အပိုင်း ၁၇
Viewers 16k


Chapter 17
အခြေခံစည်းမျဥ်းများ


ဗျူရိုရှိ လူတိုင်းက စိတ်အေးသွားသည့်အချိန်မှသာ သူတို့က ငရဲတံခါးကို သီသီလေးဖြတ်နိုင်သွားခဲ့သည်ကို သဘောပေါက်လေသည်။ ကျူးယန်၏ မန္တန်မှာ အောင်မြင်ခဲ့ပါက ထိုနေရာရှိ မည်သူမှ အသက်ရှင်နိုင်မည် မဟုတ်ပါပေ။ မန္တန်မှာ မအောင်မြင်ခဲ့သော်လည်း ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားစေသေးသည်။ 

အဲ့လိုဆိုရင် မန္တန်က အောင်မြင်သွားရင် ဘယ်လို ကြောက်စရာစွမ်းအင်များ ရှိနေမှာလဲ...

ချူးယွီက အလွန်ကြောက်လန့်နေကာ ငါးကြေးခွံများပင် ပေါ်လာလေသည်။ သူက ကျွမ်းချင် သူ့အား စကားပြောလာသည်ကို ကြားသော်လည်း ပြန်မတုံ့ပြန်နိုင်သေးပါချေ။

"ဘော့စ်..."

"သူ့ကို ထောက်ပံ့ငွေအတွက် လုပ်ငန်းစဉ် အပြီးသတ်ဖို့ ခေါ်သွားလိုက်..."

ကျွမ်းချင်မှာ ဖူလီ၏အကြည့်သည် အနည်းငယ် စော်ကားဟန်ရောက်သည်ကို ခံစားမိသော်လည်း ဖူလီက ကျူးယန်၏ လှုပ်ရှားမှုများကို အချိန်မီ မတွေ့ရှိပါက သူက ဤအဆောက်အဦးထဲရှိ လူတိုင်းကို ကာကွယ်နိုင်မည် မဟုတ်ပါပေ။ ကျွမ်းချင်က သူ့ကိုယ်သူ ကျေးဇူးတင်ခြင်းနှင့် မုန်းတီးခြင်းတို့ကြားတွင် အလွန်ရှင်းလင်းစွာ စည်းခြားနိုင်သူဟု မှတ်ယူထားလေသည်။ အသက်ရှုချက်အနည်းငယ်အကြားတွင် သူ့နှလုံးသားအောက်ခြေမှ မကျေမနပ်ဖြစ်ခြင်းအနည်းငယ်ကို ချိုးနှိမ်လိုက်နိုင်ပေသည်။ 

"ကျေးဇူးရှင်လေး..."

ချူးယွီက ဖူလီအား ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးသဖွယ် ကြည့်လိုက်သည်။ သူက ဖူလီအား စကားဖြင့် လမ်းပြရမည် ဆိုသည်ကို မဆိုထားနှင့် သယ်သွားရမည်ဆိုလျှင်ပင် ဆန္ဒအပြည့်နှင့် ပြုလုပ်ပေးမည်ဖြစ်သည်။ 

"ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ..."

"အရမ်းကြီး ယဉ်ကျေးမနေပါနဲ့... ငါ့ကို ဖူလီလို့ပဲ ခေါ်ပါ..."

ဖူလီက နောင်တကြီးစွာဖြင့် ကျွမ်းချင်ဆီမှ အကြည့်လွှဲကာ ချူးယွီကို ဆိုလိုက်သည်။

"အဲ့ဒါဆိုရင်တော့ လမ်းပြဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်..."

"အဲ့ဒါက ကျွန်တော်လုပ်သင့်တာပါ..."

ချူးယွီက ဖူလီကို ဦးဆောင်သွားလိုက်သည်။ သူတို့က အခန်းကျဉ်းလေးတစ်ခုကို ဖြတ်သွားပြီးနောက် ဖူလီက ရုတ်တရက် ရပ်တန့်လိုက်သည်။

"ကျေးဇူးရှင်လေး... ဘာဖြစ်လို့လဲ..."

