Chapter 24
အချိန်တွေက ဆိုးတယ်
ဖူလီက ကျွမ်းချင်၏ အသံထဲမှ ငြင်းဆိုမှုကို မကြားပဲ ပမာဏကို ရှင်းရှင်းလင်းလင်းမကြားဟု ထင်နေပေသည်။
"၂သန်း..."
ကျွမ်းချင်က တိတ်ဆိတ်နေသည်။ သူက ဖူလီအား ကျိုးကြောင်းမဆီလျော်သည့် တီဗွီဒရမ်မာတစ်ခုကို ကြည်နေရသကဲ့သို့ ကြည့်လိုက်သည်။
"ငါ မိစ္ဆာတွေ သိပ်များများ မသိဘူး... ဘဲခေါင်းစိမ်းပြောတာက သူမှာ ပိုက်ဆံမရှိဘူးတဲ့... တခြားသူတွေကလည်း မင်းရဲ့ဗျုရိုထဲမှာဆို..."
ဖူလီက စက္ကူခွက်ကို ကိုင်ကာ ရေသောက်လိုက်သည်။
"မင်းက ငါသိတဲ့ မိစ္ဆာတွေထဲမှာ ပိုက်ဆံ အရှိဆုံးပဲ..."
ကျွမ်းချင် : အဲ့တော့ ဘယ်ကနေပြီး ငါမင်းကို ပိုက်ဆံချေးမယ်လို့ ထင်မြင်ချက်အမှားတွေရလာတာလဲ...
"တကယ်တော့ ငါကလည်း ပစ္စည်းတွေချေးရတာ သိပ်မကြိုက်တဲ့ မိစ္ဆာပါ..."
ဖူလီက ရှက်ရွံ့စွာ ပြုံးလိုက်သည်။
ကျွမ်းချင်က သူ့၏ လက်ဖက်ရည်ခွက်ကို ကောက်ကာ သောက်လိုက်သည်။
အဲ့ဒါဆိုလည်း မင်းမကြိုက်တာကို အတင်းမလုပ်တာ ပိုကောင်းမယ်...
"ငါဒီလထဲမှာ အရမ်းကောင်းတဲ့ လူသားတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်..."
ဖူလီ၏ မျက်နှာထက်ရှိ အပြုံးက မှိန်ဖျော့သွားလေသည်။
"သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆုံးသွားတာ..."
"လူသားတွေက အမြဲတမ်း သေခြင်းကို အရှုံးပေးရတာပဲလေ... ဒါက ဘဝသံသရာရဲ့ သဘာဝပဲ..."
ကျွမ်းချင်၏ မျက်နှာထက်မှ လျစ်လျူရှုခြင်းမှာ အနည်းငယ် လျော့ကျသွားသည်။ သူက လက်ဖက်ရည်ခွက်ကို ချကာဆိုလိုက်သည်။
"အရမ်းကြီး ဝမ်းနည်းမနေနဲ့..."
"ငါ ဝမ်းမနည်းပါဘူး..."
ဖူလီက ခေါင်းမော့ကာ သူ့အား ပြုံးပြလာသည်။
"ဒါပေမဲ့ ကျေးဇူးပါ..."
ဖူလီ၏ နက်စွေးစွေးမျက်လုံးများနှင့် ရင်ဆိုင်ရရာ ကျွမ်းချင်က ဖော်မပြတတ်အောင် နေရခက်လာပေသည်။ သူက အကြည့်လွှဲလိုက်သည်။
"မင်းက မိစ္ဆာတစ်ကောင်ပဲလေ... အဲ့လောက် ပိုက်ဆံအများကြီးနဲ့ ဘာလုပ်မလို့လဲ..."
ငွေပမာဏမှာ အိမ်ထောင်ပြုခြင်း သို့မဟုတ် အိမ်ဝယ်ခြင်းဟူသော ရည်ရွယ်ချက်များအတွက် အလွန်နည်းပါးနေကာ အစားအသောက် သို့မဟုတ် အဝတ်အစားတို့အတွက် များလွန်းနေပေသည်။
"အဲ့လူသားမွေးထားတဲ့ ကြောင်ဆီကနေ သူက သူ့ရဲ့ သေသွားတဲ့ မိန်းမဘေးမှာ မြေမြှုပ်ခံချင်တယ်လို့ ပြောဖူးတယ်လို့ ကြားလို့... ဒါပေမဲ့ နောက်ပိုင်းကျတော့ သူက သူစုထားတဲ့ ပိုက်ဆံတွေကို အပြင်းအထန် ဖျားနေတဲ့ကလေးတစ်ယောက်ကို လှူလိုက်လို့ စုံတွဲအုတ်ဂူအတွက် ပိုက်ဆံမလောက်တော့ဘူး..."
