အပိုင်း ၃၉
Viewers 16k

Chapter 39

ကြိုဆိုပွဲ




နောက်တစ်နေ့ မနက်တွင် ဖူလီနှင့် ကျန်းရှန်တို့ အလုပ်ဆင်းရန် အဆင်သင့်ဖြစ်နေကြသည်။ သူတို့ အရှေ့ဘက်ကောင်တာသို့ ရောက်သည့်အခါ လုံခြုံရေးအစောင့်များစွာက အရှေ့ဘက်ကောင်တာမှ မိန်းကလေးများနှင့် စုပြုံပြီး တစ်စုံတစ်ရာကို ဆွေးနွေးနေပုံရသည်။ သူတို့၏ အမူအရာများက လေးနက်တည်ကြည်နေသည်။ 

" မိုးလင်းတည်းက အတင်းပြောနေကြတာလား..."

ကျန်းရှန် သမ်းဝေလိုက်သည်။

" ဧည့်သည်တွေ မမြင်စေနဲ့ဦး မဟုတ်ရင် မင်းတို့အားလုံးကို မှတ်ချက်ရေးသွားဦးမယ်..."

" မင်းအခုထိ မသိသေးတာလား..."

လီရှစ်က ကျန်းရှန်ကို အနားဆွဲခေါ်လိုက်ပြီး တိုးတိုးနေရန် ပြောလိုက်သည်။

‌" လောင်လော့ တစ်ခုခုဖြစ်လို့တဲ့..."

" လောင်လော့လား..."

ကျန်းရှန် နားမလည်ပေ။ 

" သူ မနေ့ညက အလုပ်ကိုမဆင်းလို့ ငါနဲ့ဖူလေးပဲ တစ်ညလုံးစောင့်နေရတာလေ သူ ဖျားနေလို့လား..."

လီရှစ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" သူ သေပြီ..."

" သေပြီ ဟုတ်လား..."

ကျန်းရှန်၏စိတ်ထဲတွင် မှုန်ဝါးဝါးပုံရိပ်တစ်ခု ပေါ်လာသော်လည်း ဖူလီ သူ့နားကိုလျှောက်လာသည့်အခါ ၎င်းက ပျောက်ကွယ်သွားသည်။ သူ့ခေါင်းကိုပွတ်ကာ တွေးတောနေမိပြန်သည်။
ညက လောင်လော့ ငွေလာချေးတယ်လို့ အိမ်မက်မက်ခဲ့လို့များလား...

" အင်း သူမနေ့က ညနေတုန်းက ပင်လယ်ထဲပြုတ်ကျပြီး ရေနစ်သွားတယ်တဲ့... သူ့အလောင်းကိုတောင် မနေ့က ညလယ်ခေါင်ကမှ တွေ့ကြတာ... ကြည့်ရတာတော့ သူ့မိသားစုဝင်တွေက အခု ဟိုတယ်အပြင်ဘက်မှာ ဒူးထောက်ပြီး ပြဿနာရှာနေတာထင်တယ်..."

" သူ မနေ့ညက အလုပ်ကိုတောင် မလာဘူးလေ သူ့မိသားစုကဘာလို့ ဟိုတယ်မှာ ပြဿနာလာရှာနေရတာလဲ..."

လီရှစ် ပခုံးတွန့်လိုက်ပြီး သူ့မျက်နှာထက်တွင် ကူကယ်ရာမဲ့သော အကြည့်တစ်ချက် ပေါ်လာသည်။

