Chapter 18
သူပြန်အလာကို စောင့်နေတယ်
"လူသားတွေက အားနည်းတယ်... မွေးကတည်း အခြေခံ သတ္တဝါတွေ... သူတို့ကို စားတာက စားတာသက်သက်ပဲ..."
ကျူးယန်၏ မျက်လုံးထဲတွင် သူ့ထက် သန်မာသော မျိုးစိတ်များသည်သာလျှင် တည်ရှိမှုဟူသော ခံစားချက်ရှိပေသည်။ ကျန်ရစ်သည်များကို အလိုရှိသလို သတ်ဖြတ်ကာ စားသောက်နိုင်ပေသည်။ လူသားတို့၏ အသက်များက တိုတောင်းကာ ထိရှလွယ်ပေသည်။ ယခင်နှစ်များတွင် စိတ်ဝိညာဉ် ချီများ လွန်စွာ အားနည်းလာခြင်းနှင့် စီမံခန့်ခွဲ့ရေး ဗျူရိုတစ်ချို့ပေါ်ပေါက်လာခြင်းကြောင့်မဟုတ်ပါက သူ့၏ မွေးရာပါ ယိမ်းယိုင်မှုများကို ဆန့်ကျင်ရန် မလိုအပ်ပါပေ။
"မင်းက မိစ္ဆာဖြစ်ပြီး လူသားတွေ ဘက်က ရပ်တည်ပေးနေတယ်... ငါတို့ မိစ္ဆာမျိုးနွယ်အတွက် အရှက်ရစရာပဲ..."
ကောင်းကင်ဘုံစာအုပ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျွမ်းချင်၏ ခန္ဓာကိုယ်ထဲသို့ဝင်လာလေသည်။ သူက ကျူးယန်၏ ဆူပူမှုများကို ကြားကာ တိတ်ဆိတ်နေလေသည်။
"ဘာလဲ မင်းပြောစရာမရှိတော့ဘူးလား..."
"ငါ့မှာ နဂါးခန္ဓာကိုယ် ရှိပေမဲ့ လူသားအမေက မွေးထားပြီးတော့ ငါ့သွေးကြောတွေထဲမှာ လူသား သွေးတွေ စီးနေတယ်ဆိုတာ မင်းကို ဘယ်သူမှ မပြောပြဘူးလား..."
ကျွမ်းချင်၏ အမူအရာမှာတည်ငြိမ်နေပေသည်။
"ငါက လူသားတွေကို ကာကွယ်တာတင် မကဘူး မိစ္ဆာမျိုးနွယ်တစ်ခုလုံးကိုလည်း ကာကွယ်ပေးနေတာ... အခုအခြေအနေက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက အခြေအနေနဲ့ တူတယ်လို့်မင်းထင်လား..."
"လူသားတွေက လက်နက်ကြီးတွေနဲ့ နေရာတိုင်းမှာ စောင့်ကြည့် ပစ္စည်းတွေ ပိုင်ထားပြီးပြီ... လူသားလောကမှာ လူသားကျင့်ကြံသူတွေသာ ပေါ်မလာခဲ့ရင် သူတို့ကို လူသားတွေ ရှာတွေ့သွားတဲ့ အချိန်ရောက်လာမှာ..."
ကျွမ်းချင်က အေးစက်စွာ ပြုံးလိုက်သည်။
"မင်းက ရှေးဟောင်း မိစ္ဆာပဲ... မင်းက လူသားတွေရဲ့ လက်နက်ကို မကြောက်လောက်ပေမဲ့ ကျင့်ကြံစဉ် ကောင်းကောင်းမမြင့်သေးတဲ့ မိစ္ဆာကျင့်ကြံသူတွေ ဆိုရင်ရော..."
"အသင့်တော်ဆုံးသူကပဲ ရှင်သန်မှာ... သူတို့က လူသားလက်နက်တွေကို မကျော်လွှားနိုင်ဘူးဆိုရင် သေဆုံးခြင်းကပဲ သူတို့နဲ့ထိုက်တန်တဲ့အရာဖြစ်မှာ..."
