အပိုင်း ၃၀
Viewers 17k

Chapter 30




အဆုံးတွင် ထိုမိစ္ဆာမှာ ရွေးချယ်စရာမရှိတော့၍ ရဲဖမ်းခံလိုက်ရပြီး နှစ်ရှည်လများထောင်ကျသွားတော့သည်။ ယခုအချိန်ထိ ထိုမိစ္ဆာက လူသားများ၏ အကျဉ်းထောင်တွင် ရှိနေဆဲဖြစ်သည်။ 

" သူ့ကို ရန်စရဲတဲ့သူ ရှိသေးတာလား..."

ဘေးနားတွင်ရပ်နေသော ချောင်းယွင်၏မျက်နှာထက်တွင် သိချင်စိတ်တို့ ဖြစ်ပေါ်လာသည်။

" ငါကတော့ အဲ့လူကို တရားမျှတမှုရှိလို့ လေးစားသွားပြီ... အဲလောက် အကြောက်အလန့်မရှိတာ ဘယ်သူတဲ့လဲ..."

" စာဖြေသူနံပါတ် ၁၃၅၆..."

အလုပ်သမားက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" ကပ္ပတိန်ချူးယွီပြောတာတော့ စာဖြေသူနံပါတ် ၁၃၅၆က သူ့အသက်ကို ကယ်ခဲ့တာတဲ့..."

" ဒါဆိုရင် မသိချင်ယောင်ဆောင်နေလိုက်တော့... ဒီနှစ်တွေအတွင်း ခရုစုပ်ငှက်က "နိုင်ငံ့ရတနာ" ဆိုတဲ့ခေါင်းစဉ်ကိုသုံးပြီးတော့ မိစ္ဆာတွေကို ဒေါသထွက်စေမယ့်ကိစ္စတွေ အများကြီးလုပ်ထားတာ... ပြိုင်ပွဲဝင်သူတွေ သူတို့ဘာသာ ကြည့်လုပ်ကြပါစေ ငါတို့ ဂရုစိုက်မနေတော့ဘူး... သူ့အကျင့်နဲ့ဆိုရင် အနှေးနဲ့အမြန်တော့ အဲ့လိုဖြစ်လာမှာပဲ..."

ချောင်းယွင်က ရေတစ်ငုံသောက်လိုက်သည်။ 

စိတ်သဘောထားသေးခြင်း၊ မနာလိုဖြစ်လွယ်ကာ ရန်ညှိုးထားတတ်သော ဤခရုစုပ်ငှက်များက ကျင့်ကြံရေးလောက၏ အရက်စက်ဆုံးသော သတ္တဝါများဖြစ်သည်။

ခရုစုပ်ငှက်က နိုင်ငံရတနာတစ်မျိုးဖြစ်သော ပန်ဒါက သူ့ထက်ပို၍ လူအများထံမှ မျက်နှာသာပေးမှု ရရှိထားသည်ကို တွေ့လိုက်သည်။ သို့ဖြစ်၍ ပန်ဒါကဲ့သို့ စစ်ချွမ်းဒေသသံပေါက်အောင် လိုက်ပြောပြီး သူ့ကိုယ်သူ ပိုမြင့်မြတ်ဟန်ဆောင်နေသည်။
လူသားတွေရဲ့ မျက်နှာသာပေးခံရတာက စစ်ချွမ်း‌ဒေသသံကြောင့်မဟုတ်ပဲ တခြားဟာကြောင့်ဆိုတာ သူ မတွေးမိဘူးလား...

လူသားတွေ ပန်ဒါတွေကိုကြိုက်တယ်ဆိုတာ သူတို့ အရမ်းဝလို့လေ... ပန်ဒါတွေက ပိုဝလေ လူတွေက ပိုချစ်လေပဲ... လူသားတွေက ပန်ဒါဘာလုပ်လုပ် ချစ်စရာကောင်းနေကြတယ်ဆိုတော့ လူသားတွေဘာဖြစ်နေကြမှန်း ဘယ်သူမှ မသိကြပါဘူး...

.....


