Chapter 23
ချေးငွေ
"ဦးလေး ကျွန်တော် အဲ့ဒါ ကူသယ်ပေးမယ်လေ..."
ဖူလီ အလုပ်ဆင်းသောအခါ သူက ပညာရှိ သန့်ရှင်းရေး ဦးလေးကြီးက ဘယ်လက်တွင် ကြမ်းတိုက်တံတစ်ခုကို ကိုင်ထားကာ ညာလက်တွင် သန့်ရှင်းရေး ရေပုံတစ်ခုကိုင်ထားသည်ကို တွေ့လိုက်သည်။ သူချော်လဲမည်ကို စိုးရိမ်၍ ဖူလီက သွားကာ ရေပုံးကို ကူသယ်ပေးလိုက်သည်။
"ကျေးဇူးပါ လူလေး..."
ဦးလေးက ဖူလီကို ပြုံးပြလိုက်သည်။
"မင်းက လူသစ် ဖူလေးလား..."
"ဟုတ်..."
ဖူလီက ခေါင်းညိမ့်ပြလိုက်သည်။ ဦးလေးအား သန့်ရှင်းရေးပစ္စည်းများ အခန်းထဲသို့ ကူထားပေးပြီးနောက် သူတို့နှစ်ဦးက အပြင်သို့ လျှောက်ထွက်လာရာ မိုးရွာနေသည်ကို သိသွားလေသည်။
"ခုဏတုန်းကတောင် အဆင်ပြေနေသေးတယ်ကို... ဘယ်လိုလုပ် ဒီလောက်ကြီး မိုးသည်းသွားတာလဲ..."
ဦးလေးကြီးက ဆိုလိုက်ပြီး နောက်လှည့်ကာ ပြန်ဝင်သွားသည်။ ဖူလီက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ မကြာမီတွင် ဦးလေးကြီးက ထီးအဟောင်းတစ်ခုဖြင့် ပြန်ထွက်လာသည်ကို တွေ့လိုက်သည်။
"ဆရာကြီးယောင်... ဒီလောက်မိုးသည်းနေတာတောင် အိမ်ကို အလောတကြီး ပြန်တော့မလို့လား..."
"အိမ်က ကြောင်က ငါပြန်လာတာကို စောင့်နေမှာ..."
ဦးလေးက ရယ်မောကာ ပြန်ဖြေလိုက်သည်။ သူ့အပြုအမူက အလွန် ကြင်နာတတ်ဟန် ရပေသည်။
"ဆရာကြီးယောင်..."
ဖူလီက ဦးလေးကြီးမှာ မိုးရေထဲသို့ လျှောက်ထွက်သွားတော့မည်ကို မြင်ကာ ခေါ်လိုက်သည်။
"ကျွန်တော် ထီးမယူလာမိလို့ အတူတူသွားရအောင်..."
"ရတာပေါ့..."
ဆရာကြီး ယောင်က ဝင်ပေါက်သို့ ပြန်လှည့်လျှောက်လာလေသည်။
"မြန်မြန်လာခဲ့ ရေမစိုစေနဲ့..."
ဖူလီက ထီးဝင်ခိုကာ ဆရာကြီး ယောင်၏ ခြေလှမ်းအတိုင်း အမီလိုက်လာခဲ့သည်။ ဆရာကြီးယောင်က ပြုံးကာ မေးလိုက်သည်။
"မင်းက ကိုယ့်ဘာသာကို လေ့လာနေတယ်လို့ ငါကြားတယ်... မင်း တက္ကသိုလ်တက်ဖို့ ပြင်ဆင်နေတာလား..."
ဖူလီက ခေါင်းညိမ့်ပြလိုက်သည်။
"စာလေ့လာရတာကို ကြိုက်တာ ကောင်းတယ်... လူသားဆိုတာက အသက်ကြီးတဲ့အထိ သင်ယူပြီး အသက်ကြီးတဲ့အထိ နေထိုင်ရတာပဲ..."
