Chapter 20
ပတ်ဝန်းကျင် ကာကွယ်ခြင်း အဖြစ်အပျက်
တစ်စုံတစ်ဦးက တစ်ညတည်းနှင့် အမှိုက်များအားလုံး ကောက်သွားသည့် သတင်းမှာ အလျင်အမြန်ပင် စိတ်ဝင်စားမှုတစ်ခုကို ဖန်တီးလိုက်သည်။ ၄င်းမှာ မူလက ဒေသတွင်း မီဒီယာများမှ လေးစားဖွယ် အဖြစ်အပျက်အဖြစ် တင်ပြခဲ့သော်လည်း လူများစွာ၏ အာရုံစိုက်မှုကို ရရှိကာ အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားပေသည်။ တစ်ချို့သော စပ်စုတတ်သူများက ကမ်းခြေရှိ လူနေအိမ်များကိုပင် သွားရောက် စုံစမ်းခဲ့ပေသည်။ ထိုနေထိုင်သူများက ထိုဖြစ်ရပ်မှာ ဒေသခံသတင်း မီဒီယာများက သူတို့ကိုယ်သူတို့ ကြေညာရန်အတွက် ပြုလုပ်ထားသည့် သတင်းအတုမဟုတ်ပဲ အစစ်အမှန် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်းကို အတည်ပြုပေးခဲ့သည်။
ထိုဖြစ်ရပ်၏ စစ်မှန်မှုကို အတည်ပြုပြီးနောက် ဦးနှောက်အပေါက်ကြီးတစ်ခုဖြင့် အင်တာနက် အသုံးပြုသူတစ်ဦးက ဤသည်မှာ ပင်လယ်ထဲမှ မိစ္ဆာတစ်ကောင်သည် လူသားများ ပင်လယ်ထဲသို့ အမှိုက်ပစ်နေခြင်းကို သည်းမခံနိုင်တော့၍ ထိုမိုက်မဲသည့် လူသားများကို သတိပေးလာခြင်း ဖြစ်မည်ဟု မှန်းဆလာပေသည်။
တစ်ချို့မှာ ဤသည်က ပတ်ဝန်ကျင် ကာကွယ်ရေးအဖွဲ့တစ်ခု၏ တိတ်တဆိတ် ပြုလုပ်ခဲ့သည့် အဖြစ်အပျက်တစ်ခုဖြစ်မည်ဟု မှန်းဆကြပေသည်။ ထိုဖြစ်ရပ်က ရုတ်ရုတ်သဲသဲဖြစ်လာရာ ပတ်ဝန်းကျင်အား ကာကွယ်ရန် လိုအပ်သည်ဟူသော အသိတရားအဆင့်အတန်းကို မြှင့်တင်ပေးလာသည်။
သို့သော် ပထမ ခန့်မှန်းချက်မှာ ၄င်းသည် မည်မျှကြီးမားသည့် ရန်ပွဲကို ဖြစ်စေမည်ကို စိတ်ပူခြင်းမရှိပဲ ပြပွဲတစ်ခုကို ကြည့်လိုသည့် အင်တာနက်အသုံးပြုသူများ၏ စိတ်ထားနှင့် ပိုမိုကိုက်ညီသည်ကို သာမန်သူများက မည်သို့ခန့်မှန်းနိုင်မည်နည်း။ သူတို့က ထိုကိစ္စ၏ အောက်ခြေသို့ ရောက်ရှိပြီးဖြစ်ကာ ၄င်းမှာ လင်းပိုင်ဝိညာဉ်ပေလား ငါးမန်းဝိညာဉ်ပေလားဆိုသည်ကို ဆွေးနွေးနေကာ နှစ်ဖက်စလုံးမှာ သိပ္ပံအထောက်အထားများ ချပြနေပေသည်။
အဆုံးတွင် ၄င်းမှာ ပိုမိုကြည့်ပျော်ရှုပျော်ရှိကာ သဘာဝအရ လူသားများနှင့် ပိုမို နီးကပ်ပြီး တစ်ချိန်လုံး မဲအရေအတွက် ဦးဆောင်နေသည့် လင်းပိုင်ဖြစ်သွားလေသည်။
"သူတို့ တစ်ခုခုများ ဖြစ်နေတာလား... သူတို့က မရှိတဲ့ မိစ္ဆာတွေအတွက် မဲရအောင်လို့ သိပ္ပံစာတမ်းတွေပါ သုံးနေကြတာ... သူတို့က အပျော်ဝင်ပါနေကြပေမဲ့ အရမ်းကို အမှန်အကန်ကြီးလို လုပ်နေကြတာ... ဒီနေ့ခေတ် အင်တာနက်သုံးတဲ့လူတွေက ပျင်းစရာကောင်းလိုက်တာ..."
