Chapter 28
စာမေးပွဲ
ဖူလီက ခဏတာအတွေးထဲ နစ်မျောသွားပြီးနောက် ထိုစကားကို ထုတ်မပြောရန် တွေးလိုက်မိသည်။ အလွန်ရက်ရောသော နဂါးတစ်ကောင်ကို တည်ရှိရန် ခဲယဉ်းလှ၍ သူ့ကိုလွှတ်ထားလိုက်တော့ပေမည်။
တိမ်လွှာများ၏အောက်ရှိ အကြားအာရုံကောင်းသော ချူးယွီ၊ လင်းကွေတို့က တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက် အလွန်အမင်းထိတ်လန့်သွားပုံရသည်။
ဒီလောက်အရေထူတဲ့ သူတို့ဘော့စ်က ဘယ်တုန်းက နဂါးမျိုးနွယ်ရဲ့ချွင်းချက်ဖြစ်သွားတာလဲ...
သူကမှ ကပ်စေးမနဲရင် ဒီလောကကြီးထဲမှာ ကပ်စေးနဲတဲ့သူကို မရှိတော့ဘူး...
စီမံခန့်ခွဲရေးဗျူရိုသို့ ပြန်ရောက်ပြီးသည့်အခါ ကျွမ်းချင်က ဖူလီ့ကို ငွေတစ်သန်းလွှဲပေးလိုက်သည်။ ဖူလီမှာ သူနေထိုင်လာသည့် သက်တမ်းတစ်လျှောက်တွင် ဤမျှ ငွေပမာဏများပြားသည်ကို ပထမဆုံးအကြိမ် ပိုင်ဆိုင်ဖူးခြင်းဖြစ်သည်။ သူ၏ ချမ့်ခွန်းအိတ်ထဲမှ သဘာဝစိန်တစ်တုံးကိုထုတ်ပြီး ကျွမ်းချင်၏ရှေ့၌ ချထားလိုက်သည်။
" ဟိုတစ်ခါ ငါမင်းရဲ့ကားကိုယူမိတယ်... ကားအမိုးပေါ်ကကျောက်တုံးကိုမြင်တော့ ဒါကို သတိရမိသွားလို့... မင်းတို့ နဂါးမျိုးနွယ်က ဒီလို အရောင်တောက်တဲ့ပစ္စည်းတွေကြိုက်တယ်ဆိုတော့ ဒါကိုယူထားပြီးတော့ နံရံထဲ မြှုပ်ထားလိုက်လေ..."
လက်သီးဆုပ်အရွယ်ခန့်ရှိသော သဘာဝစိန်တုံးက ကျောက်စရစ်ခဲတစ်တုံးသဖွယ် စားပွဲပေါ် ပစ်ချခံလိုက်ရသည်။
ကျွမ်းချင်က သဘာဝစိန်ကိုကြည့်ပြီး အသက်ပြင်းပြင်းရှုကာ အက်ရှရှအသံဖြင့် မေးလိုက်သည်။
" လူကြီးမင်းဖူ အရင်ခေတ်က မိစ္ဆာတွေက တခြားလူတွေကို ဒီလိုပဲ ပစ္စည်းတွေ အလွယ်တကူပေးကြတာလား..."
" ဘာမှမဖြစ်ပါဘူး ငါလည်းအမြဲတမ်း ရက်ရောနေတာမှ မဟုတ်တာ..."
ဖူလီက စိန်တုံးကို လက်ဖြင့်တို့လိုက်သည့်အခါ စားပွဲပေါ် ရှေ့နောက်လှိမ့်နေပေသည်။
" ဒီကျောက်တုံးက စာကလေးဝိညာဉ် ဓားကိုသန့်ပြီးတဲ့နောက် ကျန်ခဲ့တဲ့သတ္တုထင်တယ်... အခုခေတ်လူ့အဖွဲ့အစည်းထဲမှာတော့ တန်ဖိုးကြီးပေမယ့် ငါ ဒါကို ရောင်းလို့ရမှာလည်း မဟုတ်ဘူးလေ... ငွေတစ်သန်းတွက် မင်းကိုပြန်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ..."
" မင်းရဲ့ကျောက်တုံးက ငွေတစ်သန်းထက် ပိုတန်တယ်..."
