Chapter 35
အခန်းထဲမှ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် မျက်ခုံးပင့်ကြည့်လိုက်သည်။
" ငါက အတ်ိတ်တုန်းကအကြောင်းတွေ ပြောနေတာပါ အကုန်အတိတ်ကပါ... ဒါက သမိုင်းထဲကအကြောင်းတွေဖြစ်သွားတော့ အားလုံးနဲ့ ဘာမှမဆိုင်ဘူးနော် အထင်မလွဲကြပါနဲ့..."
ထိုလူက အမြန်လက်ကာပြပြီး သူရိုးသားကြောင်း ပြလိုက်သည်။
ဗုဒ္ဓဘာသာနှင့် တာအိုဘာသာကျင့်ကြံသူများက ခေါင်းငုံပြီး အဖြေစာရွက်များကို ဆက်လက်စစ်ဆေးနေသည်။
" အခုခေတ်မိစ္ဆာတွေက ကောင်းကောင်းကို အသက်ရှင်နေထိုင်နိုင်ကြပါပြီ... သူတို့က ဉာဏ်ရည်ဉာဏ်သွေးကောင်းနေသရွေ့ မိစ္ဆာအစည်းအရုံးက သူတို့ကို ကာကွယ်ပေးတယ်... လူသားပုံစံရောက်အောင် မကျင့်ကြံနိုင်ပေမယ့် မကောင်းဆိုးဝါးမဟုတ်ဘူးဆိုရင် မိစ္ဆာကောင်းဆိုတဲ့ မှတ်ပုံတင် ဒါမှမဟုတ် လူသားမှတ်ပုံတင်ကတ်ရတယ်... သူတို့ စည်းကမ်းမချိုးဖောက်သရွေ့တော့ နေ့စဉ်ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်ကြတာပဲ..."
လုပ်ဖော်ကိုင်ဖက်က ဟွမ်စန်ကို အဖြေစာရွက် ပြန်ကမ်းပေးလိုက်သည်။
" အချိန်တွေ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ... သူတိူ့တွေ အသက်ရှင်နေထိုင်ဖို့ ဘယ်လိုစွမ်းရည်တွေ အသုံးချရမလဲဆိုဆို မေ့သွားကြရောပေါ့..."
" အဲဒါကြောင့်မို့ စီမံခန့်ခွဲရေးဗျူရိုနဲ့ ယောင်အစည်းအရုံးတို့ ရှိနေတာ အရေးကြီးတာပေါ့..."
ဟွမ်စန်က ပွင့်လင်းရိုးသားသူတစ်ယောက် ဖြစ်သည်။
" ကျင့်ကြံရေးလောကမှာ အခုလိုမျိုး အေးချမ်းတဲ့နေ့ရက်တွေ ရှိနေဖို့ဆိုတာ လွယ်တာမျိုး မဟုတ်ဘူး... အရာအားလုံးက ကံကြမ္မာအလိုကျပဲ... မနာလိုဖြစ်နေစရာအကြောင်းလည်း မရှိပါဘူး..."
စကားပြောနေလျက်ဖြင့် အဖြေလွှာစာရွက်ပေါ်တွင် ကြက်ခြေခတ်ကြီးများ နေရာအနှံ့တွင် ခြစ်လိုက်တာ အမှတ်စုစုပေါင်းနေရာတွင် ၂၈ဟူသောဂဏန်းကို ရေးလိုက်သည်။
သူက လက်ရေးကိုကြည့်ပြီး ထိုစာဖြေသူကို အမှတ်အနည်းငယ် ပိုပေးလိုသော်လည်း သူ့စာအရေးအသားက ကြည့်ရဆိုးလှသည်။ သူ့အတွက် ၂မှတ်ပိုပေးရန်က မဖြစ်နိုင်ပေ။
နှစ်ရက်အကြာ၌ လက်ခံမည့်လူစာရင်းက ကျွမ်းချင်၏ရှေ့သို့ ရောက်လာသည့်အခါ ကျွမ်းချင်က တစ်ချက်ကြည့်ပြီး မေးခွန်းတစ်ခု မေးလာသည်။
" ဖူလီက ဘာလို့မပါတာလဲ..."