ကျူးယန်၏ ရက်စက်လှသည့် ပါးစပ်ကြီးက ပွင့်အာလာကာ အော်ဟစ်သံတစ်ခု ထုတ်လိုက်လေသည်။
"မင်းစကားတွေ အများကြီး ပြောနေစရာ မလိုဘူး... မင်းလို လူသားသွေး ရောနေတဲ့ ယုတ်ညံ့တဲ့ သတ္တဝါမျိုးက ငါဘုရင်ကို စကားပြောဖို့ မထိုက်တန်ဘူး..."
ထိုစကားလုံးများ ရေရွတ်ပြီးနောက် ကျူးယန်က အပြာရောင် အလင်းတန်းတစ်ခုနှင့် ရိုက်ခတ်သွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ချက်ချင်းပင် နာကျင်ကာ ထုံထိုင်းသွားလေသည်။ အခြားသောရွေးချယ်မှု မရှိရာ သူက သမုဒ္ဒရာအောက်ခြေတွင် လဲလှောင်းကာ နာကျင်စွာ ညည်းညူနေယုံသာ တတ်နိုင်ပေသည်။
"ငါမင်းနဲ့ စကားပြောဖို့ မထိုက်တန်ပေမဲ့ မင်းကို ရိုက်နိုင်တယ်..."
"မင်းမှာ အစွမ်းအစရှိရင် သတ်လိုက်လေ..."
"မင်းနောက်နေတာပဲ ဖြစ်ရမယ်..."
ကျွမ်းချင်က လက်တစ်ဖက် မြှောက်လိုက်ရာ တစ်ခြားသော အပြာရောင် လျှပ်စီးတစ်ကြောင်းက ကျူးယန်ပေါ်သို့ ကျသွားလေသည်။ သူ့မျက်နှာပေါ်ရှိ အမူအရာမှာ အလွန်တည်ကြည်နေသည်။
"မင်းက ကြမ်းတမ်းပြီး ရက်စက်တယ်... မင်းလက်မှာ သေခဲ့တဲ့ မိစ္ဆာကျင့်ကြံသူတွေနဲ့ လူသားတွေက ရေလို့တောင် မရနိုင်ဘူး... သေခြင်းက မင်းရဲ့ ပြစ်မှုတွေကို မဖယ်ရှားနိုင်ဘူး... ကောင်ကင်ဘုံ စည်းမျဉ်းက ငါ မင်းကို သတ်လို့မရဘူးလို့ပြောတယ်..."
"ဒါပေမဲ့..."
"ငါမင်းကို ရိုက်လို့ရတယ်..."
ကျူးယန်က အသံကျယ်ကြီးဖြင့် အော်ဟစ်ငိုကြွေးရသည်အထိ အရိုက်ခံလိုက်ရသည်။ ထို့နောက်တွင် သူက စကားပြန်မပြောတော့ကာ သူ့ဒေါသမှာလည်း ပေါက်ကွဲဟန် မရှိတော့ပါချေ။ သူက ကြမ်းပြင်တွင် ဘောလုံးတစ်လုံးသဖွယ် လှဲနေပေသည်။
"လောင်ဇီက မင်းကို ရိုက်ချင်နေတာ ကြာပြီ..."
ကျွမ်းချင်က ကြမ်းကြမ်းတမ်းတမ်းပြောဆိုနေသည်မှာ သူမဟုတ်သကဲ့သို့ အမူအရာကို ထိန်းထားလိုက်သည်။
"ဒီမှာ ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်နေခဲ့ နားလည်လား..."
ကျူးယန်၏ ခန္ဓာကိုယ်ကြီးက တုန်ယင်နေကာ စကားမပြောဝံ့ပါပေ။
ထိုအခိုက်အတန့်တွင် သူ့၏ သနားစဖွယ် သွင်ပြင်ကို မြင်တွေ့ရန်အတွက် သမုဒ္ဒရာအောက်ခြေတွင် မည်သည့် မိစ္ဆာမှ ရှိမနေသည်ကို ဝမ်းသာနေပေသည်။ သို့မဟုတ်ပါက သူ့တွင် ပြစရာမျက်နှာ ရှိတော့မည် မဟုတ်ပါပေ။ သူ ခေါင်းမော့လိုက်ကာ ကျွမ်းချင်၏ ခန္ဓာကိုယ်မှ သူတော်ကောင်းတရား၏ ရွှေရောင်အလင်းတန်းဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
အဲ့ကြောက်စရာ သတ္တဝါတွေက ဘာတွေလဲ... သူတို့က အဝေးမှာ ဘာလို့ စက်ဝိုင်းကြီးလုပ်ထားကြတာလဲ...