ဖူလီက အဖိုးတန်ပစ္စည်းများကို အခြားလူများထံ အလွယ်တကူ လက်ဆောင်ပေးပစ်သည်ကို တွေးမိပြီးနောက် ၎င်းပစ္စည်းများကို သူမပိုင်သော်လည်း ခေါင်းမှ ခြေဖျားအထိ ယားကျိကျိဖြစ်လာသည်။
" မင်းက မိစ္ဆာတွေအများကြီးထဲမှာမှ ငါ့ကို ငွေချေးချင်စိတ်ရှိတဲ့ တစ်ယောက်တည်းသောလူပဲ... မင်းက အဲ့လိုပစ္စည်းတွေကြိုက်တော့ ငါ မင်းကိုပေးတာ သင့်တော်ပါတယ်..."
ဖူလီက ဖျောင်းဖျနှစ်သိမ့်သည့်အနေဖြင့် ကျွမ်းချင်၏ပခုံးကို ပုတ်လိုက်သည်။
" ဒါတွေက ငါ့ရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တယ်ဆိုရုံပါပဲ စိတ်ထဲမထားနဲ့..."
ကျွမ်းချင်က ကျေနပ်အားရစွာပြုံးနေသည့် ဤမိစ္ဆာအိုကြီးကို ကြည့်လိုက်ပြီး အချိန်အတန်ကြာမှသာ သက်ပြင်းရှည်ကြီးချလိုက်သည်။
" ဖူကျင့်ကြံသူရဲ့ ကောင်းတဲ့ရည်ရွယ်ချက်လေးကို ငါလက်ခံပါတယ် တကယ်လို့ မင်းအနာဂတ်မှာ တခြားလူတွေကို ပစ္စည်းတွေပေးချင်တယ်ဆို ငါနဲ့လာတိုင်ပင်လို့ ရပါတယ်..."
ထိုသို့ပြုလုပ်ခြင်းက ရှားပါးအဖိုးတန်ပစ္စည်းများကို နှစ်ယွမ်ခန့်သာတန်သည့်အရာများသဖွယ် ပေးပစ်ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။
" ငါ မင်းကို ဒုက္ခပေးလို့ ဘယ်ဖြစ်မလဲ..."
ဖူလီက ရှက်ရွံ့သွားဟန်ဖြင့် ပြုံးလိုက်သည်။ သူက လူသားလောကအပေါ် နားလည်သဘောပေါက်မှု အလွန်ချို့တဲ့နေပေသည်။ အကယ်၍ လူသားလောကတွင် နေထိုင်သောမိစ္ဆာတစ်ကောင်က လူသားများအကြားမှ ပေါင်းသင်းဆက်ဆံမှုများကို မည်သို့ကိုင်တွယ်ရမည်ကို သင်ပြနိုင်ပါက အရာအားလုံး သူ့အတွက် ပိုမိုအဆင်ပြေလွယ်ကူသွားနိုင်သည်။
" မဟုတ်ဘူး ဒုက္ခပေးရာမကျပါဘူး..."
ကျွမ်းချင်က မတ်တပ်ရပ်လိုက်ပြီး လေးနက်စွာပြောလိုက်သည်။
" ငါနဲ့လိုက်ခဲ့..."
သူက ရွှေနဂါးမျိုးနွယ်စု၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်သောကြောင့် ဖူလီက ရှားပါးပစ္စည်းများကို ဖြုန်းတီးပစ်နေခြင်းအား အမှန်ပင် သည်းမခံနိုင်ပေ။အကယ်၍ သူ့ကို ရွှေငွေများ ပုံပေးလျှင်ပင် သူ့တွေးခေါ်ပုံကို ပြောင်းလဲပစ်နိုင်မည်ဟု မထင်မိပေ။
လူသားလောကကြီးက ဘယ်လိုမျိုးဆိုတာ သူနားလည်ဖို့လိုနေပြီ...
ကျွမ်းချင်တစ်ယောက်တည်းကြောင့် နဂါးမျိုးနွယ်စုအပေါ် သူ၏ အဆိုးမြင်မှုများက မကြာမီပြောင်းလဲသွားတော့မည်ဟု ဖူလီခံစားလိုက်ရသည်။
........
ဂျူနီယာနှစ်ယောက်ကို သမုဒ္ဒရာသို့ ပြန်ခေါ်လာပြီးသည့်နောက်တွင် ချင်ယန်း သွေးများစွာအန်တော့သည်။
" ဦးလေး..."