ဖူလီ ဟိုတယ်၏ ပင်မဝင်ပေါက်မှ ‌လမ်းလျှောက်ထွက်လာသည့်အခါ သက်ကြီးပိုင်းအရွယ်လူကြီးနှစ်ယောက်က အပြင်ဘက်တွင် ဒူးထောက်နေပြီး ကလေးငယ်နှစ်ယောက်က ဈာပနအဝတ်အစားများ ဝတ်ဆင်ထားကာ အမျိုးသမီးတစ်ယောက်က သူမမျက်နှာကို အုပ်ထားပြီး ဝမ်းနည်းပက်လက်ဖြင့် ငိုကြွေးနေသည်။ ကလေးငယ်နှစ်ယောက်၏ အမူအရာက ပျာယာခတ်ကာ ကူကယ်ရာမဲ့နေသည်။ ဖြတ်သွားဖြတ်လာများ၏အကြည့်နှင့်။မရေမတွက်နိုင်သော ကင်မရာမီးရောင်တဖျတ်ဖျတ်အောက်တွင်  သူတို့၏ သေဆုံးသွားသောဖခင်ဖြစ်သူ၏ ဓာတ်ပုံကိုကိုင်ထားသည်မှာ ခိုကိုးရာမရှိတော့သည့် ရေမှော်ပင်လေးများသဖွယ်ဖြစ်ပြီး အလွန်သနားစရာကောင်းလှသည်။

အပြင်ဘက်တွင်စောင့်ဆိုင်းနေသည့် သတင်းထောက်တစ်ယောက်က ဟိုတယ်ဝန်ထမ်း‌တစ်ယောက် ထွက်လာသည်ကို မြင်သောအခါ သူ့နားကိုကပ်လာသည်။

" မင်္ဂလာပါ... မင်းက ဒီဟိုတယ်ရဲ့ ဝန်ထမ်းလားလို့ မေးပါရစေ... လူကြီးမင်းလော့က သူ့အလုပ်ကိုသွားတဲ့လမ်းမှာ မမျှော်လင့်ပဲ သေဆုံးသွားတဲ့ကိစ္စနံ့ ပတ်သက်ပြီး မင်းရဲ့ ထင်မြင်ချက်ကို  ပြောပြနိုင်မလား...

ဖူလီ မျက်တောင်တစ်ချက်ခတ်လိုက်သည်။ အားလုံးက သူ စကားပြောတော့မည်ဟု တွေးထင်နေချိန်မှာပင်  သူ ရုတ်ချည်းပြေးထွက်သွားပြီး သတင်းထောက်က မတုံ့ပြန်နိုင်မီမှာပင် လွတ်မြောက်သွားလေသည်။ 

ကင်မရာသမားက ထိုမြင်ကွင်းက်ို မရိုက်ကူးလိုက်ရ၍ သူ့ကင်မရာက တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ထင်လိုက်မိသည်။ ထို လူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကူကယ်ရာမဲ့စွာကြည့်နေပြီး နောက်ထပ်အင်တာဗျူးရန် ပစ်မှတ်ကိုသာ ရှာဖွေရန် တတ်နိုင်တော့သည်။

ဖူလီ နောက်တစ်နေ့ အလုပ်လာတက်သည့်အခါ လောင်လော့၏ မိသားစုဝင်များက ထွက်သွားကြပြီဖြစ်သည်။ လောင်လော့က အလုပ်နေရာတွင် သေဆုံးခဲ့ခြင်းမဟုတ်သော်လည်း ဟိုတယ်က လော့မိသားစုကို ယွမ်ရှစ်သိန်းလျော်ကြေးပေးခဲ့သည်။

ဖူလီက ထိုသို့ပြုလုပ်ရခြင်းအကြောင်းပြချက်ကို နားမလည်နိုင်ပေ။ သူက လူ့အဖွဲ့အစည်း၏ ခံစားချက်ကို နားမလည်သောကြောင့်လည်းဖြစ်နိုင်ပေသည်။ 

