အပိုင်း ၂၁
Viewers 17k


Chapter 21
ဒဏ်ငွေ


ရှဲဝေ့လုံက နံရံကိုမီ၍ ခေါင်းမော့လိုက်ကာ အနီးနားရှိ စောင့်ကြည့်ကင်မရာကို လှမ်းကြည့်လိုက်သည်။ သူက ကြောက်ရွံ့နေဟန် လျော့နည်းစေရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ ကင်မရာ မရှိနေပါက သူသည် တုံ့ဆိုင်းခြင်းမရှိပဲ ဘော့စ်ကျွမ်းရှေ့တွင် ဒူးထောက်လိုက်မည် ဖြစ်ပေသည်။

ကျွမ်းချင်က ဓာတ်လှေကားထဲမှ ထွက်လာသည်။ သူ့အကြည့်များက ရှဲဝေ့လုံကို ကျော်သွားလေသည်။ သူက ရှဲဝေ့လုံ၏ ခြေထောက်များ အားနည်းလာကာ ကြမ်းပြင်သို့ ပုံကျသွားသည့်တိုင် စကားတစ်ခွန်းမှ မဆိုပါပေ။ 

ဖူလီက ရောက်လာသောသူမှာ ကျွမ်းချင်ဖြစ်သည်ကို မြင်ကာ မနာလို မဖြစ်ပဲ မနေနိုင်ပါချေ။

"မင်းမှာ တကယ်ကို ပိုက်ဆံတွေ အများကြီး ရှိတာပဲ..."

ဤဟိုတယ်ရှိ အခန်းတစ်ခန်း၏ ဈေးနှုန်းမှာ အလွန်မြင့်ပေသည်။

"ငါ မင်းကိုလာရှာတာ..."

ကျွမ်းချင်က ဖူလီ၏ မနာလိုသော အကြည့်များကို လျစ်လျူရှုလိုက်သည်။

"ငါနဲ့ လိုက်ခဲ့..."

"မင်းက အခန်းကတ်မရှိပဲ ဘယ်လိုလုပ်ပြီး တက်လာတာလဲ..."

ဟိုတယ်၏ လုံခြုံရေးမှာ အလွန်တင်းကြပ်ပေသည်။ ဓာတ်လှေကားထဲတွင် အခန်းကတ်နှင့် ဆင်ဆာကို မဖြတ်ပါက ဓာတ်လှေကားက အပေါ်တက်မည် မဟုတ်ပါပေ။ ဖူလီက ကျွမ်းချင်ကို စိုက်ကြည့်လိုက်သည်။

"မင်း အဲ့ဒါကို တက်လာအောင် မှော်နည်းလမ်းသုံးလိုက်တာလား..."

"မင်း စိတ်ပူနေတာ အဲ့ဒါလား..."
ကျွမ်းချင်က သူ့ဒေါသကို ထိန်းထားလိုက်သည်။ 
"လာခဲ့..."

"ခဏနေပါဦး..."

ဖူလီက သဘောထား ကြီးစွာဖြင့် ကျွမ်းချင်၏ အကျင့်စရိုက်နှင့် အငြင်းမပွားတော့ပါချေ။ သူက ရှဲဝေ့လုံကို လှည့်ကြည့်လိုက်ကာ မျက်မှောင်ကြုတ်ပြီး ဆိုလိုက်သည်။

"မြွေထီးတစ်ကောင်အနေနဲ့ လူသားပုံစံဖြစ်အောင် ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ပြီးမှ ဘာလို့ မြွေတစ်ကောင်လို ပြုမူနေသေးတာလဲ... ဘာမှမဟုတ်ပဲနဲ့ ကြမ်းပြင်မှာထိုင်နေတဲ့ ခင်ဗျားပုံက ကြည့်မကောင်းဘူး... ထတော့..."

အလွန်မှားယွင်းနေသည်ဟု ခံစားရကာ ရှဲဝေ့လုံက သူ့၏ ခြေထောက်ပေါ်တွင်ပြန်ရပ်ကာ မတ်တပ်ရပ်လိုက်သည်။

"မတ်မတ်ရပ်နေ... ခင်ဗျားခြေထောက်တွေက တုန်မနေသင့်ဘူး... ခါးနဲ့ကျောက ဖြောင့်နေသင့်တယ်..."

