Chapter 15
လူသစ်လေး
"အထင်မလွဲပါနဲ့... ကျွန်မနဲ့ ဒီလူကြီးလူကောင်းနဲ့က ဘာမှမပတ်သက်ပါဘူး..."
သူမက ဖူလီကို ပြဿနာတက်စေမည်ကို စိုးရိမ်ကာ တင်းတင်းက အခြေအနေကို အကြမ်းဖျင်းပြောပြလိုက်ပြီး ဖူလီ၏ တခြားသူများကို ကူညီလိုစိတ်အား အသားပေး ပြောဆိုလိုက်သည်။
"အဲ့လိုလား..."
အနောက်တိုင်းဝတ်စုံဝတ်အမျိုးသား၏ မျက်နှာထက်မှ အပြုံးက ပို၍ သင့်တင့်လာသည်။
"ကျွန်တော်က ဒီဟိုတယ်ရဲ့ သူဌေးပါ... ကျွန်တော်တို့ ကုမ္ပဏီက ဒီလိုမျိုး စိတ်ထားမြင့်မြတ်တဲ့ အလုပ်သမားကို သေချာပေါက် ဆုချမှာပါ..."
တင်းတင်းက သူမဆက်လက်ရှိနေပါက ဖူလီအတွက် နစ်နာစေမည်ကို သိပေသည်။ မည်သို့ပင်ဆိုစေ သူမက ယခုတွင် ဖူလီ၏ အလုပ်ခွင်ကို သိထားပြီဖြစ်သည်။ စိတ်လှုပ်ရှားမှုလျော့သွားပြီး တင်းတင်းက အနောက်တိုင်းဝတ်စုံနှင့် လူများရှေ့တွင် ဖူလီကို အနည်းငယ် ထပ်မံချီးကျူးကာ တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ထွက်သွားလေသည်။
ဘေးမှ တခြားသော အလုပ်သမားများသည်လည်း ဤမြင်ကွင်းကို မြင်ထားပြီဖြစ်ရာ မနာလိုခြင်းနှင့် လေးစားခြင်းများရောယှက်နေပေသည်။ သူတို့က ဖူလီသည် ရှေ့ထွက်ကာ လူဆိုးများထံမှ အမျိုးသမီးကို ကယ်တင်ရဲခဲ့၍ သူဌေးရှေ့တွင် နာမည်ကောင်းရသွားသည်ကို မနာလိုဖြစ်ပြီး လေးစားနေသည်။ မူလက ဖူလီကို အမြင်မကြည်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များက ဖူလီအပေါ်သို့ သူတို့အမြင်အား တစ်ဆင့်တိုးလာခဲ့သည်။
သူက ရုပ်လေးကသာ အရုပ်တစ်ရုပ်လိုဖြစ်နေတာ အပြုအမူတွေကတော့ တော်တော်လေး ဖြောင့်မတ်တာပဲ...
"မင်းနာမည် ဘယ်လိုခေါ်လဲ..."
ဝမ့်ဟန်က ဖူလီကို လက်ညိုးထိုးလိုက်သည်။
"ငါ့ရုံးခန်းကို လိုက်ခဲ့... ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ အသေးစိတ်သိချင်တယ်..."
"ဒါရိုက်တာဝမ်..."
လုံခြုံရေးအစောင့်များ၏ ခေါင်းဆောင်က ဖူလီက မတုံ့ပြန်သည်ကို တွေ့ရာ ဟိုတယ်၏ သူဌေးက စိတ်ကွက်သွားမည်ကို စိုးရိမ်ကာ အလျင်အမြန် ရှေ့ထွက်ပြီး ပြုံးပြလိုက်သည်။
"သူ့နာမည်က ဖူလီပါ... သူက လူသစ်ဆိုပေမဲ့ ကြိုးကြိုးစားစာလုပ်တတ်တယ်... ဖူလီ... ဒါက ဒါရိုက်တာဝမ်... ဒီဟိုတယ်ရဲ့ သူဌေးပဲ..."
"မင်္ဂလာပါ ဒါရိုက်တာဝမ်..."
