အပိုင်း ၃၈
Viewers 18k

Chapter 38

တိုးတက်မှု


ဧည့်သည်များတည်းခိုသည့်အလွှာမှ စင်္ကြန်များက ကောဇောများခင်းထား၍ ထိုနေရာအပေါ် နင်းလိုက်သော်လည်း အသံများစွာ မထွက်လှပေ။ ထောင့်နေရာမှ ဓာတ်လှေကားက ရုတ်ချည်းပွင့်လာပြီး အတွင်းတွင်လည်း မည်သူမှ ရှိမနေပေ။ ဖူလီက ဤအထပ်ကိုစစ်ဆေးပြီးဖြစ်၍ ဓာတ်လှေကားပွင့်လာသည်ကို မြင်သောအခါ အတွင်းသို့ လမ်းလျှောက်ဝင်လိုက်သည်။

ဒင်...

ပထမအလွှာသို့သွားရန် ခလုတ်နှိပ်လိုက်သော်လည်း ထူးဆန်းသည်မှာ ဓာတ်လှေကားက အောက်သို့ဆင်းနေစဉ်အထပ်တိုင်းတွင် မိနစ်ဝက်ခန့် ရပ်တန့်နေခဲ့သည်။

....

လုံခြုံရေးဝန်ထမ်းနားနေခန်းထဲတွင် ယင်းလုနှင့် ကျန်းရှန်တို့ စကားစမြည်ပြောနေစဉ်၌ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ကျန်းရှန်က တူကိုချထားပြီး ရေရွတ်လိုက်သည်။

" ဖူလေး သော့မေ့ကျန်ခဲ့တာလား မသိဘူး..."

" နေဦး..."

ယင်းလုက တံခါးကို သုံးစက္ကန့်ခန့် စိုက်ကြည့်နေသည်။

" အနောက်ဆုတ်နေပါ ကျွန်တော်ဖွင့်လိုက်မယ်..."

ယင်းလု၏ မျက်နှာထက်တွင် သတိထားနေမှုများကို မြင်လိုက်ရ၍ ကျန်းရှန်က သူ့အလိုလို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။ ယင်းလု တံခါးဖွင့်ပြီး အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ကျန်းရှန်ဘက်ကိုလှည့်ပြီး ပြောလိုက်သည်။

" ဘာမှမဟုတ်ပါဘူး... အစ်ကိုကြီးပြန်မလာသေးဘူး ဆက်စားကြမယ်လေ..."

ကျန်းရှန်က ခေါင်းစောင်းကြည့်လိုက်မည့်အချိန်တွင် ယင်းလုက တံခါးကိုပိတ်လိုက်သည်။

......

ဓာတ်လှေကားက အထပ်တိုင်းတွင်ရပ်ပြီး တဖြည်းဖြည်းချင်း ဆင်းလာနေသည်။ ဖူလီက နောက်ဆုံးတွင် ရောက်တော့မည်ဟု ထင်လိုက်သည့်အခါ ဓာတ်လှေကား၏ ညာဘက်ခြမ်းတံခါးက ရုတ်တရက်ပွင့်သွားပြီး ဆံပင်ရှည်ကြီးက ပခုံးပေါ်ကျနေသည့် အဖြူရောင်စကတ်နှင့် မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ ဖူလီ သူမကို တစ်ချက်ကြည့်လိုက်ပြီး လူသားများ၏ အလှအပရေးရာသတ်မှတ်ချက်များက တဖြည်းဖြည်း ပိုထူးဆန်းလာသည်ဟု တွေးလိုက်မိသည်။

မျက်ခုံးမွေးတွေအားလုံးကို ရိတ်ထားပြီး နှုတ်ခမ်းကို ဖြူဖျော့ဖျော့အရောင်ကြီးဆိုးထားတာ ဘာတွေများ လှလို့လဲ...

ဖူလီက သူမကို လျစ်လျူရှု့ထားသောကြောင့် စကတ်အဖြူနှင့် မိန်းကလေးက လက်နှစ်ဖက်လုံးဆန့်ထုတ်ပြီး ဖူလီ့ရှေ့ကို ခုန်ဝင်လာသည်။ 

" နေပါဦး..."

