အပိုင်း ၁၉
Viewers 17k


Chapter 19
 မိဘမဲ့ မိစ္ဆာ


ကျွမ်းချင်၏ ရုတ်တရက် ထွက်ပေါ်လာမှုက ဖူလီကို စိတ်ရှုပ်ထွေးသွားစေသည်။ သူက ဘေးသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

"ကျွမ်းကျင့်ကြံသူ... ခင်ဗျား ဘာလို့ဒီရောက်နေတာလဲ..."

"ငါ အခုလေးတင် မိစ္ဆာချီအတက်အကျကို အာရုံခံမိလို့ မိစ္ဆာတစ်ကောင်ကောင်က ပြဿနာရှာတော့မယ်ထင်နေတာ... အဲ့ဒါကြောင့် လာကြည့်တာ... ဖူကျင့်ကြံသူ ဖြစ်နေမယ်လို့ မထင်ထားဘူး..."

နာမည်ကြီး အနောက်တိုင်းဝတ်စုံဝတ်ထားသည့် ကျွမ်းချင်က ရှေးဟောင်း သီးသန့်အိမ်တစ်လုံးရှေ့တွင် ရပ်နေသည်ကို မြင်ရသည်မှာ အနည်းငယ် မလိုက်ဖက်သည့်ဟန် ထင်ရပေသည်။ သူ့အကြည့်က ဖူလီ၏ ပခုံးကို ကျော်ကာ သူ့နောက်မှ နံရံပေါ်တွင် ချိတ်ထားသော ဓာတ်ပုံဆီသို့ ရောက်သွားလေသည်။ 

"စိတ်မပူပါနဲ့... ကျွန်တော် မိုင်တစ်ထောင် နည်းစနစ်ကို သုံးတုန်းက ချိတ်ပိတ်နည်းလမ်းကို သုံးပါတယ်... လူသားတွေရဲ့စောင့်ကြည့် ကိရိယာတွေက ကျွန်တော့်ကို မဖမ်းမိနိုင်ပါဘူး..."

လူသားကမ္ဘာအား ဖူလီ၏ နားလည်နိုင်မှုမှာ အလွန်မများပြားသော်လည်း တစ်လနီးပါး ဟိုတယ်၏ လုံခြုံရေးအစောင့်ဖြစ်နေသည့် သူက လူသားလောကရှိ စောင့်ကြည့်ကိရိယာများက မည်မျှ အံ့ဩဖွယ်ေကာင်းသည်ကို သိထားပေသည်။

အတန်ကြာသည်အထိ ကျွမ်းချင်မှာ ဖူလီကို ဂရုတစိုက် ပြုလုပ်ထား၍ ချီးကျူးရမည်လား သာမန်ကိစ္စလေးအား အရေးတယူပြုလုပ်မိ၍ သူ့ကိုယ်သူ ချီးကျူးရမည်လား မသိတော့ပါချေ။ ကျူးယန်၏ '‌ယောင်ဧကရာဇ်'ဆိုသည်မှာ မပေါ်လာသော်သော်လည်း သူ့နှလုံးသားထဲတွင် အကြောက်တရားများဖြစ်ပေါ်လာစေပြီး ဖြစ်လေသည်။

ဤနိုင်ငံတွင် လူဦးရေ သန်းတစ်ထောင်ကျော် ရှိသည်။ ယောင်ဧကရာဇ်က ရုတ်တရက် ထကြွလာပါက မရေမတွက်နိုင်သော သေဆုံးခြင်း များစွာဖြစ်နိုင်ပေသည်။ သူက ဤအလောင်းအစားကို မပြုလုပ်နိုင်ပါပေ။ 

ဖူလီက နောက်လှည့်ကာ တံခါးပိတ်လိုက်သည်။

"ဖူကျင့်ကြံသူ... ဘာမှမဖြစ်ဘူးဆိုရင် ဘာလို့ တစ်ချက်လောက် မကြည့်ကြည့်တာလဲ..."

