Chapter 14
ကျေးဇူးရှင်လေး
ကားထဲတွင် တိတ်ဆိတ်နေပေသည်။ ချူးယွီက စကားမပြောရဲပဲ ထောင့်ကပ်နေသည်။ ကျွမ်းချင်က ကားမောင်းခြင်းကိုသာ အာရုံစိုက်နေပြီး စကားပြောလိုစိတ်မရှိဟန် ရသည်။
ကျွမ်းချင်က မီးနီတွင် ကားရပ်ကာ ရုတ်တရက် စကားပြောလာသည်။
" ဖူကျင့်ကြံသူရဲ့ကျင့်ကြံခြင်းက နက်နဲတာပဲ... မင်း အလုပ်ပြောင်းဖို့ စဉ်းစားဖူးလား..."
ဖူလီက ခေါင်းညိမ့်ပြလိုက်သည်။
" ကျွန်တော် ကိုယ့်ဘာသာစာလေ့လာတာပြီးလို့ တက္ကသိုလ်ကဘွဲ့ယူပြီးရင် အစိုးရဝန်ထမ်းလုပ်မှာ..."
ကျွမ်းချင်က နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ပြီးသော ဤမိစ္ဆာကအဘယ်ကြောင့် လူသားကမ္ဘာတွင် ရုတ်တရက်ပေါ်လာကာ အစောင့်အဖြစ်လုပ်ကိုင်နေသည်ကို နားမလည်ပါပေ။ သူက အစိုးရဝန်ထမ်းဖြစ်လိုသည်ဟု ပြောနေခြင်းကိုမူ သူမယုံပါချေ။
"ကျေးဇူးရှင်လေး အစ်ကို့ရဲ့ ကျင့်ကြံခြင်းက ဒီလောက်မြင့်တာ ဘာလို့ အစိုးရဝန်ထမ်းဖြစ်ချင်တာလဲ..."
ချူးယွီက အသံတိုးတိုးဖြင့် ဆိုသည်။
"ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲ့ရေး ဗျူရိုက ငါးနှစ်တစ်ကြိမ် အသစ်ပြန်ဖွဲ့တာလေ... အသစ်ဖွဲ့စည်းရေးကာလက ဒီနှစ်ထဲမှာတင်ကို ဘာလို့ ဗျူရိုရဲ့ စမ်းသပ်မှုမှာ ဝင်မပြိုင်တာလဲ... အဲ့မှာ ဆက်ဆံတာလဲ မဆိုးဘူး ပစ္စည်းအကျိုးခံစားခွင့်လဲ ကောင်းတယ်... ၁၀နှစ်ကြာရင် တိုက်ခန်းတစ်ခုတောင် ပေးအုံးမှာ..."
"မင်းတို့ဆီမှာ လုပ်တဲ့လူတွေကို အစိုးရဝန်ထမ်းလို့ သတ်မှတ်လား..."
ဖူလီက မေးလိုက်သည်။
"ကျွန်တော်တို့ကို... အင်း... ကျင့်ကြံခြင်းလောကက အစိုးရဝမ်ထမ်းတွေလို့ သတ်မှတ်တယ်လေ... ကျွန်တော်တို့က အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာပဲ..."
ချူးယွီက သူ့ကျေးဇူးရှင်ကဲ့သို့ အလွန်အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးက ဟိုတယ်တွင် လုံခြုံရေးအစောင့်လုပ်နေရသည်မှာ အလွန်နှမြောစရာကောင်းသည်ဟု ခံစားရသည်။ သို့ဖြစ်၍ သူက ဖူလီအား အလုပ်ပြောင်းလာရန် အထူးကြိုးစားပြီး သွေးဆောင်နေသည်။
"လူသားတွေရဲ့ လူမှုစနစ်ထဲမှာ အစ်ကို့စွမ်းအားတွေကို ဖုံးကွယ်ထားတာတင်မကပဲ အစ်ကို့ရဲ့ပုံစံကို ထိန်းထားရတာကလည်း မှော်စွမ်းအားကို ကုန်ခန်းစေတယ်လေ... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းလောက စီမံခန့်ခွဲရေး ဗျူရိုထဲမှာဆိုရင် ရုံးတံခါးတွေပိတ်ထားသရွေ့ မူလပုံစံအတိုင်းနေရင်လည်း ပြဿနာမရှိဘူး... ကျေးဇူးရှင်ရဲ့ မူလပုံစံက ဘယ်လောက်ကြီးလဲဆိုတာတော့ ကျွန်တော်သေချာမသိဘူး... အဲ့တာက အရမ်းကြီးတယ်ဆိုရင် ကျွန်တော်တို့ရုံးက အစ်ကို့အတွက် လုံလုံလောက်လောက်မကြီးလောက်ဘူး..."
