Chapter 29
အနောက်တံခါးလား
ဖူလီ ငွေထုတ်ပြီးသည့်နောက်နေ့တွင် အုတ်ဂူကို နေရာပြောင်းရန် သွားစီစဉ်ရသည်။ သက်ဆိုင်ရာဌာနနှင့် ပြောဆိုပြီးသည့်နောက်တွင် ဆရာယောင်နှင့် ဇနီးဖြစ်သူကို အတူတကွမြှုပ်နှံခွင့် ရရှိသွားခဲ့သည်။ ဖူလီက ဆရာယောင်၏ လုပ်ဖော်ကိုင်ဖက်မဟုတ်ရုံသာမက ဆွေမျိုးသားချင်းမတော်စပ်ကြောင်း သိလိုက်သည့်အခါ ဌာနမှ ဝန်ထမ်းအားလုံးကို ဖူလီ့ကို အံ့ဩစရာကောင်းသူတစ်ယောက်ဟု တွေးလိုက်ကြသည်။
ဘယ်လို ပတ်သက်မှုမျိုးကြောင့် ယွမ်နှစ်သိန်းကျော်တောင် အကုန်ခံရတာပါလိမ့်...
ဝန်ထမ်းငယ်လေးတစ်ယောက်က သူ့ရင်ထဲမှ သံသယကို ဖူလီ့ထံ တိုက်ရိုက်သွားပြောသည်။
" ငွေကိုတော့ ဘယ်သူမဆို တပ်မက်ကြတာလဲ အသိပညာကသာ အဖိုးမဖြတ်နိုင်တာပါ..."
ဖူလီက ရွှေတုံးအချို့ကို အုတ်ဂူရှေ့တွင် ထားလိုက်သည်။
" ဆရာယောင်က သူ့ဘဝတစ်လျှောက်လုံး ကောင်းမှုကုသိုလ်တွေပဲလုပ်ခဲ့တာ... သူ့နှလုံးသားထဲကအတွေးတွေကို သဘောပေါက်ဖို့လည်း လိုသေးတယ်..."
ဝန်ထမ်းလေး ထွက်သွားသောအခါ ဖူလီက အုတ်ဂူပေါ်မှ သူတို့ဇနီးမောင်နှံနှစ်ယောက်၏ ဓာတ်ပုံကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် အနားမှ ခြုံပုတ်ကိုလှမ်းကြည့်ကာ ပြောလိုက်သည်။
" ထွက်လာခဲ့တော့..."
" မြှောင်..."
ခြုံပုတ်အကြားမှ ကြောင်ဝါလေးတစ်ကောင် ထွက်လာသည်။ သူက လူတစ်ယောက်သဖွယ် နောက်ခြေထောက်နှစ်ချောင်းဖြင့် မတ်တပ်ရပ်နေပြီး လက်ဖဝါးလေးများဖြင့် အုတ်ဂူကို ကြည့်နေသည်။
" သူတို့တွေ နောက်ဘဝမှာ ကောင်းကောင်းနေနိုင်မှာပါ... မင်း စိတ်အေးလက်အေးနဲ့ကျင့်ကြံလို့ရပြီ ဆရာယောင်အတွက် စိတ်မပူနဲ့တော့..."
ဖူလီက ကြောင်အမြီးကို အသာကန်လိုက်သည်။
" လျှောက်ပြေးမနေနဲ့ဦး... မင်းကို လမ်းလေးက လေလွင့်ကြောင်လို့ထင်ခဲ့သူတွေက ခေါ်သွားဦးမယ်..."
" အဲ့လူသားအတွက် ငါစိတ်ပူတယ်လို့ ဘယ်သူပြောလဲ..."
ကြောင်က လူတစ်ယောက်သဖွယ် စကားပြောနေပြီး သူ့စကားလုံးထဲတွင် ဘဝမြင့်မှု အရိပ်အယောင်များ ပါဝင်နေသည်။
" ငါက လမ်းကြုံလို့ လာကြည့်ရုံပဲ..."
