အပိုင်း ၃၆
Viewers 17k

Chapter 36

မင်း ဘယ်မှာနေခဲ့တာလဲ...


ဖူလီက ကျွမ်းချင်ကို မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။ ကျွမ်းချင်က အနီရောင်ဘောပင်ကိုထုတ်ပြီး သူ့အမှတ်စုစုပေါင်းထဲတွင် အမှတ်ထပ်ပေါင်းပေးလိုက်သည်။ 

ဤသို့ဖြင့် ဖူလီက သူ့အဖြေများမှန်ကန်ကြောင်း သူတို့ထံတွင် မရှိသည့် အထူးအဆန်းပစ္စည်းများ တစ်ခုပြီးတစ်ခု ထုတ်ပြ၍ ပြောနေသည်ကို ဗျူရိုမှ လူအားလုံးက ငေးကြည့်နေကြသည်။ အဆုံးတွင်မူ အားလုံးက ဖူလီကို တလေးစားဖြစ်ကုန်သည်။
ဒီလောက်ပစ္စည်းကောင်းတွေ အများကြီးရှိတာကို သူက ဗျူရိုဝန်ထမ်း ဒါမှမဟုတ် လုံခြုံရေးပဲ လုပ်မယ်ပေါ့လေ... ဒီပစ္စည်းတွေကို ဆေးလုံးသန့်စင်ဂိုဏ်းကို ရောင်းလိုက်ရင်ပဲ သူ မိစ္ဆာလောကတစ်ခုလုံးမှာ ချမ်းသာပြီး စွမ်းအားကြီးတဲ့လူတစ်ယောက် ဖြစ်နေလောက်ပြီ...

" ကျေးဇူးရှင်လေး အတိတ်က ယောင်ကျင့်ကြံသူတွေအားလုံး ဒီလိုပစ္စည်းကောင်းတွေ ရှိကြတာလား..."

ချူးယွီမှာ နှစ်ထောင်ပေါင်းများစွာစောပြီး မမွေးဖွားလာခဲ့သည်ကို တိတ်တဆိတ် နောင်တရနေမိသည်။ ထိုစဉ်အချိန်က ဤနယ်မြေတစ်ခုလုံးတွင် ပစ္စည်းကောင်းများဖြင့် ပြည့်နေခဲ့ကာ နတ်ဝိညာဉ်မြက်ပင်ကလည်း ခွေးများကဲ့သို့ ပေါများခဲ့ပေလိမ့်မည်။

" ဟုတ်လောက်မှာပါ..."

ဖူလီက ပစ္စည်းတစ်ခုပြီးတစ်ခုကို သူ့အိတ်ထဲ ပြန်ထည့်နေသည်။ 

" ငါတို့တောင်ပေါ်က မိစ္ဆာတွေက နာမည်မကြီးတဲ့ မိစ္ဆာလေးတွေ ဖြစ်တာတောင်မှ ဒီပစ္စည်းတွေက ငါတို့အတွက် ပြတ်လပ်သွားတယ်လို့ကို မရှိတာ... အပြင်ဘက်က မဟာမိစ္ဆာတွေဆိုရင်တော့ ပိုပေါမှာပေါ့..."

" မဟုတ်ဘူးထင်တယ်... စီနီယာက မိစ္ဆာလေးနဲ့ မဟာမိစ္ဆာတွေကို ဘယ်လိုခွဲတာလဲ..."

ရှုယွမ်က မမေးပဲ မနေနိုင်တော့ပေ။ 

ကျူးယန်နှင့် စွမ့်ယွီကဲ့သို့ မဟာမိစ္ဆာမျိုးများပင် သူ့လက်ထဲ ကျရောက်ခဲ့ရခြင်းဖြစ်၍ ဖူလီက မိစ္ဆာလေးဟူသော အသုံးအနှုန်းကို အထင်လွဲနေသည်ဟု သူ ထင်လိုက်မိသည်။

" မဟာမိစ္ဆာတွေရဲ့ မူရင်းပုံစံက အရမ်းအန္တရာယ်များတယ်... ပြီးတော့ သူတို့ကို ကောင်းကင်နဲ့ ကမ္ဘာမြေပြင်က ဖန်တီးထားတာဆိုတော့ မွေးလာတဲ့အချိန်တည်းက တုနှိုင်းမဲ့ နတ်ဘုရားစွမ်းအားတွေကို ပိုင်ဆိုင်ကြတယ်လေ..."