ဖူလီက ရှဲဝေ့လုံ ကိစ္စအသေးအဖွဲလေးကိုပင် ကြောက်ရွံ့တတ်သည်ကိုမြင်ရာ သူ့အားသင်ကြားရန် လက်လျော့လိုက်သည်။ 

ယခင်ကဆိုလျှင် ဤကဲ့သို့ မိစ္ဆာမျိုးက တောင်၏ ကင်းထောက်အဖြစ် တာဝန်ယူထားလျှင်ပင် မည်သည့်ခေါင်းဆောင်မှ လိုလားမည်မဟုတ်ပါပေ။ သို့ဖြစ်၍ သူသည်လည်း ရည်ရွယ်ချက်ကောင်းများကို ဖြုန်းတီးမည် မဟုတ်ပါပေ။ 

ကျွမ်းချင်က ကြမ်းပြင်တွင် ထိုင်နေသည့် မြွေမိစ္ဆာကို တိတ်တဆိတ် ကြည့်လိုက်သည်။ 

ရှဲဝေ့လုံက ယခင်ကပင် အလွန်ကြောက်လန့်နေပြီး ဖြစ်ရာ ကျွမ်းချင်က လှမ်းကြည့်လိုက်သည့်အခါ အကြောက်လွန်ပင် မျက်ရည်ကျလုနီးနီးပင် ဖြစ်သွားသည်။ သူလူသားပုံစံအဖြစ် ကျင့်ကြံခဲ့သည်မှာ နှစ်၂၀နီးပါးပင် ရှိသေးသည်ဖြစ်သည်။ သူက စီမံရေးခန်ခွဲရေး ဗျူရို၏ ကျင့်ကြံခြင်း လောကအပေါ် ထိန်းချုပ်မှုမှာ ကောင်းမွန်လှသည် ခံ့ညားလှသော မိစ္ဆာတစ်ဦးက မိစ္ဆာငယ်တစ်ဦးကို အနိုင်ကျင့်သည်ကို ကာကွယ်ပေးသည့် အခြေအနေကောင်းကို မကြုံတွေ့ခဲ့ဖူးပါက သူသည် ကျင့်ကြံခြင်းအနည်းငယ်ဖြင့် သူ့၏ လှိုဏ်ဂူမှ ထွက်လာဝံ့မည်မဟုတ်ပါပေ။ နဂါးများသို့ မြွေမျိုးနွယ်စု၏ မွေးရာပါ ရိုသေခြင်းနှင့် သစ္စာခံခြင်းတို့ ထပ်ပေါင်းလိုက်ရာ ကျွမ်းချင်ထံမှ အကြည့်တစ်ချက်ဖြင့် ဒူးမထောက်ပဲ မနေနိုင်ပါချေ။ 

ထစမ်းပါ... ဒါက ဧကရာဇ်တွေ အုပ်ချုပ်တဲ့ ပဒေသရာဇ်ခေတ် မဟုတ်တော့ဘူး... မိစ္ဆာတွေကြားမှာတောင် နေရာတကာတွင် ဒူးထောက်တာက လူသိမများတော့ဘူး...

ရှဲဝေ့လုံက သူ့ကိုယ်သူ အသံတိတ်အားပေးလိုက်သည်။ သို့သော် သူ့ခြေလက်များက ခေါက်ဆွဲသဖွယ် ပျော့ခွေနေကာ ဤသည်မှာ လက်တွေ့လုပ်ဆောင်ချက်တစ်ခုဖြစ်ကာ ဤကဲ့သို့ စိတ်ဓာတ်အားပေးမှုက အသုံးမဝင်ကြောင်း ပြောကြားနေပေသည်။ 

"ကလေးတွေကတော့ သင်လို့ကို မရဘူး..."

ဖူလီက ခေါင်းခါကာ ကျွမ်းချင်ကို လှည့်ပြီး စကားပြောလိုက်သည်။

"ငါ အလုပ်ဆင်းရတော့မှာ... အရင်ဆုံး အဝတ်အစားလဲလိုက်ဦးမယ်..."

