အပိုင်း ၃၂
Viewers 16k

Chapter 32



သူတို့ သဘောထားချင်းမတိုက်ဆိုင်သည်နှင့် စွမ့်ယွီက သူ့ကိုချက်ချင်း ကိုက်စားပစ်တော့မည်ဟု ဖူလီ မမျှော်လင့်ထားခဲ့ပေ။ သူ ချက်ချင်းပင် နောက်ကျွမ်းထိုးလိုက်ပြီး ခြေထောက်နှစ်ဖက်လုံးက စွမ့်ယွီ၏ကျောပြင်ပေါ်သို့ ရောက်သွားရသည်။ 

စွမ့်ယွီက ဒေါသတကြီး အော်ဟစ်ဟိန်းဟောက်လိုက်၍ အနီးနားမှ တိမ်များကိုပင် လွင့်စင်သွားစေသည်။ စွ့မ်ယွီက တိုက်ခိုက်ရာတွင် ကျွမ်းကျင်သူမဟုတ်သော်လည်း ရှေးဟောင်းမိစ္ဆာတစ်ကောင်ဖြစ်၍ ရှင်သန်နိုင်မည့် လှည့်ကွက်များ ရှိနေသည်။ သူ ပါးစပ်ဟလိုက်ပြီး ဖူလီ၏ မျက်နှာတည့်တည့်ကို အစိမ်းရောင်မီးခိုးများမှုတ်ထုတ်လိုက်သည်။ 

အကယ်၍ မိစ္ဆာတစ်ကောင်က ဤသို့သောစိတ်ရှုပ်ထွေးစေသည့် မီးခိုးများဖြင့် ထိသွားပါက သူတို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်း ကင်းမဲ့သွားပြီး နာခံစွာဖြင့် စွမ့်ယွီ၏သားကောင်များ ဖြစ်လာနိုင်ပေသည်။ ဤနှစ်များတွင် စွမ့်ယွီက ဤနည်းစနစ်ကိုသုံးပြီး မိစ္ဆာပေါင်းများစွာကို စားသောက်ခဲ့ပေသည်။ 

သို့ရာတွင် သူက ဖူလီ၏စွမ်းရည်ကို လျှော့တွက်မိသွားခဲ့သည်။ ဖူလီက မီးခိုးများကို မရှောင်ရှားပဲ သူ ရှိနေရာကို တိုက်ရိုက်ပျံသန်းလာခဲ့၍ စွမ့်ယွီက မိစ္ဆာငယ်လေး အလွန်တုံးအလွန်းသည်ဟု အထင်သေးမိသွားခဲ့သည်။ သို့ရာတွင် ဖူလီက သတိမမေ့ပဲ အစိမ်းရောင်မီးခိုးများကို ဖြတ်ကျော်သွားပြီး စိတ်ရှုပ်ထွေးနေသည့်အမူအရာတစ်စက်မှလည်း မပြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့အိတ်ထဲမှ ယပ်တောင်တစ်ချောင်းကို ထုတ်လိုက်ပြီး စွမ့်ယွီ၏မျက်နှာကို ခပ်ပြင်းပြင်း ဖြတ်ရိုက်လိုက်သည်။ စွမ့်ယွီက နာကျင်လွန်းသောကြောင့် မျက်ရည်ပူများ စီးကျလာသည်။

စွမ့်ယွီ စူးခနဲအော်ဟစ်လိုက်သည့်အခါ ထိုအသံက တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ သူ့ခန္ဓာကိုယ်ကို အတည့်ပြန်လှန်လိုက်ပြီး ခြေသည်း သုံးချောင်းဖြင့် ဖူလီ့ကို အညှာအတာမဲ့စွာ တိုက်ခိုက်တော့သည်။

" ဘ ဘော့စ်... အပေါ်မှာ စတိုက်နေပြီလား..."

