Chapter 34
ကမ္ဘာဦးအစတွင် ဒိုင်နိုဆောများက ယခုခေတ်လူသားများကဲ့သို့ တစ်ကမ္ဘာလုံးကို ဗိုလ်ကျစိုးမိုးထားခြင်းဖြစ်သည်။
အခု သူတို့ရဲ့ရုပ်ကြွင်းတွေကြောင့်သာ အရင်တုန်းက တည်ရှိခဲ့တယ်ဆိုတာ သက်သေပြနိုင်ပေမယ့် မ
ဘယ်သူကမှ သူတို့ရဲ့သွင်ပြင်တွေကို တွေ့ဖူးခဲ့တာ မဟုတ်ဘူးလေ...
တကယ်လို့ ရှေးဟောင်းမိစ္ဆာမျိုးနွယ်စုတောင်မှ ဒီလိုအဆုံးသတ်သွားခဲ့ရတယ်ဆိုရင် သူတို့လိုလူသားတွေကရော...
သူတို့လည်း တစ်နေ့ကျရင် ဒိုင်နိုဆောတွေနဲ့ ရှေးဟောင်းမိစ္ဆာတွေရဲ့လမ်းစဉ်အတိုင်း ပျောက်ကွယ်သွားရမှာလား...
" ဒိုင်နိုဆောဆိုတာဘာလဲ... မင်းတို့နဂါးမျိုးနွယ်ရဲ့ ဆွေမျိုးလား..."
စွမ့်ယွီက ကျွမ်းချင်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေသည်။
" ငါတို့ဘော့စ်မှာ အဲ့လောက်အိုနေတဲ့ဆွေမျိုး မရှိဘူး..."
ချူးယွီက သူ့လက်ထဲမှာ မှတ်တမ်းဖိုင်များကို ပုတ်လိုက်သည်။
" ငါတို့ကို အတိတ်က မဟာမိစ္ဆာတွေအကြောင်း ပြောပြပါ... ကျောကုန်းပေါ်မှာ အတောင်ပံတစ်စုံ၊ ရွှေရောင်အမွေးတွေနဲ့၊ မျက်လုံးတစ်လုံးက လတစ်စင်းလောက်ကြီးပြီး ခန္ဓာကိုယ်က တောင်တစ်လုံးလောက်ကြီးပြီးတော့ တစ်ချက်အော်လိုက်ရုံနဲ့ တောင်တန်းတွေနဲ့မြစ်ချောင်းတွေပါ လှုပ်ခါသွားစေနိုင်တဲ့ မိစ္ဆာမျိုး ရှိခဲ့ဖူးလား..."
" အဲဒီအစိတ်အပိုင်းတစ်မျိုးစီရှိကြတဲ့ မဟာမိစ္ဆာတွေတော့ရှိပေမယ့် အဲဒါတွေအားလုံး မိစ္ဆာတစ်ကောင်တည်းမှာ ရှိတာမျိုးဆိုရင်တော့... ဘယ်လောက်တောင် ရုပ်ဆိုးမလဲမသိဘူး..."
စွမ့်ယွီက ဂရုတစိုက် တွေးတောလိုက်သည်။
ချူးယွီက ပြောစရာစကားမဲ့သွား၍ မျက်ဆန်လှန်လိုက်သည်။
ဒီ စွမ့်ယွီက တော်တော်လေး အရှက်မဲ့တာပဲ... တခြားလူတွေကို ရုပ်ဆိုးတယ် ပြောနေသေးတယ် သူ့ရုပ်တော့ သူပြန်မကြည့်ပဲနဲ့....
ဒီရှေးဟောင်းမိစ္ဆာတွေက သူတို့ရဲ့ ပုံပန်းသွင်ပြင်နဲ့ပတ်သက်ပြီး တော်တော်လေးတော့ ယုံကြည်ချက် ရှိကြတာပဲ...
.....
လစန္ဒာပေါင်းကူးဟိုတယ်တွင် ဖူလီက သူ့အလုပ်ချိန်ပြီး၍ အဝတ်အစားများလဲပြီး ပြန်ထွက်လာချိန်၌ အရှေ့ကောင်တာရှိ အမျိုးသမီးများအနက်မှ တစ်ယောက်က သူ့ကိုလှမ်းခေါ်သည်။
" ဖူလီ ခဏစောင့်ပါဦး တူတူပြန်ရအောင်..."