ပြောပြီးသည်နှင့် ထွက်သွားရန်ပြင်လိုက်သည်။ သို့ရာတွင် ကြိမ်ဖန်များစွာ လျှောက်နေပြီးသော်လည်း ထိုနေရာသို့ ပြန်ရောက်လာပြန်သည်။
" ငါမင်းကို ယောင်အစည်းအရုံးရှိတဲ့နေရာ ပြန်ပို့ပေးမယ်..."
ဖူလီက ကြောင်ကို ဂုတ်မှ ဆွဲမ'လိုက်သည်။ ထို့နောက် သူ့ကို ဂျိုင်းကြားထဲ ထိုးထည့်လိုက်ပြီးနောက် သင်္ချိုင်းမှ ပြန်ထွက်လာခဲ့သည်။
.....
သုံးရက်အကြာတွင် လူများစွာက ချန်လုံဗီဝနည်းပညာကုမ္ပဏီရှေ့၌ လာရောက်စုဝေးကြသည်။ ဖြတ်သွားဖြတ်လာများမှာ ဤနေရာ၌ ရန်ဖြစ်နေသည်ထင်၍ ဝင်ရောက်စပ်စုကြသည့်အခါမှ ကုမ္ပဏီက လူသစ်ခေါ်နေကြောင်းသိ၍ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားကြသည်။
ဒီလောက် လာလျှောက်တဲ့သူများတယ်ဆိုတော့ ဒီကုမ္ပဏီက ဘယ်လောက်တောင် ကောင်းနေတာလဲ.. ပြီးတော့ ဆံပင်ကို အနီရောင် အဝါရောင်ဆိုးထားတဲ့လူတွေကလည်း အပျော်လာကြတာလား... သူတို့က ရှေးရိုးမစွဲကြဘူးထင်တယ်...
ဖူလီက ဝင်ပေါက်တွင်ရပ်နေပြီး အတွင်းထဲအထိ ပြည့်နှက်နေသော လူအုပ်ကြီးကို ကြည့်လိုက်သည်။ သူ။ခြေနှစ်လှမ်းခန့် နောက်မဆုတ်ပဲ မနေနိုင်ပေ။
" အို့..."
သူ့နောက်မှ လူတစ်ယောက်က စူးခနဲအော်ဟစ်လိုက်သည်။
" တောင်းပန်ပါတယ်..."
ဖူလီက တစ်ယောက်ယောက်၏ခြေထောက်ကို တက်နင်းမိသွားကြောင်းသိလိုက်၍ နောက်ကိုအမြန်လှည့်ပြီး တောင်းပန်လိုက်သည်။
" ရပါတယ် ရပါတယ်..."
နာကျင်သွားသည့်လူက ပြုံးပြလိုက်သည်။
" မင်းလည်း အလုပ်အတွက် လာခဲ့တာလား..."
ဖူလီက လေထဲတလွင့်လွင့်ဖြစ်နေသည့် သူ့ခေါင်းပေါ်မှ ဆံပင်အစိမ်းရောင်များကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
" အိုင်း... ဒီနှစ်က လူသစ်နှစ်နေရာတောင် ခေါ်မယ်ဆိုတာနဲ့ အားလုံးလည်း အရူးတစ်ပိုင်းဖြစ်ကုန်ကြတာပဲ..."
ဆံပင်အစိမ်းရောင်မိစ္ဆာက အရိပ်ခိုနေကြသည့် လူအုပ်ကြီးကို လက်ညှိုးထိုးပြကာ ပြောလိုကါ်သည်။
" တစ္ဆေကျင့်ကြံသူတွေပါ လာကြတာလေ... ညီအစ်ကိုက လူသားလား ယောင်ကျင့်ကြံသူလား... ဒီလောက်ကျင့်ကြံဆင့်နိမ့်တာတောင်မှ အပျော်လာဖြေတာလား..."
ဆံပင်အစိမ်းရောင်မိစ္ဆာက ဖူလီ၏ကိုယ်ပေါ်မှ ခပ်ဖျော့ဖျော့ချီဓာတ်ကို စူးစမ်းနေလိုက်ပြီးနောက် ကြင်နာစွာဖြင့် အကြံပေးလိုက်သည်။
" ကျွန်တော်တို့လို မိစ္ဆာငယ်လေးတွေ အပျော်သဘောနဲ့ ဝင်ဖြေတာ ဘာမှတော့မဖြစ်ပေမယ့် မျှော်လင့်ချက်ကြီးကြီးထားလို့တော့ မရဘူး...