ဖူလီ ရပ်တန့်သွားသည်ကို မြင်ရာ ချူးယွီက အခန်းအား သိလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။ အခန်းမှာ သေးသည်ဟုထင်ရသော်လည်း အမှန်တကယ်တွင် နေရာလွတ် စနစ်တစ်ခု တပ်ဆင်ထားခြင်းပင်။ ဥပဒေချိုးဖောက်ထားသည့် မိစ္ဆာများစွာကို ဤအခန်းထဲတွင် ပိတ်လှောင်ထားသည်။ သူတို့က အသေအချာ နောင်တရပါက အစောဆုံး ခြောက်လမဟုတ်ပါက ဆယ်နှစ်အထိထားကာ လွှတ်ပေးမည်ဖြစ်သည်။ 

ဖူလီက တံခါးကို ဖြတ်ဝင်သွားရာ အတွင်းထဲတွင် အပ်ချုပ်စက်တစ်ခု၌ အလုပ်လုပ်ကာ မောဟိုက်ပြီးခေါင်းငုံ့နေသည့် လယ်စောင့်ခွေးတစ်ကောင်ကို တွေ့လိုက်သည်။

"ဘာမှမဟုတ်ပါဘူး... ငါ ရင်းနှီးတဲ့လူတစ်ယောက် တွေ့လိုက်လို့..."

ချူးယွီက ဖူလီ ကြည့်နေရာသို့ လှမ်းကြည့်လိုက်သည်။
"ဦးလေးခုနစ်ကို ပြောနေတာလား..."

ဖူလီက ခေါင်းငြိမ်ပြလိုက်သည်။

"ငါ မြို့ထဲဝင်တဲ့အချိန် သူအဖမ်းခံလိုက်ရပြီ ဆိုပေမဲ့ အဲ့တုန်းက ငါ မြို့ထဲဝင်တဲ့အကြောင်း သူ့ကို ပြောဖူးတယ်..."

"ကံမကောင်းတာက အစ်ကို မြို့ထဲဝင်တော့ သူအဖမ်းခံရပြီးပြီ ဖြစ်နေတာ... ဦးလေးခုနစ်က မြို့ထဲ ဝင်လာခါစ မိစ္ဆာလေးတွေကို အမြတ်ထုတ်နေတဲ့ လူလိမ်လေ..."

ချူးယွီက ခေါင်းခါလိုက်သည်။ 

"ခွေးမျိုးနွယ် ယောင်ကျင့်ကြံသူတွေက ရိုးသားပြီး တွေးတောပေးတတ်တယ်လို့ လူတိုင်းက ပြောကြတယ်... ဒါပေမဲ့ ငါ့အတွက်တော့ ဒီဦးလေးခုနစ်မှာရှိတဲ့ ရိုးသားပြီး တွေးတောပေးတတ်တဲ့ တစ်ခုတည်းသော အရာက သူ့မျက်နှာပဲ... သူက ဒီကို ဝင်လိုက်ထွက်လိုက်လုပ်နေတာ..."

ဖူလီက ဦးလေးခုနစ်၏ ကျွမ်းကျင် လှုပ်ရှားမှုများမှာ ထိုသူသည် ပြန်လည်ထူထောင်ရေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဤနေရာကို ဝင်လိုက်ထွက်လိုက်လုပ်နေသည်ကို ပြောနိုင်ပေသည်။

"ဒီတစ်ခေါက်တော့ သူက နည်းနည်းပိုပြီး အဓိက ကျတာလုပ်ခဲ့တာ... သူက မြေခွေးမျိုးနွယ်က မိစ္ဆာလေးတစ်ယောက်ကို မှတ်ပုံတင်အတု လုပ်ဖို့ ကူညီပေးခဲ့တာ... မြေခွေးမိစ္ဆာက အင်တာနက် ဆယ်လီဖြစ်လာပြီးတော့ သံသယဖြစ်စရာ ရင်းမြစ်ကနေ မက်စ်တွေရောင်းနေတယ်လို့ သတင်းရတာ... နောက်ဆုံးကျတော့ ရဲတွေရဲ့ စုံစမ်းမှုကနေ မြေခွေးမိစ္ဆာရဲ့ ဘွဲ့နဲ့ နေထိုင်ခွင့်တွေ အကုန်လုံးက အတုတွေ ဖြစ်နေတယ်ဆိုတာ ပေါ်လာတာပဲ... အဲ့အဖြစ်တစ်ခုလုံးက အုတ်အော်သောင်းတင်းဖြစ်ပြီးတော့ အင်တာနက်ပေါ်မှာ ၂ရက်တောင် ရှိနေတာလေ..."

"ဦးလေးခုနစ်က အဲ့လိုမျိုး တရားမဝင် မိစ္ဆာရွေ့ပြောင်းနေထိုင်သူတွေအတွက် မှတ်ပုံတင်အတု လုပ်ဖို့ ကူညီပေးခဲ့တာလေ... အဲ့ဒါကြောင့် သူက သုံးနှစ်ကနေ ငါးနှစ်အထိတော့ ထွက်သွားလို့ရမှာ မဟုတ်ဘူး..."

