Chapter 16
မိစ္ဆာကြီး၏ ခွန်အား
ထူးဆန်းသည့် လေထုအလယ်တွင် ကျွမ်းချင်က အရင်ဆုံး အကြည့်လွှဲသွားသည်။ သူက ကျူးယန်ကို ကြည့်လိုက်သည်။
"မင်းပြောချင်တာက မင်း ယောင်ဧကရာဇ်ကို အရင်က တစ်ခါမှ မတွေ့ဖူးဘူးပေါ့..."
"ငါသူ့ကို မတွေ့ဖူးပေမဲ့ သူက တိုက်ခိုက်စွမ်းရည်မှာ ထူးချွန်တယ်ဆိုတာတော့ ကြားဖူးတယ်..."
ကျူးယန်က ယောင်ဧကရာဇ်က မည်မျှ စွမ်းအားကြီးသည်ကို မသိပါချေ။ သို့သော် သူ့အား ဖမ်းဆီးထားသူများရှေ့တွင် ယောင်ဧကရာဇ်အား ပြိုင်ဘက်ကင်းကာ နတ်ဘုရားဆန်လှပြီး အလွန်မြင့်မြတ်သည့် မိစ္ဆာကြီးတစ်ကောင်အဖြစ် ဖော်ပြရန် မစောင့်နိုင်တော့ပါပေ။
" ယောင်ဧကရာဇ် အရှင်က ခန့်မှန်းလို့မရအောင် ပေါ်လာပြီး ပြန်ပျောက်သွားတတ်တယ်... မင်းက မိစ္ဆာမျိုးနွယ်ကို ဒီလိုမျိုးဆက်ဆံတယ်ဆိုတာ သူသိသွားရင် သူက သေချာပေါက်ကို မိစ္ဆာမျိုးနွယ်အတွက် တရားမျှတမှု ယူပေးမှာပဲ..."
"အဲ့လိုမဖြစ်နိုင်ဘူး..."
ရှုယွမ်က စာအုပ်တစ်အုပ်ပေါ်တွင် ဘောပင်နှင့် ရေးခြစ်နေသည်။ ကျူးယန်၏ စကားများကို ကြားပြီးနောက် သူက ပြန်ပြောလိုက်သည်။
"မင်းက မိစ္ဆာမျိုးနွယ်တစ်ခုလုံးကို ကိုယ်စားမပြုဘူး... ငါတို့ဆီမှာရှိတဲ့ ယောင်ကျင့်ကြံသူအရေအတွက်ကလည်း မနည်းဘူး... ယောင်ဧကရာဇ်က ငါတို့ဘက်မှာနေရင် ဘယ်လိုလုပ်မလဲ..."
" ယောင်ဧကရာဇ်ကြီးက လေးစားစရာအကောင်းဆုံး ပုဂ္ဂိုလ်ပဲ... သူက ဘယ်လိုလုပ်ပြီး မင်းတို့တွေနဲ့အတူ အိုင်ထဲမှာ ရွှံ့လူးဖို့ စိတ်ကူးရှိမှာလဲ..."
ကျူးယန်က ဘဝင်မြင့်လှသော အေးစက်စက် အပြုံးတစ်ခုကို ပေးလိုက်သည်။
"မင်းတို့ ကံကောင်းဖို့အတွက် ဆုတောင်းထားသင့်တယ်... ယောင်ဧကရာဇ်ကို ဒေါသထွက်စေရင် ဆူနာမီတွေ တောင်ပြိုတာတွေ ဖြစ်လာပြီး နိုင်ငံတစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးပစ်နိုင်တယ်..."
" ယောင်ဧကရာဇ်က ငတုံးလား... သူက ဆူနာမီနဲ့ တောင်ပြိုတာအပြင် ဘာမှ မလုပ်တတ်တော့ဘူးလား... ကောင်းကင်ဘုံအောက်က မြေပြင်က ကြီးမားပြီး ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိတယ်... မိစ္ဆာကြီးတစ်ချို့က တစ်ကယ်ပဲ အဲ့လိုမျိုး လုပ်ရဲတယ်ဆိုရင် ကောင်းကင်ဘုံ စည်းမျဉ်းတွေက ခွင့်ပြုမှာတဲ့လား..."
