အပိုင်း ၃၃
Viewers 17k

Chapter 33

ယောင်ကျင့်ကြံသူတစ်ယောက်အနေနဲ့ မျက်နှာရချင်သေးတာလား...


အမျိုးသားဇာတ်ဆောင်၏ ကောင်းမွန်သောသရုပ်ဆောင်ချက်များကြောင့် ပုံမှန်အချိန်တွင် တစ်နေ့တာလုံး အချိန်ယူရိုက်ကူးရမည်က နေ့တစ်ဝက်ခန့်နှင့် ပြီးသွားခဲ့သည်။ ရိုက်ကူးရေးပြီးသောအခါ ရှဲဝေ့လုံက မိတ်ကပ်ဖျက်လိုက်ပြီးနောက် ဖူလီကို သွားရှာနေသောကြောင့် သူ့လက်ထောက်က တအံ့တဩဖြစ်နေသည်။ 

" ဆရာရှဲ အဲဒီလုံခြုံရေးဝန်ထမ်းက ဆရာရဲ့ အနေဝေးတဲ့ ဆွေမျိုးသားချင်းများလား... အဲလိုအမျိုးဆိုရင်တော့ ကိုယ်တိုင် ကိုင်တွယ်နေစရာမလိုပါဘူး ကျွန်တော်နဲ့ လွှဲထားလိုက်ပါ..."

" ဘာဆွေမျိုးလဲ... သူက သာမန်လုံခြုံရေးဝန်ထမ်းမဟုတ်ဘူး..."

ရှဲဝေ့လုံက moisturizing sprayကို သူ၏မေးရိုးချွန်ချွန်ပေါ်ဖြန်းနေလျက် ပြောလာသည်။ 

" ချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေးက ဘဝအတွေ့အကြုံလိုချင်လို့ လုံခြုံရေးဝန်ထမ်းလာလုပ်နေတာများလား..."

လက်ထောက်က လုံခြုံရေးဝန်ထမ်းလေးအပေါ် ရှဲဝေလုံ၏ ယဉ်ကျေးမှုနှင့် စိတ်အားထက်သန်မှုကြောင့် သိချင်စိတ်က ထိန်းမနိုင်သိမ်းမရအောင်ဖြစ်နေသည်။ အကယ်၍ ရှဲဝေ့လုံက ကျေးလက်ဒေသမှ သူ၏ဆွေမျိုးတစ်ယောက်ယောက်ကို တွေ့ခဲ့ပါက မျက်လုံးကို ခေါင်းအပေါ်အထိရောက်အောင် လှိမ့်နေမည်ဖြစ်သည်။
ဒီလိုယဉ်ကျေးနေစရာအကြောင်းကို မရှိတာ...

" အဲ အဲ့လိုမျိုးပါပဲ..."

ရှဲဝေ့လုံက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

" သူက ဘယ်လိုပျော်ပျော်နေရမယ်ဆိုတာ သိသားပဲ..."

ငွေကြေးချို့တဲ့သူဖြစ်သောလက်ထောက်လေးမှာ လူချမ်းသာများ၏ ဦးနှောက်အလုပ်လုပ်ပုံကို နားမလည်နိုင် ဖြစ်သွားရသည်။ 

" ဖူလီ နင်လည်းတော်တော်အလုပ်များတာပဲ အခုမှ ထမင်းစားရတော့တယ်..."

အရှေ့ကောင်တာမှ အမျိုးသမီးလေးက ဖူလီ့အတွက် ထမင်းဘူးလာပေးသည်။ ဖူလီက သူမကို ငွေပြန်ပေးလိုက်ပြီးနောက် ပြုံးပြလိုက်သည်။

" ရပါတယ် ထုတ်လုပ်ရေးအဖွဲ့ကလည်း ကျွန်တော့်ကို စာအိတ်နီတစ်အိတ်ပေးထားသေးတယ်..."