ဖူလီ : "..."

အဲ့တော့ ဦးလေးခုနစ်ပြောတဲ့ လူသားလောကရောက်ရင် သူ့မှာ ရှိတယ်ဆိုတဲ့ အဆက်အသွယ်တွေ၊ နေထိုင်ခွင့်တွေနဲ့ ကားတွေအကုန်လုံးက အလိမ်တွေပေါ့...

လောကကြီးကို မမြင်ဖူးသည့် ကျေးလက်မှ မိစ္ဆာတစ်ဦးအနေဖြင့် ဖူလီက ခေတ်မီ မိစ္ဆာတို့က ပိုပို၍ မာနကြီးလာသည်ဟု ခံစားရပေသည်။ ယခင်က မိစ္ဆာတို့သည့် သူတို့၏ ကျင့်ကြံခြင်းအခြေခံက မည်မျှ ကြီးကျယ်သည်နှင့် သူတို့လက်အောက်တွင် မိစ္ဆာငယ် မည်မျှ ရှိသည်တို့ကို ကြွားဝါတတ်ကြသော်လည်း ယနေ့ခေတ်မိစ္ဆာတို့မှာမူ သူ့တို့အိမ်ကိုပင် ကြွားစရာတစ်ခုကဲ့သို့အသုံးပြုလေသည်။ အမှန်တကယ်တွင် သူတို့က လူသားတို့၏ တိုးတက်မှုများနောက်သို့ တက်တက်ကြွကြွ လေ့လာလိုက်စားခြင်း၊ တီထွင်ဆန်းသစ်ခြင်း၌ သူတို့၏ ကျွမ်းကျင်မှုကို မသင်ယူခဲ့သော်လည်း ကြွားဝါခြင်းတွင် ကျွမ်းကျင်နေပေသည်။ 

လယ်စောင့်ခွေး ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဖူလီက ချူးယွီနှင့်အတူ ရပ်နေသည်ကို တွေ့လိုက်သည်။ သူက ဝင်ပေါက်ဆီသို့လျှောက်လာပြီး အတားအဆီးကို ဖြတ်ကာ စကားဆိုလိုက်သည်။

"ဖူလေး မင်းလဲ ဝင်လာတာလား..."

ဖူလီ : "..."

"အိုင်း..."

လယ်စောင့်ခွေး၏ ပါးစပ်မှ လူအသံထွက်လာလေသည်။

"အပြင်လောကက နေလို့မကောင်းဘူးလို့ ငါအစောကြီးကတည်းက ပြောသားပဲ... မင်းက ရက်နည်းနည်းလောက် သတင်းလေးကြည့်ပြီး အလျင်စလိုလုပ်တာကို... အခု ဒီရောက်လာပြီမလား... မင်းဘာလုပ်ခဲ့တာလဲ ပြောစမ်း... ခိုးတာလား၊ လိမ်တာလား၊ မန္တန်တွေ တလွဲသုံးပြီး လူသားတွေကြားမှာ အလန့်တကြား ဖြစ်စေတာလား..."

ဖူလီက စကားမပြောသည်ကို မြင်ရာ ဦးလေးခုနစ်က ဖူလီသည် သတ္တိနည်းကာ ကြောက်လန့်နေဆဲ ဖြစ်သည်ဟု ထင်နေပေသည်။ သို့ဖြစ်၍ သူက ချူးယွီကို ပြုံးပြလိုက်သည်။

"အင်မော်တယ်ကြီးချူး... ဒါက ရွာဘက်က ငါ့ရဲ့ စီနီယာတွေထဲက တစ်ယောက်ပါ... သူက အရင်တုန်းက ကမ္ဘာကြီးကို ကောင်းကောင်းမမြင်ခဲ့ရတော့ လူသားလောကက စည်းမျဉ်းတွေ၊ ဥပဒေတွေကို မသိဘူး... သူ့ကို ငါ့ရဲ့ ထောင်ခန်းထဲမှာပဲ ပိတ်ထားပြီး လူသားလောကရဲ့ ဥပဒေတွေကို ကောင်းကောင်းပြောပြခိုင်းရင်ရော... သူက ရိုးသားတဲ့ မိစ္ဆာလေးပါ... နောက်ကျရင် သေချာပေါက် ပြန်တိုက်မှာ မဟုတ်ပါဘူး..."