ယခုမှ အရွယ်ရောက်သော မိုးပြာနဂါးနှစ်ကောင်က ဖိနှိပ်ချုပ်ခြယ်သည့် အပြုအမူများဖြင့်သာ အသားကျနေခဲ့ပြီးဖြစ်သည်။ ကျွမ်းချင်က သူတို့၏ မိုးပြာနဂါးမျိုးနွယ်ကို အခက်တွေ့အောင် ပြုလုပ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
" ငါ အဆင်ပြေပါတယ်..."
ချင်ယန်း လက်ကာပြလိုက်သည်။ ကျွမ်းချင်၏ ကျင့်ကြံဆင့်က သိမ်မွေ့နက်နဲသော အဆင့်တစ်ခုကို ရောက်ရှိနေပြီဟု သူ မထင်ထားခဲ့ပေ။ သူ ခုခံနိုင်ခဲ့ရခြင်းမှာ ကျွမ်းချင်က သူ့ကိုဖောက်ထွင်းမမြင်နိုင်အောင် တားမြစ်လိုသောကြောင့်သာဖြစ်သည်။ သို့သော် ယခုအချိန်၌ သူ မထိန်းထားနိုင်တော့ပေ။ နဂါးအသွင်ပြန်ပြောင်းပြီး နဂါးနန်းတော်သို့ ပြန်တော့မည့်အချိန်တွင် ရေငုပ်သင်္ဘောတစ်စီးက ခိုးကြောင်ခိုးဝှက်ဖြင့် လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ ဝိညာဉ်ချီဓာတ်ကို အာရုံစိုက်မိသွား၍ အတွင်းမှလူများက သူတိူ့လူသားပုံစံနှင့် ဆံပင်အရောင် အသားအရောင် ကွာခြားသည်ကို သတိပြုမိလိုက်သည်။
စိတ်မကြည်မလင်ဖြစ်နေသောကြောင့် သူ့ဝတ်ရုံလက်ကိုခါလိုက်ပြီး ရေငုပ်သင်္ဘောကို ရေမျက်မှာပြင်ပေါ် ပြန်တက်သွားအောင် လုပ်လိုက်သည်။ ယခုနှစ်ပိုင်းများအတွင်းတွင် ဤရေငုပ်သင်္ဘောများက သူတို့၏ နဂါးနန်းတော်အနားသို့ ဆက်တိုက်လာရောက်ကြ၍ ရာသီလေးခုလုံးတွင် ဤနေရာတစ်ဝိုက်၌ အရံအတားတစ်ခု ဖွဲ့စည်းထားရသည်။ ၎င်းက နဂါးများအတွက်မူ အဆုံးမဲ့ အထိတ်တလန့် ဖြစ်စေမှုကြီးပင်။
ရေမျက်နှာပြင်ပေါ် ပြန်တက်သွားသောကြောင့် ခေါင်းချာချာလည်သွားသော ရေငုပ်သင်္ဘောခေါင်းဆောင်က အသိစိတ်ပြန်ဝင်လာချိန်တွင် မနီးမဝေးနေရာတစ်ခု၌ လှုပ်ရှားမှုမရှိသော စစ်သင်္ဘောတစ်စင်းကို မြင်လိုက်ရသည်။
စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘောက အထိတ်တလန့်ဖြင့် ကြည့်နေကြသည်။ စစ်သင်္ဘောက အလွန်လျင်မြန်စွာတုံ့ပြန်လိုက်ပြီး ရေငုပ်သင်္ဘောကို သူတို့တိုင်းပြည်၏ဧည့်သည်အဖြစ် ယဉ်ကျေးစွာ ဖိတ်ခေါ်သွားလိုက်သည်။
.....
နဂါးလေးကောင်လုံး နဂါးနန်းတော်သို့ ပြန်ရောက်လာချိန်တွင် ချင်ယွမ်က သူ့ခေါင်းကိုကိုင်ပြီး နာကျင်စွာဖြင့် ကြမ်းပြင်တွင် လှိမ့်နေကာ ပတ်ဝန်းကျင်မှ ပုစွန်နှင့် ဂဏန်းစစ်သည်များကိုပင် ဂရုမစိုက်နိုင်တော့ပေ။
" အကြီးအကဲ..."
ချင်ယွမ်က အလွန်နာကျင်လွန်းသောကြောင့် ဝိညာဉ်ချီဓာတ်ကိုပင် မထိန်းချုပ်နိုင်တော့သည်ကို မြင်သည့်အခါ ချင်ယန်းက မူလအသွင်ပြန်ပြောင်းလိုက်ပြီး ဘေးနားမှ ပုစွန်နှင့် ဂဏန်းစစ်သည်များကို အမိန့်ပေးလိုက်သည်။
" အားလုံး နောက်ဆုတ်နေကြစမ်း..."