ကျွမ်းချင်က သူ့၏ စိတ်သဘောထားကို မဖော်ပြပါပေ။ ဖူလီက လှေကားမှ ဆင်းသွားသည်ကိုမြင်ရာ တိတ်တဆိတ်ပင် လိုက်လာခဲ့ပေသည်။ 

ပင်လယ်လေပြည်ညင်းက သမုဒ္ဒရာ၏ ထူးခြားလှသည့် ရနံ့ကို သယ်ဆောင်လာသည်။ ပင်လယ်ရေများကို ရိုက်ခတ်သွားသည့် လှိုင်းများက ရေပွက်သံများကို ထုတ်လွှတ်နေသည်။ ကျို့မူက ပင်လယ်ဘေးတွင် ရင်းနှီးလှသော အဖြူအမဲပုံရိပ်လေးကို မမြင်ရမချင်း လမ်းတစ်လျှောက်တွင် တစ်စက္ကန့်ပင် မရပ်မနား ပြေးသွားလေသည်။

"အမေ..."

သူက ၂၈နှစ်တိုင်တိုင် အသုံးပြုခဲ့သည့် နာမ်စားတစ်ခုကို ခေါ်လိုက်သည်။ သူက အဘွားအိုဆီသို့ အသိုက်ဆီ ပြန်လာသည့် ငှက်ငယ်တစ်ကောင်သဖွယ် ပြေးသွားလေသည်။ 

"မင်းပြန်လာပြီ..."

အဘွားအိုမှာ ခြေဖျားထောက်ရပ်ကာ သူ့သား၏ ခေါင်းပေါ်မှ စစ်ဦးထုပ်ကို နေရာတကျပြင်ပေးလိုက်သည်။ သူ့ရင်ဘတ်မှ စစ်တပ်အထိမ်းအမှတ်ဆုကို မြင်ရာ သူမ၏ မျက်နှာထက်တွင် ဝင့်ကြွားကြွား အပြုံးတစ်ခု ပေါ်လာလေသည်။

"သားက စစ်တပ်အတွက် ချီးကျူးစရာ အလုပ်တစ်ခု လုပ်ခဲ့တာလား..."

"ဘာချီးကျူးစရာ အလုပ်လဲ..."

အသက် သုံးဆယ်နီးနီးအမျိုးသားက ရှက်ပြုံးတစ်ခုကို လှစ်ဟပြလိုက်သည်။ သူက ဦးထုပ်ကို ချွတ်ကာ လက်တစ်ဖက်တွင် ကိုင်ထားလိုက်ပြီး တခြားတစ်ဖက်ဖြင့် အဘွားအို၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူက ပြုံးကာ ဆိုလိုက်သည်။

"ပြန်ကြစို့... ဒီက အေးတယ်... အမေ့ ကျန်းမာရေး ထိခိုက်လိမ့်မယ်..."

"ဟုတ်ပါပြီ... ဟုတ်ပါပြီ... အိမ်ပြန်ကြစို့..."

အဘွားအိုက ကျို့မူကို ပြုံးပြကာ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ ခြေလှမ်းကျဲကျဲလျှောက်ရသည်ကို အသားကျနေသော အမျိုးသားက သူ့ခါးကို ကိုင်းကာ ခြေလှမ်းငယ်များ အလျင်အမြန် လှမ်းလိုက်သည်။ သူ့ ခန္ဓာကိုယ်အနေအထားမှာ အနည်းငယ် ရယ်ရွှင်ဖွယ် ဖြစ်နေလေသည်။ ဒီရေများ တက်လာပြီး သူတို့၏ ခြေကျင်းဝတ်များကို ရိုက်ခတ်ကာ တဖြည်းဖြည်း နောက်ပြန် ဆုတ်သွားလေသည်။ သူတို့ ဖြတ်သွားသည့် နေရာတွင် ခြေရာတစ်ဝက်ပင် မထင်ပါချေ။ 

"ကျွမ်းကျင့်ကြံသူ... အချိန် သုံးရက်က ပြည့်သွားပြီ..."

ဝမ့်ကျန်းက ကျွမ်းချင်ဘေးသို့ လျှောက်လာပြီး ကောင်းကင်ရှိ လခြမ်းကွေးကို လှမ်းကြည့်လိုက်သည်။

"ကျွန်တော့်ရဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ရတော့မယ်... ကျေးဇူးပြုပြီး ကျွန်တော်ကို နားလည်ပေးပါ..."

