အပိုင်း ၂၆
Viewers 18k


Chapter 26 
အသက်မပြည့်သေးသူ


ကောင်းကင်ထက်မှ မိုးများ သည်းကြီးမည်းကြီးရွာချလာသည်။ 'သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးနှင့် အပန်းဖြေရေးကလပ်' ဟူသော ဆိုင်းဘုတ်ချိတ်ဆွဲထားသည့် ယောင်အစည်းအရုံးတွင် ရှားရှားပါးပါး မည်သူမှ မာကျောက် လာမကစားသည့်အချိန် ဖြစ်နေသည်။ အတွင်းဘက်တွက်ရှိနေသည်မှာ ဝဝဖိုင့်ဖိုင့်လူအိုကြီးနှင့် သူ၏လက်ထောက်အနည်းငယ်ဖြစ်သည်။ နဉ်ရွှမ်နှင့် ချောင်းယွင်တို့ ဝင်လာချိန်တွင် လူအိုကြီးက သူ့လက်ထောက်များကို မကျေမနပ်ပြောနေသည်အား ကြားလိုက်ရသည်။ 

" ဒါက မျိုးနွယ်နဲ့ဆိုင်တဲ့ကိစ္စလားတော့ မသိပေမယ့် နှစ်ပေါင်းထောင်ချီကြာနေပြီကို ဒီနဂါးမျိုးနွယ်က တခြားလူတွေကိုရန်စပြီး ရန်ဖြစ်တဲ့သောက်ကျင့်က မပျောက်သေးဘူးပဲ... အခု မိုးခြိမ်းတယ်ဆို ခဏနေရင် မိုးရွာချပစ်ပြီ... ဘာလို့ အဲ့လိုမျိုး ဖြစ်နေရတာလဲ..."

နဉ်ရွှမ်နှင့် ချောင်းယွင်တို့ အကြည့်ချင်းဆုံသွားသည်။ နဂါးမျိုးနွယ်စုက တိုက်ခိုက်နေကြသည့်ပုံပေါ်သည်။ တိုက်ပွဲအစီအရင်က ကြီးမားနေခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ 

" မြှောင်..."

ကြောင်လေး၏ အသက်ဓာတ်က အနည်းငယ် လျှော့ပါးလာပေသည်။ လူအိုကြီးက ကြောင်လေးကို စာရင်းသွင်းနေစဉ်မှာပင် ရုတ်ချည်း လက်ဆန့်ထုတ်ပြီး သူ့နှဖူးကို ထိလိုက်သည်။ 

" ကံကြမ္မာက အရာအားလုံးကို ရစ်ပတ်ထားတယ်... မင်းနဲ့ လူသားရဲ့ ကံကြမ္မာကို ဖြတ်တောက်လိုက်ပြီဆိုမှတော့ ဆက်ပြီးရစ်ပတ်နေစရာ မလိုတော့ဘူး... ကျင့်ကြံရတာ မလွယ်ဘူး... အသိဉာဏ်ရလာတာ မင်းအတွက်တော့ ကံကောင်းတာပဲ... မင်း ကောင်းကောင်းကျင့်ကြံမယ်ဆိုရင် ‌‌နောက်ဘဝရောက်ရင် သူ့ရဲ့ နောက်ဘဝမှာ သူနဲ့တွေ့ရမှာပါ..."

" မြှောင်..."

ကြောင်လေးက ခေါင်းခါလိုက်သည်။

ယခုဘဝနှင့် နောက်ဘဝက ကွဲပြားသောအရာများဖြစ်သည်။ လူတစ်ယောက်က ဘဝနှစ်ခုလုံးတွင် ဝိညာဉ်အတူတူဖြစ်နိုင်သော်လည်း ရုပ်ရည်သွင်ပြင်၊ တွေးခေါ်ပုံ၊ အကျင့်စရိုက်များက ပြောင်းလဲသွားနိုင်ပေသည်။ 

သူတို့က ဘယ်လိုလုပ်ပြီး လူတစ်ယောက်တည်း ဖြစ်နိုင်တော့မှာလဲ...

ကံကြမ္မာက ဤဘဝအတွက်သာ ကျင့်ကြံနိုင်သော်လည်း နောက်ဘဝအတွက် မျှော်လင့်ချက်ထား၍ မရပေ။ လွန်ကဲသောပတ်သက်ဆက်နွယ်မှုက အပြစ်ဖြစ်သည်။ 

" မင်း နားလည်သွားတဲ့ပုံပဲ..."