ဗိုက်မှာ မျက်စိရောက်နေတဲ့ ငါးတွေကရော ဘာလို့ ပါးစပ်တွေ ဖွင့်ထားကြတာလဲ...
သူတို့က ဗိုက်အကြီးအကြီးနဲ့ ရုပ်ဆိုးလိုက်တာ... သူတို့က ပါးစပ်ဖွင့်ထားရင်တောင် ကြည့်လို့ရသေးတာလား...
ထိုအခိုက်တွင်မှသာ ကျူးယန်က ဗျူရို၏ ဝိညာဉ်ပိတ်လှောင်အစီအရင်အတွင်း၌ ပိတ်လှောင်ခံရသည်မှာ ကြောက်စရာမကောင်းသည်ကို သဘောပေါက်သွားလေသည်။ အမှန်တကယ် ကြောက်စရာကောင်းလှသည်မှာ ဤပင်လယ်နက်ကြီးထဲတွင် မည်သည့်အချိန်၌ လွတ်မြောက်မည်ကို မသိပဲ ပိတ်လှောင်ခြင်းခံထားရသည်ဖြစ်သည်။
ကျွမ်းချင်က နောက်လှည့်ကာ နဂါးတစ်ကောင်အဖြစ်ပြောင်းသွားပြီး မျက်စိတစ်မှိတ်အတွင်းပင် ကျူးယန်၏ မျက်လုံးရှေ့မှ ပျောက်ကွယ်သွားလေသည်။ ပင်လယ်ပြင်၏ အောင်ခြေမှာ အမှောင်ထုများကျယ်ပြန့်လာကာ အလင်းမှုန်တစ်ခုပင် မရှိပါချေ။
အလင်းရောင် ပျောက်ကွယ်သွားသည့်အချိန်မှသာ အလင်းကမည်မျှ လှပသည်ကို သိနိုင်ပေသည်။
ကျွမ်းချင်က ကမ်းခြေသို့ ရောက်လုနီးနီးတွင် လူသားပုံစံပြောင်းလိုက်ကာ ရေထဲမှ ခုန်ထွက်လိုက်သည်။ အဝေးရှိ အရက်မူးနေသော ငါးဖမ်းသမားများက နားမလည်နိုင်သော သီချင်းများ အော်ဆိုနေကြသည်။ သူ့ခန္ဓာကိုယ်ကို ခါလိုက်သောအခါ အဝတ်စိုများက ခြောက်သွေ့သွားသော်လည်း တွန့်ရာအချို့ ရှိနေသည်။
သူက အဝတ်များကို မကျေမနပ် ငုံ့ကြည့်လိုက်သည်။
"လူငယ်လေး..."
သူ့နောက်တွင် ရပ်နေသော အဘွားအိုတစ်ယောက်က သူ့အား စိုးရိမ်တကြီး ဖျောင်းဖျလိုက်သည်။
"မင်းကို တစ်ခုခုက စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် အဲ့ထဲကို စိတ်မနှစ်လိုက်နဲ့... အဲ့ထဲကို လျှောက်ဝင်မသွားနဲ့... ခဏနေရင် ဒီရေတက်လာတော့မှာ မိသားစုတွေ စိတ်မပူအောင် အိမ်ပြန်တော့..."
ကျွမ်းချင်က လှည့်ကြည့်လိုက်သည်။ အဘွားအိုမှာ အနက်ရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူမက အစိမ်းရောင် ရုံးဝတ်စုံကဲ့သို့ ဦးထုတ်ကို ဝတ်ဆင်ထားကာ အစိမ်းရောင်ရှူးဖိနပ်စီးထားသည်။ သူမ၏ အဖြူအနက်ရောနေသော ဆံပင်များကို သပ်သပ်ရပ်ရပ် ဖီးထားလေသည်။ လ၏ အလင်းရောင်အောက်တွင် သူမ၏ သွင်ပြင်က အနည်းငယ် ဖြူဖျော့နေသည်။ ပင်လယ်လှိုင်းများက ကမ်းခြေကို အဆက်မပြတ် ရိုက်ခတ်နေပြီး သူမ၏ ခြေထောက်နောက်ကို ညင်သာစွာ ရိုက်ခတ်ကာ နောက်ပြန်ဆုတ်သွားလေသည်။
"အန်တီ... ဒီမှာ ဘယ်သူ့ကို စောင့်နေတာလဲ..."