ကျွမ်းချင်က သဲသောင်ပြင်တွင် လက်တွဲကာ လျှောက်နေကြသည့် သားအမိကို မျက်လုံးမှေးကာ ကြည့်လိုက်သည်။ အတန်ကြာပြီးနောက် သူက ပါးစပ်ဖွင့်လိုက်ကာ သူ့အသံမှာ ခံစားချက် ကင်းမဲ့နေပုံရပြီး စိတ်မပါလက်မပါ ဖြစ်နေလေသည်။

"ညှိနှိုင်းပေးတာကို ကျေးဇူးအများကြီးတင်ပါတယ် ယင်းချိုင်ကြီး..."

"ဒါကို ညှိနှိုင်းပေးတယ်လို့ ဘယ်ခေါ်လို့ရပါမလဲဗျာ... တိုင်းပြည်ကို ကာကွယ်ပေးနေတဲ့ စစ်သားတစ်ယောက်က သူ့ဘဝရဲ့ အဓိက အချိန်မှာ အသက်ဆုံးရှုံး သွားတာပဲ... အမေနဲ့ သားကို တစ်ခါလောက်တော့ တွေ့ခွင့်ပေးမှ မှန်မှာပေါ့..."

ဝမ့်ကျန်းက အသက်ပြင်းပြင်း ရှုလိုက်သည်။
"အမေနဲ့ သားက အပြန်လမ်းမှာ တစ်ယောက်နဲ့ တစ်ယောက် ထောက်ပံ့ပေးနိုင်ပါတယ်... သူတို့ အထီးကျန်နေမှာ မဟုတ်ပါဘူး..."

သူက နောက်လှည့်လိုက်ရာ ကျွမ်းချင်၏ဘေးမှ ဖူလီကို သတိထားမိသွားသည်။ သူက ဝိညာဉ်များ စုဆောင်းရန် သွားခဲ့သည့် ဟိုတယ်တွင် ထိုသူကို တွေ့ခဲ့သည် ဖြစ်သော်လည်း ထိုသူ၏ သရုပ်မှန်ကို လွန်စွာ မသဲကွဲသေးပါချေ။ သို့ဖြစ်၍ ဖူလီကို ခေါင်းညိတ်ပြပြီးနောက် အမေနှင့် သားဆီသို့ လျှောက်လာခဲ့လိုက်သည်။

ဖူလီက အစမှ အဆုံးထိတိုင် တစ်ခွန်းမှ မဆိုသလို ရှေ့သို့ လျှောက်သွားသည့် ဝမ့်ကျန်းကိုလည်း မတားခဲ့ပါချေ။ သူ့၏ ရှင်းလင်းကာ ကြည်လင်လှသော မျက်လုံးများက ပြူးကျယ်နေကာ အမေနှင့် သားအား အလွန်လေးနက်စွာ ကြည့်နေသည်မှာ သူတို့ထံမှ တစ်စုံတစ်ခုကို နားလည်လိုသည့်ဟန် ရပေသည်။

ဝမ့်ကျန်းက အမေနှင့် သားရှေ့တွင် ပေါ်လာသည်။ အဘွားအိုက အနည်းငယ်မျှပင် စိတ်ရှုပ်သွားဟန် မဖော်ပြပဲ ဝမ့်ကျန်းကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ ဝမ့်ကျန်းမှာ ငိုကြွေးကာ အကြောက်အကန်ငြင်းဆန်တတ်သည့် ဝိညာဉ်များကို အမြဲတစေ ကြမ်းတမ်းလေ့ရှိသည်။ ထိုအစား ကျိုးကြောင်းဆီလျှော်ကာ သူတော်ကောင်းတရား ပိုင်ဆိုင်ထားသည့် ဝိညာဉ်များက သူ့နှလုံးသားကို အနည်းငယ် ပျော့ပြောင်းစေပေသည်။ 

"လင်းချွေ့ရုန်... ကျို့မူ... ငါက မင်းတို့ကို ခေါ်ဖို့ရောက်လာတာပဲ... ထွက်သွားဖို့ အချိန်ကျပြီ..."