ဖူလီက တိုက်ခိုက်ရေးစာမေးပွဲမှာ အဆင့်တစ် ရထားတာပဲ ဘာလို့ ထိပ်ဆုံဆယ်ယောက်ထဲတောင် မပါလာတာလဲ...
" သူ... ရေးဖြေစာမေးပွဲမှာ တော်တော်အခြေအနေဆိုးလို့ဖြစ်မယ်..."
ရှုယွမ်သည်ပင် ဖူလီ နောက်ဆုံးပွဲစဉ်အထိ ပါလာမည်ဟု မထင်ခဲ့ပေ။ ၎င်းက ရယ်စရာကောင်းလွန်းနေသည်။
နှစ်နာရီခန့်အကြာတွင် ကျွမ်းချင်က ချိတ်ပိတ်ထားသော စာရွက်အပုံကြီးထဲမှ ဖူလီ၏ အဖြေစာရွက်ကို ရှာတွေ့သွားသည်။ အမှတ်ပေါင်းကိုမြင်ပြီး ကျွမ်းချင် ဆွံ့အသွားပေသည်။
ဒီလိုကြည့်ရဆိုးပြီး လူတွေတည့်တည့်ကြည့်လို့မရအောင် တွန့်လိမ်နေတဲ့လက်ရေး၊ ဒီလိုစာမေးပွဲရလဒ်မျိုးနဲ့ ဖူလီက တက္ကသိုလ်ဝင်စာမေးပဲနဲ့ အစိုးရဝန်ထမ်းစာမေးပွဲကို ဝင်ဖြေဖို့ ယုံကြည်ချက်ရှိသေးတယ်ပေါ့လေ...
သူ တရာမဝင်တဲ့နည်းလမ်းတွေနဲ့များ ဝင်ဖြေမလို့ လုပ်ထားတာလား...
ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်မှ မိစ္ဆာငယ်လေးတစ်ကောင်ဖြစ်ကြောင်း ကျွမ်းချင် တစ်ခဏတွင်းချင်း ယုံကြည်သွားပေသည်။
သူက နှစ် ၄၀၀၀လောက်တောင် နေလာပြီးတော့ လက်ရေးတောင်လှအောင် မရေးတတ်ပါလား... သူက ယောင်ကျင့်ကြံသူတစ်ယောက်အနေနဲ့ မျက်နှာရချင်သေးတာလား...
ဖူလီ၏လက်ရေးက ယခုမှ စရေးသင်ခါစ ကလေးတစ်ယောက်သဖွယ် တောင့်တောင့်ကြီးဖြစ်နေပေသည်။ စုတ်ချက်တစ်ခုချင်းစီကို မနည်းကပ်လိုက်သည့်အခါမှ စာလုံးတစ်လုံးဖြစ်လုနီးနီးပင်။ အနုသုခုမလက်ရာ မရှိလုနီးပါးဟုပင် ဆိုရပေမည်။ ကျွမ်းချင် မေးခွန်းများ၏အဖြေကို တစ်ချက်ကြည့်လိုက်ချိန်တွင် အံ့အားသင့်သွားရသည်။
မေးခွန်း : ကျင့်ကြံဆင့်တိုးမြင့်လာအောင် ဘယ်လိုလုပ်ရမလဲ...