ဖူလီက ကျူးယန်၏ ပေါက်ကရ လျှောက်ပြောနေခြင်းကို အညှာအတာမဲ့စွာ ထောက်ပြလိုက်သည်။
"ဘုရင်ကျူးယန်... မင်းက နှစ်တစ်သောင်းလောက် အသက်ရှင်ပြီးပြီပဲ... ဘယ်လိုလုပ်ပြီး အဲ့လိုစကားလုံးတွေနဲ့ အရှက်မရှိ လူငယ်တွေကို လိမ်နေရတာလဲ..."
"ထပ်ပြီး မင်းပဲလား..."
ကျူးယန်က ဖူလီကို မြင်ရသည်ကိုပင် ဒေါသထွက်နေလေသည်။ ဤမိစ္ဆာကြောင့်သာ မဟုတ်ပါက သူက ဤနေရာတွင် ပိတ်မိနေမည် မဟုတ်ပါပေ။
"မင်း အရင်တုန်းက ဘယ်လိုတောင်မျိုးမှာ နေခဲ့တာလဲ... ငါတော့ အရင်က တခြားသူရဲ့ ကိစ္စတွေမှာ ဒီလောက်ဝင်ပါတတ်တဲ့ မိစ္ဆာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး..."
"အချင်းချင်း ကူညီမှပဲ သဟဇာတဖြစ်တဲ့ နယ်မြေကို တည်ဆောက်နိုင်မှာလေ..."
ဖူလီက ကျူးယန်၏ လှောင်ပြောင်ခြင်းကို စိတ်ထဲမထားပါပေ။ သူက ကျွမ်းချင်ကို လှည့်ကာ စကားဆိုလိုက်သည်။
"တောင်းပန်ပါတယ်... ကျွန်တော် ခင်ဗျားကို မကူညီနိုင်လောက်ဘူး... ကျွန်တော်တော့ ကျူးယန်ပြောတဲ့ ပုံနဲ့ ကိုက်ညီတဲ့ မိစ္ဆာမျိုးတစ်ခါမှ မတွေ့ဖူးဘူး..."
"ဖူကျင့်ကြံသူ အဲ့ဒါအတွက် အပြစ်ရှိသလို ခံစားနေစရာမလိုပါဘူး..."
ရှုယွမ်က ပုံကြမ်းစာအုပ်တစ်အုပ်ကို ယူလာသည်။ သူက ကျူးယန်၏ စကားများအရ ယောင်ဧကရာဇ်၏ သွင်ပြင်ကို အကြမ်းဆွဲထားပြီး ဖြစ်ကာ ထိုအစိတ်အပိုင်းများ ပေါင်းစပ်ထားခြင်းက အလွန်ထူးဆန်းသည့် သွင်ပြင်တစ်ခုကို ဖြစ်စေသည်ကို သဘောပေါက်လေသည်။
"ဒီနှစ်ထဲမှာ ယောင်လောကထဲက အမှန်တရားက ပြောင်းလဲသွားတယ်လို့ငါထင်တယ်... အဲ့တာကို ကျူးယန်ကြားတဲ့အချိန်မှာ တော်တော်လေး ပြောင်းသွားပြီနေမှာ..."
ကျွမ်းချင်က ပုံကြမ်းစာအုပ်ကို ယူကာ တစ်ချက်ကြည့်ပြီးနောက် ဖူလီဆီသို့ ပေးလိုက်သည်။
တောင်လို ခန္ဓာကိုယ်၊ ချွန်ထက်တဲ့ ရွှေရောင်အမွေးတွေနဲ့ တောင်ပံ နှစ်စုံ... ဒါက ဘယ်လိုတောင် ရုပ်ဆိုးတဲ့ သွင်ပြင်လဲ... ဒီသွင်ပြင်က လုံးဝကို အစီအစဥ်မကျနေဘူး...
"ဒီပုံစံနဲ့ဆိုရင် သူ့ရဲ့မူလခန္ဓာကိုယ်က တိုက်ခိုက်ဖို့အတွက် အားသာချက်မဖြစ်လောက်ဘူး..."