ကျို့မူက သတိကြီးကြီးဖြင့် လင်းချွေ့ရုန်ရှေ့တွင် ရပ်လိုက်သည်။

"မင်းက ဘယ်သူလဲ..."

သူ့အကြည့်မှာ ဝမ့်ကျန်းလက်ထဲရှိ ချိန်းကြိုးကို ဖြတ်သွားကာ သူ့အမူအရာက ချက်ချင်းပင် တင်းမာလာသည်။

"ပြန်ပေးဆွဲတဲ့ ပြစ်မှုအတွက် ပြစ်ဒဏ်က အရမ်းကြမ်းတမ်းတယ်... ဘာမှမလုပ်ခင် ကိုယ့်ကိုကိုယ် ထိန်းထားလိုက်... မင်းဘဝကိုမင်း မဖျက်ဆီးနဲ့..."

"ကျို့မူ... မင်းက လွန်ခဲ့တဲ့ ရက်၂၀ကတည်းက သေသွားပြီ..."

ဝမ့်ကျန်းက ဝိညာဉ်ခေါ် ခေါင်းလောင်းကို ထုတ်ကာ ညင်သာစွာ ခါယမ်းလိုက်သည်။ သေဆုံးခြင်းကြောင့် ပျောက်ဆုံးသွားသည့် မှတ်ဉာဏ်များက ကျို့မူစိတ်ထဲသို့ တိုးဝင်လာသည်။ 

လွန်ခဲ့သည့် ရက်၂၀က ခရီးသည်တင် သင်္ဘောတစ်စင်းမှာ ပင်လယ်ထဲတွင် ဒုက္ခတွေ့ခဲ့သည်။ စစ်သားများအနေဖြင့် သူနှင့် တာဝန်ကျ ရဲဘော်များက တုံ့ဆိုင်းခြင်းမရှိပဲ လူများကို ကယ်တင်ရန် ရွေးချယ်ခဲ့သည်။ နောက်ပိုင်းတွင် သူက ကလေးငယ်တစ်ကို ကယ်တင်နေစဉ်၌ ပင်လယ်အောက်ခြေတွင် ငါးအုပ်စုတစ်စုနှင့် ကြုံခဲ့ရသည်။ သူမှတ်မိသည်မှာ မရေမတွက် နိုင်သော ငါးအမြီးများက သူ့ကိုယ်ကိုရိုက်ခတ်နေသည်သာဖြစ်ကာ နောက်ပိုင်း ဖြစ်ရပ်များကို မမှတ်မိတော့ပါချေ။

"အဲ့ကလေးလေး..."

ကျို့မူက သူ့ခေါင်းကို ပွတ်ကာ ဝမ့်ကျန်းကို ကြည့်လိုက်သည်။

"အဲ့ကလေးလေး အသက်ရှင်သွားလား..."

"ရှင်တယ်... မင်းကို ငါးအုပ်စုက ဝိုင်းနေကြတုန်း မင်းက သွားကို သုံးပြီး ကြိုးကိုတင်းတင်းကိုက်ပြီး ကလေးကို အသက်ကယ်ကြိုးမှာ ချည်ပေးခဲ့တာ... မင်းရဲ့ ရဲဘော်တွေက ကလေးကို ဆွဲတင်သွားတယ်..."

ဝမ့်ကျန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"သူ(မ)က ကောင်းကောင်းနေနေပါတယ်..."

သူက လက်တစ်ချက် ယမ်းလိုက်ရာ ကျို့မူရှေ့တွင် မြင်ကွင်းတစ်ခုပေါ်လာလေသည်။ အဖြူရောင် ဝတ်စုံလေးနှင့် ခေါင်းတွင် ပန်းပွင့်ဖြူဖြူများ ပန်ထားသည့် ကလေးငယ်လေးတစ်ဦးက အုတ်ဂူတစ်ခု၏ ရှေ့တွင် ပန်းများ ချပေးနေသည်။ ကျို့မူက သူ့ဘေးမှ သူ့မိခင်ကို ကြည့်လိုက်သည်။ သူမ၏ ခြေထောက်အောက်တွင် အရိပ်မရှိပါချေ။ 

ထိုအခိုက်အတန့်တွင် ကျို့မူ၏ မျက်လုံးများက နီရဲလာလေသည်။ 

နောက်ဆုံးတွင် သူက သူ့အမေ အသက်ရှိစဉ်တွင် ပြန်လာခဲ့ရန် ပျက်ကွက်ခဲ့ပေသည်။

"မင်းရဲ့ ခန္ဓာကိုယ် အကြွင်းအကျန်တွေကို ရှာမတွေ့ဘူး... အဲ့တာကြောင့် အမှတ်တရ ပန်းခြံထဲမှာ မြုပ်ထားတာတွေက... မင်းရဲ့ ကျန်ရစ် ပစ္စည်းတွေပဲ..."

