Chapter 27
နားမခံနိုင်ခြင်း
သို့ရာတွင် ဤသို့ပြောလိုက်သည်က မည်မျှရယ်စရာကောင်းသည်ဖြစ်စေ ယနေ့ဆက်လက်မတိုက်ခိုက်နိုင်တော့ကြောင့် ချင်ယန်း သဘောပေါက်လိုက်သည်။ ဒဏ်ရာအပြင်းအထန်ရသွားသည့် မျိုးနွယ်တူသုံးယောက်ကို ခါးသက်သက်အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။ အကယ်၍ ဆက်လက်တိုက်ခိုက်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပါက မိုးပြာနဂါးများက စီမံခန့်ခွဲရေးဗျူရိုခေါင်းဆောင်ကျွမ်းချင်ကို အနိုင်မယူနိုင်ဟု အားလုံးယုံကြည်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့ပါက သူတို့၏ မိုးပြာရောင်နဂါးမျိုးနွယ်က မျက်နှာပျက်ရနိုင်သည်။
အကယ်၍ ဆက်လက်တိုက်ခိုက်နေလျှင်လည်း သူတို့နဂါးလေးကောင်အုပ်စုက အရွယ်မရောက်သေးသော နဂါးတစ်ကောင်ကို အနိုင်ကျင့်သည်ဟု အခြားသောမိစ္ဆာမျိုးနွယ်များက ထင်သွားနိုင်သည်။ ထိုသို့ဖြစ်ခြင်းက ပိုရှက်စရာကောင်းနိုင်သည်။ အရေးကြီးဆုံးအရာမှာ ကျွမ်းချင်ဘက်မှ ရပ်တည်ပေးလိုက်သော ယောင်ကျင့်ကြံသူ၏ခွန်အားကို မတွက်ဆနိုင်၍ မစဉ်းစားပဲ ရန်သွားမစရဲပေ။
ခဏအကြာ လေးလေးနက်နက်တွေးတောပြီးသည့်အခါ ချင်ယန်းက လက်နှစ်ဖက်ကို အုပ်ထားလိုက်ပြီး ပြောလာသည်။
" ကျင့်ကြံသူရဲ့စကားတွေက မှန်ပါတယ်....နဂါးသခင်ကျွမ်းချင် ငါတို့ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့..."
ထိုသို့ပြောပြီး ထွက်သွားရန် ပြင်လိုက်သော်လည်း ကျွမ်းချင်၏အမြီးဖြင့် လွင့်ထွက်သွားသော ချင်ယွမ်က နဂါးအသွင်ပြောင်းပြီး ကျွမ်းချင်ရှိရာကို တည့်တည့်လာနေသည်။
တစ်စက္ကန့်အတွင်းမှာပင် ကမ္ဘာကြီးက အရောင်ပြောင်းလဲသွားသည်။ မိုးခြိမ်းသံများ မြည်ဟည်းလာပြီး ကောင်းကင်ပေါ်မှ တိမ်တိုက်များက ထူထပ်သိပ်သည်းလာပြီး အရာအားလုံးကို လွှမ်းခြုံသွားသည့် ဧရာမသတ္တဝါကြီးတစ်ကောင် ဖြစ်လာသည်။
" သေရော..."
အရံအတား၏ အပြင်ဘက်မှ လင်းကွေ၏ အမူအရာက သိသိသာသာပြောင်းလဲသွားသည်။
" ဒါ လေဆင်နှာမောင်းကြီး ဖြစ်လာနိုင်တယ်... အားလုံးပဲ အရံအတားတစ်ခု ဖွဲ့စည်းလိုက်ကြ... ပတ်ဝန်းကျင်က လေစီးဆင်းမှုကို အရံအတားထဲပဲ ထိန်းထားနိုင်အောင်လုပ်ကြ..."
ချင်ယွမ်က လူငယ်မျိုးဆက်နဂါးတစ်ကောင်၏အမြီးဖြင့် အပုတ်ခံရခြင်းကြောင့် လွင့်ထွက်သွားခြင်းကပင် မျက်နှာပျက်ဖွယ်ကိစ္စ ဖြစ်နေခဲ့ပြီးသားဖြစ်သည်။ သို့ဖြစ်၍ မူရင်းပုံစံဖြင့် ကျွမ်းရှင်ရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည့်အခါ သူ့မူရင်းပုံစံ၏ ခွန်အား ခုနစ်ပုံ ရှစ်ပုံနီးပါး သုံးထားခဲ့သည်။
" အကြီးအကဲချင်ယွမ်..."