" သူ၏ စာမေးပွဲဖြေဆိုရန် ခုံနံပါတ်ကို ရရန် တန်းစီနေချိန်၌ ဆံပင်အစိမ်းရောင်မိစ္ဆာ ပြောနေသည့် ဤနှစ်စာမေးပွဲဖြေသူ အရေအတွက်အကြောင်း နားထောင်နေသည်။
" တိုက်ဆိုင်လိုက်တာ... ငါတို့တွေ စာမေးပွဲခန်းတူတူပဲ..."
ဆံပင်အစိမ်းရောင်မိစ္ဆာက ဖူလီ၏ ခုံနံပါတ်ကို ကြည့်လိုက်သည်။
" ငါက မင်းရှေ့မှာ... တကယ်လို့ မင်း မသိတာ တစ်ခုခုပါလာရင် ငါ့ဆီက ကြည့်လိုက်လေ..."
သူက အသံတိုးတိုးဖြင့် ပြောလာသည်။
" အဲဒါ... ခိုးချတာတော့ မကောင်းဘူးထင်တယ်..."
ဖူလီ၏မျက်နှာထက်တွင် စိတ်ညစ်သွားသည့် အမူအရာပေါ်လာသည်။
" အဲဒါကို ခိုးချတယ်လို့ ဘယ်ခေါ်မလဲ... ဒါက တစ်ယောက်နဲ့တစ်ယောက ကူညီတာလို့ခေါ်တယ်..."
ဆံပင်အစိမ်းရောင်မိစ္ဆာက ဖူလီ့ပခုံးပေါ် လက်တင်လိုက်သည်။
" လာပါ အစ်ကိုကြီးက မင်းကို စာမေးပွဲဖြေရမယ့်နေရာ ခေါ်သွားမယ်..."
ဖူလီ့စိတ်ထဲ သဘောပေါက်သွားသည်။
ဒီမိစ္ဆာက အပူအပင်ကင်းကင်းနဲ့ အကောင်းမြင်တတ်တဲ့ ပုံစံမျိုးပဲ...
စီမံခန့်ခွဲရေးဗျူရိုက စာမေးပွဲကျင်းပမည့်နေရာတွင် အထူးအသီအရင်တစ်ခု တည်ဆောက်ထားသည်။ ဤနေရာသို့ ဝင်ရောက်လာသူများက မည်သည့်မျိုးနွယ်စုမှဖြစ်စေ သာမန်လူများသဖွယ်ဖြစ်သွားပြီး သူတို့၏ စွမ်းရည်များလည်း အသုံးချနိုင်တော့မည် မဟုတ်ပေ။
လူသားများနှင့် ပတ်သတ်သော အထွေထွေဗဟုသုတမေးခွန်းများအပြင် စီမံခန့်ခွဲရေးဆိုင်ရာ မေးခွန်းများစွာကိုလည်း မေးမြန်းထားသေးသည်။ ဖူလီက ယခုနောက်ပိုင်းတွင် လူသားများနှင့်သက်ဆိုင်သော အသိပညာဗဟုသုတ များပြားလာသည်ဖြစ်ရာ ထိုမေးခွန်းများကို ဖြေရခက်ခဲမနေပေ။ သို့ရာတွင် အနောက်ဘက်မှ အဓိကမေးခွန်းများက အနည်းငယ်ရှုပ်ထွေးပြီး မျိုးနွယ်စုပေါင်းများစွာအကြောင်း မေးထားခဲ့ခြင်းဖြစ်သည်။ လောကကြီးကို ထိုမျှ ကျယ်ပြန့်စွာ မသိရှိသေးသောဖူလီက အတိတ်တွင် အခြားမိစ္ဆာများထံမှ ကြားဖူးခဲ့သည့် ကောလဟာလများကိုသာ အသုံးပြုပြီး ကျပန်းဖြေဆိုလိုက်ရသည်။
စာရွက်ပြန်အပ်ပြီးချိန်တွင် ကျင့်ကြံသူအများစုက စိတ်ဓာတ်ကျစွာဖြင့် သက်ပြင်းချလိုက်သည်ကို ဖူလီမြင်လိုက်သည်။ သူ့ကို အဖြေများကူးချခွင့်ပေးမည်ဟု ပြောခဲ့သော ဆံပင်အစိမ်းရောင်မိစ္ဆာသည်ပင် စိတ်ညစ်သွားပုံပေါ်သည်။
" ဒီနှစ်မေးခွန်းတွေက နည်းနည်းခက်တယ်..."