ဖူလီက ဝမ့်ဟန်ကို တစ်ချက်ကြည့်လိုက်သည်။
အဲ့တော့ ဒါက ဝမ်စွေ့ဟွားရဲ့ မြေးပေါ့... သူ့ကျင့်ကြံခြင်း အခြေခံက မကောင်းပေမဲ့ ဇာတာကတော့ မဆိုးဘူးပဲ...
"မင်္ဂလာပါ... မင်္ဂလာပါ..."
ဝမ့်ဟန်က ရယ်ရယ်မောမောဖြင့် ဖူလီကိုဦးဆောင်ခေါ်သွားကာ သူ့ရုံးခန်းထဲသို့ ဝင်လိုက်သည်။ တံခါးပိတ်ပြီးနောက် သူက ကျွမ်းချင်ကို ရိုရိုသေသေဖြင့် VIP ထိုင်ခုံ ပေးလိုက်သည်။ သူက ဗျူရို၏ လူများနှင့် ရင်ဆိုင်ရသည့်အခါ အမြဲလိုလိုပင် အလွန် ယဉ်ကျေးပျူငှာပေသည်။
ဖူလီက သူပထမဆုံးအကြိမ် မြင်ဖူးသည့် တရုတ်သင်တိုင်းဝတ်စုံဝတ်ထားသည့် အဘိုးအိုမှလွဲ၍ ဗျူရို၏ လူအများစုကို မြင်ဖူးပြီးဖြစ်သည်။ ဟိုတယ်လုံခြုံရေးအစောင့်မှာမူ ထောင့်တွင်ထိုင်ကာ အကင်းပါးစွာ တိတ်ဆိတ်နေသည်။
"ကျွမ်းကျင့်ကြံသူ ... မင်းဒီနေ့ ဘာအတွက် အထူးလာခဲ့တာများလဲ..."
ဝမ့်ဟန်က မကြာသေးမီက သူလုပ်ထားသည့် ကိစ္စများအားလုံးကို တွေးလိုက်သည်။ ဗျူရို၏ဘော့စ်မှ လူကိုယ်တိုင် လာလည်ရလောက်သည့် အကြောင်းအရာ မရှိပါချေ။ သူ့၏ ဟိုတယ်မှာ အလုပ်လိုက်ရှာနေသည့် ကျင့်ကြံခြင်းလောကမှ သူများအတွက် စတင်ရာ နေရာအဖြစ် ဆောင်ရွက်မပေးပါပေ။ ယောင်ကျင့်ကြံသူတစ်ဦးဖြစ်သည့် ဖူလီမှလွဲ၍ ကုမ္ပဏီရှိ လူတိုင်းက သာမန်လူသားများဖြစ်ပေသည်။ သူ့အဖွားထံမှ တောင်းဆိုချက်တစ်ခုကြောင့်သာ ဖူလီအတွက် ပုဂ္ဂိုလ်ရေးအရ နေရာတစ်ခုစီစဉ် ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူက ကျင့်ကြံခြင်းလောက၏ အလုပ်ခန့်ခြင်း အကူအညီပြု လမ်းညွှန်ချက်များကို လိုက်နာကာ သူ့အား တရားဝင် အလုပ်သမား လစာပေးထားပေသည်။
သူဘာအမှားမှ လုပ်ထားတဲ့ပုံလဲ မရပါဘူး...
"ဘာမှ မဟုတ်ပါဘူး... ဒီက ဒါရိုက်တာဝမ်ရဲ့ အစားအသောက်တွေက ကောင်းတယ်လို့ကြားလို့ တစ်နပ်လောက် လာစားကြတာပါ..."
လောင်ဟွမ်က ပြုံးလိုက်သည်။
"ငါတို့က ဒါရိုက်တာဝမ်က ဒီဟိုတယ်ရဲ့ သူဌေးဆိုတာ သတိရလို့ တစ်နပ်လောက် ဖိတ်ကျွေးချင်လို့ပါ... ငါတို့က ကျင့်ကြံခြင်းလောကက လုပ်ဖော်ကိုင်ဘက်တွေပဲ ခံစားချက်ကောင်းလေးတွေ မွေးမြူထားတာ အန္တရာယ်မရှိပါဘူး..."
"အရမ်း ယဉ်ကျေးလွန်းနေပါပြီ..."