ချင်ယန်းက အလှည့်အပြောင်းများ ဖြစ်ပေါ်သွားသည့်အတွက် ခံစားချက်မကောင်း ဖြစ်နေသည်။ သူ အရှေ့ကို လှစ်ခနဲထွက်သွားပြီး ချင်ယွမ်ရှေ့မှ ဟန့်တားလိုက်ရန် ကြိုးပမ်းသော်လည်း ဒေါသထွက်နေသည့် ချင်ယွမ်က ချင်ယန်း၏ ဟန့်တားမှုကို အာရုံမစိုက်ပဲ ကျော်ဖြတ်သွားသည်။
" အမြန်သွားတော့..."
ကျွမ်းချင်၏ ထာဝရတည်တင်းနေသော ကျောက်ရုပ်ထုကဲ့သို့သော မျက်နှာထက်တွင် အနည်းငယ် ထိတ်ထိတ်ပျာပျာဖြစ်သွားသည့် အမူအရာ ထွက်ပေါ်လာသည်။ သူ့ဘေးနားတွင် ရပ်နေသောဖူလီကို တွန်းထုတ်ပစ်ပြီး မူလအသွင်ပြောင်းကာ ချင်ယွမ်ကို တားမြစ်လိုသော်လည်း ဖူလီက မထွက်သွားသည့်အပြင် ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူ့ရှေ့တွင်ပါ ကာရပ်နေသည်။
" ငါ့ရဲ့ကျင့်ကြံဆင့်က သာမန်အဆင့်လောက်ပဲ ရှိတယ်ဆိုပေမယ့် ဒီလိုအချိန်မှာ အသက်မပြည့်သေးတဲ့မိစ္ဆာက ငါ့ရှေ့မှာ ကာပေးနေခွင့်တော့ မပြုနိုင်ဘူး..."
ဖူလီက မကြာသေးမီအချိန်ကပင် ကျွမ်းချင်ကို သူ့အစားတိုက်ခိုက်ခိုင်းခဲ့သည်ကို အရှက်မဲ့စွာဖြင့် သတိမေ့သွားပုံရသည်။
အေးစိမ့်စိမ့်လေပြင်းက ချည်းကပ်လာသည်။ အချို့က ရေခဲဓားသွားများအဖြစ် ပြောင်းလဲသွားပြီး အရာရာကို ဆုတ်ဖြဲတော့မည့်အရှိန်ဖြင့် ထွက်ပေါ်လာနေသည်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းပြီး မူမမှန်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။
ဒင်...
မိုးပြာနဂါး၏ တိုက်ခိုက်မှုက ဖြူဖျော့ဖျော့လက်ဖဝါးတစ်ဖက်က သူ၏နဂါးဦးချိုကို ဆုပ်ကိုင်လိုက်ခြင်းနှင့်အတူ ရပ်တန့်သွားရသည်။
" ဒီနေရာမှာ ရေခဲနည်းစနစ်သုံးတာရဲ့ရလဒ်က ဘယ်လိုဖြစ်လာမယ်ဆိုတာ တွေးထားပြီးပြီလား..."
ဖူလီ၏ မျက်နှာ၊ ဆံပင်နှင့် ခန္ဓာကိုယ်တွင် ရေခဲအလွှာထူထူတစ်ခု ဖြစ်ပေါ်လာသည်။ မိုးပြာနဂါးရှေ့သို့ရောက်သွား၍ သူ့ခန္ဓာကိုယ်က အလွန်အမင်းသေးငယ်နေပုံရသည်။
ဂရား...
မိုးပြာနဂါးကြီးက ဒေါသတကြီးအော်ဟစ်လိုက်ပြီး သူ့နဂါးဦးချိုများ ဖူလီ့လက်မှလွတ်သွားစေရန် ခါယမ်းနေသည်။ သူ့ခန္ဓာကိုယ်ကို လှည့်လိုက်သည်နှင့် ဖူလီလည်း မိုးပေါ်လွင့်သွားရသည်။ သူ့ညာဘက်လက်ကို လှန်လိုက်သည့်အခါ ရှေးဟောင်းကတ္တီပါနီရောင်ဓားတစ်ချောင်းက သူ့လက်ထဲတွင် ပေါ်လာသည်။ ဓားကိုယမ်းလိုက်ပြီး သူ့ကိုထိုးဖောက်ပစ်တော့မည့်ရေခဲကို ကာလိုက်သည်။
" ဖုန်းဟွမ်မီးလျှံအစစ်နဲ့ သန့်စင်ထားတဲ့ နတ်ဘုရားဓားလား..."