လူအိုကြီးက သေမျိုးမိစ္ဆာမှတ်ပုံတင်ကို  ကြောင်လေးထံ ကမ်းပေးလိုက်သည်။ ကြောင်က လျှာထုတ်ပြီး မှတ်ပုံတင်ကို အစာအိမ်ထဲရောက်အောင် မျိုချလိုက်သည်။

" သူ့ကို ဒုက္ခခံပြီး ဒီကိုခေါ်လာပေးတဲ့အတွက် မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်... ဒီကြောင်လေးက အချိန်တစ်ခုထိတော့ အသွင်ပြောင်းနိုင်ဦးမှာ မဟုတ်ဘူး... ငါတို့ရဲ့ ယောင်အစည်းအရုံးက သူ ကျင့်ကြံဖို့ နေရာတစ်ခု စီစဉ်ပေးထားပါ့မယ်..."

လူအိုကြီးက သူ့ယပ်တောင်ကို ယမ်းလိုက်ပြီး တံခါးရှိရာဘက်ကို ညွှန်ပြကာ "ကျေးဇူးပြု၍" ဟူသော ဟန်ပန်အမူအရာမျိုး ပြသလိုက်သည်။ 

ချောင်းယွင်နှင့် နဉ်ရွှမ်တို့က ဦးညွတ်အရိုအသေပြုလိုက်ပြီးနောက် ယောင်အစည်းအရုံးမှ ထွက်ခွာသွားကြသည်။ စီမံခန့်ခွဲမှုဗျူရိုထဲ ရောက်ရှိပြီးချိန်မှစ၍ သူတို့က ယောင်အစည်းအရုံး၏ အဖွဲ့ဝင်ဖြစ်သွားရုံသာမက ‌ကျင့်ကြံခြင်းလောကတစ်ခုလုံး၏ အကျိုးအမြတ်များအတွက်ပါ ကိုယ်စားပြု ဖြစ်သွားခဲ့လေသည်။ သို့ဖြစ်၍ ယောင်အစည်းအရုံးနှင့် တရင်းတနှီး ကူးလူးဆက်ဆံခြင်းက လူသားကျင့်ကြံသူအကြားတွင် အထင်အမြင်လွဲမှုများ ဖြစ်သွားနိုင်ပေသည်။ 

.....

" ကျေးဇူးရှင်လေး သူတို့တိုက်နေတာ နှစ်နာရီလောက်တောင်ရှိပြီ..."

ချူးယွီက တံခါးဘောင်ပေါ်တွင် လျော့တိလျော့ရဲဖြင့်မှီနေပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ 

" မိုးပြာနဂါးမျိုးနွယ်က လေးယောက်တစ်ယောက် ချနေတာပဲ... ဘော့စ် အရေးနိမ့်နေမှာ ကျွန်တော်စိတ်ပူတယ်..."

တစ်ခန်းလုံးအပြည့်ဖြစ်နေကာ မော့ကြည့်ရုံသာကြည့်တတ်ပြီး ရှေ့ထွက်‌၍ မကူညီရဲသည့်လူများကို ဖူလီတစ်ချက်ကြည့်လိုက်သည်။ သူ မမေးပဲ မနေနိုင်တော့ပေ။

" မင်းတို့မှာ လူတွေအများကြီးပဲကို ဘာလို့ သွားမကူညီတာလဲ..."

အားလုံးက ငေးငိုင်ကြည့်နေကြသည်။ သူတို့က ဤနှစ်အနည်းငယ်အတွင်း ဘော့စ်က အင်အားကြီးလာသည်နှင့် ကျင့်သားရနေခဲ့သည်။ သူတို့အားလုံးကို အကူအညီပေးရန် တစ်ယောက်ယောက်က ပထမဆုံးအကြိမ် မေးဖူးခြင်းဖြစ်သည်။

" ဒါက တိုက်ပွဲဆိုတော့ အရေအတွက်နဲ့လည်း ဆိုင်တယ်လေ..."

