Chapter 31
ထူးဆန်းသောငှက်
ဘော့စ်က စာမေးပွဲဖြေသူဘက်က ပြောပေးလိမ့်မည်ဟု ချောင်းယွင် မထင်ထားခဲ့ပေ။ သူမ ကျွမ်းချင်ကို တအံတဩဖြင့်ကြည့်လိုက်သည့်အခါ သူ့မျက်နှာအမူအရာက လေးနက်တည်ကြည်နေသည်ကို တွေ့လိုက်ရသည်။ သူမ ရုတ်ချည်း သဘောပေါက်သွားခဲ့ပေသည်။
ကြည့်ရတာ ဘော့စ်က ဖူလီရဲ့စွမ်းရည်တွေကို တော်တော်လေး မျှော်မှန်းထားတဲ့ပုံပဲ...
စာမေးပွဲ၏ တတိယပွဲစဉ် ပြီးဆုံးသည့်နောက်တွင် လူအယောက် ၅၀မှ ငါးယောက်သာ ကျန်ရစ်တော့သည်။ ယခုလက်ရှိအချိန်တွင် လမင်းကြီးက တောက်ပလင်းထိန်နေပြီး ညလေပြည်လေညင်းလေးများကလည်း တိုက်ခတ်နေပြီဖြစ်သည်။
ဖူလီမှလွဲ၍ ကျန်ရှိနေသူလေးယောက်ထဲတွင် ချင်းရှောင်ဂိုဏ်းမှ တပည့် ၅ ဝေ့စန်း၊ လွင်ပြင်ဂိုဏ်းတည်ထောင်သူ၏ တပည့် ၂ ကျုံးဇယ် ၊ လက်အန်းဘုန်းတော်ကြီးကျောင်းမှ တာအိုပညာရှင်ချင်ရှုနှင့် ရေကန်ဝါလိပ်မိစ္ဆာတို့ဖြစ်သည်။
လင်အန်းဘုန်းကြီးကျောင်းက ယခင် ချန်အန်းဘုန်းကြီးကျောင်းနေရာတွင် တည်ဆောက်ထားခဲ့ခြင်းဖြစ်၍ ချူးယွီနှင့် အဆက်အသွယ်ရှိပေသည်။ သို့ဖြစ်၍ ချူးယွီကို လင်အန်းဘုန်းကြီးကျောင်းမှ လေးစားရသော အကြီးအကဲအဖြစ် သတ်မှတ်နိုင်ပေသည်။ ထို့အပြင် ချင်းရှောင်ဂိုဏ်းမှ ဝေ့စန်းက ကျန်းခယ့်၏ ဂိုဏ်းတူစီနီယာအစ်ကို ဖြစ်သည်။ သူက ယောင်ကျင့်ကြံသူအနေဖြင့် ဂိုဏ်းထဲ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ရေကန်ဝါလိပ်မိစ္ဆာကလည်း လင်းကွေနှင့်ရင်းနှီးသူဖြစ်ကာ ဂမ္ဘီရပညာရပ်တွင် ကျွမ်းကျင်သောကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
နောက်ခံအသိုင်းအဝိုင်းများအကြောင်း ပြောမည်ဆိုပါက ဖူလီတစ်ယောက်တည်းသာ အသိုင်းအဝိုင်းအနိမ့်ဆုံးဖြစ်နေသည်။
ဤပွဲစဉ်အထိ ရောက်လာနိုင်ခဲ့ကြသူများမှာ ကျင့်ကြံရေးလောက၏ လူငယ်မျိုးဆက်များတွင် လူသိများသူများ ဖြစ်ကြသည်။ ငယ်ရွယ်သည့်စွမ်းအင်ဖြင့် ပြည့်နှက်နေသော သူတို့မျက်နှာများကိုကြည့်ပြီး ဖူလီ၏မျက်နှာက မနီရဲပဲ မနေတော့ပေ။
ဒါက ကလေးတွေကို အနိုင်ကျင့်တယ်လို့ပဲ ပြောရမှာလား...
" မင်းတို့ ငါးယောက်လုံး ကောင်းကောင်းလုပ်ခဲ့ကြတာပဲ... ကျေးဇူးတင်..."