အဖြေ : နှလုံးသားရဲ့စကားသံကို နားထောင်ပါ၊ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ချီဓာတ်ကို ရှုရှိုက်ပါ၊ လမင်းကြီးဆီမှာ ဆုတောင်းပါ၊ လရောင်ရဲ့ အဆီအနှစ်ကို စုပ်ယူပါ၊ ပင်လယ်လေးခုကနေ အသက်ဓာတ်ကိုယူပါ။
သူ၏ အဖြေနှင့် လက်ရှိကျင့်ကြံရေးနည်းလမ်းများက အလွန်ကွာခြားနေပေသည်။ သို့ရာတွင် ကျွမ်းချင်က "ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ချီဓာတ်ကို ရှုရှိုက်ပါ" ဟူသောစာကြောင်းမှ အကြည့်မလွှဲနိုင် ဖြစ်နေသည်။ လွန်ခဲ့သော နှစ်ရာပေါင်း အနည်းငယ်ခန့်က သူ လူသားတစ်ယောက် အထောက်အထားကိုယူပြီး ဧကရာဇ်နန်းတော်တွင် အမတ်ရာထူးတစ်ခုကို ရရှိခဲ့ဖူးသည်။ ထိုအကြောင်းကြောင့် နန်းတွင်းစာကြည့်ဆောင်ကို ဝင်ရောက်ခွင့်ရရှိခဲ့ပြီး အများပြည်သူထံ မချပြထားသော ရှေးဟောင်းအကြောင်းအရာများကို ဖတ်ရှု့ခွင့် ရရှိခဲ့သည်။ စာအုပ်အများစုက ပြင်းပြင်းထန်ထန် ထိခိုက်ထားပြီး အတွင်းတွင် ပါဝင်သောအကြောင်းအရာများက အလွန်ထူးဆန်းပြီး တရားမဝင် ရောင်းဝယ်မှုများအထိသာမက အချို့သော သဘာဝလွန်အကြောင်းအရာများကိုပါ မှတ်တမ်းတင်ထားခဲ့သည်။ ဥပမာအားဖြင့်ဆိုသော် ကိုးမြီးမြေခွေးက လကိုဆုတောင်းနေသည့်ဇာတ်လမ်း၊ လမင်း၏အဆီအနှစ်ကို စုပ်ယူပြီး အပင်များက မိစ္ဆာများအဖြစ် အသွင်ပြောင်းလဲနိုင်ခြင်း၊ လပြည့်ရက်များတွင် ငှက်မိစ္ဆာက လူသားများအဖြစ် အပြည့်အဝ အသွင်ပြောင်းနိုင်ခြင်း အစရှိသည်တို့ ပါဝင်ပေသည်။ ထိုအကြောင်းအရာများက လူသားစာပေပညာရှင်များ၏ စိတ်ကူးယဉ်မှုများဟု သူ့စိတ်ထဲ ထင်ခဲ့သော်လည်း အကြောင်းအရင်းအချို့ကြောင့် သူ့စိတ်ထဲတွင် ထိုအကြောင်းများ အမြဲရှိနေခဲ့သည်။
ယခုအခါ ဖူလီ၏ စာမေးပွဲအဖြေလွှာပေါ်တွင် ခပ်ဆင်ဆင်အကြောင်းအရာများကို မြင်လိုက်ရသည့်အခါ အံဩတကြီးဖြစ်မှုအပြင် ထိုနည်းလမ်းများက ရှေးဟောင်းမိစ္ဆာများ အမှန်တကယ်ကျင့်ကြံခဲ့သည့် နည်းစနစ်များဟု ခံစားလိုက်ရသည်။ ထိုအချိန်က ကျင့်ကြံရေးနည်းလမ်းများက ရိုးစင်းပြီး ကြမ်းတမ်းခက်ခဲလှသော်လည်း သဘာကို ရိုသေလေးစားမှုအား ရုပ်လုံးဖော်ထားသည်။ မျက်မှောက်ခေတ်ကျင့်ကြံရေးနည်းလမ်းများက နည်းဗျူဟာများကိုသာ အသာပေးထား၍ သဘာဝအပေါ်မူတည်ပြီး ကျင့်ကြံခြင်း၏ လွှမ်းမိုးက သိသိသာသာ လျော့ကျသွားသည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့် မိစ္ဆာများနှင့် လူသားတို့က သဘာဝအပေါ် လေးစားအားကိုးမှု တဖြည်းဖြည်း လျော့ပါးလာသည်။ ၎င်းက ကောင်းသည်ဆိုးသည်ကိုလည်း သူ မပြောနိုင်တော့ပေ။
" ဘော့စ် ဘာဖြစ်လို့လဲ..."
ချူးယွီနှင့် ရှုယွမ်တို့ကလည်း ကျွမ်းချင် အဖြေလွှာစာရွက်ရှာသည်ကို ကူညီပေးနေခြင်းဖြစ်သည်။ ကျွမ်းချင်၏ တည်ကြည်သွားသော အမူအရာကို မြင်လိုက်ရသောအခါ သူ့ ကျေးဇူးရှင်လေး၏ စာမေးပွဲရလဒ်ကြောင့် ဒေါသထွက်သွားသည်ဟု တွေးလိုက်မိသည်။ သို့ဖြစ်၍ ဖူလီ့ဘက်မှ ပြောပေးလိုက်သည်။
" ကျေးဇူးရှင်လေးက လောကကြီးနဲ့ အကြာကြီးအဆက်ပြတ်သွားတော့ သူ့ရလဒ်က ခွင့်လွှတ်ပေးလို့ ရလောက်ပါတယ်..."