ဖူလီက ဓာတ်လှေကားထောင့်မှ ပိုစတာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ 

" ဓာတ်လှေကားထဲမှာ ခုန်လို့မရဘူး ဒီလိုမျိုးအပြုအမူက အရမ်းအန္တရာယ်များတယ်..."

..........

.(စာမကျန်ခဲ့ပါဘူး )

တောက် တောက်...

ကြမ်းပြင်ပေါ်သို့ ရေစက်များ တတောက်တောက်ကျနေသည့် အသံယဲ့ယဲ့ ထွက်ပေါ်နေသည်။  ဖူလီ  ရောက်ရှိလာခြင်းက သူ့လုပ်ဖော်ကိုင်ဖက် လောင်လော့၏ အာရုံစိုက်မှုကို မရရှိစေခဲ့ပေ။ လောင်လော့ က သူ၏ အေးခဲတောင့်တင်းနေသောလက်တစ်ဖက်ကို ဆန့်ထုတ်ပြီး တံခါးကို ထပ်ခါ ထပ်ခါ ခေါက်နေသည်။

ဘန်း ဘန်း ဘန်း...

၎င်း၏အသံကပင် တောင့်တောင့်ကြီး ဖြစ်နေသည်။ တံခါးခေါက်သံ တစ်ချက်နှင့်တစ်ချက်အကြား ကွာဟချက်က သတိပြုမိဖွယ်ရာလည်း မရှိပေ။ 

ဖူလီက တံခါးနားလျှောက်သွားပြီး လောင်လော့ကို ပြောလိုက်သည်။ 

" မင်း ငါ့လမ်းကိုပိတ်နေတယ်..."

လောင်လော့၏ လှုပ်ရှားမှုများ ကတိုက်ကရိုက် ရပ်တန့်သွားသည်။  သူ ခေါင်းတဖြည်းဖြည်းလှည့်လာပြီး ထပ်ခါထပ်ခါ ရေရွတ်နေသည်။ 

" ငွေပေးတာကိုယူပြီး တောင်းဆိုတာကိုလက်ခံပါ... ငွေပေးတာကိုယူပြီး တောင်းဆိုတာကိုလက်ခံပါ..."

သူက ရေရွတ်နေလျက်ဖြင့် ဖူလီ၏ခေါင်းကို လှမ်းဆွဲရန် ပြင်လိုက်သည်။

ဖူလီက သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဘေးနားတိမ်းလိုက်ပြီး လောင်လော့၏လက်ကို ရှောင်လိုက်သည်။ 

" ဖူလေး မင်းဘာလို့အကြာကြီးသွားနေတာလဲ..."

ကျန်းရှန်က တံခါးဖွင့်လိုက်သည်။ လောင်လော့ရှိနေသည်ကို မြင်သောအခါ သူ ကျီစယ်လိုက်သည်။
 
" လောင်လော့ မင်းဒီည ဘယ်တွေလျှောက်သွားနေတာလဲ တစ်ကိုယ်လုံးလည်း စိုရွှဲနေတာပဲ..."

ကျန်းရှန်၏ အသံကိုကြားသည့်အခါ လော‌င်လော့က သူ့ဘက်လှည့်လာပြီး ပြုံးပြလိုက်သည်။

" ငါ မင်းကို လာတွေ့‌တာလေ..."

" ဘာအတွက်..."

ကျန်းရှန် စကားမဆုံးမီမှာပင် ဖူလီက သူ့ကို အခန်းထဲ ဆွဲခေါ်သွားသည်။ ပြင်ဆင်ထားခြင်းမရှိပဲ ရုတ်ချည်းဖြစ်ပျက်သွား၍ သူ ချော်လဲမတတ်ပင် ဖြစ်သွားသည်။

ဒုန်း...