ကျွမ်းချင်က သူ့အဝတ်အစားများပေါ်မှ တွန့်ရာများကို ပွတ်သပ်လိုက်ပြီး ကမ်းခြေသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်သည်။
သူက ပင်လယ်ရေဆီမှ အဝေးသို့ လျှောက်သွားသည်ကို မြင်ရာ အဘွားအို၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
" ငါ့သားလေးကို စောင့်နေတာ... သူ ပင်လယ်ထဲထွက်သွားတာ ကြာနေပြီ... သူ ခြောက်လပိုင်း ကျရင်ပြန်လာမယ်ပြောသွားပြီ အခု ခုနစ်လပိုင်းတောင်ရောက်နေပြီ... ငါစိတ်မချဘူးကွယ်..."
ကျွမ်းချင်၏ အကြည့်များက သူမနောက်မှ နေရာလပ်သို့ ရောက်ရှိသွားသည်။ သူက အိပ်ကပ်ထဲသို့ လက်နှစ်ဖက်လုံးထည့်ကာ သက်ပြင်းချလိုက်သည်။
"အန်တီ ဒီမှာ နေ့တိုင်းစောင့်နေတာလား..."
"သူ လမ်းမသိမှာ စိုးလို့ပါ..."
အဘွားအိုမှာ စိတ်မအေးနိုင်ဟန်ရသော်လည်း အမှန်တကယ်တွင် သူမက အနည်းငယ် ဝင့်ကြွားနေပေသည်။
"သူက ငယ်ငယ်လေးကတည်းက အဆင့်တွေ ကောင်းတယ်လေ... ရေတပ်ထဲ ဝင်ပြီးတော့လဲ သူက ပင်လယ်ထဲမှာ လူတွေ အများကြီးကို ကယ်ခဲ့တာ... ဒါပေမဲ့ သူ့မှာ ချို့ယွင်းချက်တစ်ခုရှိတယ်... သူ့မှတ်ဉာဏ်က သိပ်မကောင်းဘူးလေ... အိမ်ပြန်လမ်းကိုတောင် မေ့နေတာ..."
ကျွမ်းချင်က နောက်လှည့်ကာ မျက်စိတစ်ဆုံး ကျယ်ပြန့်လှသည့် ပင်လယ်ကြီးကို ကြည့်လိုက်သည်။ အဝေးတွင် တောက်ပနေသည့် မီးပြတိုက်တစ်ခုကို မြင်နိုင်ပြီး အိမ်မှ အဝေးသို့ရောက်နေသည့် သင်္ဘောများကို အပြန်လမ်း ညွှန်ပြပေးနေသည်။
"အန်တီသား ပြန်လာမှာပါ..."
ကျွမ်းချင်က အကြည့်လွှဲလိုက်သည်။ သူ ကားပါကင်သို့ ရောက်သောအခါ အသိတစ်ယောက်နှင့်တွေ့လေသည်။ ၄င်းမှာ မြေအောက်ကမ္ဘာမှ ယင်းချိုင်တစ်ဦးပင်။
"သခင်လေး ကျွမ်း..."
ဝမ့်ကျန်းက ကျွမ်းချင်ကို မြင်သွားပြီး ရိုသေလေးစားဟန်အနည်းငယ်က သူ့မျက်နှာထက်တွင် အမှတ်တမဲ့ ပေါ်လာလေသည်။
"ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ..."
"ငါ ညရှုခင်း ကြည့်ဖို့ထွက်လာတာပါ... ဒါပေမဲ့ သူ့သား အိမ်ပြန်လာတာကို စောင့်နေတဲ့ အဘွားအိုတစ်ယောက်နဲ့ အမှတ်မထင် တွေ့ခဲ့တယ်..."