ကျွမ်းချင်က သူ့ကို လျစ်လျူရှု့ထားသည်။ သူ့ဖုန်းထုတ်ပြီး ဖူလီ့နံပါတ်ကို လှမ်းခေါ်လိုက်ပေသည်။
ဖူလီက လက်ရှိအချိန်တွင် စာလေ့လာနေခြင်းဖြစ်၍ ဖုန်းမြည်သံကိုကြားသော်လည်း မြန်မြန်မတုံ့ပြန်မိပေ။ ထိုသို့ဖြစ်ရခြင်းမှာလည်း ဖုန်းဝယ်ပြီးချိန်မှစ၍ တစ်ကြိမ်မှ အသံမမြည်လာဖူးသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ဖုန်းကို ဆယ်စက္ကန့်ကျော်စိုက်ကြည့်နေပြီးမှ ဖြေလိုက်သည်။
" လူကြီးမင်းဖူ..."
ဖူလီ ဖုန်းကိုင်လိုက်ပြီးချိန်တွင် ကျွမ်းချင်က စားပွဲပေါ်မှ အဖြေလွှာစာရွက်ကိုကိုင်လိုက်သည်။
" ငါ လူကြီးမင်းဖူနဲ့ ကိစ္စတချို့ ဆွေးနွေးစရာရှိသေးတယ် ဘယ်အချိန်လောက်များ အားမလဲ..."
ဖူလီက သူ့လက်ထဲမှ "Graduation Form"ကိုကြည့်လိုက်သည်။
" ငါအခု စာလုပ်နေတာ..."
" နာရီနည်းနည်းလောက်ပဲ အချိန်ယူမှာပါ... ငါ အဲဒီကို ကားမောင်းလာပြီး မင်းကိုလာခေါ်မယ်လေ..."
ကျွမ်းချင်၏လေသံက အနည်းငယ် ပျော့ပျောင်းသွားသည်။
" အဲလိုဆိုရင်ရော အဆင်ပြေလား..."
တစ်ဖက်လူ၏ လေသံက ပျော့ပျောင်းသွားသည့်အပြင် သူက အသက်မပြည့်သေးသူဖြစ်ပြီး မိဘမဲ့တစ်ယောက်ဖြစ်သည်ကို ဖူလီ အမှတ်ရသွားသည်။ သူ။ထပ်မံ မငြင်းဆိုနိုင်တော့၍ ဖူလီ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
" အဆင်ပြေပါတယ်..."
တစ်ဖက်က ဖုန်းချသွားသည့်အခါ ရှုယွမ်နှင့် ချူးယွီတို့က ကျွမ်းချင်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်ကြသည်။
ဘော့စ် ဒီနေ့ဘာဖြစ်နေတာပါလိမ့်... သူက တစ်ယောက်ယောက်ကို ကားနဲ့သွားကြိုဦးမယ့်အပြင် ဆီဖိုးကုန်မှာကိုလည်း စိတ်ပူမနေတော့ဘူးပေါ့လေ...
" ကျေးဇူးအများကြီးတင်ပါတယ်..."
ကျွမ်းချင်ဖုန်းချလိုက်သည်။ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၍ ဖူလီ၏ အဖြေလွှာကို ချူးယွီထံသို့ ကမ်းပေးလိုက်သည်။
" ဒါကို ငါ့ရုံးခန်းထဲ ထည့်ထားပေး..."
" ဟုတ်..."
ချူးယွီ ခေါင်းညိတ်ပြလိုက်သည်။
သူ့ကျေးဇူးရှင်လေးရဲ့ အဖြေတွေက ဘော့စ်ကို အသက်ပါမရှုနိုင်အောင် လုပ်လိုက်တာလား...
" ကြွက်နားရွက်တဲ့လား..."
