Chapter 37
ဖြစ်စဉ်များ
" အဲ့လိုလုပ်ခဲ့တာ မင်းလား..."
ကျွမ်းချင်က ဖူလီ့ကို စိုက်ကြည့်နေသည်မှာ သမိုင်းမှတ်တမ်းထဲမှ ဂေါ်ဇီလာတစ်ကောင်ကို ကြည့်နေသည်နှင့်ပင် တူနေသည်။
" မင်းပဲ နဂါးမျိုးနွယ်နဲ့ ဆက်ဆံရေးအဆင်မပြေဘူးလို့ ပြောတယ်မလား... ဘာလို့ အရမ်းလန့်သွားရတာလဲ..."
ဖူလီ နားမလည်နိုင်ပေ။
" ငါရောက်သွားတဲ့အချိန်မှာ အဲဒီမိုးပြာနဂါးတွေအကုန် ဦးချိုအချိုးခံတဲ့လူက အချိုးခံရ တစ်ချို့ကျတော့ ခြေလက်တွေပြတ်ကုန်တာ... တချို့ကျတော့လည်း ကြေးခွံတွေကို အဖဲ့ခံထားရလို့ ဝေ့ရွှေမြစ်ပေါ်မှာ မျောနေပြီး မလှုပ်နိုင်ကြတော့ဘူး... သူတို့ အဲ့လောက် သနားစရာကောင်းတဲ့ပုံစံဖြစ်နေတာကိုတောင်မှ ငါ့ကို အမွေးထူထူနဲ့ အိမ်မွေးတိရစ္ဆာန်လို့ စော်ကားကြဖို့ မမေ့ဘူး... ငါလည်း သူတို့ကို အရမ်းမုန်းသွားတာနဲ့ သူတို့အခြေအနေဆိုးနေတဲ့အချိန်မှာ တိုက်ဖို့ကို မရှက်တော့ဘူး ငါ တချို့ကိုသတ်ပစ်တာ် တချို့ကိုတော့ ဒဏ်ရာရအောင်လုပ်လိုက်ပြီး မင်းတို့နဂါးမျိုးနွယ်က စစ်ကူတွေ ရောက်မလာခင် ထွက်ပြေးလာလိုက်တယ်..."
" ငါ့မှာအမွေးတွေရှိနေတော့ရော ဘာဖြစ်လဲ အမွေးမရှိတဲ့အကောင်တွေကမှ ရုပ်ဆိုးတာ..."
ဖူလီက အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။
" ငါကလည်း သွေးနှောနဂါးလို့ပဲ သတ်မှတ်လို့ရပါတယ် ငါ့သွေးကြောထဲမှာလည်း လူသားသွေးတွေ စီးဆင်းနေတာပဲလေ..."
ယခုအချိန်တွင်မူ ကျွမ်းချင်က နဂါးမျိုးနွယ်ဘက်မှ ဘက်လိုက်ပေးရန်စိတ်ကူး အနည်းငယ်မျှပင် ရှိမနေပေ။ သူ့ထံတွင် လူသားသွေးများ ရောနှောပါဝင်နေကြောင်း အထူးတလည်ပြောပြလိုက်ခြင်းက သူနှင့် မိုးပြာနဂါးများက မတူညီကြောင်း ဖူလီယုံကြည်သွားစေရန် ဖြစ်သည်။ သို့ရာတွင် ဖူလီပြောသည့်စကားများကို နားထောင်ပြီးသည့်အခါ သူက ကျူးယန်ပြောပြသော ယောင်ဧကရာဇ်နှင့် ဆက်စပ်မှုမရှိကြောင်း သေချာသွားခဲ့သည်။ ဖူလီက ကံကောင်းသူတစ်ယောက်ဟုပင် မှတ်ယူရပေမညါ။
လေပြင်းများဖြစ်ပေါ်စေနိုင်ပြီး မိုးခေါ်နိုင်သော ယောင်ဧကရာဇ်က အစိုးရန်ဝန်ထမ်းဖြစ်လာရန်အတွက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရန် ကြိုးစားနေသည်က မဖြစ်နိုင်ကြောင်းကို ဦးနှောက်ရှိသူတိုင်း သိနိုင်ပေသည်။ အရယ်ရဆုံးဇာတ်လမ်းတွဲများပင် ထိုသို့သောဇာတ်ကွက်မျိုး ရှိမည်မဟုတ်ပေ။ အကယ်၍ ဖူလီကဲ့သို့သောမိစ္ဆာမျိုးက ယောင်ဧကရာဇ်ဖြစ်ခဲ့ပါက မိစ္ဆာမျိုးနွယ်စုတစ်ခုလုံး လွန်ခဲ့သော နှစ်၂၀၀၀ခန့်တည်းက မျိုးတုန်း ပျောက်ကွယ်သွားခဲ့နိုင်သည်။ ထိုသို့ပျက်စီးရသည့် အဓိက အကြောင်းရင်းကလည်း မိုးပြာနဂါးမျိုးနွယ်ကြောင့် ဖြစ်နိုင်သည်။