ဖူလီက ပွဲ၂၀ဆက်တိုက် အနိုင်ရသွားခဲ့သည်။ သူ တိုက်ခိုက်ရေးစစ်ဆေးချက်နေရာမှ ထွက်လာစဉ်တွက် စာမေးပွဲဖြေသည့်နေရာအပြင်ဘက်တွင် ကျင့်ကြံသူများစွာစုဝေးနေသည်ကို သတိပြုမိလိုက်သည်။ သူ ခြေဖျားထောက်ပြီး သူတို့ကိုလှမ်းကြည့်လိုက်သည်။ 

လူအုပ်ထဲမှာ ဆူဆူညံညံလုပ်နေတာ အကျင့်မကောင်းတဲ့ ခရုစုပ်ငှက်မိစ္ဆာမဟုတ်လား... ဘယ်သူက သူ့ကို ရန်သွားစပြန်တာလဲ...

" ညီအစ်ကို..."

မနက်ပိုင်းက တွေ့ခဲ့သော အလွန်ဆူညံသည့် ဆံပင်အစိမ်းရောင်မိစ္ဆာက လူအုပ်ထဲ အတင်းတိုးဝင်လာသည်။ သူက တက်ကြွစွာဖြင့် ဖူလီ့ပခုံးကို ပုတ်လိုက်သည်။ 

" မင်းလည်း ပွဲတွေအများကြီး ဆက်တိုက်ရှုံးလို့ ထွက်ဖို့ဆုံးဖြတ်လိုက်တာလား..."

ဖူလီ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ အစိမ်းရောင်မိစ္ဆာ၏ခေါင်းကိုကြည့်လိုက်သည့်အခါ ဆံပင်အချို့ ကျွတ်နေသည်ကို မြင်လိုက်ရသည်။


" ဟေး..."

ဆံပင်အစိမ်းရောင်မိစ္ဆာက ဖူလီ့၏အကြည့်ကို သတိပြုမိလိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြုံးပြလိုက်သည်။ 

" ခုနက တိုက်ပွဲမှာ အိမ်မွေးကြက်မိစ္ဆာနဲ့တွေ့သွားလို့ ပွဲစတာနဲ့ သုက ငါ့အမွေးတွေကို ဆွဲနှုတ်ပစ်တယ်လေ... တော်တော်ကြမ်းတယ်..."

ဖူလီက သူ့ကို စာနာထောက်ထားစွာကြည့်လိုက်သည်။
သူက တော်တော်လေး သနားစရာကောင်းတာပဲ...

" မင်းရော ခရုစုပ်ငှက် ပြဿနာရှာတာကို လာကြည့်တာလား..."

ဖူလီက ခရုစုပ်ငှက် ပြဿနာရှာနေသည်ကို စိတ်ဝင်တစားလာကြည့်နေသောကြောင့် အစိမ်းရောင်ကြက်တူရွေးမိစ္ဆာက ဤနှစ်ပိုင်းအတွင်းတွင် ခရုစုပ်ငှက် ပြုလုပ်ခဲ့သော မကောင်းမှုများကို အကျဉ်းချုပ် ပြောပြနေသည်။ 

" သူ ဒီတစ်ခါရော ဘာလုပ်ပြန်ပြီလဲ မှန်းကြည့်ပါလား..."

" ဘာလုပ်ထားတာလဲ..."

ဖူလီက ဆံပင်အစိမ်းရောင်မိစ္ဆာ အကျဉ်းချုပ်ပြောပြသည်ကို ကြားပြီးနောက် တအံ့တသ့ဖြစ်သွားခဲ့သည်။ မိစ္ဆာတစ်ကောင်က ဤသို့သော အရှက်မဲ့သည့်နည်းလမ်းဖြင့် ရှင်သန်နေထိုင်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ 
အတိတ်တုန်းကဆိုရင်တော့ သူ့ကို စွမ်းအားကြီးမိစ္ဆာတွေက တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်မှာပဲ...

အချိန်တွေကြာလာလေ ဒီမိစ္ဆာတွေက ပျက်စီးလာလေပဲ...

" သူက ပြိုင်ပွဲမှာ ရှုံးခဲ့တာတောင်မှ အဲ့လူက သူ့ကို အရှက်ခွဲခဲ့တာလို့ အသည်းအသန်ငြင်းနေတာလေ... ‌ဒီနေရာမှာ ပြဿနာထိုင်ရှာနေတာ နာရီဝက်လောက်ရှိပြီ..."