ဘေးနားမှ ချင်ယန်း၏ အမူအရာက အကျည်းတန်လာသည်။ အမှန်တွင် ယခုလက်ရှိအချိန်၌ သူတို့တစ်ဦးတစ်ယောက်မှ မတိုက်ခိုက်ချင်ကြပေ။ သူ ပျံတက်သွားပြီး ကူညီလိုသော်လည်း ကျွမ်းချင်က သူ့ကိုတားမြစ်လိုက်သည်။ တောင်ပေါ်မှ ဆင်းလာသည်မှာ မကြာသေးသည့် မိစ္ဆာလေးဖြစ်သောဖူလီက အရေးနိမ့်နေမည်ကို ကျွမ်းချင်စိုးရိမ်နေမိသည်။ တစ်ဖက်တွင်လည်း ချင်ယန်းက ဖုန်းဟွမ်မီးလျှံအစစ်နှင့် သန့်စင်ထားသော နတ်ဘုရားဓားကြောင့် ချင်ယွမ် ချေမှုန်းခံလိုက်ရမည်ကို စိုးရိမ်နေသည်။
သူတို့နှစ်ယောက်လုံးက အလိုလိုနားလည်သဘောပေါက်မှုဖြင့် တစ်ယောက်ကိုတစ်ယောက် တားထားပြီး မည်သူကမှလည်း စ မလှုပ်ရှားကြပေ။
ခဏစောင့်ကြည့်နေပြီးသည့်နောက်တွင် ချင်ယန်းက တိတ်တဆိတ်ဖြင့် သက်ပြင်းချလိုက်သည်။ ဤမိစ္ဆာလေးက ဓားလမ်းစဉ်ဖြင့် ကျင့်ကြံနေသည့်ပုံ မပေါ်ပေ။ ဓားတစ်မျိုးတည်းက အလွန်စွမ်းအားကြီးသော်လည်း ဓားဖြင့်ဆိုလျှင် သူ့စွမ်းရည်က တော်ရုံသင့်ရုံသာ ဖြစ်သည်။ သို့ဖြစ်၍ သူက ချင်ယွမ်ကို ထိန်းထားရုံသာတတ်နိုင်ပြီး အပြတ်အသတ် အနိုင်မယူနိုင်ပေ။
ဆယ်မိနစ်ကျော်ခန့် ကြာပြီးသည့်နောက်တွင် အလွန်မောပန်းလာသော ချင်ယွမ်က နောက်ဆုတ်တော့မည့်ပုံစံပြလာပြီး အမောတကောဖြင့် အသက်ရှုနေရသည်။ ဖူလီကမူ ဆန့်ကျင်ဘက်ဖြစ်ပြီး မမောနိုင်မပန်းနိုင် ဓားကို ပုဆိန်နှင့် ရဲတင်းများသဖွယ် လွှဲယမ်းနေသည်။
ထိုသို့ဖြစ်သော်လည်း ချင်ယွမ်က သူ့ကိုထိန်းထားနိုင်ဆဲဖြစ်ကာ နောက်ကို တဖြည်းဖြည်းဆုတ်နေသည်။ သူ့ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာများစွာ ပေါ်လာသည်။
ဓားက ချင်ယွမ်အပေါ်ကျရောက်လာ၍ နာကျင်ရွာ အော်ဟစ်နေရသည်။ အဆုံးတွင် သူ လူသားပုံစံပြန်ပြောင်းလိုက်ပြီး နောက်သို့ခြေလှမ်းဆက်တိုက် ဆုတ်နေရသည်။ ဖူလီ့လက်ထဲမှဓားကို မုန်းတီးစွာဖြင့် ကြည့်နေပြီး သူ့ရင်ထဲတွင် လက်ရှိအခြေအနေကို လက်ခံရန် မလိုလားပေ။ အမည်မသိမိစ္ဆာတစ်ကောင်ကို သူကိုင်ထားသည့်ဓားကြောင့် ရှုံးနိမ့်ရတော့မည်ဖြစ်သည်။
ဒေါသအပြင်းအထန်ထွက်လာသောကြောင့် ချင်ယွမ်က သွေးအန်ချလာသည်။
ဤဓားက အားပြင်းသောဖျက်ဆီးခြင်းစွမ်းရည် ရှိနေလိမ့်မည်ဟု ဖူလီမထင်ထားခဲ့ပေ။ မိုးပြာရောင်နဂါး၏ဦးချိုကို ကိုင်လိုက်ချိန်တွင် လေအေးက အနည်းငယ် မသက်မသာဖြစ်လာသည်ဟုသာ ထင်လိုက်ရသည်။ ထို့အပြင် ချမ့်ခွန်းအိတ်ထဲ၌ ဤလက်နက်တစ်ခုတည်းသာ ရှိသောကြောင့် ၎င်းကို သုံးလိုက်ရသည်။
" သွားကြမယ်..."