မိန်းကလေးက သူမအိတ်ကို အမြန်လွယ်လိုက်ပြီးနောက် ဖူလီ့နောက်မှ ပြေးလိုက်လာသည်။ ခန်းမထဲရှိ ဝန်ထမ်းအများစု၏ မျက်နှာများတွင် ဒွိဟဖြစ်နေသည့် အပြုံးများ ပေါ်လာသည်။
ဖူလီလည်း နားမလည်နိုင်ဖြစ်သွားသည်။
" ကျွန်တော်တို့အိမ်တွေက တခြားစီပဲလေ ဘယ်လိုလုပ် တူတူပြန်ကြမှာလဲ..."
မိန်းကလေး၏မျက်နှာက နီရဲသွားသည်။ သူမလက်ချောင်းများဖြင့် အိတ်ကို တင်းကြပ်စွာဆုပ်ကိုင်မိသွားသည်။
" ကျွန်မ ကျန်းရှန်ဆီက ကြားထားတာတော့ ရှင်က သဘာဝလွန်အကြောင်း တွေနဲ့ပတ်သက်ပြီး ဗဟုသုတ တော်တော်ရှိတယ်တဲ့ ကျွန်မ အခုနောက်ပိုင်း အိမ်မက်ဆိုးတွေမက်နေတာ... ပြီးတော့ အိပ်နေရင်း ဘီလူးစီးခံရသလိုမျိုးပဲ... ကျွန်မကို အိမ်ပြန်လိုက်ပို့ပြီးတော့ ဖြေရှင်းနည်းလေးများ ကူစဉ်းစားပေးလို့ ရမလားလို့ပါ..."
ဖူလီက ထိုမိန်းကလေး၏ မျက်နှာအနေအထားကို စစ်ဆေးကြည့်လိုက်သောအခါ သူမကိုယ်ပေါ်တွင် ကံဆိုးမှု တစ်စုံတစ်ရာကျရောက်နေသည်ကို မတွေ့ရပေ။ သို့ရာတွင် ယနေ့ခေတ်ယောကျာ်းလေးအနည်းစုက မိန်းမလှလေးများ တစ်ယောက်တည်းသွားလာနေသည်ကိုမြင်ပါက မကောင်းမှုများ ကျူးလွန်တတ်ကြပေသည်။ အချိန်ကလည်း နောက်ကျနေပြီဖြစ်၍ သူမကို အိမ်ပြန်လိုက်ပို့ပါက ပိုပြီးလုံခြုံပေလိမ့်မည်။
သို့ဖြစ်၍ သူ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပါပြီ..."
မိန်းကလေးက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး သူ့ကိုတောက်ပစွာ ပြုံးပြလိုက်သည်။ သူတို့နှစ်ယောက်အကြားတွင် ခြေလှမ်းနှစ်လှမ်း သုံးလှမ်းသာခြားပြီး ဟိုတယ်ပင်မတံခါးပေါက်မှ အတူတူထွက်သွားကြသည်။
ဩဂုတ်လနှောင်းပိုင်းဖြစ်၍ လမင်းကြီးက တောက်ပလင်းထိန်နေသည်။ ညအချိန်ကို အလွန်ပူအိုက်လွန်းသည်ဟု သတ်မှတ်မရနိုင်ပေ။ မိန်းကလေးက သူ့ဘေးနားမှ လူချောလေးကို တစ်ချက်ခိုးကြည့်လိုက်ပြီး စကားလမ်းကြောင်းရှာနေသည်။
" ရှင် အရင်တုန်းကရော ကျေးလက်ဘက်မှာပဲ နေခဲ့တာလား..."
" အင်း... ကျွန်တော် မြို့ကိုရောက်ဖူးတာ ပထမဆုံးအကြိမ်ပဲ..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။
" မြို့မှာနေတာ ပထမဆုံးဆိုလည်း ဘာမှမဖြစ်ပါဘူး နောက်ဆိုရင် အသားကျသွားမှာပဲ..."
သူမအိတ်ကိုကိုင်ထားသည့် လက်များက ပြေလျော့သွားပြီးနောက် တစ်ဖန်တင်းကြပ်သွားပြန်သည်။
" ရှင့်ရဲ့မိသားစုဝင်တွေကရော ရှင်ဘယ်လိုကောင်မလေးမျိုးရှာသင့်တယ်လို့ ပြောကြလဲ..."