ဝမ့်ကျန်း၏ အသံမှာ လေးလံနေသည်။ သူ့မျက်နှာထက်ရှိ အမူအရာသည်လည်း ပေါ့တန်တန် ဖြစ်မနေပါပေ။

"ဒါပေမဲ့ ကောင်မလေးက မင်းကို ခေါင်းကိုင်အဖေလို့ခေါ်ပြီး နှစ်တိုင်း လာလည်လိမ့်မယ်..."

"ဆန်းကြယ်လိုက်တာ... ငါက ၂၈အထိ လူပျိုကြီးတစ်ယောက် ဖြစ်ပေမဲ့ အခုတော့ ဒီလို သမီးလှလှလေး ရှိနေတယ်..."

ကျို့မူ၏ မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာလေသည်။

"လျှော့ဈေးရတာပေါ့..."

ဝမ့်ကျန်းက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီးမသောက်ပဲ လက်ထဲတွင် ကိုင်ထားလိုက်သည်။ သူက အကြောင်းပြချက်တစ်ချို့ကြောင့် အရင်ဆုံး ရယ်မောလိုက်သည်။

"အဲ့ဒါက ကောင်းတဲ့ လျှော့ဈေးတော့မဟုတ်ဘူး..."

"အမေ..."

ကျို့မူက အဘွားအို၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

"သားက သားသမီးတာဝန်မကျေ..."

"အမေနားလည်ပါတယ်..."

လင်းချွေ့ရုန်က အရေတွန့်နေသည့် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူမက သူ့လက်ထဲရှိ စစ်တပ်ဦးထုပ်ကို ယူလိုက်ကာ ခြေဖျားထောက်ပြီး သူ့ခေါင်းတွင် ဆောင်းပေးလိုက်သည်။

"ငါ့သားက စစ်သားတစ်ယောက်လေ... သားကို အမှတ်တရ ပန်းခြံထဲမှာ မြုပ်ခွင့်ရတာ အမေဂုဏ်ယူပါတယ်..."

ကြမ်းတမ်းလှသည့် လက်က သူ့နားကို ညင်သာစွာ ဆွဲလိုက်သည်မှာ သူငယ်စဉ်အခါက စကားနားမထောင်၍ သူ့အမေက နားရွက်ဆွဲပြီး အိမ်ပြန်ခေါ်လာသည့် အချိန်များ ကဲ့သို့ပင်။

"မင်းက နားမထောင်တာပဲ ရှိတာပါ... မင်းငယ်ငယ်တုန်းက ရှေ့ဖြစ်ဟောဆရာက ပြောဖူးတယ်... မင်းရဲ့ ကံတရားက ရေနဲ့ ဆန့်ကျင်ဖက်လို့ပြောတာကို မင်းက မယုံခဲ့ဘူးလေ... အခုနားလည်ပြီလား..."

လင်းချွေ့ရုန်က ပြုံးနေသော်လည်း သူမ၏ မျက်လုံးများက နီရဲနေလေသည်။ သူမက နောက်လှည့်ကာ ဝမ့်ကျန်းကို ဦးညွတ်လိုက်သည်။

"မင်းက ဒဏ္ဍာရီလာ ယင်းချိုင်ကြီး ဖြစ်ရမယ်... ကျွန်မတို့ သားအမိကို ပြန်ပြီး ဆုံစည်းခွင့်ပြုလို့ ကျေးဇူးတင်ပါတယ်..."