" လွန်ခဲ့တဲ့သုံးနှစ် ငါနှိုးလာတုန်းက ငါ နေခဲ့တဲ့တောင်ပေါ်ကို တစ်ခါလောက်တော့ ပြန်သွားကြည့်ချင်ခဲ့တာ... အဲ့တောင်က ဘေးနားမှာကပ်နေတဲ့တောင်နဲ့ လုံးဝပေါင်းလုနီးပါး ဖြစ်နေတာ... ဘေးနားက တောင်ရှု့ခင်းတွေကိုကြည့်ဖို့ လူသားတွေကတောင် နိုင်ငံခြားသားတွေကို လက်မှတ်ရောင်းနေတာ တွေ့ခဲ့သေးတယ်..."
ဖူလီ ထိုအချိန်ကအကြောင်းကို ပြန်တွေးမိပြီး တံတွေးမျိုချလိုက်သည်။
" အဲ့အချိန်တုန်းက တောင်တစ်ခုလုံး လူတွေနဲ့ပြည့်နေတာ ငါ အသက်ရှင်နေတုန်း အဲ့လောက်လူသားအများကြီးကို တစ်ခါမှ မတွေ့ဖူးခဲ့လို့ အမြန်ကိုယ်ယောင်ဖျောက်ပြီး ပြန်ပုန်းနေလိုက်ရတယ်..."
သူက နိုင်ငံခြားသားအများဆုံးလာရောက်သည့်အချိန်နှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်မည်ဟု ကျွမ်းချင်တွေးလိုက်မိသည်။
" အဲဒီတောင်ရဲ့နာမည်ကဘာလဲ..."
ထိုသို့သော ပျင်းစရာကောင်းသည့်မေးခွန်းမျိုး မေးလိုက်မိသည့်အတွက် သူ့ဦးနှောက်က ရေပေါ် ပေါလောပေါ်နေခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။ သူ ကားစက်နှိုးပြီး ရှေ့ကို တဖြည်းဖြည်းမောင်းထွက်လာသည်။
" အတိတ်တုန်းက ဘယ်လိုခေါ်လဲတော့ ငါ မသိဘူး အခုတော့ လူသားတွေက ချင်းလင်လို့ခေါ်နေပြီ..."
လူသားလောကတွင် နှစ်၁၉၀၀ခန့် နေခဲ့ပြီး မြင့်မြတ်အနုပညာခြောက်မျိုးကို တတ်ကျွမ်းထားခဲ့သော ကျွမ်းချင်မှာ သူ့နဂါးသက်တမ်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ လမ်းဘေးမှ မီးတိုင်ကို သူဝင်တိုက်မိလိုက်လေသည်။
ကျုံးနန်တောင်က ချင်းလင်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ ချင်းလင်မှ လူအများစုက လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုနေရာကို ခွန်းလွန်တောင်ဟု ခေါ်ခဲ့ကြသည်။ တရုတ်ပြည်၏အစက ခွန်းလွန်ကဟု ဆိုကြပေသည်။ မြေပုံနှင့် စာအုပ်များပေါ်ရှိ လက်ရှိခွန်းလွန်တောင်ကမူ ဒဏ္ဍာရီထဲမှ ခွန်းလွန်တောင်နှင့် မည်သို့မျှ မသက်ဆိုင်ခြင်းလည်း ဖြစ်နိုင်သည်။
ထိုသို့ဖြစ်ရခြင်းမှာ ခွန်းလွန်တောင်ကို ဝန်းရံထားသော ဒဏ္ဍာရီများက ခေတ်တစ်ခုတွင် ပျောက်ကွယ်သွားခဲ့ခြင်းကြောင့်ဖြစ်သည်။ တောင်တစ်ခုလုံးက ပျောက်ကွယ်သွားခြင်း သို့မဟုတ် သက်ရှိများ ရှာမတွေ့နိုင်သည့် နေရာတစ်ခုသို့ ရွှေ့ပြောင်းသွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။
ကျွမ်းချင် လှမ်းကြည့်လိုက်သည့်အခါ ကားခေါင်မိုးပေါ်မြှုပ်ထားသောရတနာက ပြုတ်ကျမသွားသေးပေ။
တော်သေးတယ်...
