အပိုင်း ၂၂
Viewers 16k


Chapter 22
လှုံ့ဆော်ခြင်း


နောက်တစ်နေ့နံနက်တွင် စနစ်က ပေးပို့လာသည့် သတိပေးချက်ကို မြင်ပြီးနောက် ပစ်မှတ်ကို သိထားပြီးဖြစ်ရာ ဗျူရို၏ အလုပ်သမားများ၏ မျက်နှာထက်တွင် အံ့ဩသည့်အရိပ်အယောင်တစ်ခုမှပင် မရှိပါချေ။ ယခင်ကတည်းကပင် နဂါးမျိုးနွယ်စုမှာ သူတို့၏ မြင့်မြတ်သော မျိုးနွယ်နှင့် သန်မာသော မွေးရာပါ မှော်စွမ်းအင်တို့ကြောင့် သူတို့၏ ထင်ပေါ်ကာ စိတ်ကြီးဝင်သည့်အပြုအမူကို ထိန်းသိမ်းထားတတ်ပေသည်။ သူတို့က သာမန် မိစ္ဆာကျင့်ကြံသူများကို အထင်အမြင်သေးတတ်ကြပေသည်။ 

မွေးဖွားချိန်တွင် နဂါးမျိုးနွယ် အများစုသည် အေးခဲသည့် မိုး၊ မိုးကြိုးနှင့် နှင်းများကို ဆင့်ခေါ်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားပေသည်။ သူတို့က လူသား ယဇ်ကောင်များ ပိုင်ဆိုင်ထားသည်သာမက မိစ္ဆာအများစုသည်လည်း သူတို့ကို မြင်မြင်ချင်း ဦးညွှတ်ရပေသည်။ ၄င်းမှာ တစ်ချို့သော နဂါးများက သူတို့ စိတ်ခံစားချက်မကောင်းပါက ဆင်းသက်ချိန်တွင် မိုး သို့မဟုတ် နှင်းများ သည်းထန်စွာ ကျဆင်းစေကာ လူသားလောကရှိ လူသားနှင့် တိရစ္ဆာန်တို့အား ကပ်ဆိုးများ ယူဆောင်လာစေသည်။ 

ဤကဲ့သို့ အခြေအနေမှာ ဘော့စ်က ကျင့်ကြံခြင်းလောက၏ ဗျူရိုတွင် တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ တဖြည်းဖြည်း ပိုမိုကောင်းမွန်လာခဲ့ပေသည်။ သူတို့က မူလတွင် ဘော့စ်က နဂါးမျိုးနွယ်ဘက်သို့ လိုက်မည်ဟု ထင်ထားသော်လည်း အမှန်တကယ်တွင် ဆန့်ကျင်ဘက်ဖြစ်နေမည်ဟု မည်သူက ထင်ပါမည်နည်း။ ဘော့စ်က သူတို့ကို ဘက်မလိုက်သည့်အပြင် သူတို့အပေါ် အတန်ပင် ကြမ်းတမ်းပေသည်။ 

လွန်ခဲ့သည့် ၁၀နှစ်အတွင်း၌ ဘော့စ် နဂါးမျိုးနွယ်အား ချမှတ်ခဲ့သည့် ချိုးဖောက်ခြင်း လက်မှတ်စုစုပေါင်းမှာ မြို့တော်ထဲတွင် ခြံဝန်းတစ်ခုဝယ်ရန်လုံလောက်ပေသည်။ သူတို့က အစောပိုင်းတွင် ဘော့စ်က နဂါးမျိုးနွယ်နှင့် အလွန်ဆက်ဆံရေးမကောင်းဟု ခန့်မှန်းထားသော်လည်း ဘော့စ်သည် နဂါးမျိုးနွယ်အား စည်းမျဉ်းများအတိုင်း ဒဏ်ခတ်သည်မှလွဲ၍ သမုဒ္ဒရာအောက်ခြေရှိ နဂါးနန်းတော်အား ပြဿနာသွားမရှာ၍ ဤသို့တွေးတောရန် သက်သေမရှိပါချေ။ 

၄င်းကို ထောင့်ပေါင်းစုံမှ စဉ်းစားပြီးသည့်အခါ သူတို့က ဆုံးဖြတ်ချက်တစ်ခုသာ ချနိုင်ပေသည်။ ၄င်းမှာ ဘော့စ်မှာ ဖြောင့်မတ်လှပြီး တည့်တိုးပြောတတ်ကာ မျိုးနွယ်ကြောင့် ဘက်လိုက်ခြင်း လုံးဝမရှိ ဟူ၍ပင်။ 

"နှစ်သန်းဆိုတာ နဂါးမျိုးနွယ်အတွက် နည်းနည်းလေးပါ... ပြဿနာက မြောက်ပိုင်းရေကန်ရဲ့ မိုးပြာနဂါးက နဂါးသခင်ဖြစ်ပုံပဲ... သူ့ကို ဘယ်သူက ခေါ်နိုင်မှာလဲ..."