"အင်း..."
ကျွမ်းချင်က သဘောတူကြောင်း အသံပြုလိုက်သည်။ 

ရှဲဝေ့လုံမှာ ထိုသူနှစ်ဦး ထွက်သွားသည်ကို ရင်ဘတ်ဖိကာ ကြည့်နေသည်။ အတန်ကြာသည်အထိပင် သူက အလွယ်တကူ အသက်မရှုနိုင်သေးပါချေ။ 

အဲ့တော့ ကျင့်ကြံခြင်းလောကရဲ့ ဘော့စ်က သူ့အတွက် လာတာမဟုတ်ဘူးပေါ့... ပြီးတော့ အဲ့လုံခြုံရေးအစောင့်က ဘယ်သူလဲ... သူက သူ့ရဲ့မူလပုံစံကို အကြည့်တစ်ချက်တည်းနဲ့ ဖောက်မြင်ပြီး ကျင့်ကြံခြင်းလောကရဲ့ ဘော့စ်နဲ့ မျက်နှာချင်းဆိုင်ရတာတောင် အရမ်းတည်ငြိမ်နေတယ်...

သူကလည်း နက်နဲတဲ့ ကျင့်ကြံခြင်းနဲ့ စီနီယာတစ်ယောက်များလား...

ထိုသူအား ရိုင်းပြခဲ့သည့် သူ့စကားများကို ပြန်အမှတ်ရသွားသည့်အခါ ရှဲဝေ့လုံက အလွန်နောင်တရသွားကာ လူသားပုံစံကို ထိန်းထားရန်ပင် ကျဆုံးလုနီးနီး ဖြစ်သွားပေသည်။ 

ခေါင်းဆောင်မင်းသားတစ်ယောက်ဖြစ်တာနဲ့ပဲ တင်းတိမ်တာ မကောင်းဘူးလား... ဘာလို့ ကျင့်ကြံခြင်းလောကရဲ့ စီနီယာနဲ့ ဆုံပြီး ပြဿနာရှာမိတာလဲ...

အဝတ်အစားလဲပြီးနောက် ဖူလီက ဟိုတယ်ထဲမှ ထွက်လာပြီး အနံ့ခံလိုက်သည်။

"မွှေးလိုက်တာ..."

သူ့၏ နတ်ဘုရားသတိက ပတ်ဝန်းကျင်ကို ရှာဖွေလိုက်ရာ အနီးနားရှိ လမ်းကြားလေးထဲတွင် အစားအသောက်ဆိုင်လေးတစ်ခုကို တွေ့လိုက်သည်။ ရဲရဲနီနေသော ကျောက်ပုစွန်များမှာ အိုးတစ်ခုထဲတွင် ဆူပွက်နေပြီး မွှေ့ပျံ့သော ရနံ့ကို ထုတ်လွှတ်နေပေသည်။

ကျွမ်းချင်က ဖူလီရုတ်တရက် ဦးဆောင်ကာ လမ်းလျှောက်သွားသည်ကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဘယ်သွားမလို့လဲ..."

"မင်း ငါ့ကို ပြောစရာရှိတယ်မလား... စားရင်း ပြောတာမှ အဓိပ္ပာယ်ရှိမှာပေါ့..."

ဖူလီက ကျွမ်းချင်ကို ခွေးတစ်ကောင်အား လက်ယက်ခေါ်သကဲ့သို့ လက်ပြလိုက်သည်။
"ငါ ကျွေးပါမယ်..."

"လမ်းဘေးဈေးဆိုင်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူး... အဲ့လိုဟာတွေကို ဘယ်သူက စားချင်မှာလဲ..."

သူ့အသံက ပို၍ပင် အေးစက်လာသည်။ 

နှစ်မိနစ်ကြာပြီးနောက် သူတို့နှစ်ဦးမှာ ခေါက်စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။ သူတို့နောက်ရှိ ဒယ်အိုးထဲမှ တရှဲရှဲမြည်သံနှင့် ပိုင်ရှင်၏ သံစဉ်မမှန်သည့် သီချင်းညည်းသံကို ကြားနိုင်ပေသည်။ ကျောက်ပုစွန်များမှာ ဆီပူထဲတွင် နှစ်ကြော်ထားပြီး ငရုတ်သီး၊ စစ်ချွမ်းငရုတ်သီးနှင့် ကြက်သွန်ဖြူတို့ဖြင့် နယ်ထားသည်။ ၄င်းတို့အား ဒယ်အိုးထဲမှ လောင်းမထည့်မီတွင် ကြက်သွန်နီလေးများ ဖြူးလိုက်သည်။ မကြာမီတွင် ၄င်းဆီမှ ပျံ့နှံ့လာသည့် မွှေးပျံ့လှသော ရနံ့ ထွက်ပေါ်လာပြီး အလိုအလျောက်ပင် စာချင်စိတ်ကို မြှင့်တင်ပေးနေသည်။