ချင်ယွမ်က တစ်ဖက်လှည့်ပြီး ချင်ယန်းကို မျက်စိမျက်နှာပျက်စွာဖြင့် စူးစူးရဲရဲစိုက်ကြည့်ကာ ထွက်သွားရန် ပြင်နေသည်။
" နေပါဦး..."
ဖူလီက ချင်ယွမ်ကိုတားလိုက်ပြီး သူ့မျက်နှာကို ဓားဖြင့်ရွယ်ထားလိုက်သည်။
" မင်းတို့က အသက်မပြည့်သေးတဲ့ နဂါးတစ်ကောင်ကို အနိုင်ကျင့်ပြီး အခု ဒီလိုပဲ ထွက်သွားတော့မယ်ပေါ့လေ..."
သူ့အသံကို နားမခံနိုင်သော ချင်ယွမ်က သူ့ကို ကျိန်ဆဲတော့မည့်အချိန်တွင် တစ်ယောက်ယောက်က ဤအခွင့်အရေးကိုဖမ်းဆုပ်ပြီး ဦးစွာပြောလိုက်သည်။
ချင်ယန်းက ရှေ့တစ်လှမ်းတိုးလာပြီး ကျွမ်းချင်ကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။
" နဂါးသခင်ကျွမ်းချင်... ကျွန်တော်တို့ မင်းကို စော်ကားမိပါပြီ..."
ကျွမ်းချင်က လက်နောက်ပစ်ထားပြီး ချင်ယန်းကို မျက်နှာသေကြီးဖြင့်ကြည့်ကာ စကားတစ်ခွန်းမှ မပြောပေ။
ကျွမ်းချင်က ဤကိစ္စကို ဆက်လက်ဆွေးနွေးလိုပုံမရ၍ ဖူလီက ဓားကို ဓားအိမ်ထဲပြန်ထည့်ပြီး သိမ်းထားလိုက်သည်။
" နဂါးသခင်ကျွမ်းချင်ရဲ့ ညှာတာထောက်ထားမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး..."
ချင်ယန်းက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးချလိုက်ပြီး ကျွမ်းချင်နှင့်ဖူလီကို ဦးညွတ်ကာ လှုပ်ရှားမှုကင်းမဲ့နေသော ဂျူနီယာနှစ်ယောက်ကိုခေါ်ပြီး ချင်ယွမ်နှင့်အတူ အလင်းတန်းအဖြစ် အသွင်ပြောင်းကာ တိမ်တိုက်များအကြား ပျောက်ကွယ်သွားသည်။ သူ ထွက်သွားသည့်အရှိန်က အလွန်မြန်ဆန်လွန်းလှသည်။
ဖူလီက သူ့ဓားကို မြေပြင်ပေါ် ဒရွတ်တိုက်ဆွဲလာသည်။ သူ့ပုံရိပ်ပျက်မည်ကိုပင် ဂရုမစိုက်ပဲ ကျွမ်းချင်၏အနားကို ပျင်းရိပျင်းတွဲဖြင့် လျှောက်လာကာ အညှိုးတကြီးဖြင့် ပြောလိုက်သည်။
" ဒီဓားက တော်တော်လေးတာပဲ သုံးလို့လည်းမကောင်းဘူး..."