ဖူလီက ထမင်းဘူးကိုယူပြီး နားနေခန်းတွင် ပြန်စားပြီးသည့်နောက်တွင် သူတာဝန်ယူထားရသော နေရာတွင် ကင်းလှည့်နေသည်။ ခြောက်လွှာမှ စင်္ကြန်လမ်းသို့ရောက်သည့်အခါ ထူးဆန်းသည့်အော်ရာတစ်ခု ထွက်ပေါ်နေသော အနီရောင်စာအိတ်တစ်လုံးကို တွေ့လိုက်ရသည်။ 

" ဒီစာအိတ်နီကို ဘယ်သူပြုတ်ကျသွားတာလဲ..."

ဖူလီနှင့်အတူရှိနေသော ကျန်းရှန့်က ထိုစာအိတ်ကို သွားကောက်မည့်အချိန်တွင် ဖူလီက ဟန့်တားလိုက်သည်။ 

" ဘာလို့လဲ..."

ကျန်းရှန့် ခေါင်းရှုပ်သွားမိသည်။

" ဒီစာအိတ်က တစ်ခုခုတော့မှားနေတယ်..."

ဖူလီ စာအိတ်ကိုကောက်ယူပြီး ဖွင့်ကြည့်လိုက်သည့်အခါ ငွေဆယ်ဒေါ်လာ ထည့်ထားသည်ကို တွေ့လိုက်ရပြီး အဆောင်တစ်ခုကိုလည်း တြိဂံပုံခေါက်ထားသည်အား မြင်လိုက်ရသည်။

ကျန်းရှန့် အသက်အောင့်ထားလိုက်မိသည်။

" ဖူလီ ဒါကြီးကိုကြည့်ရတာ ထူးဆန်းတယ် လွှင့်ပစ်လိုက်ရအောင်..."

" တကယ်ကို ထူးဆန်းနေတာ..."

ဖူလီက ဆယ်‌ဒေါ်လာကို သူ့‌အိတ်ကပ်ထဲ ထိုးထည့်ထားလိုက်ပြီးနောက် အဆောင်ကိုဖွင့်ကြည့်လိုက်သည်။

" ဒါက ကံကြမ္မာလွှဲပြောင်းအဆောင် လို့ခေါ်တယ်... အဲဒါက ကောင်းတဲ့ကံကြမ္မာတွေကို လွှဲပြောင်းပေးလို့မရပေမယ့် ကံကြမ္မာဆိုးတွေကိုတော့ လွှဲပေးလို့ရတယ် ချီဓာတ်တွေ နည်းလာအောင်လည်းလုပ်တယ်... အထဲမှာ ငွေထည့်ထားတာက ကံကောင်းအောင် အလဲအလှယ်လုပ်ထားတာပဲ... မင်း စာအိတ်ကို ဖွင့်လိုက်သရွေ့ မင်းရဲ့ကောင်းမှုတွေကို သူ့ကံဆိုးခြင်းနဲ့ လဲသွားမှာ..."

" အရမ်း ယုတ်မာတာပဲ..."

ကျန်းရှန့်က ဖူလီ၏လက်ထဲမှအဆောင်နှင့် သတ္တုတုံးလေးကိုကြည့်ကာ သူ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းလာသည်ဟု ခံစားလိုက်ရသည်။ 

" ဒါဆိုရင် တစ်ယောက်ယောက်က အဲဒါကို မတော်တဆကောက်မိရင် ဘယ်လိုလုပ်မလဲ..."

" ရှင်းပါတယ် စာအိတ်နီထဲကို ငွေပြန်ထည့်ပြီးလှူလိုက်လေ အလှူငွေက မူရင်းငွေရဲ့နှစ်ဆဖြစ်ရင်တော့ အကောင်းဆုံးပေါ့လေ... မင်းရဲ့ ပိုက်ဆံအိတ်နဲ့ အိတ်ကပ်တွေထဲကို ငွေမထည့်မိအောင်တော့ ဂရုစိုက်ရမယ်..."

ဖူလီက အဆောင်ကို အစိတ်စိတ်အမြွှာမြွှာဖြဲပစ်လိုက်ပြီးနောက် ပါလာသည့် သတ္တုပြားလေးကို သန့်စင်ခန်းသုံးစက္ကူနှင့်ပတ်ကာ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။ 

" တာအိုဘုရားကျောင်းဖြစ်ဖြစ် ပရဟိတအဖွဲ့တွေကိုဖြစ်ဖြစ် လှူလိုက်ရင်လည်းရတယ်... မင်းရဲ့လက်ကိုသေချာဆေးပြီး ၂နာရီလောက် နေပူဆာလှုံလိုက်ရင် တခြားပြဿနာကြီးကြီးမားမား မဖြစ်နိုင်တော့ပါဘူး..."