ချူးယွီက တိမ်တိုက်များအကြားမှ လှုပ်ရှားမှုကို စိတ်လှုပ်ရှားစွာဖြင့် နားထောင်နေသည်။

ကျွမ်းချင်၏မျက်နှာက တည်ငြိမ်နေသည်။ သူ ကိရိယာတစ်ခုကို ထုတ်လိုက်ပြီးနောက် နတ်ဓားရှည်အဖြစ် ပြောင်းလဲလိုက်ကာ တိမ်မိုက်များကြားထဲ ပျံသန်းသွားသည်။ ချူးယွီက နိုးကြားစွာဖြင့် စောင့်ကြည့်နေသည်။ သုံးစက္ကန့်ခန့် တွန့်ဆုတ်နေပြီးသည့်နောက်တွင် သူ့လက်နက်ကိုထုတ်ပြီး အပေါ်သို့ ပျံတက်သွားပြန်သည်။

ဖူလီက သူ့ကို ရောင်ခြယ်အရေပြား သရဲ၏ လက်သည်းများမှ ကယ်တင်ခဲ့ခြင်းဖြစ်သည်။ ယခုချိန်တွင် သူ၏ကျေးဇူးရှင်က အခက်အခဲနှင့် ကြုံတွေ့နေ‌ရ၍ သေရမည်ကိုကြောက်သော်လည်း မကူညီပဲ ‌မနေလိုပေ။

" နျဉ်ရွှမ် သူတို့တိုက်တာကို ကူပေးရအောင်..."

ချောင်းယွင်ကလည်း လက်ထဲတွင် ‌ဓားတစ်ချောင်းကိုင်ထားပြီး ပျံတက်သွားသည်။ နျဉ်ရွှမ်၊ ကျန်းခယ့်နှင့် လင်းကွေတို့ကလည်း ထိုနေရာနှင့် နီးကပ်လာကြသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အရှိန်တင်လိုက်ကြသည်။

" စွမ့်ယွီ စွမ့်ယွီ..."

စွမ့်ယွီ၏ နားကွဲမတတ်အော်သံနှင့်အတူ မိစ္ဆာချီဓာတ်များ ကျဆင်းလာသည်။ ၎င်း၏ သတ်ဖြတ်လိုစိတ်ပြင်းထန်မှုက အားလုံး၏နှလုံးသားထဲကို အေးစိမ့်စိမ့်လေသဖွယ် ဖြတ်သန်းတိုက်ခတ်သွားသည်။ 

သူတို့ ပိုနီးလာလေ ထူးဆန်းသော ငှက်အော်သံက ပိုကျယ်လာလေဖြစ်ကာ အားလုံး၏ နှလုံးသားထဲမှ အကြောက်တရားက လေးလံလာသည်။ ကျွမ်းချင်က အသက်တစ်ရှိုက်စာ ရှုထုတ်လိုက်ချိန်တွင် အားလုံးကို အုပ်မိုးထားသော တိမ်တိုက်အလွှာများက နောက်ဆုံး၌ လွင့်ပြယ်သွားသည်။ စွမ့်ယွီ၏ အကျည်းတန်လှသော ဧရာမခန္ဓာကိုယ်ကြီးက အားလုံးရှေ့တွင် ပေါ်လာသည်။

" စွမ့်ယွီ..."

အားလုံး မတုံ့ပြန်နိုင်မီမှာပင် စွမ့်ယွီ၏ ဧရာမခန္ဓာကိုယ်ကြီးက လွင့်ထွက်လာပြီးနောက် တစ်ခုခုဖြင့် ပြန်အဆွဲခံလိုက်ရ၍ စူးခနဲအော်သံကြီး ထွက်လာသည်။ ၎င်း၏ခေါင်းက မြွေအမြီးဖြင့် ပြန်ရိုက်မိသွားသောကြောင့် ဒုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာသည်။ 

ချူးယွီ ထိုနေရာကို လှမ်းကြည့်လိုက်သောအခါ ဖူလီက ၎င်း၏ ခြေချောင်းတစ်ချောင်းကို စွမ့်ယွီခြေသည်းများဖြင့် ထိလိုက် ပြန်ဆွဲယူလိုက် လုပ်နေသည်ကို မြင်လိုက်ရသည်။

ဒီစွမ့်ယွီကိုကြည့်ရတာလည်း လေဖောင်းရုပ်ကြီးလိုပဲ...
 