လောင်ဟွမ်၏ အပြုံးကိုမြင်ရာ ဝမ့်ဟန်၏ နှလုံးသားထဲမှ စိုးရိမ်မှုက ပို၍ပင် သန်မာလာလေသည်။
ဗျူရို၏ လောင်ဟွမ်က လူတွေကို လှည့်စားတဲ့နေရာမှာ ကျွမ်းကျင်သူဆိုတာ ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ ဘယ်သူက မသိပဲနေမှာလဲ... သူက ရှင်နေတာကို သေသလို၊ သေတာကို ကောင်းကင်ဘုံ ရောက်သွားသလို လုပ်နိုင်တယ်လေ...
"ကြင်နာလွန်းနေပါပြီ..."
လောင်ဟွမ်က ဖူလီကို ပျော်ရွှင်စွာ လှည့်ကြည့်လိုက်သည်။
"မင်းက ဗျူရိုက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ကယ်လိုက်တဲ့ သခင်လေးဖူဖြစ်ရမယ်...
တွေ့ရတာ ဝမ်းသာပါတယ်... တွေ့ရတာ ဝမ်းသာပါတယ်..."
ထောင့်တွင်ထိုင်နေသော ဖူလီက မော့ကြည့်လိုက်ရာ လောင်ဟွမ်၏ မျက်နှာထက်မှ တောက်ပသော အပြုံးနှင့် ဆုံသွားလေသည်။ သူက ရုတ်တရက် နားလည်သွားသည်။
"မင်းက ကျွန်တော့်ကို ဆုကြေးငွေပေးဖို့ ရောက်လာတာလား..."
"ဟားဟား..."
လောင်ဟွမ်က ခြောက်ကပ်စွာ ပြုံးလိုက်သည်။
"ဖူကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းအခြေခံက နက်နဲတယ်... မင်းလို အနေအထားနဲ့ ဒီလိုအရာမျိုးကို ပြောတယ်ဆိုတော့ အကြိုက်ကတော့ အဆင့်နိမ့်ပုံပဲ..."
"ရပါတယ်... ကျွန်တော် စိတ်ထဲမထားပါဘူး..."
ဖူလီက လက်ခါလိုက်သည်။
" ပြီးတော့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအခြေခံက တကယ်ကို သာမန်ပါပဲ... အဲ့တာက'နက်နဲတယ်'ဆိုတဲ့ စကားလုံးနဲ့ တိုင်းတာလို့မရနိုင်ပါဘူး..."
လောင်ဟွမ်ဘေးတွင် ထိုင်နေသော ချူးယွီက သူ့နောက်ကျောကို အနည်းငယ်ကျုံ့ထားလိုက်သည်။ ရောင်ခြယ်အရေပြားနှင့် သရဲ၏ အသတ်ရလုဆဲဆဲ ဖြစ်ခဲ့သော သူက 'သာမန်'ဟူသော စကားလုံးကို မြန်မြန်ဆန်ဆန် မမှတ်မိပါချေ။
" ဖူကျင့်ကြံသူ ..."
ကျွမ်းချင်က ဖူလီနှင့် အကြည့်ချင်းဆုံလိုက်သည်။
"ငါဒီနေ့ တောင်းဆိုစရာတစ်ခုရှိလို့လာခဲ့တာပါ..."
ဘေးမှ နားထောင်နေသော ဝမ့်ဟန်က စိတ်ထဲတွင် ကျိတ်ကာ ကြောင်အသွားသည်။
သူ့ဟိုတယ်မှာ အစောင့်လုပ်ဖို့ လာတဲ့ ဒီဖူလီက ဘယ်လို စွမ်းရည်တွေများ ရှိနေတာလဲ... သူက ကျွမ်းချင်ကိုတောင် 'တောင်းဆိုစရာ'ဆိုတဲ့ စကားမျိုး သုံးလာအောင် လုပ်နိုင်ပါလား... ဟိုတယ်အတွက် ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တစ်ချို့ကို သူက လုံခြုံရေးအစောင့် ခန့်ထားမိတာလား...
အတန်ကြာသည်အထိ သူက ကျေနပ်ရမည်လား ကြောက်လန့်ရမည်လား မသိတော့ပါချေ။
" ကျွမ်းကျင့်ကြံသူ ... ပြောပါ..."