" ဒါဆိုရင် မင်း မြန်မြန်ထွက်သွားပြီးတော့ ငွေသွားလှူသင့်နေပြီမလား..."

" အိုး ငါကတော့ အိတ်ကိုကောက်လိုက်ပြီး ငွေသုံးပစ်လည်းရတယ်..."

ဖူလီက သူ့အိတ်ကပ်ကိုပုတ်လိုက်သည်။ 

" တွေ့တဲ့သူကလည်း ခွဲယူခွင့်ရှိတယ် ငါအလုပ်ပြီးရင်  ရေခဲချောင်းနှစ်ချောင်းဝယ်လိုက်ပြီး မင်းကိုတစ်ချောင်းကျွေးမယ်..."

" ဖူလီလေး... မင်း ခုနကပြောလိုက်တာတွေက ငါ့ကို အရူးလုပ်တာမလား..."

ကျန်းရှန့်က ဖူလီ၏ပခုံးကိုကိုင်ပြီး သူ့အိတ်ကပ်ထဲမှငွေကို ဆွဲလုရန် ကြိုးစားလိုက်သည်။

" ဘာကံကြမ္မာကို ပြောင်းမှာလဲ... မင်းက ငွေကိုလိုချင်နေတာပဲ... ငါ့အတွက် ကိတ်မုန့်ငါးစိတ်ဝယ်ထား မလျော့စေနဲ့..."

ဖူလီက ကျန်းရှန့် လှမ်းယူနေသည်ကို ကာထားလျက်နှင့်  ပြုံးပြလိုက်သည်။

အလုပ်ဆင်းသောအခါ ဖူလီနှင့် ကျန်းရှန့်က အနီးနားမှဈေးကိုသွားပြီး မုန့်ဝယ်စားပြီးမှ သက်ဆိုင်ရာအိမ်များသို့ ပြန်သွားလိုက်ကြသည်။ လမ်းတစ်ဝက်တွင် ကျန်းရှန်က မြေကြီးပေါ်တွင် စာအိတ်နီတစ်အိတ်ကိုတွေ့လိုက်သည်။ အကြောင်းရင်းအချို့ကြောင့် ဖူလီ့စကားများကို ပြန်တွေးမိသွားသည်။ ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက်တွင် သူ့အိတ်ကပ်ထဲမှ တစ်သျှူးလေးရွက်ကိုထုတ်ပြီး သူ့လက်ပေါ် ပတ်လိုက်သည်။ ထို့နောက် စာအိတ်နီကိုကိုင်ပြီး အနီးမှ အမှိုက်ပုံးတစ်ပုံးထဲ ပစ်ထည့်လိုက်သည်။

သူက ကိုယ်ကျိုးအတွက် သူများကို ဒုက္ခရောက်အောင် မလုပ်တတ်တဲ့လူကောင်းလေးလေ...

.....

ဗျူရိုတွင် စွမ့်ယွီက ထမင်းရှစ်ပန်းကန် ထပ်စားပြီးသွား၍ အားလုံး၏ရှေ့တွင် လိမ်လိမ်မာမာဖြင့်ထိုင်‌နေပြီး မေးခွန်းများကိုဖြေရန် အသင့်ဖြစ်နေသည်။ 

" မင်း ဘယ်လောက်ကြာကြာအိပ်ပျော်နေခဲ့တာလဲ..."

လင်းကွေက ဖိုင်တစ်ခုထုတ်လာပြီး သူ၏ဒေတာများကို မှတ်တမ်းတင်နေသည်။ 

" ငါ မသိဘူး..."
စွမ့်ယွီ ခေါင်းခါလိုက်မိသည်။ 

" ငါ မအိပ်ပျော်ခင်တုန်းက မြေပြင်ပေါ်က ဘုရင်ရဲ့နာမည်က မိသားစုနာမည် ကျိ ထင်တယ်..."

" ကျိုးမင်းဆက်ကလား..."