ကျန်းခယ့်က အင်တာနက်ပေါ်ရှိ မှတ်ချက်အမျိုးမျိုးကို ဖတ်ပြီးသည်ဖြစ်ကာ ချူးယွီကို စကားပြောရန် လှည့်လာသည်။
"ယွီကော အဲ့တာက တကယ်ပဲ မင်းတို့ငါးတွေ လုပ်တာလား..."
"ငါက ရေချိုငါး... ရေငန်ငါးတွေနဲ့ အဖွဲ့မတူဘူး..."
ချူးယွီက သူ့လက်ထဲရှိ ဖိုင်ကို ပုတ်လိုက်ကာ ကျန်းခယ့်ကို စောင်းကြည့်လိုက်သည်။
"မင်းရော မျောက်ရောက ပရိုင်းမိတ်တွေလေ... ဒါပေမဲ့ မင်းတို့ နှစ်မျိုးလုံးက တူလို့လား..."
"ယွီကော ကျွန်တော် မှားသွားပါတယ်..."
ကျန်းခယ့်မှာ သူ့ပါးစပ်သည် အမှန်ပင် အလွန်ဆိုးသည်ဟု ခံစားလိုက်ရသည်။
အပြင်လူတွေကို မကြိုက်တတ်တဲ့ သက်ရှိတွေအများကြီးရှိတယ်ဆိုတာ သူဘယ်လိုလုပ် မေ့သွားရတာလဲ... ဒီတာအိုငါးက ဗုဒ္ဓရေချိုငါးတွေကိုတောင်မကြိုက်တာ... ရေငန်ငါးတွေဆိုရင် ပြောနေစရာတောင်မလိုဘူး...
ရှုယွမ်က သူမ မျက်နှာပေါ်ရှိ အပြုံးကို ဖုံးကွယ်ရန် သူမမျက်နှာကို အုပ်ထားလိုက်သည်။ ကျန်းခယ့်နှင့် ချူးယွီတို့က သူမကို စိုက်ကြည့်လိုက်သည့် အချိန်မှသာလျှင် သူမက မတ်မတ်ထိုင်လိုက်ကာ အခြောက်တိုက် ချောင်းဆိုးကာ ဟန်ဆောင်လိုက်သည်။
"ငါတို့ ဒီကိစ္စကို တတ်နိုင်သလောက် အမြန်ဆုံး စုံစမ်းတာ အကောင်းဆုံးပဲ... အဲ့ဒါက တကယ်ကြီး မိစ္ဆာကျင့်ကြံသူတစ်ယောက် လုပ်တာဆိုရင် အဲ့လူကို သတိပေးရမယ်..."
လူတိုင်းအတွက် ပတ်ဝန်းကျင်ကို ကာကွယ်ရန်မှာ လုပ်သင့်သည့် အရာတစ်ခုဖြစ်သော်လည်း ဤနည်းလမ်းဖြင့် ပြုလုပ်ခြင်းနှင့် ရုတ်တရက်ကြီး ပြုလုပ်ခြင်းမှာ အနည်းငယ် ကြောက်ရွံ့ဖွယ် ကောင်းပေသည်။
"ဘာမှ ရှာစရာမလိုဘူး..."