ဖူလီက ရှက်ရွံ့ဟန်ဖြင့် ပြုံးလိုက်သည်။ 

" သူတို့ရဲ့ မူရင်းပုံစံတွေက ခမ်းနားထည်ဝါပြီး လေးစားစရာကောင်းတယ် ငါတို့လို မျက်စိပသာဒမဖြစ်တဲ့ ပုံစံမျိုးတွေ မဟုတ်ဘူး..."

" ဒါဆိုရင် စီနီယာရဲ့..."

ရှုယွမ်က ဖူလီ၏ မူရင်းပုံစံကို မေးမိလုနီးပါးဖြစ်သွားသည်။ ကံကောင်းသည်မှာ ဤကိစ္စကို မပြောအပ်သည့်အကြောင်း သူမ အမှတ်ရသွား၍ အမြန်မျိုချလိုက်သည်။

" မွေးရာပါစွမ်းအားဆိုတာမျိုးက ယာယီပဲခံတဲ့အရာတွေပါ... စီနီယာလိုမျိုးလူဆိုရင်  အရှေ့က စီနီယာမျိုးဆက်ကိုကျော်နိုင်တဲ့ လူငယ်မျိုးဆက်လို့ ပြောရမှာ... စီနီယာက မဟာမိစ္ဆာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်..."

အတိတ်မှ သူ၏ ဂုဏ်ပုဒ်ကို ပြန်လည်သတိရသွားဟန်ဖြင့် ဖူလီ၏မျက်နှာထက်တွင် နေရခက်သည့်ပုံစံမျိုး ပေါ်လာသည်။

" အဖြေလွှာအကြောင်း ဆက်ပြောရအောင်..."

ဖူလီက မျက်နှာအမူအရာကြောင့် အားလုံးက ချက်ချင်းပင် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။

ကြည့်ရတာ စီနီယာက တော်တော်လေး ထူးခြားဆန်းကြယ်တဲ့ ယောင်ကျင့်ကြံသူဖြစ်ပေမယ့် သူ့ရဲ့မူရင်းပုံစံက သာမညလောက်ပဲ ထင်ပါတယ်... အဲဒါကြောင့်မို့ သူတို့အားလုံး သူ့ မူရင်းပုံစံကို ဝိုင်းချီးကျူးတော့ နေရခက်သွားတာဖြစ်မယ်...

အားလုံးက အကြည့်ချင်းဖလှယ်နေသည်။ အနာဂတ်တွင် သူတို့က ဖူလီနေရမခက်စေရန် သူ၏ မူရင်းပုံစံအကြောင်း ကျိန်းသေပေါက် မပြောမိအောင် သတိထားရတော့မည်ဖြစ်သည်။ 

" ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်..."

ဖူလီ၏ မျက်နှာထက်မှ နေရခက်သွားသည့် အမူအရာကြောင့် ကျွမ်းချင် မတ်တပ်ရပ်လိုက်သည်။ 

" စာမေးပွဲအဖြေလွှာကိစ္စက ငါတို့ဘက်က အသိပညာဗဟုသုတ မလုံလောက်လို့ မင်းကို ဒုက္ခပေးမိသလို ဖြစ်သွားပါတယ်..."

" ငါ မင်းတို့ကို အပြစ်မတင်ပါဘူး..  အဲဒါက လူသားတွေ ပြောနေကျ ဟိုစကားလိုမျိုးပဲလေ..."