" ဒီဓားက..."
မိုးပြာနဂါးများကို ကြောက်လန့်စေသည့် နတ်ဘုရားဓားကို ဖူလီက သံတိုသံစတစ်ခုသဖွယ်သယ်လာသည်ကို ကျွမ်းချင်စိုက်ကြည့်နေမိသည်။
" ဘယ်လိုရလာတာလဲ..."
" ငါတို့တောင်ပေါ်က လူအသွင်ပြောင်းနိုင်တဲ့ ယောင်ကျင့်ကြံသူတိုင်းမှာ ဒီဓားတစ်ချောင်းစီရှိတယ်..."
ဖူလီက ဓားကို ချမ့်ခွန်းအိတ်ထဲ ပြန်ထည့်ထားလိုက်သည်။
"ဒီဓားကို ဘုရင်ကန်းလဲ့ကိုယ်တိုင်ထုထားတာ ပြီးတော့ ငါ့လှိုဏ်ဂူပေါက်ဝမှာ ဘယ်လောက်ကျင့်ကြံကျင့်ကြံ အသွင်မပြောင်းနိုင်တဲ့ စာကလေးဝိညာဉ်တစ်ကောင်ရှိတယ်... ဒါပေမဲ့ ဒီဓားက အရမ်းလေးပြီး ကြည့်ရဆိုးတော့ သစ်ပင်ဖြတ်ဖို့တောင် အသုံးမကျဘူး အဲ့တော့ ဘယ်သူမှ ဒီဓားသုံးရတာ မကြိုက်ကြဘူး..."
" အဲ့နဂါးရဲ့ကိုယ်ပေါ်က အရိုးထဲစိမ့်သွားလောက်တဲ့ အော်ရာနဲ့ တခြားလက်နက်တွေ မရှိလို့ပေါ့ မဟုတ်ရင် ငါ ဒီဓားကို မသုံးဘူး... အေးလွန်းလို့ ငါ့လက်တွေတောင် နီကုန်ပြီ... မင်းတို့မျိုးနွယ်ဝင်တွေက အသက်မပြည့်တဲ့သူတွေကို အနိုင်ကျင့်တဲ့အထိ အရှက်မဲ့ကုန်ပြီလား..."
ကျွမ်းချင် ချောင်းဟန့်လိုက်သည်။
" ငါက နဂါးမျိုးနွယ်စုနဲ့ ဆက်ဆံရေးမကောင်းဘူး..."
" သိသာပါတယ်..."
ကျွမ်းချင်က ခမ်းနားထည်ဝါစွာရပ်နေသည်ကို ဖူလီကြည့်လိုက်သည်။ သူ ခဏတာ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ပြောရန် ဆုံးဖြတ်လိုက်သည်။
" ရိုးရိုးသားသားပဲပြောတော့မယ် မင်းရဲ့ကိုယ်တွင်းမှာ ဒဏ်ရာတွေ အများကြီးရထားတယ်ဆိုရင် ကိုယ့်ကိုကိုယ် တွန်းအားမပေးနဲ့... ငါလည်း အိုနေတဲ့သူပါ မင်းကို ဟာသလုပ်တာမဟုတ်ဘူး..."
ဖူလီ့စကားများက သူ့ကို ဒေါသဖြစ်သည်လော မဖြစ်သည်လော မသိရသော်လည်း ထိုစကားများထွက်လာသည်နှင့် ကျွမ်းချင်၏ပါးစပ်မှ သွေးများစီးကျလာသည်။ လက်ဖြင့်သုတ်မည်အပြုတွင် ဖူလီက သူ့ကိုတားလိုက်သည်။
" မလှုပ်နဲ့ဦး..."
ဖူလီက ကျောက်စိမ်းပုလင်းတစ်လုံးကိုထုတ်ပြီး ကျွမ်းချင်၏ပါးစပ်ထောင့်မှ သွေးစက်များကို စုလိုက်သည်။
" နဂါးသွေးက ဆေးလုံးတွေသန့်စင်ဖို့ တော်တော်ကောင်းတယ်..."