ယခုခေတ်ကျင့်ကြံသူများက အတွေ့အကြုံ ‌ဗဟုသုတနည်းပါးသည်ဟု ဖူလီတွေးလိုက်မိသည်။ 

" မင်းတို့အားလုံးက နဂါးမျိုးနွယ်နဲ့ မယှဉ်နိုင်ပေမဲ့ အဲဒီနေရာမှာ ရပ်နေရုံနဲ့ သူတို့ကို စိုးရိမ်တကြီးဖြစ်သွားစေမှာလေ... အတိတ်တုန်းက ဘုရင်ကန်းလဲ့က တောင်ကို တခြားမိစ္ဆာတစ်ကောင်နဲ့ အပြိုင်လုကြတုန်းက အသွင်မပြောင်းနိုင်တဲ့ ငါတို့လို တောင်ပေါ်ငှက်လေးတွေက သူ့ကို သွားအားပေးကြတယ်.. လူပိုများလေ ပ်ိုအသာစီးရလေပဲ... ဒါက အုပ်စုလိုက်တိုက်ခိုက်တာရဲ့ အခြေခံစည်းမျဉ်းတွေပဲ..."

မိစ္ဆာများက တောတောင်များ၊ လွင်ပြင်များကို လုယူကြသည့် ခမ်းနားကြီးကျယ်သောမြင်ကွင်းများနှင့်  ယခင်က ယောင်ကျင့်ကြံသူများက မည်သို့ပိုင်နက်လုကြသည်ကို ချူးယွီက စိတ်မကူးကြည့်နိုင်ခဲ့ပေ။ကောင်းကင်ပေါ်ကိုမော့ကြည့်ပြီး ထိုနေရာတွင် အပြင်းအထန်ဖြစ်ပွားနေသည့်တိုက်ပွဲကို စိတ်ကူးကြည့်လိုက်သည်။ နဂါးမျိုးနွယ်စုကိုကြောက်ရွံ့သော သူ၏မပင်ကိုဗီဇက

မြင့်တက်ဖြစ်ပေါ်လာပေသည်။ ၎င်းက ခန္ဓာကိုယ်ထဲတွင် စွဲမြဲနေသည့်ဗီဇဖြစ်သည်။

" ဒါ ဒါဆိုရင် အစ်ကိုရော အရင်တုန်းက နဂါးတွေနဲ့ တိုက်ခိုက်ဖူးလား..."

ချူးယွီက ခြောက်ကပ်နေသည့် နှုတ်ခမ်းထောင့်ကို လျှာဖြင့်သပ်ကာ မေးလိုက်သည်။ သူ့လက်နှစ်ဖက်လုံးကို လက်သီးတင်းတင်းဆုပ်ထားမိပြန်သည်။ သူ့နှလုံးသားထဲတွင် အသည်းအသန် ရုန်းကန်နေရပုံပေါ်သည်။

" တိုက်ဖူးတယ်.."

ဖူလီက မြူဆိုင်းနေသော တိမ်တိုက်များကိုကြည့်ပြီး သူ့အသံက အနည်းငယ်ယိမ်းယိုင်သွားသည်။

" အစ်ကို နိုင်ခဲ့လား..."

ဖူလီက ချူးယွီကို တစ်ချက်လှည့်ကြည့်လိုက်ပြီးမှ ကောင်းကင်ပေါ်ကို ဆက်မော့ကြည့်နေသည်။ 

" နိုင်ရင်လည်း နိုင်မှာပေါ့..."

မိုးခြိမ်းသံကျယ်ကြီး ထွက်ပေါ်လာသည်။ ကောင်းကင်တစ်ခွင်လုံးကို ဆုတ်ပြဲသွားစေနိုင်သည့်  ထိတ်လန့်ဖွယ်ကောင်းအောင် တောက်ပသည့် လျှပ်စီးကြီးက ဖူလီ့ကို မျက်စိစူးသွားစေသည်။ သူ ချူးယွီကို လှည့်ကြည့်လိုက်သည်။

" မင်းတို့ရဲ့ဘော့စ်က တိုက်ခိုက်နေတဲ့အချိန်မှာ မိုးကြိုးတွေ လျှပ်စီးတွေ ပစ်ထုတ်ရတာကို သဘောကျတာလား..."

ချူးယွီက ခေါင်းခါလိုက်သည်။ 

" ကျွန်တော်တို့ဘော့စ်က သိုသိုသိပ်သိပ်ပဲနေတတ်တာ... အဲ့လို ပြောင်ပြောင်လက်လက်တွေ တစ်ခါမှ မလုပ်ဖူးဘူး..."