ကျွမ်းချင်က တံခါးကို တွန်းဖွင့်ကာ လျှောက်ဝင်လာသည်။ သူက ကွန်ပျူတာပေါ်ရှိ လက်ရှိတွင် ထုတ်လွှင့်နေသည့် သတင်းကို ကြည့်လိုက်သည်။ သတင်းချန်နယ်၏ ကြေညာသူမှာ အလွန်ရန်လိုသည့် အသံဖြင့် အမှိုက်တောင်မှာ မည်မျှကြီးမားကာ မြင့်မားသည်နှင့် ပတ်ဝန်းကျင် ကမ်းခြေမှာ မည်မျှ သန့်ရှင်းနေသည်ကို ဖော်ပြနေသည်။ ကင်မရာမှာ 'လူတိုင်းမှာ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ တာဝန်ရှိတယ်'ဟူသော ဆိုင်းဘုတ်ကို အကြိမ်များစွာ အနီးကပ် ရိုက်ပြနေသည်။
"ဘော့စ်..."
ချူးယွီက သူ့ကို ကြိုဆိုကာ ထိုင်ခုံတစ်ခုံကို သူ့အင်္ကျီလက်ဖြင့် သုတ်ပေးလိုက်သည်။
"ရောက်လာပြီလား... ထိုင်ပါ..."
ရေသတ္တဝါမျိုးနွယ်က နဂါးမျိုးနွယ်အပေါ်တွင် မွေးရာပါ လေးစားမှုရှိပေသည်။ သို့ဖြစ်၍ လက်ရှိ လူမှုအသိုင်းအဝိုင်းမှာ လူသားနှင့် မိစ္ဆာတို့ ညီမျှသည်ဖြစ်သော်လည်း ချူးယွီက ကျွမ်းချင်နှင့် မျက်နှာချင်းဆိုင်လာသည့် အချိန်တိုင်းတွင် မသိစိတ်က ကျွမ်းချင်ကို ဖားနေမိဆဲဖြစ်သည်။ ရှုယွမ်နှင့် ကျန်လူများက ချူးယွီ၏ အပြုအမူများနှင့် အသားကျနေပြီ ဖြစ်ကာ အသုံးမလိုသော အမူအရာများ ပြုလုပ်ရန်ပင် ပျင်းရိနေပေသည်။
"ဘော့စ်... ရေမိစ္ဆာတစ်ကောင်က ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတာနဲ့ ပတ်သက်တဲ့ ဒီကိစ္စက ဘာတွေဖြစ်နေတာလဲ သိလား..."
ရှုယွမ်က အနည်းငယ် သိလိုစိတ် ပြင်းပြနေပေသည်။ သူမက ရပ်နား ခလုပ်ကို နှိပ်လိုက်ရာ ကွန်ပျူတာပေါ်မှမြင်ကွင်းမှာ 'လူတိုင်းမှာ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ တာဝန်ရှိတယ်'ဟူသော ဆိုင်းဘုတ်တွင် ရပ်တန့်နေပေသည်။
"ငါမနေ့ရှေ့တစ်ညက ကမ်းခြေမှာ ရှိနေတာ..."
"ဒါက ဘော့စ်လုပ်ထားတာလား..."
ရှုယွမ်က ဆိုင်းဘုတ်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။
ဘော့စ်ရဲ့ လက်ရေးက အမြဲတမ်း လှပြီးတော့ ကြော့ရှင်းနေတာပါ... ဒီစာလုံးတွေက... သူခြေချောင်းတွေ သုံးပြီးများ ရေးထားတာလား...
ကျွမ်းချင်က ရှုယွမ်ကို စိုက်ကြည့်လိုက်သည်။
ရှုယွမ်က ခါးကိုင်းလိုက်သည်။
သူပြောတာ တစ်ခုခု မှားလို့လား...
" သတင်းပြန်ကြားမှုဌာနကို ဒီကိစ္စကိုင်တွယ်ဖို့ စီစဉ်ပေးလိုက်..."
ကျွမ်းချင်က သက်ပြင်းချလိုက်သည်။
"ပြီးခဲ့တဲ့ နှစ်ရက်က လူတိုင်းအတွက် ခက်ခဲခဲ့တာ... အကောင့်တွေကို စုထားလိုက်... ငါအကောင့်တွေကို အဆင့်မြင့်ပေးဖို့ တင်ပြပေးမယ်..."
"ဟုတ်ကဲ့..."