သူ မော့ကြည့်လိုက်သည့်အခါ ဖူလီကလည်း တံခါးကို တင်းတင်းပိတ်ထားပြီး အခန်းထဲဝင်လာသည်ကို တွေ့လိုက်ရသည်။ လောင်လော့၏လက်က တံခါးကြားညှပ်သွား၍ သူ နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ ထိုမြင်ကွင်းကြောင့် ကျန်းရှန် ကြောက်လန့်သွားရ၍ စကားပြေလိုစိတ် ခဏတာပျောက်ဆုံးသွားသည်။ ခဏအကြာမှသာ သူ မေးနိုင်သည်။

" ဖူလေး မင်း သရဲဝင်ပူးခံထားရတာလား..."

သူ့စကားဆုံးချိန်တွင် လောင်လော့၏လက်က ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။

" လက်ကြီး လက်ကြီး လက်ကြီး..."

ကျန်းရှန်က ကြမ်းပေါ်ပြုတ်ကျလာသည့်လက်ကိုကြည့်ပြီး အသံများ အက်ကွဲလာသည်အထိ အော်ဟစ်လိုက်သည်။

" သူ့ လက်ကြီး ပြတ်ထွက်သွားပြီ အား..."

" အစ်ကိုကြီး ဘာတွေကြောက်နေတာလဲ..."

ဆံပင်အစိမ်းရောင်မိစ္ဆာက ကျန်းရှန်၏ ပခုံးကိုလှုပ်ပြီး နှဖူးတောက်လိုက်သည်။ 

" အိမ်မက်မက်နေတာပါ..."

" ဟင် အိမ်မက်လား..."

ကျန်းရှန်က မှင်သက်ငေးငိုင်စွာဖြင့် ခုံပေါ်သို့ ထိုင်ချလိုက်ပြီးနောက် အိပ်ပျော်လေသည်။ 

" လူတစ်ယောက်ရဲ့စိတ်က နားလည်သဘောပေါက်ဖို့ တော်တော်ခက်ခဲတာပဲ..."

ဖူလီက လက်ပြတ်ကြီးကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်ကို ဆံပင်အစိမ်းရောင်မိစ္ဆာက ကြည့်နေသည်။ ထိုလက်က မီးခိုးငွေ့အဖြစ် ချက်ချင်းပျောက်ကွယ်သွားတော့သည်။ သူ ခေါင်းခါလိုက်ပြီး ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။

" အပြင်ဘက်ကလူက ဒီအစ်ကိုကြီးကို အစားထိုးသေခိုင်းဖို့ ရွေးလိုက်မယ်လို့ မထင်ထားမိဘူး... ‌ဒါပေမဲ့ ဒီအစ်ကိုကြီးက တော်တော်လေး သတ္တိရှိတာပဲ... သူက အစားထိုးသေခိုင်းတဲ့အဆောင်ပါတဲ့ စာအိတ်အနီကို သွားကောက်ရဲရတယ်လို့..."

" သူ မကောက်ခဲ့ပါဘူး... စာအိတ်နီကို ကောက်ခဲ့တာ ငါလေ..."

ဖူလီ ခြေဆောင့်လိုက်သည်။

ဆံပင်အစိမ်းရောင်မိစ္ဆာ  “...”

သူတို့ မိစ္ဆာမျိုးနွယ်စုလည်း တော်တော်ခက်ခဲနေကြတာပဲ ဒီလောက် ငွေပမာဏလေးကိုတောင် အလဟဿအဖြစ်မခံနိုင်ကြတော့ဘူး...

" ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ..."

ဆံပင်အစိမ်းရောင်မိစ္ဆာက နားမလည်နိုင်ဖြစ်နေသည်။ 

" အဲဒီ ရန်ညှိုးထားတတ်တဲ့ တစ္ဆေက စာအိတ်နီကိုကောက်လိုက်တာ ဒီအစ်ကိုကြီးလို့ ဘာကြောင့်ထင်နေပါလိမ့်... သူ အသက်ရှင်နေတုန်းက ဒီအစ်ကိုကြီးကို သူ့အစားသေခိုင်းဖို့ တကယ်ရွေးခဲ့တာများလား..."

" သူ့မွေးနေ့ကလည်း သဟဇာတတဖြစ်နေလို့ နေမယ်..."