သူတို့က ပလတ်စတစ် လက်အိတ်ကို စွတ်ကာ ကျောက်ပုစွန်ကို ခွာလိုက်ပြီး အသာအယာစုပ်ယူလိုက်သည်။ မာလာအရသာမှာ ကျောက်ပုစွန်၏ အချိုအရသာနှင့် အလွန်လိုက်ဖက်လေသည်။ ဘီယာအေးအေး တစ်ခွက်နှင့် တွဲစပ်လိုက်ရာ နွေညမှာ အေးမြလတ်ဆတ်ကာ နှစ်လိုဖွယ် ဖြစ်လာပေသည်။ 

ဖူလီ တက်တက်ကြွကြွ အမူအရာနှင့် စားသုံးနေသည့် အချိန်ခဏအတွင်းမှာပင် ကျောက်ပုစွန် သုံးကောင် ကုန်ဆုံးသွားသည်ကို မြင်ရာ ကျွမ်းချင်သည်လည်း ရှပ်အင်္ကျီလက်ကို မတင်ကာ စားသောက်လိုက်သည်။ ရေထွက်ကုန်များကို စားသောက်ခြင်နှင့် ပတ်သက်လာပါက နဂါးမျိုးနွယ်ထက် မည်သူကမှ ပိုလျင်မြန်စွာနှင့် သန့်ရှင်းစွာမစားနိုင်ပါချေ။ မကြာမီတွင် ပန်းကန်ပြားပေါ်ရှိ ကျောက်ပုစွန်အရေအတွက်က နည်းနည်းလာလေသည်။ ဖူလီက ပန်းကန်ကို မတော်တဆ သူ့ဘက်သို့ ဆွဲမိချင်ယောင်ဆောင်လိုက်သည်။ သူက ကျွမ်းချင်ကို မော့ကြည့်ကာ ပြောလိုက်သည်။

"ငါ့ကို ဘာပြောချင်လို့လဲ..."

"သူဌေး မာလာ ကျောက်ပုစွန် နောက်တစ်ပွဲပေးပါ..."

ကျွမ်းချင်က ဖူလီ၏ လှုပ်ရှားမှုများကို သတိထားမိကာ ပိုင်ရှင်ကို ခေါ်လိုက်သည်။ 

"ရမယ်..."

ဖူလီက သူ့၏ တူကိုသုံးကာ နောက်ဆုံးကျန်နေသည့် ခပ်သေးသေး ကျောက်ပုစွန်တချို့ကို တူးဆွလိုက်ပြီး 'အစားအသောက်အတွက် လက်စားချေခံရခြင်း'ဟူသော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။ 

ဒီကျွမ်းချင်က ခေါင်းအစ ခြေအဆုံး အကောင်းစား ဘရမ်းတွေသုံးတဲ့ ဗျူရိုရဲ့ဘော့စ်လေ... သူက ဒီလို ရှက်စရာကောင်းတဲ့ အရာမျိုး လုပ်မှာမဟုတ်ပါဘူး...

ကျွမ်းချင်က သူ့တူကိုထုတ်လိုက်ပြီး ပန်းကန်ထဲရှိ အဝဆုံး ကျောက်ပုစွန်ကို ဆွဲယူကာ မေးလိုက်သည်။
"ဟိုတစ်လောက မင်း အမှိုက်ကူကောက်ပေးတယ်လေ..."

"အမှိုက်..."

ဖူလီက မျက်တောင်ခတ်ကာ ခေါင်းညိတ်လိုက်သည်။ သူဆိုလိုသည်ကို သဘောပေါက်သည့်အခါ ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

"မြေကြီးနဲ့ ရေက သက်ရှိတွေအားလုံးရဲ့ မူလရင်းမြစ်လေ... ဒါပေမဲ့ တချို့လူတွေက အဲ့ဒါတွေကို နည်းနည်းလေးတောင် မချစ်ဘူး...အမှိုက်တွေ ပရမ်းပတာပစ်ထားတာ မြင်တော့ မကောက်ပဲ မနေနိုင်လို့..."