ဖူလီ၏ အမူအရာက အနည်းငယ် ထူးဆန်းနေသည်ကို သတိပြုမိရာ ချူးယွီက သူ့စကားများက အနည်းငယ် လွန်သွားပြီကို သဘောပေါက်သွားသည်။ ယောင်ကျင့်ကြံသူတစ်ဦးရှေ့တွင် မူလပုံစံအကြောင်းပြောဆိုခြင်းမှာ လူသားများအနေဖြင့် တစ်စုံတစ်ဦး၏ အတိုင်းအတာသုံးခုကို ဆွေးနွေးပြောဆိုခြင်းနှင့် ညီမျှပေသည်။ ၄င်းကို ရိုင်းပြသော အပြုအမူဟု မှတ်ယူနိုင်သည်။ သူက အလျင်အမြန်ပင်ဆိုလိုက်သည်။
"ကျေးဇူးရှင်လေး ကျွန်တော် နှုတ်မစောင့်တဲ့ အဲကြောင်းအရာတစ်ခု ပြောမိပါတယ်..."
"ရပါတယ်..."
ဖူလီက ခေါင်းခါလိုက်သည်။
"ငါ့ရဲ့ မူလပုံစံက သာမန်ပါပဲ..."
ချူးယွီက စကားဆက်ပြောရမည်ကို ရှက်ရွံ့လှ၍ ခြောက်ကပ်စွာ ရယ်လိုက်သည်။ ကားထဲမှ လေထုက တစ်ဖန်ပြန်၍ နေရခက်သွားပေသည်။
ကားဝိုက်ပါက လေကာပေါ်မှ မိုးစက်များကို ခပ်ဖွဖွ သုတ်ချနေသည်။ ကျွမ်းချင်က ဆီဂိတ်ကို တစ်ချက်ကြည့်ကာ အမူအရာမဲ့ ဆက်လက်မောင်းနေသည်။ ဖူလီ၏ ယိုယွင်းနေသည့် အငှားအိမ်လေးကို တွေ့သည့်အချိန်တွင် ကျွမ်းချင်၏မျက်နှာအမူအရာက အလွန်ပင် အေးစက်သွားသည်။
"ရောက်ပြီ..."
"ကျေးဇူးပါ ကျင့်ကြံသူကျွမ်း..."
ဖူလီက သူ့ထီးမှာ ထိုတက္ကစီနှင့်အတူ ပြာအဖြစ်ပြောင်းသွားပြီကို သတိရသွားပြီး ဆံပင်တစ်ချောင်းနုတ်ကာ ထီးအဖြစ်ပြောင်းလိုက်လေသည်။ သူက ထီးဖွင့်ကာ အထက်မှ မိုးရေစက်များကို တားဆီးလိုက်သည်။
"ကျေးဇူးရှင်လေး..."
ချူးယွီက ဖူလီလက်ထဲသို့ စာရွက်တစ်ချို့ ထိုးထည့်လိုက်သည်။
"ဒီဟာက ကျွန်တော်တို့ရဲ့ လူသစ်ရွေးပွဲဖောင်ပါ... ဆက်ဆက်လာခဲ့နော်..."
"ငါ မင်းတို့ ဗျူရိုမှာအလုပ်လုပ်ရင် အစိုးရဝန်ထမ်းဖြစ်ဖို့ ကြိုးစားတဲ့အခါ အပိုဂုဏ်ပြုမှတ်တမ်းဘာညာ ရမှာလား..."