" သဘောပေါက်ပြီ..."

ဖူလီ ခေါင်းညိတ်ပြလိုက်ပြီး ဖျတ်ခနဲပျောက်သွားကာ ကောင်းကင်ပေါ်မှ လေဝဲကြီးရှိရာကို တစ်ဟုန်ထိုးထွက်သွားသည်။ 

" နေဦး... ကျေးဇူးရှင်လေး ကိုယ့်အသက်ကိုယ် မစတေးပါနဲ့..."

ချူးယွီက ကျယ်လောင်စွာ အော်လိုက်သည်။ ထိုနေရာတွင် နှစ်ကြိမ်ခန့် စက်ဝိုင်းပုံစံ လှည့်ပတ်နေလိုက်ပြီးနောက် အံကြိတ်ကာ သူ့မှော်လက်နက်ကို ထုတ်လိုက်သည်။ ထို့နောက် လက်နက်ပေါ် တက်စီးပြီး ကောင်းကင်ပေါ်ပျံတက်သွားပေသည်။ 

" ကျွန်တော့်ကိုစောင့်ပါဦး..."

ကျန်းခယ့်ကလည်း သူ့ရုံးအံဆွဲထဲမှ ပြန်ဆွဲယူနိုင်သည့်ဓားတစ်ချောင်းကိုထုတ်ပြီး ဓားပေါ်တက်စီးလိုက်သည်။

" ဒါက နဂါးမျိုးနွယ်စုကြားက တိုက်ပွဲဆိုတော့ အဲ့နေရာကိုသွားတာက သေလမ်းရှာသလိုဖြစ်နေမှာ..."

ရှုယွမ်က ဆူပူပြောဆိုလိုက်ပြီးနောက် သူမလက်မှ ငွေလက်ကောက်ကို ချွတ်လိုက်သည်။ ငွေလက်ကောက်က လှေငယ်လေးတစ်စင်းအဖြစ် ပြောင်းလဲသွားပေသည်။ သူမ လှေပေါ်အမြန်ခုန်တက်ပြီး သူတို့နောက် အမြန်လိုက်ရတော့သည်။ 

" ဖာ့ခ် အဲ့ကောင်တွေကို သင်ခန်းစာပေးလိုက်စမ်းပါ..."

အခန်းထဲတွင် ဝါးပုလွေများ၊ စာရေးစုတ်တံများ၊ လိပ်ခွံများနှင့် ငှက်အတောင်များ အစရှိသဖြင့် မရေမတွက်နိုင်သော မှော်လက်နက်များစွာ ထွက်ပေါ်လာသောကြောင့် အလင်းတန်းများဖြင့် ပြည့်သွားသည်။ 

အားလုံးသိရှိထားကြသည့်အတိုင်း ပင်လယ်ရေမျက်ပြင်အထက် မီတာတစ်ရာကိုရောက်သွားတိုင်း အပူချိန်က ၀.၆ ဒီဂရီဆဲလ်စီးရပ်စ် ကျဆင်းလာပေသည်။ ရှုယွမ်က ပျံတက်သွားရန် မူလက တွေးလိုက်သော်လည်း သူမ ယနေ့တွင် အဝတ်ပါးပါးသာ ဝတ်ထားမိသည်။

အရံအတားနားကို ရောက်သွားသော လူငါးယောက်ထံမှ ယမ်းနံ့များထွက်လာသည်ကို သူမ သိလိုက်ရသည်။ သူတို့က သွားကူရန်မဆိုနှင့် အရံအတားကိုပင် မကျော်နိုင်ကြပေ။ 

ရှုယွမ်က သူမနောက်ကို လိုက်မှီလာသော လုပ်ဖော်ကိုင်ဖက်များကို စကားလှည့်ပြောလိုက်သည်။

" အားလုံးပဲ သတိထားပုန်းနေကြနော် ရေဒါက ရှာမတွေ့သွားစေနဲ့... ပြီးတော့ ပိုအရေးကြီးတာက လေယာဉ်ပျံတဲ့လမ်းအတိုင်း မသွားမိကြစေနဲ့..."

" ကျေးဇူးရှင်လေး အဲဒီကိုမသွားပါနဲ့ အဲ့မှာက..."