ချောင်းယွင်၏စကားမဆုံးသေးမီမှာပင် မိုးကုပ်စက်ဝိုင်းထက်၌ ထစ်ချုန်းသံကြီး ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းက မိုးခြိမ်းသံဖြစ်သော်လည်း သတ္တဝါအချို့၏ အော်ဟစ်ဟိန်းဟောက်လိုက်သံနှင့် ပိုတူနေသည်။ သူမ ရင်ထဲတွင် တစ်စုံတစ်ရာ နိမိတ်ပြသကဲ့သို့ ခံစားလိုက်ရပြီး ကျွမ်းချင်ကို အမြန်လှည့်ကြည့်လိုက်သည်။
ကျွမ်းချင် ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ သူ့ဝတ်ရုံက တဖျတ်ဖျတ်လွင့်နေပြီး မျက်နှာကြက်ကလည်း ကြည်လင်နေ၍ အားလုံးက ကောင်းကင်ထက်၌ တလိမ့်လိမ့်တက်လာသော တိမ်မည်းများကို မြင်လိုက်ရသည်။ ကောင်းကင်တစ်ခွင်လုံးက ပြိုလဲကျလုမတတ်ဖြစ်လာသည်။ ကံကောင်းသည်မှာ ညနက်နေပြီဖြစ်သောကြောင့် လူအများစုက အိပ်စက်အနားယူနေကြပြီဖြစ်သည်။ အသံကြားလိုက်ကြသော်လည်း မိုးခြိမ်းသံဟုသာ ယူဆလိုက်ကြသည်။
တိမ်တိုက်များအကြားတွင် ထူးဆန်းသော ကြောက်ခမန်းလိလိအသွင်ဖြင့် ဧရာမငှက်ကြီးတစ်ကောင်၏ပုံစံ ပေါ်လာသည်။ ၎င်း၏ ချီဓာတ်ထုတ်ဖော်မှုနှင့်အတူ နက်နဲလှသောကျင့်ကြံဆင့်ကြောင့် ချောင်းယွင်က ဧရာမငှက်ကြီး၏ ထူးဆန်းသောအသွင်အပြင်ကို မှတ်မိသွားသည်။
မြွေအမြီး၊ တစ်စုံထက်ပိုတဲ့ အတောင်ပံတွေနဲ့ ခြေထောက်သုံးချောင်းဆိုတော့..
ရွှေကျီးများလား...
( ရွှေကျီးကိတ်ခြောက်နဲ့ အိမ်ရှေ့မှာအော်နေကျ ကျီးမဲတွေကို ပြေးမမြင်ပဲ အပေါ်ကရေးထားတဲ့ ပုံစံအတိုင်းပဲ မြင်ပေးပါနော် 😟 သူကGolden Crowလို့ရေးထားလို့ အဲ့တိုင်းပြန်ရတာပါ )
သူက စီမံခန့်ခွဲရေးဗျူရိုသို့ ဝင်ရောက်ပြီးချိန်မှစ၍ မိစ္ဆာများနှင့် လူသားကျင့်ကြံသူများစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း သူတို့၏ပုံပန်းသွင်ပြင်၊ ကျင့်ကြံဆင့်နှင့် စွမ်းရည်များက သာမန် မြင်တွေ့နေကျမျိုးများသာဖြစ်သည်။ ဤကဲ့သို့ ရှေးဟောင်းယောင်ကျင့်ကြံသူမျိုးကို သူမ တစ်ကြိမ်မှ မကြုံတွေ့ခဲ့ဖူးပေ။
လွန်ခဲ့သောရက်အနည်းငယ်ခန့်က သူမ၏ လုပ်ဖော်ကိုင်ဖက် ဖမ်းယူခဲ့သော ရှေးဟောင်းသားရဲ ကျူးယန်ကို ပြန်တွေးမိပြီး သူမ ရင်ထဲတွင် စိတ်မသက်မသာဖြစ်လာမိသည်။ ထိုရှေးဟောင်းမိစ္ဆာများက လူသားလောကတွင် ပေါ်ထွက်မလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သော်လည်း ယခုနှစ်တွင်မှ မကြာခဏ ပေါ်လာကြပေသည်။
ဒါက တိုက်ဆိုင်တာများလား ကံဆိုးတာများလား...
" ဒီငှက်က ခြေထောက်သုံးချောင်းတောင် ရှိတာပဲ... ဒဏ္ဍာရီလာ ခြေသုံးချောင်းရွှေကျီးများလား..."
ချူးယွီမှာ လည်ချောင်းခြောက်ကပ်လာသောကြောင့် တံတွေးမျိုချလိုက်မိသည်။
" အဲဒါက ရွှေကျီးမဟုတ်ဘူး..."
ဖူလီက ကောင်းကင်ယံကိုမော့ကြည့်ပြီး ထူးဆန်းသော သတ္တဝါကြီးကို အကဲခတ်နေသည်။
" ရွှေကျီးသာဆိုရင် နေ့အချိန်လိုမျိုး ကမ္ဘာကြီးတစ်ခုလုံး တောက်ပနေမှာ... "
" ဘော့စ် နိုင်ငံတော်လုံခြုံရေးဌာနက ဖုန်းလာပါတယ်..."
လင်းကွေက ကျွမ်းချင်ကို ဖုန်းလွှဲပေးလိုက်သည်။
ညအချိန် ကောင်းကင်ယံ၌ ဧရာမငှက်ကြီးတစ်ကောင်ရောက်နေသည်ကို နိုင်ငံတော်လုံခြုံရေးဌာနက မသိရှိပါက ထူးဆန်းနေပေမည်ဖြစ်သည်။ ကျွမ်းချင်ကို ဖုန်းကိုလှမ်းယူကာ စကားအနည်းငယ်ပြောလိုက်ပြီးနောက် ဖုန်းချလိုက်သည်။ ထို့နောက် သူ့လုပ်ဖော်ကိုင်ဖက်များကို လှည့်ကြည့်ပြီး ပြောလိုက်လေသည်။
" အစီအရင်တစ်ခု မြန်မြန်ချရမယ်..."