ဝမ့်ကျန်းက လည်ချောင်းရှင်းကာ အားယူပြုံးလိုက်သည်။ သူက ခြေထောက်ကို သုံးကာ စီးကရက်ကို တက်နင်းလိုက်ပြီးနောက် စီးကရက်ဖင်ဆီခံကို ညင်သာစွာ ကောက်ကိုင်လိုက်ပြီး သူ့အိပ်ကပ်ထဲသို့ ထည့်လိုက်သည်။

"သွားစို့..."

"တံတားတွေက တံတားတွေဆီ ပြန်လာပြီး လမ်းတွေက လမ်းတွေဆီပဲ ပြန်လာတတ်တယ်... သေဆုံးပြီး ဝိညာဉ်တွေက ပြန်မလာနိုင်တော့ဘူး... အသက်ရှင်စဉ်က စုဆောင်းခဲ့တဲ့ ကောင်းမှုတွေကို သူတော်ကောင်းတရားအဖြစ် ပြန်လာမှာ... နောက်ဘဝကျရင် မှုးမတ်အဆင့်တစ်ယောက် ဖြစ်မှာပါ..."

ဝိညာဉ်ခေါ် ခေါင်းလောင်းသံများက အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ဝမ့်ကျန်းနှင့် သားအမိတို့က မြူခိုးထဲသို့ဝင်ရောက်ကာ ညအတွင်းသို့ ပျောက်ကွယ်သွားလေသည်။ ဝမ့်ကျန်း၏ သံစဉ်မမှန်သော သီချင်းသံများကို ဝိုးတိုးဝါးတာ ကြားနိုင်နေဆဲဖြစ်သည်။ 

ဖူလီက သူ့ပုံရိပ်ကို ဂရုမစိုက်ပဲ သဲပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးဟန်တစ်ခု ပေါ်နေလေသည်။ ဤနေရာတွင် သူမေးနိုင်သော လူသားမရှိ၍ သူ့ဘေးရှိ သွေးနှောမိစ္ဆာကိုသာ မေးခွန်ထုတ်ရန်အပြင် ရွေးချယ်စရာမရှိပါပေ။ 

"သူတို့က စိတ်မကောင်းဖြစ်နေကြတာ အရှင်းကြီးကို ဘာလို့ ဆက်ပြီးပြုံးနေကြတာလဲ..."

ဖူလီက သေဆုံးပြီးနောက် ယင်းချိုင်နောက်သို့လိုက်ရန် ငြင်းဆန်ခဲ့သော လုရမ်ကျားကို သတိရပြီးနောက် ဤသားအမိကို တွေးမိလေသည်။ လူသားများ၏ ခံစားချက်များက အမှန်တကယ်ပင် အလွန်ရှုပ်ထွေးလှသည်ဟု သူခံစားရပေသည်။ ငိုကြွေးခြင်းနှင့် ပြုံးရယ်ခြင်းတို့မှာ ရိုးရှင်းစွာနှင့် မပျော်ရွှင်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို မထင်ဟပ်စေပါပေ။ 

ကျွမ်းချင်က ဖူလီထိုင်နေသည်ကို ကြည့်ကာ ထိုသူမှာ အနည်းငယ် စိတ်ရှုပ်ထွေးကာ မိုက်မဲလှသည့် ခွေးအလေးတစ်ကောင်နှင့် တူသည်ဟု ခံစားရပေသည်။ သူက ခြေဖျားနှင့် ကန်လိုက်သည်။

"ထတော့... ထိုင်မနေနဲ့..."

"ဘာလို့လဲ..."

ဖူလီက ရိုးရှင်းစွာပင် တင်ပုလ္လင်ခွေထိုင်လိုက်သည်။ သူက ကျွမ်းချင်ကိုမော့ကြည့်လိုက်သည်။ 
"ကျွန်တော် ထိုင်လို့ရနေတာကို ဘာလို့ မတ်တပ်ရပ်နေရမှာလဲ..."