လင်းကွေ့က စာရွက်ပေါ်တွင် 'နှစ်သုံးထောင်နီးပါး' ဟု ဖြည့်လိုက်သည်။ 

" ဒီလောက်အကြာကြီးအိပ်နေပြီးတော့ ဘာလို့အခုမှ ရုတ်တရက်ကြီး နိုးလာတာလဲ... မင်းကို တစ်ခုခုက ဆင့်ခေါ်လိုက်တာလား..."

ဘေးနားတွင်ထိုင်နေသောချူးယွီက ဆက်မေးသည်။ 

" ဘာက ဆင့်ခေါ်တာလဲ..."
စွမ့်ယွီ၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာဟန်ရသည်။ 

" ငါက မျက်နှာခဏခဏပြရတဲ့ နဂါးတို့ ဖုန်းဟွမ်တို့လို လာဘ်ကောင်လည်း မဟုတ်ဘူးလေ... ငါ အကြာကြီးအိပ်နေခဲ့လို့ ဗိုက်ဆာပြီးနိုးလာတာနေမယ်..."

စကားဆုံးသည်နှင့် ထောင့်တစ်နေရာတွင် ထိုင်နေသောကျွမ်းချင်ကို လှမ်းရယ်ပြလိုက်သည်။

" ကျွန်တော်က တခြားနဂါးတွေကိုပြောတာ ဘော့စ်ကို ပြောတာ မဟုတ်ဘူးနော်..."

ကျွမ်းချင်၏မျက်ခွံများ အနည်းငယ်ပင့်တက်သွားသော်လည်း သူ စကားပြန်မပြောပေ။ 

" မင်း ယောင်ဧကရာဇ်ရဲ့ဒဏ္ဍာရီအကြောင်း ကြားဖူးလား..."

ချူးယွီက မေးခွန်းဆက်မေးနေသည်။ 

" ယောင်ဧကရာဇ်ကဘာလဲ..."
စွမ့်ယွီ ပိုပြီးကြောင်အသွားရသည်။

သူတို့မျိုးနွယ်မှာ အဲ့လိုဟာမျိုးရှိလို့လား...

" မင်းတို့ယောင်မျိုးနွယ်ရဲ့ ဧကရာဇ်ကိုပြောတာ..."

" ယောင်မျိုးနွယ်ရဲ့ ဧကရာဇ်ဆိုတာဘာလဲ... ဧကရာဇ်ဆိုတာ လူသားတွေအတွက်ပဲမလား ငါတို့လို ယောင်(မိစ္ဆာ)တွေနဲ့ ဘာဆိုင်လို့လဲ..."

စွမ့်ယွီက ချူးယွီကို တအံ့တဩဖြင့်ကြည့်နေသည်။

သူ တစ်ရေးလောက်ပဲ အိပ်လိုက်မိတာပါ ဘာလို့မိစ္ဆာတွေရဲ့ စကားလုံးတွေကို နားမလည်ရတော့တာလဲ...

" ဧကရာဇ် ဆိုတဲ့ အသုံးအနှုန်းက ချင်ရှီဟွမ်ဆီက စလာတာ..."

[ ချင်ရှီဟွမ် : တရုတ်နိုင်ငံ ချင်မင်းဆက်ကို တည်ထောင်ခဲ့တဲ့ ပထမဆုံးသောဧကရာဇ် ]

ကျွမ်းချင်က ချူးယွီနှင့် လင်းကွေကို တစ်ချက်လှမ်းကြည့်လိုက်သည်။ 

" မင်းတို့နှစ်ယောက်လုံး အထက်တန်းကျောင်းဖတ်စာအုပ်ကစာတွေ ပြန်ဖတ်ကြဦး..."

လင်းကွေနှင့် ချူးယွီ  “...”

သူ မှားမဖြေမိသည်ကို အတည်ပြုပြီးကာမှ စွမ့်ယွီက စိတ်အေးလက်အေးဖြစ်သွားပြီး သက်ပြင်းချလိုက်သည်။ သူ ကျွမ်းချင်ဘက်ကိုလှည့်လိုက်သည်။

" အဲ့အချိန်တုန်းက ငါတို့ယောင်မျိုးနွယ်မှာ ဘယ်သူက အသန်မာဆုံးလဲဆိုတာ မေးချင်ကြတာလား..."