ဖူလီက ပုံကြမ်းစာအုပ်ကို ပုံစံမျိုးစုံဖြင့် လှည့်ကြည့်လိုက်သည်။
" ယောင်လောကက တိုက်ပွဲတွေက အမြန်နှုန်း၊ ရက်စက်ခြင်းနဲ့ တိကျခြင်းတို့အပေါ်မှာ မူတည်တယ်... ဒီဒဏ္ဍာရီလာမိစ္ဆာက ခန္ဓာကိုယ်အကြီးကြီးရှိရင်တောင် တောင်ပံလေးခုက ခန္ဓာကိုယ်နဲ့ အဆင်မပြေဘူး... သူ့အမြီးက ဘာနဲ့တူလဲတော့ ငါမသိဘူး... ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကသာ တောင်လောက်ကြီးရင် သူ့အမြီးရဲ့ လှုပ်ရှားနိုင်စွမ်းက တော်တော်လေး နိမ့်မှာပဲ... သူတိုက်ပွဲမှာ အားသာချက်မရှိဘူး..."
"သူ့ကျင့်ကြံခြင်းအရ သူက လူသားပုံစံနဲ့ တခြား မိစ္ဆာနဲ့တိုက်ရရင် တခြားမိစ္ဆာကလည်း သူ့ရဲ့ မူလပုံစံကို ပြောနိုင်မှာမဟုတ်ဘူး... သူတို့က သူ့ရဲ့ မူလပုံစံကို ဘယ်လိုလုပ်ပြီး ဖော်ပြနိုင်မှာလဲ..."
ဖူလီက ပုံကြမ်းစာအုပ်ကို ရှုယွမ်ဆီသို့ ကမ်းပေးလိုက်ကာ ကျွမ်းချင်ကို စကားပြောရန်လှည့်လိုက်သည်။
"အဲ့တော့ သူက လိမ်နေတာပဲ ဖြစ်ရမယ်..."
ကျူးယန်က တံတွေးမျိုချလိုက်သည်။ သူ ခေါင်းမော့ကြည့်လိုက်ရာ သူ့အား စိုက်ကြည့်နေသည့် ကျွမ်းချင်ကို မြင်ကာ ကြောက်လန့်လှသဖြင့် ဘောလုံးတစ်လုံးကဲ့သို့ ကျုံ့ဝင်သွားသည်။
"ကျွန်တော် မလိမ်ပါဘူး... ကျွန်-ကျွန်တော်လဲ ဒါကို တခြားမိစ္ဆာတစ်ကောင်ဆီက ကြားလာတာပါ..."
"ကျွတ်..."
ရှုယွမ်က ပုံကြမ်းစာအုပ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
"နောက်ဆုံးတော့ ဒါက အချိန်ဖြုန်းနေတာပဲပေါ့..."
သူလိုချင်သော အဖြေမရသော်လည်း ကျွမ်းချင်၏ မျက်နှာထက်တွင် စိတ်ပျက်မှု များများစားစား ရှိမနေပါချေ။ သူက ဖူလီကို လှည့်ကြည့်လိုက်သည်။
"ဒီနေ့တော့ ဒီကိစ္စကြောင့်နဲ့ ဖူကျင့်ကြံသူကို ဒုက္ခပေးမိပြီ..."
ဖူလီက ခေါင်းခါပြလိုက်သည်။
"ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီ... မိစ္ဆာလောကရဲ့ အတင်းအဖျင်းတွေကို နားထောင်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်..."
"ဖူကျင့်ကြံသူ တကယ်ပဲ ငါတို့ဗျူရိုကို ဝင်ဖို့ မစဉ်းစားတော့ဘူးလား..."
ကျွမ်းချင်က အရည်အချင်းကို မြတ်နိုးပေသည်။ ဖူလီနေထိုင်နေသည့် ယိုယွင်းနေသော အိမ်လေးကို ပြန်တွေးမိရာ သူက မမေးပဲ မနေနိုင်ပါတော့ချေ။
"ဗျူရိုက မင်းအတွက် ဝန်ထမ်းအိမ်ယာ စီစဉ်ပေးပါမယ်... ဆက်သွယ်ရေးနဲ့ သွားလာရေးစားရိတ်တွေကိုလည်း လတိုင်းပြန်ပေးမှာပါ..."
"ကျေးဇူးရှင်လေး... ကျွန်တော်တို့ ဗျူရိုက အလုပ်မများပါဘူး... အလုပ်ချိန်ပြီးရင် အိမ်ပြန်လို့ရတယ်... လုပ်စရာမရှိရင် စာဖတ်နေလို့တောင်ရတယ်... အဲ့လိုဆို အချိန်တန်ရင် အစ်ကိုလည်း တက္ကသိုလ်သွားလို့ရတာပေါ့..."