ကျွမ်းချင်က ကျောက်ပုစွန် အခွံကို ပန်းကန်ပေါ်သို့ ပစ်လိုက်သည်။

"အမှိုက်ကောက်တာက ကောင်းပေမဲ့ မင်းက တစ်ညတည်းမှာ အများကြီးကောက်လိုက်တော့ တီဗွီတွေမှာ ပါလာရောလေ... လူတိုင်းက မိစ္ဆာတစ်ကောင် ဆန္ဒပြနေတယ်လို့ ခန့်မှန်းကုန်ကြပြီ..."

"သူတို့ မှန်းတာ မှန်သားပဲ..."

"လူသားတွေက ဒီလောကမှာ မိစ္ဆာတွေမရှိဘူးလို့ သိထားတာ..."

ကျွမ်းချင်က အသံကို တိုးလိုက်သည်။
"မင်း ကိုယ့်အပြုအမူတွေကို နည်းနည်းလောက် ဆင်ခြင်လို့ မရဘူးလား..."

"အဲ့ဒါဆိုလဲ နောက်တစ်ခါဆိုရင် ငါ အမှိုက်ကို သုံးခါခွဲကောက်ပေးမယ်..."

"..."

"လူချောလေး နှစ်ယောက်... မင်းတို့ရဲ့ မာလာကျောက်ပုစွန် ပွဲကြီးရပြီနော်..."

ဆိုင်ပိုင်ရှင်က ကျောက်ပုစွန် ပန်းကန်ကြီးတစ်ခုကို သူတို့နှစ်ယောက်ရှေ့တွင် ထားလိုက်သည်။ 
"လူချောလေး... ဒီကျောက်ပုစွန်က နည်းနည်းစပ်တယ်... ဆေးဖက်ဝင် လက်ဘက်ရည် နောက်ထပ် နှစ်ခွက်လိုချင်သေးလား..."

ဖူလီက ခေါင်းညိတ်ပြလိုက်သည်။

ဆေးဖက်ဝင် လက်ဘက်ရည်နှစ်ခွက်က သူတို့စားပွဲပေါ်သို့ အလွန်လျင်မြန်စွာ ရောက်လာသည်။ 

"မင်းအပြုအမူတွေက လူသားတွေကြားမှာ အထိတ်တလန့် ဖြစ်စေနိုင်တယ်..."
ကျွမ်းချင်က သူ့လက်အိတ်ကို ချွတ်ကာ သူ့ဖုန်းကို ဖူလီအား ကမ်ပေးလိုက်သည်။
"အင်တာနက်ပေါ်မှာ အခြေအနေ ဘယ်လောက် ပြင်းထန်လဲ ကြည့်လိုက်..."

ဖူလီတွင် လက်ကိုင်ဖုန်း မရှိပေ။ သူက မည်သို့အသုံးပြုရမည်ကို အတန်ပင် နားမလည်သော်လည်း မှတ်ချက်များကို ဖတ်တတ်လေသည်။ သူက weibo ပေါ်ရှိ ကျော်ကြားနေသည့် မှတ်ချက်များကို စတင်ဖတ်လိုက်သည်။

ကလေးက ၁၇ပဲ ရှိသေးတယ် : မိစ္ဆာဝိညာဉ်တောင်မှ ပတ်ဝန်းကျင်ကို ဘယ်လို ကာကွယ်ရမလဲ သိတယ်... လူသားတွေက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေအောင် ဘယ်လိုမျက်နှာရှိနေတာလဲ... 

ရေခဲမုန့်တစ်လုံး : လူသားတွေက မိစ္ဆာတွေထက် သာလွန်တယ်တဲ့... အဲ့အမှိုက်ပစ်တဲ့ လူတွေရဲ့ မျက်နှာက ဒီသတင်းဖတ်ပြီးနီရဲနေပြီလား...