ထိုရက်က စာအိတ်အနီကောက်ခဲ့သောနေရာကို ဖူလီပြန်တွေးကြည့်နေလိုက်မိသည်။ ကျန်းရှန် ကင်းလှည့်နေချိန်တွင် ထိုနေရာမှ ကျိန်းသေပေါက် ထွက်သွားပေလိမ့်မည်။ ထိုအချိန်က ကျန်းရှန်မသိလိုက်ချိန်တွင် လောင်လော့က ထိုသို့ဆင်တူသည့် စာအိတ်အနီများကို သူ ကျိန်းသေပေါက်ဖြတ်သွားမည့်နေရာတွင် ချန်ထားခဲ့ခြင်းဖြစ်နိုင်သည်။ 

ကိုယ် သေရတော့မှာကိုသိတာနဲ့ ကိုယ့်နေရာမှာ အစားဝင်သေပေးမယ့် လူတစ်ယောက်ကို ရှာတယ်ဆိုတော့... လူသားတွေက မွေးရာပါ သေခြင်းတရားကို ကြောက်တာကြောင့်များလား...
ကျန်းရှန်၏ အသက်လမ်းကြောင်းက လူသားများအကြားတွင် အလွန်ရှည်သည့် အသက်လမ်းကြောင်းဟု ဆိုနိုင်ပေသည်။ 
သူ့လိုမျိုး လူတစ်ယောက်ကို အစားသေခိုင်းမယ်ဆိုရင် တန်ရာတန်ကြေးပေးရမယ်ဆိုတာကို အဲ့လူ နားမလည်တာလား...

လူသားများ၏တွေးခေါ်ပုံကို သူမည်သို့သောအခါမှ နားမလည်နိုင်ဟု တွေးနေမိသည်။ သူ တစ်ဖက်လှည့်ပြီး ယင်းလုကို တစ်ချက်ကြည့်လိုက်သည်။ 

" ကျန်းရှန်ကို ဂရုစိုက်ပေးထားပါဦး အပြင်ဘက်က အညှိုးကြီးတဲ့တစ္ဆေကို ငါ ကြည့်လုပ်လိုက်မယ်..."

" ကောင်းပါပြီ အစ်ကိုကြီး..."

ယင်းလူက အလွန်နာခံစွာဖြင့် ကျန်းရှန်၏ဘေးတွင်ရပ်နေလိုက်သည်။

ယောင်ကျင့်ကြံသူများနှင့် ဆက်ဆံရသည်က ပိုမိုလွယ်ကူပေသည်။ ဖူလီ ရေစက်များအတွင်း ခြေချလိုက်သည့်အခါ ရေများက မြူနှင်းသဖွယ် ပျောက်ကွယ်သွားပေသည်။ လောင်လော့၏ခန္ဓာကိုယ်ကလည်း အလင်းဖောက်နိုင်သည်အထိ ကြည်လင်နေပေသည်။ 

" ငါ သေလို့မရသေးဘူး..."

လောင်လော့၏ မျက်လုံးထဲမှ သွေးများ ယိုစီးကျလာသည်။ 

" ငါ့မှာ မိန်းမနဲ့ ကလေးတွေအပြင် စောင့်ရှောက်ရမယ့်မိဘတွေရှိသေးတယ်... ငါသေသွားရင် ဘာတွေဖြစ်လာမှာလဲ..."

" ကျန်းရှန်မှာလည်း မိသားစုရှိတာပဲ သူကဘာလို့ မင်းအစားသေပေးရမှာလဲ..."

ဖူလီ၏ အမူအရာက အေးစက်နေသည်။ 

" သေခြင်းရှင်ခြင်းဆိုတဲ့အရာကို ကံကြမ္မာက အုပ်ချုပ်နေတာပဲ... တစ်မိနစ်အတွင်း မြေအောက်လောက က ယင်းချိုင် မင်းကိုလာဖမ်းလိမ့်မယ်... အသုံးမဝင်တဲ့ ရုန်းကန်တာမျိုးတွေ လုပ်မနေနဲ့တော့..."

" မင်း ဘာသိလို့လဲ..."