ဖူလီက အရံအတားထဲ ဝင်ရောက်သွားသည်ကို ချူးယွီငေးစိုက်ကြည့်နေမိသည်။ သူ နောက်ဆုံးတစ်လုံးကို ခပ်တိုးတိုးသာ ရေရွတ်လိုက်ကြသည်။

" အရံအတားရှိနေတယ် ~ "

" မင်းတို့ရော ဝင်လာပြီး ကစားချင်ကြတာလား..."

ဖူလီက အရံအတား၏ပွင့်နေသောနေရာမှ ‌ခေါင်းပြူထွက်ကာ ချူးယွီနှင့် အခြားလူများကို လက်ယပ် ခေါ်လိုက်သည်။

ချူးယွီတို့က အတွင်းမှ မီးရောင်တလက်လက်ကိုမြင်ပြီး သူ့အလိုလိုခေါင်းခါလိုက်ကြကာ နောက်တစ်လှမ်းဆုတ်လိုက်သည်။

ဖူလီက အရံအတားအတွင်းမှ အရောင်တလက်လက်ဖြစ်နေသည်များကိုကြည့်ပြီး သူတို့ကို မခေါ်ရန် ဆုံးဖြတ်လိုက်သည်။ 

" ထားလိုက်ပါတော့ မင်းတို့မဝင်လာတာ ပိုကောင်းတယ်..."

ကျင့်ကြံဆင့်နိမ့်သူများက အပြင်တွင် ရပ်ကြည့်နေရုံဖြင့် လုံလောက်ပြီဖြစ်သည်။ ကျင့်ကြံခြင်းလောကမှာ အဆက်မပြတ် ယိုယွင်းဆုတ်ယုတ်လာမည်ဟု သူ လုံးဝမမျှော်လင့်ထားမိပေ။ အစောပိုင်းကာလများတွင် အင်အားကြီးမိစ္ဆာများက နေရာအနှံ့တွင် ရှိခဲ့သော်လည်း ယခုအခါ သူ့ကဲ့သို့အဆင့်မျိုးကိုပင် အင်အားကြီးသည်ဟု သတ်မှတ်ရတော့ပေမည်။ 

အရံအတားထဲ ဝင်ရောက်လိုက်သည်နှင့် သတ်ဖြတ်လိုစိတ်နှင့် နဂါး‌ရောင်ဝါက သူ့ထံသို့ တစ်ဟုန်ထိုး ဝင်ရောက်လာသည်။ မိုးပြာနဂါးငယ်နှစ်ကောင်က ဒဏ်ရာရနေပြီးဖြစ်ကာ ထောင့်တစ်နေရာတွင်ထိုင်ပြီး ဒဏ်ရာများကို ကုသ‌နေရသည်။ ဖူလီ အရံအတားထဲ ဝင်လာသည်ကို မြင်သောအခါ တစ်ယောက်ယောက်က သူတို့နဂါးမျိုးနွယ်၏ အရံအတားကို ဆုတ်ဖြဲဝင်လာနိုင်သည်ကို မယုံကြည်သည့်ဟန်ဖြင့် သူတို့မျက်လုံးများ ပြူးကျယ်သွားသည်။

" မင်းတို့နဂါးမျိုးနွယ်တွေက မျက်လုံးကြီးတယ်ဆိုတာ သိပါတယ် စိုက်ကြည့်မနေနဲ့တော့..."

ဖူလီက နည်းစနစ်တစ်ခုကိုသုံး၍ ထိုနဂါးနှစ်ကောင်ကို နေရာမှ မရွေ့အောင် လုပ်ထားလိုက်ပြီး သူတို့နှစ်ယောက်အကြားလျှောက်သွားကာ ထိုင်ချလိုက်သည်။ နူးညံ့သော တိမ်တိုက်များက စိုစိုစွတ်စွတ်ဖြစ်နေ၍ သူတို့အတွက် အေးစက်နေသည်။

" ဘယ်သူနိုင်မယ်လို့ ထင်ကြလဲ..."

မိုးပြာနဂါးနှစ်ကောင်လုံး စကားမပြောနိုင်ကြတော့ပေ “...”

" အိုက်ယား မင်းတို့နဂါးမျိုးနွယ် တိုက်ခိုက်တဲ့ပုံစံက သဘောမတူတာနဲ့ နဂါးဆေးလုံးတွေ ထွေးထုတ်ပစ်တာမျိုးလေ..."