မိုးခြိမ်းသံသဖွယ် နဂါးဟိန်းဟောက်သံကြီးက ကျင့်ကြံဆင့်နိမ့်သော ပုစွန်နှင့် ဂဏန်းစစ်သည်များကို ညှင်းပန်းသကဲ့သို့ ဖြစ်သွားသည်။ အချို့က ထိုနေရာတွင်ပင် မူးမေ့လဲသွားကြသည်။ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကြားသောကြောင့် နဂါးနန်းတော်ထဲမှ အခြားနဂါးများ ထွက်လာပြီး ဖြစ်ပျက်နေသမျှကို လာကြည့်ကြသည်။
ချင်ယွမ်က သမုဒ္ဒရာထဲတွင် ဖရိုဖရဲဖြင့် ဆတ်ခနဲ တုန်ယင်နေသည်။ အကယ်၍ ချင်ယန်းက လျင်မြန်စွာတုံ့ပြန်ပြီး နန်းတော်ဂိတ်တံခါးရှေ့တွင် အရံအတားတစ်ခု ပြုလုပ်မထားခဲ့ပါက တံခါးကိုပင် ဝင်ဆောင့်ပစ်နိုင်သည်။
" ချင်ယန်း မင်းတို့အားလုံး ကျွမ်းချင်ကို သွားရှာကြတာမဟုတ်ဘူးလား... ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ..."
မိုးပြာနဂါးမျိုးနွယ်စု၏ခေါင်းဆောင် ထွက်လာသည်။ နာကျင်မှုကြောင့် အသိစိတ်ပျောက်လုမတတ်ဖြစ်နေသည့် ချင်ယွမ်ကိုမြင်သည်နှင့် သူ့မျက်နှာက တင်းမာသွားသည်။
" ချင်ယွမ်ရဲ့ ကျင့်ကြံဆင့်က မိုးပြာနဂါးတွေကြားမှာ အမြင့်ဆုံး မဟုတ်ပေမယ့် သူကျင့်ကြံလာတာ နှစ်ထောင်ကျော်နေခဲ့ပြီ... ဘယ်သူက သူ့ကို ဒီအခြေအနေထိရောက်အောင် လုပ်ပစ်တာလဲ..."
" အ-အကြီးအကဲရဲ့ ဦးချို..."
အသက်မပြည့်သေးသော မိုးပြာနဂါးတစ်ကောင်က နာကျင်မှုကြောင့် မြေပြင်တွင် လှိမ့်နေသော ချင်ယွမ်ကို လက်ညှိုးထိုးပြလိုက်ကာ သူ့အမူအရာက ကြောက်ရွံ့ထိတ်လန့်မှု၊ အံ့ဩတကြီးဖြစ်မှုတို့ဖြင့် ပြည့်နေသည်။ သူ စကားတစ်ခွန်းပင်ပြီးအောင်မပြောနိုင်ခဲ့ပေ။
ချင်ယန်းလည်း ချင်ယွမ်ကို လှည့်ကြည့်လိုက်ချိန်၌ သူ့အမူအရာက အေးခဲတောင့်တင်းသွားသည်။ ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုက သူ့မျက်လုံးများကို နှုတ်ဆက်နေပေသည်။
အကြီးအကဲချင်ယွမ်က အသက်နှစ်တစ်ရာခန့်တွင် အခွံထဲမှထွက်လာခဲ့ပြီး အသက်ငါးရာတွင် လူသားပုံစံ အသွင်ပြောင်းနိုင်ခဲ့သည်။ သူ၏နဂါးဦးချိုများက အလွန်ခံ့ညားလှပသောကြောင့် သူ့အတွင် အမြဲတမ်းဂုဏ်ယူစရာဖြစ်ခဲ့သည်။ သို့ရာတွင် သူ၏ဦးချိုနှစ်ချောင်းအနက်မှ တစ်ချောင်းတွင် အက်ရာများ ပေါ်လာခဲ့သည်။ ထို့အပြင် အကြီးအကဲချင်းယွမ် နာကျင်စွာဖြင့်အော်လေ အက်ရာများက ပိုကြီးလာလေဖြစ်သည်။
အက်ကွဲသံအချို့ ကြားလိုက်ရပြီးသည့်နောက်တွင် နဂါးဦးချိုက မြေပြင်ပေါ်ပြုတ်ကျပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်။
" န နဂါးဦးချိုကြီး ကျိုးသွားပြီ..."