ဖူလီက နှုတ်ခမ်းသတ်လိုက်ကာ ဆက်ပြောလာသည်။
"သက်ဆိုင်ရာဌာနက သူ့ရဲ့အရင်က ကောင်းမှုတွေကို ကြားပြီးတော့ သူ့အတွက် အုတ်ဂူတစ်ခု လှူပေးတယ်... ငါ အုတ်ဂူကို သွားကြည့်ပြီးပြီ... သူတို့စုံတွဲကို အဲ့မှာ မြှုပ်မယ်ဆိုရင် နောက်ဘဝမှာ လင်မယားပြန်ဖြစ်ဖို့ အခွင့်အရေးလုံးဝ မရှိဘူး..."
"အဲ့တော့ မင်းက အိတ်စိုက်ပြီး သူတို့အတွက် အုတ်ဂူဝယ်ပေးချင်တယ်ပေါ့..."
ကျွမ်းချင်က သူ ဤမိစ္ဆာကို နားမလည်သည်ကို သဘောပေါက်သွားလေသည်။ သူက တစ်ခါတစ်ရံ ငွေထက်အရေးကြီးသည်များ ထားရှိဟန်ထင်ရသော်လည်း ငွေသုံးရသည့်အခါများတွင် ငွေကိုအရေးပါသည်ဟု ယူဆတတ်သည်။
၄င်းကို တွေးတောပြီးနောက် သူက ဤမိစ္ဆာမှာ လူသားအနည်းငယ်ဖြင့်သာ ဆက်ဆံရသေးသည်ဖြစ်၍ သူ့၏ အမြင်မှာ အလွန်ရိုးရှင်းကာ အကောင်းမြင်သည်ဟုသာ ဆိုနိုင်ပေသည်။
"လူကြီးမင်းဖူ... ပိုက်ဆံရှာရတာလဲ မလွယ်ဘူးနော်... ငါတို့ ဗျူရိုက အမြဲတမ်း အချိန်ပိုဆင်းရပြီး အထက်ပိုင်းတွေက ငါတို့ကို အမြဲတမ်း ခရီးစရိတ်ပြန်မပေးဘူး... ပြီးတော့ လုပ်အားခ နောက်ကျတာတွေလဲ ရှိတတ်တယ်..."
"လူကြီးမင်းကျွမ်း... မင်းဆိုလိုတာကို ငါနားလည်ပါတယ်..."
ဖူလီ၏ အမူအရာက လေးနက်နေပေသည်။
ကျွမ်းချင်၏ အမူအရာက ပေါ့ပါးသွားသည်။
သူက သူ့ရဲ့ ပါးနပ်တဲ့ ငြင်းဆိုချက်ကို နားလည်ရင် ကောင်းတာပေါ့...
"ငါ ပြီးရင် လူကြီးမင်းချူးယွီဆီသွားပြီး ငါ့ရဲ့ လူသစ်ရွေးပွဲ လျှောက်လွှာကို ပြန်သိမ်းထားလိုက်ပါမယ်..."
လူကြီးမင်းဖူက သက်ပြင်းချလိုက်သည်။
"လုပ်အားခက ဘယ်လောက်တောင် နောက်ကျနိုင်မှာလဲ..."
ဒီမိစ္ဆာက နဂါးစကားကို နားလည်တာလား... တမင်ပဲ တုံးချင်ယောင်ဆောင်နေတာလား...
ကျွမ်းချင်က သူ့နှလုံးသားထဲတွင် သက်ပြင်းချလိုက်လေသည်။
"ငါဆိုလိုချင်တာက..."
"ဘော့စ်..."
ချူးယွီက တံခါးကို တွန်းဖွင့်ကာ အလန့်တကြားဖြင့် ဝင်လာသည်။
"မိုးပြာနဂါးတစ်ချို့ ဇွတ်ဝင်လာတယ်..."
"လန့်မသွားနဲ့..."
ကျွမ်းချင်က ထရပ်ကာ ချူးယွီကို ပြောလိုက်သည်။
"ငါသွားလိုက်မယ်..."