သူ အာမခံကုမ္ပဏီနှင့် ယာဉ်ထိန်းရဲများကို ဖုန်းဆက်ခေါ်ပြီးမှ ဖူလီ့ဘက်လှည့်ပြီး စကားပြောလိုက်သည်။
" မင်းက ခွန်းလွင်တောင်ပေါ်မှာ မွေးခဲ့တာလား..."
" ခွန်းလွန်တောင်က ငါတို့တိုင်းပြည်ကဲ့ အနောက်ပိုင်းမှာ ရှိတာမလား... အဲဒါ ငါနဲ့ ဘာဆိုင်နေလို့လဲ... ပြီးတော့ ငါအဲ့မှာနေတယ်ဆိုတာနဲ့ပဲ အဲ့နေရာမှာ မွေးခဲ့တယ်လို့ မဆိုလိုဘူးလေ..."
ကျွမ်းချင်က ဧကရာဇ်ထံတွင် မှူးမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော နဂါးအစစ် ဟုတ်မဟုတ် ဖူလီ သံသယဝင်လာခဲ့သည်။
သူ ဒီလို ပထဝီဝင်အကြောင်းနဲ့ဆိုင်တဲ့ ဗဟုသုတလေးကိုတောင် ဘာလို့ မသိရတာလဲ...
ဖူလီက သူနေထိုင်သည့်တောင်ကိုပင် မသိသော လေးနှစ်အရွယ်ကလေးတစ်ယောက်သဖွယ် အခြေအမြစ်မရှိသည့် မေးခွန်းများကို ဆက်တိုက်မေးနေခဲ့သည်။ ကျွမ်းချင် ထိုင်ခုံခါးပတ်ကိုချွတ်လိုက်ပြီး ဒေါသထွက်လွန်းသောကြောင့် အော်ရယ်မိမတတ်ဖြစ်လာသည်။
" မင်း အတိတ်တုန်းက တောင်ပေါ်က ဆင်းမလာတာ တော်သေးတယ် မဟုတ်ရင် မင်းကိုရောင်းချင်တဲ့သူတွေကို ကူညီသလိုဖြစ်နေမှာ..."
ကျွမ်းချင် စိတ်မကြည်မလင်ဖြစ်သွားသည်ကို မြင်၍ ဖူလီခေါင်းခါလိုက်မိသည်။ သူ၏ ဒေါသထွက်လွယ်သော စိတ်အခြေအနေက အလွန်ဆွဲဆောင်မှု ရှိမနေပေ။
ပြီးတော့ သူ့ရဲ့မူလခန္ဓာကိုယ်က တန်ဖိုးကြီးတာမှ မဟုတ်တာ ဘယ်သူဝယ်ချင်မှာလဲ...