"သူ(မ)က..."
ကျွမ်းချင်က တစ်စုံတစ်ခုကို ပြောလိုသော်လည်း တုံ့ဆိုင်းနေလေသည်။
"ဂရုစိုက်တတ်တဲ့ အမေတစ်ယောက်ရဲ့ နှလုံးသားက အမြဲတမ်း တည်တံ့ပါတယ်... သူ့သားက မကြာခင်မှာ ပြန်လာမှာပါ..."
"မင်းပြောတာ မှန်တယ်... သူ မကြာခင် သေချာပေါက် ပြန်လာမှာပါ..."
ဝမ့်ကျန်းက သူ့၏ ဝိညာဉ်ပိတ်လှောင်ချိန်းကြိုးနှင့် ဝိညာဉ်ခေါ် ခေါင်းလောင်းကို သိမ်းကာ ကျွမ်းချင်ကို ပြုံးပြလိုက်သည်။
"ကျွန်တော် နောက်သုံးရက်မှပဲ ပြန်လာပါ့မယ်..."
"ကျေးဇူးတင်ပါတယ်..."
ကျွမ်းချင်က ဝမ်ကျန်းကို ခေါင်းညိမ့်ပြလိုက်သည်။
"ယဉ်ကျေးလွန်းနေပါပြီ..."
ဝမ့်ကျန်းက ကမ်းခြေသို့ တစ်ချက်ကြည့်လိုက်ပြီး နောက် မီးခိုးအဖြစ် ပြောင်းလဲသွားကာ ညအမှောင်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။
.......
ဖူလီ၏ သူရဲကောင်းဆန်လှသည့် အပြုအမူအကြောင်း သတင်းမှာ ဟိုတယ်၏ လုံခြုံရေး အစောင့်များကြားတွင် အလျင်အမြန်ပင် ပျံ့နှံ့သွားလေသည်။ ယခင်က သူ့အား မနှစ်သက်ကြသည့် လုပ်ဖော်ကိုင်ဘက်များက ယခုတွင် သူ့အပေါ် များစွာ ညင်သာလာကြပေသည်။ နှစ်ရက်မကုန်ဆုံးမီတွင် သူနှင့် အတူအလုပ်လုပ်နေကြသော လုပ်ဖော်ကိုင်ဘက်များက အလုပ်ပြီးသည့်အခါ သူ့အား ညပိုင်းလူစုကာ အသားကင်စားပြီး အရက်သောက်ရန် စခေါ်လာလေသည်။
ဖူလီက စာကြည့်ရန် ပြန်လိုသော်လည်း ဤသည်မှာ သူ့လုပ်ဖော်ကိုင်ဘက်များက ညပိုင်းလူစုရာတွင် သူ့ကိုခေါ်သည်မှာ ပထမဆုံးအကြိမ် ဖြစ်ရာ ပျော်ရွှင်စွာဖြင့် သဘောတူလိုက်သည်။
အမျိုးသားလေးဦးက လုံခြုံရေးအစောင့်ဝတ်စုံများ လဲကာ ဖူလီကို လူသိများသော မုန့်ဈေးတန်းသို့ ခေါ်လာလေသည်။
"ဖူလေးက ဒေသခံမဟုတ်ဘူး မလား..."
လီရှစ်က ဘီယာဘူး အဖုံးကို သွားဖြင့် ကိုက်ဖွင့်လိုက်သည်။ သူက ခွက်လေးခွက်ကို အပြည့်ထည့်ပြီး ဖူလီကို ပြောလိုက်သည်။
"ငါတို့ မုန့်အကြောင်းပြောရရင်တော့ ဒီလမ်းကြားထဲမှာ ရှိတဲ့ဟာတွေက အစစ်အမှန်ပဲ... လုံးဝ နာမည်ကြီးမုန့်ဈေးတန်း နှစ်ခုက နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ထားတာလေ... လာ... သောက်..."