နဂါးငယ်လေးတစ်ကောင်က သူ့ဦးခေါင်းထက်မှ ချိုပိစိလေးများကို ကိုင်ထားကာ ကြောက်လန့်လွန်းသောကြောင့် စကားမပြောနိုင် ဖြစ်သွားသည်။
စီနီယာဖြစ်သည့် မိုးပြာနဂါးကြီးများမှာ သူတို့ထုတ်ဖော်မပြောရဲခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်းမြောက်များစွာက အရှက်ခွဲခံရသောကိစ္စကြီးကို ပြန်သတိရသွားကြသည်။ သူတို့နှလုံးသားထဲတွင် ခြောက်ခြားမှုကြီးတစ်ခု ဖြစ်တည်လာတော့သည်။
.....
" ငါတို့ ဘယ်သွားမလို့လဲ..."
ဖူလီက ကျွမ်းချင်နောက်မှလိုက်ပြီး ကားထဲဝင်လာသည်။ ခါးပတ်ပတ်နေလျက် သူ့လက်နှစ်ဖက်ကိုခါပြီး ကျွမ်းချင်ကို ပြောလိုက်သည်။
" အဲဒီ မိုးပြာနဂါးအိုကြီးရဲ့ဦးချိုတွေက တော်တော်မာတာပဲ ငါ့လက်တွေအခုထိ နာနေသေးတယ်..."
" နဂါးတစ်ကောင်လုံးမှာ အမာဆုံးနေရာက သူတို့ရဲ့ဦးချိုတွေလေ... လက်ဗလာနဲ့ကိုင်ရင်တော့ သေချာပေါက် ဒဏ်ရာတွေ ကျန်ခဲ့မှာပဲ..."
ကျွမ်းချင်က ဖူလီ့လက်ပေါ်မှ အနီကွက်ကြီးကိုကြည့်နေသည်။ ထို့နောက် ကားထဲမှ ဆေးဘူးတစ်ဘူးကိုယူကာ သူ့ထံ ပစ်ပေးလိုက်သည်။
" ဒါက ရေညှိကလုပ်ထားတဲ့လိမ်းဆေး... အနာပေါ်ကို လိမ်းလိုက်..."
ဖူလီက အဖုံးဖွင့်နေချိန်၌ အနံ့တစ်မျိုးရလာသည်။
" အနံ့ကတော့ နည်းနည်းဆိုးတာပဲ..."
" မဟာအရှင်သခင်တွေက အဲ့လိုမျိုး စောဒကတက်မနေသင့်ဘူး... ဒီဆေးက အပြင်ပိုင်းဒဏ်ရာတွေအတွက်ပဲလေ ငါမင်းကို စားခိုင်းနေတာမှ မဟုတ်တာ..."
ကျွမ်းချင် ကားစက်နှိုးလိုက်သည်။
" ငါအရင်ဆုံး မင်းကို ဖုန်းတစ်လုံးဝယ်ဖို့ ခေါ်သွားမယ်...ဒီခေတ်ထဲမှာ အသက် ၇၀ ၈၀အရွယ် လူကြီးသူမတွေတောင် ဖုန်းကိုင်ကြတာ မင်းက သူတို့နဲ့တောင် ယှဉ်မရဖြစ်နေတယ်..."
" ငါက သူတို့ထက်အသက်ကြီးတယ်လေ..."
ဖူလီက အစိမ်းရင့်ရောင်ဆေးကို လက်ပေါ်လိမ်းနေပြီး ကျွမ်းချင်၏လေသံကို စိတ်ထဲမထားလိုက်ပေ။ သူက နှစ်ပေါင်းမြောက်များစွာ ရှင်သန်လာပြီးသူဖြစ်၍ လူငယ်တစ်ယောက်နှင့် တွက်ကပ်နေမည်မဟုတ်ပေ။
သူတို့ကားပေါ်မှ ဆင်းလာချိန်တွင် ဆေးအားလုံးက စုပ်ယူထားပြီးဖြစ်၍ အမာရွတ် အပိုင်းစလေးကိုပင် မမြင်ရတော့ပေ။ ဖူလီ ခေါင်းညိတ်ပြပြီး ချီးကျူးလိုက်သည်။
" ဒီဆေးက မဆိုးဘူးပဲ..."