လောင်လော့၏ အမူအရာက ရန်လိုသည့်ဟန်ပန်ဖြစ်သွားပြီး သူ့မျက်နှာပေါ်မှ ဒဏ်ရာကြီးကလည်း အရိုးမြင်ရသည်အထိ နက်လာသည်။ 

" မင်းလိုမျိုး မိဘမဲ့တစ်ယောက်က မိန်းမလည်းမရှိတော့ သံယောဇဉ်ဆိုတဲ့အရာမျိုးတွေကိုရော သိပါ့မလား... စိတ်ခံစားချက်တွေအကြောင်းရော မင်း ဘာသိလို့လဲ... ငါ သူတို့နဲ့ အတူတူ ရှိနေနိုင်မယ်ဆိုရင် ဘာမဆို လုပ်နိုင်တယ်..."

" ငါက စိတ်ခံစားချက်တွေအကြောင်း ကောင်းကောင်းနားမလည်ဘူး ဒါပေမဲ့ မင်းမှာ ဘယ်လိုအကြောင်းပြချက်မျိုး ရှိတာဖြစ်ဖြစ် တခြားလူတွေပိုင်ဆိုင်တဲ့အရာကို လုယူခွင့်မရှိဘူး... အဲ့လိုလုယုတာက မှားယွင်းနေတာပဲ..."
ဖူလီ၏အသံက တည်ငြိမ်နေသည်။

" လူတစ်ယောက်က ငွေချေးထားတယ်ဆို ပြန်ဆပ်ရတာ သဘာဝပဲလေ... သူ ငါ့ကို အကြွေးတင်ထားတယ်... ငါ့လမ်းကဖယ်စမ်း..."

အန္တရာယ်ဖြစ်စေနိုင်သော ယင်ဓာတ်များက လောင်လော့ထံမှ တလိမ့်လိမ့်တက်လာသည်။ 

" မင်းပြောတဲ့ ငွေဆိုတာက အနီရောင်စာအိတ်ထဲက ဆယ်ယွမ်လား..."

ဖူလီ သက်ပြင်းချလိုက်သည်။ 

" လူတစ်ယောက်ရဲ့အသက်ကို ငွေဆယ်ယွမ်နဲ့ ဝယ်ချင်တယ်ပေါ့လေ... မင်းက စိတ်ကူးယဉ်လွန်းတဲ့အပြင် မင်းရဲ့စိတ်ဓာတ်ကလည်း အရှက်မဲ့လွန်းတယ်... အဲ့လောက်ကပ်စေးနဲပြီးတော့ မင်းရဲ့အစား တစ်ယောက်ယောက်ကို သေစေချင်တယ်ဆိုတော့ အဲဒါက သင့်တော်တယ်လို့ ထင်တာလား..."

" ငါ ဂရုမစိုက်ဘူး....သူ ငွေကို ကောက်သွားတာပဲဆိုတော့ ငါ့ကို အကြွေးတင်တာပဲ..."

လောင်လော့က လူသားမဟုတ်တော့ပေ။ စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်းက သူ့ကိုလွှမ်းမိုးထား၍ ဖူလီက ယခုအခါ သူ့လမ်းကိုပိတ်သူ ဖြစ်နေသည်။ ဖူလီက သူ့လမ်းကိုပိတ်ရဲသည့်အပြင် လူစားထိုးသေခိုင်းခြင်းကိုပါ သိရှိနေရသည့်အကြောင်းကိုမူ သူ၏ တစ္ဆေဦးနှောက်က မတွေးတောနိုင်တော့ပေ။

" ဒါပေမဲ့ စာအိတ်နီကိုကောက်ခဲ့တာ သူမဟုတ်ဘူး ... အဲဒီဆယ်ယွမ်ကို ငါ သုံးပစ်လိုက်တာ..."

ဖူလီက တံခါးပေါ်တွင် အရံအတားတစ်ခု ပြုလုပ်လိုက်သည်။ လောင်လော့က သူ့ဝိညာဉ်ကွဲကြေသွားသည်အထိ တံခါးကို ‌ထုရိုက်နေလျှင်ပင် အတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်တော့ပေ။

" ဘာလို့ ငါ့ရဲ့သက်တမ်းကို မယူတာလဲ..."

လောင်လော့ မျက်လုံးများက နီရဲလာပြီးနောက် ဖူလီရှိရာကို တစ်ဟုန်ထိုးပြေးလာသည်။ 

" ဒါဆိုရင်လည်း မင်း ငါ့အစား သေလိုက်ပေါ့..."