သူ့၏ အကြည့်များက 'မင်းငတုံးလား'ဟု မေးနေဟန်ရပေသည်။

ကျွမ်းချင်က အသက်ပြင်းပြင်းရှုလိုက်ကာ သူ့ကိုယ်သူ ဤမိစ္ဆာမှာ နှစ်လေးထောင် ကျင့်ကြံခြင်းရှိပြီး မိစ္ဆာကောင်းတစ်ဦးအနေဖြင့် သတ်မှတ်ခံထားရသည်ကို သတိပေးလိုက်သည်။ ကြိုတင်တွေးတောခြင်း မရှိသည့် အပြုအမူမှာ ကျင့်ကြံခြင်းကို အလွယ်တကူ ဖျက်ဆီးနိုင်၍ သူက ယခင်မေးခွန်းကိုသာ ဖြေရန် ရွေးချယ်လိုက်သည်။

"စိတ်ခံစားချက်ကြောင့်ပေါ့..."

"ဘာစိတ်ခံစားချက်လဲ..."

"အမေတစ်ယောက်ရဲ့ သူ့သားအပေါ်ထားတဲ့ အချစ်နဲ့ ကာကွယ်မှုပေါ့... ပြီးတော့ သားတစ်ယောက်ရဲ့အမေတစ်ယောက်အပေါ်ထားတဲ့ ချစ်ခင်လေးစားခြင်းလေ..."

ဖူလီက ၄င်းကို အတန်ကြာအောင်တွေးလိုက်ပြီး ခေါင်းခါလိုက်သည်။ 

"အဲ့အမေရဲ့ ဝိညာဉ်က လူသားလောကမှာ နှစ်တွေ အများကြီး နေခဲ့တာလေ... သူက ယင်းချိုင်ကို ဒေါသဖြစ်စေရင် နောက်ဘဝအတွက် သက်ရောက်မှုရှိတယ်ဆိုတာကို မတွေးမိဘူးလား...

"အဲ့ဒါကြောင့် အဲ့ဒါက မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းပဲလေ..."

ကျွမ်းချင်က ခါးအနည်းငယ် ကိုင်းလိုက်ရာ သူ့အကြည့်က ဖူလီ၏ မျက်လုံးကြီးများနှင့် ဆုံသွားလေသည်။

"မင်းမှာ အမေ မရှိဘူးလား..."

မိစ္ဆာတစ်ကောင်သည်ပင် မိခင်တစ်ယောက်မှ မွေးရပေမည်။ 

ဖူလီက ခေါင်းခါကာ ယုံကြည်ချက်အပြည့်နှင့် ဆိုလိုက်သည်။

"ကျွန်တော်က ဒါတွေအကုန်လုံးက အရမ်းသာမန်ဖြစ်တယ်ဆိုတာကို လုံးဝ မသိတဲ့ မိဘမဲ့မိစ္ဆာတစ်ကောင်လေ... ခင်ဗျားက ဒီလိုမျိုး လူသားခံစားချက်တွေကို နားလည်တဲ့ပုံပဲ... အဲ့ဒါက ခင်ဗျားအမေက ခင်ဗျားအပေါ်ကို အရမ်းကောင်းလို့လား..."

ကျွမ်းချင်က ခါးမတ်လိုက်ပြီး သိလိုစိတ်များဖြင့် တောက်ပနေသည့် ဖူလီ၏ မျက်နှာကို မကြည့်ပါပေ။ သူပြန်မဖြေတော့ဟု ဖူလီထင်သည့်အချိန်မှာပင် ကျွမ်းချင်က ညင်သာစွာ ခေါင်းညိမ့်လိုက်သည်။

 "သူ(မ)က အရမ်းကောင်းတဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး မိခင်ကောင်းတစ်ယောက်ပါ..."

ကျွမ်းချင်က သူ့ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှစ်ဖက်သွင်းလိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

"မင်းက နှစ်လေးထောင်တောင် နေလာတဲ့ မိစ္ဆာအိုတစ်ကောင်လေ... ဘာလို့ အဲ့လောက်တောင် စပ်စုနေတာလဲ... သွားကြစို့..."

"ကျွန်တော်က မိစ္ဆာအို ဖြစ်တော့ရော ဘာဖြစ်လဲ..."
ဖူလီက သူ့မျက်နှာကို ထိလိုက်သည်။
"ကျွန်တော့်ရဲ့ လူသားပုံစံက ခင်ဗျားထက်တောင် ငယ်သေးတယ်..."