" ခင်ဗျားလို မြေခွေးအိုကြီးက တစ်ခြားသူကို ပြစ်မှုမကျူးလွန်အောင် သင်ပေးချင်သေးတယ်ပေါ့... ခင်ဗျားဒီရောက်တာ ဘယ်နှကြိမ်ရှိပြီလဲဆိုတာ ဘာလို့ ကိုယ့်ဘာသာကိုယ် ရေကြည့်မနေတာလဲ..."

ချူးယွီက သဘာဝအလျှောက်ပင် ခွေးများ ကြောင်များကို သဘောမကျပါပေ။ သူက မျက်မှောင်ကြုတ်လိုက်သည်။

"စိတ်မပူပါနဲ့... ဖူကျင့်ကြံသူက ငါတို့ ဗျူရိုရဲ့ အထူးဧည့်သည်ပဲ... ခင်ဗျား သူနဲ့ အတူနေရမှာ မဟုတ်ဘူး..."

"အထူးဧည့်သည်..."

ဦးလေးခုနစ်၏ မျက်လုံးများက တောက်ပသွားသည်။ သူက ဖူလီကို ရတနာတစ်ခုသဖွယ် ကြည့်လိုက်သည်။

"ဖူလေး... မင်းတောင် ရင့်ကျက်လာပြီပဲ... ဗျူရိုထဲတောင် ဝင်တော့မယ်ပေါ့..."

ကျင့်ကြံခြင်း လောက၏ ဗျူရိုမှာ လူသားလောကရှိ ကျင့်ကြံသူများအားလုံးကို လူသားဖြစ်စေ မိစ္ဆာဖြစ်စေ စောင့်ကြည့်ရပေသည်။ တစ်စုံတစ်ဦးက ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပါက ဗျူရိုမှ လူများအား အနေအထားတစ်ခုအထိ ဦးညွှတ်ရမည် ဖြစ်ပေသည်။ ၄င်းကို တွေးမိရာ ဦးလေးခုနစ်က ဖူလီကို အသံတိုးတိုးဖြင့် ဆိုလိုက်သည်။

"ဖူလေး... မင်း ဗျူရိုက လူတွေနဲ့ စကားပြောကြည့်ပြီး ငါ့ရဲ့ ပြစ်ဒဏ်ကို လျှော့ပေးဖို့ မေးကြည့်ပါလား... ဦးလေးခုနစ် ထွက်လာရင် မင်းအတွက် စားစရာ၊ သောက်စရာတွေပေါတဲ့ ကြွယ်ကြွယ်ဝဝ ဘဝတစ်ခုကို ဦးဆောင်ပေးမယ်..."

"ဦးလေးခုနစ်... တီဗွီ ဒရမ်မာတွေထဲမှာ အဲ့လိုတွေပြောတဲ့လူတွေက ဇာတ်သိမ်း သိပ်မကောင်းတတ်ကြဘူး..."

ဖူလီက ပြီးခဲ့သည့်ရက်များတွင် လုံခြုံရေးအစောင့် နားနေခန်းထဲ၌ တီဗွီကြည့်နေရာ ထိုနယ်ပယ်တွင် အတွေ့အကြုံ ရှိနေပြီး ဖြစ်သည်။ ဥပမာဆိုရသော် အလွန်ကျေနပ်အားရစွာ စကားပြောကြသည့်သူများက ကံအလွန်ဆိုးတတ်ပေသည်။ 

ဦးလေးခုနစ် : "..."

ဒီနေ့ခေတ် လောကကြီးကို တစ်ခါမှ မမြင်ဖူးတဲ့ တောက မိစ္ဆာကလည်း တီဗွီဒရမ်မာတွေ ဘယ်လိုကြည့်ရမလဲ ဆိုတာ သိတယ်လား...

"ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းက ဥပဒေလိုက်နာကြတယ်... ဦးလေးက ပြစ်မှုကျူးလွန်ရင် ဒီလိုပဲ ကိုင်တွယ်ရမှာပေါ့..."

ဖူလီက ထို့နောက် ထပ်ပြောလိုက်သည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့ ကျွန်တော်နောက်ဆိုလာလည်ပါမယ်..."

"ထားလိုက်တော့... ထားလိုက်တော့..."

ဦးလေးခုနစ်သည်လည်း ပွင့်လင်းပေသည်။ သူက ဖူလီကို အသုံးချကာ ထွက်မရသည်ကို သိသောအခါ တခြားသော အကောင်းဆုံး ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်သည်။

"နောက်တစ်ခါလာလည်ရင် ငါ့အတွက် ဝက်ခြေထောက်ယူလာခဲ့... ဝက်ပေါင်ကိုက်ရတာ အကောင်းဆုံးပဲ..."