ဆံပင်အစိမ်းရောင်မိစ္ဆာက ချဉ်တူးနေသံဖြင့် ပြောလိုက်သည်။ 

" ငါတို့တွေက ငှက်မျိုးစိတ်ချင်းအတူတူပဲကို... ငါ့ရဲ့အမွေးအတောင်တွေကတောင် သူ့ထက်ပို တောက်ပသေးတယ်... သူက အဆင့်မြင့်ငှက်မျိုးစိတ်ဆိုပြီး ဘယ်ကနေ ယုံကြည်ချက်တွေရှိလာလဲမသိဘူး... လူသားတွေက သူ့ကို နိုင်ငံ့ရတနာလို့ ခေါ်တာနဲ့ပဲ သူ့ကိုယ်သူ တကယ့်ရတနာလို့များ ထင်နေလားမသိဘူး... နိုင်ငံ့ရတနာအစစ်ဖြစ်တဲ့ ပန်ဒါတွေတောင် သူ့လို ဘဝင်မြင့်မနေဘူး..."

ဖူလီ ငြိမ်သက်နေမိသည်။ 
အဲ့ ခရုစုပ်ငှက် ပြဿနာရှာပြီ တိုင်ချင်နေတဲ့ ပြိုင်ပွဲဝင်က သူတော့ မဟုတ်လောက်ပါဘူးနော်...

" မင်း..."

ခရုစုပ်ငှက်က လူအုပ်ထဲမှ ရုတ်ချည်းထွက်လာပြီး ဖူလီ့အင်္ကျီကော်လံစကို လာဆွဲသည်။

" မင်းပဲ... ဗျူရိုက ဝန်ထမ်းတစ်ယောက်နဲ့တွေ့ဖို့ ငါနဲ့လိုက်ခဲ့ မင်းကိုတိုင်ရမယ်..."

ခရုစုပ်ငှက်က အလွန်ဒေါသထွက်လွန်း၍ ‌စစ်ချွမ်းဒေသသံဖြင့် ပြောနေခြင်းကိုပါ ရပ်လိုက်သည်။ သူ့ပါးစပ်မှ ချောမွတ်လှသည့် မန်ဒရင်းလေသံ ထွက်လာပေသည်။ 

ဖူလီက တင်းကြပ်စွ အဆွဲခံထားရသော အင်္ကျီကော်လံကို ကြည့်လိုက်သည်။ ယောင်လောကတွင် ဤကဲ့သို့သော အပြုအမူမျိုးကို 'ရန်စခြင်း' ဟု ခေါ်ဆိုပေသည်။ ခရုစုပ်ငှက်၏ အတောအသတ်နိုင်သော မကျေမချမ်းစကားများကို သူနားထောင်နေရစဉ်တွင် အနောက်ဘက်မှ ဆံပင်အစိမ်းရောင်မိစ္ဆာဘက်ကိုလှည့်ပြီး ငှက်မျိုးစိတ်အားလုံးက စကားများလားဟု မေးချင်စိတ်ပေါက်လာသည်။ 

သို့ရာတွင် သူ လှမ်းကြည့်လိုက်စဉ်မှာပင် ဆံပင်အစိမ်းရောင်မိစ္ဆာက လူအုပ်ထဲပြန်ဝင်သွားပြီး သူ့ကို မသိဟန်ဆောင်နေပေသည်။ 

ထိုအခါမှသာ ဖူလီသဘောပေါက်သွားသည်။ ကြည့်ရသည်မှာ ယခုခေတ် ငှက်မိစ္ဆာများက ကျင့်ကြံဆင့်နိမ့်ပြီး ဆူညံ့တတ်ကြပုံပေါ်ကာ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် နေတတ်ကြသည့်ပုံပေါ်သည်။ ဤငှက်မိစ္ဆာများနှင့်ယှဉ်ပါက သူ၏လှိုဏ်ဂူဝတွင်နေသော စာကလေးမိစ္ဆာက ပို၍ အားကိုးရသည်ဟု ထင်မိသွားသည်။ 

" ငါတို့ စကားမပြောခင် ငါ့အင်္ကျီကို ဆောင့်ဆွဲထားတာ လွှတ်ပေးလို့ရမလား... ဒီအဝတ်တွေက အသစ်ဝယ်ထားတာ တံဆိပ်တောင် မဖြုတ်ရသေးဘူး..."