ချူးယွီက လျှောက်လာလေသည်။
"စိတ်မပူပါနဲ့... လစာက သေချာပေါက် လုံခြုံရေးအစောင့်လစာထက် မြင့်ပါတယ်..."
ဝန်ထမ်အိမ်ယာနှင့် လုပ်အားခများအကြောင်း ကြားပြီးနောက် ဖူလီက အနည်းငယ် သွေးဆောင်ခံလိုက်ရသည်။
သူ့နောက်ရှိ ဝိညာဉ်ပိတ်လှောင်အစီအရင်ထဲတွင် ကြောက်လန့်နေဟန်ရသော ကျူးယန်က ခေါင်းငုံ့ကာ သူ့လက်ဖဝါးကို လက်သည်းချွန်တစ်ခုဖြင့် လှီးဖွင့်လိုက်သည်။ သွေးများက အစီအရင်ပေါ်သို့ တစ်စက်ချင်းကျနေလေသည်။ သူ့လှုပ်ရှားမှုများကို သတိပြုမိမည်မဟုတ်ဟု ထင်ထားသော်လည်း သူ့လက်ဖဝါးကို လှီးဖြတ်လိုက်သည့်အချိန်တွင် ဖူလီက ရုတ်တရက် ပြန်လှည့်ကြည့်လာသည်။
"မင်းက သွေးသုံးပြီး မန္တန်လုပ်ချင်နေတယ်ပေါ့..."
ဖူလီက ရုတ်တရက် လက်မောင်းတစ်ဖက်မြှောက်လိုက်သည်။ သူ့လက်မောင်းက ဝိညာဉ်ပိတ်လှောင်အစီအရင်၏ အကာအကွယ်ကို ဖြတ်သွားကာ ကျူးယန်ကို အစီအရင်ပြင်ပသို့ ဆွဲထုတ်လာသည်။
ဖူလီတုံ့ပြန်လိုက်သည့် အခိုက်အတန့်တွင် ကျွမ်းချင်၏ အညိုရင့်ရင့် မျက်လုံးများက ရုတ်တရက် ရွှေရောင်အလင်းများ ပျံ့နှံ့လာကာ မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများက ကျူးယန်၏ သွေးများ လတ်လတ်ဆတ်ဆတ်ထွက်နေရာသို့ ဖိထားလိုက်သည်။ ရွှေရောင်အလင်းနှင့် ရန်မူတတ်သော ချီတို့က ထိခတ်သွားပြီး အက်ကွဲသံများ ထုတ်လွှတ်လာသည်။ သူ့လက်များက အလျင်အမြန် လှုပ်ရှားသွားပြီး သူတို့ရှေ့တွင် ထူထည်းလှသည့် အကာအကွယ်တစ်ခု ပေါ်လာလေသည်။
ပြင်းထန်သော ပေါက်ကွဲသံတစ်ခုက ထွက်ပေါ်လာသည်။ သို့သော် ထိုပေါက်ကွဲမှုမှာ လူတိုင်း၏ စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်းကဲ့သို့ ဝိညာဉ်ပိတ်လှောင်အစီအရင်အထဲရှိ နေရာလပ်တစ်ခုမှလွဲ၍ တခြားနေရာတွင် လှုပ်ရှားမှု အနည်းငယ်မျှပင် မဖြစ်ပွားပါချေ။ ကျွမ်းချင်က လက်သီးဆုပ်လိုက်ကာ အေးစက်စွာ ပြုံးလိုက်သည်။
"မင်းက သွေးအစပျိုး မန္တန်တွေကို ဘယ်လိုသုံးရမလဲဆိုတာသိမှတော့ ရှေးဟောင်း နာမည်ကျော် ကြမ်းတမ်းတဲ့ မိစ္ဆာလို့ ခေါ်ထိုက်ပါတယ်..."
ချူးယွီနှင့် တခြားသူများက အလွန်ကြောက်လန့်နေကာ သူတို့၏ အသားအရောင်များပင် ပြောင်းလဲသွားသည်။ ကြီးမားလှသည့် မိစ္ဆာချီလှိုင်းများက လက်တွေ့တွင် စွမ်းအားလွန် ဗုံးတစ်လုံးကဲ့သို့ပင်။ သူတို့၏ ဘော့စ်က အကာအကွယ်တစ်ခု အလျင်အမြန် မပြုလုပ်ခဲ့ပါက အဆောက်အဦးတစ်ခုလုံး မြေပြင်သို့ ပြိုကျသွားမည်ဖြစ်ပေသည်။
"ကျူးယန်..."