ကျွမ်းချင်နှင့် အခြားလူများ ထိုနေရာကို ပျံသန်းလာသည်ကို ဖူလီသိလိုက်သည်။ သို့ဖြစ်၍ စွမ့်ယွီကို တိမ်များအကြားလွင့်ထွက်သွားအောင် ဆောင့်ကန်လိုက်ပြီး ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ 

" စွမ့်ယွီက တိုက်ခိုက်‌တဲ့နေရာမှာ မတော်လို့ ကံကောင်းသွားတာ မဟုတ်ရင် ငါတော့ ပြဿနာတက်ပြီ..."

သူ ပြောပြောဆိုဆိုနှင့် စွမ့်ယွီ၏အမြီးကို ကန်လိုက်သည်။

" ကောင်းကောင်းညှိနှိုင်းလို့ မရတဲ့ ကိစ္စဆိုတာ မရှိပါဘူး... ပါးစပ်ဟလိုက်တာနဲ့ ယဇ်ပူဇော်ပစ္စည်းတွေ လိုချင်နေပြီး လူသားတွေနဲ့ မိစ္တာငယ်လေးတွေကို စားချင်နေတယ်... ဒီလိုအကျင့်မျိုးရှိတာ မကောင်းဘူး... အစားတစ်လုတ်အတွက် မကြိုးစားရတဲ့လူဆိုတာ မရှိဘူးလေ..."

ပြဿနာတက်မယ်တဲ့လား...
 
အားလုံးက နေရာအနှံ့ ပြန့်ကျဲနေသည့် အတောင်ပံများကိုကြည့်ပြီး သူတို့လက်ထဲတွင်ကိုင်ထားသော မှော်လက်နက်များကို တိုးတိုးတိတ်တိတ် ပြန်သိမ်းထားလိုက်တော့သည်။


အားလုံးတိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်သောအခါ ဖူလီက မြေပြင်ပေါ်ဝပ်တွားပြီး သေချင်ယောင်ဆောင်နေသည့် စွမ့်ယွီကို ငုံ့ကြည့်လိုက်သည်။ သူ ကျွမ်းချင်ကို လက်ယပ်ခေါ်လိုက်ပေသည်။

အားလုံးက ကျွမ်းချင်ကို အလိုလိုလှည့်ကြည့်လိုက်ပြီး "ကလေး" ဟူသောစကားလုံးများက သူတို့စိတ်ထဲတွင် ရောင်ပြန်ဟပ်နေသည်။

သူ့လုပ်ဖော်ကိုင်ဖက်များ၏အကြည့်ကို မသိချင်ယောင်ဆောင်ပြီး ကျွမ်းချင်က ဖူလီရှိရာသို့ ခြေချောင်းရှည်ကြီးများဖြင့် ခပ်သုတ်သုတ်လျှောက်လာကာ မျက်နှာသေကြီးဖြင့် မေးလိုက်သည်။

" ဘာလဲ..."

" မင်းတို့နဂါးမျိုးနွယ်က ရေအောက်မှာပဲ တစ်နှစ်ပတ်လုံးနေကြတာမလား... အဲ့တော့ ငါးဖမ်းတာ အရမ်းကျွမ်းမှာပေါ့..."

" ငါက လူသားလောကမှာ နေတဲ့အချိန် ပိုများတယ်..."