ဆရာကြီးယောင်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍ပင် နူးညံ့လာသည်။ သူတို့နှစ်ဦးက တံတားတစ်ခုကို ဖြတ်သွားရန် လိုအပ်ပေသည်။ ဖူလီက လက်တစ်ဖက် ဆန့်ထုတ်ကာ အဘိုးအိုကို တွဲပေးလိုက်သည်။ ဆရာကြီးယောင်က သူ့အား တွဲထားသော လက်တစ်ဖက်ကို ငုံကြည့်ကာ ပြုံးလိုက်သည်။
"သူတို့ရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်ကို ထုတ်မပြတတ်တဲ့ လူငယ်တွေက အခွင့်အရေး ဆုံးရှုံးတတ်တယ်..."
"မင်းက မိုးအရမ်းသည်းတော့ အဘိုးကြီးတစ်ယောက်တည်း လမ်းလျှောက်ဖို့ကို စိတ်မချလို့ ထီးမယူခဲ့ဘူးလို့ပြောတာ ဟုတ်တယ်မလား..."
ဆရာကြီး ယောင်က ဖူလီ၏ လက်ကို ပုတ်ပေးလိုက်သည်။
"မင်း နောက်ပိုင်း မိန်းကလေးတစ်ယောက်နောက်လိုက်ရင် အဲ့လို မလုပ်နဲ့... တခြားသူက သူတို့မင်းအပေါ် ဘယ်လောက်ကောင်းလဲဆိုတာ မသိရင် မင်းရဲ့အတွေးတွေက အဆုံးရှုံးမဖြစ်ဘူးလား..."
ဖူလီက နားမလည်ပါပေ။
သူက ဘာလို့ သူလုပ်တဲ့ ကိစ္စကို တခြားသူတွေကို အသိပေးရမှာလဲ... အဲ့ဒါက လက်ထောင်တတ်တဲ့ အကျင့်ပဲ မဟုတ်လား... အဲ့ဒါက လိုအပ်လို့လား... ပြီးတော့ လူသားလောကက လဲ့ဖုန်းရဲ့ နာမည်ကောင်းမယူပဲ ကောင်းမှုလုပ်တဲ့ စိတ်ထားကို အရမ်းမြင့်မြတ်တယ်လို့ တွေးတာမဟုတ်ဘူးလား...
ဒါပေမဲ့ ဒီအဘိုးကြီးက ဆရာတစ်ယောက်လေ... သူ့ပြောစကားတွေက... မမှားလောက်ပါဘူး...
ဆရာကြီးယောင်က ဖူလီ၏ စိတ်ရှုပ်ထွေးနေသော အမူအရာမှ ဤလူငယ်လေးမှာ အစကတည်းက သူ့အား နားမလည်သည်ကိုရော သူက မည်သူ့ကိုမှ မကြိုက်ဖူးသည်ကို သိပေသည်။ ဆရာကြီးယောင်က ဖူလီ၏ လက်မောင်းပေါ်တွင် လက်တစ်ဖက်တင်လိုက်သည်။
"ဒီနေ့ မိုးသည်းတယ်... မပြန်ခင် ငါ့ဆီမှာ ထမင်းစားသွား..."
"ဟုတ်..."
လူသားလောက၏ လောကဝတ်များကို နားမလည်သေးသည့် ဖူလီမှာ ငြင်းပင်မငြင်းပဲ ဆရာကြီးယောင်၏ ဖိတ်ခေါ်မှုကို တိုက်ရိုက်ပင် လက်ခံလိုက်သည်။
ဆရာကြီးယောင်၏ အိမ်မှာ သိပ်မဝေးပါပေ။ ပတ်ဝန်းကျင်မှာ အနည်းငယ် အိုဟောင်းနေကာ ဓာတ်လှေကား မရှိပါပေ။ ဦးလေးယောင်က စတုတ္ထထပ်တွင် နေထိုင်ရာ တစ်ထပ်ခြင်း လှေကားမှတက်ရန် လိုပေသည်။
ဆေးများ ကွာနေပြီဖြစ်သော သတ္ထုတံခါးလေးမှာ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း သေသေချာချာ သန့်ရှင်းထားပေသည်။ ဆရာကြီး ယောင်က သူ့ခါးတွင် ချည်ထားသော သော့များကိုဖြုတ်ကာ တံခါးဖွင့်လိုက်ပြီး တံခါးနောက်တွင် အော်နေသည့် သတ္တဝါလေးဆီသို့ လျှောက်သွားလေသည်။
၄င်းမှာ ကြောင်ဝတုတ်တစ်ကောင်ဖြစ်ကာ ဝလွန်းသဖြင့် ဘောလုံးတစ်လုံးနှင့်ပင် ဆင်တူနေပေသည်။
ဆရာကြီးယောင်နောက်ရှိ မရင်းနှီးသည့် ဖူလီကို မြင်ရာ ကြောင်ဝတုတ်ကြီး၏ အော်သံမှာ ပို၍ ကျယ်လောင်လာပေသည်။ ဖူလီ၏ ခြေထောက်ကို လှည့်ပတ်ပြီးနောက် ဆရာကြီးယောင်ရှေ့တွင် ပက်လက်လှန်ကာ လဲလှောင်းလိုက်သည်။
"အားယိုး... ငါတို့ ထွမ်ထွမ်လေး ဗိုက်ဆာနေပြီလား... ဘိုးဘိုး စားဖို့ တစ်ခုခု ချက်ချင်းလုပ်ပေးမယ်နော်..."