ကျွမ်းချင်က ဖူလီ၏ကျောက်စိမ်းပုလင်းလေးကို စိုက်ကြည့်နေသည်။ ၎င်းက မှော်အစီအရင်ဖြင့် အဆင့်မြှင့်ထားသော ကျောက်စိမ်းပုလင်းဖြစ်သည်။ အတွင်းသို့ မည်သည့်အရည်မျိုး လောင်းချသည်ဖြစ်စေ အလတ်ဆတ်ဆုံးအနေအထားတွင်သာ ရှိနေနိုင်သည်။ ဆေးလုံးကျင့်ကြံသူတိုင်း ထိုပုလင်းမျိုးကို တပ်မက်ကြသည်။ ကံဆိုးသည်မှာ ကျောက်စိမ်းကောင်းမျိုးကို ရှာတွေ့ရန် ခဲယဉ်းလှပြီး မှော်အစီအရင်ရေးဆွဲခြင်း နည်းလမ်းများစွာကလည်း အစောပိုင်းနှစ်များတွင် ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ ကြီးမားပြီး လွှမ်းမိုးမှုရှိသောမျိုးနွယ်စုများမှလွဲ၍ အခြားသူများထံတွင် ထိုပုလင်းမျိုး မရှိပေ။
ကျွမ်းချင်ထံတွင်ပင် တစ်လုံးမှ မရှိပေ။
ဒီလို ရှားပါးပစ္စည်းမျိုးရှိနေတဲ့မိစ္ဆာတစ်ကောင်က ဘာလို့ အစိုးရဝန်ထမ်းဖြစ်ချင်နေရတဲ့အပြင် သူ့ဆီကပါ ပိုက်ဆံချေးရတဲ့အထိ မွဲတေနေတာလဲ...
" တစ်လုံးစားလိုက်..."
ဖူလီက သူ၏ချမ့်ခွန်းအိတ်ကို မွှေနှောက်ရှာဖွေလိုက်ပြီးသည့်နောက် ဆေးလုံးလေးတစ်လုံးကို ထုတ်လာသည်။
" မင်းရဲ့ကိုယ်တွင်းဒဏ်ရာတွေကိုကုဖို့..."
ဟွင်းယွမ်ဆေးလုံးက ကြည်လင်ချိုမြပြီး ဝိညာဉ်ချီဓာတ် ပေါကြွယ်ဝပေသည်။ ၎င်းက အဆင့်မြင့်ဆုံးသော ၉၆ပါးရောဂါပျောက်ဆေးဖြစ်သည်။ မှော်ဆေးလုံးတစ်ထောင်ကို သန့်စင်လျှင်ပင် ထိုသို့သောဆေးလုံးတစ်လုံးရလာမည်ဟု အာမ မခံနိုင်ပေ။ သိူ့ဖြစ်၍ ကျင့်ကြံရေးလောက လေလံပွဲများတွင် ထိုဆေးလုံးများကို အနည်းဆုံး ယွမ်နှစ်သန်းမှ ဈေးစခေါ်လေ့ရှိသည်။ ကျွမ်းချင်က ထိုဆေးလုံးကို ကိုင်လိုက်ပြီးနောက် သူ၏ကိုယ်တွင်းတွင် အသေးစားဒဏ်ရာများဖြစ်နေရုံဖြင့်
ယွမ်နှစ်သန်းတန်ဆေးလုံးကို မည်သို့သောက်ပစ်လိုက်ရမည်ကို တွေးနေမိသည်။ တစ်ခဏတွင်းချင်းပင် သူ့နှလုံးသားကို ဆုတ်ဖြဲလိုက်သကဲ့သို့သော ခံစားချက်မျိုး ဖြစ်ပေါ်လာပေသည်။
" ဘာလို့ ဆေးလုံးကြီးကို စိုက်ကြည့်နေတာလဲ
ဖူလီက ကျွမ်းချင်၏လက်ကို လှမ်းပုတ်လိုက်သောကြောင့် ဟွင်းယွမ်ဆေးလုံးက ကျွမ်းချင်၏အစာအိမ်ထဲကို တလိမ့်လိမ့်ဖြင့် ချောမွေ့စွာ ဝင်ရောက်သွားသည်။ ကျွမ်းချင်၏ သူ၏ကိုယ်တွင်းအင်္ဂါငါးခုတွင် နွေးထွေးမှုတစ်ခု ဖြစ်တည်လာသည်ကို လျင်မြန်စွာ ခံစားလိုက်ရသည်။ လက်ဖဝါးချင်းတိုက်မိမှုမှ ဖြစ်ပေါ်လာသော ကိုယ်တွင်းဒဏ်ရာများကလည်း တဖြည်းဖြည်းချင်း ပျောက်ကင်းသွားပေသည်။
" ဒီပုလင်းထဲမှာ ဟွင်းယွမ်ဆေးလုံးရှိနေတာ နှစ်သုံးထောင်လောက်ရှိပြီဆိုတာ ငါမေ့သွားတယ် စားရတာ အဆင်ပြေရဲ့လား..."