ဖူလီ ခေါင်းခါလိုက်သည်။
" ကျွန်တော့်မှာ မိသားစုမရှိပါဘူး..."
" တ တောင်းပန်ပါတယ် ကျွန်မ မပြောသင့်တာတွေ ပြောမိသွားတယ်..."
မိန်းကလေးက ဝမ်းနည်းသွားပုံပေါ်သည်။
" ရပါတယ်..."
လူသားများက အလွန် နှစ်သက်သဘောကျဖွယ်ကောင်းသည်ဟု ဖူလီခံစားလိုက်မိသည်။ သူတို့ခန္ဓာကိုယ်က ထိရှလွယ်သော်လည်း အံ့အားသင့်ဖွယ်ကောင်းသည့်ဦးနှောက်နှင့် ချစ်စဖွယ်စိတ်ဝိညာဉ်တို့ ရှိပေသည်။
မိန်းကလေးက ခဏတာ တိတ်ဆိတ်သွားပြီး သူမအိတ်ထဲမှ ချောကလက်တစ်ခု ထုတ်လာသည်။
" ရှင် စားဖို့ပါ..."
သူမ ပါးပြင်က နီရဲသွားသည်။ ဤချောကလက်က အချစ်ဟူသောခံစားချက်ကို ကိုယ်စားပြုသည်ဟု ကြော်ငြာထဲတွင် ပြောထားပေသည်။
ဖူလီ သူ့ရည်ရွယ်ချက်ကို နားလည်ပါ့မလား...
" ကျေးဇူးတင်ပါတယ်..."
ကြော်ငြာများအကြောင်း တစ်လုံးတစ်ပါဒမှ မသိသောဖူလီက ပါကင်ထုတ်ထားသည်ကို ဖြဲလိုက်ပြီး အလွန်ချိုသော ချောကလက်သကြားလုံးကို စားလိုက်သည်။ တစ်ဖက်သို့ ပြန်လှည့်လိုက်သောအခါ ထိုမိန်းကလေးက သူ့ကိုကြည့်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသည်။
" ဘာလို့လဲ..."
" ဘာမှ မဟုတ်ပါဘူး..."
မိန်းကလေးက ဆံပင်ကို နားရွက်နောက်သပ်လိုက်ပြီး နှုတ်ခမ်းများ ကွေးညွတ်ကာပြုံးလိုက်သည်။
" ရှင် ဘယ်လိုမိန်းကလေးမျိုးကို သဘောကျတာလဲဆိုတာ ကျွန်မသိချင်လို့ပါ..."
ဖူလီက သူ့စိတ်ထဲတွင် လူသားအများစုကို နှစ်သက်သော်လည်း ဤလူသားမိန်းကလေးက အဘယ့်ကြောင့် ထိုမေးခွန်းမျိုး တိုက်ရိုက်မေးလာသည်ကို နားမလည်နိုင်ဖြစ်နေသည်။
မိန်းကလေးက ဖူလီ့ထံမှအဖြေကို မကြားရ၍ စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။ လမ်းအနည်းငယ်လျှောက်ပြီးသောအခါ သူမအိမ်ကို ရောက်လာသည်။ သူမ မမေးပဲ မနေနိုင်တော့ပေ။
" ဟို... ကျွန်မက ရှင့်ကောင်မလေးဖြစ်ဖို့ သင့်တော်တယ်လို့ထင်လားဟင်..."
ဖူလီက ဤလူသား သူ့ကို ချစ်ခင်နှစ်သက်ကြောင်း ပြလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
" ကျွန်တော်တို့က မလိုက်ဖက်ပါဘူး..."
" ဘာလို့လဲ..."
မိန်းကလေး၏မျက်လုံးထဲတွင် မျက်ရည်များဝဲလာသည်။ သူမ ဤစကားမပြောမီ သတ္တိများ စုစည်းထားခဲ့ရသော်လည်း ချက်ချင်းအငြင်းခံလိုက်ရ၍ သူမကမ္ဘာကြီးတစ်ခုလုံး လဲပြိုသွားသကဲ့သို့ ခံစားလိုက်ရသည်။
" ကျွန်တော်တို့က မလိုက်ဖက်ကြပါဘူး... ကျွန်တော့်ဘဝကို တစ်ယောက်ယောက်နဲ့ဖြတ်သန်းဖို့ တစ်ခါမှ မတွေးဖူးပါဘူး..."