ဖူလီက အမူအရာက အနည်းငယ်ပို၍ သဘာဝဆန်လာသည်။ 

" မျိုးဆက်တွေအကြား ကွာခြားချက်လား အင်း အဲဒါထင်တယ်..."

ကျွမ်းချင်က အခြားလူများကို လှည့်ကြည့်လိုက်သည်။

အားလုံးက ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။

" ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် စီနီယာပြောတာ အဓိပ္ပါယ်ရှိတယ်..."

ဖူလီ ပြုံးပြလိုက်သည်။ 
" လူသားတွေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ... သူတို့ ဖန်တီးလိုက်တဲ့ စကားလုံးတွေက အဓိပ္ပါယ်အများကြီးပါနေတယ်..."

ထိုနေရာမှ လူသားကျင့်ကြံသူများအားလုံး : ငါတို့ အဲဒီအတွက် ဂုဏ်ယူရမှာလား...

ကျွမ်းချင် ဗျူရိုမှ ကားမောင်းထွက်လာစဉ်တွင် ဖူလီ့ကိုမေးလိုက်သည်။ 

" မင်း နေ့လယ်စာ မစားရသေးဘူးမလား ငါ လိုက်ကျွေးပါ့မယ်..."

" အိုး... ကျေးဇူးတင်ပါတယ်..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။

ကျွမ်းချင်က ခပ်တောင့်တောင့်ကြီး ပြုံးပြလိုက်သည်။

" ကြိုဆိုပါတယ်..."

သူက လူသားများ ယဉ်ကျေးမှုအရပြောသည့်စကားများကို နားမလည်သော မိစ္ဆာအိုကြီးဖြစ်ကြောင်း ကျွမ်းချင်မေ့သွားခဲ့သည်။ 

စားပွဲပေါ်တွင် အသားဟင်းနှစ်ပွဲ၊ အသီးအရွက်တစ်ပွဲနှင့် စားသောက်ဆိုင်က အလကားပေးသော ‌ရေညှိဟင်းရည်တစ်ခွက်ရှိပေသည်။ အငွေ့တထောင်းထောင်းနှင့် ကြည်လင်နေသော စွပ်ပြုတ်ဟင်းရည်ပေါ်တွင် ပင်လယ်ရေမှော်များကို အပိုင်းသေးလေးများ ညှပ်ထည့်ထားသည်။

ဘေးနားရှိစားပွဲကမှာလိုက်သော အသီးအရွက်ချဉ်ငါးဟင်းပွဲကို ဖူလီ လှမ်းမြင်လိုက်သည်။ အနံ့က သူ့ကို အလွန်ဆွဲဆောင်လွန်းနေသည်။  သူ ငါးဟင်းပွဲကို တစ်ချက်ကြည့်ပြီး ကျွမ်းချင်ကို ပြန်ကြည့်လိုက်သည်။ ကျွမ်းချင်က မီနူးကို တင်းကြပ်စွာဖိကိုင်ထားပြီးနောက် စက္ကန့်သုံးဆယ်ခန့် တိတ်ဆိတ်နေပြီးမှ စားသောက်ဆိုင်ပိုင်ရှင်အမျိုးသမီးကို လက်ယပ်ခေါ်ကာ ငါးဟင်းပွဲသေးတစ်ပွဲ ထပ်မှာလိုက်သည်။

ဖူလီက နှစ်၂၀၀၀ခန့် အိပ်မောကျနေခဲ့သည့် ယောင်ကျင့်ကြံသူဖြစ်သော်လည်း ယဉ်ကျေးသိမ်မွေ့စွာစားသောက်နေသည်မှာ မြင့်မြတ်သောမျိုးရိုးတစ်ခုမှ ကလေးတစ်ယောက်နှင့်ပင် တူနေသည်။ သို့ရာတွင် သူ စားသောက်နေသည့် အရှိန်ကမူ နှေးကွေးမနေပေ။ 

သူတို့ နေ့လယ်စာစားပြီးသွားသည့်အခါ စားသောက်ဆိုင်မှထွက်လာပြီး ကားပါးကင်သို့ သွားသည့်အခါ လူငယ်လေးတစ်ယောက်က ထောင့်တစ်နေရာမှ ထွက်လာပြီး ဖူလီ၏ အင်္ကျီလက်ကို လှမ်းဆွဲထားပြီး မလွှတ်တော့ပေ။

" အစ်ကိုကြီး၊ ဘော့စ်..."

