အပိုင်း ၂၅
Viewers 16k


Chapter 25
 ငြိမ်းချမ်းရေး သစ်ကိုင်း


တံခါးဖွင့်လိုက်သည်မှာ ဖူလီဖြစ်သည်ကိုမြင်ရာ ကျန်းခယ့်က ဤအချိန်တွင် သူဝင်ရောက်လာခြင်းမှ တားဆီးရန် သူ့အား မျက်လုံးဖြင့် အချက်ပြရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ ကျေးဇူးရှင်လေး ဖူလီမှာ သူ့အသက်ကို ကယ်ထားသည်သာမက သူ့အား မိစ္ဆာရိုက်ကြာပွတ်ပေးထားသည်ဖြစ်ရာ သူက လက်ရှိတွင် အပြန်အလှန် ရန်လိုနေကြသော ဤကဲ့သို့ ရှုပ်ထွေးလှသည့် တိုက်ပွဲထဲသို့ ဆွဲသွင်းမခံရစေလိုပါပေ။ 

သို့သော် ဖူလီက သူ့မျက်လုံးထောင့်များက အဘယ့်ကြောင့် တွန့်ကွေးနေသည်ကို နားလည်ဟန် မရပါပေ။ သူက တံခါးကို တိုက်ရိုက်တွန်းဖွင့်ကာ ဝင်လာသည်။ ထို့အပြင် သူက နဂါးခွန်အားများ အဆက်မပြတ် ထုတ်လွှတ်နေသော မိုးပြာနဂါးများစွာကို လျစ်လျူရှုကာ ကျန်းခယ့်ကို ပြောလိုက်သည်။

"ငါ လျှောက်လွှာကို ပြန်ယူဖို့လာတာ..."

"ဘာ-ဘာလျှောက်လွှာလဲ..."

ကျန်းခယ့်ပါးစပ်ဖွင့်လိုက်သည့် အချိန်တွင် သူက အခန်းထဲရှိ သတ္တဝါအားလုံး၏ အကြည့်က သူ့ဆီရောက်လာသည်ဟု ခံစားလိုက်ရသည်။ 

"မင်းတို့ ဗျူရိုရဲ့ လူသစ် လျှောက်လွှာ..."

ဖူလီက ရုံးခန်းစားပွဲအနီးသို့ လျှောက်လာလိုနေပေသည်။ နဂါးအိုကြီးက သူ့လမ်းကို ပိတ်နေသည်အား မြင်ရာ သူက ဆိုလိုက်သည်။

"အဘိုး... ဘေးကို နည်းနည်း ဖယ်ပေးပါဦး... အဘိုးက ကျွန်တော့်လမ်းကို ပိတ်နေတယ်..."

ဖူလီနောက်မှ လိုက်ဝင်လာသော ချူးယွီက သူ့ခါးကို ကိုင်းလိုက်ပြီး ရှုယွမ်ဘေးတွင် ပုန်းကွယ်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ သူက အသံတိုးတိုးဖြင့် ဆိုလိုက်သည်။

"ကျေးဇူးရှင်လေး ဒီကိုလာခဲ့..."

သူက သူ့ကျေးဇူးရှင်လေး၏ ကျင့်ကြံခြင်းမှာ မည်မျှထိ မြင့်သည်ကို မသိသော်လည်း နဂါးလေးကောင်ကို တစ်ယောက်တည်း ကိုင်တွယ်ခြင်းက လုံးဝပင် ဉာဏ်မရှိခြင်းပါပေ။ 

ချင်ယွမ်က မော့ကြည့်ကာ မလှုပ်ရှားပဲ ဖူလီကို တိတ်တဆိတ် ကြည့်နေလိုက်သည်။ ဖူလီက သူ့ကို ခေါင်းငုံ့ကာကြည့်ပြီး ချင်ယွမ် ထိုင်ခုံရွေ့ရန် စောင့်နေလေသည်။

ချင်ယွမ်က မလှုပ်ရှားပေ။ ဖူလီသည်လည်း မလှုပ်ပါချေ။ သူတို့၏ အကြည့်များ ဆုံသွားပြီး အသံတိတ်တိုက်ပွဲ ဖြစ်ပွားနေလေသည်။ 

ကျွမ်းချင်က ဘေးမှ ရုတ်တရက် လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ ထူးခြားသော အရှိန်ဖြင့် သူက ဖူလီကို အနောက်မှ ဆွဲလိုက်သည်။ သူ့၏ တခြားလက်ဖဝါးတစ်ဖက်က ဆန့်ထွက်လာပြီး ချင်ယွမ်က သူတို့အား ရုတ်တရက် တိုက်ခိုက်လာသည့် မြောက်ပိုင်း ရေခဲ လက်ဖဝါးကို ခံယူလိုက်သည်။ အပြာရောင် အလင်းဖျော့ဖျော့က သူတို့လက်ဖဝါးများ ဆုံစည်းသွားရာ ရေခဲမှ ဖြာထွက်လာပေသည်။ 

ချီး...