" မင်းတို့မျိုးနွယ်က အကြီးအကဲတွေက လူသတ်ဂိမ်းကစားရတာကို သဘောကျတာလား သူ ဘာလို့ ချောင်းတိုက်ရတာလဲ..."

" ကြည့်ဦး သူအဲ့လိုချောင်းတိုက်တော့ လက်စားချေခံရပြီ..."

ကျွမ်းချင်က အမြီးတစ်ချက်ယမ်းပြီး ချင်ယွမ်ကို လွင့်ထွက်အောင် ပြုလုပ်လိုက်သည်ကိုကြည့်နေသည်။

" တခြားသူလည်းမဟုတ်ပဲ စွမ်းအားရှိတဲ့ ရွှေနဂါးနဲ့မှ သွားတိုက်ရတယ်လို့... ပြီးတော့ အမြီးတစ်ချက်ယမ်းလိုက်တာနဲ့ လွင့်ထွက်သွားပြီတဲ့ ရှက်စရာကောင်းလိုက်တာ..."

မိုးပြာနဂါးနှစ်ကောင်က ကျွမ်းချင်၏ပေါင်ကိုဖက်ထားပြီး တွတ်ထိုးနေသည့်မိစ္ဆာကို ပါးစပ်ပိတ်အောင် လုပ်ပစ်ချက်စိတ်ပေါ်လာသည်။ သို့ရာတွင် သူတို့ တစ်ချက်မှ မလှုပ်ရှားနိုင်သောကြောင့် ဆက်နားထောင်နေရသည်။ 

နဂါးမျိုးနွယ်မှ လူလေးယောက်ရှိပြီး သုံးယောက်က ဒဏ်ရာရသွားခဲ့သည်။ ချင်ယန်းနှင့် ကျွမ်းချင်တို့ လက်ဖဝါးချင်းတိုက်လိုက်ချိန်တွင် သက်ရောက်မှုအားကြောင့် သူတို့ အနောက်ဘက်ဆယ်မီတာခန့်ကို လွင့်ထွက်သွားကြသည်။ ကျွမ်းချင်၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးကြေးခွံများကို မြင်နေရပြီဖြစ်သည်။ သူ့နှဖူးမှ နဂါးချိုများထွက်ပြီး ရွှေရောင်တလက်လက်တောက်ပနေသည်။ 

ထိုအခါမှသာ ဖူလီက နဂါးမျိုးနွယ်၏ အသက်အရွယ်ကို ရေတွက်ပုံအား ပြန်အမှတ်ရသွားသည်။ နဂါးတစ်ကောင်က အခွံထဲမှထွက်လာပြီး နှစ်‌နှစ်ထောင်အကြာတွင် အရွယ်ရောက်သူဖြစ်သွားသည်ဟု သတ်မှတ်ပေသည်။ ကျွမ်းချင်က အသက်မပြည့်သေးသောနဂါးဖြစ်သည်။ 

" အသက်မပြည့်သေးတဲ့နဂါးကို အနိုင်ကျင့်တယ်တဲ့ ရှက်စရာကောင်းလိုက်တာ..."

ဖူလီက မတ်တပ်ရပ်လိုက်ပြီး တိမ်များကြောင့် အဝတ်ပေါ်တွင် စိုစွတ်သွားသည်များကို ခါလိုက်သည်။

" တရားမမျှတမှုကိုတွေ့ရင်တော့ အကူအညီပေးရမှာပဲ... ငယ်ရွယ်တဲ့သူတွေကို အနိုင်ကျင့်တာက မှားယွင်းနေတာပဲ..."

" နဂါးသခင်ကျွမ်းချင်... နဂါးမျိုးနွယ်စုက ရေထဲက အရာအားလုံးကို အုပ်စိုးလာတာ နှစ်ပေါင်းမရေမတွက်နိုင်အောင်ရှိပြီ... တိမ်တွေဖြစ်အောင်လုပ်တယ် မိုးကိုဆင့်ခေါ်တယ်... ဆီးနှင်းခဲတွေ ရေခဲတွေဖြစ်အောင်လုပ်တာကလည်း ငါတို့ရဲ့ သဘာဝစွမ်းရည်ပဲ... လူသားတွေက သူတို့အသက်ရှင်နေတုန်း အတိဒုက္ခတွေအများကြီးကို ကြုံတွေ့ရမှာပဲလေ... ဘာလို့ တခြားမျိုးနွယ်ကြောင့် ကိုယ့်မျိုးနွယ်ကို ခက်ခဲအောင် လုပ်နေတာလဲ..."