"ဟုတ်ပါပြီ..."

ဖူလီက ဦးလေးခုနစ်က သူ့၏ မူရင်းပုံစံကိုထိန်းသိမ်းထားကာ အပ်ချုပ်စက်ဘေးသို့ ပြန်သွားလိုက်သည်ကို ကြည့်နေလိုက်သည်။ သူက နောက်လှည့်ကာ ချူးယွီကို မေးလိုက်သည်။

"သူတို့က ဘာလို့ အဝတ်ချုပ်ဖို့ လိုတာလဲ..."

"အလုပ်လုပ်ခိုင်းပြီး ပညာပြန်ပေးတာလေ... ထောင်တွေထဲမှာ အပြစ်သားအများကြီးဆိုတော့ သူတို့ကို အစားကျွေးပြီး အဝတ်ပေးဖို့ လိုသေးတယ်လေ... ကျွန်တော်တို့ရဲ့ဗျူရိုကလည်း အဲ့လောက် မချမ်းသာဘူးလေ ဟုတ်တယ်မလား..."
ချူးယွီက အပြုံးဖြင့် ရှင်းပြလိုက်သည်။ 

"ဒါကို လူသားတွေဆီက သင်ယူထားတာလေ... ဒါက အတော်လေးကောင်းတဲ့နည်းလမ်းတစ်ခုပဲ..."

"မင်းပြောတာ မှန်တယ်... အလုပ်လုပ်တာက အကောင်းဆုံးလေးစားမှုပဲ..."

ဖူလီက ချူးယွီ၏ အဆိုကို ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။

ဖူလီက ဦးလေးခုနစ်ကိုယ်စား သက်ညှာမှုကို မတောင်းခံပေးသည်ကို မြင်ရာ ချူးယွီက ဤအကြောင်းအရာကို ထပ်မံမပြောတော့ပါချေ။ သူက ဖူလီအား လျှောက်လွှာဖြည့်ရန်အတွက် ရုံးခန်းထဲသို့ ခေါ်လာလိုက်ပြီး ဖြည့်ပြီးသည့်အခါ အံဆွဲထဲမှ ဆေးပုလင်းကို ထုတ်လိုက်သည်။

"ကျေးဇူးရှင်လေး ဒီဝိညာဉ် စုစည်းဆေးလုံးကို ယူထားလိုက်..."

သူက သူ့ကျေးဇူးရှင်၏ ကျေးဇူးအား အသက်ရှင်နေသရွေ့ အမှတ်ရနေမည် ဖြစ်သည်။ သူက ဤသည်ကို များစွာ အသုံးမပြုသည့်အပြင် ယနေ့ခေတ် စိတ်ဝိညာဉ် ချီများက နည်းပါးသည်ဖြစ်ရာ ဝိညာဉ် စုစည်းဆေးလုံးများကို သူ့ကျေးဇူးရှင်အား ပေးလိုက်သည်က ပိုကောင်းပေမည်။ ဤသည်များက သူ့၏ ကျင့်ကြံခြင်းကို အကူအညီ ပေးနိုင်ပေသည်။ 

ဖူလီက ဆေးပုလင်းကို ယူလိုက်ပြီး ဗျူရိုမှ လူများက ဆေးလုံးများ လက်ဆောင်ပေးသည့် အကျင့် ရှိသလားဆိုသည်ကို သံသယအပြည့်ဖြင့် သိလိုနေပေသည်။ သူ့အား အကျိုးမရှိသည့် ဆေးလုံးများ ပေးခြင်းထက် တက္ကသိုလ် သင်ရိုးစာအုပ်အချို့ ပေးသည်က ပိုကောင်းပေသည်။ 

ဖူလီဖြည့်ထားသည့် လျှောက်လွှာများကို စုစည်းပြီးနောက် ချူးယွီက မမေးပဲ မနေနိုင်တော့ပါချေ။

"ကျေးဇူးရှင်လေး... စာရင်းသွင်းဖောင်ယူလာလား..."