ညနေဘက်ရောက်သည့်အခါ ဟိုတယ်တွင် မြင်ရခဲ့လှသော သူဌေးဝမ်ဟန်ကိုတွေ့လိုက်သည်။ 

ဝမ်ဟန်က အလွန်ယဉ်ကျေးလှပြီး သူ့ကိုရုံးခန်းသို့ခေါ်ကာ အပြုံးလေးဖြင့် မေးလာသည်။ 

" ကျင့်ကြံသူလေး စီမံခန့်ခွဲရေးဗျူရိုရဲ့ လူသစ်ရွေးပွဲမှာ ပါခဲ့တယ်လို့ကြားတယ်..."
[ ဒီနာမည်ကို အရှေ့မှာ ဝမ့်ဟန်လို့ ရေးမိခဲ့လို့ ဒီကစပြီး ဝမ်ဟန်လို့ ပြန်ပြောင်းလိုက်ပါတယ်ရှင့် ]

ဖူလီ ခေါင်းညိတ်ပြလိုက်သည်။

ဝမ်ဟန်၏အပြုံးက ပိုပြီးညင်သာလာသည်။
" စစ်ဆေးချက်ရလဒ်ကရော ဘယ်လိုတဲ့လဲ..."

" တိုက်ခိုက်ရေးစစ်ဆေးချက်မှာ‌ဆတာ့ ပထမရထားပါတယ်..."

ဝမ်ဟန်က ဖူလီ့ကို ထူးခြားသည့် ရတနာတစ်မျိုးသဖွယ် ကြည့်လိုက်သည်။

" ကျင့်ကြံသူလေးရဲ့ ကျင့်ကြံဆင့်က တော်တော်နက်နဲတာပဲ..."

" လက်ရှိခေတ်မှာဆိုရင်တော့ မဆိုးလောက်ဘူးထင်တယ်..."

ဖူလီက လွန်ခဲ့သည့်သုံးနှစ်က သူရင်ဆိုင်ခဲ့ရသော ယောင်ကျင့်ကြံသူမျကိုတွေးမိပြီး ရိုးရိုးသားသားဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 

" ဒါကလည်း တခြားကျင့်ကြံသူတွေက ညံ့လွန်းလို့ပါ..."

ဝမ်ဟန်  “...”

‌ဒါကို ရိုးသားပွင့်လင်းတယ်လို့ပဲ ပြောရမလား...

" ကောင်းလိုက်တာ..."

ဝမ်ဟန်က တအံ့တဩဖြင့် အော်ပြောလိုက်သည်။
 
" တကယ်လို့ ဖူကျင့်ကြံသူသာ လက်ခံမယ်ဆိုရင် ဗျူရိုက လက်ခံလိုက်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဟိုတယ်နဲ့ ကျွန်တော်တို့ဂိုဏ်းရဲ့ကိုယ်စား ကျွန်တော်က စာအိတ်နီကြီးတစ်အိတ်ပေးမယ်..."

သူတို့၏ဝမ်ယွဲ့ဂိုဏ်းတွင် စီမံခန့်ခွဲရေးဗျူရိုသို့ ဝင်ခွင့်ရသူ မရှိခဲ့ပေ။ ဖူလီက သူတို့ဂိုဏ်းသားမဟုတ်သော်လည်း သူတို့၏ဝန်ထမ်းတစ်ယောက်ဟု သတ်မှတ်နိုင်ပေသည်။ သို့ဖြစ်၍ သွယ်ဝိုက်သောနည်းအားဖြင့် ဆက်နွယ်မှုအချို့ ရှိနေသည်။ 

ယခုခေတ်တွင် အဆက်အသွယ်များစွာရှိနေခြင်းက ကောင်းသည့်အချက်တစ်ချက် ဖြစ်သည်။

ယောင်ကျင့်ကြံသူများနှင့် ဆက်ဆံရေးတိုးတက်စေရန်အတွက် သူတို့ဂိုဏ်း၏ အကြီးအကဲက ယောင်အစည်းအရုံးတွင် အမြဲတမ်းမာကျောက်သွားကစားလေ့ရှိသည်။ သူ လစဉ်လတိုင်းဆုံးရှုံးသွားသည့်ငွေက မနည်းလှပေ။ 
သူ့ဆရာက သူ့ဆီကို အလုပ်သမားအနေနဲ့ ထိုးထည့်သွားတဲ့ ကျင်ကြံဆင့်နိမ့်တဲ့ မိစ္ဆာလေးက ဒီလောက် အထင်ကြီးစရာကောင်းမယ်လို့ ဘယ်သူသိမှာလဲ...