" ဟုတ်..."
လျော့တိလျော့ရဲဖြစ်နေသော ဗျူရိုမှလူများမှာ ယခုအချိန်တွင်မူ အလေးအနက်ဖြစ်နေကြသည်။ သူတို့ လျင်မြန်စွာ လှုပ်ရှားကြပြီး သူတို့၏သက်ဆိုင်ရာ နေရာအသီးသီးတွင် အစီအရင်ကြီးများ တည်ဆောက်လိုက်ကြသည်။ အချိန်တိုအတွင်းမှာပင် သာမန်အရပ်သားပြည်သူများက ကောင်းကင်ပေါ်တွင် ထူးဆန်းသော ဧရာမငှက်တစ်ကောင် ပျံသန်းနေသည်ကို မမြင်ကြတော့ပေ။
အိမ်တစ်အိမ်တွင် ကလေးငယ်လေးတစ်ယောက်က အိပ်ချင်မူးတူးဖြင့် ထလာပြီး သန့်စင်ခန်းသို့ သွားလေသည်။ အခန်းထဲ ပြန်လာပြီးနောက် ပြတင်းပေါက်အပြင်ကို တစ်ချက်ကြည့်လိုက်သောအခါ ထူးဆန်းသောငှက်တစ်ကောင်က တိမ်တိုက်များအကြားတွင် စက်ဝိုင်းပုံစံလှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။ ထိုပုံရိပ်ကြောင့် သူ ထိတ်လန့်တကြားဖြစ်ပြီး မျက်လုံးများပြူးလာသည်။ ပြတင်းပေါက်နားကပ်၍ ဂရုတစိုက်ကြည့်လိုက်ချိန်တွင်မူ ၎င်းက ငှက်မဟုတ်ပဲ ထူးဆန်းသော တိမ်မည်းအချို့သာဖြစ်နေကြောင်း သိလိုက်ရသည်။
အရမ်းမှောင်လွန်းလို့ အမြင်မှားတာများလား...
ကလေးလေးက ကြမ်းပေါ်ကျသွားသည့်စောင်ကိုကောက်ပြီး ပြန်အိပ်သွားခဲ့သည်။ သို့ရာတွင် အကြောင်းအရင်းအချို့ကြောင့် အလွန်ကြောက်မက်ဖွယ်ကောင်းသည့်အရာတစ်ခုကို အိမ်မက်မက်ခဲ့ပြီး အိပ်ရသည်မှာ သက်တောင့်သက်သာမရှိ ဖြစ်လာသည်။
သူ ခုတင်ပေါ် လူးလှိမ့်နေသော်လည်း အိပ်ရာမနိုးလာခဲ့ပေ။
ဗျူရိုမှလူများ အရံအတားပြုလုပ်နေစဉ်တွင် ကျန်ရှိနေသော ဖြေဆိုသူငါးယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သူတို့ ကူညီသင့်သလား စောင့်ဆိုင်းနေသင့်လားဟု ခေတ္တခဏ မသေမချာဖြစ်သွားခဲ့သည်။
" အဲ့ဟာကြီးရဲ့အော်သံက ထူးဆန်းလိုက်တာ..."
လွင်ပြင်ဂိုဏ်းမှ ကျုံးဇယ်က သူတို့ကြားမှ နေရခက်နေမှုများကို ချိုးဖျက်လိုက်သည်။
" သူ့အသံက ရန်စသလိုလိုပဲ ဘာသဘောလဲမသိဘူး..."
တောင်ပေါ်မှ မျောက်ဝံဖြူမိစ္ဆာတစ်ကောင် သူ့ကို ပြောခဲ့ဖူးသည့် တစ်စုံတစ်ရာကို ဖူလီ ရုတ်ချည်း အမှတ်ရသွားသည်။ ကျင့်ရှန်ဟူသောနေရာတွင် မြွေခန္ဓာကိုယ်၊ အတောင်ပံလေးခုနှင့် မျက်လုံးခြောက်လုံးရှိသော အလွန်အကျည်းတန်သည့်ငှက်တစ်ကောင်နေကြောင်း သူ ပြောပြခဲဖူးသည်။
အဲဒါကို စွမ့်ယွီလို့ ခေါ်တာများလား...
မျောက်ဝံဖြူကြီးက သူ့ကို အပြင်လောကရှိ ကြောက်မက်ဖွယ်မိစ္ဆာများအကြောင်း သူ့ကိုပြောပြရခြင်းအား အနှစ်ခြိုက်ဆုံးဖြစ်သည်။ သူ မမှတ်မိသေးသည့်အရာများ ရှိသေးသော်လည်း စွမ့်ယွီ၏ ပုံပန်းသွင်ပြင်မှာမူ စက်ဆုပ်ဖွယ်ရာအကောင်းဆုံးဖြစ်နေ၍ သူ မှတ်မိနေခြင်းပင်။
စွမ့်ယွီပေါ်လာသည်နှင့် ကြောက်စရာကောင်းသည့်အရာများ ဖြစ်ပေါ်လာလေ့ရှိသည်။ အကယ်၍ အလွန်ပြင်းထန်ပါကမူ ထိုနေရာတွင် မကောင်းဆုံးဝါးချီဓာတ်များ စီးဆင်းလာတတ်သည်။ သက်ရောက်မှု အားပျော့ပါကမူ သာမန်လူများက အိမ်မက်ထဲတွင် ကြောက်စရာကောင်းသည့်အရာများကိုသာ ကြုံတွေ့ရလေ့ရှိသည်။
" ဘော့စ်..."