ကျန်းခယ့်က ကြောက်လှသဖြင့် ချွေးစေးများပင် ပျံလာပေသည်။ မိုးပြာနဂါးမျိုနွယ်မှာ သဘောထားကွဲလွဲမှုတစ်ခု ရှိလာသည်နှင့် ချက်ချင်းပင် တိုက်ခိုက်တတ်သည့် နည်းလမ်းဖြင့် အလွန်သစ္စာမဲ့တတ်သည်။ တစ်ခြားသူအတွက် ခုခံရန် နည်းလမ်းလုံးဝပင် မရှိပါပေ။ 

"နှစ်တွေ အများကြီးကြာတာတောင် အကြီးအကဲ ချင်ယွမ်ရဲ့ အကျင့်က မပြောင်းသေးဘူးနော်..."
ကျွမ်းချင်က ဖူလီရှေ့တွင် မားမားမတ်မတ်ရပ်ကာ အနည်းငယ်မျှပင် အညံ့မခံပါပေ။
"လေးစားစရာပဲ..."

"ငါက ဒီအရိုင်းအစိုင်း လူငယ်လေးကို စည်းကမ်း တချို့သင်ပေးတာပါ... ဒါကို မင်းက သူ့ကို ကာကွယ်ပေးချင်တယ်လား..."

သူ့ရိုက်ချက်က ပစ်မှတ်ကို မထိသည်ကို မြင်ရာ ချင်ဟွမ်က လက်ကို ပြန်ရုတ်လိုက်သည်။

"မင်းရဲ့ စီမံခန့်ခွဲရေးဗျူရိုက စွမ်းဆောင်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူးပဲ... အသစ်ခန့်ထားတဲ့ ဒီလို မိစ္ဆာလေးကိုတောင် ကာကွယ်ပေးနေရတယ်... မင်းက နဂါးမျိုးနွယ်က ထွက်သွားပြီးတော့ ခက်ခဲနေတဲ့ ပုံပဲ..."

ငလူး... ဒီရိုက်ချက်က ပြင်းတယ်ဟ...
ကျန်းခယ့်က သူ့စိတ်ထဲတွင် ပြင်းပြင်းထန်ထန် ဆဲရေးလိုက်သည်။ သူက ချူးယွီ၊ လင်းကွေနှင့် ရေနေမိစ္ဆာကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူတို့၏ အမူအရာများသည်လည်း မကောင်းလှပေ။ 

"သူတို့က လူသားပဲဖြစ်ဖြစ် မိစ္ဆာပဲဖြစ်ဖြစ်... သူတို့ ဒီကမ္ဘာပေါ်မှာ နေနေသရွေ့ ငါက သူတို့ကို ကာကွယ်ပေးမှာ..."

ကျွမ်းချင်က သာမန်အနေအထားပြသထားသော်လည်း သတိတကြီးနေနေကြသော မိုးပြာနဂါးများကို ကြည့်လိုက်သည်။

"ငါက ဘယ်တုန်းကမှ နဂါးမျိုးနွယ်နဲ့ မသက်ဆိုင်ခဲ့ဘူး... အဲ့တော့နဂါးမျိုးနွယ်က ထွက်လာတယ်ဆိုတဲ့ စကားမျိုး ပြောစရာမလိုဘူး... နဂါးမျိုးနွယ်ရဲ့ အဆက်အနွယ်က ဂုဏ်သရေရှိတယ်... ငါဆိုတဲ့ ကျွမ်းချင်က အဲ့လို အဆက်အသွယ်ရှိဖို့ ဘယ်တုန်းကမှ မတောင်းဆိုဖူးဘူး..."

ဖူလီက ကျွမ်းချင်နောက်မှ ရပ်နေရာမှ အနည်းငယ် ဂရုဏာသက်သော အကြည့်ကို ဖော်ပြလိုက်သည်။ 
ဒီသွေးနှောနဂါးက အစောပိုင်းနှစ်တွေမှာ သူ့မျိုးနွယ်က လူတွေရဲ့ အပြင်းအထန် အနိုင်ကျင့်တာကို ခံခဲ့ရတဲ့ပုံပဲ...