ဖူလီက ချောမွေ့ကာ အမွေးမရှိသည့် သတ္တဝါများကို မနှစ်သက်သော်လည်း ကျွမ်းချင်နှင့် သူတို့၏ တိုးတက်လိုစိတ်အပေါ်တွင် သူတော်ကောင်းတရားပေးအပ်ထားကာ သူ့အား အမြင်မကြည်ခြင်း မရှိပါပေ။
" ဖူကျင့်ကြံသူက ကျင့်ကြံခြင်း ထောင်ချီနဲ့ ခံ့ညားတဲ့ မိစ္ဆာဆိုတာ သိလိုက်ရလို့ ကျွန်တော်တို့ ရှိနေတဲ့ သံသယတစ်ခုကို ဖြေရှင်းဖို့ ဖူကျင့်ကြံသူကို ဖိတ်ချင်ပါတယ်..."
ကျွမ်းချင်၏ အမူအရာက တည်ကြည်နေသည်။ လူမျိုးစု၏ ကံတရားနှင့် အကြွင်းမဲ့ ချည်နှောင်ထားသည့် ရွှေနဂါးတစ်ကောင်အနေဖြင့် သူက ကျူးယန်က မျက်နှာပြင်ပေါ်တွင် အလွန်အရေးပါစွာ ရည်ညွှန်းခဲ့သည့် 'မိစ္ဆာ ဧကရာဇ်'ကို အထင်မသေးသော်လည်း တိတ်တဆိတ် စောင့်ကြည့်နေဆဲဖြစ်သည်။
သူမွေးဖွားလာသည့်အခါ မိစ္ဆာလောကမှာ တဖြည်းဖြည်း အားပျော့လာပြီ ဖြစ်သည်။ လူသားတို့၏ သိပ္ပံနှင့် နည်းပညာတို့ တိုးတက်လာသည်နှင့် လူသားများသည်လည်း လွတ်လပ်မှုနှင့် ဖန်တီးမှုများ ကို ဆုပ်ကိုင်လာကာ သဘာဝလွန် ပုံပြင်များကို အသိအမှတ်မပြုကြတော့ပါပေ။ လက်ရှိ စီမံခန့်ခွဲ့မှု ဗျူရိုမှာ လူသားများနှင့် ကျင့်ကြံခြင်းလောက အကြားတွင် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်း၏ သေင်္ကတ ဖြစ်ပေသည်။ မိစ္ဆာဧကရာဇ်က လက်ရှိလောကတွင် ပုန်ကန်မှုတစ်ခုပြုလုပ်ခဲ့ပါက တည်ရှိနေသော မျှခြေပျက်စီးသွားမည်သာမကပဲ အလွန်ကြီးမားသော ကပ်ဘေးကြီးတစ်ခုကို ယူဆောင်လာနိုင်ပေသည်။
သက်ရှိများ အားလုံးသည် အပြစ်မဲ့ကာ ထိုကဲ့သို့ နာကျင်မှုများ ခံစားရန်မလိုပါပေ။
"ကျွမ်းကျင့်ကြံသူ... ဆက်ပြောပါ..."
ကျွမ်းချင်က အလွန်တည်ကြည်နေသည်ကို မြင်ရာ ဖူလီက မတ်မတ်ထိုင်လိုက်သည်။
"ဖူကျင့်ကြံသူ ယောင်ဧကရာဇ်(မိစ္ဆာဧကရာဇ်) နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေများ ကြားဖူးသလား..."
" ယောင်ဧကရာဇ်လား..."
ဖူလီက ကျွမ်းချင်၏ အမူအရာကို ဂရုတစိုက် အသေးစိတ် ကြည့်ရှုလိုက်သည်။ သူက စနောက်နေခြင်း မဟုတ်သည်ကို အတည်ပြုပြီးသည့် အချိန်မှသာ သူက ပြန်ဖြေလိုက်သည်။
"မင်းက လူသားလောကရဲ့ဝတ္ထုထဲက ယောင်ဧကရာဇ်ကို ပြောနေတာလား..."
ကျွမ်းချင်က တိတ်ဆိတ်နေပေသည်။
"အဲ့တာက လူသားတွေ အပျော်သဘော လျှောက်ပြီးရေးထားကြတာနေမှာပါ..."