ချူးယွီက ကျွမ်းချင်၏ ရှေ့တည့်တည့်ကို ပျံသန်းလာသည်။ သူ့မျက်နှာအမူအရာက သွေးဆုတ်ဖြူရော်နေပေသည်။
" ယောင်ဧကရာဇ်မှာ အတောင်ပံနှစ်စုံရှိပြီး ခန္ဓာကိုယ်ကလည်း တောင်တစ်လုံးလောက်ကြီးတယ်လို့ ကျူးယန်ပြောပြဖူးတာ ကျွန်တော်မှတ်မိတယ်... ဒီငှက်ကြီးက ယောင်ဧကရာဇ်များလား..."
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ရှုယွမ်ကလည်း ချူးယွီနှင့်အလားတူ ဖြူဖျော့နေပေသည်။ တိမ်တိုက်များအောက်မှ အလင်းရောင်များဖြင့် သက်ဝင်နေသော မြို့တော်ကြီးကို ကြည့်လိုက်သည်။ သူမလက်ဖဝါးမှ ချွေးစေးများ စိမ့်ထွက်လာပေသည်။
သူသာ တကယ့်ယောင်ဧကရာဇ်ဆိုရင် လူတွေဘယ်လောက်တောင် ခံစားရမှာလဲ...
သူမ ကိုယ့်ကိုကိုယ် နှစ်သိမ့်နေမိသည်လား မသိသော်လည်း ၎င်းက ယောင်ဧကရာဇ်မဟုတ်ဟု သူမ စိတ်ထဲ ခံစားနေရသည်။ သို့ရာတွင် ရှုယွမ်၏အသံက အနည်းငယ် ပြင်းထန်နေပေသည်။
" ကျူးယန်ပြောတာတော့ ယောင်ဧကရာဇ်ရဲ့ခန္ဓာကိုယ်က ရွှေရောင်အမွေးတွေရှိတယ်၊ မျက်လုံးတစ်လုံးကလည်း လတစ်စင်းလောက်ကြီးပြီး နှာခေါင်းကလည်း နတ်နွားတစ်ကောင်အရွယ်လောက်ရှိတာ၊ ခြေထောက်တွေက အနီရောင်တိမ်တိုက်တွေနဲ့တူပြီး ခန္ဓာကိုယ်က တောင်တစ်လုံးလောက်ကြီးလို့ တစ်ချက်ဟိန်းဟောက်လိုက်ရုံနဲ့ တောင်တန်းတွေ မြစ်ချောင်းတွေကိုပါ လှုပ်ခတ်သွားနိုင်တာတဲ့... ဒီမိစ္ဆာက မြွေလိုခန္ဓာကိုယ်ကြီးနဲ့လေ ရွှေတောင်အမွေးတွေလည်း မရှိဘူး..."
" အဲဒီကျူးယန်က ယောင်ဧကရာဇ်ကို မမြင်ဖူးဘူးလေ သူပြောပြတာက အမှားတွေဆိုရင် ဘယ်လိုလုပ်မလဲ..."
ချူးယွီက အရံအတားကို ပိုမိုလျင်မြန်စွာ တည်ဆောက်နေလျက်ဖြင့် ပြောလိုက်ကာ ခါးသီးစွာဖြင့် ပြုံးလိုက်သည်။
" တကယ်လို့ သူကသာ ယောင်ဧကရာဇ်အစစ်ဆိုရင် ငါတို့တော့ အသက်နဲ့ရင်းပြီး တိုက်ခိုက်ရတော့မှာပဲ..."
လေထုက အေးစိမ့်စိမ့်ဖြစ်လာပြီး ရှုယွမ်၏မျက်နှာကလည်း နှင်းတမျှဖြူဆုတ်လာသည်။
" ငါတို့ရှုံးလို့ မဖြစ်ဘူး..."