ဝိညာဉ်ပိတ်လှောင်အစီအရင်မှာ အတင်းအကြပ် စုတ်ဖြဲခံလိုက်ရသည်။ ထိုအခိုက်တွင် ကျူးယန်က အလျင်စလို မလှုပ်ရှားဝံ့သော်လည်း ဖူလီက အလွယ်တကူ လျှောက်ဝင်လာသည်။ သူက ဖူလီကို သတိတကြီး ကြည့်လိုက်သည်။ ဤကဲ့သို့ သွေးအစပျိုး နည်းစနစ်မှာ တစ်ကြိမ်တည်းနှင့် အဆုံးသတ်၍ မရနိုင်ပါပေ။ ၄င်းကို တစ်စုံတစ်ဦးက ကြားဝင် နှောင့်ယှက်ပါက ထိုသူကို ရန်မူတတ်သော ချီက သေချာပေါက် တိုက်ခိုက်မည် ဖြစ်ပေသည်။ ထိုသူက မသေလျှင်ပင် ကျင့်ကြံခြင်းနှစ်ပေါင်းထောင်ချီ ဆုံးရှုံးနိုင်ပေသည်။
ဒါတောင် ဒီမိစ္ဆာက ဘာလို့ ဘာမှမဖြစ်တာလဲ...
ဝိညာဉ်ပိတ်လှောင်အစီအရင်မှာ မကောင်းမှု ပြုလုပ်ကာ လူများကို စားသုံသည့် မိစ္ဆာကြီးများကို ထိန်းသိမ်းရန်သာ သုံးခြင်းဖြစ်သည်။ ရာစုနှစ် တစ်ခုနီးပါးအထိ ပြန်လည်တိုက်ခိုက်သည်ကို မဆိုထားနှင့် ၄င်းထံမှ မည်သည့် မိစ္ဆာမှ မလွတ်မြောက်ဖူးပါချေ။ ဗျူရိုမှာ တိတ်တဆိတ် ထိတ်လန့်နေပေသည်။
ဒီရှေးဟောင်း မိစ္ဆာတွေက ဘယ်လောက်တောင် သန်မာတာလဲ...
ကျူးယွန်ကတောင် ဝိညာဉ်ပိတ်လှောင်အစီအရင်ကို ဖျက်ဆီးနိုင်ရင် သူပြောတဲ့ ယောင်ဧကရာဇ်ဆို ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ...
ထိုသို့ တွေးမိကြရာ ဗျူရိုရှိ လူများ၏ အမူအရာများက ကြည့်ရဆိုးလာပေသည်။ သူတို့က ကျွမ်းချင်ဆီသို့ ချက်ချင်း ကြည့်လိုက်သည်။ သို့သော် ကျွမ်းချင်က ဖူလီနှင့် ကျူးယန်ကိုသာ အမူအရာမဲ့စွာ ကြည့်နေလေသည်။
ဖူလီက ကျန်းခယ့်နှင့် ချူးယွီတို့ကို တစ်ကြိမ် ကယ်တင်ဖူးသော်လည်း သူ့၏ အန္တရာယ်မပေးနိုင်သည့် သွင်ပြင်နှင့် ဖျော့တော့ကာ လူသားကဲ့သို့ အော်ရာက လူတိုင်းကို သူ့အား ရှေးဟောင်းမိစ္ဆာတစ်ကောင်အဖြစ် မြင်ခြင်းမှ တားဆီးထားသည်။ ဤအခိုက်တွင်မှသာ ထိုသူသည် နှစ်လေးထောင်တိုင်တိုင် အသက်ရှင်ခဲ့သည့် မိစ္ဆာကြီးတစ်ကောင်ဖြစ်သည်ကို ရှင်းလင်းစွာ သဘောပေါက်သွားကြလေသည်။
"မင်းက တကယ်ပဲ ဘယ်သူလဲ..."
ဖူလီက သူ့ထံသို့ တိုးကပ်လာသည်ကို မြင်ရာ ကျူးယန်က အလွန် ကြောက်လန့်နေကာ နောက်သို့ တစ်လှမ်းချင်း ဆုတ်ဆုတ်သွားလေသည်။ သို့သော် သူ့နောက်တွင် နံရံတစ်ခု ရှိနေသည်။ သူ့အတွက် ထွက်ပေါက်မရှိပါချေ။
"ဒီမိစ္ဆာလေးက ဖူလီလို့ ခေါ်ပါတယ်..."
