်ဦးအား ကွဲနေသော လေကာမှတစ်ဆင့် လှမ်းကြည့်လိုက်သည်။ 

"ဘော့စ်..."

ကျွမ်းချင်ကို မြင်လိုက်ရာ ချူးယွီက သူ့ကျောကိုကွေးမထားတော့ပဲ ခါးကိုဆန့်လိုက်သည်။ သူက အဝတ်များ မိုးစိုမည်ကို ဂရုမပြုပဲ ကားတံခါးကို ဆွဲဖွင့်ကာ ပြေးထွက်လိုက်လေသည်။ 

"ဘော့စ်... ညလယ်ကြီးမှာ ခေါ်လိုက်ရတာ တောင်းပန်ပါတယ်..."

ကျွမ်းချင်က သူ့ကို တစ်ချက်ကြည့်ကာ သူ့ကိုယ်ပေါ်မှ မိုးရေများ သူ့အားလာစင်မည်ကို စိုး၍ ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။

"ဓာတ်ဆီအတွက် ၁၅၀..."

ချူးယွီ : "ဒါပေါ့ ပေးရမှာပေါ့..."

ကျွမ်းချင်က ကားထဲရှိ ဖူလီကို ကြည့်ကာ ချူးယွီကို မေးလိုက်သည်။

"သူက မင်းကို ကယ်ခဲ့တာလား..."

ချူးယွီက ရှက်ရွံ့စွာ ခေါင်းညိမ့်ပြလိုက်သည်။

"သူက ငါ့လက်ထောက်ဖြစ်ဖို့ ပိုသင့်တော်တယ်လို့ထင်တယ်..."

"အဲ့တာဆိုရင် ကျွန်တော်ကရော..."
ချူးယွီက မေးလိုက်သည်။ 

"မင်းက ပလတ်စတစ်ပုလင်းတွေ ကောက်လို့ရတယ်လေ..."

ကျွမ်းချင်က ကားတံခါးဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားကာ ဖူလီကို ပြတင်းပေါက်မှ စကားဆိုလိုက်သည်။

" ဖူကျင့်ကြံသူ ... မင်းကို ဒီလောက်မြန်မြန်ကြီး ပြန်တွေ့ရမယ်လို့ မထင်ထားဘူး..."

ဖူလီက ကားတံခါးကို အနည်းငယ်တွန်းဖွင့်ကာ ကျွမ်းချင်ကို ပြောလိုက်သည်။
"တစ်ချက်လောက်... ထီးကို ဒီဖက်နည်းနည်းရွေ့ပေး..."

ကျွမ်းချင်က သူဘာကို ဆိုလိုသည်အား နားမလည်သော်လည်း ထီးကို အနည်းငယ်စောင်းပေးလိုက်သည်။

ဖူလီက ကားဆီမှ ထွက်ရန် အခွင့်အရေးယူလိုက်ပြီး ကျွမ်းချင်၏ ထီးအောက်သို့ တိုးဝင်လိုက်သည်။ မိုးရေစက်အနည်းငယ်က ကျွမ်းချင်၏ အင်္ကျီလက်ဖျားသို့စင်သွားပေသည်။ ကျွမ်းချင်က သူ့၏ ဒီဇိုင်နာထုတ်အင်္ကျီပေါ်မှ မိုးစက်အချို့ကို ငုံ့ကြည့်လိုက်ပြီး သူ့အမူအရာက အေးစက်သွားလေသည်။ 

ချူးယွီက ခေါင်းကို တစ်ဖက်သို့လှည့်ကာ မည်သည်ကိုမှ မမြင်ချင်ယောင်ဆောင်လိုက်သည်။

"သွားစို့..."