ဆရာကြီးယောင်က ကြောင်ဝတုတ်ကြီးကို ချော့မော့ကာ ဖူလီကိုပြောလိုက်သည်။
"ဖူလေး သက်တောင့်သက်သာနေ... ငါ ထွမ်ထွမ်စားဖို့ တစ်ခုခုလုပ်ပေးလိုက်ဦးမယ်..."
"ဟုတ်..."
ဖူလီက ကြမ်းပြင်ပေါ်တွင် လှိမ့်နေသော ကြောင်ကို လှမ်းကြည့်လိုက်သည်။ သူက ခေတ်ဟောင်းဆိုဖာတစ်ခုဆီသို့လျှောက်လာပြီး ထိုင်လိုက်သည်။ လက်ဖက်ရည်စားပွဲပေါ်တွင် သစ်သီးပန်းကန်တစ်ခုတင်ထားပြီး ၄င်းထဲတွင် အနည်းငယ် မဲနေသော ငှက်ပျောသီးများမှလွဲ၍ ဘာမှမရှိပါပေ။ နံရံပေါ်တွင် ဓာတ်ပုံနှင့် ဆုလက်မှတ်များစွာ ချိတ်ထားပေသည်။ ဆရာကြီးယောင်နှင့် အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံကို အလယ်တွင် ချိတ်ထားလေသည်။ သို့သော် ဖူလီက ဤအိမ်တွင် ဆရာကြီးယောင်တစ်ဦးတည်း၏ အနံ့သာရသည်ကို သဘောပေါက်လေသည်။
"ညှောင်..."
ကြောင်ဝတုတ်ကြီးက လက်ဘက်ရည်စားပွဲပေါ်သို့ ခုန်တက်လာသည်။ ၄င်း မျက်လုံးဝိုင်းကြီးများက ဖူလီကို စိုက်ကြည့်ကာ စူးစမ်းနေပုံရပေသည်။
ဖူလီက ခေါင်းငုံလိုက်ရာ သူတို့က အကြည့်ချင်း ဆုံသွားကြသည်။ သူက လက်တစ်ဖက်ဆန့်ကာ ၄င်း၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
ကြောင်ဝတုတ်ဘေးမှာ ၄င်းက လှုပ်ရှားမရသည်ကို အလန့်တကြားသဘောပေါက်ကာ ဒေါသထွက်နေသည့် ဘောလုံးတစ်လုံးကဲ့သို့ တစ်ကိုယ်လုံး လူသား၏ ထိကိုင်ခြင်းကို ခံလိုက်ရသည်။
"စိတ်မပူပါနဲ့... ငါက မင်းပိုင်ရှင်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ... ငါမင်းကို ရန်မပြုပါဘူး..."
"ညှောင်..."
အဲ့ဒါ ငါ့ အစေခံ ပိုင်ရှင်မဟုတ်ဘူး...
"ဖူလေး... ရေသောက်ဦးလေ..."
ဆရာကြီးယောင်က ကြောင်စာတစ်ပန်းကန်ကို သယ်လာပြီး ဖူလီအတွက် ရေတစ်ခွက် ထည့်ပေးလိုက်သည်။
"အရင်ဆုံး ထိုင်နေဦး... ငါ နေ့လည်စာ ပြင်လိုက်မယ်..."