ဖူလီက ကျူးယန်၏ သွေးထွက်နေဆဲ လက်မောင်းကို နားမလည်နိုင်စွာ တစ်ချက်ကြည့်လိုက်သည်။
"ဒီလို သွေးအစပျိုး ပေါက်ကွဲခြင်း ပုံစံအောင်မြင်သွားရင် ပုံစံကို အစပြုတဲ့သူက ကောင်းကင်ဘုံစည်းမျဉ်းတွေရဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာ... ဘာလို့ ကိုယ့်ကိုကိုယ် ဒီလိုဒုက္ခရောက်အောင် လုပ်တာလဲ..."
"ကောင်ကင်ဘုံစည်းမျဉ်းတွေဟုတ်လား..."
ကျူးယန်က လူသားပုံစံသို့ ပြန်ပြောင်းကာ အေးစက်စွာ ရယ်လိုက်သည်။
"ကောင်းကင်ဘုံစည်းမျဉ်းတွေက မမျှတဘူး... အဲ့ဒါက သက်ရှိတွေ အားလုံးထဲမှာ လူသားတွေကို အတော်ဆုံးဖြစ်ခွင့်ပေးထားတာ... ဒီနှစ်ပိုင်းတွေမှာ လူသားတွေက တောင်တွေ၊ မြစ်တွေ၊ ပင်လယ်တွေကို နည်းနည်းတောင်မချန်ပဲ သိမ်းပိုက်ထားပြီးပြီ... သူတို့က ကောင်းကင်ဘုံစည်းမျဉ်းက ဘက်လိုက်ထားတာကို မှီခိုပြီး အဲ့လိုတွေ လုပ်နေကြတာ မဟုတ်လား... ငါက နှစ်ပေါင်း တစ်သောင်းလောက်ထိ တောက်ပတဲ့ ဖြစ်တည်မှုတစ်ခုဖြစ်ခဲ့တာလေ... ဘာလို့ လူသားတွေကို ဦးညွတ်ရမှာလဲ..."
ဖူလီက ကျူးယန်၏ ဖြူဖွေးနေသည့် သွင်ပြင်ကိုကြည့်ကာ အတန်ကြာပြီးနောက် ခေါင်းခါလိုက်သည်။
"အရင်တုန်းက မိစ္ဆာမျိုးနွယ်က ဘယ်လောက်ထိ တောက်ပခဲ့လဲ ငါမသိပါဘူး... ဒါပေမဲ့ ငါဘုရင်အမျိုးမျိုးရဲ့ တိုက်ခိုက်စွမ်းအားအကြောင်း ကြားဖူးပြီးပြီ... သူတို့က လူတွေရဲ့ သွေးသားကို အသားအဖြစ်စားပြီး အပျိုစင်အမျိုးသား အမျိုးသမီးတွေကို သူတို့ဆီကို စတေးဖို့ အမိန့်ပေးပြီး သာယာမှုယူကြတယ်... မိစ္ဆာမြစ်ကတောင် လူသားအမျိုးသမီးငယ်တွေကိုရဖို့ ရေကြီးတာနဲ့ ခြိမ်းခြောက်တယ်... မင်းတို့တွေက လူသားတွေကို အသားတွေ ငါးတွေအဖြစ် ဆက်ဆံနေတုန်းက ကောင်းကင်ဘုံစည်းမျဉ်းက တရားမမျှတဘူးလို့ မခံစားရဘူးမလား... ဘာလို့အခုမှ ညည်းတွားနေတာလဲ..."
"မကောင်းမှုလုပ်တဲ့ မိစ္ဆာတွေက သူတော်ကောင်းတရား လုံးဝ ပျောက်ဆုံးသွားမယ်... ကောင်းကင်နဲ့ မြေကြီးရဲ့ စိတ်ဝိညာဥ်လွှမ်းမိုးမှု ကုန်ဆုံးသွားခဲ့အချိန်က လူသားဆန်မှုက အောင်နိုင်တဲ့ အချိန်ပဲ..."