"ဘာ စာရင်းသွင်းဖောင်လဲ..."
ဖူလီက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"ကျွန်တော်တို့ ဗျူရို လူသစ်ဖွဲ့ဖို့အတွက် စာရင်းသွင်းဖောင်လေ... ဒီနေ့ စာရင်းသွင်းတဲ့ ကျင့်ကြံသူ နည်းနည်းပဲ ရှိတာ... စာရင်းသွင်းဖောင်က စုစုပေါင်း တစ်ထောင်ကျော်ရှိတယ်... ဒါပေမဲ့ စောစောလျှောက်တာက ပြဿနာမရှိပါဘူး..."
ချူးယွီက ဖူလီအား စာရင်းသွင်းဖောင် ပေးလိုက်သည်။

"အစ်ကို ဒီကို လာလာမလာလာ စာမေးပွဲဝင်ဖြေလို့ရတယ်... ဒါကို တက္ကသိုလ် ဝင်ခွင့် စာမေးပွဲတွေရဲ့ အနေအထားကို တိုးတက်အောင် အသုံးပြုတယ်လို့သာ စဉ်းစားလိုက်..."

ဖူလီက ဤသည်မှာ သူ့၏ စာမေးပွဲ အတွေ့အကြုံကို တိုးတက်စေမည်ဟု ကြားသည်နှင့် ဘောပင်တစ်ချောင်းကိုင်ကာ ဖောင်ကို ချောချောမောမော ဖြည့်လိုက်သည်။ သူက မေးလိုက်လေသည်။

"လျှောက်လွှာတစ်ထောင်ကျော်ထဲက မင်းတို့ ဘယ်နှယောက် လက်ခံမှာလဲ..."

"ကျွန်တော်တို့က ဒီတစ်ခေါက်တော့ မနှစ်ကထက် နှစ်ဆ လက်ခံမှာ..."

ဖူလီ : "မနှစ်က ဘယ်နှစ်ယောက် လက်ခံခဲ့တာလဲ..."

"တစ်ယောက်..."

ဖူလီ : "..."

အဲ့တော့ သူက နံပါတ်တွေကို လျှောက်ပြောနေတာလား...

အရာအားလုံး ပြီးစီးသည့်အခါ ချူးယွီက ဖူလီကို အိမ်သို့ လိုက်ပို့လေသည်။ ဖူလီက ငြင်းဆန်၍ မကောင်းသည်ဖြစ်၍ လက်ခံလိုက်ရသည်။ သူတို့က အပြန်လမ်းတွင် စာအုပ်ဆိုင်တစ်ခုကို ဖြတ်သွားသောအခါ ဖူလီက အထူးလျော့ဈေးချနေသည့် စာအုပ်များကို မြင်၍ တက္ကသိုလ် သင်ရိုးစာအုပ်တစ်ချို့ကို ဝယ်လိုပေသည်။

ချူးယွီက စာအုပ် စာရင်းကို ကြည့်လိုက်သည်။ သူက ၄င်းကို ကြည့်ရုံနှင့်ပင် ခေါင်းကိုက်လာပေသည်။ လူသားများ အလွန်လျင်မြန်စွာ တိုးတက်လာခြင်းမှာ အံ့ဩစရာပင် မရှိတော့ပါချေ။ သူတို့မှာ သူတို့ကိုယ်သူတို့ တင်းကြပ်ရုံတင်မကပဲ သူတို့၏ ကလေးများအပေါ်လည်း တင်းကြပ်ကြသည်။ သူတို့က နှစ်တစ်ရာခန့်သာ သက်တမ်းရှိသော်လည်း သူတို့၏ အချိန်များကို အဓိကအားဖြင့် သင်ယူခြင်း၊ အလုပ်လုပ်ခြင်းတို့နှင့် ကုန်ဆုံးစေသည်။ သူတို့က နောက်မျိုးဆက်က ဗဟုသုတ ပိုမို စုဆောင်းနိုင်ရန်အတွက် ငွေအများအပြားကို ရင်းနှီးထားပေသည်။ ဤကဲ့သို့ ဗဟုသုတကို ဆာလောင်မှုမျိုးမှာ လူသားမျိုးနွယ်အပြင် တခြားမျိုးနွယ်များတွင် မရှိပါပေ။ 

သို့သော်...