ကျို့ချန်က ဖူလီကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်မှာ သူ လွှတ်ပေးလိုက်သည်နှင့် ဖူလီက ထွက်ပြေးသွားတော့မည့်အတိုင်း ဖြစ်နေသည်။ 

" ညီလေးက မျက်စိကန်းနေခဲ့လို့ အစ်ကိုကြီးက ကျွမ်းကျင်ပညာရှင်တစ်ယောက်ဆိုတာ မသိခဲ့တာပါ... ကျွန်တော့်ရှေ့မှာ နှိမ့်ချပြီး မနေပါနဲ့..."

သူ့အိတ်ကပ်ထဲ လက်နှိုက်ပြီး ချက်လက်မှတ်တစ်စောင် ပေးလိုက်သည်။

" မထွက်သွားပါနဲ့ ကျွန်တော် ကျေးဇူးတင်ချင်သေးလို့ပါ..."

ကျို့ချန်က ဖူလီ့ကိုရှာဖွေနေခဲ့သည်မှာ အလွန်ကြာပြီဖြစ်သော်လည်း အရာမရောက်ခဲ့ပေ။ သူတို့က ဤမျှကျယ်ဝန်းလှသော မြို့တော်တွင် တစ်ယောက်နှင့်တစ်ယောက် အမှတ်မထင်ဆုံတွေ့ခြင်းက ကံတရားကြောင့် ဖြစ်ပေမည်။ 

" အိုး... မင်းပဲ..."

ဖူလီ ကျို့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုလူက သူ့ဆေးများကို အတုဟု ပြောခဲ့သူဖြစ်ကြောင်း ပြန်သတိရသွားသည်။

" ငါ့ဆေးတွေက ပြဿနာ တစ်ခုခု မဖြစ်နေဘူးမလား..."

" ပြဿနာမရှိပါဘူး ဘာပြဿနာမှ မရှိပါဘူး..."

ကျို့ချန်က လက်ကိုဆွဲထားခြင်းအား လွှတ်ပေးလိုက်သည်။ သူ ချက်လက်မှတ်ထဲတွင် ငွေနှစ်သန်းဟု ဖြည့်လိုက်ပြီး ဖူလီလက်ထဲ ထိုးထည့်ပေးလိုက်သည်။ 

" ဒါ ကျွန်တော်ရဲ့ ကျေးဇူးပြန်ဆပ်မှု အသေးလေးပါ... အတိတ်က ကျွန်တော် စော်ကားခဲ့မိတာတွေရှိရင် ကျေးဇူးပြုပြီး မရှိခဲ့တဲ့ကိစ္စလိုမျိုးပဲ သဘောထားပေးပါ..."

ဂျင်ဆင်း၏သက်ရောက်မှုအကြောင်း တစ်စုံတစ်ယောက်ကို မေးမြန်းပြီး သူ့မိသားစုဝင်များစားရန် ပြန်ယူသွားချိန်မှစ၍ မိသားစုတစ်ခုလုံး၏ ကျန်းမာရေးက သိသိသာသာ တိုးတက်လာခဲ့သည်။သူ့အမေဆိုလျင် သူ ယူလာသောဆေးကို ‌သောက်ခြင်းက သူမကိုယ်ကို အကြိမ်တစ်ရာခန့် အလှပြင်ခြင်းထက်ပို၍ သက်ရောက်မှုရှိသည်ဟုပြောခဲ့ပြီး ကိစ္စများကို ကိုင်တွယ်နိုင်သည့်အတွက် သူ့ကို နေ့စဉ်နေ့တိုင်းချီးကျူးခဲ့သည်။ ယခုလက်တလော သူအိမ်တွင် ဆက်ဆံခံနေရပုံက သူမွေးပြီးနှစ်နှစ်သားအရွယ်အထိ အိမ်က ဆက်ဆံပုံနှင့် တူညီနေသည်။ 

" အစ်ကိုကြီး အခုဘယ်သွားမလို့လဲ... ကျွန်တော် လိုက်ပို့မယ်လေ..."