ဤမြို့တွင် လူသန်း၂၀အထက် နေထိုင်သည်ဖြစ်၍ သူတို့ ရှုံးသွား၍မရပေ။
ချူးယွီက ခေါင်းငုံ့လိုက်ပြီး သူ့ခြေထောက်အောက်မှ မြင်ကွင်းကို ကြည့်လိုက်သည်။ မြို့၏ ညမြင်ကွင်းက အလွန်လှပလွန်းပေသည်။ တလက်လက်တောက်ပနေသော အလင်းရောင်များက နဂါးငွေ့တန်းသဖွယ် လှပနေသည်။
အရံအတားကို ကောင်းကင်ယံတစ်ခွင် ဖြန့်ကျက်ပြီး အလွန်လျင်မြန်စွာ ဖွဲ့စည်းပြီးသွားခဲ့သည်။ လေကြောင်းလိုင်းပေါင်းများစွာကလည်း မြို့တော်အထက်မှ ကောင်းကင်ယံတွင် ရာသီဥတုအခြေအနေဆိုးရွားနေသည်ဟူသော အရေးပေါ် သတင်းပေးပို့ချက် ရရှိခဲ့၍ အချို့သော လေယာဉ်များက မြို့တော်သို့ ပျံသန်းရန်လမ်းကြောင်းများကို ယာယီရွှေ့ဆိုင်းထားလိုက်သည်။
အခြားသော ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းများက ဤသို့ဖြစ်နေခြင်းကို မယုံကြည်သောကြောင့် မြို့တော်ထဲ ပျံသန်းလာပြီးသည့်နောက် ကောင်းကင်ယံတွင် စက်ဝိုင်းပုံစံ ပျံသန်းနေကြသည်။ ထို့နောက်တွင် သူတို့ရှေ့၌ တိမ်တိုက်မည်းများကို တွေ့လိုက်ရသည်။ လေယာဉ်မှူးများပင် ဤအခြေအနေက အနည်းငယ်ထူးဆန်းသည်ဟု ထင်လိုက်ကြသည်။
အတွင်းကို ပျံလာရတာ ခက်သလောက် မြို့ပြင်ဘက်ကို ပျံရင်ကျတော့ လွယ်နေပါလား...
လေယာဉ်မှူးများ ယခင်က မမြင်တွေ့ခဲ့ဖူးသော ထူးဆန်းသည့် ရာသီဥတုအခြေအနေဆိုသည်မှာ မရှိပေ။ သို့ဖြစ်၍ ထိုအတွေးက သူတို့စိတ်ထဲ ခဏတာဖြတ်သန်းသွားရုံသာဖြစ်ပြီး အလွန်လျင်မြန်စွာ မေ့ပျောက်သွားသည်။
" ဘော့စ် အရံအတားကို ချထားလိုက်ပြီးပါပြီ... နိုင်ငံတော်က တခြားသက်ဆိုင်ရာ ဌာနတွေကို အသိပေးသွားပါလိမ့်မယ်... ကျွန်မတို့ အခုဘာလုပ်ကြမလဲ..."
ချောင်းယွင်၏လက်ထဲ ကိုင်ထားသောလက်နက်က ကြာပန်းဓားဖြစ်သည်။ သူမ ခစားခဲ့သောဧကရီက ဗုဒ္ဓဘာသာကိုးကိုယ်သူ၏ ကောလဟာလရှိပေသည်။ သို့ဖြစ်၍ သူမ၏ ဖုန့်ဆံထိုးတွင် ကြာပန်းပုံစံကို ထွင်းထုထားခဲ့ပေသည်။ ဧကရီနတ်ရွာစံသွားခဲ့သည့်အချိန်တွင် သူမ လူသားအသွင်ဖြင့် ကိုင်ဆောင်သောလက်နက်က ကြာပန်းပုံစံထွင်းထားသော ဓားတစ်ချောင်း ဖြစ်လာခဲ့သည်။
" အလျင်စလို မလှုပ်ရှားနဲ့..."
ကျွမ်းချင်က တိမ်တိုက်များအကြား အတောင်တဖျတ်ဖျတ်ခတ်နေသော ထူးဆန်းသည့်ငှက်ကို တစ်ချက်ကြည့်လိုက်သည်။
" ဒီယောင်သားရဲရဲ့ ရည်ရွယ်ချက်ကို မရှင်းမလင်းဖြစ်နေတယ်... ငါ အရင်ဆုံး ကင်းထောက်ကြည့်လိုက်ဦးမယ်..."
သူ၏ နာမည်ကြီးတံဆိပ်အနောက်တိုင်းဝတ်စုံကိုချွတ်ကာ နဂါးအသွင်ပြောင်းရန် ပြင်ဆင်လိုက်သည်။
ဖြူသွယ်သွယ်လက်တစ်ဖက်က သူ့အင်္ကျီလက်ကို လာဆွဲသောကြောင့် ထိုနေရာတွင် တွန့်ခေါက်ရာများစွာ ဖြစ်သွားရသည်။
ကျွမ်းချင်က ချက်ချင်းလှည့်ကြည့်လိုက်သည့်အခါ ဖူလီက အသံလုံးဝမထွက်ပဲ သူ့ကိုချဉ်းကပ်လာသည်အား မြင်လိုက်ရသည်။
" လူကြီးမင်းဖူ ဒါ ဘာသဘောလဲ..."
ကျွမ်းချင်က သူ့အင်္ကျီလက်ကို ပြန်ဆွဲယူထားပြီး တစ်ဖက်လှည့်ကာ ထူးဆန်းသောငှက်ကြီးကို ဆက်လက်စစ်ဆေးနေသည်။ သူက မူလအသွင်သို့ အချိန်မရွေးပြောင်းလဲပြီး ထူးဆန်းသောငှက်ကြီးနှင့် တိုက်ခိုက်ရန် ကြံရွယ်ထားသည်။
" ဒီထူးဆန်းတဲ့ငှက်က ကျင့်ရှန်က စွမ့်ယွီဆိုတဲ့ငှက် ဖြစ်နိုင်တယ်... သူ နေလာတဲ့နှစ်တွေက မင်းအသက်ရဲ့ ဆယ်ဆလောက်ဖြစ်နေပြီ..."