ကျွမ်းချင် မေးဆတ်လိုက်ပြီး စွမ့်ယွီကို ဆက်ပြောရန် အချက်ပြလိုက်သည်။ 

" အဲ့အချိန်တုန်းကတော့ တော်တော်လေးနာမည်ကြီးတဲ့ သားရဲကောင်တွေရှိတယ်..."

စွမ့်ယွီက ရှက်သွားဟန်ဖြင့် ရယ်ပြလိုက်သည်။

" ကျွန်တော်က တိုက်ခိုက်တာမတော်တော့ တခြားမိစ္ဆာတွေရှေ့မှာ ပေါ်မလာရဲဘူး... ချမ်းချီ၊ ခွန်းဖမ်၊ ထောင်တျဲ၊ ထောင်ဝူဆိုတဲ့ သတ္တဝါတွေကတော့ စွမ်းအားကြီးတယ်လို့ ပြောကြတယ် ..."

" ချီလင်၊ ဖုန်းဟွမ်နဲ့ နဂါးတွေကရော စွမ်းအားကြီးတယ်လို့ မသတ်မှတ်နိုင်ဘူးလား..."

လင်းကွေက ကျေနပ်ပုံမရပေ။ 

" သူတို့က မွေးရာပါ ကောင်းမွန်တဲ့ချီဓာတ်ရှိတဲ့ နတ်သားရဲတွေလေ... ငါတို့လို သားရဲတွေနဲ့ကွာတယ်..."

စွမ့်ယွီက ကျွမ်းချင်ကို တစ်ချက်ခိုးကြည့်လိုက်သည်။ 

" လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက ခွန်းဖမ်က နဂါးတွေကိုတောင် စားခဲ့ဖူးတယ်... အဲဒါကြောင့်မို့ မဟာမိစ္ဆာတွေက အကြောင်းအရင်းရေရေရာရာမရှိပဲ လောကရဲ့ကိစ္စတွေမှာ ဝင်မပါကြတော့ဘူး... ဘုရင်ချမ်းချီနဲ့ ခွန်းဖမ်တို့ ပေါ်မလာကြတော့ ငါ့စိတ်ထဲ တစ်ခုခုမှားနေတယ် ထင်သွားတာ အဲဒါကြောင့်မို့ ဗိုက်ပြည့်တာနဲ့ အိပ်သွားခဲ့မိတယ် ... အဲဒီမဟာမိစ္ဆာတွေက ကျွန်တော်အိပ်ရာနိုးတဲ့အချိန်မှ ပြန်လာချင်လာမှာ ဆိုပြီးတော့..."

လင်းကွေနှင့် ချူးယွီတို့ အကြည့်ချင်းဆုံသွားသည်။ သူတို့မျက်ဝန်းထဲတွင် သတိကြီးကြီးထားနေသည့် အကြည့်တစ်ခုခုစီကို မြင်လိုက်ရသည်။ သို့ရာတွင် ကျိုးမင်းဆက်စတင်ချိန်မှစ၍ မိစ္ဆာများ၏ မှတ်တမ်များက တဖြည်းဖြည်းလျော့ပါးလာခဲ့သည်။ အစောပိုင်းနှစ်များတွင်မူ နဂါးများနှင့် ဖုန်းဟွမ်တို့၏ ဒဏ္ဍာရီများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် နည်းပါးသွားရသည်။ 

" ဟေး ငါ့ကို သံသယမဝင်ကြနဲ့နော်... ငါက အမှန်တိုင်းပြောနေတာ..."

စွမ့်ယွီက သူတို့ မကျေမနပ်ဖြစ်သွားသည်ဟုထင်၍ အမြန်ပြောလိုက်သည်။ 

" တကယ်တော့ ဒီလောကရဲ့ အရေးကိစ္စတွေထဲမှာ ဝင်မပါတာ သားရဲတွေပဲမဟုတ်ဘူး... နိမိတ်ကောင်းတွေ ယူလာပေးတတ်တဲ့ ပိုင်ဇယ်၊ ချီလင်၊ ဖုန်းဟွမ်နဲ့ တန့်ခန်းတို့တွေလည်း ပျောက်သွားကြတာပဲ... ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဒီလောက်နိမ့်တာ ဘယ်လိုလုပ်ပြီး အပြင်ထွက်ရဲမယ့် သတ္တိရှိမှာလဲ..."