ဖူလီက လူသား၏ လက်ဖမိုးပေါ်ရှိ အစက်အပြောက်များ၊ အရေးအကြောင်းများကို မြင်လိုက်သည်။ သူက မတ်တပ်ရပ်ကာ ဆိုလိုက်သည်။
"ဆရာကြီးယောင်... ဆရာ့ဆီက ဟင်းချက်သင်ခွင့်ပြုပါ..."
"ရတာပေါ့..."
ဆရာကြီး ယောင်က ခေါင်းညိတ်ပြလိုက်သည်။
"လူငယ်တွေ ဟင်းချက်တတ်ထားတာ ကောင်းတယ်... ဒီနေ့ခေတ် မိန်းကလေးတွေက အသက်မွေးဝမ်းကြောင်းဖို့ပဲ အဓိကထားပြီး အများအားဖြင့် ဟင်းမချက်တတ်ကြဘူး... ကောင်လေးတစ်ယောက်က ဟင်းချက်တတ်ရင် ကောင်မလေးကို လိုက်တဲ့အခါ တစ်ပန်းသာတယ်..."
ဖူလီက ဆရာကြီးယောင်၏ စကားများကို နားထောင်ကာ သူ့စိတ်ထဲတွင် လူသားများမှာ မျိုးပွားခြင်းအပေါ်တွင် အလွန်အရေးထားသည်ဟု မတွေးပဲ မနေနိုင်ပါချေ။ သူတို့က အမျိုးသမီးများ၏ စိတ်ထဲတွင် အကောင်းမြင်ခံရပါက မည်သည့်အရာကိုမဆို ပြုလုပ်ရန် အလိုရှိကြပေသည်။
သူတို့နှစ်ဦး စားသောက်နေစဉ်တွင် ကြောင်ဝတုတ်မှာ ဆရာကြီးယောင်၏ ဒူးပေါ်တွင် လှဲနေကာ ကပ်ချွဲနေလေသည်။ ဖူလီက ကြောင်ဝတုတ်၏ အမြီးလေး ယမ်းခါနေသည်ကိုကြည့်ကာ ခေါင်းငုံ့ပြီး ဆက်လက်စားသောက်နေလိုက်သည်။
စားသောက်ပြီးနောက် ဖူလီက ဆရာကြီးယောင်ကို မီးဖိုချောင်သန့်ရှင်းရာတွင် ကူညီပေးလိုက်သည်။ သူပြန်ရန် ပြင်ဆင်နေစဉ်မှာပင် ဆရာကြီးယောင်က သူ့အား စာကြည့်မှတ်စုများ စာအုပ်များလက်ဆောင်ပေးလိုက်ပေသည်။
"ငါဆရာလုပ်တုန်းက ကျောင်းက သုံးတဲ့ သင်ရိုးစာအုပ်တွေနဲ့ ပစ္စည်းတွေ အများကြီးရှိတယ်... မှတ်စု စာအုပ်တွေက ငါ့ရဲ့ သင်ကြားရေး မှတ်စုတွေပါတယ်... အဲ့ဒါတွေ ယူလာပြီး ကြည့်ကြည့်လိုက်... မင်းကို အကူအညီပေးလိမ့်မယ်..."
ဆရာကြီးယောင်က စာအုပ်များ၏ ဘေးဘက်ကို ယုယုယယ ထိလိုက်သည်။ ထိုစာအုပ်များသည် အလွန်အိုဟောင်းနေပြီးဖြစ်သော်လည်း အလွန်သန့်ရှင်းနေသေးသည်။
"ကျေးဇူးပါ..."
ဖူလီက စာအုပ်များကို လက်ခံလိုက်ပြီး ဆရာကြီးယောင်ကို အလေးအနက် ကျေးဇူးတင်လိုက်သည်။
"ငါ ဒါတွေကို သိမ်းထားလဲ သုံးစရာမရှိပါဘူး... သူတို့ရဲ့ တန်ဖိုးက မင်းယူတဲ့အပေါ်ပဲ မူတည်မှာ..."