ဖူလီ သက်ပြင်းချလိုက်မိသည်။ သူက စာမေးပွဲဖြေချိန်တွင်ဝတ်ရန် ဤအဝတ်အစားများအား ဝယ်ထားခဲ့ခြင်းဖြစ်သည်။ 

" ဒါဆို မင်းဘာလို့ မတိုက်ခိုက်ပဲ ခုခံရုံပဲ ခုခံခဲ့တာလဲဆိုတာ ရှင်းအောင် ပြောပြပါဦး... မင်း ငါ့ကို အထင်သေးပြီး တမင်ရန်စချင်လို့ ဟုတ်တယ်မလား..."

ခရုစုပ်ငှက်၏အသံက စူးခနဲဖြစ်သည်။  ထိုအသံကို မခံနိုင်သော ဘေးနားမှ မိစ္ဆာငယ်လေးများက နားကိုအုပ်ထားပြီး နောက်ဆုတ်သွားကြပေသည်။ 

" ငါ တိုက်ခိုက်လိုက်ရင် ‌မင်းရဲ့အမွေးတွေ ကျွတ်ကုန်မှာစိုးလို့လေ... ငါတို့တိုင်းပြည်ရဲ့ မျိုးတုန်းလုဆဲဆဲ တိရစ္ဆာန်တွေထဲမှာ မင်းတို့ပါတော့ ငါ ဥပဒေကို မချိုးဖောက်ချင်လို့လေ..."

ဖူလီက အလေးအနက်ပြန်ဖြေလိုက်သည်။

" လောင်ဇီရဲ့ရှေ့မှာ စကားကြီးစကားကျယ်တွေ လာမပြောနဲ့ ယောင်လောကမှာ ဘာလို့ မျိုးတုန်းတော့မယ့် တိရစ္ဆာန်အကြောင်းတွေ လာပြောနေတာလဲ... မင်းမှာသာ စွမ်းရည်ရှိရင် ငါ့အမွေးတွေကျွတ်ရင်လည်း ကျွတ်သွားပါစေ... ဘာတာဝန်ယူမှုအကြောင်းမှ ငါပြောမနေဘူး..."

ခရုစုပ်ငှက် စကားဆုံးသွားချိန်တွင် တစ်ခုခုက သူ့ကို ဖျတ်ခနဲလာရိုက်သွားသည်ဟု ခံစားလိုက်ရသည်။ ဖိုအရာ ကြမ်းပြင်ပေါ်  ကျသွားချိန်အထိ မှင်သက်နေမိဆဲဖြစ်သည်။ 

သူ့ခေါင်းပေါ်မှ ဆံပင်မွေးများစွာက ကြမ်းပေါ်ပြုတ်ကျလာပြီး အနီရင့်ရောင် ငှက်မွေးများအဖြစ် ပြောင်းလဲသွားသည်။ 

ဖူလီက ခရုစုပ်ငှက်ကို ဖြတ်လျှောက်လာပြီး မြေပြင်ပေါ် ပြုတ်ကျနေသည့် ငှက်မွေးများကို ကောက်လိုက်သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး  ငှက်မွေးများကို ခရုစုပ်ငှက်၏အရှေ့တွင် မြှောက်ပြလိုက်သည်။ 

" ကြည့် သူတို့တွေ ကျွတ်သွားပြီမလား..."

ထိုငှက်မွေးများကို ခရုစုပ်ငှက်၏လက်ထဲ ထည့်ထားလိုက်ပြီးနောက် သူ၏အနည်းငယ်ကြေမွသွားသော အင်္ကျီကော်လံကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။

" တခြားမိစ္ဆာတစ်ကောင်ကို အသည်းအသန်တိုက်ခိုင်းတဲ့ ငတုံးမိစ္ဆာတစ်ကောင်ကို ပထမဆုံး မြင်ဖူးတာပဲ..."

ခရုစုပ်ငှက်က မြေပြင်ပေါ် အပုံလိုက်လဲကျသွားပြီး ဖူလီအဝေးသို့လျှောက်သွားသည်ကို စိုက်ကြည့်နေမိသည်။ နေ့တစ်ဝက်ခန့် အချိန်ကြာသွားသော်လည်း သူ မထနိုင်သေးပေ။ 

" မင်းရဲ့ဘိုးဘေးတွေရော မင်းရော ယီးပဲ..."