ရှုယွမ်၏ အကြည့်က ထိုစာလုံးများထံ ဖျတ်ခနဲရောက်သွားသည်။ ထိုစာလုံးသုံးလုံးကို မြင်သည့်အခါ သူမက များများစားစား တွေးတောမနေတော့ပဲ ပြောလိုက်သည်။
" အရင်တုန်းက ရှေးဟောင်းစာအုပ်တွေထဲ ဖတ်ဖူးတာတော့ ကြွက်နားရွက်ကိုစားရင် အဆိပ်တစ်ရာပြီးတယ်တဲ့... ဒါပေမဲ့ နှစ်ပေါင်းများစွာကြာပြီးတော့ ကြွက်နားရွက်တွေရဲ့ အဲ့လို အံ့ဩစရာသက်ရောက်မှုတွေက ပျောက်သွားတာပဲ..."
ချူးယွီက ထိုအဖြေများကိုကြည့်ပြီး ဝမ်းနည်းစွာဖြင့် သက်ပြင်းမချပဲ မနေနိုင်တော့ပေ။
ဒါက ရှေးဟောင်းမိစ္ဆာနဲ့ ခေတ်သစ်မိစ္ဆာကြားထဲက ဗဟုသုတကွဲပြားမှုလို့ပဲ ပြောရမလား...
တစ်နာရီခန့်ကြာသောအခါ ဖူလီက စီမံခန့်ခွဲရေးဗျူရို၏ အစည်းအဝေးခန်းငယ်လေးထဲတွင် ထိုင်နေသည်။ ဗျူရို၏ လက်ရွေးစင်များကလည်း ဤနေရာတွင် ရှိနေကြသည်။ ကျွမ်းချင်က အဖြေလွှာစာရွက်အား ဖူလီ့ကိုပေးလိုက်သည်။ ဖူလီ တစ်ချက်ကြည့်လိုက်ပြီးနောက် ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။
" ငါ ဘာလို့ ၂၈မှတ်ပဲ ရတာလဲ..."
ကျွမ်းချင်က ဟွမ်စန်ကို ကြည့်လိုက်သည်။ ဟွမ်စန်က မုတ်ဆိတ်မွေးကိုပွတ်ပြီး နေရခက်သည့်ပုံဖြင့် ရယ်နေသည်။ ထိုစာရွက်က စီနီယာဖူလီ၏စာရွက်ဖြစ်ကြောင်းသိပါက အပြစ်မကင်းဟန်ဖြင့် အမှတ် ၃၀ပေးလိုက်မည်ဖြစ်သည်။
အမှားခြစ်ခံထားရသည့် မေးခွန်းအများစုကို ကြည့်လိုက်သောအခါတွင်လည်း ဖူလီက သူ့အဖြေမှားနေသည်ဟု မခံစားလိုက်ရပေ။ သူ အားလုံးကို သင်္ကာမကင်းစွာဖြင့် ကြည့်လိုက်သည်။
" ငါကြားတာတော့ အခုခေတ်မှာ စာမေးပွဲကို နောက်တံခါးက ဖြေကြတဲ့သူတွေရှိတယ်တဲ့... မင်းတို့ဌာနက အစတည်းက ရွေးထားတဲ့သူရှိပြီးသားဆိုတော့ ငါ့ရဲ့တိုက်ခိုက်ရေးပိုင်းအမှတ်တွေ ကောင်းနေတာနဲ့ ရေးဖြေအမှတ်ကို တမင်လျှော့ပစ်တာမလား..."
လူအားလုံး : သူ အဲ့လိုစကားတွေကို ကျယ်ကျယ်ပြောနိုင်တဲ့အထိ ယုံကြည်ချက်ဘယ်လောက်တောင် ရှိနေတာလဲ...
အဖြေလွှာကို စစ်ဆေးရန် ဦးဆောင်တာဝန်ယူထားရသော ဟွမ်စန်က သူ၏ ဂနာမငြိမ်ဖြစ်မှုများကို ဖုံးကွယ်ရန် အသည်းအသန်ကြိုးစားနေရသည်။ ဖူလီ့ကို အမှတ်ခြစ်ခဲ့သူက သူကိုယ်တိုင်ဖြစ်ကြောင်း ဖူလီ့ကိုမည်သည့်အခါမှ သိခွင့်မပြုဟု သူ့ရင်ထဲတွင် တီးတိုးပြောနေလိုက်သည်။
ဖူလီက စွမ့်ယွီလိုအကောင်ကြီးကိုတောင် တစ်ချက်တည်း လွင့်ထွက်သွားအောင်လုပ်လိုက်တာ သူ့လိုမျိုး ဆိုက်ဘေးရီးယားဖျံနီညိုတစ်ကောင်ဆိုရင်တော့ ပြောနေစရာကို မလိုတော့ဘူး...