" ဒါဆို မင်းဘာလို့ အခုမှ ထွက်လာတာလဲ..."

" ငါလည်း ထွက်မလာချင်ပါဘူး မျက်လုံးပွင့်လာတော့ အစာအိမ်ထဲဗလာဖြစ်နေတော့ သည်းမခံနိုင်တော့လို့... ပြီးတော့ ငါ့ခေါင်းပေါ်မှာ လူတွေအများကြီးက သီချင်းဆိုလိုက် ကလိုက်နဲ့... အဲ့သီချင်းတွေကို ဘယ်သူဆိုလဲတော့မသိဘူး ဒါပေမဲ့ အသံတွေက ကျယ်လွန်းတဲ့အပြင် ဒီသီချင်းတွေကိုပဲ ဆက်တိုက်ဆိုနေကြတာ နားဝင်ဆိုးလွန်းလို့ ငါလည်း သည်းမခံနိုင်တော့တာ..."

စွမ့်ယွီက မခံမရပ်နိုင်အောင်ဖြစ်နေသည်။

" ငါ နှစ်လလောက်တော့ သည်းခံနေခဲ့သေးတယ် ဒါပေမဲ့ မနေ့ညကတော့ ဘယ်လိုမှ သည်းမခံနိုင်အောင်ဖြစ်လာလို့ မှောင်နေတဲ့အချိန် ခိုးထွက်လာခဲ့တာ..."

ချူးယွီ “...”

အဲ့တော့ သူက ရင်ပြင်မှာ ကနေကြတာမို့ နိုးလာတာပေါ့လေ...

" စန်းကျင်းမှာရှိတဲ့ပန်းခြံတစ်ခုက တောင်တစ်လုံးစာလောက်ရှိတဲ့ အစီအရင်က မနေ့ညတုန်းက ပျက်စီးသွားတယ် ကံကောင်းလို့ ဘယ်သူမှတော့ ဒဏ်ရာမရသွားခဲ့ဘူး..."

ရှုယွမ်က တံခါးကိုတွန်းဖွင့်လိုက်ပြီး လက်ထဲတွင်ဖုန်းကိုင်လျက် ဝင်လာသည်။ အွန်လိုင်းမီဒီယာတစ်ခုပေါ်တွင် စန်းကျင်းရှိပန်းခြံမှာ တောင်တစ်လုံးစာအစီအရင်ကြီး တစ်ခု ပျက်စီးသွားခဲ့ကြောင်း သတင်းအစအနတစ်ခုက အမှန်တကယ်ပါလာခဲ့သည်။ သို့ရာတွင် အင်တာနက် အသုံးပြုသူမျအတွက်မူ ဤကဲ့သို့သောသတင်းများက ဆွဲဆောင်မှု မရှိပေ။ commentတစ်ခုတစ်လေပင် ရေးထားကြသည်အား မမြင်ရပေ။ 

ယမန်နေ့ညက ထိုနေရာတွင် လေဟာပြင်ပါတီတစ်ခု ကျင်းပခဲ့သည်။ သို့ဖြစ်၍ လူတစ်သောင်းကျော်က ထိုပါတီတွင် ရှိနေခဲ့ကြောင်း သတင်းအရ သိလိုက်ရသည်။

စွမ့်ယွီက စိတ်ကောင်းရှိသူဖြစ်ပုံရသည်။ ထိုအခြေအနေအထိ နှောင့်ယှက်ခံခဲ့ရသော်လည်း ညနက်သန်းခေါင် လူတစ်ယောက်မှ မရှိတော့သည့်အချိန်တွင်မှ တိတ်တိတ်လေး ထွက်လာခဲ့ပေသည်။ ယခုအချိန်တွင် ချူးယွီနှင့် လင်းကွေတို့က သူ့ကို ကိုယ်ချင်းစာနေမိကြသည်။

အကယ်၍ ထိုပန်းခြံမှလူများမှာ စွမ့်ယွီအစား ကျူးယန်နှင့် တွေ့ခဲ့ပါက အကျိုးဆက်က မတွေးရဲစရာပင်ဖြစ်သည်။


မေးခွန်းမေးခြင်းက အဆုံးသတ်သွားပြီဟု ထင်နေစဉ်မှာပင် ကျွမ်းချင်က စွမ့်ယွီကို စူးစူးရဲရဲစိုက်ကြည့်လာသည်။ 

" မင်း လိမ်နေတာပဲ..."