ဖူလီက သူ့၏ ဦးနှောဏ်ထဲရှိ ဗဟုသုတ အနည်းငယ်ထဲမှ ရှာဖွေရန် ကြိုးစားလိုက်သည်။
" ကျွန်တော်နေတဲ့ တောင်က ပိုပြီးတော့ ဝေးပြီး အဲ့တောင်ရဲ့ ဘုရင်က ဘုရင်ကန်းလေ့လို့ခေါ်တယ်... သူက အတော်ကို စိတ်ရှည်တယ်... သူပြောပုံအရ မိစ္ဆာဘုရင်အမျိုးမျိုးက သူတို့ရဲ့ ကိုယ်ပိုင် ပိုင်နက်ရှိပြီး တစ်ခါတစ်လေမှသာ လူသားတွေ လုပ်ပေးတဲ့ စတေးမှုတွေကြောင့် တိုက်ခိုက်တတ်တာ... ဒါပေမဲ့ 'ယောင်ဧကရာဇ်'ဆိုတဲ့ ဘွဲ့ကိုတော့ တစ်ခါမှ မကြားဖူးဘူး..."
"ငါတို့က ဒါကို ဖူကျင့်ကြံသူအပေါ် မဖုံးကွယ်ထားပါဘူး... ငါတို့လဲ ယောင်ဧကရာဇ်ရဲ့ ခွန်အားကို တစ်ခါမှ မကြားဖူးဘူး..."
လောင်ဟွမ်က သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ ကျူးယန်ပြောတာတော့ ယောင်ဧကရာဇ်က မကြာခင်မှာ လူသားလောကဆီကို ဆင်းသက်လာပြီး သက်ရှိသတ္တဝါတွေ အကုန်လုံးအတွက် ကပ်ဘေးယူဆောင်လာမယ်လို့ ကြေညာထားတယ်..."
"ဖူကျင့်ကြံသူ ငါတို့နဲ့ ဗျူရိုကို လိုက်ပြီး ကျူးယန်နဲ့ တွေ့ချင်လား..."
ကျွမ်းချင်က ထပ်ဆိုလိုက်သည်။
"ငွေသားဆုကြေးပေးမှာပါ..."
ဖူလီ၏ မျက်လုံးများက အနည်းငယ် အရောင်တောက်လာသည်။ သူက ဝမ့်ဟန်ကို လှမ်းကြည့်သည်။
"သူဌေး ကျွန်တော် အလုပ်ချိန်အတွင်း ထွက်သွားရင် လုပ်အားခ နုတ်မှာလား..."
လူတိုင်း၏ အကြည့်များက ဝမ့်ဟန်ဆီသို့ ရောက်ရှိလာသည်။
သနားစရာကောင်းလှသည့် ဝမ့်ဟန်မှာ ကျင့်ကြံခြင်းလောက၏ လူငယ် မျိုးဆက်တစ်ဦးသာဖြစ်ပေသည်။ သူက ထိုမျှ များပြားလှသည့် အကြည့်များကို မည်သို့ ခံနိုင်မည်နည်း။
"ဒါက အများပြည်သူကို အမှုထမ်းပေးတာလို့ သတ်မှတ်တာမို့ မင်းရဲ့ လုပ်အားခကို မနုတ်ပါဘူး... ဒီလအတွက် ဘောနပ်စ်ပါ ပေးအုံးမှာ..."
ဖူလီက ချက်ချင်းပင် စိတ်အေးသွားလေသည်။ သူက ကျွမ်းချင်ကို ထပ်မံကြည့်လိုက်သည်။
"အဲ့ဒါဆို သွားကြတာပေါ့..."
"မဟုတ်သေးပါဘူး... ဘော့စ် ငါ့တို့က ဒီကို စုလာကြတာ ဟိုဟာအတွက် မဟုတ်..."
ချူးယွီက သူ့အား အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
"သမားတော်တွေက အစားသောက်ကောင်းအတွက် သူတို့ရဲ့ စိတ်ဆန္ဒတွေကို စောစောရုပ်သိမ်းပြီး ဥပုသ်စောင့်တဲ့ လမ်းစဉ်ကို ကျင့်သုံးသင့်တယ်..."