ချင်ယန်းက တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး ကျွမ်းချင်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။ 

" ဘယ်လိုသတ္တဝါပဲဖြစ်ဖြစ် ကိုယ့်မျိုးနွယ်ရဲ့ အထောက်အပံ့ဆိုတာ လိုအပ်တာပဲ... မင်းက တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ ပေါင်းစပ်ထားရင်တောင် ကောင်းကင်ဘုံအောက်မှာရှိတဲ့ နယ်မြတွေအားလုံးမှာ ပြိုင်ဘက်ကင်းဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... မင်း စိတ်ထားသေးသိမ်ပြီး အရာအားလုံးကို အပြစ်ရှာနေရင် အရာအားလုံးက အလှပျက်ကုန်လိမ့်မယ်..."

" လူသားတွေက အသက်တိုကြလို့ သူတို့က အသက်ရှင်လိုစိတ်ပြင်းထန်ကြတယ် အဲဒါနဲ့ပဲ သူတို့က တခြားမျိုးနွယ်တွေထက် ပိုနှိပ်စက်ခံရမယ်တဲ့လား... နဂါးသခင်ချင်ယန်းရဲ့စကားတွေက နည်းနည်းတော့ အခြေအမြစ်မရှိဘူးထင်တယ်..."
ကျွမ်းချင်က အေးစက်စက်ဖြင့် ရယ်လိုက်သည်။

" အခြေအမြစ်ရှိရှိ မရှိရှိ သေချာတဲ့အချက်တစ်ခုတော့ရှိတယ်...လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတည်းက အခုချိန်ထိ လူသားတွေက ဒီလိုမျိုးအထိ တိုးတက်လာခဲ့တာပဲ..."

ချင်ယန်း၏မျက်နှာထက်တွင် မျိုးရိုးမြင့်သူတစ်ယောက်၏ အပြုံးမျိုးရှိသော်လည်း သူပြောသည့်စကားများက အေးတိအေးစက်ဖြစ်လွန်းလှသည်။ 

" ပြီးတော့ လူသားတွေက အရေအတွက်အရမ်းများပြီး မျိုးပွားနိုင်စွမ်းကလည်း မြင့်တယ်လေ... သူတို့ထဲက နည်းနည်းလောက် ဒဏ်ရာရသွားတာ သေသွားတာက ဘာများဖြစ်သွားနိုင်လို့လဲ..."

" ကျုပ်ကို ဒါမျိုးစကားတွေပြောစရာမလိုပါဘူး နဂါးသခင်ချင်ယန်း... မြောက်ပိုင်းရေကန်က နဂါးသခင်ကို အကျဉ်းချထားဖို့ အမိန့်မချခင်အထိ သူ့ကိုလွှတ်ပေးမှာ မဟုတ်ဘူး..."

ကျွမ်းချင်က ချင်ယန်းနှင့်အတူ အရေးမပါသောကိစ္စများဆွေးနွေးပြီး အချိန်ဖြုန်းမနေတော့ပေ။ အတွေးအမြင်မတူသော လူတစ်ယောက်ကို ဖျောင်းဖျရန်အတွက် အချိန်ကုန်ခံနေမည်လည်း မဟုတ်ပေ။

" ဒါဆိုရင်တော့ ငါ့ဘက်ကရိုင်းပြတာကို အပြစ်မတင်ပါနဲ့တော့..."
ချင်ယန်းက အပြုံးတစ်ခုဖြင့် ဦးညွတ်လိုက်သည်။

" လူတစ်ယောက်က ကိုယ့်ထက်ငယ်တဲ့သူတစ်ယောက်ကို ယဉ်ယဉ်ကျေးကျေးအနိုင်ကျင့်တာကို ပထမဆုံး မြင်ဖူးတာပဲ..."