စွမ့်ယွီ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲတောင့်တင်းသွားသည်။ သူ့အကြည့်များကလည်း ဂနာမငြိမ်ဖြစ်လာသည်။ 

" ကျွန် ကျွန်တော် မလိမ်ပါဘူး..."

" မင်းပြောတာက အမှန်ဖြစ်ရင်သာဖြစ်မယ် ဒါပေမဲ့ အချက်အလက်တစ်ချို့တော့ ချန်ထားခဲ့တယ်..."

ကျွမ်းချင်က တဖြည်းဖြည်းလျှောက်လာပြီး စွမ့်ယွီ၏ဘေးတွင် ရပ်လိုက်သည်။ သူ့လက်တစ်ဖက်ဆန့်ထုတ်ပြီး စွမ့်ယွီ၏အရှေ့မှ စားပွဲကိုခေါက်နေသည်။  စားပွဲက သစ်သားအစစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း ကျွမ်းချင်၏ လက်ချောင်းများဖြင့် ထိသောအခါ အသံခပ်အက်အက် ထွက်လာသည်။ 

စွမ့်ယွီက ကျွမ်းချင်၏လက်ချောင်းသွယ်သွယ်များကို ကြည့်နေလျက် ခေါင်းကို ပိုငုံ့ထားမိသည်။ 

" မင်းရဲ့ကိုယ်ပေါ်က သတ်ဖြတ်တဲ့ချီဓာတ်ကို ခံစားမိတယ်... အစောပိုင်းနှစ်တွေက လူတစ်ယောက်ကိုမှ မစားခဲ့ရင်တောင် မင်း တခြားမိစ္ဆာကို သတ်ခဲ့တယ်ဆိုတာ ဖြစ်နိုင်ချေရှိတယ်..."

ကျွမ်းချင်က စွမ့်ယွီကို စက်ဝိုင်းပုံဝိုင်းပြီး လျှောက်နေသည်။ စွမ့်ယွီက သူ့လက်မောင်းများကို နံရိုးအနား အလိုလိုကပ်ထားလိုက်မိသည်။ 

" ဒါပေမဲ့ ဒီကိစ္စတွေက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက ဖြစ်ခဲ့တာပဲ... ဒါကို ဆက်မေးနေလို့လည်း ကောင်းကျိုးတစ်ခုမှ ရှိမလာနိုင်ဘူး... "

ကျွမ်းချင် မေးခွန်းမပြောင်းလိုက်မီတွင် စွမ့်ယွီက သက်ပြင်းခိုးချလိုက်သည်ကို ကျွမ်းချင် ကြည့်နေမိသည်။

" ဒါပေမဲ့ လူသားတွေရဲ့ ကိုးကွယ်ခံရပြီးတော့ ရှေးဟောင်းသမိုင်းမှတ်တမ်းတွေထဲမှာ ပါခဲ့တဲ့ သားရဲတစ်ကောင်က မြေအောက်ထဲမှာနေပြီး လူသားတွေရဲ့ ဆူညံသံကို ကြာကြာ နားမထောင်နိုင်ဘူးဆိုတော့ မင်းမှာ  စိုးရိမ်ပူပန်နေတဲ့ ကိစ္စတစ်ခုခုရှိလို့လား..."

ထိုအခါမှသာ ဗျူရိုမှလူများ အလင်းပွင့်သွားကြသည်။ စွမ့်ယွီ၏ ရိုးသားပြီး ပွင့်လင်းလှသောပုံစံကြောင့် သူတို့ အရူးလုပ်ခံခဲ့ရခြင်းဖြစ်သည်။ 
သူက လူသားတွေရဲ့ပူဇော်ခံခဲ့ရတဲ့ နာမည်ကြီးသားရဲလေ လူသားတွေရဲ့ ဒီလို အပြုအမူမျိုးကို အကြောင်းမရှိပဲ သည်းခံနေမယ်တဲ့လား...