ဆံပင်အစိမ်းရောင်မိစ္ဆာက ခေါင်းငိုက်စိုက်ကျသွားသည်။
" ရေးဖြေစာမေးပွဲတစ်ခုတည်းနဲ့ လူဆယ်ယောက်မှာ ကိုးယောက်ကို ထုတ်ပစ်လို့ရတယ်...
" ဒါဆိုရင် လူသားတွေရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနဲ့ ဒီစာမေးပွဲနဲ့ ဘယ်ဟာပိုခက်လဲ..."
" အဲ့နှစ်ခု ယှဉ်ကြည့်လို့ကိုမရတာ လူသားတွေရဲ့ စာမေးပွဲမေးခွန်းတွေက တစ်ချက်မှ လူသားမဆန်ဘူး... သူတို့က ငါတို့မိစ္ဆာမျိုးနွယ်ကို ယုတ်မာချင်နေတာ..."
ဆံပင်အစိမ်းရောင်မိစ္ဆာက ခေါင်းခါလိုက်သည်။
" ငါတို့မိစ္ဆာမျိုးနွယ်စုထဲမှ အဆင့်အမြင့်ဆုံး ဘွဲ့ကို ဘယ်သူက ရထားတာလဲ မင်းသိလား..."
ဖူလီ ခေါင်းခါလိုက်သည်။
" စီမံခန့်ခွဲရေးဗျူရိုရဲ့ နဂါးသခင်... သူက နိုင်ငံတော်အမျိုးသားရေးတက္ကသိုလ်ကနေ Ph.Dရထားတာ.. ငါကြားတာတော့ သူက ဧကရာဇ်တွေ ရှိနေသေးတဲ့ခေတ်ကဆို အင်ပါယာကျောင်းတော်တွေမှာတောင် ဆရာလုပ်ခဲ့ဖူးတယ်တဲ့..."
ဖူလီ အာစေးမိသကဲ့သို့ဖြစ်သွားသည်။
အဲဒီ သွေးနှောနဂါးကျွမ်းချင်က...
" ဒါဆိုရင် လူသားလောကရဲ့ အစိုးရဝန်ထမ်းစာမေးပွဲကရော..."
" အဲဒါကို စိတ်တောင်မကူးနဲ့... တက္ကသိုလ်တက်ဖို့က မလွယ်ဘူးဆိုတာ မင်းသိတယ်မလား... အစိုးရဝန်ထမ်းစာမေးပွဲဆိုတာ တက္ကသိုလ်ကျောင်းသားတွေကြားက ပြိုင်ပွဲပဲ... အဲဒါက ငါတို့ယောင်ကျင့်ကြံသူတွေနဲ့ လားလားမှကို မဆိုင်တာ..."
" ဒါဆိုရင် လူသားလောကမှာ မိစ္ဆာတစ်ယောက်မှ အစိုးရဝန်ထမ်း မဖြစ်ဖူးဘူးလား..."
ဆံပင်အစိမ်းရောင်မိစ္ဆာ၏ ပြောပုံကြောင့် ဖူလီ ပြောစရာစကားမဲ့သွားခဲ့သည်။
" ဖြစ်ခဲ့ဖူးပါတယ်..."
" ဘယ်သူလဲ..."