ချူးယွီက အခန်းထဲရှိ လူတိုင်းကို လှည့်ကြည့်လိုက်သည်။ လူတိုင်းက တစ်ပြိုင်နက်တည်း ခေါင်းလှည့်လိုက်သွားပြီး ချူးယွီထံမှ အကြည့်ကို ရှောင်ရှားလိုက်ကြသည်။ 

အသက်ရှင်ရတာ ကြာလွန်းလို့ စက်ဆုပ်နေတဲ့သူ မဟုတ်ရင် ဘယ်သူက နဂါးမျိုးနွယ်ကို ဆန့်ကျင်ရဲမှာလဲ...

"လင်းကွေ မင်းက ပင်လယ်ထဲက မဟုတ်လား..."

ချူးယွီ၏ အကြည့်က တဖြည်းဖြည်းနှင့် ထောင့်ရှိ အရောင်စုံ ဂျာကင်တစ်ထည် ဝတ်ထားသော လူငယ်ဆီသို့ ရွှေ့သွားလေသည်။ 

"ယွီကော ကျွန်တော် မိသားစုရဲ့ ဘိုးဘေးတွေက အရင်က နဂါးမျိုးနွယ်ရဲ့ လက်ထောက်တောင်ဖြစ်ခဲ့တာ... ကျွန်တော်ရဲ့ စွမ်းရည်လေးနဲ့ နဂါးတစ်ကောင်ကို ဘယ်လိုလုပ်ပြီး ဖမ်းနိုင်မှာလဲ... မြောက်ပိုင်းရေကန်က မိုးပြာနဂါးဆိုတာ ရေချိုနဂါးတစ်ကောင်လေ... အစ်ကိုက ဒီကိစ္စကို ကိုင်တွယ်ဖို့ အသင့်တော်ဆုံးလို့ ကျွန်တော်ထင်တယ်..."

လင်းကွေက ခေါင်းကို အပြင်းအထန်ခါယမ်းနေသည်။

"ကျွန်တော်ကို ဖယ်ထားလိုက်ပါ ဟုတ်ပြီလား..."

"ငါက အဲ့ကို ဘာလို့သွားရမှာလဲ... သွားပြီး မိုးပြာနဂါး အစားခံရမှာလား..."

ချူးယွီက ချက်ချင်းပင် ပြန်ပြောလိုက်သည်။ သူက ခြောက်ကပ်စွာ ချောင်းဆိုးလိုက်ပြီး ဆိုလိုက်သည်။

"နဂါးဖမ်းတာက အရေးမကြီးဘူး... အရင်ဆုံး နဂါးမျိုးနွယ်ကို ဒီအပြစ်ဒဏ် ပို့ပေးရအောင်... ဒီမြောက်ပိုင်း မိုးပြာနဂါးက နောင်တရပြီး သူဘာသူ အရှုံးပေးလိုက်ရင် ဘယ်လိုလုပ်မလဲ..."

"မင်းအဲ့လိုတွေးမယ်ဆိုရင် ငါတို့က စည်းဖောက်နေတာနဲ့ မတူဘူးပဲ..."

ကျန်းခယ့်က အသံတိုးတိုးဖြင့် ဆိုလိုက်သည်။ လွန်ခဲ့သော နှစ်များအတွင်း တစ်ချို့သော နဂါးမျိုးနွယ်တစ်စုက သူတို့၏ စိတ်ချမ်းသာမှုအတွက် မရေမတွက်နိုင်သည့် ပြစ်မှုများကျူးလွန်ကာ တစ်ချို့သော ဒေသများတွင် သဘာဝကပ်ဘေး ဖြစ်စေခဲ့သည်။ အပျက်အစီးများ အဆုံးမရှိခဲ့ပါပေ။ လွန်ခဲ့သော နှစ်များအတွင်း ဘော့စ်က နဂါးမျိုးနွယ်ကို ဖိအားမပေးခဲ့ပါက သူတို့၏ အပြုအမူများပိုမို ကြမ်းတမ်းလာမည်ဖြစ်ပေသည်။ 

"ငါတို့ ငါးတွေက မူလပုံစံမှာ နားမပါတာနဲ့ပဲ အကြားအာရုံမကောင်းဘူးလို့ မထင်နဲ့..."