"နဂါးသခင် ကျွမ်းချင်က ဘယ်လိုလုပ်ပြီး အဲ့လို စကားမျိုး ပြောနိုင်ရတာလဲ... မင်းရဲ့ သွေးဆက်က မသန့်စင်ပေမဲ့ မင်းက ငါတို့ နဂါးမျိုးနွယ်ရဲ့တစ်စိတ်တစ်ပိုင်းလို့ ယူဆလို့ရသေးတယ်..."
ချင်ယန်းက ပြုံးလိုက်သည်။ 

"အကြောင်းပြချက်အရတော့ မင်းက ရွှေနဂါး မျိုးနွယ်ရဲ့ တစ်ဦးတည်းသော သားစဉ်မြေးဆက်ပဲ... ငါအများကြီး မပြောသင့်ပေမဲ့ မင်းက အခုဆို ရွှေနဂါးမျိုးနွယ်ရဲ့ တစ်ဦးတည်းသော ကျန်ရစ်သူပဲ... ငါက မင်းနဲ့ မျိုးဆက်အတူတူပဲ... ငါမင်းထက်ပိုတာဆိုလို့ အသက်ထောင်ပေါင်း နည်းနည်း လောက်ပဲ...ရလာဒ် အနေနဲ့ကတော့ ရွှေနဂါးမျိုးနွယ်ရဲ့ အကြီးအကဲတွေကိုယ်စား နဂါးမျိုးနွယ်ရဲ့ ဂုဏ်အစဉ်အတိုင်း မင်းကို နည်းနည်းလေး ပညာပေးနိုင်တာပဲရှိတာ..."

"နဂါးအရောင် ခုနစ်ခုထဲမှာ ရွှေနဂါးမျိုးနွယ်ဆိုတာ ရှေးအကျဆုံးပဲ... မင်းက မိုးပြာနဂါးတစ်ကောင်လေ... ရွှေနဂါးတစ်ကောင်ကို စည်းကမ်းတွေ သင်ပေးဖို့ မင်းက ဘယ်လိုလုပ်ပြီး အရည်အချင်း ရှိမှာလဲ..."

ဖူလီက ကျွမ်းချင်နောက်မှ ခေါင်းကို ဆန့်ထုတ်လိုက်သည်မှာ ကျွမ်းချင်၏ ထောက်ပံ့မှုရပြီးနောက် လွတ်လပ်စွာ ပြောဆိုခွင့်ရသွားသည့် မိစ္ဆာလေးတစ်ကောင်ကဲ့သို့ တူနေပေသည်။ 

"ရွှေရောင်-အနီရောင်-ခရမ်းရောင်-အဖြူရောင်-အနက်ရောင်-အပြာရောင်-မိုးပြာရောင်... မင်းတို့က နောက်ဆုံးအဆင့်ကပဲ... အတန်းထဲက နောက်ဆုံးအဆင့် ကျောင်းသားက ထိပ်ဆုံးကျောင်းသားကို ပြဿနာ ဘယ်လိုဖြေရှင်းရမလဲ သင်ပေးတာက မရယ်ရဘူးလား..."

အခန်းထဲရှိ လူတိုင်းမှာ ကြောင်အနေကြသည်။ 
သူတို့က ဘာလို့ နဂါးမျိုးနွယ်ထဲက အဲ့လို အဆင့်သတ်မှတ်ချက်အကြောင်းကို တစ်ခါမှ မကြားဖူးတာလဲ... 

လူသားကျင့်ကြံသူများက အခန်းထဲရှိ ရေမိစ္ဆာ ကျင့်ကြံသူ လင်းကွေကို ခိုးကြည့်လိုက်ကြသည်။ လင်းကွေက ခေါင်းကို အသာခါလိုက်သည်။ သူက နဂါးမျိုးနွယ်၏ အဆင့်သတ်မှတ်ချက်ကို မရှင်းလင်းပါပေ။

"အမှိုက်ကောင်..."

မိုးပြားနဂါးငယ်တစ်ကောင်က ဒေါသတကြီး တုံ့ပြန်လိုက်သည်။

"နဂါးမျိုးနွယ်တစ်ခုလုံးထဲမှာ ငါ့ရဲ့ မိုးပြာနဂါးမျိုးနွယ်က ဆက်ခံသူ အများဆုံးပဲ... တရုတ်ရဲ့ ရေစွန့်ပစ်ရေး စနစ်အများစုက ငါတို့ မိုးပြာနဂါးမျိုးနွယ်ရဲ့ ထိန်းချုပ်မှုအောက်မှာ... ဒါတောင် မင်းက ငါတို့ မိုးပြာ နဂါးမျိုးနွယ်ကို အောက်ဆုံးကလို့ ပြောချင်သေးတာလား..."