ချူးယွီက စာအုပ်များနှင့် စာမေးပွဲ မေးခွန်းများကို ကားထဲသို့ သယ်လာသည့် ဖူလီကို ကြည့်လိုက်သည်။ တက္ကသိုလ်တက်ရန်အတွက် လူသားများနှင့် ယှဉ်ပြိုင်ဝံ့သော မိစ္ဆာကျင့်ကြံသူတစ်ဦးဆိုသည်မှာ မိစ္ဆာလောကတွင် ရှားပါးပေသည်။ သူက ကျင့်ကြံခြင်း ဂိုဏ်းများမှ လူငယ်များသည် အဆင့်မကောင်းကြသဖြင့် ဘွဲ့ကြိုသင်တန်းတစ်ခုကို ဝင်ရောက်နိုင်သည့် တပည့်တစ်ဦးရှိသည့် မည်သည့်ဂိုဏ်းသည်မဆို ၁၀ရက်ကြာ ဂုဏ်ပြုပွဲတစ်ခု ကျင်းပကာ ကျင့်ကြံခြင်း လောကတစ်ခုလုံးကို ကြေညာသည်ကို အမှတ်ရပေသည်။ 

ညနက်အချိန်တွင် လူများစွာသည် အိပ်မက်ကမ္ဘာဆီသို့ ရောက်ရှိနေပြီး ဖြစ်သည်။ ကမ်းရိုးတမ်းတွင် ဒီရေက သဲပြင်များကို ရိုက်ခတ်ကာ နက်ရှိုင်းလှသည့် ရေများက အရာရာကို ဝါးမျိုတော့မည့်ဟန်ဖြင့် ပေါ်ထွက်လာသည်။ ကျွမ်းချင်၏ လက်ထဲရှိ ဘူးသီးခြောက်မှာ ၄င်းအတွင်းမှ တစ်စုံတစ်ခုက ဖောက်ထွက်လိုနေသကဲ့သို့ ပြင်းပြင်းထန်ထန် တုန်ခါနေပေသည်။ 

ပင်လယ်လေညင်းက ကျွမ်းချင်၏ ဆံပင်များကို ဖြတ်တိုက်သွားသည်။ ထို့နောက်တွင် အလွန်ကြီးမားသည့်လှိုင်းကြီးတစ်ခုက တိုးဝှေ့လာလေသည်။ နှိုင်းယှဉ်၍ မရနိုင်အောင် ကြီးမားသည့် ရွှေရောင်နဂါးတစ်ကောင်မှာ ပင်လယ်မျက်နှာပြင်ကို ဖြတ်ကာ အလျင်အမြန် ပေါ်လာသည်။ မကြာမီတွင် ပင်လယ်မျက်နှာပြင်က ပြန်လည် တည်ငြိမ်သွားကာ ပင်လယ်ဆီသို့ ဖြည်းညင်းစွာ တက်လာသည့် ကုန်းလိပ်လေးတစ်ကောင်ကိုသာ ချန်ရစ်ထားခဲ့ပေသည်။ 

ရေထဲသို့ ဝင်ရောက်ပြီးနောက် ရွှေနဂါးက အလင်း၏ အလျင်ဖြင့် လှုပ်ရှားလိုက်သည်။ ၄င်းက ပင်လယ်ပြင်၏ အနက်ရှိုင်းဆုံးသော ချိုင့်ဝှမ်းဆီသို့ ရောက်ရှိရန် မိနစ်အနည်းငယ်သာ ကြာပေသည်။ ချိုင့်ဝှမ်း၏ ကြမ်းခင်းမှာ အလင်းတစ်မှုန်ပင် မရှိပဲ ပိန်းပိတ်အောင် မှောင်နေပေသည်။ တစ်ခုတည်းသော အလင်းတန်းမှာ ရွှေရောင်နဂါးမှ ထုတ်လွှတ်နေသည့် ရွှေရောင် စွမ်းအင်၏ အလင်းရောင်ဖြစ်ပေသည်။ သာမန် ပင်လယ်သတ္တဝါများစွာက အလင်းရောင်တည်ရှိမှုနှင့် အသားမကျသည့်ပုံရကာ အဝေးသို့ ထွက်ပြေးသွားကြသည်။

ကျွမ်းချင်က လူသားပုံစံသို့ ပြောင်းလိုက်ကာ ကျူးယန်အား ဘူးသီခြောက်ထဲမှ ပစ်ထုတ်လိုက်ပြီးနောက် သူ့အား ပင်လယ်အောက်ခြေရှိ မန္တန်တစ်ခုထဲ၌ ချိတ်ပိတ်ထားလိုက်သည်။ 

ကျူးယန်က မြေပြင်သို့ ကြမ်းတမ်းစွာ ရိုက်ချခံလိုက်ရသော်လည်း ပင်လယ်အောက်ခြေတွင် ဖြစ်နေသောအခါ ချိတ်စည်းမှ လွတ်မြောက်ရန်အတွက် ခွန်အား မရှိပါချေ။ သူက အော်ဟစ်ကာ သူ့ရှေ့ရှိ တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းများဖြင့် တောက်ပနေသည့် အမျိုးသားကို ကြည့်လိုက်သည်။ ၄င်းက သူ့အား တစ်လုပ်တည်းဖြင့် ဝမ်းဗိုက်ထဲသို့ မျိုချ၍ မရသည်ကို အလွန်မုန်းတီးနေပေသည်။ 

"ကျူးယန်..."