ချူးယွီက ကျန်းခယ့်ကို ကြည့်လိုက်သည်။
"ငါတို့အကြားအာရုံက လုံးဝကို ကောင်းတယ်... မင်းစောစောက တိုးတိုးလေးပြောနေတာ ငါကြားတယ်... မင်းအရမ်းတော်နေရင် မင်းသွားလိုက်လေ..."

ကျန်းခယ့် : သူက လူသားတစ်ယောက်ဖြစ်ရင်ဖြစ်မယ် ဒါပေမဲ့ ဒီလိုအချိန်မှာတော့ သူမလုပ်နိုင်ဘူး...

"ဘာလို့..."

ရှုယွမ်၏ အသံက အနည်းငယ် အားနည်းနေသည်။ 
"ဘာလို့ ဘော့စ်ကို ကိုယ်တိုင် သွားမဖမ်းခိုင်းတာလဲ..."

လူတိုင်း : "..."

ဘော့စ်က အရာအားလုံးလုပ်ရမယ်ဆိုရင် သူတို့ရှိနေတာက ဘာလုပ်ရမှာလဲ...

တစ်နာရီခွဲကြာပြီးနောက် အပြင်ဘက် ပြတင်းပေါက်မှ မိုးခြိမ်းသံများနှင့် လျှပ်စီးကြောင်းများကို မြင်နိုင်ပေသည်။ မိုးများ ရုတ်တရက် သည်းထန်စွာရွာသွန်းလာပြီး အနက်ရောင် ရှပ်အင်္ကျီနှင့် အမျိုးသားတစ်ဦးက တံခါးဖွင့်ကာ ဝင်ရောက်လာသည်။ 

ချူးယွီနှင့် တခြားသူများအားလုံးက မဆိုင်းမတွ ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ထိုအမျိုးသားမှာ ချောမောလှသည့် သွင်ပြင်တစ်ခု ရှိသော်လည်း သူ့၏ ဟိတ်ဟန်များသည့် မျက်လုံး၊ မျက်ခုံးများက ရှိနေသည့် လူများကို သူသည် မာနကြီးသော သူတစ်ဦးဖြစ်သည်ကို ရှင်းလင်းစွာ သိစေသည်။ 

အစွမ်းထက်သည့် နဂါးဖိအား လှိုင်းတစ်ခုက အနက်ရောင်ဝတ် အမျိုးသားထံမှ ရုတ်တရက် ထွက်လာပြီး ရှိနေသော မိစ္ဆာကျင်ကြံသူအများစု၏ သဘာဝ ဆန့်ကျင့်လိုစိတ်ကို ဖိနှိပ်ထားလေသည်။ တစ်ချို့က ထိုင်ချကာ တစ်ချို့က ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။

"မင်းတို့က ငါ့ကို ဒီလိုမျိုး ထောင်၁၀နှစ် ချချင်တယ်ပေါ့..."

အနက်ရောင်ဝတ် အမျိုးသားက ခေါင်းကို အနည်းငယ်မော့ကာ သူ့၏ မာနကြီးလှသည့် အကြည့်က အခန်းထဲရှိ သက်ရှိများအားလုံးထံသို့ စိမ့်ဝင်လာသည်။

"အသုံးမကျတဲ့ သတ္တဝါတွေ..."

"ဆရာ မိုးပြာနဂါး... ခင်ဗျားက ရေကန်စောင့် နတ်နဂါးဆိုရင်တောင် ကျွန်တော်တို့ဗျူရိုကို ရန်မစသင့်ဘူး..."