သစ်အယ်သီးလေး : ဒါကို ဘယ်သူပဲလုပ်လုပ် သူ့မှာ ရည်ရွယ်ချက်ကောင်းရှိရမယ်လို့ ငါယုံတယ်... အဲ့အမှိုက်တောင်ကြီးကို ကြည့်ပါဦး... အဲ့ဒါတွေအကုန်လုံးက ငါတို့ လုပ်ထားတာလေ... ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်... အဲ့စကားလုံးတွေကို ရေးရတာလွယ်ပေမဲ့ ဘယ်သူက တကယ်လုပ်နိုင်လို့လဲ...

အောက်တွင် မှတ်ချက်များ များစွာ ရှိနေသေးသည်။ အနှစ်ချုပ်ရပါက လူတိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်သည့် အရာများကို ဆွေးနွေးနေကြသည်။ ဖူလီက 'ကြောက်ရွံ့သည်' သို့မဟုတ် 'အထိတ်တလန့်ဖြစ်သည်'ဟူသော စကားလုံးများနှင့် သက်ဆိုင်သည့်အရာတစ်ခုပင် မမြင်ပါချေ။ 

ဒါက... အထိတ်တလန့်ဖြစ်တယ်လို့ ယူဆလို့ရလို့လား... 

နာမည်ကြီး မှတ်ချက်အားလုံးကို ဖတ်ပြီးနောက်တွင် ဖူလီက ပီတီအနည်းငယ်ကို ခံစားလိုက်ရသည်။ သူ့အတွက်မူ ထိုအရာများသည် အလွန်အဓိပ္ပာယ်ရှိပေသည်။ သူက လက်ကိုင်ဖုန်းကို ချကာ ပန်းကန်ကို ကြည့်လိုက်သည်။
ကျောက်ပုစွန်က ဘာလို့တစ်ဝက်ပဲ ကျန်တော့တာလဲ...

"ကျွမ်းလူကြီးမင်း မင်းက ကျောက်ပုစွန်အတော်ကြိုက်တာပဲ..."

"မကြိုက်ပါဘူး..."

ကျွမ်းချင်က ကျောက်ပုစွန်စားနေရင်း ပြောလိုက်သည်။ သူရှေ့ရှိ ပန်းကန်ထဲတွင် ကျောက်ပုစွန်အခွံများ အပုံလိုက်ရှိနေသည်။ 

ဖူလီ : "..."

ထားလိုက်ပါတော့... မိစ္ဆာငယ်တွေက သူတော်ကောင်းယောင်ဆောင်တာ သာမန်ပါပဲ... အဲ့ဒါက အံ့ဩစရာမဟုတ်ဘူး...

နောက်ဆုံးတွင် သူတို့နှစ်ဦးမှာ ကျောက်ပုစွန် သုံးပန်းကန်စားလိုက်ကြသည်။ ဖူလီက ပိုက်ဆံရှင်းလိုက်ပြီး စားပွဲတွင်ထိုင်ကာ ကျက်သရေအပြည့်နှင့် ပါးစပ်သုတ်နေသည့် ကျွမ်းချင်ကို လှည့်ကြည့်လိုက်သည်။

"လူကြီးမင်းကျွမ်း... သွားရအောင်..."

ကျွမ်းချင်က ဖူလီကို ကြည့်ကာ ထပြီး ဦးဆောင်ထွက်သွားသည်။ အနည်းငယ် ပူနွေးနေသည့် လမ်းကြားထဲတွင် အဖြူရောင်ရှပ်နှင့် ဘောင်းဘီကို ဝတ်ဆင်ထားသည့် ကျွမ်းချင်နှင့် တီရှပ်နှင့် ဂျင်းဘောင်းဘီ ဝတ်ထားသည့် ဖူလီတို့က ကွဲပြားလှသောနောက်ခံနှင့် လူများဟု မထင်ရပါပေ။ 

သားရေဖိနပ်ကို ဝတ်ဆင်ထားသည့် သူ၏ ခြေလှမ်းများက တည်ငြိမ်ကာ ခိုင်မာနေပြီး အားကစားဖိနစ် ဝတ်ဆင်ထားသော သူ၏ ခြေလှမ်းများက ပျော်ရွှင်ကာ ခုန်ပေါက်နေဟန်ရပေသည်။ ရုတ်တရက် သားရေဖိနပ်စီးထားသည့် ခြေထောက်က ရပ်တန့်သွားလေသည်။ 