အခုခေတ်မိစ္ဆာတွေက ဒီလောက်တောင် ကြောက်စရာကောင်းတာလား...

မျက်လုံးပေါင်းများစွာဖြင့် စိုက်ကြည့်ခံလိုက်ရသောကြောင့် စွမ့်ယွီက စိတ်မသက်မသာဖြင့် ခေါင်းခါလိုက်သည်။ 

" ငါ ပြောလို့မဖြစ်ဘူး..."

" အင်း ..."
ကျွမ်းချင် လက်ဖြန့်လိုက်သည့်အခါ နတ်ဓားက သူ့လက်ထဲ ရောက်နေပြီးဖြစ်သည်။ 

" ပြောစရာရှိရင် ကောင်းကောင်းပြောပါ... စိတ်သဘောထားချင်းမတိုက်ဆိုင်တာနဲ့ပဲ ဘာလို့ ကြမ်းကြမ်းတမ်းတမ်းလုပ်ဖို့ တွေးနေရတာလဲ... ငါက မင်းနဲ့တော့ မယှဉ်နိုင်ဘူးဆိုတာ သတိထားမိပြီးသားပါ... ငါ စဉ်းစားလိုက်ဦးမယ်..."

၁၅မိနစ်ခန့် ကြာသောအခါ စဉ်းစားလိုက်ဦးမည်ဟုသော စွမ့်ယွီက သူ ဖုံးကွယ်ထားသည့် အမှန်တရားကို ရိုးသားစွာ ပြောပြလာသည်။ 

" ကောင်းကင်ဘုံစည်းမျဉ်းဥပဒေက ဒီလောကမှာ မဟာမိစ္ဆာတွေ တည်ရှိနေတာကို သည်းမခံနိုင်ဘူး... နေရောင်ပြင်းပြင်းအောက်မှာ ဖေးယီတစ်ကောင် အရည်ပျော်ကျသွားတာကို ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့ဖူးတယ်... ပြီးတော့ မဟာမိစ္ဆာတစ်ကောင်က ရုတ်တရက် ဖျားနာလာပြီးတော့ ပုပ်သိုးသွားတာလည်း တွေ့ခဲ့ဖူးတယ် သူက သေခါနီးနောက်ဆုံးအချိန်ထိ ခံစားသွားရတာ... ရိုးရိုးသားရဲဖြစ်ဖြစ် နိမိတ်ကောင်းတဲ့ သားရဲဖြစ်ဖြစ် အချိန်တန်လာရင်တော့ငါတို့တွေက ကောင်းကင်ဘုံစည်းမျဉ်းအတွက် ယဇ်ပူဇော်ပေးရတဲ့ ဓားစာခံဖြစ်သွားတာပဲ..."

" ဖေးယီဆိုတာ ‌မိုးခေါင်တဲ့ကပ်ဘေးဆိုက်အောင်လုပ်တဲ့ သတ္တဝါမလား... အဲ့လိုမိစ္ဆာမျိုးက နေရောင်ပြင်းပြင်းကို ဘာလို့ကြောက်တာလဲ..."

ချူးယွီတစ်ကိုယ်လုံး ကြက်သီးထလာသည်။ ဖူလီက စီမံခန့်ခွဲရေးဗျူရိုကို ပေးထားခဲ့သောမိစ္ဆာရိုက်ကြာပွတ်ကို ရုတ်တရက်  ပြန်တွေးမိသွားသည်။ စီနီယာဖူလီ၏ အပြောအရဆိုလျှင် သူ့လက်ထဲ မိစ္ဆာရိုက်ကြာပွတ်ရောက်လာခြင်းမှာ မိစ္ဆာဘုရင်နှစ်ယောက်က တိုက်ခိုက်နေစဉ်တွင် မိုးကြိုးပစ်ခံရပြီး သေသွားခဲ့သောကြောင့်ဖြစ်သည်။ 

" ကျွန်မ သတ္တဝါတစ်မျိုးကို တွေးမိသွားပြီ..."

ရှုယွမ်၏အသံက အနည်းငယ်တုန်ယင်နေသည်။ 

" ဒိုင်နိုဆောတွေ..."