ကျို့ချန်၏ မျက်လုံးထဲတွင်မူ ဖူလီက အရောင်တလက်လက်တောက်ပနေသည့် ရွှေရုပ်လေးတစ်ရုပ် ဖြစ်နေသည်။ သူမှလွဲ၍ အခြားမည်သည့်လူနှင့် သတ္တဝါမှ ရှိမနေပေ။

" မလိုပါဘူး... ငါတို့ ဒီကို ကားမောင်းလာတာ..."

လျစ်လျူရှု့ခံထားရသော ကျွမ်းချင်၏လေသံက ခပ်ပြတ်ပြတ်ဖြစ်နေသည်။

" အာ ဒီအစ်ကိုချောလေးက အစ်ကိုကြီးရဲ့ သူငယ်ချင်းလား..."

ကျို့ချန်က ကျွမ်းချင်၏ သိက္ခာရှိ‌သော အပြုအမူနှင့် သူဝတ်ဆင်ထားသည့် နာမည်ကြီးတံဆိပ် အင်္ကျီကိုကြည့်ပြီး ‌သူ စော်ကား၍ မရနိုင်သည့်လူဖြစ်ကြောင်း သိလိုက်သည်။ သို့ဖြစ်၍ သူ ခြေတစ်လှမ်းနောက်ဆုတ်ပြီး တောင်းဆိုချက်တစ်ခု ထပ်လုပ်သည်။

" အစ်ကိုကြီးကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်နဲ့ လိပ်စာလေး ပေးထားပါဦး... အစ်ကိုကြီးအားရင် ကျွန်တော် သေချာပေါက် ကျေးဇူးလာဆပ်ပါ့မယ်..."

ဖူလီက ကျွမ်းချင်ကို လှမ်းမေးလိုက်သည်။
" ငါ့ရဲ့ ဖုန်းနံပါတ်ကဘာလဲ..."

" မင်း ဖုန်းကို မသုံးရသေးဘူးလား..."
ကျွမ်းချင်က မျက်လုံးအနည်းငယ်ပင့်လိုက်သည်။ 

ဖူလီက ခေါင်းညိတ်ပြသည်။ 

ကျွမ်းချင်က သူ့ဖုန်းကိုထုတ်ပြီး မှတ်ချက်ပြုလိုက်သည်။

" မင်းကို လတိုင်းအတွက် အလကားပေးထားတဲ့ ဖုန်းခေါ်ချိန်တွေက်ို မသုံးပစ်ရင် နောက်လအတွက် မရတော့ဘူးနော် မင်းက ဆက်သွယ်ရေးကုမ္ပဏီတွေကို အမြတ်ရအောင် လုပ်နေတာပဲ..."

ကျွမ်းချင်က ဖူလီ၏ ဖုန်းနံပါတ်ကို ရှာတွေ့သွား၍ အမြန်ရွတ်ပြလိုက်သည်။

ကျို့ချန်က သူ့ဖုန်းကိုကိုင်ထားလျက် ပြောလာသည်။

" နောက်တစ်ခေါက် ထပ်ရွတ်ပြလို့ ရမလား..."

ကျွမ်းချင်က သူ့ကိုမျက်ဆံလှန်ပြီး စိုက်ကြည့်လိုက်သည်။ 

ကျို့ချန်က အထစ်ထစ်အငေ့ါငေါ့ဖြင့် ပြောလာသည်။ 

" အစ် အစ်ကိုကြီးအမှားမဟုတ်ပါဘူး ကျွန်တော့်နားမကောင်းလို့ပါ..."