ကျွမ်းချင်က သူ့နတ်ဓားကို ကိုင်ထားဆဲဖြစ်သည်။ သူ့ လက်တစ်ဖက်ဆန့်ထုတ်ပြီး ကောင်းကင်ယံမှ လွင့်စင်ကျလာသော ငှက်မွေးတစ်ချောင်းကို လှမ်းကိုင်လိုက်သည်။ သူ့လက်ဖဝါးပေါ်မှ ငှက်မွေးက အနက်ရောင်မီးခိုးလက်တစ်ဆုပ်စာအဖြစ် လျင်မြန်စွာပြောင်းလဲသွားပြီးနောက် ပျောက်ကွယ်သွားသည်။ တိုင်းပြည်၏ကံကြမ္မာနှင့် ဆက်နွယ်နေသောနဂါးတစ်ကောင်ဖြစ်၍ ကျွမ်းချင်က ဖြူစင်ပြီး မင်္ဂလာရှိသောချီဓာတ်တစ်မျိုး ပိုင်ဆိုင်ထားသောကြောင့် စွမ့်ယွီကဲ့သို့သော မကောင်းဆိုးဝါးသားရဲကောင်မျိုးအတွက် မူ အကုသိုလ်သာဖြစ်သည်။

" ဒါဆိုလည်း ထားလိုက်ပါတော့..."

ဖူလီက စွမ့်ယွီ၏ မျက်ရည်များ နှပ်ချေးများ ပေကျံနေသောမျက်နှာကို ကြည့်ကာ ရွံရှာဟန်ဖြင့် အကြည့်လွှဲလိုက်သည်။ လက်တစ်ဖက်ယမ်းလိုက်သည်နှင့် လေထဲလွင့်နေသောငှက်မွေးများအားလုံး သူ့လက်ပေါ်တွင် လာစုသည်။ ဖူလီက ငှက်မွေးအားလုံးကို အိတ်ထဲဖိသိပ်ထည့်နေစဉ်တွင် အားလုံးက သူ့ကို စိုက်ကြည့်နေကြဆဲဖြစ်သည်ကို သတိပြုမိလိုက်၍ ခဏတာ ရပ်တန့်သွားသည်။

" ငါ ဒါတွေကို ယူလို့ရလား..."

" ရပါတယ် ရပါတယ် ရပါတယ်..."

အားလုံးက တစ်ပြိုင်နက် ခေါင်းညိတ်လိုက်ကြသည်။  စွမ့်ယွီက သူ၏အိမ်မွေးတိရစ္ဆာန်ဟု ပြောလျှင်ပင် မည်သူကမှ ငြင်းရဲကြမည်မဟုတ်၍ ငှက်မွေးအနည်းငယ်ကို သူယူသွားခြင်းကို ပြောစပင် မလိုချေ။ 

" ဒါဆိုရင်လည်း ကောင်းပါပြီ..."

ဖူလီက ထိုအဝတ်အိတ်လေးကို သူ၏ချမ့်ခွန်းအိတ်ထဲ ထည့်လိုက်ပြီးမှ စွမ့်ယွီဘက်ကိုလှည့်လာသည်။ 

" လူသားပုံစံပြောင်းလိုက် မင်း အစာစားဖို့ ငါခေါ်သွားပေးမယ်..."

စွမ့်ယွီ၏ အမြီးက တုန်ယင်နေသည်။ သူ့မျက်လုံးခြောက်လုံးမှ မျက်ရည်များစီးကျလာပြီး မလှုပ်မယှက်ပဲ ငြိမ်သက်နေသည်။ 

ဖူလီ မေးလိုက်သည်။

" မင်း လူသားပုံစံ မပြောင်းနိုင်လို့လား ဒါမှမဟုတ် ငါ့အကူအညီလိုနေတာလား..."