ကျွမ်းချင်၏ ခြေထောက်များက အလွန်ရှည်လျားသည်။ သူက ရုံးခန်းထဲမှ ခြေလှမ်းအနည်းငယ်ဖြင့် ထွက်သွားလေသည်။
"ခဏလေး..."
ဖူလီက ချူးယွီကို တားလိုက်သည်။
"မိုးပြာနဂါးလို့ မင်းပြောလိုက်တာလား..."
သူ့အသက် ကယ်တင်ရှင်နှင့် ရင်ဆိုင်ရသည်ဖြစ်ရာ ချူးယွီ၏ စိတ်သဘောထားက ပိုမကောင်းနိုင်တော့ပါချေ။
"ကျေးဇူးရှင်လေး... အစ်ကို မသိလောက်ပေမဲ့ နဂါးမျိုးနွယ်က အမြဲတမ်း မာနကြီးနေတာ... အထူးသဖြင့် မိုးပြာနဂါးမျိုးနွယ်ပဲ... ပြီးခဲ့တဲ့ နှစ်တုန်းက မြောက်ပိုင်းရေကန်ပတ်ဝန်းကျင်မှာ လူသားတစ်ချို့ ပျောက်သွားတယ်... သူတို့ကို မြောက်ပိုင်းရေကန်ရဲ့ မိုးပြာနဂါးတွေက အစားအဖြစ် စားလိုက်ကြတာ... ဒါပေမဲ့ နဂါးမျိုးနွယ်က အဲ့နေရာမှာ သက်သေရှာမတွေ့အောင် လုပ်ပြီး အဲ့ဒါကို ဖုံးထားပေးကြတာ...
သူတို့ကို မထင်မရှား အပြစ်ပေးတာက လွဲပြီး ကျွန်တော်တို့က အဲ့ကိစ္စကို ဒီအတိုင်း ထားပေးလိုက်ရတာ..."
"ဒီတစ်ခေါက် မြောက်ပိုင်းရေကန်ရဲ့ နဂါးသခင်က စိတ်လိုက်မာန်ပါလုပ်ပြီး ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေကို ဒဏ်ရာရစေပြီး ပြစ်ဒဏ်ကိုတောင် ရှောင်နေတာ... ဘော့စ်က နောက်ဆုံးမှ မြောက်ပိုင်းရေကန်ရဲ့ နဂါးသခင်ကို စိတ်ဝိညာဉ် ပိတ်လှောင်အစီအရင်ထဲမှာ ချိတ်ပိတ်ဖို့ အကြောင်းပြချက်ရလာခဲ့တာ...."
ချူးယွီက ခါးသက်စွာ ပြုံးလိုက်သည်။
"ဒါပေမဲ့ အခြေအနေအမှန်ကို အစ်ကိုမြင်တဲ့အတိုင်းပဲ... မြောက်ပိုင်းရေကန်ရဲ့ နဂါးသခင်က အကျဉ်းကျနေတာ တစ်လပဲ ရှိသေးတာ မိုးပြာနဂါးမျိုးနွယ်က လာပြီး ရန်စနေပြီ..."
"သူတို့ရဲ့ အပြုအမူတွေကို ရဲတွေကို ဆန့်ကျင်တိုက်ခိုက်တယ်လို့ ယူဆလို့ မရဘူးလား..."
ဖူလီက မျက်မှောင်ကြုတ်လိုက်သည်။
ချူးယွီက အတန်ကြာအောင် ကြောင်ငေးနေပြီးမှ ခေါင်းငြိမ်ပြလိုက်သည်။
"ဖြစ်-ဖြစ်နိုင်ပါတယ်..."
"သူတို့က ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဥပဒေမဲ့ လုပ်ရပ်မျိုး လုပ်နိုင်ရတာလဲ..."
ဖူလီက မျက်မှောင်ကြုတ်ထားသည်မှာ မျက်ခုံးနှစ်ခု ထိလုနီးနီးပင်။
"မင်းတို့ရဲ့ လုပ်အားခက အရမ်းနည်းတာတင်မကဘူး ဟိုဟိုဒီဒီလဲ နှောင့်နှေးသေးတယ်... ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမှာ ဆိုရင်တောင် မင်းတို့တွေ အားလုံးက ကျင့်ကြံခြင်းလောကရဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေကြတာပဲလေ... အဲ့ဒါကိုတောင် မင်းတို့ကို ပြဿနာရှာချင်တဲ့ မိစ္ဆာတွေ ရှိနေသေးတယ်... အဲ့မိစ္ဆာတွေက တကယ်ကို ကိုယ်ကျင့်တရားမရှိတာပဲ..."