ကျွမ်းချင်က အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။
" သေချာပေါက် ဘယ်ဆိုးမလဲ... အဲဒါက နဂါးမျိုးနွယ်စုရဲ့ လျှို့ဝှက်ဆေးလေ... အရေပြားကိုပါ ချက်ချင်းအသစ်ပြန်ဖြစ်လာစေတာ..."
တစ်ဖက်လူထံမှ ယွမ်နှစ်သန်းတန်သော ဆေးလုံးကို မစားထားမိပါက သူသည်လည်း ဤဆေးကို ထုတ်ပေးမည်မဟုတ်ပေ။
နည်းပညာမြို့တော်ကြီးက အမှန်ပင် စည်ကားနေသည်။ နာမည်ကြီးဘရန်းများစွာကိုလည်း အဆောက်အဦးကြီးများပေါ် ကြေညာထားသည်။ ဤနေရာတွင် ၁၂လ၌ ၁၀လခန့်က ဈေးလျှော့သည့်အစီအစဉ်များ ပြုလုပ်လေ့ရှိသည်။ ၎င်းက လျှပ်စစ်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ ရောင်းချရာ၌ သာမန်နည်းစနစ်များဖြစ်ပေသည်။
ခေတ်မီနည်းပညာသုံးကိရိယာများက ဖူလီ့အတွက်မူ ဂြိုလ်သားသဖွယ်ဖြစ်နေသည်။ ဖုန်းရွေးချယ်နေသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ကျွမ်းချင်က သူ့ကို မေးခွန်းတစ်ခုမေးတိုင်း ဘာစကားတစ်ခွန်းမှ မပြောဘဲ အားလုံးက အဆင်ပြေသည်ဟုသာ ပြောသည်။ အဆုံးတွင် ကျွမ်းချင်က နိုင်ငံတွင်း၌ နာမည်ကောင်းရထားသော အရည်အသွေးကောင်းသည့်ဖုန်းတစ်လုံးကို ဝယ်ပေးလိုက်သည်။ ဤဖုန်းမော်ဒယ်ကို ဝယ်ယူခြင်းကြောင့် ၁၂လအတွင်း ဖုန်းခေါ်ဆိုခြင်းအတွက် ယွမ် ၅၀ ပြန်အမ်းငွေရရှိမည်ဖြစ်သည်။
ဖူလီက အရောင်းဝန်ထမ်းချပေးထားသော ရေခွက်ကိုကိုင်ကာ ကျွမ်းချင်က ဆိုရှယ်မီဒီယာ applicationများစွာကို ဖုန်းထဲထည့်ပေးနေသည်အား ကြည့်နေသည်။ အားလုံးပြီးသွားမှသာ ကျွမ်းချင်က သူ့ကိုဖုန်းပြန်ပေးလိုက်သည်။
" သတင်းတွေ မကြာခဏဖတ်နော် အဲဒါမှ ဗဟုသုတတွေတိုးမှာ..."
" ငါ သတင်းတွေကြည့်ပါတယ်..."
ဖူလီက ဖုန်းကို သူ့ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်ပြီး ကျွမ်းချင်ကိုပြောလာသည်။
" တကယ်တော့ ဒီလောက်အထိ ဒုက္ခခံနေစရာ မလိုပါဘူး... မင်းကိုဆက်သွယ်ဖို့ မိုင်ထောင်ချီအသံကူးပြောင်းမှု သုံးလို့ရတာပဲ... ဒါက ဘယ်လိုပဲဖြစ်ဖြစ် ပိုအဆင်ပြေနေတာကို..."
ကျွမ်းချင် အသက်ပြင်းပြင်းရှုလိုက်သည်။
" အခုခေတ် ယောင်ကျင့်ကြံသူတွေက မိုင်ထောင်ချီအသံကူးပြောင်းမှုကို ဘယ်လိုသုံးရမယ်ဆိုတာ မသိကြဘူး... ပြီးတော့ မင်းက လူ့အဖွဲ့အစည်းထဲ ဝင်လာပြီဆိုတော့ လိုက်လျောညီထွေဖြစ်အောင် နေရမှာပဲလေ... ဖုန်းကိုလည်း သုံးသင့်တဲ့အချိန်မှာ သုံးရမယ်... သတင်းလိုင်းတွေတင် မကဘူး မင်းအတွက် ဆိုရှယ်မီဒီယာတွေပါ downloadပေးထားတယ် အဲဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအပိုင်းအစတွေရှိတယ် ပြန်ရောက်မှာ ကိုယ့်ဘာသာ ကြည့်ကြည့်လိုက်ပေါ့လေ..."