သူတို့၏ဘဝမျှော်လင့်ချက်များနှင့် အသက်ကွာခြားချက်က အလွန်များလှသည်။ သူတို့ အတူတကွရှိနေပါကလည်း ပျော်ရွှင်နိုင်မည် မဟုတ်ပေ။ လူသားများက လိပ်ပြာများ၏အလှကို နှစ်သက်သဘောကျသော်လည်း ၎င်းတို့ကို မချစ်သွားနိုင်ခြင်းနှင့် အလားသဏ္ဍာန်တူပေသည်။ သူ့အမြင်တွင်မူ ဤချစ်စဖွယ်လူသားများက လှပသည့် လိပ်ပြာငယ်လေးများနှင့် ထပ်တူညီပေသည်။ သူတို့ကို ချစ်မိသွားစေရန် ဖူလီ့စိတ်ထဲတွင် တစ်ကြိမ်တစ်ခါမှ မတွေးမိခဲ့ဖူးပေ။
" မင်းက လူကောင်းပါ... ရုပ်ရည်လေးကလည်း ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်... ငါက လိင်ပိုင်းဆိုင်ရာအရ ဆက်ဆံရေးမျိုးတွေလည်း မရှိချင်လို့ပါ..."
" ကျွန်မကို လူကောင်းလို့ ပြောလိုက်ရုံနဲ့ ပြီးသွားရောလား..."
မိန်းကလေးက သူ့မျက်လုံးကိုပွတ်ပြီး မျက်ရည်များကို ထိန်းထားသည်။ သူမ ပြုံးလိုက်ပြီးနောက် ဝေဖန်ပြစ်တင်တော့သည်။
" လူတစ်ယောက်က မြုံမနေဘူးဆိုရင် ဘဝတစ်လျှောက်လုံး လိင်စိတ်နည်းနည်းလေးတောင်မရှိပဲ နေမယ်တဲ့လား... ရှင် ကျွန်မကို ငြင်းချင်ရင်တောင်မှ ကြားလို့ကောင်းမယ့် အကြောင်းပြချက်လေး ရှာသင့်တယ်..."
ဖူလီ “...”
သူ အမှန်တိုင်း ပြောလိုက်တာပဲလေ...
" မြို့တော်မှာ ကျွန်မနာမည်နဲ့ အိမ်တစ်လုံးရှိတဲ့အပြင် ကျွန်မက တစ်ဦးတည်းသောသမီးလေ... ကျွန်မ မိသားစုရဲ့ အိမ်တွေကားတွေ အကုန်လုံးက ကျွန်မအတွက်ချည်းပဲ ရှင် ပြန်မစဉ်းစားတော့ဘူးလား..."
မိန်းကလေးက တစ်ဖန်ထပ်မေးလိုက်ပြန်သည်။ သူမ အကန့်အသတ်သို့ရောက်နေပြီဖြစ်သည်။
ဖူလီက ခေါင်းခါနေဆဲဖြစ်သည်။
" ရှင် ဘယ်လောက်တောင် တုံးတာလဲ... တခြားယောက်ျားလေးတွေသာဆို သဘောတူလိုက်ပြီ..."
ထိုမိန်းကလေးက ဝမ်းသာဝမ်းနည်းဖြစ်နေသည်။
" အိုး..."
ရုပ်ရှင်ဇာတ်လမ်းတွဲထဲမှ အမျိုးသမီးဇာတ်ဆောင်က အမျိုးသားများကို ငြင်းဆန်ရာတွင် ပြောသည့် စကားများကို သူ အမှတ်ရသွားပြီး လက်တွေ့အသုံးချရန် ပြင်လိုက်သည်။
" ဘာလို့လဲဆိုတော့ ကျွန်တော်က ကိုယ့်ရဲ့စွမ်းရည်ကိုပဲ ရောင်းစားတာ ခန္ဓာကိုယ်ကို မဟုတ်ဘူးလေ..."
ထိုစကားကြောင့် မိန်းကလေးက ပြုံးမိသွားသည်။
" စွမ်းရည်ကိုပဲ ရောင်းစားပြီး ခန္ဓာကိုယ်ကို မရောင်းစားတာ ဘာလုပ်ရမှာလဲ ရှင်တော်တော် အရှက်မရှိတာပဲ..."