ဖူလီက မယုံနိုင်ပဲဖြစ်သွားလေသည်။ သူက ကျွမ်းချင်၏ ရှပ်အင်္ကျီနောက်ကျောကို ဆွဲလိုက်သည်။

"သူပြောတာ တကယ်လား..."

ကျွမ်းချင်က စကားမဆိုပဲ ခေါင်းညိတ်ပြလိုက်သည်။

ဖူလီ : "အဲ့ဒါက 'နှစ်သုံးထောင်အတွက် အရှေ့ဖက်မြစ်၊ နောက်နှစ်သုံးထောင်အတွက် အနောက်ဖက်မြစ်'ဆိုတဲ့ ကိစ္စအတိုင်း ဖြစ်ရမယ်... လွန်ခဲ့တဲ့ နှစ်ထောင်ကျော်က မင်းတို့ ရွှေနဂါးမျိုးနွယ်က လေးစားထိုက်ဆုံး၊ အစွမ်းအထက်ဆုံးနဲ့ မျိုးဆက်တွေ အများကြီးကြာအောင် ဧကရာဇ်တွေရဲ့ ကိုးကွယ်ခံခဲ့ရတာ... ဘုရင် ကန်းလေ့ပြောဖူးတာက 'ဧကရာဇ်တွေက ရေလိုပြောင်းပေမဲ့ ရွှေနဂါးတွေက သံလို မယိမ်းယိုင်ဘူး'တဲ့... မင်းတို့ မျိုးနွယ်ရဲ့လက်ထဲမှာ အဲ့လိုကတ်ကောင်းကောင်းတွေ ရှိနေတာကို ဘယ်လိုဖြစ်သွားရတာလဲ..."

ကျွမ်းချင် : "..."

အခုက နဂါးမျိုးနွယ်ရဲ့ ကလေးမွေးနှုန်း နည်းတဲ့အပေါ်မှာ အထင်သေးရမဲ့ အချိန်လား...

မိုးပြားနဂါးငယ် နှစ်ကောင်မှာ ဒေါသတကြီး ဖြစ်နေကြသော်လည်း ချင်ယွမ်နှင့် ချင်ယန်းတို့က လေးနက်သော အမူအရာဖြစ်နေကြသည်။ ရွှေနဂါးမျိုးနွယ်မှာ လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာက အမှန်ပင် အထင်ရှားဆုံးဖြစ်ခဲ့လေသည်။

သို့သော် လွန်ခဲ့သည့် နှစ်နှစ်ထောင်ကျော်က သမုဒ္ဒရာအောက်ခြေတွင် ကပ်ဘေးကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ပင်လယ်အောက်ခြေတွင် နဂါးမျိုးနွယ် အမြောက်အများ သေဆုံးခဲ့လေသည်။ အားအနည်းဆုံး မိုးပြာနဂါး မျိုးနွယ်မှာ ရှင်သန်နှုန်း အမြင့်ဆုံးဖြစ်လေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၉၀၀က မိုးပြာနဂါးမျိူးနွယ်သည်လည်း ကြီးမားသော တိုက်ခိုက်မှုတစ်ခု ကြုံရကာ အကြီးအကဲများစွာ သေဆုံးသွားခဲ့ပေသည်။ ရှင်သန်သည့် အကြီးအကဲမှာ လွန်ခဲ့သည့် နှစ်များစွာကပင် နဂါးနန်းတော်ထဲတွင် ပုန်းအောင်းနေကာ ဧည့်သည့် လက်မခံပါပေ။ သူတို့၏ အသက်ရှင်နိုင်မှု မြင့်မားသည်ဖြစ်ရာ သူတို့ကို လှောင်ပြောင်ရန် မည်သူကမှ ထိုအဖြစ်ကို အသုံးမပြုကြပေ။

လွန်ခဲ့သည့် နှစ်များစွာက မိုးပြာနဂါးမျိုးနွယ်မှာ လွှမ်းမိုးမှုရရှိရန် သူတို့၏ အရေအတွက်ကို အသုံးပြုကာ တဖြည်းဖြည်းနှင့် နဂါးမျိုးနွယ်ကြားတွင် ပြောရေးဆိုခွင့် သိမ်းပိုက်ခဲ့ခြင်းပင်။ ယနေ့ခေတ် ကျင့်ကြံသူ အနည်းငယ်သာလျှင် မိုးပြာနဂါးမျိုးနွယ်မှာ နဂါးမျိုးနွယ်စုတွင် အောက်ဆုံးအဆင့် ဖြစ်ခဲ့ဖူးသည်ကို သိထားပေသည်။ ထိုဗဟုသုတမျိုးနှင့် မိစ္ဆာမှာ လောကကြီးကို အံ့အားသင့်စေကာ တခြားသူများ၏ ကိစ္စတွင် ဝင်ပါမည်မဟုတ်ပါပေ။

ကျွမ်းချင်ကာကွယ်နေတဲ့ အဲ့မိစ္ဆာလေးက တကယ် အဲ့လို ကိစ္စမျိုးကို သိထားတာပဲ... သူက ဘယ်သူလဲ...