" ညီအစ်ကို ညီအစ်ကို..."

ဆံပင်အစိမ်းရောင်မိစ္ဆာက ဖူလီ့နောက်မှ လိုက်မှီလာသည်။ 

" ငါတို့တွေ ဆုံရတာ ကံကြမ္မာအလိုအရပဲ မလား ... ညစာစားချိန်တောင်ရောက်တော့မယ် ငါမင်းကို ဟောင်ကောင်ဟော့ပေ့ါအစစ် လိုက်ကျွေးပါ့မယ်... တော်တော်အရသာရှိတယ်နော်..."

ဖူလီက နံရံပေါ်မှ displayကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။

" ငါ သွားလို့မရဘူး..."

ဖူလီက ကျရှုံးသွားခြင်းကြောင့် စိတ်ဓာတ်ကျသွားသည်ဟု ဆံပင်အစိမ်းရောင်မိစ္ဆာက ထင်လိုက်၍ ပခုံးကိုပုတ်ပြီး လေးနက်စွာပြောလိုက်သည်။

" ညီအစ်ကို စိတ်ကို ရှင်းရှင်းလင်းလင်းထားလိုက်ပါ.. စီမံခန့်ခွဲရေးဗျူရိုကို ဝင်ခွင့်မရဘူးဆိုတာ ပုံမှန်ပါပဲ... အောင်မြင်သွားရင်တော့ မင်းက တော်တော်ကံကောင်းလို့ပေါ့... ပြီးတော့ မင်းက ဗျူရိုထဲ ဝင်ခွင့်မရပေမယ့် အထဲက အကောင်ကြီးကြီးတွေနဲ့ ဆက်ဆံရေးကောင်းတယ်မလား... ငါတို့ယောင်လောကမှာဆိုရင် မင်းကို အဆက်အသွယ်ရှိတဲ့မိစ္ဆာလို့ သတ်မှတ်လို့ရတယ်..."

ထိုအကြောင်းအရင်းများကြောင့် အဆက်အသွယ်ရှိသော ဤမိစ္ဆာ၏ပေါင်လုံးကို သူ ဖက်ထားချင်နေခြင်းဖြစ်သည်။ ယခုအချိန်တွင် စီမံခန့်ခွဲရေးဗျူရိုနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရခြင်းက အလွန်အမင်းခက်ခဲလှသော တာဝန်တစ်ခု ဖြစ်ပေသည်။

" အဲ့လိုမဟုတ်ဘူး ငါ နောက်ထပ်ပွဲစဉ်တစ်ခုမှာ ပြိုင်ရဦးမယ်... နောက်နာရီဝက်နေရင် စတော့မယ်တဲ့..."

ဖူလီက ဧရာမမျက်နှာပြင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။ 

ဆံပင်အစိမ်းရောင်မိစ္ဆာ   “...”

အနောက်တံခါးကနေ ဝင်မယ့်သူကလည်း စွမ်းအားကြီးလှချေလား...

" အစ်ကိုကြီး ကျွန်တော် တစ်ခုခု ဝယ်တိုက်ပါရစေ..."

ဆံပင်အစိမ်းရောင်မိစ္ဆာ၏ စိတ်နေစိတ်ထားက ပိုမိုရင်းနှီးဖော်ရွေသည့်ပုံစံဖြစ်သွားသည်။ 

နေ့တစ်ဝက်အတွင်းမှာပင် ဆံပင်အစိမ်းရောင်မိစ္ဆာ ဖူလီ့ကို ခေါ်ဝေါ်ပုံက ညီအစ်ကိုမှတစ်ဆင့် အစ်ကိုကြီးအဖြစ် ပြောင်းလဲသွားပေသည်။ ထိုသို့ တိုးတက်ပြောင်းလဲလာမှုကြီးကို အံ့အားသင့်ဖွယ်ကောင်းသည်ဟု သတ်မှတ်နိုင်ပေသည်။ 