ကျွမ်းချင်က နောက်လှည့်ကာ ဖူလီကို ကြည့်လိုက်သည်။

"ဗျူရိုရဲ့ လူထုလုံခြုံရေးဥပဒေရဲ့ ၁၃၁ခုမြောက် ဥပေဒအရဆိုရင် မှော်နည်းစနစ်တွေကို သာမန်ကာလျှံကာ အသုံးပြုပြီး လူသားတွေကို အထိတ်တလန့်ဖြစ်စေတဲ့ ကျင့်ကြံသူတွေက အနည်းဆုံး ယွမ်တစ်ထောင် ဒဏ်ကြေးပေးရမှာ... အများဆုံး ပမာဏတော့ မရှိဘူး..."

ဖူလီက ကျွမ်းချင်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ 

သူက အဲ့ဒါကို စောစောက မပြောပဲ သူကျွေးတဲ့ ကျောက်ပုစွန်ကို စားပြီးတော့ ဒဏ်ကြေးဆောင်ဖို့ ပြောနေတာပေါ့... သူက မိစ္ဆာရော ဟုတ်ရဲ့လား...

ကျွမ်းချင်က သူ့နှာခေါင်းကို ထိလိုက်သည်။ သူက လက်ချောင်းထိပ်များတွင် မာလာကျောက်ပုစွန်အနံ့ ရနေသေးပေသည်။ သူက ခေါင်းမော့ကာ ဖူလီ၏ မျက်လုံးပြူးနေဟန်ကို ကြည့်လိုက်သည်။ သူက ပြန်လှည့်ကာ ရှေ့သို့ ဆက်လျှောက်လိုက်သည်။

"ဒါပေမဲ့ ဒီတစ်ခေါက် မင်းရဲ့ အပြုအမူတွေက လူသားတွေ ပတ်ဝန်းကျင်အပေါ်ထားတဲ့ အရေးပါမှုကို တိုးလာစေတယ်... ငါမင်းကို အထူးပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးလိုက်မယ်..."

ဖူလီက သက်ပြင်းချလိုက်သည်။ သူကျွေးထားသည့် မာလာကျောက်ပုစွန်မှာ အလဟဿဖြစ် မသွားသည့်ပုံရပေသည်။

"သွားရအောင်... ငါမင်းကို အိမ်ပြန်ပို့ပေးမယ်..."
စားသောက်ထားသည့် ကျွမ်းချင်က ခံစားချက်အလွန်ကောင်းနေပေသည်။ 

ဖူလီက ရှေ့တစ်ခေါက်က ကျွမ်းချင် ချူးယွီအား ဓာတ်ဆီဖိုးတောင်းသည်ကို ပြန်သတိရသွားကာ ကားတံခါးဘေးတွင် တုံ့ဆိုင်းစွာ ရပ်နေသည်။

"ငါ့ကို ဓာတ်ဆီဖိုး တောင်းမှာလား..."

"ကျစ်..."

ကျွမ်းချင်က အေးစက်စွာ ပြုံးလိုက်သည်။

"ငါ့လို ခမ်းနားတဲ့ နဂါးဆီမှာ ဘယ်လိုရှားပါးရတနာ မရှိပဲ နေမှာလဲ... ဒီလောက်ဓာတ်ဆီဖိုးလေးနည်းနည်းတောင် မရှိရအောင် ငါက သနားစရာကောင်းနေလို့လား..."

ဖူလီက ရုတ်တရက် နားလည်သွားလေသည်။ 
ဟုတ်သား... နဂါးမျိုးနွယ်က ပင်လယ်ရဲ့ အနက်ဆုံးအပိုင်းတွေမှာ နေလာတာ... သူတို့မှာ အပေါဆုံးက ရတနာမျိုးစုံကို... ပိုက်ဆံလေး နည်းနည်းကိုတော့ နှမြောမနေလောက်ပါဘူး... 