ကျွမ်းချင်၏ လက်ထဲတွင် ကျောက်စိမ်းအဆင်တန်ဆာတစ်ခုပေါ်လာကာ နူးညံ့သည့် ခရမ်းရောင်အလင်းတန်းနှစ်ခုကို ထုတ်လွှတ်နေသည်။ 

"မင်းမှာ ကံတရားက သတ်မှတ်ပေးထားတဲ့ သက်တမ်း ၂၃၁၂၁ နှစ်ရှိတယ်... မင်းက မိစ္ဆာတွေ အများကြီးကို သတ်ဖြတ်ပြီး လူတွေ သန်းချီကို စားသုံးခဲ့ပြီး မြို့ပေါင်းတစ်ရာနီးပါးမှာ စစ်ပွဲတွေ ဖြစ်စေခဲ့တယ်.. ဒီနေ့မှာ မင်းက ပင်လယ်အောက်ခြေမှာ အကျဉ်းချခံရမယ်... ဒီချိတ်စည်း ပျောက်သွားတော့မှပဲ မင်း ဒီမြို့ကနေ ထွက်သွားနိုင်မယ်..."

ကျူးယန်၏ အကြည့်များက ကျွမ်းချင်၏ လက်ထဲရှိ ကျောက်စိမ်း အဆင်တန်ဆာအပေါ်သို့ ကျရောက်သွားကာ သူ့မျက်နှာထက်တွင် အလွန်ကြောက်ရွံ့နေဟန် ပေါ်လာသည်။ 

ဒါက... ကောင်းကင်ဘုံ သူတော်ကောင်းတရား စာအုပ်မလား... 

ဒီရွှေနဂါးက ကောင်းကင်ဘုံ သူတော်ကောင်းတရားစာအုပ်ကို သုံးရဲတဲ့ထိအောင် ထူးကဲသူတော်ကောင်းတရားရဲ့ သက်တမ်းဘယ်နှရာလောက်ကို စုထားတာလဲ... အဲ့ဒါတင် မကသေးဘူး သူက သူရဲ့ နှစ်နှစ်ထောင်တောင်မရှိသေးတဲ့ ကျင့်ကြံခြင်းကို သုံးပြီးတော့ ရှေးဟောင်း မကောင်းဆိုးဝါးတစ်ကောင်ကို ဖိနှိပ်ထားတာကိုတောင် သူက လုံးဝကို ဆန့်ကျင့်လို့ မရဘူးဖြစ်နေတယ်... 

လက်ရှိ ကျင့်ကြံခြင်းလောကမှာ ကျင့်ကြံခြင်း အဆင့်တွေက အခြေခံစည်းမျဉ်းတွေနဲ့ မကိုက်တော့ဘူးလား...

ကျူးယန်၏ နလုံးသားနှင့် မျက်နှာမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားလေသည်။
သူက ပင်လယ်အောက်ခြေမှာ ထာဝရ ပိတ်မိနေတော့မှာလား...

"မင်းမှာ ကောင်းကင်ဘုံ သူတော်ကောင်းတရား စာအုပ်ရှိတော့လဲ ဘာဖြစ်လဲ... ငါက ကောင်းကင်ဘုံစည်းမျဥ်း က သတိပြုရတဲ့ ရှေးဟောင်း မကောင်းဆိုးဝါးကွ... ငါလူတွေ သန်းချီပြီး စားတော့ရော ဘာဖြစ်လဲ... မင်းငါ့ကို အကျဉ်းပဲ ချရဲတာမလား... ငါ့ကို မသတ်ရဲပါဘူး..."

နောက်ဆုံးတွင် သူက ပင်လယ်အောက်ခြေ၌ နှစ်ပေါင်းများစွာ ကျန်ရစ်နေရမည်ဟူသော ဖြစ်နိုင်ခြေကို တွေးမိကာ ကျူးယန်၏ ကြီးမားလှသည့် အကြောက်တရားမှာ အကန့်အသတ်မဲ့ ဒေါသအဖြစ် အသွင်ပြောင်းသွားလေသည်။