အစိုးရဝန်ထမ်းတစ်ဦးဖြစ်လာရန် ဖူလီက အိမ်စာအမြောက်အများလုပ်ရန် လိုပေသည်။ အထူးသဖြင့် အပိုဂုဏ်ပြုမှတ်တမ်း မူဝါဒနှင့်ပတ်သင်ပါက ပို၍လိုအပ်လေသည်။ သူက ၄င်းတို့ကို ရှင်းရှင်းလင်းလင်း မှတ်မိပေသည်။
ချူးယီက အတန်ကြာသည်အထိ ကြောင်အနေပြီး ခေါင်းခါကာ ပြန်ဖြေလိုက်သည်။
"ဟင့်အင်း..."
"အိုး..."
ဖူလီက စာရင်းသွင်းဖောင်ကို သူ့အိတ်ထဲသို့ သာမန်ကာလျှံကာပင် ထည့်လိုက်သည်။
"အပြန် ဂရုစိုက်ကြနော်... ငါသွားတော့မယ်..."
ချူးယွီက ဖူလီ အဝေးသို့ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ကြည့်ကာ မဖော်ပြတတ်သည့် ခံစားချက်တစ်ခုက သူ့နှလုံးသားထဲတွင် ဖြစ်တည်လာသည်။ သူ့နောက်ကျော ပုံရိပ်မှာ အလွန်မြင့်မားကာ ခံ့ညားလှပြီး ဆန်းကြယ်မှုနှင့် စွမ်းအားများ ပြည့်နှက်နေကာ ခမ်းနားပြီး ဂန္တဝင်ဆန်လှသည့် အောင်နိုင်ခြင်း ခွန်အားဟူသော ခံစားချက်တစ်ခု ဖြစ်တည်စေသည်။
"ကြည့်မနေနဲ့တော့... မင်းနှစ်ငါးထောင်လောက် ကျင့်ကြံရင်တောင်မှ ဒီလို ယောင်ကျင့်ကြံသူတစ်ဦးရဲ့ ကောင်းကင်ဘုံအလိုကျ မူရင်းပုံစံကို လူသားပုံစံဖြစ်အောင် မလုပ်နိုင်ဘူး..."
ကျွမ်းချင်က ဟောင်းနွမ်းနေသော လမ်းကြားနှင့် လမ်းအဆုံးရှိ ယိုယွင်းနေသော အိမ်များကိုကြည့်လိုက်သည်။
"မင်းတင်မဟုတ်ဘူး... လီကျင်းလဲ လုပ်နိုင်မှာမဟုတ်ဘူး..."
"ကျင့်ကြံခြင်းနည်းနည်းလေးနဲ့ လီကျင်းက ကျွန်တော့်ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ..."
ချူးယွီက မကျေမနပ်ဆိုလိုက်သည်။
"သူက အစောပိုင်းနှစ်တွေတုန်းက ဘုရားကျောင်းတစ်ခုက ကြားပန်းအိုင်တစ်ခုထဲမှာ နေနေတာပဲရှိတာ... ပြီးတော့ သိပ်မကြာလိုက်ဘူး အဲ့ဘုရားကျောင်းကလည်း ဖြိုခွင်းခံလိုက်ရတာလေ... ဒါတောင်မှ သူကဗုဒ္ဓကိုနားထောင်ပြီး လူသားပုံစံယူတယ်လို့ ယုတ္တိမရှိ ပြောသေးတာ... သူက အရှက်မရှိ သူ့ရဲ့ မူလပုံစံကိုတောင် အွန်လိုင်းပေါ်တင်ပြီး အဲ့တာက ကံကောင်းစေပြီး ကံကြမ္မာကို ပြောင်းလဲနိုင်တယ်လို့ ပြောသေးတယ်... ထွီ... ကျွန်တော် ငါးတွေအများကြီး မြင်ဖူးပေမဲ့ သူ့လို အရှက်မရှိတဲ့ငါးတော့ တစ်ခါမှ မမြင်ဖူးဘူး..."
ချူးယွီက လီကျင်းကို လှောင်ပြောင်နေသည်ကိုနားထောင်ကာ ကျွမ်းချင်က ကားကိုလှည့်ကာ အရှိန်တင်လိုက်သည်။
"အဲ့တာကြောင့် ငါမင်းကို လက်ထောက်အဖြစ် ရွေးထားတာပဲ..."