ဖူလီ သက်ပြင်းချလိုက်မိသည်။ လူမှုဖူလုံရေးငွေ ရရှိထားသော မိစ္ဆာအိုကြီးဖြစ်နေ၍ သူ ရှေ့ထွက်ပြီးရပ်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
စွမ့်ယွီ၏ ချောမွတ်သော မြွေခန္ဓာကိုယ်ကြီးက ကြက်သီးထဖွယ်ရာဖြစ်သော်လည်း သူက ယခုချိန်တွင် လူငယ်လေးတစ်ယောက်က မဟာမိစ္ဆာတစ်ကောင်ကို စိန်ခေါ်ခွင့် မပေးနိုင်ပေ။ အကယ်၍ ယနေ့တွင် ထိုအရာကြီးပေါ်လာမည်ဟု သိခဲ့ပါက အင်္ကျီအသစ်များကို ဝတ်လာခဲ့မည် မဟုတ်ပေ။ တိုက်ခိုက်ခြင်းကြောင့် အဝတ်အစားများ ဆုတ်ပြဲသွားပါက နှမျောစရာကောင်းပေမည်။
" နေဦး မင်းဘာလုပ်နေတာလဲ..."
ဖူလီက ထူးဆန်းသောငှက်ကြီးကို ထိုနေရာတွင်သာ ရပ်နေအောင် ပြုလုပ်ရန် ပြင်ဆင်မည့်အချိန်တွင် ကျွမ်းချင်က သူ့ကို အသည်းအသန်တားမြစ်လိုက်သည်။
" ဒါ ငါတို့ စီမံခန့်ခွဲရေးဗျူရိုရဲ့ကိစ္စလေ..."
" ငယ်ရွယ်သူတွေကို ဂရုစိုက်ဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်..."
ဖူလီက ကျွမ်းချင်၏ပခုံးကို ပုတ်လိုက်သည်။
" လူကြီးတွေ အလုပ်လုပ်နေရင် ကလေးတွေ ဝင်မရှုပ်ရဘူး..."
ကလေး...
ဘယ်သူ့ကိုပြောတာလဲ...
ကျွမ်းချင်က တည်တင်းနေသောမျက်နှာကြီးဖြင့် အမိန့်ပေးလိုက်သည်။
" ဘယ်သူမှ သတိမလွတ်ကြနဲ့ အရံအတားကို ကောင်းကောင်းကာကွယ်ကြ... စွမ့်ယွီဆီက ဘယ်ဟာမှ လူသားလောကထဲ ပြုတ်မကျသွားစေနဲ့..."
စီမံခန့်ခွဲရေးဗျူရို၏ ဝန်ထမ်းများက သူတို့မကြားသင့်သည့်အရာတစ်ခုခုကို ကြားလိုက်ရပုံပေါ်သည်။
" ဟုတ် သဘောပေါက်ပါပြီ..."
" စွမ့်ယွီ စွမ့်ယွီ..."
စွမ့်ယွီက လေထုအလယ်တွင် ပျံဝဲနေသည်။
သူက နှစ်ထောင်ဂဏန်းလောက်ပဲ အိပ်ပျော်သွားတာကို လူသားလောကကြီးက ထပ်ပြီးပြောင်းလဲသွားပြန်တာလား... အခုခေတ် လူသားတွေက ညလင်းပုလဲတွေကို နေရာအနှံ့မှာ ထွန်းထားနိုင်တဲ့အထိ ချမ်းသာနေကြပြီပေါ့လေ...
လေထဲမှ မီးများက သူကို မူးဝေလာစေသည်။ သူက ဆာလောင်မှုကြောင့် ယခုမှ အိပ်ရာနိုးလာ၍ ပင်လယ်ပြင်သို့သွားပြီး ပင်လယ်သတ္တဝါများကို ဖမ်းစားလိုသော်လည်း ထို ထူးဆန်းသည့် အလင်းရောင်များကြောင့် ခေါင်းမူးသွားရသည်။
အတိတ်တွင်မူ သူ ကောင်းကင်ထက်၌ တစ်ချက်အော်ဟစ်ခြိမ်းခြောက်လိုက်ရုံဖြင့် မိစ္ဆာငယ်များနှင့် လူသားများက သူ့အလိုလို ပူဇော်ပစ္စည်းများ လာရောက်ပေးကမ်းတတ်ကြသည်။ သူ မထွက်သွားချိန်အထိ လူသားများက သူ့ကို မည်သည့်အစားအစာမျိုးမဆို ပေးကမ်းတတ်ကြသော်လည်း ယခု သူ လေထဲတွင် ပျံဝဲနေသည်မှာ နေ့တစ်ဝက်စာခန့်ရှိပြီဖြစ်သော်လည်း လူသားတစ်ယောက်မှ သူ့ကိုလာရောက်ဒူးထောက်ပြီး မရှိခိုးကြသည့်အပြင် မိစ္ဆာတစ်ကောင်မှ လည်း ပေါ်မလာသေးပေ။
သူ အိပ်ပျော်နေတဲ့အချိန်အတွင်းမှာ လူသားတွေနဲ့ မိစ္ဆာငယ်လေးတွေက ပိုပြီးရဲတင်းလာတာများလား...