ဖူလီက လက်တစ်ဖက်ဆန့်ထုတ်ပြီး သူ့ရှေ့မှလမ်းကို ကာထားလိုက်သည်။ လောင်လော့က တစ်လက်မမှပင် လှုပ်မရတော့ပဲ ထိုနေရာတွင် အေးခဲတောင့်တင်းသွားသည်။ ဖူလီက အလွန်အမင်းကြောက်မက်ဖွယ်ရာပုံစံဖြစ်နေသည့် ‌လောင်လော့ကို ခေါင်းစောင်းကြည့်လိုက်သည်။ လောင်လော့၏ မျက်လုံးများက ကြည်လင်နေပြီး ‌အမျက်ဒေါသ၊ ဝမ်းနည်းမှုနှင့် စက်ဆုပ်မှုတို့ကင်းမဲ့နေသည်။

" အပြစ်ပြုထားမိတဲ့ ဝိညာဉ်တစ်ခုက ပြစ်ဒဏ်ပေးခံရမယ်..."

ဒင်...

ဒင်...

ဖူလီ တစ်ဖက်ကိုလှည့်ပြီး စင်္ကြန်၏အဆုံးကို ကြည့်လိုက်သည်။ လီရှု၏အရိပ်က တဖြည်းဖြည်းပေါ်လာပေသည်။

ဖူလီကိုင်ထားသော အညှိုးကြီးတစ္ဆေ၏ ခေါင်းကိုမြင်သည့်အခါ လီရှုက ကျင့်ကြံရေးလောကတွင် စီနီယာများကို နှုတ်ဆက်သည့်ပုံစံအတိုင်း ဖူလီ့ကို ဦးညွတ်အရိုအသေပြုလိုက်သည်။

" ဖူကျင့်ကြံသူ..."

" မင်း ဝိညာဉ်တွေကို ပို့ပေးဖို့ရောက်လာတာလား..."

ဖူလီက သူ ဆုပ်ကိုင်ထားသည်ကို လွှတ်ပေးလိုက်သည်။ လီရှု၏လက်ထဲမှ ဝိညာဉ်ပိတ်လှောင်ချိန်းကြိုးက အသက်ဝင်နေသည့်အတိုင်း ထွက်သွားကာ လောင်လော့ကို ရစ်ပတ်လိုက်သည်။ လောင်လော့ မည်မျှပင် ရုန်းကန်သည်ဖြစ်စေ ဝိညာဉ်ပိတ်လှောင်ချိန်းကြိုးက သူ့ခန္ဓာကိုယ်ထဲ နစ်ဝင်သွား၍ ကြောက်ခမန်းလိလိပုံစံမျိုးဖြင့် တွန့်လိမ်နေသည်။

" ဒီအညှိုးကြီးတစ္ဆေကို ကူဖမ်းပေးထားလို့ ဖူကျင့်ကြံသူကို ကျေးဇူးတင်ပါတယ်..."

လီရှုက ဝိညာဉ်ပိတ်လှောင်ချိန်းကြိုးကိုဆွဲယူပြီး ဖူလီကို နှုတ်ဆက်လိုက်သည်။

" လက်လေးတစ်ဖက်မြှောက်လိုက်ရုံပါပဲ... မင်း ဘာလို့ ဒီနေ့ ဝိညာဉ်တွေ လာသိမ်းရပြန်တာလဲ..."
ဖူလီက သိချင်စိတ်ဖြင့် မေးလိုက်သည်။


" ကံကြမ္မာများလား..."

လီရှု ပြုံးလိုက်သည်။ သူ့အကျင့်အရ အိတ်ကပ်ထဲကိုလက်နှိုက်လိုက်ပြီး ဆေးလိပ်မီးညှိရန် ပြင်လိုက်သည်။ သို့ရာတွင် ဖူလီက ဆေးလိပ်မသောက်တတ်သည့် အကျင့်ရှိကြောင်း အမှတ်ရသွား၍ လက်ပြန်ရုတ်လိုက်သည်။ 

" ဖူကျင့်ကြံသူ ဒီနေရာမှာ အလုပ်လုပ်နေဦးမယ်လို့ ကျွန်တော်မထင်ထားဘူး..."

နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ယောင်ကျင့်ကြံသူတစ်ယောက်က လူ့အဖွဲ့အစည်းထဲတွင် လုံခြုံရေးဝန်ထမ်း ဖြစ်နေလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။ 

" ငါမင်းနဲ့ တိုင်ပင်ချင်တဲ့ကိစ္စတစ်ခုရှိတယ်..."

ဖူလီ၏ ကြည်လင်ပြီး ကြည့်ကောင်းသည့်မျက်ဝန်းများကို ရင်ဆိုင်လိုက်ရသော လီရှုက တစ်ဖက်လူ၏တောင်းဆိုချက်ကို မငြင်းဆန်ရဲပေ။

" ကျေးဇူးပြုပြီးမေးပါ..."

" လွန်ခဲ့တဲ့ နှစ် ၁၉၀၀က ရောင်ပြန်မြူတောင်က ယောင်ကျင့်ကြံသူတွေ လူပြန်ဝင်စားကြပြီလားဆိုတာကို မင်းသိလား..."

" ဖူကျင့်ကြံသူ... မြေအောက်လောက က ယောင်ကျင့်ကြံသူတွေရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားလို့ မရဘူးဆိုတာ သိသင့်ပါတယ်..."

လီရှုက တောင်းပန်သံဖြင့် ပြန်ဖြေလိုက်သည်။

" သက်ရှိသတ္တဝါတွေက မိစ္ဆာအဖြစ် အသွင်ပြောင်းနိုင်ဖို့ အချိန်နဲ့ အခြေအနေတွေပက အထောက်အပံ့ပြုရပါတယ်... ပြန်ဝင်စားနိုင်လား မဝင်စားနိုင်လားဆိုတာက သက်တမ်းကုန်ဆုံးသွားတာ၊ တာအိုပျောက်ဆုံးသွားတာတွေအပေါ် မူတည်ပါတယ်..."

ဖူလီ ငြိမ်ကျသွားသည်။ ထိုအကြောင်းများကို သူ မျောက်ဝံဖြူကြီးထံမှ ကြားဖူးပေသည်။ ထိုအကြောင်းကို ရုတ်ချည်းတွေးမိသွားသောကြောင့်သာ  မေးလိုက်ခြင်းဖြစ်သည်။ သူ ခေါင်းညိတ်ပြပြီး ပြုံးလိုက်သည်။ 

" သဘောပေါက်ပါပြီ ကျေးဇူးအများကြီးတင်ပါတယ်..."

လီရှုက ခဏတာ တွန့်ဆုတ်နေမိသော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း ၁၉၂၀က ကြားဖူးခဲ့သော ကောလဟာလကို ဖူလီ့အားပြောပြရန် ‌ဆုံးဖြတ်လိုက်သည်။ 

" ဒီနှစ်တွေအတွင်းမှာ ဖူကျင့်ကြံသူတို့တောင်က မိစ္ဆာငယ်လေးတွေက နဂါးတွေရဲ့ အစာအိမ်ထဲရောက်သွားတယ်လို့ ကျွန်တော်ကြားမိတယ်..."

လက်ရှိခေတ်တွင် မိုးပြာနဂါးမျိုးနွယ်က ဩဇာညောင်းနေခြင်းဖြစ်၍ သူတို့၏ မြေအောက်လောကပင် ထိုလူများကို အနေအထားတစ်ခုအထိ ခွင့်လွှတ်ပေးထားရသည်။ 

ဖူလီက ဒီအကြောင်းတွေကို သိသွားရင်ရော ဘာလုပ်နိုင်မယ်တဲ့လဲ...