ကျွမ်းချင်က မတ်တပ်ထရပ်လိုက်သည်။
"သွားစို့..."
"ကျွမ်းကျင့်ကြံသူက ကျွန်တော့်ရဲ့ ဟိုတယ်ကို ကြုံတောင့်ကြုံခဲ ရောက်လာတုန်း ကျွန်တော်က ထမင်းတစ်နပ်လောက် ဖိတ်ကျွေးပါရစေ..."
ဝမ့်ဟန်က ဆိုလိုက်သည်။
"လူတိုင်း သက်တောင့် သက်သာနေကြပါ... ဟင်းပွဲတွေက ကျင့်ကြံခြင်းလောကက စိတ်ဝိညာဉ် အစေ့အဆံတွေ ဟင်းသီးဟင်းရွက်တွေ သုံးပြုပြီး လုပ်ထားတာ... အဲ့ဒါတွေက ဓာတုပစ္စည်းတွေ၊ မြေဩဇာတွေ၊ အန္တရာယ်ဖြစ်စေတဲ့ အရာဝတ္ထုတွေမပါတဲ့ ဟင်းရွက်စိမ်းတွေပဲ..."
ကျွမ်းချင်က အဖက်မလုပ်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"သခင်လေး ဝမ်က ဒီလောက် ဖော်ရွေပြနေမှတော့ ကျွန်တော်က နှိမ့်နှိမ့်ချချနဲ့ပဲ လက်ခံလိုက်ပါမယ်..."
"ကြိုဆိုပါတယ် ကြိုဆိုပါတယ်... ကျွန်တော့နောက် လိုက်ခဲ့ပါ..."
ကျင့်ကြံခြင်းလောက၏ သူဌေးက ထမင်းတစ်နပ်အတွက် နေခဲ့မည်ကို ကြားသောအခါ ဝမ့်ဟန်က အလွန် အားရဝမ်းသာဖြစ်ကာ သူ့၏ ချောမောလှသော မျက်နှာပေါ်ရှိ အပြုံးမှ မျဉ်းကြောင်းများပေါ်လာလေသည်။
ဖူလီသည်လည်း ဗျူရို၏ မျက်နှာကြောင့် ထမင်းတစ်နပ် အလကား စားနိုင်လေသည်။ ထမင်းစားပြီးနောက် သူက သူနှင့်အနီးဆုံရှိ ချူးယွီကို မေးလိုက်သည်။
"ဒါက အကောင်ကြီးတွေကိုမှီပြီး အမြတ်ထုတ်တယ်လို့ ယူဆလို့ရလား..."
ချူးယွီက သဘာဝ သစ်သီးဖျော်ရည်တစ်ခွက်ကို သောက်နေကာ အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဒါကို 'ကြီးမားတဲ့ ပျူငှာခြင်းကို မငြင်းဆန်နိုင်ခြင်း'လို့ခေါ်တယ်... ကျွန်တော်တို့က အမြဲတမ်းဆက်ဆံနေရတဲ့ လူတွေကို စိတ်ပျက်အောင် လုပ်လို့မရဘူးလေ..."
သူက ဖန်ခွက်ကို ချလိုက်သည်။
"အိုး ဟုတ်သား... ကျေးဇူးရှင်လေး... အစ်ကို့ကို ကျွန်တော် တစ်ခုပြောဖို့မေ့နေတာ..."
သူက ဖူလီအား အထူးထောက်ပံ့ငွေအကြောင်း ပြောပြလိုက်သည်။
"အဲ့လုပ်ငန်းစဉ်က အတော်လေးမြန်မြန် ထောက်ခံပေးတယ်... အစ်ကို ဒီလ လျှောက်ရင် နောက်လဆိုရင် ပိုက်ဆံရလောက်တယ်..."