ဝမ်ဟန်မှာ အသားပိုင်မုန့်တစ်ခုက ကောင်းကင်ပေါ်မှ သူ့ပေါ် ပြုတ်ကျလာသည်ဟု ခံစားလိုက်ရသည်။ သူတို့၏ဝမ်ယွဲ့ဂိုဏ်းတွင် သာမန်ကျင့်ကြံသူများဖြင့်သာ ပြည့်နေ၍ အင်မော်တယ်ဆေးလုံးများဖော်စပ်ခြင်းနှင့် ဆေးလုံးသန့်စင်ခြင်းတို့ မပြုလုပ်နိုင်ကြပေ။ သို့ရာတွင် သူတို့က မည်သို့ငွေရှာရမည်ကိုသိပြီး ငွေကို မည်သို့သုံးရမည်ကိုလည်း သိကြသည်။ ငွေဖြင့် ဖြေရှင်းနိုင်သည့် မည်သည့်ပြဿနာကိုမဆို ပြဿနာဟု မခေါ်နိုင်ပေ။

.....

စီမံခန့်ခွဲရေးဗျူရို၏ အတွင်းပိုင်းဌာနထဲတွင် မည်သူ့ကို လူသစ်အဖြစ် လက်ခံရမည်ကို ဆွေးနွေးနေကြသော ယောင်ကျင့်ကြံသူများနှင့် လူသားကျင့်ကြံသူများမှာ အင်္ကျီလက်ခေါက်တင်ပြီး သူတို့မှော်လက်နက်များပင် ထုတ်တော့မတတ် ဖြစ်နေသည်။ သို့ရာတွင် ကျွမ်းချင်က ထိုင်နေဆဲဖြစ်၍ သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားရသည်။ 

ယောင်ကျင့်ကြံသူများက ဖူလီနှင့် ချင်းရှောင်ဂိုဏ်းမှ ဝေ့စန်းတို့က ကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်၍ သူတို့နှစ်ယောက်ကို လက်ခံချင်နေကြသည်။ 

တစ်ဖက်တွက်လည်း လူသားကျင့်ကြံသူများက ထို နှစ်နေရာလုံးက ယောင်ကျင့်ကြံသူများဖြင့်သာ မဖြည့်ထားပဲ ဖူလီနှင့်အတူ ကျုံးဇယ်သို့မဟုတ် တာအိုပညာရှင်ချင်ရှုတို့ကို လက်ခံသင့်နေသည်ဟု ဆိုကြသည်။

" ငါတို့ရဲ့ စီမံခန့်ခွဲရေးဗျူရိုက တိုက်ခိုက်ရေးသမားတွေ လိုနေတာ... ဖူလီနဲ့ ဝေ့စန်းကို လက်ခံတာက ပိုမကောင်းဘူးလား... ပြီးတော့ ငါတို့ဆွေးနွေးတယ်ဆိုတာ ရလဒ်ကိုကြည့်တာလေ... ယောင်ကျင့်ကြံသူနဲ့ လူသားကျင့်ကြံသူတွေဆိုတာ တန်းတူညီမျှပဲ ဘာလို့ အခုချိန်မှ လူသားနဲ့မိစ္ဆာတွေကို ခွဲခြားနေရတာလဲ... ငါတို့ စီမံခန့်ခွဲရေးဗျူရိုရဲ့ ရည်ရွယ်ချက်က လူသားနဲ့ ယောင်ကျင့်ကြံသူတွေ တစ်ယောက်နဲ့တစ်ယောက် ကူခံဖေးမ ပေးဖို့ပဲလေ..."