သူတို့က ဤကဲ့သို့ မိစ္ဆာငယ်လေးကို ရန်စရန် မကြောက်ပါချေ။ သူတို့ကြောက်သည်မှာ မိစ္ဆာအကြီးအကဲတစ်ဦးကို ရန်စမိမည်ကိုပင်။ လောကကြီးအား အံ့အားသင့်စေသော မိစ္ဆာမျိုးပင်။ မိုးပြာနဂါး မျိုးနွယ်စုထဲတွင် လွန်ခဲ့သည့် နှစ်နှစ်ထောင်က ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် စည်းမျဉ်းတစ်ခု ရှိပေသည်။ ၄င်းမှာ သာမန်မိစ္ဆာတစ်ဦးဟု ထင်ရသော်လည်း အလွန်သတ္တိရှိသည့် မိစ္ဆာတစ်ဦးကို ရန်စခြင်းကို သတိပေးထားခြင်းပင်။ 

ချင်ယန်းက ပြုံးကာ ဖူလီကို အရိုအသေပေးလိုက်သည်။

"ဒီက ကျင့်ကြံသူ ဘယ်စီနီယာလက်အောက်မှာ လေ့လာခဲ့တာလဲ ကျွန်တော် မသေချာပါဘူး... လူငယ်မျိုးဆက်အနေနဲ့ ကျွန်တော်က အရိုအသေပေးမှ မှန်မယ်ထင်တယ်..."

ဖူလီက ပြုံးလျှင် ပို၍ကြည့်ကောင်းသည်ဟု ထင်ရသော ထိုမိုးပြာနဂါးကို လျစ်လျူရှုကာ ကျွမ်းချင်နောက်သို့ ခေါင်းလေးထပ်မံ ဝင်သွားလေသည်။ သူ့စိတ်ထားမှာ ကျွမ်းချင်က ဤတိုက်ပွဲကို ကိုင်တွယ်နေစဉ်၌ သူက ဤအဓိပ္ပာယ်မဲ့ စကားဝိုင်းကို ကိုင်တွယ်မည် ဖြစ်ကြောင်း ရှင်းလင်းပေသည်။

"နောက်နည်းနည်းဆုတ်..."

ကျွမ်းချင်က မိုးပြာနဂါးလေးကောင်မှာ လေးဘက်စလုံးတွင် ရပ်နေသည်ကို သတိထားမိသည်။ သူက ဖူလီသို့ အသံကူးပြောင်းပေးလိုက်သည်။

"ငါသူတို့ကို ခဏနေကျရင် ဗျူရိုအပြင်ကို မြှားခေါ်သွားမယ်... မင်းက ချူးယွီနဲ့ နေခဲ့... ချူယွီမှာက တာအိုကံကြမ္မာရဲ့ အကာအကွယ်ရှိတယ်... ကျင့်ကြံသူတွေက သူ့အသက်ကို နုတ်ယူရဲမှာ မဟုတ်ဘူး..."

"မဟုတ်ဘူး... ဒီနေ့ခေတ် အသိုင်းအဝိုင်းက ဥပဒေ စိုးမိုးတယ်မလား... သဘောထားကွဲလွဲချက်တစ်ခုရှိတာနဲ့ပဲ ဘာလို့ ရန်ဖြစ်ရမှာလဲ..."

ဖူလီက မေးလိုက်သည်။
"ငါ့လို သာမန်မိစ္ဆာတစ်ကောင်က တိုက်ခိုက်ရင် တရားမဝင်ဘူးလို့ သတ်မှတ်လို့လား..."

"ဒီလိုအခြေအနေရောက်နေတာတောင် ငါ့ကို အဲ့လိုပြောဖို့ စိတ်အေးလက်အေး ရှိနေသေးတာလား... မြန်မြန် တစ်နေရာရာမှာ ပုန်းနေစမ်းပါ... မင်းက နေ့တိုင်း သေမျိုး မိစ္ဆာ တစ်ကောင်ဆိုတဲ့ သက်သေတွေ ရှိနေတာ ငါတို့ရဲ့ စီမံခန့်ခွဲရေး ဗျူရိုက အဲ့နေ့အတွက် မင်းကို ကာကွယ်ပေးမယ်..."