ချူးယွီက တာအိုကံကြမ္မာဖြင့် ကာကွယ်ခြင်း ခံထားရ၍ မိုးပြာနဂါး၏ ရှေ့တွင် အလွန်ဆိုးဝါးသော အခြေအနေရောက်မနေပါချေ။ သူ၏ လုပ်ဖော်ကိုင်ဖက်များကို လှည့်ကြည့်လိုက်သည်။ သူတို့က တစ်ချိန်လုံး တစ်ဦးနှင့် တစ်ဦး ရန်စနေသော်လည်း အပြင်လူတစ်ယောက်က အနိုင်ကျင့်လာသည်ကိုမူ သည်းမခံနိုင်ပါပေ။ 

"ငါးတစ်ကောင်ကတောင် ငါ့ကို ရန်စချင်နေတာလား..."

မိုးပြာနဂါးက အေးစက်စွာ ပြုံးလိုက်သည်။ သူလက်တစ်ဖက်ကို ယမ်းလိုက်ရာ ငန်းတစ်ကောင်၏ တိုက်ခိုက် ခွန်အားနှင့် ချူးယွီက လွင့်ထွက်သွားကာ စားပွဲပေါ်သို့ ရိုက်ခတ်သွားလေသည်။ စားပွဲက မှောက်သွားပြီး သူက ကျန်းခယ့်ခြေရင်းသို့ ပြုတ်ကျသွားသည်။ 

"ယွီကော... ဘာဖြစ်သွားသေးလဲ..."

ကျန်းခယ့်က ချူးယွီကို ဆွဲထူလိုက်သည်။ ရှုယွမ်နှင့် တခြားသော လူသားကျင့်ကြံသူများက ချူးယွီရှေ့တွင် ရပ်လိုက်ကြသည်။ တစ်ချို့က မှော်လက်နက်များ ကိုင်ဆောင်ထားကာ တစ်ချို့မှာ အစီအရင်အတန်းလိုက်ကို ကိုင်ထားလေသည်။ ရန်ပွဲတစ်ခုက အချိန်မရွေး စတင်သွားနိုင်ပေသည်။ 

ဒေါက် 

ဒေါက်

ဒေါက်

ထိုကဲ့သို့ တင်းမာနေချိန်တွင် မနှေးလွန်မမြန်လွန်းသည့် ခြေသံများက ထွက်ပေါ်လာလေသည်။ အခန်းထဲရှိ လူတိုင်းက ရပ်တန့်ကာ ဝင်ပေါက်သို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

"ဘန်း..."

တစ်ဝက် ပိတ်နေသည့် တံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး ယနေ့တွင် နားရက်ယူရမည့် ကျွမ်းချင်က လူတိုင်းရှေ့တွင် ပေါ်လာသည်။ 

"နာမည်ကြီး ဘော့စ်ကျွမ်းက ဘယ်လောက် အထင်ကြီးစရာကောင်းလဲ ငါသိချင်နေတာ... ဒါပေမဲ့ မင်းက သွေးနှောနဂါးတစ်ကောင်ဖြစ်နေတာ အပြင် ဘာမှမဟုတ်ဘူးပဲ..."

မြောက်ပိုင်းရေကန် မိုးပြာနဂါး၏ ပါးစပ်က ပွင့်လာပြီး သူ့အသံက လှောင်ရယ်သံများနှင့် ပြည့်နေလေသည်။

"ဘာဗျူရိုလဲ... မင်းလုပ်တာဆိုလို့ ပွဲမတိုးတဲ့ လူသားတစ်ချို့နဲ့ မိစ္ဆာကျင့်ကြံသူတစ်ချို့နဲ့ ဟာသ ပြဇာတ်ထောင်ထားတာလေးကို... ငါ့ရဲ့ နဂါးမျိုးနွယ်ကို မင်းက ဘာထင်နေလဲ..."

ကျွမ်းချင်က ရုံးခန်းထဲသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက လက်တစ်ချက် ယမ်းလိုက်ရာ အရာအားလုံးမှာ မူလအနေအထားသို့ ပြန်ရောက်သွားပြီး မိုးပြာနဂါးမှ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်ထားသော ဖိအားသည်ပင် ဖိနှိပ်ခံလိုက်ရလေသည်။ 

"လွန်ခဲ့တဲ့ နှစ်၅၀က မြောက်ပိုင်းရေကန်ရဲ့ အရင်နဂါးသခင်ကလည်း ငါ့ကို ဒီလိုပြောခဲ့တာပဲ... အဲ့ဒါပြီးတော့ မင်းက မြောက်ပိုင်းရေကန်ရဲ့ နဂါးသခင် ဖြစ်လာတာ..."