ဖူလီက ဤအချက်ကို ကျူးယန်အဘယ့်ကြောင့် မနှိုင်းယှဉ်သည်ကို နားမလည်ပါချေ။
"လူသားတွေမှာ အားနည်းတဲ့ ခန္ဓာကိုယ်တွေ ရှိကောင်းရှိပေမဲ့ သူတို့က ဉာဏ်ရည် ထက်မြက်ကြတယ်... သူတို့က ကိုယ်ပိုင် ယဉ်ကျေးမှုတွေ၊ အတွးအမြင်တွေကို ဖန်တီးနိုင်ပြီးတော့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းနိုင်တယ်... သူတို့ရဲ့ ကိုယ်ပိုင်လုပ်နိုင်စွမ်းကိုပဲ အားကိုးပြီးတော့ သူတို့က အရာတွေ အများကြီး ဖန်တီးနိုင်တယ်... အဲ့လို စိတ်ဝိညာဉ်နဲ့ဆိုရင် သူတို့က ဉာဏ်ရည်အထက်မြက်ဆုံး သက်ရှိတွေ ဖြစ်ရတာ မမျှတဘူးလား..."
"လူသားတွေမှာ စကားပုံကောင်းတစ်ခုရှိတယ်... အရှေ့တိုင်းမြစ် အနှစ်သုံးဆယ်နဲ့ အနောက်တိုင်းမြစ် အနှစ်သုံးဆယ်တဲ့..."
ဖူလီက ကျူးယန်ကို ပုခုံးပုတ်လိုက်သည်။
"အဲ့ဒါကို တွေးကြည့်ဖို့ မင်းအချိန်ယူသင့်တယ်..."
"အဲ့ဒါဆို ဟိုလူတွေကတော့ရော... သူတို့က အမိကမ္ဘာမြေကို စူးစမ်းပြီး မြစ်တွေနဲ့ ကန်တွေထဲကို အဆိပ်အညစ်အကြေးတွေ လောင်းထည့်နေကြတာ..."
ကျူးယန်က ပြန်ပြောလိုက်သည်။
"သူတို့က သက်ရှိတွေထဲမှာ ဉာဏ်အကောင်းဆုံးတွေပေမဲ့ သက်ရှိအားလုံးရဲ့ သခင်တွေ မဟုတ်ဘူးလေ... မြစ်တွေ၊ ကန်တွေနဲ့ အမိကမ္ဘာမြေက လူသားတွေအပိုင်လို့တော့ ငါ့ကို လာမပြောနဲ့နော်..."
ရှုယွမ်၊ ကျန်းခယ့်နှင့် တခြားသော လူသားကျင့်ကြံသူများက ထိုစကားများကြားပြီးနောက် မျက်နှာများ အနည်းငယ် နီမြန်းသွားကြသည်။
ဖူလီက ပြုံးလိုက်သည်။
"အဲ့ဒါကြောင့် မင်းစိတ်ပူစရာမလိုတာပေါ့... လူသားတွေက ကပ်ဆိုးတွေ ဖြစ်အောင် ဆက်ပြီးလုပ်နေရင် သူတို့က ငါတို့မိစ္ဆာမျိုးနွယ်ထက်တောင် ပိုသနားဖို့ကောင်းအုံးမှာ... ငါတို့က ဘာလို့ နည်းနည်းလောက်ထပ်ပြီး စောင့်မကြည့်နိုင်ရမှာလဲ... လျှောက်သွားပြီး ပြဿနာမရှာနဲ့... နောက်ထပ် နှစ်ရာပေါင်းနည်းနည်းလောက်ကြာရင် လူသားမျိုးနွယ်ကလည်း ငါတို့ မိစ္ဆာမျိုးနွယ်လို ကံကောင်းမှာ မဟုတ်တော့ဘူး..."
လူသားကျင့်ကြံသူနှစ်ဦး ကျန်းခယ့်နှင့် ရှုယွမ် : "..."
ဖူလီက သူတို့ကို ကယ်နေတာလား... ဒါမှမဟုတ်ရင် လူသားတွေရဲ့ ဒရမ်မာကို ကြည့်ဖို့လာတာလား...
"တကယ်လား..."
ကျူးယန်က လက်မလျော့သေးပဲ ဆက်မေးလာသည်။
ဝှစ်...