ထို့နောက် ရှုယွမ်က ပြန်လည် တက်ကြွသွားလေသည်။
ဘော့စ်ကအကောင့်တွေကို တင်ပြဖို့သွားတိုင်း ထောက်ပံ့ကြေးက သူတို့ဆီ ပို့ပေးမှာ...
သို့ဖြစ်၍ ရှုယွမ်က ဘဏ္ဍာရေးပြေစာများကို ထုတ်ကာ နောက်ပိုင်းတွင် ဘဏ္ဍာရေး ဌာနသို့တင်ပြရန် ပြင်ဆင်လိုက်သည်။
"ချူးယွီ... ဒီတစ်ခေါက် လူသစ်ရွေးပွဲမှာ လျှောက်လွှာဘယ်နှရွက် ရှိလဲ..."
ကျွမ်းချင်က လျှောက်ထားစာရင်းကို လှန်ကြည့်လိုက်ရာ ဖူလီ၏ အမည်ကို အကြည့်တစ်ချက်ဖြင့် မြင်လိုက်သည်။
"ဘော့စ် ကျွန်တော်တို့ တစ်နိုင်ငံလုံးကနေ လျှောက်လွှာ ၂၀၀၀ကျော် ရပြီးပြီ... စုစုပေါင်း လူသား ကျင့်ကြံသူ ၁၆၅၆ယောက်၊ မိစ္ဆာကျင့်ကြံသူ ၃၀၂ယောက်နဲ့ တစ္ဆေကျင့်ကြံသူ ၁၀၀ကျော်ရှိတယ်..."
"တစ္ဆေကျင့်ကြံသူတွေက မြေအောက်ကမ္ဘာမှာ အလုပ်ရှာရမဲ့အစား ငါတို့ဘက်ကို ပြေးလာပြီး ဘာလုပ်တာလဲ..."
လောင်ဟွမ်က သက်ပြင်းချလိုက်သည်။ သူတို့ မိစ္ဆာမျိုးနွယ်က ငြင်းပယ်ခံရမည်မှာ အသေအချာပင်ဖြစ်သည်။ မိစ္ဆာလျှောက်ထားသူ အရေအတွက်မှာ လူသားကျင့်ကြံသူများ၏ ငါးပုံတစ်ပုံပင် မရှိပါချေ။
"မြေအောက် ကမ္ဘာက အခု ဒေတာစီမံမှုနဲ့ တခြားတစ်ခုကို အလေးထားနေတာ... သူတို့မှာ လုပ်အား အများကြီးမလိုဘူး..."
ချူးယွီမှာ သူဗျူရိုသို့ ဝင်ရောက်နိုင်ခဲ့သည်ကို အလွန်ကျေနပ်နေပေသည်။ ရာစုနှစ်ပေါင်းများစွာကို အလဟဿ ဖြုန်းတီးနေသော တစ်ချို့ ငါးများနှင့် မတူပါပေ။
ကျွမ်းချင်က အမည်စာရင်းကို ချကာ သူ့ရုံးခန်းထဲသို့ ပြန်သွားလေသည်။
"ဘော့စ်က ဒီကို ဘာလာလုပ်တာလဲ.."
ကျန်းခယ့်က သူ့လည်ပင်းကို ကုတ်ကာ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်သည်။ ကျွမ်းချင် ထွက်သွားသည်မှာ သေချာသောအခါမှသာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို မေးလိုက်လေသည်။
"လူသစ်ရွေးဖို့အတွက်ပဲလား..."
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဘော့စ်က ဘယ်တုန်းက အဲ့တာကို ဂရုစိုက်လို့လဲ...
လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဘော့စ်က နောက်တံခါးကို ဖွင့်ဖို့ ဘယ်သူမှ မကြိုးစားခဲ့တာလဲ မဟုတ်ပါဘူး... ဒါပေမဲ့... ဘယ်သူမှ မအောင်မြင်ခဲ့ဘူးလေ...
"အိုင်း... ကြည့်အုံး... ပတ်ဝန်းကျင် ကာကွယ်ရေး အဖြစ်အပျက်မှာ အသစ်ထပ်တိုးလာတာ ရှိတယ်..."