စွမ့်ယွီ၏ ခန္ဓာကိုယ်က လှုပ်ခါလာပြီး မြေပြင်ပေါ်တစ်ချက်လှိမ့်လိုက်သောအခါ ခေါင်းပြောင်ပြောင်နှင့် ပုံမှန်လူတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားသည်။ သူ့မျက်နှာပေါ်မှ ဒဏ်ရာကြောင့် ပုံစံက အနည်းငယ်သနားစရာကောင်းနေပေသည်။ သူဝတ်ထားသည့် အဝတ်အစားများက ဖူလီ၏ကိုယ်ပေါ်မှ အဝတ်အစားများနှင့် တစ်ပုံစံတည်းဖြစ်သည်။  ဖုတ်ခနဲ ‌ဖူလီ၏ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး သူ၏ချမ့်ခွန်းအိတ်ကို ဖူလီ့ထံ ပေးလိုက်သည်။

" ဘုရင်ကြီး..."

ယောင်လောကတွင်  အခြားသောမိစ္ဆာကိုရှုံးသွားသူများက သူတို့၏ မိစ္ဆာအူတိုင်ကို ယူဆောင်သွားခံရခြင်း သို့မဟုတ် တစ်ဖက်လူကို အကြီးအကဲအဖြစ် သတ်မှတ်ပြီး သူတို့၏ရတနာများကို နာခံစွာဖြင့် ပေးကမ်းရသည်။ ကောင်းမွန်စွာသေဆုံးသွားရခြင်းထက် ဆိုးရွားသောဘဝက ပိုကောင်းပေသည်။ သူ့အသက်တစ်ချောင်းကို ကာကွယ်ရန်အတွက် စွမ့်ယွီက အလွန်အလိုက်သိနေရသည်။ 

" မင်း ဘာလို့ဒူးထောက်နေတာလဲ... ဒီလိုမျိုး လူ့အဖွဲ့အစည်းအသစ်မှာ ဒူးထောက်တာမျိုးက ဖက်ရှင်မကျတော့ဘူး..."

ဖူလီက စွမ့်ယွီကို ထူပေးလိုက်သည်။

" သဘောပေါက်ပါပြီ ဘော့စ်..."

စွမ့်ယွီက ဖူလီ၏နောက်တွင် နာခံမှုရှိရှိဖြင့်ရပ်နေ၍ ဘော့စ်ပြောသမျှကို နာခံသည့်ဂျူနီယာတစ်ယောက်နှင့် တူနေသည်။ 

ဗျူရိုဝန်ထမ်းကန်တင်းတွင် စွမ့်ယွီက ငိုရှိုက်နေလျက်ဖြင့် ထမင်းတစ်ပန်းကန်ကို အားပါးတရ စားနေသည်။ ဗျူရိုမှလူအားလုံးက ဤဒဏ္ဍာရီလာ မကောင်းဆိုးဝါးမိစ္ဆာကြီးက သနားစဖွယ်စားသောက်နေသည်ကို တိတ်ဆိတ်စွာဖြင့်ကြည့်နေပြီး ဤရှေးဟောင်းမိစ္ဆာကြီးကို ဖုံးလွှမ်းထားသောအရံအတားများ ဆုတ်ဖြဲခံလိုက်ရသည့်သဖွယ် ခံစားလိုက်ရသည်။

သူတို့၏ အစားအသောက်များကို စီမံပေးရသူက တစ္ဆေကျင့်ကြံသူတစ်ယောက်ဖြစ်သည်။  အတိတ်တွင်မူ သူက ဘုရင်၏တော်ဝင်စားဖိုဆောင်တွင် ထိပ်တန်းစားဖိုမှူးဖြစ်ခဲ့သည်။ သူ သေဆုံးပြီးသည့်နောက်တွင် မတော်တဆအခွင့်အရေးတစ်ခုကြောင့် တစ္ဆေကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။ သူ ဗျူရိုထဲ ရောက်လာခဲ့သည်မှာ နှစ်အနည်းငယ်ရှိပြီဖြစ်၍ ကျင့်ကြံသူများက အစားအသောက်များ စားရန်မလိုသည်နှင့် အချိန်မှန်လာမစားသည်ကို သူ မကျေနပ်ဆုံးဖြစ်သည်။

ထမင်းဆယ်ပန်းကန်ခန့် အစာအိမ်ထဲ ရောက်သွားပြီးသည့်အခါ စွမ့်ယွီက ဖူလီ့ကို မဝံ့မရဲဖြင့်ကြည့်ပြီး ဇွန်းကိုချထားလိုက်သည်။ 

" ဗိုက်ပြည့်သွားပြီလား..."
ဖူလီ မေးလိုက်သည်။

စွမ့်ယွီက သူ့ဗိုက်ကို ပွတ်လိုက်သည်။
" အခုတော့ ဗိုက်သိပ်မဆာတော့ပါဘူး..."