ဖူလီက ကျွမ်းချင်ကို စိုးရိမ်တကြီးဖြင့် ကြည့်နေသည်။ အကယ်ရွှေ နိုင်ငံ၏ကံကြမ္မာရွှေနဂါးကြီးကို သူအဆိပ်သင့်သွားစေသောကြောင့် သေဆုံးသွားခဲ့ပါက ကောင်းကင်ဘုံက သူ့ကို ဖုန်မှုန့်ဖြစ်စေသည်အထိ မိုးကြိုးပစ်ချသွားလိမ့်မည်။
" ကျေးဇူးအများကြီးတင်ပါတယ်... ငါအခု အဆင်ပြေသွားပါပြီ..."
ကျွမ်းချင်၏ အသားအရည်က ယခင်ထက် ပိုဖြူဖျော့လာသည်။
" ဟုတ်ရဲ့လား..."
ဖူလီက ကျွမ်းချင်ကို သင်္ကာမကင်းဖြင့် ကြည့်နေသည်။ သူ၏ အသားအရောင်က တဖြည်းဖြည်းကြောက်စရာကောင်းလာသော်လည်း သူက အဆင်ပြေသည်ဟု ပြောနေသည်။
စိတ်ဓာတ်ပြင်းထန်တဲ့ကလေးပဲ...
ကျွမ်းချင် ဘယ်လိုလုပ်ပြီး အဆင်ပြေမယ်တဲ့လဲ...
သူ့နှလုံးသားက နာကျင်လွန်း၍ အသက်မရှုနိုင်အောင် ဖြစ်နေသည်။ နှလုံးသားက နာကျင်နေခြင်းအပြင် မတွေးတတ်အောင် ခက်ခဲနက်နဲသောပျော်ရွှင်မှုမျိုး ခံစားနေရသည်။ ထိုပျော်ရွှင်မှုခံစားချက်ပ မည်သည့်နေရာကမှန်းမသိ ရောက်ရှိလာခြင်းဖြစ်သည်။ သူကိုယ်တိုင်သည်ပင် ဖြစ်ပျက်နေသည်များကို နားမလည်နိုင်ပေ။
အရံအတား၏ အပြင်ဘက်မှ ရှုယွမ်နှင့် အခြားလူများမှာ လေအေးက အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။ နဂါးမျိုးနွယ်က ဖွဲ့စည်းလိုက်သောအရံအတားကပါ လွင့်ပြယ်သွားပြီဖြစ်ရာ သူတို့အားလုံး စိုးရိမ်တကြီးဖြင့် ဝင်လာကြတော့သည်။
" အို့ ဟုတ်သားပဲ... လူသားရဲ့အုတ်ဂူကိုပြောင်းဖို့ မင်း ငွေမလိုဘူးလား..."
ကျွမ်းချင်က ပါးစပ်ထောင့်မှသွေးကို သုတ်နေလျက် ဖူလီ့ကို မေးလိုက်သည်။
" ဪ အဲဒါလား...မင်းတို့ရဲ့ စီမံခန့်ခွဲရေးဗျူရိုမှာလည်း ခက်ခဲနေတာမလား... ငါ တခြားနည်းလမ်း ရှာလိုက်ပါ့မယ်..."
ဖူလီ လက်ကာပြလိုက်သည်။
" ငါ မင်းကို အဲဒီတုန်းက နောက်လိုက်တာပါ..."
ကျွမ်းချင်၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ သူ ပြုံးကြည့်ရန် ကြိုးစားလိုက်သော်လည်း နှုတ်ခမ်းထောင့်နေရာက အနည်းငယ်တောင့်တင်းပြီး ထူးဆန်းနေသည်။ သူက မကြာခဏပြုံးလေ့ရှိသူမဟုတ်၍ ထိုသို့ဖြစ်ပုံပေါ်သည်။
" ငါက နဂါးမျိုးနွယ်ဝင်ပဲလေ ငွေမရှိပဲ နေမလား..."