တစ်ခြားတစ်ဖက်တွင်ထိုင်နေသော လုပ်ဖော်ကိုင်ဘက်တစ်ဦးက ကွန်ပျူတာကို ညွှန်ပြလိုက်သည်။
"ငါတို့ရဲ့ မြို့တော်တောင် ပေါ်လာတယ်..."
မြို့တော်၏ အနောက်ဘက် ဆင်ခြေဖုံးထဲတွင် ထိုအစိတ်အပိုင်းက အလွန်ညစ်ပတ်နေသော မြစ်တစ်စင်းရှိလေသည်။ နှစ်စဉ်၄င်းကို သန့်ရှင်းရန် ငွေများစွာ အသုံးပြုနေသော်လည်း မြစ်ထဲသို့ အမှိုက်ပစ်နေသော လူများ ရှိနေဆဲဖြစ်လေသည်။ သို့သော် မြစ်ကမ်းခြေရှိ အမှိုက်များအားလုံးက ကမ်းခြေသို့ ပြန်ရောက်လာလေသည်။ ထို့အပြင် ယခင်ကရှိခဲ့သည့် ဆိုင်းဘုတ်တစ်ခုသည်လည်း ထောင့်တစ်နေရာတွင် ပြန်ပေါ်လာလေသည်။ စာလုံးများက ယခင်ကဲ့သို့ ကောက်ကွေးနေဆဲ ဖြစ်သည်။
"အဲ့ဒါက ဘော့စ်လုပ်လောက်မဲ့ ဟာလို့လဲ မထင်ရပါဘူး..."
ချူးယွီက ဗီဒီယိုအသစ်ကို လှမ်းကြည့်ကာ အသေအချာ ဆိုလိုက်သည်။
"ဘော့စ်က အဲ့လောက် အားမနေပါဘူး..."
"အစ်ကို ပြောချင်တာက ဘော့စ်က တစ်ခြား တစ်ယောက်အတွက် ဖုံးပေးတာလို့လား..."
ကျန်းခယ့်က မေးလိုက်သည်။
သူက ထိုမေးခွန်းကို ရေရွတ်လိုက်သည့် အချိန်တွင် အခန်းထဲရှိ သက်ရှိများအားလုံးက ကျန်းခယ့်က အလွန်ထိတ်လန့်ဖွယ်အရာတစ်ခုကို ပြောလိုက်သကဲ့သို့ အံ့ဩတကြီး အမူအရာကို ဖော်ပြလိုက်သည်။ လေထုက အလွန် နေရခက်လာကာ တိတ်ဆိတ်သွားလေသည်။
ကျန်းခယ့်က ခေါင်းလှည့်ကာ ပတ်ဝန်းကျင်သို့လှည့်ပတ်ကြည့်ကာ ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။
"ငါဘာပြောလိုက်တာလဲ..."
"ဘာမှမပြောပါဘူး... ဟားဟားဟား..."
.....
လစန္ဒာပေါင်းကူးဟိုတယ်၏ ရှေ့တွင် ညနက်အချိန်တွင် လာရောက်တည်းခိုသူ အလွန်မများပါပေ။ သို့ဖြစ်၍ လုံခြုံရေးအစောင့်များနှင့် ရှေ့ကောင်တာတွင် ထိုင်နေကြသူများက အနည်းငယ် အိပ်ငိုက်နေပြီဖြစ်သည်။ ရှေ့ကောင်တာမှ အမျိုးသမီးများက ဇီးသီးခြောက်များကို ပါးစပ်ထဲသို့ ထိုးသွင်းကာ စိတ်ဓာတ်မြင့်တင်နေကြသည်။ သူမသည် ဖူလီက ဝင်ပေါက်ရှိ ငွေလာအပင်ကို စပရေးပုလင်းဖြင့် ရေလောင်းနေသည်ကို ကြည့်လိုက်သည်။
"ဖူလီ... နည်းနည်းလောက်စားချင်လား..."
"ဘာကြီးလဲ..."
ဖူလီက စပရေးပုလင်းကို ချလိုက်ပြီး အရှေ့ကောင်တာမှ အမျိုးသမီး၏ လက်ထဲမှ အရာကို စိတ်ဝင်တစားကြည့်လိုက်လေသည်။
"ဇီးသီးခြောက်..."