နွေညအတွင်း ရေခဲစိမ် ဘီယာ၏ အရသာမှာ အလွန်လတ်ဆတ်ပေသည်။ သို့သော် သူတို့လေးဦးမှာ အလွန်အကျွံ မသောက်ဝံ့ပါပေ။ သူတို့က မနက်ဖြန်ညတွင် အလုပ်လုပ်ရမည်ဖြစ်ကာ အမှားလုပ်မိမည်ကို စိုးရိမ်နေကြသည်။ သိုးသားနှင့် ကြက်တောင်ပံကင်များစွာက သူတို့ဗိုက်ထဲသို့ ဝင်ရောက်သွားကြကာ ဘီယာပုလင်းများစွာ သူတို့အူများထဲသို့ ရောက်ကုန်ကြလေသည်။ သူတို့က ညီလေးဖူလီဟု စတင်ခေါ်ကာ လီရှစ်က ဖူလီအား မိန်းကလေးတစ်ယောက်နှင့် မိတ်ဆက်ပေးမည်ဟုပင် စနောက်လာလေသည်။
တခြားသော လုပ်ဖော်ကိုင်ဘက်တစ်ဦးက သူ့ခြေထောက်အောက်မှ အခင်းကို ဆွဲထုတ်လိုက်သည်။ (အောက်ဖဲလှန်)
"သူပြောတဲ့ ပေါက်ကရတွေ နားမထောင်နဲ့... သူကိုယ်တိုင်တောင် တစ်ကိုယ်တော်ခွေးဖြစ်နေတာ တခြားသူကို ဘယ်လိုလုပ်ပြီး ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးနိုင်မှာလဲ..."
"အဲ့ဒါက ပြောရခက်တယ်ဟ... ငါ့မျက်နှာနဲ့ဆိုရင် ရည်စားရှာရတာ ခက်တယ်ဆိုပေမဲ့ ငါတို့ရဲ့ ဖူလေးဆိုရင် စိတ်ပူစရာ မလိုဘူးလေ..."
လီရှစ်က ဘီယာခွက်တစ်ခွက်ကို ချလိုက်သည်။
"ဒီမျက်နှာနဲ့ ခြေထောက်တွေကို ကြည့်ပါအုံး... ကောင်တာက ကောင်မလေးတွေ သူ့ကို မုန့်တွေပေးနေတာ မင်းမမြင်ဘူးလား... မင်တို့တွေ အဲ့လိုမျိုး ရဖူးကြလား..."
ဖူလီက သူတို့တစ်ဦးနှစ်တစ်ဦး သံသယအပြည့်နှင့် စနောက်နေသည်ကို နားထောင်နေသည်။ အတိတ်တွင် သူက လူသားများအဖြစ် ကျင့်ကြံလိုသော ခွေးများကို တွေ့ဖူးလေသည်။ သို့သော် သူက သူတို့ကိုယ်သူတို့ ခွေးဟုခေါ်ဆိုသော လူသားကို တစ်ခါမှ မမြင်ဖူးပါပေ။ အချိန်များ ကြာမြင့်လာကာ လူ့အသိုင်းအဝိုင်းက တိုးတက်လူသည်မှာ အသေအချာပင် ဖြစ်သည်။ လူသားများသည်ပင် သက်ရှိများအားလုံး တူညီမှု၏ အရေးပါခြင်းကို သတိပြုစပြုလာပြီ ဖြစ်သည်။
အကင်နှင့် ဘီယာများ စားသောက်ပြီးနောက် သူတို့လေးဦးက သက်ဆိုင်ရာ အိမ်များသို့ အသီးသီးပြန်သွားကြလေသည်။
ဖူလီက တိတ်ဆိတ်သော လမ်းအတိုင်း လျှောက်လာပြီး ညင်သာလှသော လရောင်ကို ခံယူနေသည်။ သူ့၏ စိတ်ခံစားချက်က အထူးကောင်းမွန်နေပေသည်။
"သခင်လေး... ဆဌမလမ်းကို ဘယ်လိုသွားရလဲ သိလား..."
အဖြူရောင် စစ်တပ်ဝတ်စုံနှင့် အမျိုးသားက ဖူလီကို တားလိုက်သည်။ အမျိုးသား ဝတ်ဆင်ထားသည့် ဝတ်စုံမှာ အလွန်သပ်ရပ်နေရာ ထိုသူက အလွန်စည်းကမ်းရှိသည့်လူဖြစ်သည်ကို သိနိုင်ပေသည်။
"ဆဌမလမ်းလား..."