ဖူလီ့မျက်လုံးများ အရောင်လက်သွားသည်။
" လွန်ခဲ့နဲ့ နှစ်ပေါင်းများစွာက စီမံခန့်ခွဲရေးဗျူရိုရဲ့ နဂါးသခင်ကျွမ်းချင်က နန်းတွင်းစစ်သည်တွေကို အမိန့်ပေးနိုင်တဲ့သူ ဖြစ်ခဲ့ဖူးတယ်လေ... အဲ့တော့ သူ့ကို အစိုးရဝန်ထမ်းလို့ သတ်မှတ်ရင်ရတာပဲ..."
ဖူလီ “...”
သွေးနှောနဂါးက ခေသူမဟုတ်ပါလား...
" ကျေးဇူးရှင်လေး..."
ချူးယွီက လူအုပ်ကြားထဲ တိုးဝှေ့ဝင်လာပြီး သူ့မျက်နှာထက်တွင်လည်း စိတ်အားထက်သန်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
" စာမေးပွဲက တော်တော်ခက်တယ်မလား.. ကျွန်တော်အပြင်မှာ နေ့လယ်စာစားဖို့ ဘိုကင်လုပ်ထားတယ် ကျွန်တော့်ကို မျက်နှာသာပေးပြီး ထမင်းတူတူလိုက်စားပါဦး..."
ဖူလီ ငြင်းဆန်မည်စိုး၍ သူက ဖူလီ့လက်ကိုဆွဲပြီး ပြေးထွက်လာလိုက်သည်။
ချူးယွီကို မှတ်မိသော ဆံပင်အစိမ်းရောင်မိစ္ဆာက ထိုနေရာတွင်ပင် မလှုပ်မယှက် ရပ်နေလိုက်သည်။ အတန်ကြာမှသာ စကားတစ်ခွန်းပြောလိုက်သည်။
" အိုက်ယိုး သေရော..."
" ကြည့်ရတာ သူက သောက်အဆက်အသွယ်တွေရှိတဲ့သူပဲကိုး..."
.....
စားသောက်ဆိုင်ကိုရောက်သည့်အခါ ကျန်းခယ့်ကလည်းရှိနေသည်ကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်က ဖူလီ့အတွက် ဟင်းပွဲပေါင်းများစွာ မှာပေးထား၍ စားပွဲပေါ်တွင် ဟင်းအမျိုးအစားပေါင်းစုံ ရောက်နေသည်။
" စီနီယာ ကျေးဇူးပြုပြီးထိုင်ပါ..."
ကျန်းခယ့်က မတ်တပ်ရပ်လိုက်ပြီး ဖူလီ့အတွက် သောက်စရာတစ်ခွက် ငှဲ့ပေးလိုက်သည်။
" တိုက်ခိုက်ရေးစစ်ဆေးချက်က နေ့လည်ဆိုရင်စမှာဆိုတော့ ဝိုင်တော့ မပြင်ထားလိုက်ဘူး... ဒါက အခုမှ လတ်လတ်ဆတ်ဆတ်ဖျော်ထားတဲ့ သစ်သီးဖျော်ရည်ဆိုတော့ တော်တော်အရသာရှိတယ် သောက်ကြည့်ပါဦး..."
" ကျေးဇူးအများကြီးတင်ပါတယ်..."
ဖူလီက ခွက်ကိုယူပြီး တစ်ငုံသောက်လိုက်သည်။ ဖျော်ရည်က ချိုမြ၍ အရသာရှိပြီး ဝိညာဉ်ချီဓာတ်အနည်းငယ်ပင် ပါဝင်သေးသည်။
" ဒီစားသောက်ဆိုင်က ကျင့်ကြံရေးလောကအတွက် အထူးဖွင့်ထားတယ်လို့ ပြောရမယ်... ကျင့်ကြံရေးလောကဘက်က စားသုံးသူတွေကိုပဲ လက်ခံတာလေ..."