သူနှင့် ကျွမ်းချင်၏ စကားဝိုင်းက ယာဉ်တိုက်မှုအသေးစားလေးဖြင့် အဆုံးသတ်သွားရသည်။ ဖူလီက ညနေဘက်တွင် အလုပ်တက်ရဦးမည်ဖြစ်၍ ကျွမ်းချင်ကို ယာဉ်တိုက်မှုဖြစ်သည့်နေရာတွင် ထားခဲ့ပြီး အများသုံးယာဉ်ဖြင့် ထွက်သွားလိုက်သည်။
ကျွမ်းချင်က ထိုနေရာတွင်ရပ်နေပြီး ဖူလီ၏ ခန္ဓာကိုယ် သေးသေးလေးက သက်ကြီးပိုင်းအမျိုးသား အမျိုးသမီးများဖြင့်ပြည့်နေသော ဘတ်စ်ကားထဲသို့ တိုးဝင်သွားသည်ကို ကြည့်နေမိသည်။ သူ့ကားကို နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်ပြီး ထိုနေရာတွင် အရူးတစ်ယောက်သဖွယ် အချိန်အတန်ကြာအောင် ရပ်နေပြီးမှ အသိစိတ် ပြန်ကပ်လာသည်။ သူ့ကားကြောင့် နှလုံးသားထဲတွင်လည်း နာကျင်လာရသည်။
ဖူလီကြောင့် သူ အလွန်ဒေါသထွက်သွားရ၍ ရူးနှမ်းလုမတတ်ပင် ဖြစ်လာသည်။
ယခုအချိန်မျိုးတွင် ဘတ်စ်ကားစီးသူ များများစားစားမရှိလှသော်လည်း ဖူလီတက်လာသောကားပေါ်တွင်မူ လူအနည်းငယ်ရှိနေသည်။ ခရီးသည်များ၏ မျက်နှာအမူအရာများက အေးတိအေးစက်နှင့် စိတ်မပါလက်မပါဖြစ်နေသည်။ အချို့သောလူကြီးများက ပြတင်းပေါက်ဘောင်ကိုမှီကာ အိပ်ပျော်နေကြသည်။
သက်ကြီးပိုင်များအချို့က ကားပေါ်တက်လာပြီး ထိုင်နေကြသည့် မိန်းကလေးငယ်များကို ကြည့်နေသည်။ ထိုမိန်းကလေးများက သူတို့ကို နေရာဖယ်ပေးလိုက်သည်။ အချို့က ကျေးဇူးတင်စရာပြောကြသော်လည်း အချို့က နှုတ်ဆိတ်နေပေသည်။
" မိန်းကလေး..."
ထိုင်ခုံနေရာတစ်ခုရလိုက်သည့် သက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်က ထိုမိန်းကလေးကို လက်ယပ်ခေါ်နေသည်။
" ဒီနားလာထိုင်..."
၎င်းက အလျင်မြန်ဆုံး အမျိုးသမီးကြီးဖြစ်ပြီး ကားက တစ်ချက်ယိမ်းသွားချိန်၌ပင် အတည်ငြိမ်ဆုံးဖြစ်နေသည့် အမျိုးသမီးကြီးဖြစ်ကြောင်း ဖူလီမှတ်မိလိုက်သည်။ သူမ၏ ကြံ့ခိုင်သောခန္ဓာကိုယ်ကြောင့် ကားပေါ်တွင်ရှိသည့် တစ်ခုတည်းသောနေရာလွတ်ကို ရလိုက်ပေသည်။ အမျိုးသမီးကြီးက လက်ယပ်ခေါ်နေသည့် မိန်းကလေးကို သူလှမ်းကြည့်လိုက်မိသည်။ သူမ၏ အသားအရေက ဖျော့တော့နေကာ မသက်မသာဖြစ်နေဟန်ဖြင့် ဗိုက်ကိုဖိထားပေသည်။
" ကျေးဇူးတင်ပါတယ်..."
မိန်းကလေးက အသံတိုးတိုးဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။ သူမ ခါးကိုင်းလိုက်သည့်အခါ အခွံချွတ်ထားသောပုစွန်တစ်ကောင်ဖြင့်ပင် တူနေသည်။
" ဘာမှမဖြစ်ဘူး ရတယ်..."