ချင်ယန်းက အသံလာရာကို လှည့်ကြည့်လိုက်သည့်အခါ မိုးပြာနဂါးများက နဂါးမျိုးနွယ်စုတွင် အောက်ဆုံးအဆင့်၌ရှိသည်ဟုပြောသော မိစ္ဆာကို မြင်လိုက်ရသည်။ သူက တိမ်လွှာများအထက်တွင် လှဲလျောင်းနေပေသည်။ သူ့ထံမှ ‌မိစ္ဆာချီဓာတ်ကို အာရုံခံမရသောကြောင့် သူ့ပုံစံက ကျင့်ကြံဆင့်နိမ့်ပြီး အလွယ်တကူ အနိုင်ကျင့်ရသောပုံ ဖြစ်နေသည်။ 

အတိတ်တွင်ဆိုပါက ချင်ယန်း သူ့ကိုဂရုစိုက်မည်မဟုတ်ပေ။ သို့သော် ယခုအချိန်၌မူ အနှိုင်းမဲ့ထူးဆန်းမှုကြီးတစ်ခုကို အာရုံခံမိနေသည်။ 
သာမန်မိစ္ဆာလေးတစ်ကောင်က အရံအတားကို လွယ်လွယ်ချိုးဖျက်ပစ်ပြီးတော့ သူတို့တိုက်ခိုက်နေတာကို အနီးကပ်ကြည့်နေနိုင်တယ်တဲ့လား...

သာမန်ယောင်ကျင့်ကြံသူများပင် နဂါးများတိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့် နဂါးချီဓာတ်ကို မခံနိုင်ကြပေ။ 

" ဟေး..."

ဖူလီက တိမ်ပေါ်မှ ခုန်ချပြီး တဖြည်းဖြည်းလျှောက်လာကာ ကျွမ်းချင်၏ဘေးတွင်ရပ်လိုက်သည်။ 

" မိစ္ဆာတစ်ကောင်ဆိုတာ ကျိုးကြောင်းဆီလျော်သင့်တယ်... အရွယ်ရောက်ပြီးသား နဂါးတစ်ကောင်က အသက်မပြည့်သေးတဲ့ နဂါးလေးကို အနိုင်ကျင့်နေတာ အရှက်မဲ့လွန်းမနေဘူးလား..."

ချင်ယန်းက သူ့ကို စိုက်ကြည့်နေသည်။ ထို့နောက် ကျွမ်းချင်၏ဦးခေါင်းထက်မှ အပြည့်အဝ မဖွံ့ဖြိုးသေးသည့် နဂါးဦးချိုကိုကြည့်လိုက်မှသာ ကျွမ်းချင်က အမှန်တကယ်ပင် အသက်မပြည့်သေးကြောင်း အမှတ်ရသွားသည်။ လွန်ခဲ့သောနှစ်များအတွင်းက ကျွမ်းချင်၏ ကျင့်ကြံဆင့် ဆက်တိုက်တိုးမြှင့်သွားမှုကြောင့်သာ စီမံခန့်ခွဲမှုဗျူရို၏ ခေါင်းဆောင်နေရာကို ရသွားခဲ့၍ ဤအချက်ကို အားလုံးစိတ်ထဲ မေ့လျော့သွားကြခြင်းဖြစ်သည်။ 

" မင်းတို့တွေကသာ လူသားတွေကို အထင်သေးပေမယ့် လူသားလောကမှာ အသက်ငယ်ရွယ်သူတွေကို ကာကွယ်ပေးတဲ့ စည်းမျဉ်းဥပဒေတွေရှိတယ်..."

ဖူလီ၏ မျက်နှာထက်မှ စိတ်တိုင်းမကျဟန်က သိသာထင်ရှားနေသည်။ 

" မင်းတို့က လူသားတွေနဲ့တောင် ယှဉ်လို့မရဘူးပဲ... တခြားလူတွေကို အထင်သေးနေတာဆိုတော့ အရှက်မရှိတာပဲ..."

ချင်ယန်း၏ မျက်နှာထက်မှ အပြုက တောင့်တင်းသွားသည်။ အခြားသောမိစ္ဆာတစ်ကောင်က သူတို့၏ နဂါးမျိုးနွယ်စုကိုာလူသားများနှင့် မယှဉ်နိုင်ဟု ပြောသည့်အပြင် ထိုသို့ ပြောရခြင်းမှာလည်း အသက်ငယ်ရွယ်သူမျကို ကာကွယ်ပေးသည့် စည်းမျဉ်းဥပဒေများ မရှိသောကြောင့်ဖြစ်မည်ကို မယုံကြည်နိုင်ပေ။