စွမ့်ယွီက မြေပြင်ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ မြေပြင်ပေါ်မှ အလင်းရောင်စူးစူးများက သူ့မျက်လုံးထဲမှ မျက်ရည်များ ကျလာစေသည်အထိ အနှောင့်အယှက်ပေးနေပေသည်။ သူ့အတောင်တစ်စုံကိုသုံးပြီး မျက်လုံးကို အမြန်ပိတ်ကာ တိမ်ထု၏ အပေါ်ယံအလွှာကို ပျံသန်းသွားသည်။
အဲ့လောက် အလင်းရောင်တောက်တောက်ကြီးထွက်နေတာ ဘယ်လိုကြောက်စရာကောင်းတဲ့ လက်နက်ကြီးလဲ...
" အဲဒါက ကျင့်ရှန်က ဘုရင်စွမ့်ယွီလား..."
နာမည်ဂုဏ်သတင်းကြီးသော မိစ္ဆာတစ်ကောင်ဖြစ်ပါက နာမည်ရှေ့တွင် ဘုရင်ဟူသော ဂုဏ်ပုဒ်ထည့်သွင်းမည်ဆိုပါကလည်း မမှားပေ။
စွမ့်ယွီက အရှေ့တောင်ပံများကို ဖြန့်ကျက်လိုက်သည်။ သူ ပတ်ဝန်းကျင်တွင် အချိန်အတန်ကြာအောင် ရှာလိုက်ပြီးမှ တိမ်တိုက်များ၏နောက်ကွယ်ရှိ လူတစ်ယောက်ကို ရှာတွေ့သွားသည်။ သူ့မျက်လုံးခြောက်လုံးက မျက်တောင်တဖျတ်ဖျတ်ခတ်သွားပြီး ပါးစပ်မှ လူသားတို့၏စကားထွက်လာသည်။
" ဘယ်သူလဲ..."
" ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုးက ဝေ့ရွှေက မိစ္ဆာငယ်လေးပါ... ဘုရင်ကြီးက ဘာလို့ ဒီနေရာကို ရောက်လာလဲဆိုတာများ မေးကြည့်လို့ရမလား..."
ဖူလီက ယဉ်ကျေးစွာပြန်ဖြေလိုက်သည်။
" ဝေ့ရွှေတဲ့လား..."
စွမ့်ယွီက ထိုနေရာကို သိသော်လည်း ခဏတာ အလေးအနက်တွေးပြီးသောအခါ မည်သည့်နေရာဖြစ်ကြောင်း အတိအကျမပြောနိုင် ဖြစ်သွားသည်။
" မင်းတို့မိစ္ဆာငယ်လေးတွေက အမျှော်အမြင်ရှိလားပဲ မြန်မြန်လုပ် ဒီဘုရင်ကို ပူဇော်ပသကြလေ..."
" ဘုရင်က သတိမပြုမိတာ ဖြစ်ပါလိမ့်မယ် ဒါပေမဲ့ အခုခေတ်လူသားတွေက ယောင်ကျင့်ကြံသူတွေကို ပူဇော်ပစ္စည်းတွေ မဆက်သတော့ပါဘူး... ဒီနေရာက အမြန်ထွက်သွားတာ ကောင်းပါလိမ့်မယ်..."
ဖူလီက ဝေဝါးနေသည့်မျက်လုံးများဖြင့် စွမ့်ယွီကို ကြည့်နေပြီး "ကျေးဇူးပြု၍ ထွက်သွားပါ" ဟူသော ကိုယ်ဟန်အမူအရာကို ပြသနေသည်။
" ဘာပြောတယ်..."
စွမ့်ယွီ ဒေါသထွက်သွားသည်။
" လူသားတွေက ဘာလို့ ဒီလောက်တောင် မုန်းတီးစရာကောင်းနေတာလဲ သူတို့ ဒီဘုရင်ကို ယဇ်ပူဇော်ပစ္စည်းတွေ မဆက်သရင်တောင်မှ ဒီလိုမျိုးမှော်ပစ္စည်းတွေနဲ့ ဘုရင်ကို မျက်စိကန်းအောင် လုပ်စရာ မလိုပါဘူး... ငါ အခု အောက်ကိုဆင်းသွားပြီး သူတို့ကြောက်လန့်အောင် လုပ်ပစ်မယ်... ငါ ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ သူတို့ သိသွားစေရမယ်..."