ကျွမ်းချင်က ဖူလီကို အလွယ်တကူ မလိုက်ပြီး ချူးယွီဘေးသို့ လှမ်းပစ်လိုက်သည်။ သူက မိုးပြာနဂါးလေးကောင်ကို လှည့်ကာပြောလိုက်သည်။

"ဒီနေရာက စကားပြောလို့မကောင်းဘူး... တစ်ခြားနေရာ သွားရင် ဘယ်လိုလဲ..."

ချင်ယွမ်က စကားမဆိုပဲ ချင်ယန်းကိုသာ ကြည့်နေပေသည်။ 

နွေဦးလေပြင်းတစ်ခုသဖွယ် အပြုံးတစ်ခုဖြင့် ချင်ယန်းက နောက်လှည့်ကာ ချူးယွီဘေးတွင် ရပ်နေသော ဖူလီကို တစ်ချက်ကြည့်လိုက်သည်။ သူက လက်တစ်ချက်မြှောက်လိုက်ကာ 'တစ်ဆိတ်လောက်'ဟူသော ကိုယ်ဟန် ပြုလုပ်လိုက်သည်။

"နဂါးသခင် ကျွမ်းချင် တစ်ဆိတ်လောက်ပါ..."

ညနေ လေးနာရီတွင် ခရီးသွားသူများက မိုးကြိုးမုန်တိုင်းကို ရှောင်ရှားရန် နေရာများ ရှာရပေသည်။ မိုးခိုနေသည့် လူများနှင့် ပြည့်နှက်နေသည့် ဈေးတစ်ခုတွင် လူတိုင်းက ရာသီဥတုအကြောင်း ဆွေးနွေးနေကြသည်။

"အခုနောက်ပိုင်း ဘာတွေ ဖြစ်နေလဲ ဘယ်သူသိမှာလဲ... မိုးကြိုးတွေ မိုးသီးတွေက ချက်ချင်းကြီး ထထဖြစ်လာတာ..."

"မိုးလေဝသ ကြေညာတာကလည်း တစ်ခါတောင် မတိကျဘူး..."

"ဘယ်သူသိမှာလဲ... နဂါးသခင်တွေ ရန်ဖြစ်နေပြီး ငါတို့က ကြားထဲက ခံနေရတာလဲ ဖြစ်နိုင်တာပဲ..."

"နဂါးသာ တကယ်ရှိရင် ငါတို့ မြန်မြန် ဆုတောင်းသင့်တယ် မလား... ငါတို့ ဆုတောင်းတွေ တကယ်ဖြစ်လာလောက်တယ်..."

အနီရောင်စကပ်နှင့် ဒေါက်ဖိနပ်တစ်ရံစီးထားသည့် မိန်းမလှလေးတစ်ဦးက ရိုးရာထီးတစ်ချောင်းကို ကိုင်ထားကာ မိုးရေထဲတွင် တဖြည်းဖြည်း လမ်းလျှောက်နေသည်။ မိုးသည်းထန်စွာ ရွာနေသော်လည်း သူမ၏ ဖိနပ်နောက်ပိုင်းသည်ပင် မစိုစွတ်ပါပေ။ သူမဘေးတွင် လမ်းလျှောက်နေသော အမျိုးသားမှာ အနက်ရောင် တီရှပ်တစ်ထည် ဝတ်ထားလေသည်။ အနက်နှင့် ခဲရောင်ရောနေသော ထီးတစ်ချောင်းက အမြင်မလှပါပေ။ လူနှစ်ဦးစလုံးမှာ တခြားကမ္ဘာနှစ်ခုမှ လာရောက်သည်ဟု ထင်ရပေသည်။ သို့သော် သူတို့နှစ်ဦး အတူတကွရပ်နေသော ပုံရိပ်မှာ သာမန်ထက် ထူးကဲနေသည်ဟု မထင်ရပါပေ။ 

"မိုးက နည်းနည်းသည်းတယ်..."

ချောင်းယွင်က လက်တစ်ဖက် ဆန့်ထုတ်ကာ မိုးစက်အနည်းငယ်ကို ဖမ်းလိုက်သည်။ တောက်ပနေသည့် အလင်းပေါက် မိုးစက်များက သူမအားကုန် လွင့်မပစ်မီတွင် သူမလက်ပေါ်မှ အောက်သို့ ကျဆင်းလာလေသည်။

"ကျင့်ကြံသူတစ်ယောက်က ဒီမှာ အရံအတားတစ်ခု ထားခဲ့ပုံပဲ..."