ဖူလီက တစ်ခုမြည်းကြည့်ကာ သူ့မျက်ခုံးများက ကြုံ့ဝင်သွားလေသည်။ သူ၏ ထိုသွင်ပြင်မှာ အရှေ့ကောင်တာမှ အမျိုးသမီးများထံမှ ရယ်သံများ ထွက်လာစေသည်။ ချောမောသည့် လူတစ်ဦးမှာ မျက်မှောင်ကြုတ်ထားလျှင်ပင် ချောမောနေဆဲဖြစ်ပေသည်။ ဖူလီက သူတို့၏ မုန့်စားခြင်း အကျိုးဆက်အကြောင်း မည်သည့်အခါမှ မှတ်ချက်မပေး၍ သူတို့၏ မုန့်များကို သူနှင့် ဝေစားရသည်ကို အလွန်နှစ်သက်ပေသည်။
"အရမ်းချဉ်တယ်..."
ဖူလီက သူ့မျက်နှာကို အုပ်ထားလိုက်သည်။ လူသားအမျိုးသမီးအချို့၏ ပျော်ရွှင်နေပုံကို မြင်ကာ လူသားအမျိုးသမီးတို့က စားသောက်ခြင်းနှင့် ပတ်သက်လာပါက အလွန်သာမန်ဆန်သည်ကို သဘောပေါက်သွားသည်။ သူတို့က ရံဖန်ရံခါ ချိုသည်များ စားကာ၊ တစ်ခါတစ်ရံ ချဉ်သည်များ စားတတ်ပြီး တစ်ခါတစ်ရံ စပ်သည့်အရာများ စားပေသည်။ အစားအသောက်တွင် သူတို့၏ အရသာက အလွန် ရှုပ်ထွေးပေသည်။
"နင် ဒီနေ့ ညဆိုင်းလား..."
သူ့အား ဇီးသီးခြောက် ပေးလာသည့် အရှေ့ကောင်တာမှ အမျိုးသမီးက နံရံတွင် ချိတ်ထားသည့် ရိုးရာနာရီကို တစ်ချက်ကြည့်လိုက်သည်။ ၁၂နာရီ ထိုးလုပြီ ဖြစ်သည်။ ဖူလီအလုပ်ဆင်းသင့်သည့် အချိန်ရောက်နေပြီးဖြစ်သည်။ သို့သော် သူ့အား လက်လွှဲယူမည့်လူက မရောက်လာသေးပါချေ။
"အင်း..."
ဖူလီက ခေါင်းညိမ့်ပြလိုက်သည်။
စကားပြောသံများက အဓိက ဝင်ပေါက်ထံမှ ပဲ့တင်ထွက်လာလေသည်။ မက်စ်တပ်ထားသော ဖက်ရှင်ကျကျဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက သက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့်အတူ လျှောက်ဝင်လာလေသည်။ သက်လတ်ပိုင်းအမျိုးသားက ပစ္စည်းတစ်ခုကို ကိုင်ထားပြီး အလျင်လိုနေပေသည်။
"ဒီကိုလာခဲ့..."
သက်လတ်ပိုင်းအမျိုးသားက ဖူလီကို လက်ညှိုးထိုးလိုက်သည်။
"ငါတို့ကို အိတ်လာကူသယ်ပေး..."
"ဟုတ်ကဲ့... သခင်လေး..."