" မင်း အတွေးတွေများနေတာပါ ငါတို့က မင်းကို တမင်သက်သက် အမှတ်နည်းနည်းပဲပေးတာ မဟုတ်ဘူး... မင်းရဲ့အဖြေတွေက လက်ရှိကျင့်ကြံရေးလောကနဲ့ သဟဇာတ မဖြစ်နေလို့ပါ..."
ကျွမ်းချင်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ ဖူလီကို ထိုင်ခိုင်းလိုက်ပြီးနောက် စကားဆက်ပြောသည်။
" ငါက နှစ် ၁၉၀၀တောင် နေလာခဲ့ပေမယ့် လရောင်ရဲ့ အဆီအနှစ်နဲ့ ယန်စွမ့်မြက်ကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး... အဲဒါကြောင့် သူတို့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ သက်ရောက်မှုတွေ ရှိနေတာကိုလည်း မသိခဲ့ဘူး..."
" လရောင်အဆီအနှစ်က နှစ်တစ်ထောင်နေမှ တစ်ခါပေါ်လာတတ်တဲ့ ရှားပါးအရာမျိုးပဲ မမြင်ဖူးဘူးဆိုတာ ပုံမှန်ပါပဲ... ဒါပေမဲ့ ယန်စွမ့်မြက်ကတော့ အဲ့လောက် မရှားပါးပဲ တွေ့နေကျပါ မင်းတို့တစ်ယောက်မှ မမြင်ဖူးကြဘူးလား..."
ဖူလီက အဖြေလွှာစာရွက်ကိုယူပြီး သူ့အဖြေကို ထောက်ပြလိုက်သည်။
" အခုခေတ် ယောင်ကျင့်ကြံသူတွေအားလုံး ပေါ့တီးပေါ့ဆ ဖြစ်ကုန်ကြပြီပဲ... မင်းတို့ လမင်းကြီးကို ဆုမတောင်းရင်လည်း ရပါတယ် ဒါပေမဲ့ ငါ့အဖြေက မှားတယ်လို့ ဘာကြောင့် ပြောရဲရတာလဲ..."
" လကို ဆုတောင်းတာက အသုံးမဝင်ဘူး... ကျွန်တော် ကြိုးစားကြည့်ပြီးပြီ..."
ကျင့်ကြံရေးဝတ္ထုများ ဖတ်ရခြင်းကို သဘောကျသည့် နျဉ်ရွှမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ဒါဆိုရင်တော့ မင်းလုပ်တဲ့နည်းလမ်းက မှားနေလို့ဖြစ်မယ်... လပြည့်ညမှာ မင်း သေချာဆုတောင်းပြီး တရားထိုင်မှ ဒါက အလုပ်ဖြစ်တာ... ရိုးရိုးရှင်းရှင်းသာ လုပ်လို့ရမယ်ဆိုရင် ငါတို့တွေ ဘာလို့ကျင့်ကြံနေတော့မှာလဲ..."
ဖူလီက အလေးအနက် ပြောလိုက်သည်။
နျဉ်ရွှမ် ချက်ချင်းသဘောပေါက်သွား၍ ခေါင်းတဆတ်ဆတ်ညိတ်ပြီး မှတ်စုစာအုပ်လေးကိုထုတ်ကာ ချရေးလိုက်သည်။
" အိုင်း အခုခေတ်မိစ္ဆာလေးတွေ ဘာမှကို မသိကြတာပဲ..."
ဖူလီ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
" မင်းတို့ရဲ့ စီနီယာတွေက ဘာလုပ်နေတာလဲ ဒါမျိုးတွေ မသင်ပေးကြဘူးလား..."