တချို့သော အခြေအနေများတွင် ကျင့်ကြံသူများက အင်အားသုံးကာ ပြဿနာများကို ဖြေရှင်းလိုသော်လည်း သာမန်လူသားများ ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်ကြရာ အရံအတားတစ်ခုထားကာ ကောင်းကင်တွင် တိုက်ခိုက်ကြပေသည်။ 

"အင်း..."

နဉ်ရွှမ်က မော့ကြည့်လိုက်သည်။ ရုတ်တရက် သူ့၏ ခြေလှမ်းများက တုံ့ဆိုင်းသွားကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ည်။

"ငါတစ်ခုခုကို အာရုံခံမိသလိုပဲ..."

"ဘာလဲ..."
ချောင်းယွင်က စိတ်ဝင်စားသွားဟန် ရပေသည်။ 

နဉ်ရွှမ်က သူမကို ပြန်မဖြေ‌ပေ။ သူက နောက်လှည့်ကာ ပတ်ဝန်းကျင်သို့ လျှောက်သွားလိုက်သည်။ အတန်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ချောင်းယွင်က သူ့နောက်လိုက်လာလေသည်။

ထိုအိမ်ထဲတွင် လူသားချီ အရိပ်အယောင် မရှိပါပေ။ ကြောင်းတစ်ကောင်က ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် လှဲနေလေသည်။ သူတို့ဝင်လာသည်ကိုမြင်ရာ ၄င်းက အော်ဟစ်လိုက်သည်။ 

"ရှုး..."

ချောင်းယွင်က ကြောင်ကို စကားပြောလိုက်သည်။

"ငါတို့က ကျင့်ကြံရေး စီမံခန့်ခွဲမှု ဗျူရိုကလာတာ... ငါတို့က အန္တရာယ်မရှိဘူး..."

ဤကြောင်မှာ လူသားအသွင်မပြောင်းနိုင်သော်လည်း ၄င်းက နတ်ဘုရား သတိတရားကို ကျင့်ကြံပြီးဖြစ်ကာ စီမံခန့်ခွဲရေး ဗျူရို၏ တည်ရှိမှုကို သိထားပေသည်။ ၄င်းမှာ သာမန်တိရစ္ဆာန်တစ်ကောင်ဟု ယူဆ၍ မရနိုင်ပါပေ။ ထိုစကားပြောပြီးနောက်တွင် ကြောင်ကအော်နေခြင်းကို ရပ်တန့်ကာ သူ့မျက်လုံးဝိုင်းများကို ဖွင့်ကာ သူတို့၏ လှုပ်ရှားမှုများကို ကြည့်နေလေသည်။

"တွေ့ပြီ..."

နဉ်ရွှမ်က စားပွဲအောက်မှ လက်သည်းခွံအရွယ်အစားခန့် အရာဝတ္ထုတစ်ခုကို ကောက်ကိုင်လိုက်သည်။ အမြင်အရဆိုလျှင် ၄င်းမှာ ကြမ်းပြင်ပေါ်တွင် ကျနေသော အမှိုက်တစ်ခုဟု ထင်ရပေသည်။ 

"အဲ့ဒါက ဘာလဲ..."

ချောင်းယွင်က လက်သည်းသဖွယ် အရာဝတ္ထုမှ ထူးဆန်းသည့် အနံ့တစ်ခုရပေသည်။ ရနံ့မှာ တစ်စုံတစ်ဦး၏ စိတ်အား အေးချမ်းစေကာ အားလျော့နေသည့် ချီကို သန့်စင်နိုင်ပုံလည်း ရပေသည်။

သို့သော် ထိုအရာဝတ္ထုမှာ နဉ်ရွှမ်လက်ထဲတွင် ဗလာအဖြစ်သို့ ပျောက်ကွယ်သွားလေသည်။ အဆုံးတွင် ပြာမှုန်တစ်ခုအဖြစ်ပင် မကျန်ရစ်ခဲ့ပါပေ။ 

"ငါတစ်ခါက ကောလဟာလတစ်ခုကြားဖူးတယ်... နဂါးသတ်ဖြတ်ခြင်းပညာကို ကျွမ်းကျင်တဲ့ လူတစ်ယောက်က အနောက်ပိုင်း ပင်လယ်ထဲက နဂါးဆိုးတွေကို သတ်ဖြတ်ခဲ့တယ်တဲ့... သူတို့ဆီက နဂါးချိုတွေကို ကပ်ဆိုးနဲ့ ရောဂါတွေကို ပျောက်ကင်စေတဲ့ အမွှေးတိုင်လုပ်ဖို့ သုံးခဲ့ပေမဲ့ သတ္ထုနဲ့ ထိရင် ပျောက်သွားတယ်တဲ့..."