ပြိုင်ပွဲ၏ နောက်တစ်ဆင့်က အနိုင်ရသူဦးရေ ၅၀သာရှိမည့် တိုက်ပွဲကြီးဖြစ်သည်။ 

ဖူလီ ခရုစုပ်ငှက်ကို ပညာပြလိုက်ခြင်းကို မိစ္ဆာအများစု၏ရင်ထဲ စွဲမြဲသွား၍ တိုက်ပွဲစသည်နှင့် မည်သူကမှ ဖူလီ့ကို စပြီး စိန်မခေါ်ရဲကြပေ။ ပြိုင်ပွဲအဆုံးသတ်သွားသော်လည်း သူ့အဆင့်က အလွန်မပြောင်းလဲလှပေ။

" ပြိုင်ပွဲဒုတိယအဆင့်ပြီးပါပြီ တတိယအဆင့်ကို တစ်နာရီအတွင်းစပါမယ်..."

ချောင်းယွင်က တိုက်ခိုက်ရေးစင်မြင့်ထက်တွင် ပေါ်ထွက်လာသည်။

တတိယပွဲစဉ်အတွက် နေရာရထားသော ပြိုင်ပွဲဝင်များက ချောင်းယွင်၏ စကားကိုကြားသည်နှင့် စောဒကတက်ကြတော့သည်။ 

" ကျွန်တော်တို့ခွန်အားတွေ ပြန်ရလာဖို့ အချိန်တစ်နာရီနဲ့ မလောက်ဘူး နောက်ပ်ိုင်း ဘယ်လိုပြိုင်ရတော့မှာလဲ..."

" မင်းတို့ဖမ်းဖို့လိုတဲ့ မကောင်းဆိုးဝါးမိစ္ဆာက မင်းတို့ကို နားချိန်တစ်နာရီ ပေးမယ်ထင်နေလား..."

ချောင်းယွင် အေးစက်စက်ဖြင့် ရယ်လိုက်သည်။

" မင်းတို့အားလုံး စီမံခန့်ခွဲရေးဗျူရိုထဲဝင်ချင်ရင် မကောင်းဆိုးဝါးဝိညာဉ်တွေနဲ့ ဘယ်အချိန်မဆိုတိုက်ခိုက်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားရမယ်... ဒီအဆင့်လောက်ပဲပြင်းထန်တဲ့ ပြိုင်ပွဲလေးကိုတောင် သည်းမခံနိုင်ရင် ပြိုင်ပွဲကနေ အနှေးနဲ့အမြန်ထွက်သွားတာ ပိုကောင်းတယ်... အဲ့လိုမျိုးဆိုရင်တော့ မင်းတို့တွေ မကောင်းဆိုးဝါးဝိညာဉ်တွေနဲ့ ရင်ဆိုင်ရရင် အသက်မဆုံးရှုံးတော့ဘူးပေါ့..."

ချောင်းယွင်၏စကားကို ကြားပြီးသောအခါ နေရာ၅၀မှ ကျင့်ကြံသူများက စောဒကမတက်ရဲတော့ပဲ ငြိမ်သက်သွားသည်။ သူတို့အားလုံးက ချောင်းယွင်ကို တလေးတစား အရိုအသေပြုပြီးမှ တိုက်ခိုက်ရေးစင်မြင်မှ ထွက်ခွာသွားကြသည်။ 

ချောင်းယွင် ခေါင်းအနည်းငယ်မော့ကြည့်လိုက်သောအခါ သူမအကြည့်က လူအုပ်ကြီး၏ အနောက်နားမှ ယောင်ကျင့်ကြံသူတစ်ယောက်ထံကို ရောက်သွားသည်။ ဒုတိယမြောက်ပွဲစဉ် စချိန်တည်းက သူမ၏အာရုံက စင်မြင့်ပေါ်တွင်သာ ရှိနေ၍ ဤယောင်ကျင့်ကြံသူက အစမှ အဆုံးထိတိုင် များများစားစား မတိုက်ခိုက်လိုက်ရသည်ကို သတိပြုမိလိုက်သည်။ အခြားသော ကျင့်ကြံသူများကလည်း သူ့ကို ရန်စရဲပုံမပေါ်ပေ။

သူမ ဒိုင်လူကြီးစားပွဲရှိရာကို ပြန်လှည့်သွားလိုက်သည်။ ချောင်းယွင်က ဖြေဆိုသူများ၏ စာရင်းသွင်းထားသော အချက်အလက်များကို လှန်ကြည့်လိုက်သောအခါ ထိုလူ့အကြောင်း အချက်အလက်များကို ရှာတွေ့သွားသည်။

" ဖူလီတဲ့လား..."