ဖူလီက ကျင့်ကြံရေးလောကအကြောင်းကို များများစားစားနားမလည်ထားသည်ကိုသိ၍ ဤလောကထဲမှ ဂိုဏ်းများအကြောင်းကို ရှင်းပြနေသည်။
" ဒီစားသောက်ဆိုင်ကို လွင်ပြင်ဂိုဏ်းက စီမံတာ... သူတို့ဂိုဏ်းက အပင်စိုက်ရတာကို အရမ်းသဘောကျတာ... သူတို့မစိုက်နိုင်တဲ့အပင်ကို မရှိဘူး... တစ်ခါတုန်းက သူတို့ဂိုဏ်းရဲ့ ဂျူနီယာတစ်ယောက် အာဖရိကကို ခရီးထွက်သွားတဲ့အချိန် ပျင်းလို့ဆိုပြီးတော့ သခွားခင်းအကြီးကြီးတစ်ခု စိုက်ခဲ့သေးတယ်တဲ့... နောက်ဆုံး သတင်းထောက်တွေ အဲ့အကြောင်းသိသွားလို့ သတင်းတွေထဲတောင် ပါလာသေးတယ်..."
" သခွားသီးစိုက်ရုံနဲ့ သတင်းထဲမှာပါဖို့ ဖြစ်နိုင်လို့လား..."
ဖူလီ နားမလည်နိုင် ဖြစ်သွားသည်။
ဒီတိုင်းပြည်က လူသားတွေကရော စိုက်ပျိုးရေးကိုပဲ မှီခိုအားထားကြတာလား...
" အခုခေတ်လူတွေ အားလုံးက အရမ်းအားနေကြတာလေ... အာဖရိကမှာ သခွားသီးစိုက်တဲ့သတင်းက ဝတ္ထုထဲက အဖြစ်အပျက်တစ်ခုလို့တောင် သတ်မှတ်လို့ရတယ်..."
ကျန်းခယ့်က ဖူလီစ မူရင်းပုံစံကိုမသိသောကြောင့် သူ့ကိုစော်ကားမိမည်စိုး၍ အမဲသားစွပ်ပြုတ်တစ်ပန်းကန်ကိုကိုင်လိုက်သည်။
" စီနီယာ အမဲသားစားလားဟင်..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။
" ငါ ရှောင်တဲ့ စားစရာ သိပ်မရှိပါဘူး..."
အလွန်အရသာရှိသော အမဲသားစွပ်ပြုတ်တစ်ဇွန်းက အစာအိမ်ထဲ ဝင်ရောက်သွားသည်။ ညှီနံ့မရှိပဲ လတ်ဆတ်မွှေးကြိုင်သော ရနံ့မျိုးသာ ရှိပေသည်။ ချူးယွီက အမဲသားစွပ်ပြုတ်မသောက်သည်ကိုမြင်၍ ဖူလီမေးလိုက်သည်။
" မင်းရော မသောက်ဘူးလား..."
ချူးယွီက ခေါင်းခါလိုက်သည်။
" ကျေးဇူးရှင်လေး မသိလို့ပါ... ကျွန်တော်က တာအိုကံကြမ္မာကို ရထားတဲ့သူမို့လို့ အမဲသားစားလို့မရဘူး..."
နွားက တာအိုဘာသာတွင် အလွန်အမင်းမြင့်မြတ်သောအရာဖြစ်၍ တာအိုကျင့်ကြံသူများက အမဲသားရှောင်ရှားကြသည်။
ဖူလီက ရုတ်ချည်း သဘောပေါက်နားလည်သွားသည်။
သူက တာအိုငါးတစ်ကောင်ပါလား... သူ့အနံ့က အရမ်းသန့်စင်ပြီး အသက်ကြိုးမျှင်လေးတွေ ပါနေတာ မထူးဆန်းတော့ပါဘူး...