ကျွမ်းချင်က အမှန်တကယ်ပင် သူ့၏ နဂါးစွမ်းအင်ကို ဖိနှိပ်နိုင်သည်ကို မြင်ရာ မြောက်ပိုင်းရေကန်၏ မိုးပြာ နဂါး၏ အမူအရာက အကျည်းတန်သွားလေသည်။

"ငါက မိုးပြာနဂါးမျိုးနွယ်စုထဲမှာ ကျင့်ကြံခြင်းအရ ထိပ်တန်း၁၀ယောက်ထဲက နဂါးတစ်ကောင်ပဲ... ငါက မြောက်ပိုင်းရေကန်ရဲ့ နဂါးသခင် ဖြစ်ရင်ဖြစ်မယ် ဒါပေမဲ့ အဲ့ဒါက ငါ့အဆင့်ထက်နိမ့်တဲ့ ရာထူးပဲ..."

"ဟမ့်..."

ကျွမ်းချင်က ပြုံးလိုက်သည်။ ပြုံးနေသည့် ကျွမ်းချင်မှာ ဆောင်းရာသီ နှင်းများအကြားတွင် ဖူးပွင့်လာသည့် ပန်းများသဖွယ် အလွန်ချောမောလှပေသည်။

သို့သော် မြောက်ပိုင်းရေကန်၏ မိုးပြာနဂါးမှလွဲ၍ တခြားသူများအားလုံးက ကြောက်လန့်သွားကြလေသည်။ မူလက ချူးယွီကို ကာကွယ်ထားကြသည့် လူသားကျင့်ကြံသူများက နောက်သို့ တစ်လှမ်းဆုတ်သွားကာ ချူးယွီကို နေရာတွင် နှလုံးသားမဲ့စွာ ချန်ရစ်ထားခဲ့လေသည်။ ချူးယွီက သူ့ရင်ဘတ်ကို ပွတ်ကာ သွေးအန်ရန် ကြိုးစားလိုက်သည်။ 

"ငါက ယုံကြည်ချက်ရှိတဲ့ သတ္တဝါတွေကို အရမ်း သဘောကျတယ်..."

ကျွမ်းချင်က အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ အလွန်မြန်လွန်း၍ လူတိုင်းက မတုံ့ပြန်နိုင်သေးပါချေ။ မကြာမီတွင် အလွန် မာနကြီးနေသည့် မြောက်ပိုင်းရေကန်၏ နဂါးက ကျွမ်းချင်၏ ခြေထောက်အောက်တွင် အနင်းခံရကာ မရုန်းနိုင်ပါချေ။

"မြောက်ပိုင်းရေကန်က အရင်နဂါးသခင်က စိတ်ဝိညာဉ် ပိတ်လှောင်အစီအရင်ထဲက ထွက်ဖို့ နှစ်၄၀လိုသေးတယ်... ငါမင်းကို ၁၀နှစ်ပဲ ထောင်ချရင် တခြားနဂါးမျိုးနွယ်တွေက ငါ့ကို ဘက်လိုက်တယ်လို့ အပြစ်တင်မှာကို စိုးရိမ်စရာပဲ..."

ကျွမ်းချင်က အမူအရာမဲ့ ဆိုလိုက်သည်။
"အဲ့တော့ ငါစိတ်ပြောင်းသွားပြီ... မင်းက ဗျူရိုထဲကို ခွင့်ပြုချက်မရှိပဲ ဝင်လာပြီး ဗျုရိုက အလုပ်သမားတွေကို အန္တရာယ်ဖြစ်စေပြီး ကျင့်ကြံရေးလောကရဲ့ စီမံရေး စည်းမျဉ်းတွေကို ချိုးဖောက်တယ်... အဲ့ပြစ်မှုတွေ ထပ်ပေါင်းလိုက်ရင် ပြစ်ဒဏ်က နှစ်ပေါင်း ၁၅၀ ပြောင်းသွားပြီးတော့ ဒဏ်ငွေ ၅သန်း ဖြစ်သွားပြီ..."

"အရင် နဂါးသခင်က ထောင် နှစ်၁၀၀ပဲကျတာကို ငါ့က ဘာလို့ သူ့ထက် နှစ်၅၀ ပိုရတာလဲ... မတရားဘူး..."