သူတို့က သူနေထိုင်ခဲ့သော တောင်ပေါ်မှ နေရောင်အောက်တွင် စကားတတွတ်တွတ်ပြောနေသည့် မျောက်ဝံဖြူကြီးနှင့် တစ်ချက်မှ မတူပေ။ အကယ်၍ ဖူလီ တစ်ခုခုကို မမှတ်မိတော့ပါက သူ့ကို ပွစိပွစိလုပ်သော်လည်း နောက်တစ်ကြိမ် ပြန်ပြောပြတတ်ပေသည်။
ဟွမ်စန်က ထိုစကားများနှင့် အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သူတို့ စာရွက်များကို စစ်ဆေးနေစဥ်က ထိုစကားများကို ရေရွတ်ခဲ့ပုံပေါ်သည်။
" ယန်စွမ့်မြက်ကတော့..."
ဖူလီက သူ၏ ချမ့်ခွန်းအိတ်ထဲကို နှိုက်နေပြီးနောက် အနည်းငယ် ရှည်လျားပြီး ထူးဆန်းသောပုံစံနှင့် အပင်တစ်ပင်ကို ထုတ်ကြည့်သည်။ ခြောက်သွေ့နေသောသစ်ကိုင်းက လေးထောင့်ပုံစံဖြစ်နေပြီး အဝါရောင်ပန်းပွင့်များအကြားတွင်လည်း သစ်ရွက်များ ရှိနေသည်။ ထူးခြားဆန်းပြားသည်မှာ ၎င်းက ချမ့်ခွန်းထဲတွင် နှစ်ထောင်ပေါင်းများစွာ ရှိနေခဲ့သော်လည်း ဖူလီ ထုတ်ယူလိုက်သည့်အချိန်တွင်မူ ယခုမှ မြေကြီးပေါ်က ဆွဲနှုတ်လာသည့်ပုံစံနှင့် တူနေခြင်းဖြစ်သည်။
" ငါ မင်းတို့ကို ဒီဟာလက်ဆောင်ပေးပါ့မယ်..."
ယခုခေတ် မိစ္ဆာများက ၎င်းတို့ကို လွယ်လွယ်မရနိုင်ကြပေ။ သူတို့က ပစ္စည်းကောင်းများဖြင့် မထိတွေ့ရသောကြောင့် ကျင့်ကြံဆင့်နိမ့်နေသည်မှာ မထူးဆန်းတော့ပေ။
ယန်စွမ့်မြက်က အဆိပ်ပေါင်းတစ်ရာကို သန့်စင်နိုင်တာလား...
အားလုံးက စားပွဲပေါ်မှ ထူးဆန်းသည့်အပင်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။
မဟုတ်သေးဘူး အဓိက အချက်ကတော့ ဒီလောက် တန်ဖိုးကြီးတဲ့ ဆေးပင်ကို ပေါင်းပင်တစ်ပင်လိုမျိုး စားပွဲပေါ် ပစ်တင်လိုက်တာကိုပဲ...
" ဘာဖြစ်လို့လဲ..."
အားလုံးက စားပွဲပေါ်ကို အထိတ်တလန့်ဖြင့် ကြည့်နေကြသည်ကို ဖူလီက စူးစမ်းနေသည်။ သူတို့က အရေအတွက်နည်းနေသည်ဟု စိုးရိမ်နေခြင်းဟု ထင်လိုက်မိသောကြောင့် အိတ်ထဲမှ နောက်ထပ် လက်တစ်ဆုပ်စာ ထပ်ထုတ်လာသည်။
" ဒါတွေယူသွားပြီးတော့ မင်းတို့အချင်းချင်း ဝေပေးလိုက်လေ... အကုန်လုံးစားပြီးသွားပြီဆိုရင် ငါ့ကို လာရှာကြ..."
" သူတို့ ကျင့်ကြံဆင့်တွေက အရမ်းမမြင့်သေးဘူး ဒီလိုမျိုး ရှားပါးတဲ့ ဆေးပင်တစ်မျိုးကို အပြင်ယူသွားမယ်ဆိုရင် ပြဿနာဖြစ်လိမ့်မယ်ထင်တယ်..."