ဤသည်မှာ နိုင်ငံတော်၏ ဖြေဖျောက်ခြင်း နည်းလမ်းများထဲမှ တစ်ခုဟူ၍လည်းဆိုနိုင်ပေသည်။ ငွေမှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ နိုင်ငံတော်က သူတို့အပေါ်တွင် ထားရှိသော လေးစားမှုကို သိမြင်စေရန် ပြသခြင်းပင်။ ထိုနှစ်ထောင်ချီ မိစ္ဆာအများစုမှာ နက်နဲသော ကျင့်ကြံခြင်း အခြေခံ ရှိပေသည်။ သူတို့က လူသားများနှင့် နီးကပ်ပါက အထူးအခြေအနေများ အောက်တွင် နှစ်ဖက်စလုံးအတွက် အကျိုးရှိလေသည်။
"အင်းအင်း... ငါနောက်မှ လျှောက်လိုက်မယ်..."
ဖူလီက ပျော်ရွှင်စွာ မေးလိုက်သည်။
"ပိုက်ဆံက ငါ့ကဒ်ထဲကို တိုက်ရိုက်ဝင်မှာလား... ဒါမှမဟုတ် အဲ့တာကို လက်ခံဖို့ ငါဗျူရိုကို သွားစရာလိုသေးလား..."
"အခုက ဒီဂျစ်တယ် ခေတ်ရောက်နေပြီလေ... လူကိုယ်တိုင်သွားစရာမလိုပါဘူး..."
ချူးယွီက ပြန်ဖြေလိုက်သည်။
"အစ်ကို့ ဖုန်းနံပါတ်က ဘာလဲ... လျှောက်လွှာလက်ခံပြီဆို ကျွန်တော် အကြောင်းကြားပေးမယ်..."
"ကိစ္စတစ်ခုခုရှိရင် မိုင်တစ်ထောင် အသံကူးပြောင်းခြင်းကိုသာ သုံးလိုက်... လက်ကိုင်ဖုန်းလို အပိုပစ္စည်းက ဘာလို့လိုအုံးမှာလဲ..."
ဖူလီက လက်ကိုင်ဖုန်း၏ ခေါ်ဆိုခြင်း လုပ်ဆောင်ချက်မှာ မိုင်တစ်ထောင် အသံကူးပြောင်းခြင်းနှင့် အလွန်ဆင်တူသည်ဟု ခံစားရသည်။
ချူးယွီ: "..."
"ကျေးဇူးရှင်လေး... မိုင်တစ်ထောင် အသံကူးပြောင်းခြင်းဟုတ်လား... လူသားကျင့်ကြံသူတွေ အကုန်လုံးတောင် အဲ့ဒါကို ဘယ်လိုသုံးရမလဲ မသိဘူး..."
ဥပမာဆိုရသော် သူက ၄င်းကို မည်သို့အသုံးပြုရမည်ကို မသိပါချေ။
"အဲ့ဒါဆို ပျံသန်းခြင်းလက်ဖွဲ့ ကူးပြောင်းခြင်းဆိုရင်ရော..."
ဖူလီက လက်ရှိကျင့်ကြံခြင်းလောကအတွက် သူ့၏ မျှော်မှန်းချက်ကို နှိမ့်ချသင့်သည်ဟု ခံစားရသည်။
ချူးယွီက ခေါင်းသာ ခါနေပေသည်။
"အဲ့ဒါဆို... ကောင်းမှုအတွက် ကုန်ပစ္စည်း လဲလှယ်ခြင်းရော"
ချူးယွီက ခေါင်းခါနေဆဲဖြစ်ကာ အလွန်ရှက်ရွံ့နေ၍ ခေါင်းပင်မဖော်နိုင်ပါပေ။
"အဲ့ဒါဆို မင်းတို့တွေ ဘာသိလဲ..."
ချူးယွီက တစ်ခုခုပြောရန် အလွန်ရှက်ရွံ့နေပေသည်။
"ကံကောင်းတာက အခုဆိုရင် မိစ္ဆာတစ်ချို့က လူသားကျင့်ကြံသူတွေနဲ့ ရင်းနှီးနေကြပြီ..."
ဖူလီက သက်ပြင်းချလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကဆိုရင် မင်းလို မိစ္ဆာငယ်လေးက လူသားလောကထဲမှာ သုံးလထက်ပိုပြီး အသက်မရှင်နိုင်လောက်ဘူး..."
"အစ်ကိုအရင်က လူသားလောက ရောက်ဖူးတာလား..."