"ဘော့စ်က ဗဟုသုတရှိပြီး ပညာရှိတဲ့ မိစ္ဆာမှန်း ကျွန်တော်သိသားပဲ..."
ချူးယွီက ကျွမ်းချင်ကို ချက်ချင်းပင် ကပ်ဖားလိုက်ပြီး လမ်းတစ်လျှောက်တွင် သူ့၏ တစ်ကိုယ်ကောင်းဆန်ဆန် မှတ်ချက်များကို ပြောဆိုကာ သူ့ပြိုင်ဘက်များကို နှိပ်ကွပ်နေသည်။ အသက်မွေးဝမ်းကျောင်းမှု တူသည့်သူများအကြားတွင် မနာလိုမှုများ ရှိပေသည်။ သူ့ကဲ့သို့ မျိုးရင်းငါးတစ်ကောင်က သူတို့ကိုယ်သူတို့ အမွှန်းတင်ရန်အတွက် ဗုဒ္ဓ၏ အဆုံးအမများကို အသုံးပြုသည့် ထိုသူတော်ကောင်းယောင်ဆောင်တတ်သော ငါးများကို မနှစ်မြို့ပါပေ။
"မင်းက လမ်းမှာ ဘယ်လိုလုပ်ပြီး ဖူလီနဲ့တွေ့တာလဲ..."
ချူးယွီက များစွာ ချီးကျူးစကားများဆိုနေသော်လည်း ကျွမ်းချင်က လုံးဝ မလှုပ်ပါပေ။ ထိုအစား သူက ဤအခြေအနေက မည်သို့ဖြစ်လာသည်ကို မေးမြန်းလာပေသည်။
ချူးယွီက သူဤနေ့အတွက် အဆူခံခြင်းကို ရှောင်၍မရမည်ကို သိ၍ နာနာခံခံဖြင့် ဖြစ်သမျှကို ပြန်ပြောပြလိုက်သည်။
"မင်းက နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံထားတာတောင် နှစ်နှစ်ရာကျော်ကျော်လေး ကျင့်ကြံထားတဲ့ ရောင်ခြယ်အရေပြား သရဲကို မနိုင်ဘူးလား..."
ကျွမ်းချင်က အမူအရာမဲ့ရေရွတ်လိုက်သည်။
"ချန်အန်းဘုန်းကြီးကျောင်းက ကျောင်းထိုင်ကိုယ်တော်က မင်းက သူတို့ကျောင်းက ငါးဆိုတာ ပြောဖို့ရှက်နေတော့မှာပဲ..."
ချူးယွီက သူ့ဒူးများက အနည်းငယ် နာကျင်လာသည်ဟု ခံစားလိုက်ရသည်။
"ဘော့စ်... ကျွန်တော်က တိုက်ခိုက်တဲ့နေရာမှာပဲ သိပ်မတော်တာပါ..."
"အင်း... မင်းက ခုခံတာနဲ့ လွတ်မြောက်အောင်လုပ်တာမှာလဲ မတော်ပါဘူး..."
ချူးယွီက သူ့၏အတ္တနှင့်အတူ သူ့ဒူးမှာ အပိုင်းပိုင်း ကျိုးသွားပြီဟုပင် ခံစားလိုက်ရသည်။
"ဖူလီက ဘယ်တုန်းက လူသားကမ္ဘာရဲ့ မှတ်ပုံတင်စာရင်းထဲ ဝင်လာတာလဲ..."
ဤသည်မှာ ကျွမ်းချင်က ချူးယွီနေထိုင်ရာ ပတ်ဝန်းကျင်သို့ မောင်းဝင်ကာ ကားစက်သတ်လိုက်ပြီး ပထမဆုံးမေးသော မေးခွန်းဖြစ်လေသည်။
ချူးယွီက သူ့၏ ရုံးဖုန်းကို ထုတ်ကာ ကျင့်ကြံခြင်း စီမံရေးစနစ်ထဲတွင် ဖူလီ၏ မှတ်ပုံတင် အချက်အလက်များကို ရှာလိုက်သည်။ စနစ်တွင် သူက မူလတွင် အမည်မသိတောင်တစ်ခုအတွင်း၌ နေထိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
"ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းမှတ်တမ်းတွေက နှစ်ငါးထောင်ပဲ နောက်ပြန်သွားနိုင်တာ... ဒါပေမဲ့ ကျေးဇူးရှင်လေးက နှစ်လေးထောင်တောင် အသက်ရှင်ခဲ့တာ... အထင်ကြီးစရာပဲ..."