အမျိုးသမီးကြီး၏အသံက အလွန်ကျယ်သည်။ သူမ စကားပြောလိုက်ချိန်တွင် ကားတစ်စီးလုံးက သူမအသံကို ကြားနေရသည်။ သူမ၏ မျက်နှာအသားအရေက နီမြန်းကာ ကျန်းမာရေးကောင်းလှသည့်ပုံပေါ်သည်။ ထိုမိန်းကလေး ကားပေါ်မှ ဆင်းချိန်အထိ သူမအနားသို့ မည်သည့်လူကြီးတစ်ယောက်မှာရောက်မလာအောင် ကာပေးထားလိုက်သည်။
သို့ဖြစ်၍ ဖူလီ လူသားများကို နားမလည်နိုင်ဖြစ်နေရသည်။ ရံဖန်ရံခါတွင် လူသားများက အလွန်တစ်ကိုယ်ကောင်းဆန်ပြီး သူတို့ရရှိထားသည့် သေးငယ်လှသော အခွင့်အရေးများကိုပင် လက်မလွှတ်နိုင်ကြသော်လည်း သူစိမ်းများကိုပင် ကူညီပေးလိုစိတ်ရှိကြချိန်လည်း ရှိနေသည်။ သူတို့က အပြည့်အဝ မကောင်းဆိုးဝါးဆန်ခြင်း သို့မဟုတ် ကြင်နာမှုအပြည့်ရှိသည့် ယောင်ကျင့်ကြံသူများနှင့် မတူကြပေ။ သူတို့က စိတ်သဘောထားကောင်းသည့် ရက်စက်သောသားရဲများ မဟုတ်ကြသကဲ့သို့ သတ်ဖြတ်လိုစိတ်ရှိသည့် နတ်သားရဲများလည်း မဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ ကောင်းကင်ဘုံက သူတို့မွေးဖွားချိန်တည်းက သူတို့၏ အကျင့်စရိုက်ကို သတ်မှတ်ပေးလိုက်သောကြောင့် ဖြစ်နိုင်သည်။
လူသားများသာလျှင် ကွဲပြားလှသော ခံစားချက်များကို ရှိနိုင်ကြပြီး ပင်ကိုဗဇများကို ကျော်လွန်ကာ မဖြစ်နိုင်သည့်အရာများကို ပြုလုပ်နိုင်ကြပေသည်။
.....
ဟိုတယ်ဝန်ထမ်းအများစုက ညဆိုင်းဆင်းရခြင်းကို မနှစ်သက်ကြပေ။ ဖူလီကမူ မည်သည့်အချိန်၌ အလုပ်လုပ်ရသည်ဖြစ်စေ သူ့အတွက်ကွာခြားသွားသည့်အရာ မရှိပေ။ ညဆိုင်းက နေ့ဆိုင်းထက်ပို၍လည်း စိတ်အေးလက်အေးရှိလှသည်။ အခန်းထဲမှလူများက ဝန်ဆောင်မှုအတွက် မခေါ်သရွေ့ နားနေခန်းထဲတွင် တိတ်ဆိတ်စွာထိုင်၍ စာဖတ်နေပြီး တစ်နာရီခြားတစ်ခါ ကင်းလှည့်ပေးနေလျှင် လုံလောက်ပြီဖြစ်သည်။
ယနေ့ ညဆိုင်းဆင်းရခြင်းကလည်း အခြားရက်များနှင့် မကွာခြားလှပဲ ထူးထူးဆန်းဆန်းကိစ္စတစ်စုံတစ်ရာမှ မဖြစ်လာခဲ့ပေ။ သူက ပထဝီဖတ်စာအုပ်ကိုကိုင်ထားပြီး စိတ်ဝင်တစားဖတ်နေသည်။
ကြည့်ရတာ ကမ္ဘာပေါ်မှာ နိုင်ငံတွေအများကြီးရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေလည်း တစ်ပြုံကြီး ရှိနေတာပဲ... အားလပ်ရက်ခရီးထွက်ရမယ်ဆို အဲ့နေရာတွေသွားရင် မဆိုးဘူး...
ကျန်းရှန် အခန်းထဲဝင်လာသည့်အခါ ဖူလီစာအုပ်ဖတ်နေသည်ကိုမြင်လိုက်ရ၍ မသမ်းပဲ မနေနိုင်တော့ပေ။
" ညလည်ခေါင်ကြီးမှာတောင် ဘာစာအုပ်တွေ ဖတ်နေပြန်တာလဲ မင်း အိပ်မငိုက်ဘူးလား..."
" အကြာကြီးအိပ်ထားရလို့ ငါမအိပ်ချင်တော့ဘူး... ဒီစာအုပ်ကလည်း စိတ်ဝင်စားစရာ ကောင်းတယ်လေ..."