ဖူလီ   “...”

" ငါ စွမ့်ယွီအကြောင်း လုံခြုံရေးဌာနကို အကြောင်းကြားထားပြီးပြီ သူ အခုကစပြီး ဗျူရိုမှာ နေရလိမ့်မယ်..."

ကျွမ်းချင်က စွမ့်ယွီဘက်ကိုလှည့်ပြီး မေးလာသည်။

" မင်း ဘာများငြင်းချင်သေးလဲ..."

စွမ့်ယွီက သူ့ကိုလျစ်လျုရှု့ထားပြီး ဖူလီ့ဘက်ကိုလှည့်လာသည်။ 

ဖူလီက ချောင်းဟန့်လိုက်သည်။ 

" သူ့နာမည်က ကျွမ်းချင်တဲ့... သူက ငါတို့လိုမိစ္ဆာတွေကို စီမံပေးတဲ့ဌာနက တစ်ခုခုဆိုရင် မင်း သူနဲ့ဆွေးနွေးလို့ရတယ်..."

" ဘော့စ်ကျွမ်း..."
စွမ့်ယွီက တစ်ဖက်ကိုလှည့်လာပြီး ကျွမ်းချင်ကို ဖားလျားပြီး ပြုံးပြလိုက်သည်။ 

" ဘော့စ် ပြောသမျှ ကျွန်တော်နားထောင်ပါ့မယ် ငြင်းစရာမရှိပါဘူး..."

အားလုံး : ဖိနပ်ပြေးလျက်တဲ့ကောင် အရှက်ကို မရှိဘူး...

မမျှော်လင့်ထားသောဖြစ်ရပ်ကြောင့် အရာအားလုံး အခြေတကျဖြစ်သွားချိန်တွင် ကောင်းကင်ကြီးက လင်းထိန်နေပြီဖြစ်သည်။ စီမံခန့်ခွဲရေးဗျူရိုက ဖြေဆိုသူငါးယောက်ကို မနက်စာကျွေးလိုက်ပြီးမှ နောက်ငါးရက်အကြာတွင် ထပ်မံလာရောက်ရန် ခေါ်လိုက်သည်။ သူတို့၏ စာမေးပွဲအဖြေလွှာများကိုလည်း စစ်ဆေးရဦးမည်ဖြစ်သည်။ 

ဖူလီပြန်ခါနီးတွင် ဗျူရိုမှ ဝန်ထမ်းအားလုံးနီးပါးက သူ့ကိုအပြင်လိုက်ပို့ကြသည်။ ချူးယွီက ဖူလီ့ကို အနီရောင်စာအိတ်တစ်လုံးထည့်ပေးလိုက်ပြီးနောက် အငှားယာဉ်ပါ အဆင်သင့်ခေါ်ပေးထားသည်။ 

ဖူလီက အိမ်မက်မက်နေသကဲ့သို့ ခံစားရသည်။ သူ နောက်ဆုံးတွင် အငှားယာဉ်အစစ်ပေါ်တွင် ထိုင်ရပြီဖြစ်သည်။ သူ အိမ်မပြန်တော့ပဲ ဟိုတယ်ကို တိုက်ရိုက်သွားသည့်အခါ အရှေ့ကောင်တာမှ အမျိုးသမီလေးက သူ့ကို လတ်လတ်ဆတ်ဆတ်မက်မွန်သီးတစ်လုံး ပေးလာသည်။ ဟိုတယ်တစ်ခုလုံးတွင် နာမည်အကြီးဆုံး လုံခြုံရေးဝန်ထမ်းဖြစ်သောကြောင့် ဖူလီက အားလုံးက မနာလိုသဝန်တိုမှုများနှင့် မုန်းတီးမှုများကိုပါ ကျင့်သားရနေခဲ့ပြီဖြစ်သည်။