ဖူလီ၏ မှတ်ပုံတင်အချက်အလက်များကို ကျွမ်းချင်အား ဖတ်ပြပြီးနောက် ချူးယွီက လေးစားစွာဖြင့် မှတ်ချက်ပေးလာသည်။
"သူ့ကျင့်ကြံခြင်းအခြေခံက အရမ်းမြင့်နေတာ အံ့ဩစရာမရှိတော့ပါဘူးလေ... သူ့အသက်အရဆိုရင် သူက ကျွန်တော်တို့ ဗျူရိုရဲ့ ဂုဏ်ပြု ထောက်ပံ့ငွေတောင် လျှောက်လို့ရတယ်..."
ကျင့်ကြံခြင်း လောက၏ စီမံခန့်ခွဲရေး ဗျူရိုမှာ နှစ်နှစ်ထောင်အထက် ကျင့်ကြံသူများကို ရည်ရွယ်ကာ အထူးအကျိုးကျေးဇူးတစ်ခု ကမ်းလှမ်းထားသည်။ ကျင့်ကြံသူ၏ ကျင့်ကြံခြင်းကာလက နှစ်နှစ်ထောင်အထက်ရှိကာ ကျင့်ကြံခြင်းလောက၏ သန်းခေါင်စာရင်းတွင် စာရင်းသွင်းထားပါက ကျင့်ကြံသူက အထူးထောက်ပံ့ငွေအဖြစ် တစ်လတွင် ယွမ်တစ်ထောင်လက်ခံရနိုင်ပေသည်။ ထိုယောင်ကျင့်ကြံသူများက ရှေးဟောင်းယဉ်ကျေးမှု အမွေများသို့မဟုတ် ရှေးဟောင်း စာတမ်းများကို လှူဒါန်းပါက နိုင်ငံတော်က သူတို့အား အပိုဆောင်း ဆုလာဒ် ပေးအပ်မည် ဖြစ်သည်။
"အား... ငါ ဘာလို့ အစ်ကို့ကို ဒါတွေပြောပြဖို့ မေ့သွားတာလဲ..."
ချူးယွီက နောင်တတကြီးဖြင့် သူ့ပေါင်ကို ရိုက်လိုက်သည်။
သူက ပြီးခဲ့တဲ့လကမှ စာရင်းသွင်းပေမဲ့ အသက်က နှစ်လေးထောင်တောင်ရှိနေပြီ...
ကျွမ်းချင်က လွန်ခဲ့သည့် နာရီပေါင်းများစွာအကြာက သရဲလောက၏ မိစ္ဆာအကြီးအကဲနှင့် ဖူလီတို့ကြားမှ စကားဝိုင်းကို တွေးလိုက်သည်။
သူတို့ အရင်တုန်းက တွေ့ဖူးတာ သေချာတယ်...
"ဘော့စ်... နည်းနည်းလေး အလုပ်ကြိုးစားလိုက်လေ... အဲ့တာဆို နောက်နှစ်တစ်ရာလောက်ကျရင် ဘော့စ်လဲ ဒီအထူးထောက်ပံ့ငွေကို လျှောက်လို့ရမှာပါ..."
ချူးယွီက ညစ်ကျယ်ကျယ်ပြုံးကာ ကျွမ်းချင်အား သူမည်သည့်အချိန်တွင် အထူးထောက်ပံ့ငွေကို ရမည်ဆိုသည်အား ကူညီတွက်ချက်ပေးလိုက်သည်။
"မင်းငါ့ကို အဲ့ဒါကူတွက်ပေးမယ့်အစား ဘာလို့ ကောင်းကောင်း မကျင့်ကြံတာလဲ..."