ကျွမ်းချင်က ယန်စွမ့်မြက်အားလုံးကို စုထားလိုက်ပြီး လူတစ်ယောက်လျှင် အရွက်အနည်းငယ်စီ ဝေပေးလိုက်ကာ အခြားသောဝန်ထမ်းများအတွက် အနည်းငယ်သာ ချန်ထားလိုက်သည်။
" ဒါတွေပဲ အရင်ယူထားပါစေ ကျန်တာတွေကို မင်းပဲသိမ်းထားတာ ပိုကောင်းတယ် သူတို့လိုတယ်ဆိုရင် မင်း ထပ်ပေးလို့ ရတာပဲ..."
ကျွမ်းချင်က ယန်စွမ့်မြက်ထံမှ အကြည့်လွှဲလိုက်ပြီး အံကြိတ်ထားလျက် ကျန်ရှိနေသည်များကို ဖူလီ့လက်ထဲ ထည့်ပေးလိုက်သည်။
၎င်းတို့က ရှားပါးပစ္စည်းများမဟုတ်ပဲ သူ့ထံတွင် အပုံလိုက်ကြီး ရှိသေးကြောင်း ဖူလီ ပြောပြချင်နေသည်။ သို့ရာတွင် ယခုခေတ်က ယခင်နှင့် အခြေအနေချင်း ကွာခြားသွားပြီဖြစ်၍ ကျွမ်းချင်က အကြောင်းအရင်းရှိသောကြောင့်သာ ထိုသို့ပြောခြင်းဟု မှတ်ယူလိုက်သည်။ ထိုအတွေးဖြင့်ပင် ယန်စွမ့်မြက်များကို ချမ့်ခွန်းအိတ်ထဲ ပြန်ထည့်ထားလိုက်သည်။
ရှုယွမ်က ထိုမြက်ကို ပါးစပ်ထဲထည့်လိုက်ပြီးသည့်နောက်တွင် ထိုအရွက်က ပုံစံသာ ထူးဆန်းနေသော်လည်း အရသာက ချိုချဉ်အရသာမျိုး ရောယှက်နေသည်ကို သိသွားသည်။ အစာအိမ်ထဲရောက်ချိန်တွင် သူမခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွား၍ သက်ရောက်မှုက အလွန်နက်နဲသိမ်မွေ့ပြီး သိသာထင်ရှားလှသည်ဟု ဆိုရပေမည်။
အသိစိတ်ပြန်ဝင်လာသောအခါ သူမ မတ်တပ်ရပ်ပြီး ဖူလီ့ကို ဦးညွှတ်လိုက်သည်။
" ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ..."
အခြားသူများအားလုံးကလည်း ဖူလီ့ကို ကျေးဇူးတင်ကြသည်။ အထူးသဖြင့် မျက်နှာတစ်ခုလုံး မီးအိမ်သဖွယ်နီရဲနေသော ဟွမ်စန်က အဆိုးဆုံးဖြစ်သည်။
" အဲလို အသေးအဖွဲ့လောက်လေးကို ကျေးဇူးတင်စရာ မလိုပါဘူး..."
ဖူလီက သူတို့၏ဆွေးနွေးမှုကို မူရင်းကိစ္စဘက် ပြန်လှည့်လိုက်သည်။
" ငါ ဒီမေးခွန်းကို ဖြေထားတာ မမှားဘူမလား..."
" ဟုတ်ပါတယ် ဟုတ်ပါတယ်..."
ဟွမ်စန်က ထပ်ခါထပ်ခါ ခေါင်းညိတ်နေသည်။ ဖူလီက ကောင်းကင်ကြီးဝိုင်းပြီး မြေပြင်က ပြားနေသည်ဟုပြောလျှင်ပင် သူ ခေါင်းညိတ်ပြီး သဘောတူမိမည်ဖြစ်သည်။ ဤသို့ဖြင့် ဖူလီက မိစ္ဆာတစ်ကောင်၏ မျက်နှာကို လျင်မြန်စွာဖြင့် ဖြတ်ရိုက်လိုက်နိုင်သည်။ အရှက်ကွဲမှုက အလွန်ကြီးမားလွမ်း၍ သူက အနီရောင်အမွေးဖြင့် ဖျံနီညိုတစ်ကောင်အဖြစ် ပြောင်းလဲလုနီးနီး ဖြစ်သွားသည်။