နဉ်ရွှမ်၏ မူလပုံစံမှာ ရှေးဟောင်းနာမည်ကျော်ဓားတစ်ခုဖြစ်ရာ ထိုကဲ့သို့ အရာများက သူ့လက်ထဲတွင် ပျောက်ကွယ်သွားပေသည်။ 

"ဒီလိုဟာမျိုးကို အရင်က နဂါးချိုအမွှေးနံ့သာလို့ခေါ်ကြတာ... ဒါပေမဲ့ အဲ့ဒါက နဂါးမျိုးနွယ်ကို မကျေမနပ်ဖြစ်စေတယ်လေ... အဲ့ဒါကြောင့် နောက်ပိုင်းကျတော့ ငြိမ်းချမ်းရေးသစ်ကိုင်းလို့ ပြောင်းလိုက်တာ..."

"နဂါးချိုတွေကို ကြိတ်ပြီးအမွှေးတိုင်လုပ်တယ်..."

ချောင်းယွင်က ထိုကဲ့သို့ အရာမှာ အနည်းငယ် အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရသည်။ 
နဂါးချိုက ဘယ်လောက်တောင် မာလိုက်သလဲ... တစ်ယောက်ယောက်က အဲ့ဒါကို ဘယ်လိုလုပ်ပြီး အမှုန့်ကြိတ်နိုင်မှာလဲ...

"နောက်ထပ် ပြောကြတာတစ်ခုရှိသေးတယ်... နဂါးချိုနဲ့ နဂါးကြေးခွံကို အခြေခံ ပြုလုပ်ထားတဲ့ အမွှေးတိုင်ထွန်းရင် ပြန်ပြီး မမွေးဖွားသေးတဲ့ ဝိညာဉ်တွေအတွက် ဘဝလမ်းကြောင်းကို ပြပေးနိုင်သလို ငြိမ်းချမ်းတဲ့ နောက်ဘဝတစ်ခုအတွက် ကောင်းချီးပေးခံရတယ်တဲ့... အဲ့ဒါကြောင့် အဲ့ဒါကို ငြိမ်းချမ်းရေး သစ်ကိုင်းလို့ခေါ်တာ..."

ချောင်းယွင်မှာ ထိုပြောစမှတ် နှစ်ခုကြောင့် ကြောင်အနေပေသည်။ အတန်ကြာပြီးမှသာ သူမက မေးလိုက်လေသည်။

"အဲ့လို လျှို့ဝှက်အကြောင်းအရာတွေကို နင်က ဘယ်လိုလုပ်ပြီး သိတာလဲ..."

"ငါက အဲ့ဒါကို မသေမျိုး ကျင့်ကြံခြင်း ဝတ္ထုတစ်ခုထဲမှာ ဖတ်ဖူးတာ..."

နဉ်ရွှမ်က လက်ခတ်လိုက်သည်။ သူ့၏ တည်ကြည်လှသောမျက်နှာဖြင့် ဝတ္ထုများကို စွဲလမ်းနေသူတစ်ဦးဟု မထင်ရပါပေ။

"အဲ့ဟာရဲ့ အနံ့က အတော်လေး ထူးခြားတယ်... ငါတို့ သိသလောက်ဆိုရင် အဲ့ဒါက ငြိမ်းချမ်းရေး သစ်ကိုင်းဖြစ်မယ်..."

ချောင်းယွင်က လှောင်ပြုံးလိုက်သည်။ သူမက ၄င်းတို့အားလုံးက အဓိပ္ပာယ်မရှိသည်များ ဆိုသည်ကို သိလိုက်ပြီ ဖြစ်သည်။

ချောင်းယွင်က သူ့အား စိတ်ကူးများထဲတွင် ပျော်မွေ့နေသည်ကို လှောင်ရယ်နေသည်အား သိရှိပြီးနောက် နဉ်ရွှမ်က ခြောက်ကပ်စွာ ချောင်းဟမ့်လိုက်သည်။

"ဒီကြောင်ကို မကောင်းဆိုးဝါးမိစ္ဆာလို့ အထင်လွဲပြီး အဖမ်းမခံရအောင် မိစ္ဆာအစည်းအရုံးကို စာရင်းသွင်းဖို့ ခေါ်သွားရအောင်..."