ကျွမ်းချင်က မျက်လွှာချလိုက်ပြီးနောက် ခပ်နှေးနှေး ပြန်ရွတ်ပြလိုက်သည်။ 

ကျို့ချန် ထွက်သွားသည့်အခါ ကျွမ်းချင်က ဖူလီ့ကို သူ့ကားပေါ် ပြန်ခေါ်လာသည်။ အဝေးတစ်နေရာကို ရောက်သည်အထိ ကားထဲတွင် တိတ်ဆိတ်နေပေသည်။ မီးပွိုင့်မီးနီနေသည့်နေရာသို့ ရောက်သည့်အခါ ကျွမ်းချင်က မေးလိုက်သည်။

" မင်းကို မေးခွန်းတစ်ခုမေးမယ်ဆိုရင် အရမ်းရဲတင်းလွန်းသလိုများ ဖြစ်သွားမလား..."

ဖူလီက သူ့ကိုလှည့်ကြည့်လိုက်သည်။

" လွန်ခဲ့တဲ့ နှစ်၂၀၀၀တုန်းက မင်း ဘယ်တောင်ပေါ်မှာ နေခဲ့တာလဲ..."

" ငါတို့နေတဲ့တောင်က ဝိညာဉ်ချီဓာတ်နည်းပြီး နာမည်လည်း သိပ်မကြီးပါဘူး... တောင်ပေါ်က မိစ္ဆာငယ်လေးတွေ အပြင်ထွက်တိုင်း သူတို့ကိုယ်သူတို့ ဝေ့ရွှေကလို့ပဲ ပြောကြတာ... အဲ့လိုပြောရင် ‌သူတို့ နည်းနည်းပိုပြီး မျက်နှာရတတ်တယ်..."

ဖူလီမှာ သူတို့အခြားလူများကို နှစ်ပေါင်းများစွာ လိမ်ညာခဲ့ရသည့်အကြောင်းများကို ပြန်ပြောသည့်အခါ အနည်းငယ်ရှက်ရွံ့လာမိသည်။ 

" အတိတ်တုန်းက မိစ္ဆာတွေရဲ့ မွေးတဲ့နေရာ၊ နောက်လိုက်ဘယ်လောက်ရှိတယ်၊ နေတဲ့တောင်က ဘယ်လောက် နာမည်ကြီးတယ်၊ မကောင်းဆိုးဝါးမိစ္ဆာတွေကို ဘယ်လောက် သုတ်သင်ခဲ့တယ်ဆိုတာတွေက  ဘယ်လောက်အရေးကြီးတယ်ဆိုတာ အခုခေတ်မိစ္ဆာတွေ မသိလောက်ဘူး... တကယ်လို့ မိစ္ဆာဖြစ်ပြီး အဲ့လိုမျိုးတွေ မရှိဘူးဆိုရင်တော့ နာမည်ကြီးတဲ့တောင်နဲ့ မြစ်ချောင်းတစ်ခုခုမှာ သွားကပ်ပြီးနေတာလည်း ပိုကောင်းတယ်..."

အတိတ်မှ ခက်ခဲလှသည့်အခြေအနေများကို လူငယ်မျိုးဆက်အား ပြန်ပြောပြနေရခြင်းကြောင့် ဖူလီ၏မျက်နှာက အနည်းငယ် နီရဲလာသည်။

" ငါတို့လှိုဏ်ဂူတွေက ဝေ့ရွှေမြစ်ဝှမ်းမှာရှိတာ... အရမ်းမြင့်တဲ့ တောင်တွေနဲ့ မတ်စောက်လွန်းတဲ့လမ်းတွေကြောင့် ဒီနေရာက တသီးတခြားဖြစ်နေလို့ လူသားတွေဆီကနေလည်း ပူဇော်ပသတဲ့ပစ္စည်းတွေ မရဘူး..."