ဆရာကြီးယောင်၏ အပြုံးက ကြင်နာပေသည်။ သူက ဖူလီအား လိမ္မာသည့် လူငယ်မျိုးဆက်သစ်တစ်ဦးကို ကြည့်ရသကဲ့သို့ ကြည့်လိုက်သည်။
ထိုအဖြစ်အပျက်ပြီးနောက် ဖူလီက ဆရာကြီးယောင်ကို မကြာခဏ အိမ်လိုက်ပို့တတ်သည်။ သူက တစ်ခါတစ်ရံ သီးနှံများ ဟင်းသီးဟင်းရွက်များပင် ပို့ပေးလေသည်။
ဆရာကြီးယောင် စကားပြောသည့်အခါတိုင်းတွင် ဖူလီက အလေးအနက် နားထောင်လေသည်။ သူက တစ်ခါတစ်ရံ ကြောင်ဝတုတ်၏ ခေါင်းကို ပွတ်သတ်နေတတ်သည်။
တစ်မနက်ခင်းတွင် သူက ပျင်းရိကာ အစားကြီးသော ကြောင်ဝတုတ်ကို ဟိုတယ်၏ ဝင်ပေါက်ရှေ့တွင် တွေ့လိုက်ရသည်။ သူ့အော်သံများက အရေးကြီး ကိစ္စတစ်ခုဖြစ်သွားသကဲ့သို့ စိုးရိမ်ကြောင့်ကြနေပေသည်။
ဖူလီက နောက်တစ်ချိန်တွင် အလုပ်လုပ်နေသည့် လုပ်ဖော်ကိုင်ဖက်ကို မစောင့်နိုင်တော့ပဲ ကြောင်ဝတုတ်နှင့်အတူ ဆရာကြီး ယောင်အိမ်သို့ ပြေးသွားလိုက်သည်။ တစ်စုံတစ်ဦးက သူ့အား အသေအချာ ကြည့်ရှုပါက သူ ပြေးသည့် အရှိန်မှာ အပြေးချန်ပီယံတစ်ဦးထက်ပင် မြန်နေသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် လူများက အလွန်အလုပ်ရှုပ်နေပေသည်။
ဘယ်သူက တစ်ယောက်ယောက်က ဘာလို့ပြေးနေတာလဲ ဘယ်လောက်မြန်မြန်ပြေးနေတာလဲဆိုတာကို ဂရုစိုက်မှာလဲ...
ဆရာကြီးယောင်က သေဆုံးသွားလေပြီ။ ဖူလီက သူ့အိမ်ထဲတွင် ငြိမ်းချမ်းရေး သစ်ကိုင်းတစ်ကိုင်း တိတ်တဆိတ်ထားထားသော်လည်း သူ့၏ ကံကြမ္မာကို မပြောင်းလဲနိုင်ပါချေ။
သေမင်းက တစ်စုံတစ်ဦးကို သေစေလိုပါက ထိုသူသည် မနက်၃နာရီအထိ အသက်ရှင်မည် မဟုတ်ပါပေ။
ဆရာကြီးယောင်မှာ ကလေးမရှိသည့်အပြင် သူ့၏ မိသားစုဝင်များက လွန်ခဲ့သည့် ၁၀နှစ်ကျော်က သေဆုံးသွားပြီ ဖြစ်လေသည်။ သူက ရှေ့နှစ်များကဆင်းရဲသည့် ကလေးငယ်များကို ငွေရေးကြေးရေး အကူညီပေးထားသည်ဖြစ်ရာ အိမ်၏ အဖိုးတန် စာအုပ်များနှင့် အိမ်အဟောင်းကလေးမှအပ ဘာမှ မကျန်ခဲ့ပါပေ။ ဆရာကြီးယောင်၏ ဆန္ဒအရ အိမ်ကို သက်ဆိုင်ရာ ဌာနသို့ရောင်းချကာ ငွေများကို မျှော်လင့်ခြင်း စီမံကိန်းသို့လှူဒါန်းမည်ဖြစ်ပြီး စာအုပ်များကို ကျောင်းစာကြည့်တိုက်သို့ လှူဒါန်းမည် ဖြစ်ပေသည်။
ဈာပနသို့ လူအများအပြား လာရောက်ပေသည်။ ထိုသူများတွင် ဆရာကြီးယောင်က ငွေရေးကြေးရေး ကူညီထားသော ကလေးများ၊ သူတို့၏ မိဘများနှင့် သင်ကြားခဲ့ဖူးသော ကျောင်းသားများ ပါဝင်လေသည်။ ထိုသူများက ဝမ်းနည်းမျက်ရည်များ စိုစွတ်နေလေသည်။ ဆရာကြီးယောင်က ကလေးမရှိသော်လည်း သူ့၏ ဈာပနမှာ အနည်းငယ်မျှပင် မအေးစက်နေပါချေ။
ဆရာကြီးယောင်မွေးထားသော ကြောင်မှာလည်း ဈာပန ခန်းမထဲသို့ ဝင်ရောက်လိုသည်။ သို့သော် ရိုးရာဓလေ့များအရ လူသားတို့၏ ဈာပနတွင် ကြောင်များကို ခွင့်မပြုရာ မောင်းထုတ်လိုက်ကြလေသည်။
ဖူလီက ထောင့်တွင်ရပ်ကာ အမွေးများ ရှုပ်ပွနေသော ကြောင်ဝတုတ်ကို ကြည့်လိုက်သည်။ သူက ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
"မင်းက လူသားပုံစံ မကျင့်ကြံရသေးတဲ့ ကြောင်တစ်ကောင်ပဲ..."