မြောက်ပိုင်းရေကန်၏ မိုးပြာနဂါးက ဒေါသတကြီး မေးလိုက်သည်။ 

"အရင် နဂါးသခင်က နဂါးဖြူတစ်ကောင်လေ..."

ကျွမ်းချင်က အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

"အဖြူရောင်က ငါ့ကို စိတ်ခံစားချက်ကောင်းစေတယ်..."

မိုးပြာနဂါး : "..."

ထိုအချိန်တွင်မှသာ သူက ကိုင်တွယ်ရခက်သည့် လူတစ်ဦးကို ရန်စမိသည်အား သဘောပေါက်သွားလေသည်။ သူက ဒေါသတကြီး အံကြိတ်လိုက်သည်။

"ကျွမ်းချင်... မင်းလုပ်ရပ်တွေက ငါ့ဦးလေးကို ဒေါသထွက်စေမှာ မစိုးရိမ်ဘူးလား..."

ကျွမ်းချင်က သူ့ခြေထောက်ကို မကာ မိုးပြာနဂါးကို ချုပ်နှောင်ရန် သူ့၏ စိတ်ဝိညာဉ်ချီကို အသုံးပြုလိုက်သည်။ သူက မိုးပြာနဂါးကို ငုံ့ကြည့်လိုက်သည်။

"မင်းဦးလေးက ဘယ်သူလဲ..."

"မင်း..."

မိုးပြာ နဂါးက အမုန်းတရားများဖြင့် ပြည့်နှက်နေလေသည်။
"ကျွမ်းချင်... မင်းလုပ်ရပ်က နဂါးမျိုးနွယ် တစ်ခုလုံးကို ဒေါသဖြစ်စေမှာ မကြောက်ဘူးလား..."

ကျွမ်းချင်က ရုံးခန်းစားပွဲမှ တစ်ရှူးအစိုတစ်ရွက်ကို ယူကာ လက်သုတ်နေပြီး မိုးပြာ နဂါးကို ကြည့်လိုက်သည်။ 

"သူ့ကို ခေါ်သွားပြီး စိတ်ဝိညာဉ်ပိတ်လှောင်အစီအရင်ထဲမှာ ပိတ်ထားလိုက်တော့..."

ကျန်းခယ့်နှင့် လောင်ဟွမ်တို့မှာ အလွန် နာခံတတ်သော လက်အောက်ငယ်သားများ ဖြစ်ကြသည်။ သူတို့က မိုးပြာ နဂါးကို ခြေထောက်မှ ဒရွတ်တိုက် ဆွဲခေါ်သွားကြလေသည်။ 

"မင်းတို့တွေ..."

မိုးပြာ နဂါးအဝေးသို့ ရောက်သွားသည့် အချိန်မှသာ ကျွမ်းချင်က ခေါင်းလှည့်ကာ ခေါင်းငုံ့ကာ ခါးကိုင်းနေကြသော လူတိုင်းကို ကြည့်လိုက်သည်။

"မင်းတို့ ကောင်းကောင်း မကျင့်ကြံဘူးဆိုရင် ငါ့ဗျူရိုထဲမှာ တိုက်ခိုက်နိုင်တဲ့လူတစ်ယောက်မှ မရှိဘူးလို့ အပြင်မှာ ပျံ့သွားလိမ့်မယ်... မင်းတို့ မရှက်ကြဘူးလား..."

မည်သူကမှ စကားမဆိုရဲ ပါချေ။ 

"ဘော့စ် နဉ်ရွှမ်နဲ့ ချောင်းယွင်က အရမ်းအစွမ်းထက်ပါသေးတယ်..."

ရှုယွမ်က ခပ်တိုးတိုးဆိုလိုက်သည်။

"ပြီးတော့ ဘော့စ်ရှိနေရင် ဘယ်လိုလုပ်ပြီး တစ်ယောက်တောင် မတိုက်ခိုက်နိုင်ဘူး ဖြစ်မှာလဲ..."