ကျွမ်းချင်က ဝိညာဉ်စုစည်းဆေးလုံးကို ချူးယွီဆီသို့ ပစ်ပေးလိုက်ပြီး အမူအရာမဲ့ဆိုလိုက်သည်။
"ငါ့ကို ဆီဖိုးပေးဖို့ မှတ်ထားအုံး..."
"တစ်ရာ့ငါးဆယ်မလား... ကျွန်တော် မှတ်မိပါတယ်..."
ချူးယွီက ဝိညာဉ်စုစည်းဆေးလုံးကို ရွှင်မြူးစွာ ယူလိုက်သည်။
"တစ်ရာ့ငါးဆယ်မဟုတ်ပါဘူး သုံးရာပါ..."
"ဘာလို့လဲ..."
ချူးယွီက ဈေးနှုန်း အဘယ့်ကြောင့် တက်သွားသည်ကို နားမလည်ပါချေ။
"နှစ်ယောက်စာလေ..."
ကျွမ်းချင်က ကားတံခါးကို ညွှန်ပြလိုက်သည်။
"အခုသွားလို့ရပြီ..."
ချူးယွီ : "..."
မိုးသည်းထန်စွာရွာသွန်းသည့် ညက အပူများကို ဖယ်ထုတ်ပစ်လိုက်သည်။ နောက်တစ်နေ့ခင်း၌ ဖူလီက ဟိုတယ်သို့ အလုပ်သွားသည့်အခါ ကောင်တာမှ အမျိုးသမီးက ပြင်ပမှ အပူလွန်ကဲမှုကို မကျေမနပ် ပြောဆိုနေသည်ကို မကြားရတော့ပါချေ။
ဖူလီက လုံခြုံရေးအစောင့် ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ အမျိုးသမီး ဧည့်သည်တစ်ဦးက သူ့ကို တိတ်တဆိတ် ဓာတ်ပုံရိုက်နေသည်ကို သိသော်လည်း အလေးအနက် မယူဆလိုက်ပါချေ။
နေ့လည်ခင်းတွင် လူအများစုက ဟိုတယ်သို့ လာရောက်စားသောက်ပေသည်။ ဖူလီနှင့် သူ့၏ လုပ်ဖော်ကိုင်ဘက်များက အတွင်းဘက်ရှိ လူထုလုံခြုံရေးအခြေအနေကို အဆက်မပြတ် မှတ်သားနေရန် လိုပေသည်။ တစ်ဦးတစ်ဦးက မူးပြီး အမှားတစ်ခုပြုလုပ်ခြင်းသို့မဟုတ် အချင်းချင်း အငြင်းအခုံများဖြစ်ပါက လုံခြုံရေးအစောင့်များက လူစုခွဲရန် တာဝန်ရှိပေသည်။ သို့သော် ဤနေရာမှာ အဆင့်မြင့် ဧည့်သည်များလာရောက်ရာဖြစ်၍ ဧည့်သည်များက ပို၍ ထိန်းထိန်းသိမ်းသိမ်းရှိကြသည်။ ဖူလီက ဤနေရာတွင် အလုပ်လုပ်ခဲ့သည့် တစ်လခွဲအတွင်းတွင် ရန်ပွဲတစ်ခုမှ မကြုံရသေးပါချေ။
တင်းတင်းက အခန်းဖော်တစ်ဦး၏ မင်္ဂလာဆောင်ကို တက်ရောက်ကာ စားသောက်ဆိုင်ပြင်ပသို့ သူငယ်ချင်းတစ်ဦးနှင့် လျှောက်ထွက်လာရာ ရှေ့တည့်တည့်တွင် ရပ်နေသော လုံခြုံရေးအစောင့်က အနည်းငယ် ရင်းနှီးနေသည်ဟု သဘောပေါက်သွားလေသည်။ သူမက တိုးကပ်လာပြီး ချက်ချင်းပင် စိတ်လှုပ်ရှားလာလေသည်။
"လူချောလေး..."
သူမ၏ သူငယ်ချင်းက သူမကို ရှက်ရွံ့စွာ တားဆီးလိုက်သည်။
"တင်းတင်း... သူက ချောမှန်းငါသိပါတယ်... ကိုယ့်ကိုယ်ကို နည်းနည်းထိန်းပါဦး..."