သူမ စကားပြောနေစဉ်မှာပင် တစ်ယောက်ယောက်က သူမနာမည်ကို နောက်မှလှမ်းခေါ်လိုက်သည်။ သူမ လှည့်ကြည့်လိုက်သောအခါ ခန္ဓာကိုယ်က ညှိုးလျော်နေပြီး မရင်းနှီးသော အဖိုးအိုကြီးတစ်ယောက်က ပုံစံတစ်မျိုးဖြင့် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။
" လုယီ..."
လူအိုကြီး၏ ခြေလှမ်းများက မတည်မငြိမ်ဖြစ်နေကာ သူ့လေသံထဲတွင် ချစ်ခင်နှစ်သက်မှုတို့ပါဝင်နေပြီး ထိုမိန်းကလေးက သူ့အတွက် အလွန်အရေးကြီးဟန်ပေါ်သည်။ သူ၏ လမ်းလျှောက်နိုင်စွမ်းက နှေးကွေးလွန်းသောကြောင့်သာ သူမကို အမှီမလိုက်နိုင်ခြင်းဖြစ်သည်။ မိန်းကလေး လှည့်ကြည့်လိုက်သောအခါ လူအိုကြီးက ပြုံးပြလိုက်သည်။ အကြောင်းရင်းအချို့ကြောင့် ထိုလူကြီး၏အပြုံးက ကြောက်စရာကောင်းလှသည်ဟု သူမ တွေးလိုက်မိသည်။ ထို့အပြင် သူလမ်းလျှောက်နေပုံက တိရစ္ဆာန်ရုံမှ ဘာဘွန်းမျောက်နှင့် တူနေသည်။
စကားလုံးဖြင့် ဖော်ညွှန်းမပြနိုင်သော ကြောက်ရွံ့မှုက သူမ နှလုံးသားကို လွှမ်းခြုံသွားသည်။
" သူ့ကို မသိချင်ယောင်ဆောင်နေ... ကျွန်တော် လိုက်ပို့ပေးမယ်..."
ဖူလီက သူမ အိတ်မှ သိုင်းကြိုးကိုဆွဲလိုက်သည်။
" ကောင်း ကောင်းပါပြီ..."
မိန်းကလေးက အသိစိတ်ပြန်ကပ်သွားပြီးနောက် အရှိန်မြန်မြန်ဖြင့် သူမအိမ်ရှိရာကို ဦးတည်လိုက်သည်။ သူမ ခြံဝင်းထဲရောက်ချိန်တွင် နောက်ကိုလှည့်ကြည့်လိုက်သည်။ ထိုလူအိုကြီးက သူမကို ဆက်တိုက်ခေါ်နေသေးသည်။ လမ်းမပေါ် ဖြာကျနေသော အရိပ်ကြီးကလည်း ထူးဆန်းသော မကောင်းဆိုးဝါးကြီးတစ်ကောင်က ခြိမ်းခြောက်နေသည့် အမူအရာမျိုး ပြုလုပ်နေဟန်နှင့် တူနေသည်။
" ဖူလီ ရှင် ဒီည ကျွန်မအိမ်မှာပဲ နေလိုက်ပါလား... အဲ့ဒီအဖိုးကြီးက နည်းနည်းထူးဆန်းတယ်..."
သူမ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ရပါတယ် သူက သာမန်လူအိုကြီးပါပဲ... မင်းအိမ်ထဲ ဝင်တော့လေ..."
ဖူလီက ပြုံးပြလိုက်သည်။
" ငါ့မှာ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ် ရှိတာပဲ... လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တဲ့ လူအိုကြီးကို ဘာကြောက်ရမှာလဲ...ဒါပေမဲ့..."
သူမက မိန်းကလေး၏ အိတ်မှ ပခုံးသိုင်းကြိုးကို သုတ်ပေးလိုက်သည်။
" တကယ်လို့ တစ်ယောက်ယောက်က မင်းနာမည်ကို ညနက်ကြီး ဒါမှမဟုတ် မနက်စောစောစီးစီးမှာခေါ်ရင် မြန်မြန် မတုံ့ပြန်မိစေနဲ့..."
" ကောင်းပါပြီ..."