ကားမှာ လမ်းတစ်လျှောက် အရှိန်အသင့်အတင့်ဖြင့် မောင်းနှင်လာသည်။ လခြမ်းကွေးမှာ တိမ်ကြားသို့ တဖြည်းဖြည်း နစ်မြုပ်သွားလေသည်။ ကောင်းကင်တွင် တိမ်ထူနေပေသည်။ မကြာမီတွင် မိုးရွာမည့်ဟန် ရပေသည်။ 

ကြောင်လေးတစ်ကောင်က လမ်းထဲမှ ပြေးထွက်လာသည်။ ကျွမ်းချင်က အချိန်မီ ဘရိတ်မအုပ်နိုင်ပဲ ကားရပ်ရန် မှော်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်ရသည်။ 

"ညှောင်..."

ကြောင်လေးမှာ အကြောက်အလန့်မရှိ အမြီးယမ်းနေလေသည်။ ၄င်းက လမ်းမကို အလွန်နှေးကွေးစွာ ဖြတ်သွားပြီး လမ်းတစ်ဖက်သို့ ပြေးသွားလေသည်။

ကားက ထပ်မံ ခရီးဆက်လိုက်သည်။ ဖူလီက ကျွမ်းချင်ကို လှည့်ကြည့်လိုက်သည်။ ကျွမ်းချင်မှာ အစမှအဆုံးတိုင် အမူအရာမပြပါပေ။ ဖူလီသည် သူက ပင်လယ်နဂါးတစ်ကောင်၏ ခန္ဓာကိုယ်မှမဟုတ်ပဲ နန်းတော်လျှောက်လမ်းမှ ကျင်းတောင်နဂါးတစ်ကောင်ထံမှ အသွင်ကူးပြောင်းလာသည်ဟု သံသယမဝင်ပဲ မနေနိုင်ပါချေ။ ကျောက်ရုပ်တစ်ခုသာလျှင် အမူအရာမရှိခြင်း ဖြစ်ပေသည်။ 

ကောင်းကင်တွင် လျှပ်စီးများ လက်နေပေသည်။ တိမ်ထူထူများကြားတွင် ကြီးမားလှဟန်ရသော တစ်စုံတစ်ခုက လှစ်ခနဲဖြတ်သွားကာ မကြာမီတွင် တိမ်ထဲသို့ ပျောက်ကွယ်သွားလေသည်။ 

ဖူလီနှင့် ကျွမ်းချင်က ကောင်းကင်ကို ကြည့်လိုက်သည်။

မိုးသီးများက ရုတ်တရက် ဖြိုးဖြိုးဖြောက်ဖြောက်ကျလာသည်။ ကြိုတင်သတိပေးခြင်း ချို့တဲ့မှုက လေကာမှာ မရေမတွက်နိုင်သည့် ရိုက်ခတ်ခြင်းများစွာကို ခံရသည်ဟု ဆိုလိုပေသည်။ ကျွမ်းချင်၏ မျက်နှာက မဲမှောင်သွားသည်။ ဖူလီက အရံအတားတစ်ခုကို ပြုလုပ်လိုက်ပြီး မိုးသီးများ ကားပေါ်သို့ ကျလာသည်ကို တားဆီးလိုက်သည်။ 

ဖူလီကို အိမ်ပို့ပြီးနောက် ကျွမ်းချင်က သူ့ကားကို ဂိုထောင်ထဲသို့ မောင်းလာလေသည်။ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လေကာပေါ်ရှိ မိုးသီးမှန်လာသည့် နေရာကို ထိလိုက်သည်။ သူ့၏ အနက်ရောင် မျက်ဆံများက ဒေါသရိပ်များနှင့် ရွှေရောင်ပြောင်းသွားလေသည်။ 

သူက သူ့ဖုန်းကို ထုတ်လိုက်ပြီး ဗျူရို၏ အတွင်းပိုင်းစနစ်ထဲသို့ ပြစ်ဒဏ်တစ်ခု ပေါင်းထည့်လိုက်သည်။

မြောက်ပိုင်းရေကန်ရဲ့ မိုးပြာနဂါးက စည်းကမ်းဖောက်ဖျက်ပြီး မိုးသီးကျစေတာကြောင့် သာမန်လူတွေကို မရေမတွက်နိုင်သည့် ဆုံးရှုံးမှုတွေ ဖြစ်စေတယ်... ဒါကြောင့် ထောင်ဒဏ်၁၀နှစ်နဲ့ ဒဏ်ငွေ ယွမ် ၂သန်း ပြစ်ဒဏ်ချမှတ်လိုက်တယ်...