"အဲ့လိုတော့ မဟုတ်... မဟုတ်ပါဘူး... မဟုတ်သေးဘူး..."
သူတို့၏ စီမံရေးဗျူရိုမှာ အကျိုးကျေးဇူးများစွာရှိပေသည်။
ဘယ်တုန်းက သူတို့ရဲ့ လုပ်အားခက နှောင့်နှေးသွားတာလဲ... သူတို့က တကယ်ပဲ အဲ့လောက် သနားစရာကောင်းနေရင် ဘာလို့ လူသားတွေ၊ မိစ္ဆာတွေနဲ့ သရဲကျင့်ကြံသူတွေ အများကြီးက နေရာတစ်ခု ရဖို့ အပြေးလာနေမှာလဲ...
ဘာကများ ကျေးဇူးရှင်လေးက သူတို့က ဆင်းရဲမွဲတေနေတယ်လို့ အထင်လွဲသွားစေတာလဲ...
ရောက်ရှိလာသော မိုးပြာနဂါးများစွာမှာ မိုးပြာနဂါးမျိုးနွယ်၏ စီနီယာများ ဖြစ်ကြသည်။ သူတို့၏ လူသားပုံစံမှာ ခံ့ညားကာ ဖြောင့်မတ်လှပြီး သူတို့၏ အပြုအမူများမှာလည်း အလွန် တည်ငြိမ်ပေသည်။ ဗျူရိုသို့ ရောက်ပြီးနောက် သူတို့က စတင်မတိုက်ခိုက်ပါပေ။ သို့သော် သူတို့ ထိုနေရာတွင် ထိုင်နေသည်ဟူသော အချက်မှာပင် လက်စားချေခြင်း၏ ခံစားချက်များကို ဖြစ်ပေါ်စေပေသည်။
ဤအဖွဲ့ထဲမှ အကြီးဆုံး မိုးပြာနဂါးမှာ ချင်ယန်းဟု ခေါ်ပေသည်။ သူက တခြားသော မိုးပြာနဂါးတစ်ချို့နှင့် ခြားနားပေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေသည်သာမက သူက သူ၏ နဂါးခွန်အားကိုလည်း ထိန်းချုပ်ထားပေသည်။ ကျွမ်းချင်ပေါ်လာသည်ကို မြင်ပြီးနောက် သူက လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချကာ ထရပ်လိုက်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။
"နဂါးသခင် ကျွမ်းချင်..."
ကျွမ်းချင်က မည်သည့် ပင်လယ်ကိုရော ရေကန်ကိုမှ မထိန်းချုပ်ကာ သူက သွေးနှောနဂါးတစ်ကောင်ဖြစ်သော်လည်း သူက မျိုးနွယ်စု၏ ကံကြမ္မာနှင့် ချည်နှောင်ထားရာ သူ့အား နဂါးသခင်ဟူသော ဂုဏ်ပုဒ်ကို ပေးအပ်ခြင်းမှာ လေးစားလွန်းခြင်း မဟုတ်ပါချေ။ သို့သော် ချင်ယန်းမှလွဲ၍ တခြားသော နဂါးများအားလုံးက အလွန်မောက်မာသော စိတ်ထားကို ပြသလာပေသည်။ သူတို့က လူသားသွေးဖြင့် ရောယှက်နေသည့် ရွှေနဂါး ကျွမ်းချင်ကို အရေးမစိုက်လိုသည်မှာ ရှင်းလင်းလှပေသည်။
"နဂါးသခင်ချင်ယန်း..."
ကျွမ်းချင်က ပြန်လည် နှုတ်ဆက်လိုက်သည်။ သူ့အကြည့်က မိုးပြာနဂါးများစွာကို တည်ငြိမ်စွာ ဝေ့ကြည့်လိုက်သည်။
"ဒီက ဆရာတွေက ကျွန်တော်ရဲ့ ဗျူရိုကို ဘာကြောင့်ရောက်လာတာလဲ ကျွန်တော်မသေချာတော့ဘူး..."
"ကျွမ်းချင်... မင်းက ကိုယ်ပိုင် လှုပ်ရှားမှုအတွက် အာဏာသုံးပြီး ငါတို့ နဂါးမျိုးနွယ်ရဲ့ လူငယ်တစ်ယောက်ကို မင်းရဲ့ ဗျူရိုထဲမှာ ဖမ်းထားတယ်လို့ ကြားတယ်..."