နေ့လယ်စာစားပြီးသည့်အခါ ဖူလီက နာရီဝက်ခန့်အနားယူပြီးမှ ကျန်းခယ့်၊ ချူးယွီတို့နှင့်အတူ ဗျူရိုသို့ ပြန်လာခဲ့သည်။ ပြန်တမ်းစာရွက်မှ သူ့ခုံနံပါတ်ကိုကြည့်ပြီး သူဖြေဆိုရမည့် စာမေးပွဲခန်းကို ရှာတွေ့သွားခဲ့သည်။
ဇီဝနည်းပညာကုမ္ပဏီအဖြစ် တုပထားမှုကြောင့် စီမံခန့်ခွဲရေးဗျူရိုက နေရာကျယ်ဝန်းစွာ မရရှိထားသော်လည်း အတွင်းတွင် ချမ့်ခွန်းတစ်ခု ပါဝင်နေသည်။ ဖြေဆိုသူများ အစီအရင်အတွင်း ဝင်ရောက်သွားသည်နှင့် အတွင်းတွင် တိုက်ခိုက်ရေးစာမေးပွဲဖြေရမည့် စင်မြင့်များတန်းစီထားသည်ကို တွေ့လိုက်ရသည်။ သူတို့၏ သက်ဆိုင်ရာ စာမေးပွဲခန်းထဲ ဝင်ရောက်သွားသည်နှင့် အခန်းထဲမှ အစီအရင်က သူတို့ကို သက်ဆိုင်ရာစင်မြင့်ပေါ် ခေါ်ဆောင်သွားပေးသည်။
ဖူလီ၏ ပထမဆုံးပြိုင်ဘက်က ဆံပင်အဝါရောင်နှင့် မျောက်ဝိညာဉ်ဖြစ်သည်။ သူ တစ်ချက်လှုပ်လိုက်ရုံဖြင့် ထိုမျောက်က မြေပေါ်လဲကျသွားတော့သည်။ သူ့လက်ဖဝါးကိုသူကြည့်ပြီး ကလေးတစ်ယောက်ကို အနိုင်ကျင့်မိသလားဟုပင် တအံ့တဩဖြစ်သွားရသည်။
ထို့နောက်တွင် ဖူလီက ဒေါင်းမိစ္ဆာ၊ ကျားမိစ္ဆာ၊ ဝက်ဝံမိစ္ဆာ၊ ခိုမိစ္ဆာ၊ ကြက်မိစ္ဆာနှင့် ငှက်မျိုးနွယ်စုမှ အမည်မျိုးစိတ်တစ်ခုအပြင် မြည်းမိစ္ဆာ အစရှိသဖြင့် အားလုံးကို အနိုင်ယူခဲ့သည်။ တိုက်ပွဲတိုင်းကို အေးအေးလူလူ အနိုင်ရသွားခြင်းကြောင့် ဖူလီက ယခုခေတ်မိစ္ဆာကျင့်ကြံသူများ၏အဆင့်ကို သံသယဝင်လာသည်။
လူသားတို့၏ဘုံတွင် ပြောဆိုလေ့ရှိသည့် စကားပုံတစ်ခုကိုပင် တွေးမိသွားသည်။
( တောင်ပေါ်မှာ ကျား မရှိရင် မျောက်က မင်းမူတတ်တယ် )
သူ၏ လက်ရှိအခြေအနေက ထိုမျောက်နှင့်ပင် တူနေသည်။
သူက စွမ်းအားကြီးနေခြင်းမဟုတ်ပဲ မျက်မှောက်ခေတ်ကျင့်ကြံသူများက စိတ်ပျက်စရာကောင်းနေခြင်းပင်။
ဆယ်ပွဲမြောက်တွင် ဖူလီ၏ပြိုင်ဘက်က ခရုစုပ်ငှက်တစ်ကောင်ဖြစ်သည်။ ထိုငှက်အမျိုးအစားက မျိုးတုန်းလုဆဲဆဲဖြစ်နေသည်ဟု သတင်းတွင် ကြေညာထားသည်ကို ဖူလီ မြင်တွေ့ခဲ့ဖူးသည်။ သို့ဖြစ်၍ ခရုစုပ်ငှက်က ခေါင်းမှ ခြေဖျားအထိ မာကျောသော ကြွက်သားများဖြင့် ပြည့်နေသော်လည်း ဖူလီက ဤငှက်မျိုးတုန်းသွားမည်ကို စိုးရိမ်၍ တစ်ဖက်က တိုက်ခိုက်လာသည်ကို ခုခံရုံသာ ခုခံခဲ့သည်။
ခရုစုပ်ငှက်က သူ၏တိုက်ခိုက်မှုများက ပစ်မှတ်ကို မထိသောကြောင့် ဒေါသထွက်လာပြီး သူ့လက်ထဲမှတုဖြင့် မြေပြင်ကို ထုရိုက်လိုက်သည်။ ထို့နောက် ခါးထောက်ပြီး ဖူလီကို ဆဲဆိုတော့သည်။
" ငါ့ကို အာရုံလွင့်အောင်လုပ်နေတဲ့မင်း ... မင်း ဒါ ဘာသဘောလဲ ဒီလောင်ဇီကို ရန်စနေတာလား..."