နာမည်ကတော့ မဆိုးပါဘူး...

" ချောင်းယွင် ဒီပြိုင်ပွဲဝင်တစ်သုတ်ထဲမှာ အရမ်းထူးချွန်တဲ့သူ ပါလာသေးလား..."
ချူးယွီက သူမနားကို ရောက်လာသည်။

ချောင်းယွင်က အချက်အလက်ကိုကြည့်ပြီး စိတ်လွင့်နေ၍ ချူးယွီ၏ မေးခွန်းကို ပြန်မဖြေမိပေ။ သူမ စိတ်မပါလက်မပါ ပြန်ဖြေတော့မည့်အချိန်တွင် ကျွမ်းချင်က သူ့နောက်၌ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမ အမူအရာက ပိုပြီးလေးနက်သွားသည်။ 

" ဒီနှစ်တော့ လူတော်နည်းနည်းပါလာတယ်... ပိုပြီး စိတ်ဝင်စားစရာကောင်းတာတော့ ဖူလီဆိုတဲ့ ယောင်ကျင့်ကြံသူပဲ... တိုက်ခိုက်ရေးစင်မြင့်ပေါ်ရောက်တော့ တခြားယောင်ကျင့်ကြံသူတွေ အားလုံးနီးပါးက သူ့ကို ပြိုင်ဘက်အနေနဲ့ မထားရဲကြဘူး..."

သူမ မတ်တပ်ရပ်ပြီး ဖူလီ၏ အချက်အလက်များကိုယူကာ ကျွမ်းချင်ကို တရို‌တသေဖြင့် ကမ်းပေးလိုက်သည်။ 

" ငါထင်တာတော့ သူက နှစ်သုံးထောင်အထက် ကျင့်ကြံထားတာပဲဖြစ်မယ်... ငါရော နျဉ်ရွှမ်နှင့် တခြားလုပ်ဖော်ကိုင်‌ဖက်တွေရော သူ့ရဲ့မူရင်းပုံစံကို သေချာမသိဘူး..."

ကျွမ်းချင်က ဖြေဆိုသူကိုယ်တိုင်ဖြည့်ထားရသော စာရင်းသွင်းမှတ်တမ်းကိုယူပြီး တွန့်လိမ်နေသည့် စာလုံးများကိုကြည့်လိုက်သည်။ ထို့နောက် စာရွက်ကို ချောင်းယွင်ရှိရာသို့ ပြန်ပေးလိုက်သည်။ 
" အင်း..."

ဟမ် " အင်း " ဆိုတာ ဘာသဘောလဲ...

ချောင်းယွင် ဂရုတစိုက် ပြန်ကြည့်လိုက်သောအခါ ဖြေဆိုသူခုနံပါတ်ကို စာရွက်ထောင့်တွင် တွေ့လိုက်ရသည်။

၁၃၅၆တဲ့လား...

အဲဒါချူးယွီရဲ့ ကျေးဇူးရှင်မလား...

ချောင်းယွင် ခေါင်းမော့လိုက်ပြီးနောက် ချူးယွီကို သင်္ကာမကင်းစွာဖြင့် ကြည့်လိုက်သည်။ 

" ချူးယွီ နင်သူ့အတွက် အာဏာသုံးပြီး အနောက်တံခါးဖွင့်ပေးထားတာတော့ မဟုတ်ဘူးမလား..."

" နင် ငါ့ကို အပြစ်တင်လို့ရတယ် ငါ့ကျေးဇူးရှင်ကိုတော့ အပြစ်မတင်နဲ့နော်... သူက အနောက်တံခါးကတောင် ဝင်စရာမလိုဘူး..."

ချူးယွီ ဒေါသထွက်သွားသည်။ 

" ဘယ်သူ သိနိုင်မှာလဲ..."

" သူ အဲ့လို မလုပ်ပါဘူး..."

ကျွမ်းချင်က ချောင်းယွင်ကို ဖြတ်ပြောလိုက်သည်။

" သူက အဲ့လိုလုပ်ဖို့လည်းမလိုဘူး..."