အဘိုးအိုတစ်ဦးက ကျွမ်းချင်ကို ရွံ့ရှာစွာ ကြည့်လိုက်သည်။
"အစောပိုင်းနှစ်တွေမှာ မင်းနဲ့ နဂါးမျိုးနွယ်ကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိတာ ငါသိတယ်... ဒါပေမဲ့ မင်းက ဗျူရိုရဲ့ ခေါင်းဆောင်ဖြစ်တာနဲ့ပဲ စိတ်တိုင်းကျ လုပ်လို့ရမယ် ထင်မနေနဲ့..."
"မြောက်ပိုင်းရေကန်ရဲ့ နဂါးသခင်က ဆင်းသက်ရာမှာ မိုးသီးကျစေပြီး ဥပဒေချိုးဖောက်ခဲ့တာပါ... ယာဉ်တွေအများကြီး ပျက်စီးပြီး လူသားတွေလည်း ထိခိုက်ဒဏ်ရာရကုန်ကြတာ... သူတို့က အခုထိတောင် ဆေးရုံမှာပဲ ရှိနေကြသေးတာ... ဆင်ခြေဖုံးမှာ ရှိတဲ့ သီးနှံဆုံးရှုံးမှုတွေဆိုရင် ပိုတောင် များသေးတယ်..."
ကျွမ်းချင်၏ အကြည့်က အေးစက်သွားလေသည်။
"ခင်ဗျားတို့ နဂါးမျိုးနွယ်အတွက်တော့ မိုးသီးဆိုတာ ဒေါသထွက်ပြီးရင် ဂရုစိုက်စရာ မလိုတဲ့ ကိစ္စတစ်ခုဖြစ်မှာပေါ့... ဒါပေမဲ့ လယ်သမားတွေ အတွက်ကျတော့ ဖျက်ဆီးခံလိုက်ရတဲ့ ကောက်ပဲသီးနှံတွေက တစ်နှစ်တာ ဝင်ငွေပဲ..."
အဘိုးအို၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားလေသည်။ သူက ချက်ချင်းပင် ပြန်တုံ့ပြန်လိုက်သည်။
"အဲ့လိုဆိုရင်တောင် သူ့ကို မင်း နှစ်၁၅၀ ထောင်မချသင့်ဘူး..."
"ကျင့်ကြံခြင်းလောကရဲ့ ဥပဒေအရဆိုရင် သာမန်လူတွေကို ထိခိုက်စေတဲ့ ဘယ်မိစ္ဆာမဆို ၁၀နှစ်ကနေ အနှစ်၅၀အထိ အကျဉ်းချခံရမယ်... မင်းက အပြစ်ဒဏ် ခံယူဖို့ ငြင်းဆန်ပြီး ဗျူရိုကို ပြန်ပြီး တိုက်ခိုက်ရင် သူတို့ကို နှစ်၁၀၀ကနေ နှစ်၁၀၀၀ထိ အကျဉ်းချနိုင်တယ်..."
ကျွမ်းချင်က အဘိုးအို၏ ခွန်အားနှင့် ရင်ဆိုင်ရသော်လည်း နောက်ဆုတ်မသွားပါချေ။
"အကြီးအကဲချင်ယွမ်... ဒီအချိန်အတိုင်းအတာက ပေါ့လျော့ပေးထားတဲ့ ပြစ်ဒဏ်ပါ... ဒီက ဆရာတွေက တစ်ခုခု မကျေနပ်တာ ရှိရင် မိစ္ဆာအစည်းအရုံးနဲ့ တိုင်ပင်ပြီး လုပ်ရိုးလုပ်စဉ်အတိုင်း ကန့်ကွက်စာ တင်လို့ရပါတယ်... ကျွန်တော်က ကန့်ကွက်စရာ မရှိပါဘူး..."
"မင်း..."
အကြီးအကဲ ချင်ယွမ်၏ အမူအရာက ပို၍ပင် အကျည်းတန်သွားသည်။ မိစ္ဆာအစည်းအရုံးမှာ နဂါးမျိုးနွယ်နှင့် ဆက်ဆံရေး မကောင်းပါပေ။ သူတို့ကို ဆွဲခေါ်လာပါက သေချာပေါက် ဗျုရိုဘက်မှ ပါမည် ဖြစ်ပေသည်။
"နဂါးသခင် ကျွမ်းချင်... မင်းရဲ့ ဗျူရိုထဲမှာ ဒဏ်ရာရနေတဲ့ လူတစ်ယောက်မှ ငါမတွေ့ပါဘူး... ငါတို့ကို ဘာလို့ နောက်ဆုတ်စေချင်နေတာလဲ..."