သူ လက်မခံနိုင်သေးပေ။ အတိတ်တွင်မူ သူ ပေါ်လာသည်နှင့် ဘာမှမလုပ်ရသေးမီမှာပင် လူသားများက သူ့ရှေ့တွင်ဒူးထောက်ပြီး သူမြန်မြန်ထွက်သွားရန် မျှော်လင့်ကြသည်။ ယခုခေတ် လူသားများက မည်မျှရဲတင်းနေသည်ဖြစ်စေ သူတို့က လူသားများသာဖြစ်သည်။ သူတို့က မိစ္ဆာများထက် ပိုပြီး စွမ်းအားကြီးနေစရာအကြောင်း မရှိပေ။
" ဘုရင်စွမ့်ယွီ... ပြန်သင့်နေပါပြီ..."
ဖူလီက စွမ့်ယွီ၏ရှေ့တွင် ရပ်လိုက်သည်။
" ငါ မပြန်နိုင်ဘူး သူတို့ကို သေအောင်သတ်ပစ်ဦးမယ်..."
စွမ့်ယွီက အထပ်ထပ်အခါခါ မျက်တောင်ခတ်နေရသည်။
သူ၏ ချောမွေ့လှသောခန္ဓာကိုယ်ကြီးကို မြင်ရုံဖြင့်ပင် ဖူလီ့စိတ်ထဲ မသက်မသာဖြစ်လာသည်။ စွမ့်ယွီ၏ မျက်တောင်အဆက်မပြတ် ခတ်နေသော မျက်လုံးခြောက်လုံးကို မြင်လိုက်ရသည်နှင့် ဖူလီက သူ့မျက်နှာကို စေ့စေ့မကြည့်ရဲတော့ပဲ မျက်နှာလွှဲထားလိုက်ရသည်။
" ဘုရင်စွမ့်ယွီက လူသားလောကကိုမရောက်တာ တော်တော်ကြာနေပြီဆိုတော့ အခုခေတ်လူသားတွေရဲ့ ဓလေ့ထုံးစံတွေကို သတိမပြုမိတာဖြစ်မယ်... အခုခေတ်က သိပ္ပံပညာထွန်းကားလာလို့ ပဒေသရာဇ်ခေတ် အယူသီးမှုတွေကို ဆန့်ကျင်နေပါပြီ..."
" ပဒေသရာဇ်ခေတ် အယူသီးမှုဆိုတာ ဘာလဲ..."
" ကျွန်တော်တို့တွေက ပဒေသရာဇ်ခေတ်က အယူသီးမှုတွေပါ..."
" ဘယ်လိုတောင် ရယ်စရာကောင်းတာလဲ..."
စွမ့်ယွီက ဒေါသထွက်လွန်း၍ သူ့အမြီးက အရံအတားနှင့် ရိုက်မိလုမတတ်ဖြစ်လာသည်။
" ဒီဘုရင်က သူတို့ကို ကြောက်လန့်သွာအောင် လုပ်ပစ်လိုက်ဦးမယ်..."
သူ့မျက်လုံးများမှိတ်ထားပြီး အောက်ကို ဆင်းသက်လာတော့မည့်အချိန်တွင် ခပ်ဝေးဝေးသို့ မပြေးရသေးမီမှာပင် အတောင်ပံများကို ကိုင်ဆွဲခံလိုက်ရသည်။
" မိစ္ဆာလေး ငါ့ကိုလွှတ်ပေးစမ်း မဟုတ်ရင် မင်းကို စားပစ်မယ်... ဒီဘုရင်ဗိုက်ဆာနေတာ နှစ်ထောင်ချီနေပြီ ... လောလောဆယ်မှာ ဗိုက်ဖြည့်ဖို့က အဓိကပဲ..."
စွမ့်ယွီ ပါးစပ်ဟလိုက်ချိန်တွင် သွားချွန်ချွန်များ ပေါ်လာသည်။
ဖူလီ သူ့ကို ထွက်သွားခွင့်မပေးနိုင်ပေ။ သူ့ကို အရံအတားထဲမှ ထွက်သွားခွင့်ပေးလိုက်ပါက မြို့ထဲမှလူအားလုံး တစ်ညတာလုံး အိမ်မက်ဆိုးများ မက်တော့မည်ဖြစ်သည်။ ထိုအခါတွင် သဘာဝလွန်သတင်းစာများက နောက်နေ့အတွက် သတင်းရေးစရာကုန်ကြမ်းရသွားနိုင်သည်။
ဖူလီက မလွှတ်ပေးလိုသည်ကို မြင်သောကြောင့် စွမ့်ယွီက ဖူလီကို မြွေစွမ်းရည်ဖြင့် ကိုက်ပစ်ရန်ပြင်လိုက်သည်။ ၎င်း၏ အဆမတန်ကြီးမားသော ခန္ဓာကိုယ်ကြီးကြောင့် ပါးစပ်ဟလိုက်ချိန်တွင် ငါးမန်းကြီးတစ်ကောင်က ငါးပေါက်စလေးတစ်ကောင်ကို ကိုက်စားတော့မည့်ပုံနှင့် တူလာသည်။ သူ ဖူလီကို အချိန်မရွေး ကိုက်ဖြဲပစ်နိုင်ပေသည်။