" ပထဝီဖတ်စာအုပ်ကို စိတ်ဝင်စားစရာကောင်းတယ်လို့ပြောတဲ့လူကတော့ စာသင်ရတာကို စွဲလန်းနေတဲ့လူတွေပဲဖြစ်မယ်..."
ကျန်းရှန်က သူ့ဖုန်းကိုထုတ်ပြီး နားကြပ်တပ်လိုက်သည်။
" ဖူလေး ငါ ပွစိပွစိလုပ်တာတော့ မဟုတ်ပါဘူး... မင်း ဘယ်အချိန်မဆို စာဖတ်လို့ရနေတာပဲကို အခုက ညလည်ခေါင်ကြီးလေ မျက်လုံးတွေကို နည်းနည်းလောက်တော့ အနားပေးပါဦး... လူတစ်ယောက်က ဘယ်လောက်ချောနေနေ လေးလုံးဖြစ်သွားရင်တော့ သူတို့ရဲ့ခံ့ညားမှုက နည်းနည်းစီလောက် လျော့သွားတာပဲ..."
" ရပါတယ် ငါ့ရဲ့အမြင်အာရုံက အမြဲတမ်းဒီတိုင်းပဲလေ..."
ကျန်းရှန်က ဖုန်းဖြင့်ကစားနေသည်ကိုကြည့်ပြီး ဖူလီက သိချင်စိတ်ဖြင့် မေးလာသည်။
" ဖုန်းသုံးရတာ ပျော်စရ ကောင်းတာလား..."
" သေချာပေါက် ပျော်စရာကောင်းတာပေါ့... ဖုန်းမရှိတဲ့ဘဝက ငါးဆားနယ်တစ်ကောင်နဲ့ သိပ်မကွာဘူး..."
ကျန်းရှန်က ဖူလီ့အနားလျှောက်လာပြီး သူ့ဖုန်းကို ကမ်းပေးလိုက်သည်။
" လွန်ခဲ့တဲ့နှစ်ရက်တုန်းက အရမ်းအစားကြီးတဲ့လူတစ်ယောက် အင်တာနက်ပေါ်မှာ ပေါ်လာတယ်... သူ livestreamလုပ်ရင် စားစရာအပုံလိုက်ကြီးကို အားပါးတရစားပြတာ..."
ဖူလီက ဗီဒီယိုထဲမှ ခေါင်းပြောင်ပြောင်နှင့်လူကြီးကို လှမ်းကြည့်လိုက်သည်။ “...”
အဲဒါစွမ့်ယွီမဟုတ်ဘူးလား…
" သူက ညလည်ခေါင်ကြီးမှာတောင် livestream လုပ်နေတာလား... အဲဒါကို ထူးဆန်းတယ်လို့ မထင်ဘူးလား..."
ဖူလီ မမေးပဲ မနေနိုင်တော့ပေ။
" ဘယ်နားက ထူးဆန်းနေလို့လဲ... အခုခေတ်မှာ အစားကြီးတဲ့ လူတော်တော်များများက livestream လုပ်ကြတာပဲ... အဲ့လိုလူမျိုးတစ်ဝက်လောက်က မနည်းရုန်းကန်ပြီး စားရတယ်ဆိုပေမယ့် ဒီအစ်ကိုကြီးကတော့ အစကနေအဆုံးထိ အေးအေးဆေးဆေးကို စားပြသွားတာ... သူစားနေတာကိုကြည့်ပြီး ငါတောင်ဗိုက်ဆာလာတယ်..."
အင်းပေါ့ သူက အေးအေးဆေးဆေးစားပြမှာပေါ့ စွမ့်ယွီက နွားအကောင်တစ်ရာနဲ့ သိုးအကောင်တစ်ရာကိုတောင် တစ်ခါတည်း အေးဆေးစားနိုင်တယ်လို့ အရင်တုန်းက ပြောကြတာပဲလေ... ဒီစားစရာအပုံလိုက်လောက်လေးနဲ့ သွားကြားတောင် မညှပ်ဘူး...
" သူ စားနေတာကြည့်ပြီး ငါဗိုက်ဆာလာပြီ..."
ကျန်းရှန်က livestreamထဲမှထွက်လိုက်ပြီး ဖူလီ့ကို ပြောလာသည်။
" ငါ ပါဆယ် သွားမှာမလို့ မင်းဘာစားမလဲ ငါဝယ်ကျွေးမယ်လေ..."