" အို့..."
ဖူလီက ဖုန်းကိုပြန်ထုတ်ပြီး ခဏကြည့်လိုက်သည်။ ထို့နောက် ‘contacts’ ဟုရေးထားသော လေးထောင့်တုံးလေးကို နှိပ်လိုက်သည့်အခါ ကျွမ်းချင်တစ်ယောက်တည်း၏ contactနာမည်ကို မြင်လိုက်ရသည်။ သူ ကျွမ်းချင်ကို တစ်ချက်ကြည့်လိုက်ပြီး ရင်ထဲထိသွားမိသည်။
ဒီသွေးနှောနဂါးက တကယ်ကို ဖော်ရွေပြီး ရက်ရောတာပဲ...
ဖူလီကို သူငှားနေသည့်အိမ်သို့ လိုက်ပို့ပြီးသည့်အခါ ကျွမ်းချင်က ပြောလိုက်သည်။
" မင်းမှာ ငွေရှိနေပြီပဲ တခြားတစ်နေရာရာမှာ ပြောင်းနေပါလား..."
ဖူလီက သူနေထိုင်ရာအတွက် မြင့်မားသောလိုအပ်ချက် ထားသူမဟုတ်၍ ကျွမ်းချင်ပြောသည်ကို လွယ်လွယ်သဘောတူလိုက်သည်။
" ကောင်းပါပြီ..."
" ပြီးတော့... နောက်သုံးရက်ကြာရင် ရေးဖြေစာမေးပွဲရှိတာ မမေ့နဲ့ဦး..."
ကျွမ်းချင်က ထပ်ပြောလိုက်သည်။
" ဘာစာမေးပွဲလဲ..."
ဖူလီက မတုံ့ပြန်နိုင် ဖြစ်သွားရသည်။
ကျွမ်းချင်၏ မျက်နှာအမူအရာက သာမန်မျက်စိဖြင့် မြင်နိုင်လောက်သောအရှိန်ဖြင့် မည်းမှောင်သွားသည်။
" စီမံခန့်ခွဲရေးဗျူရိုရဲ့ လူသစ်ရွေးစာမေးပွဲ..."
ဖူလီ့ပုံစံက ထိုကိစ္စကို စိတ်ထဲမထည့်ထားပုံပေါ်သည်။
" အာ အဲဒါလား ငါမှတ်မိပါတယ်... အချိန်တန်ရင် အဲ့အတွက် ပြင်ဆင်ထားဖို့ သေချာပေါက်လုပ်မှာပါ..."
ဖူလီက ခြောက်ကပ်စွာဖြင့် ရယ်လိုက်သည်။
ကျွမ်းချင်က ကားကို ဝုန်းခနဲကွေ့ထွက်သွား၍ ဖူလီ့မျက်နှာကို ရေများစင်ကုန်သည်။
" စိတ်ကြီးပဲ..."
ဖူလီက သူ့မျက်နှာကို သုတ်လိုက်ပြီးနောက် အိတ်ကပ်ထဲမှ ဖုန်းကိုစမ်းကြည့်လိုက်သည်။ သူက ဒေါသထွက်လွယ်သူဖြစ်သော်လည်း စိတ်ထားကောင်းသူတစ်ယောက်ပင်ဖြစ်သည်။
.....
နျဉ်ရွှမ်နှင့် ချောင်းယွင်တို့ စီမံခန့်ခွဲရေးဗျူရိုသို့ ပြန်ရောက်လာသည့်အခါ သူတို့ဝယ်လာသော ဒေသထွက်ပစ္စည်းများကို ခွဲဝေပေးလိုက်သည်။ ကျွမ်းချင်ကို မတွေ့သောကြောင့် သူတို့ သိချင်စွာဖြင့် မေးလိုက်သည်။
" ဘော့စ် ဘယ်ရောက်သွားတာလဲ..."
လင်းကွေက စာရွက်ပုံကြီးကို သိမ်းဆည်းနေလျက်နှင့် လှည့်မကြည့်ပဲ ဖြေလိုက်သည်။
" သူ အပြင်သွားတယ်လေ..."
" ရှားရှားပါးပါးပဲ..."