ဈာပနခန်းမထဲမှ အမွှေးတိုင်အနံ့က စိမ့်ထွက်လာလေသည်။ ဆရာကြီးယောင်က အနက်ရောင် ရှပ်အင်္ကျီ၊ ဘောင်းဘီဖြင့် လျှောက်ထွက်လာသည်။ သူ့ကိုလမ်းပြနေသည်မှာ ဝမ့်ကျန်းဟုခေါ်သော ယင်းချိုင်ဖြစ်ပေသည်။
ဖူလီက ခြေလှမ်းအနည်းငယ် ရှေ့တက်ကာ ယင်းချိုင်၏ လမ်းကို မပိတ်ပဲ မနေနိုင်ပေါချေ။
"ကျင့်ကြံသူဖူ... လူသားတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာရှိတယ်... အဲ့ဒါကို ဘယ်သူမှ ပြောင်းလို့မရဘူး..."
ဝမ့်ကျန်းက ရှေ့တက်လာသည့် ဖူလီကို မြင်ရာ သူ့အသံမှာ အနည်းငယ် တိုးသွားလေသည်။
"လူသားတစ်ယောက်ရဲ့ ကံကြမ္မာကို အတင်းပြောင်းလဲတာက နောက်ဘဝတွေမှာ အဲ့လူသားရဲ့ သူတော်ကောင်းတရားကို အန္တရာယ်ဖြစ်စေမှာပါ... သူ့အတွက် ဘာအကျိုးမှ မရှိဘူး..."
ဖူလီက အတန်ကြာအောင် တိတ်ဆိတ်နေလေသည်။ သူက စိတ်ဓာတ်ကျနေသော အသံဖြင့် ဆိုလိုက်သည်။
"လူသားတွေရဲ့ ကံက ပြောင်းလဲလို့ရပေမဲ့ ကံကြမ္မာက ပြောင်းလို့မရဘူးဆိုတာ ငါသိပါတယ်..."
သူက သဘောကောင်းကာ ကြင်နာတတ်သော ဆရာကြီးယောင်ကို မော့ကြည့်လိုက်သည်။
"လမ်းခရီး ချောမွေ့ပါစေ..."
လူတစ်ဦး၏ ကံကြမ္မာမှာ ကောင်းကင်ဘုံက သတ်မှတ်ထားသည်ဖြစ်ကာ ပြောင်းလဲ မရနိုင်ပါပေ။ ဤေကာင်းကင်အောက်ရှိ မည်သူကမှ သူတို့အလိုရှိသလို မပြုလုပ်နိုင်ပါပေ။
ဆရာကြီးယောင်က ဖူလီသူ့အားမြင်ရမည်ဟု မျှော်လင့်မထားပါပေ။ သူက အတန်ကြာအောင် အံ့အားသင့်နေပြီးမှ ပြုံးပြလိုက်သည်။
"ညှောင်..."
ကြောင်က ခြေထောက်တိုလေးများဖြင့် လျှောက်လာပြီး ဆရာကြီးယောင်ကို သူ့အမြီးယမ်းပြလိုက်သည်။
"ဖူလေး... သူ့ကို ဂရုစိုက်ပေးပါကွာ..."