လူသားများထံမှ ပူဇော်ပစ္စည်းများ မရရှိသည့်အကြောင်းပြောချိန်တွင် ဖူလီ၏မျက်နှာက အလွန်အမင်းနီရဲလာသောကြောင့် သွေးကြောများပင် ပေါက်ထွက်တော့မည်ဟု ထင်ရသည်။

" အခြေအနေက အဲ့လိုဆိုပေမယ့် ငါတို့တောင်ပေါ်က မိစ္ဆာငယ်လေးတွေကတော့ အရမ်းဆင်းရဲတယ်လို့ မထင်ခဲ့ကြပါဘူး... ငါတို့နေတဲ့တောင်က နာမည်မရှိပေမယ့် မြူတွေနဲ့ တိမ်တွေ တစ်နှစ်ပတ်လုံးဖုံးနေတော့ ရောင်ပြန်မြူတောင်လို့ နာမည်ပေးလိုက်ကြတယ်... မျောက်ဝံဖြူကြီးပြောတာတော့ အဲ့နာမည်ကြောင့် ငါတို့တောင်က ပိုပြီးလျှို့ဝှက်ဆန်းကြယ်တဲ့ပုံစံ ဖြစ်သွားတယ်တဲ့..." 

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာတည်းကပင် မိစ္ဆာများအကြား၌ နာမည်ကျော်ကြားမှုက အရေးကြီးမည်ဟု ကျွမ်းချင် မထင်မှတ်ထားခဲ့ပေ။ သို့ရာတွင် "ရောင်ပြန်မြူတောင်" ဟူသည့်အမည်ကို သူ အမှန်တကယ်ပင် မကြားဖူးခဲ့ပေ။ ဤနာမည်က သူဖတ်ဖူးသော ရှေးဟောင်းမှတ်တမ်းများတွင်လည်း တစ်ခါမှ မပါဝင်ခဲ့ဖူးပေ။ 

" ဒါပေမဲ့ ‌လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မတော်တဆဖြစ်ရပ်တစ်ခုကြောင့် တောင်တစ်ဝက် ဖျက်ဆီးခံခဲ့ရတယ်..."

ထိုစကားကိုပြောချိန်တွင် ကျွမ်းချင်ကိုကြည့်နေသော ဖူလီ၏အကြည့်က ပို၍လေးနက်လာပြီး မျိုးနွယ်စုကိုအခြေခံသည့် သဘောမကျမှုများ ပါဝင်လာသည်ဟု ထင်ရသည်။

" ငါ နိုးလာတဲ့အချိန်မှာ တောင်က ဖျက်ဆီးခံလိုက်ရပြီး မိစ္ဆာတွေလည်း ပျောက်သွားကုန်ကြပြီ... အတိတ်တုန်းက ငါ့ရဲ့မိတ်ဆွေတွေလည်း မရှိတော့ဘူး..."

သူ့ထံတွင် ထိုသို့သော ခါးသက်သက်အတိတ်မျိုး ရှိမည်ဟု မမျှော်လင့်ထားမိသောကြောင့် ကျွမ်းချင်က ဆက်လက်မမေးမြန်းတော့ပေ။ သူ နိုးထလာချိန်တွင် ကြုံတွေ့လိုက်ရသည့်အရာများကြောင့် မည်မျှဒေါသထွက်ပြီး ဝမ်းနည်းပူဆွေးသွားမည်ကို စိတ်ကူးမယဉ်နိုင် ဖြစ်နေသည်။ 

" ငါ သတ္တိမွေးပြီး ဘေးနားကတောင်ပေါ်က မိစ္ဆာတစ်ကောင်ကို မေးလိုက်တော့မှ ဘာဖြစ်ခဲ့တယ်ဆိုတာ သိလိုက်ရတာ..."