ကျွမ်းချင်၏ အသံမှာ အလွန်အေးစက်နေကာ ရေခဲချွန်များသဖွယ်ပင် ဖြစ်နေလေသည်။ 

သူတို့သုံးဦးက ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်အချိန်တွင် ကျွမ်းချင်က ရပ်လိုက်ပြီး စွန့်ပစ်အငှားကားနှင့် အရိုးစုပုံကြီးကို တစ်ချက်ကြည့်လိုက်သည်။ သူက ခေါင်းမော့ကာ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်သည်။ ရုတ်တရက် လျှပ်စီးလက်ကာ လျှပ်စီးကြောင်းနှစ်ခုက ပစ်ချလာသည်။ အငှားကားနှင့် အရိုးစုပုံတို့က မီးခိုးနှင့် ပြာများအဖြစ်သို့ ပျောက်ကွယ်သွားသည့်တိုင် အနီးနားရှိ ပန်းပွင့်များနှင့် အပင်များက မပျက်မစီးပဲ ကျန်နေလေသည်။

ဖူလီက လေးစားစွာဖြင့် ဆိုလိုက်သည်။
" ကျွမ်းကျင့်ကြံသူက ကျင့်ကြံဆင့် ကောင်းကောင်းရှိတာပဲ..."

" ဖူကျင့်ကြံသူရဲ့ သဘာဝ အနေအထားလောက်တော့ မကောင်းပါဘူး..."

ဖူလီ၏ လက်မောင်းက သူ့ကို မတော်တဆလာတိုက်မိကာ ကျွမ်းချင်၏ အင်္ကျီလက်ပေါ်တွင် ရေကွက်တစ်ခုကို ထပ်မံဖြစ်ပေါ်လာစေသည်။ သူ့မျက်ခုံးများက အနည်းငယ် ရွေ့လျားသွားလေသည်။

" ဖူကျင့်ကြံသူ အဝတ်တွေကို အခြောက်လျှော်တဲ့ဆိုင် ပို့ဖူးလား..."

"မပို့ဖူးဘူး... ကျွန်တော့်အဝတ်တွေက ဈေးပေါပါတယ်..."

ဖူလီက သူ့ရှက်အင်္ကျီကို ထိလိုက်သည်။
"ဒီဟာဆို ယွမ်၃၀ပဲ... အခြောက်လျှော်စရာမလိုဘူး..."

"ငါ့ရှပ်အင်္ကျီ အခြောက်လျှော်ဖို့ မန်ဘာကြေးက ၆၈ယွမ်..."

ကျွမ်းချင်က အမူအရာမဲ့ဆိုလိုက်သည်။

"အာ..."

ဖူလီက သူ့၏ မျက်လုံး ဝိုင်းကြီးများကို တစ်ဖျတ်ဖျတ်ခတ်လိုက်သည်။ အတန်ကြာပြီးနောက် သူက ရုတ်တရက် သဘောပေါက်သွားလေသည်။

"သခင်လေးကျွမ်း မင်းက အရမ်းချမ်းသာတာပဲ..."

ကျွမ်းချင်က သူ့ကို လျစ်လျူရှုလိုက်သည်။ သူက ကားတံခါးကို ဆွဲဖွင့်ကာဝင်လိုက်ရာ ဖူလီက နောက်ခုံတွင်ဝင်ထိုင်လေသည်။ မော့ကြည့်လိုက်ရာ ဖူလီက ကားခေါင်မိုးပေါ်တွင် စိန်များကို တွေ့လိုက်သည်။ လမ်းမီးတိုင်များမှ အလင်းတန်းများက စိန်များကို နှစ်လိုဖွယ် အလင်းရောင်ပေးနေလေသည်။ 

ဖူလီက အနည်းငယ်မျှ ထိကြည့်လို၍ လက်မတစ်ချောင်းဆန့်လိုက်သည်။
နည်းနည်းလေးပါ...

သို့သော် သူလက်မဆန့်ခင်မှာပင် ကျွမ်းချင်က သူ့အား ခက်ထန်လှသည့်အမူအရာဖြင့် လှည့်ကြည့်နေသည်ကို တွေ့လိုက်သည်။

လူချမ်းသာတွေမှာ တကယ်ကို ထူးဆန်းတဲ့ ဝါသနာရှိတာပဲ... သူတို့က ချမ်းသာတာကို ကြွားဖို့ ကားခေါင်မိုးပေါ်မှာတောင် စိန်တွေစီဖို့ တွေးမိကြတယ်...