မိန်းကလေးက တစ်ခုခုပြောလိုသော်လည်း တွန့်ဆုတ်နေပုံပေါ်သည်။ ဖူလီက သူမနှင့် နီးကပ်စွာ မနေလိုကြောင်း သိလိုက်ရ၍ အိမ်ဝင်းထဲကို စိတ်ဓာတ်ကျစွာဖြင့် အမြန်ဝင်သွားလိုက်သည်။ ခဏအကြာတွင် သူ မဂိတ်အပြင်ဘက်ကို ကြည့်လိုက်သောအခါ ဖူလီနှင့် ထူးဆန်းသောလူကြီးတို့ နှစ်ယောက်လုံး မရှိကြတော့ပေ။
ဖူလီ ရှေ့မှလျှောက်သွားနေစဉ်တွင် အဖိုးအိုကြီးက မလှမ်းမကမ်းမှလိုက်လာသည်။ သူ၏မမြန်ဆန်လှသော ခြေလှမ်းများက သူ့အရှိန်ကို သက်ရောက်နေပုံပေါ်သည်။ ဖူလီက လူသူကင်းမဲ့သည့်နေရာရောက်သောအခါ ရုတ်ချည်းရပ်တန့်လိုက်ပြီး သူ့နောက်မှလိုက်လာသော လူအိုကြီးကို လှည့်ကြည့်လိုက်သည်။
လူအိုကြီးက သူ့အနားကို တဖြည်းဖြည်းချင်း ကပ်လာသည်။ သူ၏ နှုတ်ခမ်းထူထူများက မျက်နှာ၏ သုံးပုံတစ်ပုံခန့်အထိ ပြည့်နေသည်။ သူ့ပါးစပ်ထောင့်မှ သွားရည်များ စီးကျနေကာ ညှီစို့စို့ အနံ့တစ်မျိုး ထွက်နေသည်။
ရုတ်တရက် ထိုလူကြီး၏ပါးစပ် ပွင့်လာသည်။ သူ မြေပြင်ပေါ်မှ ခုန်ပြီး ဖူလီ့လည်ပင်းနေရာကို ဆတ်ခနဲဆွဲညှစ်ရန် ပြင်လိုက်သည်။ ဖူလီက တစ်ဖက်ကိုလှည့်ပြီး ရှောင်တိမ်းကာ လက်ဖဝါးဖြင့် တစ်ချက်ရိုက်ထုတ်လိုက်သည်။ လူအိုကြီးက နံရံနှင့် ရိုက်မိသွားပြီး မြေပြင်ပေါ် လဲကျကာ မည်းနက်နေသည့် အမွေးများဖြင့် မျောက်တစ်ကောင် ဖြစ်သွားသည်။ ထိုမျောက်က ထွက်ပြေးရန် အမြန်ထလာသော်လည်း ဖူလီက သူ့အမြီးကိုတက်နင်းပြီး ဆွဲမြှောက်လိုက်သည်။
" တောင်နတ်မိစ္ဆာငယ်လား..."
ဖူလီက သူ့လက်ထဲမှ အလွန်ရုပ်ဆိုးသော မျောက်ကိုလှုပ်ခါလိုက်သည်။
" တောင်ပေါ်မှာနေတဲ့ မင်းလို့ မိစ္ဆာမျိုးက ဘာလို့ ထွက်ပြေးလာရတာလဲ..."
ကွီ...
နံရံပေါ်တွင် လှုပ်ရှားမှုအချို့ ရှိနေသည်။ ဖူလီ မော့ကြည့်လိုက်သည့်အခါ နံရံပေါ်တွင် တစ်ယောက်ယောက်က လှဲနေသည်ကို တွေ့လိုက်ရသည်။ လူနှစ်ယောက် အကြည့်ချင်း ဆုံသွားချိန်တွင် ဖူလီက သူ့လက်ထဲမှမျောက်ကို ခပ်မြင့်မြင့် မြှောက်ပြလိုက်သည်။
" မင်း ဒီဟာကို ဖမ်းချင်နေတာလား..."
နျဉ်ရွှမ်က နံရံပေါ်မှ ခုန်ချလာပြီး ရုပ်ဆိုးသောမျောက်ကို ချည်နှောင်လိုက်ကာ ဖူလီ့ကို ကျေးဇူးတင်လိုက်သည်။
" ကျေးဇူးတင်စရာ မလိုပါဘူး... မင်းတို့ လူသစ်ရွေးတဲ့ရလဒ်တွေ ထွက်ပြီလား..."