ဖူလီက သက်လတ်ပိုင်း အမျိုးသားထံမှ ခရီးဆောင် သေတ္တာကို ယူလိုက်ပြီး လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ မလိုက်သည်။ သူ့၏ သက်တောင့်သက်သာ လှုပ်ရှားမှုများကို မြင်ရာ သက်လတ်ပိုင်း အမျိုးသားက အတန်ကြာအောင် ကြောင်ငေးကြည့်နေပြီး စကားထပ်မပြောတော့ပါချေ။
လုပ်ငန်းစဉ်များ ပြီးစီးပြီးနောက် လူနှစ်ဦးက ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်သည်။ ဖူလီက သူ့နောက်မှ ခရီးဆောင် သေတ္တာဖြင့် လိုက်လာလေသည်။
ဖက်ရှင်ကျသည့် အမျိုးသားက သူ့၏ နေကာမျက်မှန်ကို ချွတ်လိုက်ကာ ဖူလီကို ပြန်လှည့်ကြည့်လိုက်ပြီး သက်လတ်ပိုင်း အမျိုးသားကို စကားဆိုလိုက်သည်။
"ရှဲဝေ့လုံက ဘယ်ကနေ အခြေခံပြီး ခေါင်းဆောင်မင်းသားဖြစ်သွားတာလဲ... အဲ့မေးချွန်ချွန်နဲ့ မျက်လုံးကြီးကြီးတွေကလေ... ဘာမှ မသိတဲ့ တစ်ယောက်ယောက်ကတော့ သူက ပွဲဦးထွက်လာတဲ့ မြွေဝိညာဉ်တစ်ကောင်လို့ ထင်နေမှာပဲ... ငါပထမဆုံး ခေါင်းဆောင်မင်းသားဖြစ်တုန်းကလဲ သူက ငါ့ခြေထောက်ပေါ်မှာ ရူးဖိနပ်ဒေါက်တွေထည့်ပေးဖို့တောင် အဆင်မပြေဘူး..."
"ယွီကော... စိတ်လျော့ပါ..."
မန်နေဂျာက ဖူလီကို ပြန်လှည့်ကြည့်လိုက်သည်။
"ငါတို့ အခန်းထဲမှာ ထပ်ပြောလို့ရပါတယ်..."
ယွီကောဟုခေါ်သည့် ဖက်ရှင်ကျကျလူက ဖူလီကို ပြန်လှည့်ကြည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။
"ဟိုတယ်ရဲ့ အစောင့်ကတောင် သူ့ထက်ကြည့်ကောင်းသေးတယ်... အဲ့ကိုယ်ကျင့်တရားနဲ့ စီမံခန့်ခွဲမှုအရဆိုရင် သူ့ရုပ်ကို သုံးပြီး တခြားသူတွေကို ဖိအားပေးဖို့ ဘယ်လိုလုပ်ပြီး အတွေးရှိနေတာလဲ... အရှက်မရှိလိုက်တာ..."
မန်နေဂျာက ခြောက်ကပ်ကပ်ရယ်လိုက်သည်။ ဓာတ်လှေကား ရပ်သွားသည့်အခါတွင် သူက အိပ်ကပ်ထဲမှ ငွေစက္ကူနှစ်ရွက်ကို ထုတ်လိုက်ပြီး ဖူလီလက်ထဲသို့ မုန့်ဖိုးထည့်ပေးလိုက်သည်။ ထိုသူက ပါးစပ်ပိတ်ကာ သူ့ အနုပညာရှင်၏ ဦးနှောက်မရှိသော မှတ်ချက်များကို မပေါက်ကြားစေရန် မျှော်လင့်ရပေသည်။
"ဟေး... အဲ့တာ ဆရာယွီမလား..."
ခရမ်းရောင် အင်္ကျီဝတ်ထားသော လူငယ်လေးတစ်ဦးက လျှောက်လမ်း၏ တစ်ခြားတစ်ဖက်သို့ လျှောက်လာလေသည်။ သူ့မျက်လုံးများက ကြီးမားကာ၊ သူ့မေးရိုးက ချွန်ထက်ပြီး သူလမ်းလျှောက်သည့် နည်းလမ်းသည်ပင် သိမ်မွေ့ကာ ဆွဲဆောင်မှုရှိလှသော ညှို့ဓာတ်တစ်ခုကို ထုတ်လွှတ်နေပေသည်။
"ဘာလို့ လက်ထောက်နည်းနည်း ထပ်ခေါ်မလာတာလဲ..."
"ဆရာရှဲ ကတော့ နောက်နေတာပဲဖြစ်မယ်... ကျွန်တော်က နိုင်ငံတာဝန်ကို ထမ်းဆောင်ပြီး အလုပ်ကြိုးစားတဲ့ ရိုးရှင်းတဲ့ဘဝလေးကို ဦးဆောင်ဖို့ တာဝန်ယူထားတာပါ..."