ရွှေရောင် နဂါးအမြီးတစ်ခုက ဖြတ်သွားကာ ကျူးယန်မှာ နံရံပေါ်သို့ အပြင်းအထန် လွှင့်ပစ်ခံလိုက်ရကာ မြေပြင်ပေါ်သို့ပြုတ်ကျသွားရာမှ သူ့၏ မူရင်းပုံစံသို့ ပြန်ပြောင်းသွားလေသည်။
"အဓိပ္ပာယ်မရှိတာတွေ အရမ်းများနေပြီ... မင်းက နလပိန်းတုံး ကလေးတစ်သိုက်နဲ့ ရင်ဆိုင်နေရတယ်များ ထင်နေလား..."
ကျွမ်းချင်က မှော်ပစ္စည်းတစ်ခုကို အမူအရာမဲ့ထုတ်ကာ ကျူးယန်ကို ထိုမှော်ပစ္စည်းထဲသို့ စုပ်ယူလိုက်သည်။
သူက သွေးအစပျိုး နည်းစနစ်များကို ပြုလုပ်နိုင်သည် ဖြစ်ရာ ဤညတွင် သူ့အား သမုဒ္ဒရာအောက်ခြေတွင် ချိတ်ပိတ်ထားရပေမည်။ သူက သူ့ကိုယ်သူ ဒဏ်ရာရစေခဲ့လျှင်ပင် သက်ရှိသတ္တဝါတစ်ကောင်ကိုမှ အန္တရာယ်မဖြစ်စေရပါ။
ဖူလီက ခေါင်းလှည့်ကာ နံရံရှိ တွင်းနက်ကြီးကို ကြည့်လိုက်ပြီး တိတ်တဆိတ် ဘေးသို့ ကပ်လိုက်သည်။ လူမျိုးစု ကံတရားဖြင့် ချိတ်ဆက်ထားသည့် ဤကဲ့သို့ သန့်စင်သော ရွှေနဂါးမှာ အမှန်ပင် ကြောက်စရာကောင်းလှပေသည်။ ဖူလီက သူ နဂါးမျိုးနွယ်စုကို အလွန်သဘောမကျသည်ကို ကျွမ်းချင် မသိစေရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ဘုရင်ကန်းလေ့က မိစ္ဆာတစ်ကောင်မှာ အပေးအယူတတ်ရမည်ဟု ယခင်က ပြောဖူးပေသည်။
သူယခင်က လုပ်ခဲ့သည်အားလုံးမှာ ဂူအောင်းကျင့်ကြံခြင်း မဟုတ်ပါက အိပ်စက်ခြင်းသာဖြစ်သော်လည်း ဤစကားကို သတိရနေဆဲဖြစ်သည်။
"ဘာကြည့်နေတာလဲ..."
ကျွမ်းချင်က ဖူလီသူ့အားကြည့်နေသည်ကို သတိပြုမိ၍ ချူးယွီကို မှော်ပစ္စည်းအား ကမ်းပေးပြီးနောက် လှည့်ကြည့်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး..."
ဖူလီက ခေါင်းခါလိုက်သည်။
သူက ကျွမ်းချင်၏ နဂါးအမြီး ထွက်လာသည့်အချိန်တွင် ဘောင်းဘီက ကျွတ်ကျမည်လား သို့မဟုတ် ပြဲသွားမည်လားဆိုသည်ကို အနည်းငယ် သိလိုနေခြင်းသာ ဖြစ်သည်။
အဲ့ဒါက ကျွတ်ကျတာ၊ ပြဲတာမဟုတ်ဘူးဆိုရင် ဘယ်လိုများ လုပ်လိုက်တာလဲ...
သူက နည်းစနစ် တစ်ချို့ကိုသုံးပြီး စိတ်နဲ့ မှန်းလိုက်တာလား...
ကျွမ်းချင်က လှည့်ကာ လျှောက်ထွက်သွားကာ ချူးယွီကို အေးစက်စက်အသံဖြင့် ဆိုလိုက်သည်။
"သူ့ကို အထူးထောက်ပံ့ကြေးငွေအတွက် လျှောက်လွှာဖြည့်ဖို့ ခေါ်သွားလိုက်..."
ဖူလီက ပြီးပြည့်စုံပြီး ကောင်းမွန်တဲ့ အမျိုးသားမိစ္ဆာ တစ်ကောင်ဖြစ်ပြီးတော့ တစ်ခြားတစ်ယောက်ရဲ့ ခါးအောက်ပိုင်းက ဧရိယာကို စိုက်ကြည့်ပြီး ဘာလုပ်နေတာလဲ...