ဖူလီက တောင်နတ်မိစ္ဆာငယ်၏ အမွေးမှ အနံ့ကို မခံနိုင်သောကြောင့် သူ့ကိုယ်သူနှင့် နျဉ်ရွှမ်၏လက်ကိုပါ ဖော်ရွေစွာဖြင့် သန့်စင်ခြင်း ပြုလုပ်ပေးလိုက်သည်။
" ကျွန်တော်တို့ စာမေးပွဲအဖြေလွှာတွေကို စစ်နေတုန်းပဲ... ဒီတစ်ခေါက် လူသစ်ရွေးပွဲက တိုက်ခိုက်ရေးရလဒ်တွေကိုလည်း သေချာစစ်နေရသေးတယ်... ပြီးတော့ ကျင့်ကြံဆင့်က ဘယ်လောက်ဖြစ်နေနေ ရေးဖြေစာမေးပွဲရလဒ် အခြေအနေ မဆိုးဖို့လည်း လိုသေးတယ်..."
နျဉ်ရွှမ်က တောင်နတ်ဆိုးမိစ္ဆာငယ်ကို အိတ်ထဲထည့်လိုက်သည်။
" ဒီ နတ်ဆိုးမိစ္ဆာငယ်က တော်တော် အပြေးမြန်တာပဲ... ကျွန်တော် မနေ့တည်းက သူ့နောက်လိုက်နေတာ ကံကောင်းလို့ သူဒီနေ့ စီနီယာဆီမှ တိုက်တိုက်ဆိုင်ဆိုင် ပြေးဝင်သွားမိတာ..."
မူရင်းပုံစံက ဓားတစ်ချောင်းဖြစ်သောနျဉ်ရွှမ်မှာ တိုက်ခိုက်ရေးစွမ်းရည်မြင့်သော မိစ္ဆာများကို မွေးရာပါစွမ်းရည်အရ လေးစားမှုရှိပေသည်။ သို့ဖြစ်၍ ဖူလီကို အတင်းဆွဲခေါ်သွားတာ အသားကင်လိုက်ကျွေးပြီးမှ ဓာတ်ပုံအတူတူရိုက်ပြီး စိတ်ကျေနပ်သွားချိန်မှ နှုတ်ဆက်ပြီး ထွက်သွားခဲ့လေသည်။
.....
နျဉ်ရွှမ်နှင့် ဖူလီတို့ အသားကင်များ အားပါးတရစားသောက်နေချိန်တွင် အဖြေလွှာစာရွက်များ စစ်ဆေးရသော ဗျူရိုဝန်ထမ်းများက ရူးမတတ်ဖြစ်နေကြသည်။ ကျင့်ကြံရေးလောကမှ ယောင်ကျင့်ကြံသူများက ယဉ်ကျေးမှုဆိုင်ရာ သင်ခန်းစာများကို အနည်းငယ်သာ အာရုံစိုက်ကြသည်။ အဖြေလွှာပေါ်မှ သူတို့အဖြေအများစုက ဖရိုဖရဲ ကမောက်ကမများဖြစ်ပြီး အဖြေမှားများဖြင့် ပြည့်နေသည်။
ဟွမ်စန်က လက်ဖက်ရည်တစ်ငုံသောက်ပြီး အဖြေလွှာနောက်တစ်ရွက်ကို ကြည့်နေသည်။ စာရွက်ပေါ်တွင် ရေးထားသောအဖြေများက အလွန်မှားယွင်းနေ၍ သူ ရယ်ရမည် ငိုရမည်မသိ ဖြစ်နေသည်။
မေးခွန်း : မကောင်းဆိုးဝါးချီဓာတ်တွေနဲ့တွေ့ရင် ဘယ်လိုလုပ်ရမလဲ...
အဖြေမှန်က ထိုင်ချလိုက်ပြီး စိတ်အေးအေးထားတာ တရားထိုင်ရန် ဖြစ်သော်လည်း " မီတောင်မှ ကျောက်းစိမ်းကိုဝတ်ပါ " ဟု ဖြေထားသည်။
မီတောင်က ကျောက်စိမ်းဆိုတာ ဘာကြီးလဲ... ဒီစာဖြေသူက နျဉ်ရွှမ်လိုမျိုး ရွှမ်ဟွမ်းဝတ္ထုတွေဖတ်ရတာ သဘောကျတဲ့သူထင်တယ်...
မေးခွန်း : ယောင်ကျင့်ကြံသူတွေက အရမ်းပြင်းထန်တဲ့ အဆိပ်တစ်မျိုးနဲ့တွေ့ရင် ဘယ်လိုလုပ်ရမလဲ...