နဉ်ရွှမ်၏ အဓိက ရည်ရွယ်ချက်မှာ သတ်ဖြတ်ရန်ဖြစ်ပြီး ရှေးဟောင်း နာမည်ကျော်ဓားတစ်လက်မှ ပြန်လည် မွေးဖွားလာခြင်း ဖြစ်သည်။ ချောင်းယွင်မှာ အလွန်လှပသည့် ဆံထိုးတစ်ခုဖြစ်ကာ တရုတ်သမိုင်းထဲရှိ အမျိုးသမီး ဧကရီတစ်ပါး၏ အနှစ်သက်ဆုံး ပစ္စည်းဖြစ်လေသည်။ အမျိုးသမီး ဧကရီ သေဆုံးပြီးနောက် ဆံထိုးမှာ လူသားတစ်ဦးအဖြစ် ပြောင်းသွားလေသည်။ ဤအုပ်ချုပ်သူ၏ ကံကြမ္မာကို လက်ခံရသည်ဖြစ်ရာ ချောင်းယွင်၏ ကျင့်ကြံခြင်းမှာ အလွန်နက်နဲပေသည်။ သူတို့က မကြာသေးမီက မိစ္ဆာကြီးတစ်ဦးနောက်သို့ လိုက်သွားသည်ဖြစ်ကာ ပြန်မလာသေးပါချေ။ 

သူတို့နှစ်ဦး ရှိနေပါက ဤမျှ အရှက်ကွဲမည် မဟုတ်ပါပေ။ 

တစ်ခြားနည်း မရှိဘူးလေ... ဘယ်သူက သူတို့ကို စစ်တပ်အရာရှိတွေ မဟုတ်ပဲ စီမံခန့်ခွဲရေး အလုပ်သမားတွေ ဖြစ်ဖို့ပြောတာလဲ...

ကျွမ်းချင်က သူတို့အား အချိန်အတန်ကြာအောင် စိုက်ကြည့်ကာ စိတ်ပျက်သည့် ဟန်ဖြင့် တစ်ခွန်းမှ မဆိုပဲ ထွက်သွားလေသည်။ ဤတစ်ခေါက်လူရွေးပွဲတွင် တိုက်ခိုက်နိုင်သည့်သူနှစ်ဦးကို ရွေးချယ်ရန် လိုအပ်ပေသည်။ သူတို့၏ ယဉ်ကျေးမှုဆိုင်ရာ အောင်မြင်မှုက အနည်းငယ် ညံ့ဖျင်းနေလျှင်ပင် ဗျူရို၌ စီမံခန့်ခွဲရေး ဝန်ထမ်းများ အလုံအလောက်ရှိနေပြီ ဖြစ်သည်။ 

.....

"ဖူလေး... မင်း ပုစ္ဆာတွေ တွက်နေပြန်ပြီလား..."

လုံခြုံရေးအစောင့် အခန်းထဲတွင် ကျန်းရှန်က ထမင်းချိုင့်တစ်လုံးဖြင့် ဝင်ရောက်လာသည်။ ဖူလီက အလွန်လျင်မြန်သည့် အရှိန်ဖြင့် စာရေးနေသည်ကို မြင်ရာ သူက အရှေ့သို့သွားကာ ကြည့်လိုက်ပြီး ခေါင်းခါကာ ဘေးမှ ထိုင်ခုံတွင် ထိုင်လိုက်သည်။ 

ဖူလေးရဲ့ စာလေ့လာခြင်းအပေါ်ထားတဲ့ စိတ်ထားက တကယ်ချီးကျူးစရာကောင်းတယ်... ဒါပေမဲ့ သူရေးတဲ့ ပုံစံက ကြည့်ကောင်းတယ်လို့ ယူဆလို့မရဘူး...

"အင်း..."
ဖူလီက သူ့၏ သက်တမ်းများစွာကို ဖြုန်းတီးလိုက်မိသည်ဟု ခံစားရကာ မူးနှောက်နှောက်ခေါင်းကို ကုတ်လိုက်သည်။ 
လူသားတွေရဲ့ ခေါင်းက ဒီလို ခက်ခက်ခဲခဲ မေးခွန်းတွေကို တွေးတတ်တဲ့အထိ ဘယ်လိုတောင် ထူးဆန်းနေတာလဲ... 

ကြမ်းတိုက်နေသည့် အဘိုးအိုက သူ့နားကပ်ကာ မေးခွန်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ခါးကုန်းကာ ကြမ်းတိုက်နေပြန်သည်။ 

"ဒီမေးခွန်းရဲ့ အဖြေက ၈၆.၉၅၇ မဟုတ်လား..."

"တကယ်ကြီးလား..."