"မဟုတ်ဘူး..."
တင်းတင်းက ဆန္ဒစောနေကာ တခြားသူများ မည်သို့ထင်မည်ကို ဂရုမပြုတော့ပါချေ။
"အရင်တုန်းက ငါအနှောင့်ယှက်ခံရတုန်းက တစ်ယောက်ယောက်က ကယ်ပေးခဲ့တယ်ဆိုတာကိုမှတ်မိလား... ငါ့ကိုကယ်တဲ့လူက သူပဲ..."
"သူ့ကိုယ်သူ လဲ့ဖုန်းလို့ခေါ်တဲ့ လူချောလေးကို ပြောတာလား..."
သူမ၏ သူငယ်ချင်းက ဝင်ပေါက်ရှိ လုံခြုံရေးအစောင့်ကို အံ့ဩတကြီး ကြည့်လိုက်သည်။ သူ့တွင် ခြေတံရှည်များ၊ ခါးသွယ်သွယ်နှင့် ချောမောသော ရုပ်ရည်ရှိလေသည်။ သူဝတ်ဆင်လိုက်သည့်အခါ လုံခြုံရေးအစောင့် ဝတ်စုံသည်ပင် အဆင့်မြင့် ဝတ်စုံတစ်ခု၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။ တင်းတင်းက သူ့ကိုရှာရန် တင်ထားသော weiboပိုစ့်မှာ အကြိမ်တစ်ထောင်နီးပါး ပြန်အတင်ခံထားရပြီး လူများစွာက ထိုလူချောလေး၏ အကြောင်းကို မေးမြန်းနေပေသည်။ ထိုweibo ပိုစ့်မှာ နာမည်ကြီး ခေါင်းစဉ်တစ်ခုဖြစ်လာသော်လည်း တင်းတင်းကို မည်သူကမှ မဆက်သွယ်လာပါချေ။
လူသားမိန်းကလေးက သူ့ဆီသို့ မျက်နှာနီနီဖြင့် ရုတ်တရက် တိုးဝင်လာသောအခါ ဖူလီက အကြည့်ချင်း ဆုံသွားပြီးနောက် ခြေတစ်လှမ်းဆုတ်လိုက်သည်။
"အကူအညီလိုလို့လား..."
"လူချောလေး နောက်ဆုံးတော့ ရှင့်ကိုရှာတွေ့ပြီ..."
တင်းတင်းက အလွန်စိတ်လှုပ်ရှားနေ၍ သူမ၏ မျက်ဆံများက နီရဲနေသည်။ သူ့ကိုယ်သူ လဲ့ဖုန်းဟုခေါ်သည့် ဤလူချောလေးကြောင့်သာမဟုတ်ပါက သူမ ထိုညက မည်သို့အဆုံးသတ်သွားမည်ကို မည်သူမှ သိမည်မဟုတ်ပါပေ။ သို့ဖြစ်၍ သူမက သူ့အားအလွန်ကျေးဇူးတင်နေပေသည်။
ဖြတ်သွားဖြတ်လာများက မျက်ခုံးများ ပင့်လိုက်ကြသည်။ လုံခြုံရေးအစောင့်၏ ချောမောသော သွင်ပြင်နှင့် အမျိုးသမီးငယ်လေး၏ ချိုမြိန်ကာ ချစ်စဖွယ် ရုပ်ရည်ကိုမြင်ကာ သူတို့၏ စိတ်များက မုန်းတီးခြင်းနှင့် ကျေးဇူးတင်ခြင်းတို့ ရောယှက်နေသည့် မြင်ကွင်းကို မကြည့်ရှုပဲ မနေနိုင်ပါပေ။
"မင်းက..."
ဖူလီက အနည်းငယ် စိတ်ရှုပ်သွားလေသည်။
ဒီလူသားမိန်းကလေးက အမှတ်မှားနေတာများလား...
"လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ဝူထုံလမ်းကြားရဲ့ စားသောက်ဆိုင်လေးတစ်ခုရဲ့ ရှေ့မှာ ရှင်က ကျွန်မကို လူဆိုးတွေ ပြန်ရိုက်ဖို့ ကူညီခဲ့တာလေ... အခုမှတ်မိပြီလား..."