" မင်းစားတာပဲ ငါလည်းစားမယ်..."
နာရီဝက်ခန့်အကြာတွင် နားနေခန်းတံခါးကို လာခေါက်သည်။ ဖူလီ တံခါးဖွင့်ကြည့်လိုက်သည့်အခါ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားသောပစ္စည်းပို့သည့်ကောင်လေးကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသောအခါ ကောင်လေးက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
" အစ်ကိုကြီး..."
ဦးထုပ်ချွတ်လိုက်ချိန်တွင် သူ၏ ဆံပင်အစိမ်းရောင်များကို မြင်လိုက်ရသည်။
" ပါဆယ်မှာတဲ့သူက အစ်ကိုကြီးဖြစ်မယ်လို့ မထင်ထားဘူး ကျွန်တော့်ကိုreview ကောင်းကောင်းလေး ရေးပေးနော်..."
ဆံပင်အစိမ်းရောင်မိစ္ဆာက အခန်းထဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။ လူသားတစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရသောအခါ သူ့မျက်နှာထက်မှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်သည်။
" အစ်ကိုကြီးရဲ့ လုပ်ဖော်ကိုင်ဖက်လား..."
သူက ဖူလီ၏ အဝတ်အစားများကို ဂရုတစိုက် လေ့လာနေသည်။
အဲဒါက လုံခြုံရေးဝန်ထမ်းယူနီဖောင်းထင်တယ်...
သူ့အစ်ကိုကြီးက စီမံခန့်ခွဲရေးဗျူရိုရဲ့ ခေါင်းဆောင်နဲ့ ခင်တဲ့အထိ အံ့ဩစရာကောင်းနေတာကို သူက လုံခြုံရေးဝန်ထမ်း လုပ်နေတယ်ပေါ့လေ... ဗျူရိုကလူတွေက တော်တော်လေး သမာသမတ်ကျတာပဲ... သူတို့ရဲ့လူကို အနည်းဆုံးတော့ အတည်တကျဖြစ်မယ့် အလုပ်လေးတစ်ခု ရှာပေးထားသင့်တယ်...
" အထဲဝင်ပြီး ခဏထိုင်ပါဦး မိုးရွာတော့မယ်ထင်တယ်..."
ဖူလီက ပါဆယ်ထုပ်များကိုယူပြီး ကျန်းရှန်ကို မိတ်ဆက်ပေးလိုက်သည်။
" ဒါ ငါ့သူငယ်ချင်းလေ..."
" အစ်ကိုကြီး ကျွန်တော့်နာမည်က ယင်းလုပါ..."
ဖူလီက မိုးရွာတော့မည်ဟု ပြောလိုက်သည်ကို တစ်ချက်မှ သံသယမဝင်ပဲ ကျန်းရှန်ကို ပြုံးပြလိုက်သည်။
" ကျွန်တော့်ကို ရှောင်လု(အစိမ်းရောင်လေး)လို့ ခေါ်လို့ရပါတယ်..."
ကျန်းရှန် “...”
" သူ့နာမည်ထဲတွင် 'အစိမ်းရောင်' ပါသကဲ့သို့ ဆံပင်ကလည်း အစိမ်းရောင်ဖြစ်နေသည်။ သူက အစိမ်းရောင်ကို အလွန်အမင်း နှစ်သက်ပုံရသည်။ သို့ရာတွင် ကျန်းရှန်က တည့်တိုးဆန်သည့် အကျင့်စရိုက်ရှိသူဖြစ်သည်။ ဆံပင်အစိမ်းရောင်မိစ္ဆာက ဖူလီ့သူငယ်ချင်းဖြစ်ကြောင်းသိသည်နှင့် သူ့ကို ဖော်ရွေစွာဖြင့် ဖိတ်ခေါ်လိုက်ပြီး ပါဆယ်ဗူးများကို ဖွင့်နေသည်။ သူတို့သုံးယောက်လုံး စားပွဲတွင် ဝိုင်းထိုင်ကာ အားပါးတရ စားသောက်လိုက်ကြသည်။
သူတို့ စားပြီးမကြာမီအချိန်မှာပင် ပြတင်းပေါက်အပြင်ဘက်မှ လေတိုက်သံများ ကြားလိုက်ရပြီး မိုးစတင်ရွာသွန်းလာသည်။
" ဒီနှစ်ကတော့ ပုံမှန်မဟုတ်ဘူးပဲ... အရင်ထက်ကို ပိုပြီးမိုးရွာနေတာ... လွန်ခဲ့တဲ့ရက်ကလည်း မိုးသီးတွေကြွေလို့ ငါအပြင်မှာ ပါကင်ထိုးပေးရတဲ့ လျှပ်စစ်ကားကို ထိကုန်တယ်..."