ချူးယွီက ဤစကားဝိုင်းကို ဆက်မပြောနိုင်ဟု ခံစားလိုက်ရသည်။ သူတို့ ဆက်၍စကားပြောနေပါက မူလအသွင်အဖြစ်ပြောင်းကာ မီးဖိုချောင်အား သူ့အား ငါးပေါင်းအဖြစ် ပြောင်းလဲရန် ခွင့်ပြုရမည် ဖြစ်ပေသည်။
"မရောက်ဖူးဘူး... ဘုရင်ကန်းလေ့ပြောတာက လူသားဆန်မှုက ကပ်ဘေးအထပ်ထပ် ကြုံနေရပြီး တာအိုဆေးဆရာတွေတောင် ယောင်ကျင့်ကြံသူတွေကို ကြိုးပေးဖို့ သူ့တို့ကိုယ်သူတို့ တာဝန်ယူထားကြတယ်တဲ့... ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျလို့ တောင်ပေါ်က ဘယ်မှမသွားရဲတာ..."
ဖူလီက အနည်းငယ် ရှက်ရွံ့နေလေသည်။
"ငါ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး စောင့်ကြည့်နေပြီး အပြင်လောကက စိတ်ထားကောင်းမွန်လာပြီဆိုတာကို မြင်မှ ထွက်လာရဲတာ..."
ချူးယွီက သူတို့၏ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျသည်ဟုတွေးကာ တောင်မှ ထွက်မလာရဲသည့် မိစ္ဆာတစ်ဦးအတွက် သူတို့ခေတ်၏ လူသားကျင့်ကြံသူများက မည်မျှ အားနည်းရမည်ကို စိတ်ပျက်အားလျော့စွာဖြင့် တွေးမိလေသည်။
စားသောက်ပြီးနောက် သူတို့က ဗျူရိုသို့ အလျင်အမြန် ပြန်ကာ ကျွမ်းချင်က ဖူလီသို့ ကျူးယန်ကို ပိတ်လှောင်ထားရာ နေရာသို့ တိုက်ရိုက်ဦးဆောင်သွားလိုက်သည်။
လဝက်ခန့် ပိတ်လှောင်ခြင်း ခံထားရပြီးနောက် ကျူးယန်ကိုယ်ပေါ်ရှိ မာနအရှိန်မှာ အနည်းငယ် လွင့်ပါးနေပြီ ဖြစ်သည်။ အထူးသဖြင့် သူက ကျွမ်းချင်ကို မြင်သည်နှင့် ယုန်တစ်ကောင်သဖွယ် နာခံတတ်လာပေသည်။
"ကျူးယန်... ဒဏ္ဍာရီထဲက ယောင်ဧကရာဇ်က ဘယ်လိုပုံစံလဲ..."
" ယောင်ဧကရာဇ်ကြီးမှာ နောက်ကျောပေါ်က တောင်ပံတစ်စုံ၊ ရွှေရောင် အမွေးတွေနဲ့ ခန္ဓာကိုယ်၊ လနီးပါးကြီးတဲ့ မျက်လုံးတွေ၊ ကောင်းကင်ဘုံ နွားထီးလို နှာခေါင်း၊ တိမ်နီလို ခြေထောက်၊ တောင်ကြီးတစ်တောင်လိုကြီးတဲ့ ခန္ဓာကိုယ်နဲ့ တောင်တွေ မြစ်တွေကို တုန်ခါစေနိုင်တဲ့ နှာမှုတ်သံ ရှိတယ်လို့တော့ ဆိုရိုးရှိတယ်..."
ဖူလီက အသံတိုးတိုးဖြင့် မေးလိုက်သည်။
"နွားထီးတွေနဲ့ တူတဲ့ နှာခေါင်းတွေရယ် ထူးထူးဆန်းဆန်း ပုံစံတွေရယ်ရှိတာက နဂါးမျိုးနွယ်တစ်ခုတည်း မဟုတ်ဘူးလား..."
ကျွမ်းချင်က နောက်လှည့်ကာ သူ့ကို တိတ်တဆိတ်ကြည့်နေလေသည်။
ဖူလီ : "..."
တိတ်ဆိတ်ခြင်းမှာ အကောင်းဆုံး တုံ့ပြန်မှု ဖြစ်လေသည်။