လင်းကွေက ဝင်ပြောလိုက်သည်။

" လင်းကွေပြောတာမှန်တယ်... သတ္တဝါတွေအားလုံးက ညီတူညီမျှပါပဲ..."

ဟွမ်စန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ 

" ဒီနေ့ နေ့လယ် ကြက်ပေါင်တွေစားနေတုန်းကရော ဘာလို့ အဲ့လိုမပြောတာလဲ... တကယ်လို့ ကြက်က ရှင်နဲ့ အတူတူပဲဆိုရင် ဘာလို့မျိုးတူချင်း စားနေတာလဲ..."

ရှုယွမ်က ခွန်းတုံ့ပြန်သည်။

နေ့လည်စာစားချိန်တွင် ကြက်နှစ်ကောင်စားထားသော ဟွမ်စန်မှာ ပါးစပ်ပိတ်နေလိုက်ရတော့သည်။ 

လူသားကျင့်ကြံသူများအကြားမှ တစ်ယောက်ယောက်က တီးတိုးပြောလိုက်သည်။
 
" တကယ်လို့ ‌ရလဒ်ကိုပဲကြည့်မယ်ဆိုရင် ဒီကျင့်ကြံသူငါးယောက်ထဲမှာ ဖူလီက ရေးဖြေစာမေးပွဲမှာ အဆိုးဆုံးပဲ... ငါတို့တွေ ချင်းရှောင်ဂိုဏ်းက ဝေ့စန်းနဲ့ လွင်ပြင်ဂိုဏ်းက ကျုံးဇယ်ကို လက်ခံသင့်တယ်..."

ထိုစကားများကို ပြောလိုက်သည်နှင့် အခန်းထဲမှ ကျင့်ကြံသူအားလုံးမှာ ပြောလက်စအကြောင်းအရာများကို ရပ်တန့်သွားပြီး ထိုလူသားကို အရူးတစ်ယောက်သဖွယ် လှမ်းကြည့်လိုက်ကြသည်။ စွမ့်ယွီနှင့် ကျူးယန်ကို အမှောက်သိပ်ပြီး ရှေးဟောင်းကျင့်ကြံရေးနည်းလမ်းများကို ရှင်းပြပေးသောလူကို မရွေးချယ်ပါက သူတို့အားလုံးစိတ်မမှန်သည့်လူများ ဖြစ်ကုန်ပေမည်။ 

ဒီနှစ်မှာ သူတို့အားလုံး မျက်နှာပြောင်ပြောင်နဲ့ နောက်တစ်နေရာ ထပ်တည့်ရမယ်ဆိုရင်တောင် ဖူလီကိုတော့ လုံးဝလက်မလွှတ်နိုင်ဘူး ဟုတ်ပြီလား..."

" အားလုံး ဦးနှောက်မရှိတဲ့ အကြံပြုချက်တွေ မပေးဖို့တော့ ငါမျှော်လင့်မိတယ်..."

ကျွမ်းချင်က စားပွဲကို လက်ဖြင့်တောက်နေသည်။

ဖူလီကို လက်မခံရန် အကြံပြုခဲ့သော လူသားကျင့်ကြံသူ “...”

ယခုအချိန်တွင် သူက ယောင်ကျင့်ကြံသူများကိုသာမက လူသားကျင့်ကြံသူများကိုပါ ဆန့်ကျင်နေပေသည်။ အားလုံး၏ သေလုမျောပါးစိုက်ကြည့်မှုများမှ လွတ်မြောက်ရန် သူ့ကိုယ်သူ ဘောလုံးတစ်လုံးအဖြစ်သာ ကျုံ့ဝင်သွားချင်တော့သည်။

" ကျွန်တော့်ဆီမှာ သိပ်မရင့်ကျက်တဲ့ အကြံပြုချက်တစ်ခုတော့ ရှိပါတယ်..."