တင်းတင်းက သူမ၏ လက်ကိုင်ဖုန်းကိုထုတ်ကာ weiboကို ညွှန်ပြလိုက်သည်။
" ကျွန်မ ရှင့်ကို တောက်လျောက်ရှာနေခဲ့တာ... ရှင်နဲ့ အဆက်အသွယ်ရဖို့ ရဲတွေကိုတောင် သွားပြီး တောင်းပန်လိုက်သေးတယ်... ကံမကောင်းတာက ရှင့်ကို ရှာမတွေ့ခဲ့ဘူးလေ..."
ဖူလီက ထိုအဖြစ်အပျက်ကို ပြန်အမှတ်ရရန် အချိန်အတန်ကြာအောင် ယူလိုက်ရသည်။
"မင်းက အဲ့အမျိုးသမီးတွေထဲက တစ်ယောက်လား..."
"အင်း... အင်း..."
တင်းတင်းက စိတ်လှုပ်ရှားစွာ ခေါင်းညိမ့်ပြလိုက်သည်။
"ရှင့်ခွင့်ပြုချက်မရှိပဲ ပုံကို weiboမှာ တင်မိတာ တောင်းပန်ပါတယ်... ကျွန်မ ရင့်ကို အရမ်းရှာချင်နေလို့ပါ... ငါ ရှင့်ကို ပြဿနာဖြစ်စေခဲ့ရင်လည်း တောင်းပန်ပါတယ်..."
ဖူလီက ခေါင်းခါလိုက်သည်။
"မဖြစ်ပါဘူး..."
အဘယ့်ကြောင့်ဆိုသော် သူက weiboဆိုသည်မှာ ဘာလဲမသိ၍ပင်။
တင်းတင်းက ဖူလီရှေ့တွင် ထိုweiboပို့စ်ကို ဖယ်ရှားလိုက်ပြီး ပို့စ်အသစ်တစ်ခု ပြုလုပ်လိုက်သည်။
တင်းတင်းယွီလီ : အားလုံးကို ကျေးဇူးတင်ပါတယ်... ငါ့ရဲ့ ကျေးဇူးရှင်ကို ရှာတွေ့သွားပြီ...
တင်းတင်းက ဖူလီကို ကျေးဇူးတင်၍ အခကြေးငွေပေးလိုသော်လည်း ဖူလီက သူသည် ဖြောင့်မတ်သော ကိုယ်ကျင့်တရားနှင့် မိစ္ဆာတစ်ဦးဖြစ်ကာ ထိုအသေးအဖွဲ့ကိစ္စလေးအား လက်တစ်ချက်မြှောက်ကာ ဖြေရှင်းရသည်ဟု ခံစားရသည်ဖြစ်ရာ ဤလူသားမိန်းကလေး၏ ပိုက်ဆံကို မယူနိုင်ပါပေ။ ဤနည်းဖြင့် လူနှစ်ဦးက မတိုးသာ မဆုတ်သာအခြေအနေတွင် ပိတ်မိနေလေသည်။
"မိန်းကလေး တကယ်မလိုပါဘူးဗျာ..."
"ငါတို့ဟိုတယ်ရဲ့ ဝန်ထမ်းတွေက အလုပ်ချိန်အတွင်း ချိန်းတွေ့တာကို တားမြစ်ထားတယ်..."
ဖူလီက လှည်ကြည့်လိုက်သည်။ အနောက်တိုင်း ဝတ်စုံ ဝတ်ထားသည့် အမျိုးသားတစ်ဦးက အိတ်ကပ်ထဲသို့ လက်နှစ်ဖက်ထည့်ကာ ဝင်ပေါက်တွင်ရပ်နေလေသည်။ ထိုအမျိုးသား၏ ဘေးတွင် လူတစ်ချို့လည်းရှိနေပြီး ၄င်းတို့ထဲမှ တစ်ယောက်မှာ ထိုလူတစ်ချို့ရှေ့တွင် ရပ်နေသော ကျွမ်းချင်ဖြစ်ပေသည်။