ကျန်းရှန်က အူကြော်တစ်ခုကို တူဖြင့်ယူပြီး ဝါးလိုက်သည်။ သူက ဆံပင်အစိမ်းရောင်မိစ္ဆာကို ပြောလိုက်သေးသည်။
" ညီအစ်ကို မင်း ခုနက မပြန်သွားတာ တော်သေးတယ် မဟုတ်ရင် ဒီလောက်မိုးသည်းပုံနဲ့ ကြွက်စုတ်ဖြစ်သွားမှာပဲ..."
" အစ်ကိုကြီးရဲ့စကားကို ကျွန်တော် နားထောင်နေသရွေ့ ဘာမှမဖြစ်နိုင်ပါဘူး..."
ဆံပင်အစိမ်းရောင်မိစ္ဆာက ဖူလီကို အရောင်တလက်လက်တောက်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။
အစ်ကိုကြီးကတော့ တကယ့်ကို အစ်ကိုကြီးပါပဲ... သု့အတွက် ရာသီဥတုအခြေအနေကိုကြည့်ရတာ မျက်တောင်ခတ်သလောက်ပဲရှိတယ်...
တစ်စုံတစ်ယောက်က ဤမျှအလွန်အကြူးချီးကျူးသည့်လူကို ကျန်းရှန် တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ယင်းလုဟူသည့်လူက အခန်းထဲ ရောက်လာချိန်တည်းက ဖူလီ့ကို နည်းမျိုးစုံဖြင့် ချီးကျူးနေသည်။ ထောင့်တွင်ထိုင်ပြီးနားထောင်နေသောသူက မျက်နှာများ နီရဲလာသော်လည်း ထိုနှစ်ယောက်က တစ်ချက်မှ ရှက်သွားဟန် မပြပေ။ တစ်ဖက်ကလည်း အတောမသတ်နိုင်အောင် အလွန်အကြူးချီးကျူးနေပြီး နားထောင်နေသူကလည်း အမူအရာတစ်ချက်မှ မပြပေ။
သူတို့နှစ်ယောက်လုံး အရည်အချင်းရှိကြတာပဲ...
" ငါ အပေါ်ထပ်မှာ ကင်းသွားလှည့်လိုက်ဦးမယ် မင်းတို့ အေးဆေးစားနေကြနော်..."
ဖူလီက တူကိုချထားလိုက်ပြီး ပါးလုတ်ကျင်းကာ တံခါးမှ ထွက်ခွာသွားသည်။ ဖူလီစကားဝိုင်းမှ ထသွားပြီး မရင်းနှီးသော ကျန်းရှန်နှင့်သာကျန်ခဲ့သော်လည်း ယင်းလုက ပြောတတ်ဆိုတတ်သူဖြစ်၍ နေရခက်မည်ကို စိုးရိမ်ရန် မလိုပေ။
နားနေခန်းထဲမှ ထွက်လာသောအခါ စင်္ကြန်လမ်းတစ်လျှောက်မှ အပူချိန်က အနည်းငယ်နိမ့်နေသည်ကို ဖူလီခံစားလိုက်မိသည်။ လုံခြုံရေးထွက်ပေါ်က အစိမ်းရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်ပေါ်နေသည်။ စင်္ကြန်လမ်းတစ်လျှောက်လုံးက တိတ်ဆိတ်ငြိမ်သက်လွန်းနေ၍ ကြောက်စရာကောင်းနေသည်။ သူ အပေါ်ထပ်ကို တက်သွားလိုက်ပြီးနောက် တစ်ထပ်ပြီးတစ်ထပ် ကင်းလှည့်နေလိုက်သည်။
.....