ချင်ယန်းက အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"မြောက်ပိုင်း ရေကန်ရဲ့ နဂါးသခင်က အပြစ်တစ်ခုကျူးလွန်ခဲ့တယ်... ငါတို့ သူ့ကို ပြန်ခေါ်သွားပြီး ကောင်းကောင်း ပညာပေးလိုက်မယ်... ဒဏ်ငွေကိုတော့ ဆုံးရှုံးမှုဖြစ်သွားတဲ့ လူသားတွေအတွက် နစ်နာကြေးအနေနဲ့ ၂ဆပေးလိုက်မယ်... အဲ့ဒါဆို သူ့ကို စိတ်ဝိညာဉ် ပိတ်လှောင်အစီအရင်ထဲကနေ လွှတ်ပေးဖို့ လုံလောက်ပြီလား..."
နဂါးမျိုးနွယ်အတွက် အမွေခံရှိရန်မှာ ခက်ခဲပေသည်။ နဂါးမျိုးနွယ်စု အားလုံးကို ပေါင်းလိုက်လျှင်ပင် အရေအတွက် ၅၀ထိ မရောက်ပါပေ။
သူတို့ဘက်က လူငယ်တစ်ယောက် နှစ်၁၅၀ကြာအောင် အကျဥ်းချခံထားရတာကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ...
"နဂါးသခင်ချင်ယန်း... အရာရာတိုင်းက ငွေနဲ့ ဖြေရှင်းလို့ရတာမဟုတ်ဘူး..."
ကျွမ်းချင်က နောက်မဆုတ်ပါပေ။
"လူတိုင်းက ပိုက်ဆံရှိတာနဲ့ပဲ သိက္ခာစောင့်စည်းမှုမရှိပဲ ပြုမူနေရင် ဒီလောကကြီးမှာ ကောင်းကင်ဘုံစည်းမျဉ်းတောင်ရှိတော့မှာ မဟုတ်ဘူး..."
ချင်ယန်း၏ မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားလေသည်။
"ကြည့်ရတာ နဂါးသခင်ကျွမ်းချင်က မိုးပြာနဂါး မျိုးနွယ်ကို မျက်နှာသာပေးဖို့ ဆန္ဒမရှိဘူးထင်တယ်..."
"ခွင့်လွတ်ပါ... ကျွန်တော်က စီမံခန့်ခွဲရေး ဗျူရိုရဲ့ စည်းမျဉ်းတွေ ဘောင်တွေ အတိုင်းနေနေရလို့ပါ..."
ကျွမ်းချင်၏ နောက်ကျောရှိ လက်ကအနည်းငယ် ကွေးသွားလေသည်။ သူ့လက်ကောက်ဝတ်ပေါ်တွင် အရောင်ဖျော့ဖျော့ နဂါးကြေးခွံများက ပေါ်ထွက်လာသည်။
အခန်းထဲရှိ လေထုမှာ ချက်ချင်းပင် ပူနွေးလာလေသည်။
ဒေါက်... ဒေါက်... ဒေါက်...
တံခါးခေါက်သံများ ထွက်ပေါ်လာလေသည်။ အခန်းထဲရှိ လူတိုင်းက တံခါးဆီသို့ ချက်ချင်း ကြည့်လိုက်ကာ မည်သည့် စိတ်မမှန်သော သတ္တဝါက ဤအချိန်တွင် သူ့တို့ကိုယ်သူတို့ ပစ်ကွင်းအလယ်သို့ ပို့ချင်နေသလဲ ဆိုသည်ကို သိချင်နေပေသည်။
"နှောင့်ယှက်ရတာ တောင်းပန်ပါတယ်..."
တံခါးပြင်ပမှ ခေါင်းတစ်ခုက ဆန့်ထွက်လာသည်။ ထိုလူထံတွင် ထူထဲသော ဆံပင်များ၊ သေသပ်သော မျက်ခုံးများနှင့် နှုတ်ခမ်းနီနီများရှိပေသည်။ ၄င်းမှာ အလွန် ကြည့်ကောင်းသော လူသားမျက်နှာတစ်ခုပင်။