ကျန်းရှန်က ပေါက်စီတစ်လုံးကို ကိုက်ဝါးနေလျက်နှင့်ပင် ဖူလီ့ထံမှ မက်မွန်သီးတစ်ဝက်ခန့်ကို လုယူလိုက်သည်။ 

" ဒီနေ့ ငါတို့ဟိုတယ်မှာ ရှိုးပွဲတစ်ခုရိုက်ဖို့ ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့ လာမယ်တဲ့... သူတို့က ထိပ်ဆုံးအလွှာက ဇိမ်ခံဟိုတယ်ခန်းကိုငှားထားတာ... မန်နေဂျာက ငါတို့ကို သူတို့အတွက်လုံခြုံရေးသွားလုပ်ပေးဖို့ ပြောထားတယ်... မင်းကြိုက်တဲ့ သရုပ်ဆောင်တစ်ယောက်ယောက်ကိုတွေ့ရင် အရမ်းစိတ်လှုပ်ရှား မနေနဲ့ဦး..."

" အို့..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။ 

ထုတ်လုပ်ရေးအဖွဲ့က မနက်၉နာရီခွဲတွင် နေရာအလှဆင်မှု ပြီးစီးသွား၍ စတင်ရိုက်ကူးရန် ပြင်နေသည်။ မီဒီယာများက သူတို့အကြောင်း သတင်းမရရှိထားသောကြောင့် ရိုက်ကူးရေးကိစ္စများက အဆင်ပြေချောမွေ့နေသည်။ လစန္ဒာပေါင်းကူးဟိုတယ်မှ ဝန်ထမ်းများကလည်း သရုပ်ဆောင်များကို မြင်တွေ့ရသည်ကို ကျင့်သားရနေပြီးဖြစ်သည်။ ဖူလီတစ်ယောက်တည်းကသာ မင်းသမီးက ကြောက်မက်ဖွယ်သတ္တဝါများကို မြင်တွေ့သည့်အခန်း ရိုက်ကူးရသောအခါ အဘယ့်ကြောင့် စူးစူးရဲရဲအော်နေသည်ကို သတိမပြုမိခြင်းဖြစ်သည်။ 
သူ့ရဲ့ကြောက်စိတ်က အထွတ်အထိပ်ကိုရောက်နေတာဆိုရင် အသံက ထွက်ကို ထွက်လာရတော့မှာ မဟုတ်ဘူးလေ...

ခဏအကြာတွင် မင်းသားက ကင်မရာမှန်ဘီလူးရှေ့သို့ရောက်လာသည်။ သူက မင်းသမီးကို ကာထားပြီးနောက် ကော်ဇောပေါ်တွင် တစ်ပတ်လှိမ့်လိုက်သည်။ သူ့ပုံစံက အလွန်သနားစရာကောင်းနေပေသည်။ 

ဇာက်ကွက်တစ်ခု ရိုက်ပြီးသည့်အခါ ရှဲဝေ့လုံက စင်္ကြန်တွင်ထိုင်ပြီး မိတ်ကပ်ပြန်လိမ်းနေသည်။ ဖူလီက ထောင့်တစ်နေရာတွင် ရပ်နေသည်အား မြင်သောအခါ ခုံမှထသွားလိုက်သည်။ နှုတ်ခမ်းနီက သူ့ပါးစပ်ထောင့်တွင် ပေသွား‌သည်။