ယွီကောက နောက်လှည့်ကာ ဖူလီလက်ထဲမှ ခရီးဆောင် သေတ္တာကို ဆွဲယူလိုက်သည်။ သူက သူ့အခန်းထဲသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားကာ ရှဲဝေ့လုံရှေ့တွင် တံခါးကို ဆောင့်ပိတ်လိုက်လေသည်။
ယွီကောနှင့် သူ့၏ မန်နေဂျာထွက်သွားသည့်အခါ ရှဲဝေ့လုံ၏ မျက်နှာထက်မှ အပြုံးက ပျောက်ကွယ်သွားလေသည်။ သူ ခေါင်းမော့ကာ ဖူလီကို လှမ်းကြည့်လိုက်ပြီး သူက နှာခေါင်းပိတ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
"ငါနဲ့ ဝေးဝေးနေစမ်း..."
သူက လေးလံသည့် ပစ္စည်းများကို မကြာခဏသယ်ရသည့် လူသားများကို မနှစ်သက်ပါပေ။ သူတို့၏ ခန္ဓာကိုယ်များက နံစော်သော ချွေးများနှင့် အဆက်မပြတ် ဖုံးအုပ်နေသည်။
ဖူလီက မြွေမိစ္ဆာကို တိတ်တဆိတ်ကြည့်လိုက်သည်။ မြွေများက သူတို့၏ နှာခေါင်းမှ အသက်မရှုကြပေ။
အဲ့ဒါကို သူက ဘာလို့ နှာခေါင်းပိတ်ထားတာလဲ...
လူလုပ် လေထည့်ပြီး သရုပ်ဆောင်တာ... သူက အဲ့လို မကောင်းတဲ့ အကျင့်တွေကို ဘယ်ကနေ သင်လာတာလဲ...
သူက မန်နေဂျာပေးသော မုန့်ဖိုးကို သူ့အိပ်ကပ်ထဲသို့ ထိုးထည့်ရင်း အေးဆေးစွာဖြင့် ဆိုလိုက်သည်။
"မင်းဘာအနံ့မှ မရချင်ရင် ပါးစပ်ကို နည်းနည်းပိုပြီး တင်းတင်းပိတ်ထားသင့်တယ်... ဒီမှာ နှာခေါင်းပိတ်တော့ရော ဘာအသုံးဝင်မှာမို့လဲ..."
သူက ယခင်က သိပ်၍ အာရုံမခံနိုင်သော စပါးအုံးတစ်ကောင်ကို အပြုအမူများ ပြောင်းလဲစေရန် တိရိစ္ဆာန်ရုံသို့ ပို့ပေးထားပြီးဖြစ်လေသည်။
ရှဲဝေ့လုံ၏ မျက်နှာထက်တွင် ရှက်ရွံ့ဟန် ပေါ်လာသည်။
သူက မိစ္ဆာလား... သူက ဒီလောက်ချောတဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက်ဖြစ်နေတာတောင် ဟိုတယ်ရဲ့ လုံခြုံရေးအစောင့်လုပ်နေတာလား... သူက ဘာမိစ္ဆာမျိုးစိတ်လဲ... သူက ဉာဏ်ရည် သိပ်မမြင့်ဘူးလား...
သူက ၄င်းကို တွေးနေစဥ်မှာပင် ဓာတ်လှေကား တံခါးက ထပ်မံပွင့်သွားလေသည်။ လျှောက်ထွက်လာသည့်လူက ရှဲဝေ့လုံကို အလိုအလျောက် ခြေသုံးလှမ်း နောက်ဆုတ်သွားစေသည်။
ဗျူရိုက သူရုပ်သံဇာတ်လမ်းတွဲတစ်ခုရဲ့ ခေါင်းဆောင်မင်းသားနေရာရဖို့ မန္တန်သုံးနေတာ သိသွားတာလား...
အဲ့ဒါက အရမ်းကို ဆိုးဝါးလွန်းလွန်းလို့ ဗျူရိုရဲ့ ဘော့စ်ကိုယ်တိုင် ထွက်လာတာလား...