သူ့ဖုန်းကို ထုတ်လိုက်သည်။
" အရင်ဆုံး ငါမင်း ဘဏ်အကောင့်ထဲကို ယွမ်တစ်သန်းထည့်ပေးမယ်... မလောက်ဘူးဆိုရင် ထပ်ပြောလေ..."
သူ ဖုန်းမျက်နှာပြင်ကို အချိန်အတန်ကြာသည်အထိ တတောက်တောက်နှင့် ထိနေသော်လည်း ဘဏ် application ထံမှ တုံ့ပြန်မှု မရပေ။ ထိုအခါမှသာ ဤနေရာက မြေပြင်နှင့် အတန်ငယ်ဝေးကွာနေကြောင်း အမှတ်ရသွားသည်။ ဖုန်းအချက်ပြမှုများက ကောင်းကင်အထိ မရောက်နိုင်ပေ။
" ငါက တစ်သန်းနဲ့ ဘာလုပ်ရမှာလဲ အဲ့လောက်အထိ မလိုပါဘူး... ပြီးတော့ ငါ အဲ့ငွေတွေကို အချိန်တိုအတွင်း ပြန်မပေးနိုင်ဘူး..."
ဖူလီက သူ့လက်နှစ်ဖက်ကို ပွတ်နေသည်။
" ငါတို့နဂါးမျိုးနွယ်အတွက်တော့ ဒီလောက်ငွေပမာဏက သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲရှိတာ... မြို့တော်မှာ ငွေဖြုန်းဖို့ နေရာအများကြီးရှိပါတယ်... မင်းက ခုမှ တောင်ပေါ်က ထွက်လာတာဆိုတော့ ဘာကိုမှ သိပ်နားမလည်သေးဘူးလေ... ငွေများများရှိတော့ ယုံကြည်ချက်ရှိတာပေါ့... ဒီငွေတွေ ပြန်ဆပ်မယ်လို့ ထပ်ပြောရင် ငါ့ကိုသိမ်ငယ်အောင်လုပ်တာပဲ..."
ကျွမ်းချက်က ဖုန်းကို သူ့အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည်။
" လူကြီးမင်းကျွမ်း ငါထင်တာတော့ အပြင်လောကတစ်ခုလုံးက မင်းတို့ နဂါးမျိုးနွယ်စုကို အထင်လွဲနေကြတာပဲလို့ထင်တယ်..."
ဖူလီက ဤသွေးနှောနဂါးကိုကြည့်လေ သူက အခြားသော ဘဝင်မြင့်သည့်နဂါးများနှင့်ကွာခြားသည်ဟု တွေးမိလေ ဖြစ်သည်။ သူက ရက်ရောပြီး ကျိုးကြောင်းဆီလျော်ကာ အကျင့်စရိုက်ကောင်းပြီး ကြင်နာတတ်သောနှလုံးသားရှိသည်။ လူငယ်လေးတစ်ယောက်၏နှလုံးသားက အသန့်စင်ဆုံးနှင့် အတက်ကြွဆုံးဖြစ်ပေသည်။
" ဘာအထင်လွဲတာလဲ..."
" ငါနဲ့တူတူ တောင်ပေါ်မှာနေခဲ့တဲ့ ယောင်ကျင့်ကြံသူတွေပြောတာတော့ ယောင်ကျင့်ကြံသူတွေပြောတာတော့ မင်းတို့ရဲ့ နဂါးမျိုးနွယ်စုဝင် ဆယ်ယောက်မှာ ကိုးယောက်က ကပ်စေးနဲတဲ့သူတွေတဲ့..."
ကျွမ်းချင်က ခေါင်းအသာမော့လိုက်ပြီးနောက် ဂရုမစိုက်ဟန်ဖြင့် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ သူ့ပုံစံက အလွန်အမင်းရက်ရောသူတစ်ယောက်နှင့် တူနေသည်။
" ငါက ချွင်းချက်နေမှာပေါ့..."
ဒါပေမဲ့ ဆယ်ယောက်မှာ ကျန်တဲ့တစ်ယောက်က အရမ်းကို ကပ်စေးနဲတာလေ...