" ကျွန်တော် တောင်းပန်ပါတယ်ဆရာရှဲ... ကျွန်တော် အမြန်မတုံ့ပြန်လိုက်မိဘူး..."
မိတ်ကပ်ဆရာက ကြောက်ကြောက်လန့်လန့်ဖြင့် တောင်းပန်တော့သည်။ ရှဲဝေ့လုံက ယခုနောက်ပိုင်းတွင် အလွန်နာမည်ကြီးလာသူဖြစ်သည်။ သူက ပရိသတ်များအရှေ့တွင် စကားပြောရအဆင်ပြေသူဖြစ်သော်လည်း အလွန်ကြီးကျယ်သော အမျိုးသားသရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ ထို့အပြင် သူက အမျိုးသမီးသရုပ်ဆောင်များထက်ပင် မာနပိုကြီးသည်။

" ရတယ် ရတယ်..."

ရှဲဝေ့လုံက ၎င်းကို အေးအေးဆေးဆေးသာ သုတ်လိုက်သည်။ သူ ဖူလီ့ထံ လျှောက်သွားပြီး အရိုအသေပြုလိုက်သည်။

" စီနီယာ ဒီနေ့ရော အလုပ်လုပ်ရတာလား..."

ဖူလီ : ဘာလဲဟ...

သူ အလုပ်မလုပ်ရင် ဘာစားရမှာလဲ...

" အကြာကြီး မတ်တပ်ရပ်နေရတာ ပင်ပန်းနေရောပေါ့... ကျေးဇူးပြုပြီး ထိုင်ပါဦး ထိုင်ပါ..."
ရှဲဝေ့လုံက သူ့ခုံကို ဖူလီ့ရှေ့တွင် ချထားလိုက်သည်။ 

" ရပါတယ် ဟိုတယ်ဝန်ထမ်းတွေရဲ့ စည်းကမ်းချက်အရ ငါအခုချိန်ထိုင်နေမယ်ဆိုရင် အလုပ်ဖြုတ်ခံရမှာ..."

ဖူလီက လုံခြုံရေးကင်မရာကို လက်ညှိုးထိုးပြလိုက်သည်။ 

" ရုပ်ရှင်ဆက်ရိုက်နေလေ စိတ်ဝင်စားစရာကောင်းပါတယ်..."

ရှဲဝေ့လုံက ခေါင်းညိတ်ပြလိုက်သည်။ 

" ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် စီနီယာပြောတာမှန်တယ်... ကျွန်တော် ရုပ်ရှင်ကောင်းကောင်းရိုက်ပါ့မယ်..."

ဤနယ်ပယ်တွင် လတ်တလောနာမည်အကြီးဆုံးဖြစ်နေသောမင်းသားက ဆက်ရိုက်လိုသည်ဖြစ်၍ ဒါရိုက်တာကလည ရိုက်ကူးရေးကို အရှိန်မြှင့်လိုက်ရသည်။ ဒါရိုက်တာက စိတ်ထင်နေသည်လားမသိသော်လည်း ရိုက်ကူးရေးစချိန်တည်းက ရှဲဝေ့လုံ၏ ကြောက်မက်ဖွယ် အမူအရာများ ပျောက်ကွယ်သွားကာ သူ့နောက်ကို လူသတ်သမားတစ်ယောက်လိုက်နေသကဲ့သို့ ပုံစံမျိုး ဖြစ်နေသည်ဟု ထင်လိုက်မိသည်။

သို့ရာတွင် ထုတ်လုပ်ရေးအဖွဲ့အပြင် ကင်မရာမှန်ဘီလူးမရောက်နိုင်သည့် အပြင်ဘက်နေရာတွင် ချောမောသည့် လုံခြုံရေးဝန်ထမ်းတစ်ယောက်သာ ရပ်နေသည်။ 

သူ၏ လမ်းညွှန်ပြသမှုနှင့် တိကျသောရှင်းပြချက်များကြောင့်သာ ရှဲဝေ့လုံ၏ သရုပ်ဆောင်စွမ်းရည်များက တိုးတက်လာသည်ဟု တွေးလိုက်တော့သည်။