အဖြေမှန်က နက်နဲသောကျင့်ကြံဆင့်ရှိသူတစ်ယောက်ကို ဖိတ်ခေါ်ပြီး ၎င်းအဆိပ်၏စက်ဝန်းကို ရှင်းလင်းပစ်ရန်ဖြစ်သည်။ ထိုကျင့်ကြံသူတို့ထံမှ ငှားယူထားသော လှည့်ပတ်နေသည့် ဝိညာဉ်ချီဓာတ်ဖြင့် အဆိပ်ကို ရှင်းလင်းပစ်နိုင်မည် ဖြစ်သည်။ သို့ရာတွင် အဖြေလွှာ စာရွက်ပေါ်တွင် ရေးထားသည်က " ကြွက်နားရွက် သို့မဟုတ် ယန်စွမ့်မြက်စားပါ " ဖြစ်နေသည်။
အဲတော့ ဒီစာဖြေသူက ဒီနေရာကို စာမေးပွဲလာဖြေတာမဟုတ်ပဲ ဟာသလာလုပ်တာပေါ့လေ...
လူသားလောကတွင် အရေးပေါ်အခြေအနေဖြစ်လာနိုင်သည့် မေးခွန်းများကို ဤစာရွက်တွင်ဖြေထားပုံက ကျိုးကျောင်းမဆီလျော်လွန်းပေ။ ထို့အပြင် ကျင့်ကြံရေးလောကနှင့် ပတ်သက်သမျှမေးခွန်းတိုင်းတွင်လည်း အထွေထွေဗဟုသုတနည်းပါးလွန်းပြီး မျက်ရည်ထွက်လုမတတ် ရယ်ရသည်အထိဖြစ်နေသည်။ ဤဖြေလွှာစာရွက်ကို ဖတ်ပြီးသည့်နောက်တွင် သူ၏ဝိညာဉ်က လွတ်လပ်ပေါ့ပါးသွားသည်။
" လောင်ဟွမ် ဘာတွေ ရယ်နေတာလဲ..."
သူ့ဘေးနားမှ လုပ်ဖော်ကိုင်ဖက်က လောင်ဟွမ် အဆက်မပြတ်ရယ်နေသည်ကို မြင်သောအခါ မေးလိုက်မိသည်။
" အနှစ်တစ်ထောင်မှာတစ်ယောက် တွေ့ရခဲတဲ့ ပါရမီရှင်တစ်ယောက်ကို ရှာတွေ့ထားလို့လား..."
" ပါရမီရှင်တော့မဟုတ်ဘူး ဝတ္ထုဖတ်ရတာ သဘောကျတဲ့လူတွေ..."
ဟွမ်စန်က အဖြေလွှာစာရွက်ကို ကမ်းပေးလိုက်သည်။
" ဒီနေ့ခေတ် မိစ္ဆာလေးတွေက တကယ်ကို ရည်ရွယ်ချက်မရှိတာပဲ... သူ့အဖြေတွေ အကုန်လုံးက တလွဲတွေဖြစ်နေရုံမကဘူး စိတ်ကူးယဉ်ပြီး ဖြေထားတာတွေကလည်း အများကြီးပဲ..."
ထိုလူကလည်း အဖြေလွှာစာရွက်ကိုဖတ်ပြီးသည့်အခါ သူနှင့်အတူ ရယ်မောတော့သည်။
" ငါတို့ လူသားအသွင်ရအောင် ကျင့်ကြံနေရတဲ့အချိန်တုန်းကဆိုရင် ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့ တာအိုဘုန်းကြီးတွေဆီမှာ ဖမ်းမိပြီး သေမှာစိုးလို့ ကိုယ့်ကိုကိုယ် ပုန်းနေရတာလေ... အင်တာနက်မှာ နာမည်ကြီးဖြစ်နေတဲ့ အခုခေတ်ယောင်ကျင့်ကြံသူတွေနဲ့တော့ ဘယ်တူမလဲ... တကယ်လို့ ကျုပ်တို့ရဲ့စီမံခန့်ခွဲရေးဗျူရိုမှာ စည်းမျဉ်းစည်းကမ်းတွေသာ မရှိရင် အားကစားဘက်နဲ့ အသက်မွေးတဲ့ နာမည်ကြီးအားကစားသမားတွေတောင် ရှိလာဦးမယ်..."