ထိုအဖြစ်အပျက် ဖြစ်ခဲ့သည်မှာ လွန်ခဲ့သည့် နှစ်၂၀၀၀ခန့်က ဖြစ်သော်လည်း ဖူလီက အတိတ်ဆိုးကြီးထဲမှ မလွတ်မြောက်နိုင်သေးသည့်ပုံပေါ်သည်။ သို့ဖြစ်၍ ရောင်ပြန်မြူတောင်မှ မိစ္ဆာငယ်လေးများကဲ့သို့ သူ့ကိုယ်သူ "ဝေ့ရွှေမှ မိစ္ဆာငယ်လေး" ဟုသာ ဆက်လက်ခေါ်ဆိုနေခြင်း ဖြစ်ပေမည်။ ယနေ့ထိတိုင်အောင် သူ့ပိုင်နက်နယ်မြေဖြစ်သည့်တောင်ကို ကာကွယ်လိုနေပြီး ရောင်ပြန်မြူတောင်က လုံးဝ မသုတ်သင်ခံလိုက်ရသကဲ့သို့ တွေးတောနေခဲ့သည်။

" ယောင်ကျင့်ကြံသူတစ်ယောက်ပြောတာတော့ မိုးပြာနဂါးမျိုးနွယ်က ဝေ့ရွှေတစ်ဝိုက်ကိုရောက်လာပြီး အချင်းဝက်ကီလိုမီတာပေါင်းများစွာက လယ်သမားတွေကိုလည်း ရေနစ်အောင်လုပ်ခဲ့တယ်၊ ငါတို့ရောင်ပြန်မြူတောင်က ယောင်ကျင့်ကြံသူတွေက လူတွေ ခံစားနေရတာကို မကြည့်ရက်လို့ ရှေ့ထွက်ပြီးတားခဲ့ကြတာ နောက်ဆုံးမှာတော့ သေသွားတဲ့သူတွေရဲ့ အရိုးတောင် မကျန်ရစ်ခဲ့ဘူး..."

ဖူလီ၏အသံက ငြိမ်သက်အေးချမ်းလွန်းနေသည်။

" ရောင်ပြန်မြူတောင်တစ်ခုလုံးမှာ သူတို့အားလုံးက အရွယ်ရောက်တဲ့အထိ စောင့်ရှောက်ပေးခဲ့ကြတဲ့ ငါတစ်ယောက်တည်းကပဲ အိပ်ပျော်နေလို့ အသက်ရှင်ခဲ့တာ..."

" ငါ တောင်းပန်ပါတယ် မင်းရဲ့ အတိတ်အကြောင်းကို ငါ မမေးခဲ့သင့်ဘူး..."

ကျူးယန်ကလည်း ထိုသို့သောဖြစ်ရပ်ကိုပြောပြခဲ့ဖူးကြောင်း ကျွမ်းချင် ရုတ်ချည်း အမှတ်ရသွားသည်။ ဝေ့ရွှေတွင် ပြဿနာရှာခဲ့ကြသော မိုးပြာနဂါးများကြောင့် ယောင်ဧကရာဇ်က ဒေါသထွက်ခဲ့သည်ဟု ကျူးယန်က ပြောခဲ့လေသည်။ အဆုံးတွင် အချို့က သေဆုံးခဲ့ပြီး အချို့က ဒဏ်ရာရခဲ့သောကြောင့် ဇာတ်သိမ်းမလှခဲ့ကြပေ။ ကျွမ်းချင်က ကားကိုဘရိတ်နင်းပြီး လမ်းဘေးတစ်နေရာတွင် ရပ်လိုက်သည်။

"ဒါဆိုရင် မိုးပြာနဂါးနည်းနည်းကို ဘယ်သူသတ်ခဲ့လဲဆိုတာရော မင်းသိလား..."

ဖူလီက သူ၏အမှတ်တရများထဲမှ ပြန်ရုန်းထွက်လာသည်။ 

" အိုး အဲဒါငါလေ..."

သူ့လေသံက အေးအေးဆေးဆေးဖြစ်လွန်းနေသည်။ အေးဆေးလွန်းသောကြောင့် ဈေးတွင် ဝက်သားတစ်တုံးဝယ်နေသည်နှင့်ပင် တူနေသည်။