ဆရာကြီးယောင်က ငုံ့ကိုင်းလိုက်ကာ ကြောင်၏ ဗိုက်ကို ထိလိုသော်လည်း သူ့လက်က ၄င်း၏ ခန္ဓာကိုယ်ကို ဖြတ်သွားလေသည်။
"ညှောင်..."
ကြောင်က နားမလည်ဟန်ပင်။ ယခင်ကဲ့သို့ ၄င်းက ဆရာကြီးယောင်၏ လက်ဖဝါးကို ပွတ်သပ်ကာ မြေပြင်တွင် လူးလိမ့်နေသည်။ ဆရာကြီးယောင်က ရယ်မောက ထရပ်လိုက်ပြီး ဝမ့်ကျန်းကို စကားဆိုလိုက်သည်။
"သွားကြစို့... ငါ့မိန်းမကို သွားရှာရမဲ့ အချိန်ပဲ... ငါ့သူ့ကို အကြာကြီး စောင့်နေရအောင် လုပ်ထားတာ... သူ့ကို ပြန်တွေ့ရင် သေချာပေါက် အဆူခံရမယ်ထင်တယ်..."
ဖူလီ၏ အကြည့်များက ထွက်ခွာသွားသည့် ဆရာကြီး ယောင်နှင့် ယင်းချိုင်နောက်သို့ ကပ်ပါသွားလေသည်။ သူက သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။ ထိုနေရာက အလွန်ပျော်နေပုံ မရပါချေ။
သို့သော် သူက အကောင်းဆုံး ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ လူသား၏ ကံကြမ္မာကို ဆုံးဖြတ်သည်မှာ ကောင်းကင်ဘုံဖြစ်ပေရာ ငြိမ်ချမ်းရေး သစ်ကိုင်းက ဆရာကြီးယောင်၏ဘဝကို မကယ်တင်နိုင်ပါပေ။
အဲ့ဒါဆို သူက ဘာလို့မပျော်တာလဲ... သူက လူသားတွေ အများကြီးနဲ့ ဆက်ဆံလိုက်လို့ သူတို့ရဲ့ ပြစ်ချက်ဖြစ်တဲ့ ကျိုးကြောင်းမဆီလျော်တာကို ရလာတာများလား...
.....
ကျွမ်းချင်မှာ သုံးရက်တိုင်တိုင် လူသစ်ရွေးခြင်းအတွက် မေးခွန်းများကို ပြန်လည်ကြည့်ရှုနေခြင်းဖြစ်သည်။ ဖူလီ သူ့အားလာရှာသည်ဟုကြားသောအခါ သူ့စိတ်ထဲတွင် ထင်မြင်ချက်တစ်ခုပေါ်လာလေသည်။
သူက စာမေးပွဲမေးခွန်းတောင်းပြီး အနောက်တံခါးကဝင်ဖို့ ရောက်လာတာများလား...
ထိုသူမှာ ၄င်းကို တွေးပင်မတွေးသင့်ပါပေ။ သူက ထိုကဲ့သို့ နဂါးတစ်ကောင်မဟုတ်ပေ။ စာမေးပွဲတွင် ခိုးချသည်ဆိုခြင်းမှာ အလွန်ရှက်စရာကောင်းလှပေသည်။
သို့သော် သူတို့နှစ်ဦး မျက်နှာချင်းဆိုင်ထိုက်လိုက်သည့်အခါ သူက အလွန်ရိုးရှင်းစွာ တွေးတောမိသည်ကို သဘောပေါက်သွားလေသည်။
"ကျွမ်းလူကြီးမင်း..."
ဖူလီက ကွန်ပျူတာနောက်တွင် ထိုင်ကာ တည်ရှိနေခြင်းကပင် ဖိအားများ ပေးနိုင်သည့် သွေးနှောရွှေနဂါးကို ကြည့်လိုက်သည်။ ဖူလီမျက်နှာထက်တွင် စိတ်လိုလက်ရ အပြုံးတစ်ခု ပေါ်လာလေသည်။
"ငါ မင်းဆီက ယွမ်၂သန်းလောက် ချေးလို့ရမလား..."
"ဘာ..."
ကျွမ်းချင်က သူ့နားများက တစ်ခုခုမှားနေပြီဟု သံသယဝင်လာလေသည်။