ကျွမ်းချင်က ပြန်လှည့်ကာ ဖူလီကို အမူအရာမဲ့ ကြည့်လိုက်သည်။

"ဘယ်လို အဘိုးကြီးကို လူတွေက ကြိုက်ကြလဲ သိလား..."

ဖူလီက ခေါင်းခါလိုက်သည်။

"စကားမများတဲ့ ဂုဏ်သရေရှိ လူကြီး..."

ကျွမ်းချင်က ထိုစကားကို ပြောလိုက်ပြီး ရှေ့သို့လျှောက်သွားလိုက်သည်။

ဖူလီက ထရပ်ကာ မျက်တောင်ခတ်လိုက်သည်။ သူက မတွေးပဲ ပြန်ဖြေလိုက်သည်။

"လူသား အသိုင်းအဝိုင်းက အဘိုးအိုတွေကို ဘယ်လို လေးစားပြီးတော့ လူငယ်တွေကို ဘယ်လိုချစ်မြတ်နိုးဖို့ကိုပဲ အာရုံထားနေတာပါ..."

"အဲ့ဒါဆို ငါက လူသားတွေနဲ့ တူတဲ့ပုံမရဘူး..."

ကျွမ်းချင်၏ ခြေလှမ်းများက လျင်မြန်သွားသည်။

ဖူလီက သူ့ကို မီလာပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ 
"ဒီနေ့ခေတ်မှာ မိစ္ဆာငယ်လေးတွေ အကုန်လုံးက စိတ်မရှည်ကြတော့ဘူးပဲ... သူတို့နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့လူ ရှိလာရင်ကို စိတ်တိုနေကြပြီ..."

ကျွမ်းချင်က သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နောက်လှည့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် သူက မိုင်တစ်ထောင် နည်းစနစ်ကိုသုံးကာ ဖူလီရှေ့မှ ပျောက်ကွယ်သွားလေသည်။

"ဒါပဲလေ... ဒါက ပေါက်ကွဲနေတဲ့ ဒေါသပဲ... အဲ့နှစ်တွေမှာသာဆိုရင်..."

ဖူလီက ကျွမ်းချင်ပေါ်တွင် တောက်ပနေသည့် ရွှေရောင်အလင်းတန်းများကို ပြန်သတိရသွားပြီး ထိုအချိန်များကို ပြန်သတိရသွားကာ သူ့စကားများကိုမျိုသိပ်လိုက်သည်။

"ဘယ်သူမှ သူ့ကို ဘာမှမလုပ်ရဲတဲ့ ပုံပါပဲလေ..."

သူက ခရုခွံများစွာကို ကောက်ချင်၍ ခေါင်းငုံ့လိုက်သည်။ နောက်ဆုံးတွင် သူက ခရုခွံအရေအတွက်ထက် အမှိုက်များက ပိုများနေသည်ကို တွေ့လိုက်ပေသည်။ ထို့အပြင် ၄င်းတို့က အနံ့ပင် နံနေပေသည်။ 

"ဒီနေ့ခေတ် လူတွေကတော့..."

ဖူလီက ခေါင်းခါလိုက်သည်။ နည်းစနစ်တစ်ခုကို အသုံးပြုကာ သူက သောင်ပြင်ပေါ်ရှိ အမှိုက်များအားလုံးကို စုစည်းပုံလိုက်ပြီး အမှိုက်ပုံလေးတစ်ခု ဖြစ်လာစေသည်။ 

ထို့နောက်တွင် မြို့တော်ဝူ ရုပ်သံလိုင်းမှ လူအများစု၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည့် သတင်းတစ်ပုဒ်ကို တင်ပြလာသည်။ 

ကမ်းခြေတစ်ခုရှိ အမှိုက်များမှာ လူတစ်ဦးက တစ်ညအတွင်း ကောက်ယူသွားခြင်း ဖြစ်နေကာ အမှိုက်များက တောင်တစ်လုံးသဖွယ်ပင် စုပုံနေပေသည်။ အမှိုက်တောင်၏ ဘေးတွင် ဆိုင်းဘုတ်တစ်ခုရှိနေကာ ကောက်ကွေးနေသော စကားလုံးများ ရေးထားပေသည်။

လူတိုင်းမှာ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ တာဝန်ရှိတယ်...