ဤငှက်က စစ်ချွမ်းတွင် နေထိုင်ပုံရသည်ဟု ဖူလီတွေးလိုက်မိသည်။ သို့ရာတွင် စစ်ချွမ်းပြည်နယ်က ခရုစုပ်ငှက်များနေထိုင်ရန် မသင့်လျော်ကြောင်း သတင်းထဲတွင် ပါဖူးသည်။
" မင်းရဲ့ ဘိုးဘေးတွေလည်း ယီးပဲ... လောင်ဇီက မင်းနဲ့ကစားဖို့လာတာ မဟုတ်ဘူး..."
ငှက်က ဖူလီကို တံတွေးဖြင့်လှမ်းထွေးသည်။
" အရူးပဲ... ဒီလောင်ဇီ မင်းကို အပြင်မှာသာ တွေ့လို့ကတော့ သေအောင်လုပ်ပစ်တယ်..."
ဖူလီ “...”
မျိုးတုန်းပါနီးခါနီး တိရစ္ဆာန်တွေက ဒီလိုပေါက်ကွဲလွယ်ကြတာပဲလား...
ခရုစုပ်ငှက်က အနိုင်ယူခံလိုက်ရပြီးသည့်နောက်တွင် ဖူလီက နောက်ထပ်ပြိုင်ဘက်တစ်ယောက်နှင့် ဆက်လက်တိုက်ခိုက်တော့သည်။ ပြိုင်ပွဲစည်းမျဉ်းများအရ သတ်မှတ်ချိန်အတွင်းတွင် ပြိုင်ပွဲ ၂၀ကို အနိုင်ရပါက နောက်ထပ်ပွဲစဉ်တစ်ခုကို တိုက်ခိုက်နိုင်ပြီဖြစ်သည်။
" ကပ္ပတိန်နျဉ်ရွှမ်..."
ဗျူရိုအလုပ်သမားတစ်ယောက်က စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် A4စာရွက်တစ်ရွက်ကို လက်ထဲကိုင်ပြီး လျှောက်လာသည်။
" ခရုစုပ်ငှက်မိစ္ဆာတစ်ကောင်က သူတို့ပြိုင်ပွဲဝင်နေတုန်း သူ့ပြိုင်ဘက်က သူ့ကို ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲတယ်ဆိုပြီး တိုင်စာပို့ထားလို့ပါ..."
ခရုစုပ်ငှက်က ကျင့်ကြံရေးလောကတွင် လူသိများသော သတ္တဝါတစ်ကောင်ဖြစ်သည်။ အစောပိုင်းနှစ်များတွင် သူတို့မျိုးစိတ်က အမြစ်ပြတ်သုတ်သင်ခံရလုနီပါ ဖြစ်သွားသည်ဟုလည်း ဆိုကြသည်။ ထို့နောက်တွင် သူတို့အားလုံး မည်သို့မည်ပုံ ကံကောင်းသွားသည်ကို မသိသော်လည်း လူသားများ၏ "နိုင်ငံ့ရတနာ" အဖြစ် သတ်မှတ်ခံလိုက်ရသည်။ ရလဒ်အနေဖြင့် သူတို့က တစ်ခဏတွင်းချင်း တန်ဖိုးထားရမည့် ရှားပါးမျိုးစိတ်ဖြစ်သွားခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ခရုစုပ်ငှက်တစ်ကောက်က သူ့ကိုစော်ကားခဲ့ဖူးသော မိစ္ဆာတစ်ကောင်၏အိမ်ထဲသို့ တမင်တကာခိုးဝင်ကာ လူသားရဲများထံ ခရုစုပ်ငှက်ကို တရားမဝင် ဖမ်းယူထားကြောင်း အကြောင်းကြားခဲ့သည်။