ဖူလီက မျက်တောင်ခတ်လိုက်သည်။
"ကျွန်တော် အဲ့လမ်းကို တစ်ခါမှ မကြားဖူးဘူး..."
အမျိုးသားက ခေါင်းကုတ်လိုက်ပြီး သူ့မျက်နှာမှာ ပူပင်သောကများ ပြည့်နေလေသည်။
"ကျွန်တော့်အိမ်က ပင်လယ်နဲ့ အရမ်းနီးတယ်... ဒါပေမဲ့ ကျွန်တော် သင်္ဘောက ဆင်းပြီးတော့ အိမ်ပြန်လမ်းကို ရှာမတွေ့ဘူး ဖြစ်နေတာ..."
လရောင်က သူ့အပေါ်တွင် ဖြာကျနေသည်။ သူခြေထောက်အောက်တွင် အရိပ်မရှိပါပေ။ သူ့မျက်ခုံးများကြားတွင် ရွှေရောင်အလင်းဖျော့ဖျော့တစ်ခု ရှိနေပေသည်။
"ဒါက မြို့တော်လေ... ဒီနားမှာ ပင်လယ်မရှိပါဘူး..."
ဖူလီက ရပ်တန့်လိုက်သည်။
"မင်း အလျင်လိုနေလား..."
"ကျွန်တော် ပင်လယ်ထဲ ရောက်နေတာ တစ်နှစ်ကျော်နေပြီ... ကျွန်တော်က အမေ့ဆီပြန်ဖို့အတွက် နှစ်ရက်လောက်ကို ခက်ခက်ခဲခဲ ခွင့်ယူလာခဲ့ရတာ... သူက ကျွန်တော့်ကို ပျိုးထောင်ဖို့ တော်တော်လေး အပင်ပန်းခံခဲ့ရတဲ့အပြင် ကျန်းမာရေးလဲ မကောင်းဘူး..."
အကြောင်းပြချက်တစ်ခုဖြင့် စစ်တပ်ဝတ်စုံနှင့် အမျိုးသားမှာ ဖူလီရှေ့တွင် စကားပြောလိုစိတ် ဖြစ်နေလေသည်။
"ကျွန်တော်ကဒီလထဲ သေချာပေါက် ပြန်လာမယ်လို့ သူ့ကို ကတိပေးခဲ့တာ... သူအခုလောက်ဆို ကျွန်တော်ကို စောင့်ပြီး စိတ်ပူနေပြီလားမသိဘူး..."
သူက မြို့တော်သို့ အဘယ့်ကြောင့်ရောက်လာသည်ကို စိတ်ရှုပ်ထွေးနေပုံဖြင့် ခေါင်းခါလိုက်သည်။
ဖူလီက အတွေးဖြင့် ခေါင်းစောင်းလိုက်သည်။
ဒါက အမေနဲ့ သားကြားက ချစ်ခြင်းမေတ္တာပဲ... သေခြင်းကတောင် သူတို့ကြားက တွယ်တာမှုကို မဖြတ်တောက်နိုင်ဘူးလား...
သူက စစ်တပ်ဝတ်စုံနှင့် အမျိုးသားအနီးသို့ တိုးကပ်သွားရာ ပင်လယ်ပြင်၏ ငါးညှီနံ့ ရလေသည်။ သူ့မျက်လုံးကို မှိတ်လိုက်ရာ သူက အမျိုးသား၏ သေဆုံခြင်းပြီးနောက် ကံတရားကို မြင်လိုက်လေသည်။
စစ်တပ် ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားတစ်ချို့က လေယာဉ်မှ ဆင်းလာကာ အနက်ရောင် သစ်သား အခေါင်းကြီးတစ်ခုကို ကိုင်ထားလေသည်။ အခေါင်း၏ ဘေးတွင် ဤအမျိုးသား၏ ဓာတ်ပုံကို ကပ်ထားလေသည်။ စစ်တပ်ဝတ်စုံနှင့် သင်္ဘော ပုံစံငယ်တစ်ခုက သစ်သားအခေါင်းပေါ်တွင် ရှိနေလေသည်။ အခေါင်းပေါ်ရှိ စစ်တပ်ဝတ်စုံမှာ အမျိုးသား ဝတ်ထားသည်နှင့် တူပေသည်။
"ကျွန်တော် အိမ်ပြန်ပို့ပေးမယ်..."