ဖူလီက ကြမ်းတိုက်နေသော အဘိုးအိုကို အံ့ဩတကြီး ကြည့်လိုက်သည်။ သူက စာအုပ်နောက်ကျောရှိ အဖြေစာရွက်ကို လှန်ကြည့်လိုက်ရာ အဖြေက အမှန်ပင် ၈၆.၉၅၇ဖြစ်နေပေသည်။

"အဲ့ဒါက ဖြစ်တန်စွမ်းရဲ့ ရိုးရိုး မေးခွန်းလေးပါ... ဂဏန်းတွေက ရှုပ်တယ်ထင်ရပေမဲ့ ဖြေရှင်းတဲ့ နည်းလမ်းက မခက်ဘူး..."

သူက ဖူလီ၏ ပခုံးကိုပုတ်လိုက်သည်။

"လူလေး... ဆက်ကြိုးစားထား..."

ဖူလီကြည့်သည့် နည်းလမ်းမှဆိုလျှင်ပင် သူက ကိုယ်တိုင်လေ့ကျင့်ခြင်းဖြင့် တက္ကသိုလ်တက်နိုင်မည့်ပုံမရပါပေ။ သို့သော် သူ့၏ စိတ်ဝိညာဉ်မှာ ချီးကျူးထိုက်ပေသည်။

ဖူလီက အဘိုးအို နားနေခန်းထဲမှ ထွက်သွားရာ သူ့၏ နောက်ကျောကို ကြည့်နေလိုက်သည်။ သူက လူသားများ၏ ဉာဏ်ရည်ထက်မြက်မှုနှင့် ကြီးကျယ်မြင့်မြတ်မှုကို ထပ်မံမြင်လိုက်ရပြန်ပေသည်။ သက်ရှိ များအားလုံးတွင် အထူးချွန်ဆုံးဟူသည့် သူတို့၏ အဆင့်အတန်းမှာ မတော်တဆ မဟုတ်ပါပေ။ ရှောင်လွှဲ၍ မရခြင်းသာ ဖြစ်သည်။ 

"လန့်သွားတာလား..."

ကျန်းရှန်က ရယ်လိုက်သည်။

"အဲ့အဘိုးကြီးက အရင်တုန်းက နာမည်ကြီး အထက်တန်းကျောင်းမှာ သင်္ချာဆရာလေ... သူက အငြိမ်းစားယူပြီးတော့ အလုပ်လုပ်နေတာ... သူပြောတာကတော့ သူ့မှတ်ဉာဏ်က သိပ်မကောင်းတော့လို့ ကျောင်းသားတွေကို ဆွဲထားမိမှာကြောက်လို့ ဒီကို တခြားလုပ်စရာ လာရှာတာတဲ့..."

"သူက ဘာလို့ ထွက်ပြီး အလုပ်လုပ်ချင်နေသေးတာလဲ..."
ဖူလီက နားမလည်နိုင်ပါပေ။

"ဆရာတွေရဲ့ ပင်စင်လစာက တော်တော်လေး ကောင်းတယ်မလား..."

"အဲ့ဦးလေးက စိတ်ထားကောင်းပြီး ဘာမှမလုပ်ပဲ မနေနိုင်ဘူးလေ... သူက တောင်တွေမှာ နေတဲ့ ဆင်းရဲသား ကျောင်းသားတွေကို ငွေကြေး အကူအညီပေးနေတယ်လို့ ပြောကြတာပဲ..."

ကျန်းရှန်က သူ့၏ ထမင်းချိုင့်ကို ဖွင့်လိုက်ကာ ခေါင်းခါလိုက်သည်။

"အဲ့ဒါကို ငါလဲ သိပ်တော့ မရှင်းဘူး... ဒါပေမဲ့ အဲ့ဦးလေးက စိတ်ရင်းအရမ်းကောင်းတယ်... မင်းဘာမှ နားမလည်ရင် သူ့ကို မေးလို့ရတယ်... အဲ့ဒါက ခေါင်းကုတ်ပြီး အမှားတွေ လျှောက်ပြီးထင်နေတာထက် ကောင်းပါတယ်..."

ဖူလီက ဝင်ပေါက်ကို လှမ်းကြည့်လိုက်သည်။ အဘိုးအိုက အပြင်ဘက် လျှောက်လမ်းကို ကြမ်းတိုက်နေလေသည်။ 

အတန်ကြာပြီးနောက် ဖူလီက မျက်မှောင်ကြုတ်လိုက်သည်။