ထိုနှစ်‌က ထိုထောင်ပေါ်ရှိ ယောင်ကျင့်ကြံသူများ ပျက်စီးသွားသည့်သတင်းက ‌ကျင့်ကြံရေးလောကတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ထိုအချိန်မှစ၍ ယောင်ကျင့်ကြံသူများက မိုးပြာနဂါးမျိုးနွယ်ကို တလေးစားဆက်ဆံရတော့သည်။ ထိုမိစ္ဆာငယ်လေးများ အသက်ဆုံးရှုံးခဲ့ရခြင်းမှာ မိုးပြာနဂါးမျိုးနွယ်၏ ကြံစည်ထားမှုကြောင့်ဖြစ်သည်။

လီရှုထွက်သွားသည့်အခါ ဖူလီက တံခါးဖွင့်ပြီး နားနေခန်းထဲ ပြန်လာလိုက်သည်။ ယင်းလုက ဖုန်းကိုင်ထားလျက်ဖြင့် ပြောလာသည်။

" အစ်ကိုကြီး မိုးကဖြည်းဖြည်းတော့စဲသွားပြီ ကျွန်တော် ပါဆယ်တွေလိုက်ပို့ရဦးမယ်..."

" ကောင်းပြီလေ လမ်းမှာ ဂရုစိုက်သွားပါ..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။

ယင်းလုကလည်း ခေါင်းညိတ်ပြပြီး ခပ်သုတ်သုတ်ထွက်သွားသည်။ သူ ထွက်သွားပြီ မကြာမီအချိန်တွင် ကျန်းရှန်နိုးလာခဲ့သည်။ ခေါင်းကိုပွတ်လျက် ‌သူ မေးလိုက်သည်။

" ဖူလေး ငါ ဘယ်လိုလုပ် အိပ်ပျော်သွားတာလဲ..."

" ငါ အရမ်းအိပ်ငိုက်သွားတာများလား..."

စားပွဲပေါ်မှ ပါဆယ်ဘူးများကို ဖူလီက ရှင်းပစ်လိုက်ပြီးသည်ကို မြင်လိုက်သောအခါ မတ်တပ်ထရပ်ပြီး ဖူလီ့ကို ပြောလိုက်သည်။

" ဒါဆို မင်း နားလိုက်ဦးလေ ငါ ကင်းသွားလှည့်လိုက်မယ်..."

" ထားလိုက်ပါ ငါအခု ကင်းလှည့်ခဲ့တယ်..."

ဖူလီက တစ်သျှူးအနည်းငယ်ထုတ်ပြီး စားပါဲ

" ဖူလေး မင်းကတော့ မိတ်ဆွေစစ်ပဲ..."

ကျန်းရှန်က ဖူလီ့ပခုံးကိုလှမ်းဖက်ပြီးနောက် ခေါင်းခါလိုက်သည်။

" အိုး ဟုတ်သားပဲ ငါခုနတုန်းက အိမ်မက်တစ်ခုမက်တယ်... လောင်လော့က ငါ့ဆီကနေ ငွေချေးချင်တာတဲ့ ငါ့အိတ်ကပ်ထဲ အကြာကြီးရှာနေတာတောင် ရှာမတွေ့လို့ သူ့ကို မချေးလိုက်ရဘူး..."

ကျန်းရှန်က စိတ်ဓာတ်ကျသွားသောကြောင့် ဇက်ပုဝင်သွားခဲ့သည်။ 

" အိမ်မက်ထဲမှာတောင်  ငါက ဆင်းရဲတဲ့ခွေးတစ်ကောင်ဖြစ်နေတာပဲ... ဒီအကြောင်းကို ကြားလိုက်တဲ့သူတွေအကုန် နာကျင်သွားပြီးတော့ မျက်မြင်တွေ့လိုက်ရရင် မျက်ရည်တွေ ကျလာနိုင်တယ်... စိတ်ရောကိုယ်ပါ နွမ်းနယ်စေတဲ့ကိစ္စပါလား..."

ဖူလီက သူ့ခေါင်းကို ပုတ်ပေးလိုက်သည်။ 
လူသားလောကမှာနေပြီး ဆင်းရဲနေတယ်ဆိုတော့ တော်တော်လေး သနားစရာကောင်းတာပဲ...

" ဖူလေး မင်းလုပ်နေတာကလည်း ခွေးခေါင်းကို ပုတ်နေသလိုပဲ..."

" မင်းပြောတော့ မင်းက ဆင်းရဲတဲ့ခွေးဆို..."

“...”

.....