ဖူလီက ရုတ်တရက် ဤစစ်သား၏ အမေကို စိတ်ဝင်စားသွားလေသည်။
လူသားတို့၏ စိတ်ခံစားချက်များမှာ အမှန်ပင် ထူးဆန်းပေသည်။
သို့သော် ၄င်းတို့မှာ အလွန်စိတ်ဝင်စားစရာ ကောင်းပေသည်။
.....
ဇိမ်ခံ ဗီလာ၏ ရေကူးကန်တွင် ရေကူးနေသော ကျွမ်းချင်က ရုတ်တရက် ရေမျက်နှာပြင်ပေါ်သို့ တက်လာကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
လေထဲရှိ စိတ်ဝိညာဉ် ချီထဲတွင် ခပ်ဖျော့ဖျော့ မတည်ငြိမ်မှု ရှိနေလေသည်။
ကြည့်ရတာ မိစ္ဆာတစ်ကောင်က မိုင်တစ်ထောင်နည်းစနစ်ကို သုံးနေသလိုပဲ...
သူက အဝတ်အစားများ ဝတ်ကာ မိစ္ဆာချီ၏ ရင်းမြစ်နောက်သို့ လိုက်လာခဲ့သည်။
ဖူလီက စစ်တပ်ဝတ်စုံနှင့် အမျိုးသားကို သူ့အိမ်သို့ ခေါ်လာခဲ့သည်။ သို့သော် အိမ်မှာ ဗလာကျင်းနေပေသည်။ သူပြောသည့် မိခင်မှာ အိမ်တွင် ရှိမနေပါပေ။
အမျိုးသားက ဖူလီကို မပြောမီတွင် အိမ်ထဲသို့ လျှောက်သွားလိုက်သည်။
"ငါ့အမေ့က ငါ့ကို ပင်လယ်ဘေးမှာ စောင့်နေတာ ဖြစ်ရမယ်... ငါက ပင်လယ်ဘေးမှာ သွားဆော့ရတာကို ကြိုက်တယ်လေ... အဲ့ဒါကြောင့် သူက ကမ်းရိုးတန်းကို ခဏခဏသွားပြီး ငါ့ကို ပြန်ခေါ်လာရတာ... ငါ စစ်သားဖြစ်လာတော့ ပင်လယ်ထဲ ထွက်တာက ငါ့ရဲ့ တာဝန်ဖြစ်လာပြီး အဲ့ကတည်းက သူ့ကငါ့ကို ပင်လယ်ဘေးမှာ စောင့်နေတတ်တာ... သူပြောတာက အဲ့လိုဆိုရင် ပင်လယ်နဲ့ ပိုနီးပြီးတော့ ငါ့ကို စိတ်ချတယ်တဲ့လေ..."
သူက စကားပြောကာ ပြေးသွားလေသည်။
ဖူလီက အိမ်ထဲသို့ ပြန်လှည့်ကြည့်လိုက်သည်။ အဘွားအိုတစ်ဦး၏ ဓာတ်ပုံက နံရံပေါ်တွင် ချိတ်ဆွဲထားလေသည်။ ဓာတ်ပုံထဲရှိ သူမ၏ အပြုံးမှာ ညင်သာကာ သူမက အလွန်ကြင်နာတတ်ပုံရပေသည်။ အမျိုးသားမှာ မကြာခင်တွင် အဝေးသို့ ပျောက်ကွယ်သွားမည့်ဟန်ရ၍ ဖူလီက နောက်မှာ လိုက်လာပေသည်။
သူတံခါးအပြင်သို့ ခြေချလိုက်သည့်အခါတွင် တစ်စုံတစ်ယောက်က သူ့လမ်းကို ပိတ်လိုက်သည်။
"ဖူကျင့်ကြံသူ..."
ဖူလီက သံသယအပြည့်ဖြင့် မော့ကြည့်လိုက်သည်။
အမြီးယမ်းရင် ဘောင်းဘီမပြဲတဲ့ သွေးနှော နဂါးကောင်က ဘာလို့ ဒီရောက်နေတာလဲ...