ချောင်းယွင်က သူမခုံတွင်ထိုင်ပြီး ကွန်ပျူတာဖွင့်လိုက်သည်။ မကြာမီအချိန်တွင် သူမ ကျိန်ဆဲမိတော့သည်။
သူမ ဂိမ်းထဲမဝင်သည်မှာ တစ်လခန့်ရှိသွားခဲ့၍ guildထဲမှ နှင်ထုတ်ခံလိုက်ရပြီဖြစ်သည်။
" ပြန်ရောက်ရောက်ချင်း ဂိမ်းကစားတော့တာလား... ဘော့စ်ဆီက အဆူခံနေရဦးမယ်နော်..."
ချူးယွီက သူမ ကွန်ပျူတာဖန်သားပြင်ကိုကြည့်လျက် ပြောလာသည်။
" အို့ ဟုတ်သားပဲ ငါတို့အပြန်လမ်းမှာ လူသားပုံစံမပြောင်းနိုင်တဲ့ ကြောင်မိစ္ဆာတစ်ကောင်ကို တွေ့ခဲ့တယ် အဲဒါနဲ့ သူ့ကို ယောင်အဖွဲ့အစည်းဆီကို ခေါ်သွားပေးလိုက်တယ်..."
ချောင်းယွင်က ချူးယွီ၏ခုံပေါ်မှ ဖရဲစေ့တစ်ထုပ်ကိုယူပြီး အခွံခွာနေလျက် ပြောလာသည်။
" အဲဒီမိစ္ဆာလေးက သူ့ရဲ့ ချီဓာတ်ကို ဘယ်လိုဖိနှိပ်ရမယ်မှန်းတောင်မသိဘူး... တော်တော်ဝေးတဲ့နေရာကနေတောင် ငါတို့သူ့ရဲ့ မိစ္ဆာချီဓာတ်အနံ့ကို ရနေတာ..."
" ငတုံးနဉ်ရွှမ်က စားပဲအောက် အက်ကြောင်းထဲမှ လက်သည်းခွဲလောက်ပဲရှိတဲ့ အမှိုက်တွေကိုမြင်တာတောင် အဲဒါက ငြိမ်းချမ်းရေးသစ်ကိုင်းလို့ အသည်းအသန်ငြင်းနေသေးတယ်... ငြိမ်းချမ်းရေးသစ်ကိုင်းဆိုတဲ့ဟာကို နင်တို့ကြားဖူးလို့လား..."
ချောင်းယွင်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။
" တကယ်လို့ အဲဒါက ငြိမ်းချမ်းရေးသစ်ကိုင်းမဟုတ်ရင် ဘာလို့ ငါထိလိုက်တာနဲ့ ပျောက်သွားမှာလဲ..."
နျဉ်ရွှမ်က သူ့အတွေးမှားသည်ဟု မထင်မိပေ။
" ရေခဲတုံးကို လက်ပေါ်တင်ထားလည်း ပျောက်သွားမှာပဲလေ..."
ချောင်းယွင်က ဖရဲစေ့များကို ချထားလိုက်သည်။
" စွမ်းအားကြီးမိစ္ဆာကို တစ်လကျော်တောင် အမဲလိုက်ခဲ့ရတာ ငါ့ရဲ့ မူရင်းပုံစံကတောင် ထိုင်းမှိုင်းနေပြီထင်တယ် နောက်ထပ် ရက်နည်းနည်းလောက် နားဦးမယ်..."
" နင် နားလို့မရလောက်တော့ဘူး... သုံးရက်နေရင် လးသစ်ရွေးရမယ့် စာမေးပွဲရှိရင် နင်နဲ့ နျဉ်ရွှမ်က တိုက်ခိုက်ရေးပိုင်းကို စာမေးပွဲစစ်ရမယ့်သူတွေ..."
ချူးယွီက ပြောလိုက်သည်။
" ငါတို့ ဒီနှစ် လူသစ်ခေါ်မှာလား... နောက်ဆုံးတော့ လူသစ်ရွေးရမယ့်အချိန်တောင် ရောက်လာပြီ ဒီလိုအချိန်မှာ တိုက်ခိုက်တတ်တဲ့သူတစ်ယောက် ရောက်လာရင်ကောင်းမယ် စွမ်းအားကြီး မိစ္ဆာတစ်ကောင်နဲ့တွေ့တိုင်း အမြဲ ငါနဲ့ ချောင်းယွင်ပဲ သွားနေရတာ... အဲ့ကျေးဇူးနဲ့ ငါ့ဓားသွားတောင် တုံးနေပြီ..."
မတိုက်ခိုက်နိုင်ကြသူများ “...”
.....