နျဉ်ရွှမ်က အားလုံး တိတ်ဆိတ်ငြိမ်သက်သွားချိန်တွင် ပြောလိုက်သည်။ 

" လူသားဌာနဘက်မှာက တရားဝင်မဟုတ်တဲ့ ဝန်ထမ်းတွေခန့်လို့ရတယ်မလား... ဒီနှစ် စာဖြေဆို ငါးယောက်လုံးက တိုက်ခိုက်ရေးပိုင်းမှာ ထူးချွန်ကြတယ်... သူတို့ရဲ့ တိုးတိုက်မှုတွေကိုလေ့လာပြီး တရားဝင်မဟုတ်တဲ့ ဝန်ထမ်းတွေ ခန့်ထားလိုက်ရင်ရော..."

" ဥပမာပြောရမယ်ဆိုရင် စွမ့်ယွီကို တရားဝင်မဟုတ်တဲ့ဝန်ထမ်းလို့ သတ်မှတ်လို့ရတယ်..."

ထောင့်တစ်နေရာတွင်ထိုင်နေသော စွမ့်ယွီ၏မျက်နှာထက်တွင် စိုးရိမ်မှုများဖြင့် ပြည့်သွားသည်။

" သူက မီးဖိုချောင်တစ်ခုလုံးက စားစရာတွေကို အပြောင်ရှင်းပစ်တော့မယ်... ဒီလိုအစားကြီးတဲ့ဟာမျိုးကို ကြာကြာအလကားကျွေးထားလို့ မဖြစ်တော့ဘူး..."

ကျင့်ကြံသူအားလုံး “...”

" အားလုံး ဘယ်လိုထင်ကြလဲ..."

ကျွမ်းချင်က အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ မည်သူမှ မတားရဲကြပေ။

" ငါ အားလုံးရဲ့ ထင်မြင်ချက်တွေကို အထက်ကလူတွေဆီ တင်ပြလိုက်ပါ့မယ်... တကယ်လို့ သူတို့ သဘောတူတယ်ဆိုရင် ဒီအတိုင်းဆက်လုပ်ကြတာပေါ့..."

ကျွင်းချင် မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် တစ်ခုခုကို တွေးမိသွားပုံဖြင့် ထွက်သွားရန်ပြင်နေသော ကျင့်ကြံသူများကို ပြောလိုက်သည်။

" အားလုံးပဲ ဖူလီ့ကို နည်းနည်းပိုပြီးတော့ ယဉ်ယဉ်ကျေးကျေးဆက်ဆံပေးကြပါ..."

ဘော့စ်က လွှမ်းမိုးမှုရှိသောပုံစံဖြင့် "ဒီယောင်ကျင့်ကြံသူရဲ့နောက်မှာ ငါရှိတယ်" ဟု ပြောတော့မည်ဟု အားလုံးက တွေးနေကြစဉ်မှာပင် ကျွမ်းချင်က ဆက်ပြောလိုက်သည်။

" မင်းတို့ သူ့ကိုဒေါသထွက်အောင်လုပ်မိလို့ အရိုက်ခံရမယ်ဆိုရင် ငါလည်းဝင်မတားနိုင်မှာစိုးရတယ်..."

ဖူလီက စွမ့်ယွီကို မည်သို့လုပ်ခဲ့သည်ကို ကိုယ်တွေ့မြင်ခဲ့သော ကျင့်ကြံသူအချို့က ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ 

သူတို့ သူ့ကို ရန်သွားစလို့မဖြစ်ဘူး သေချာပေါက်ကို ရန်သွားစလို့ မရတာ...

နှစ်ရက်အကြာတွင် လက်ခံသူစာရင်းကို တင်လိုက်သည်။

ဖူလီနှင့် ချင်းရှောင်ဂိုဏ်းမှ ဝေ့စန်းတို့ကို တရားဝင်ဝန်ထမ်းများအဖြစ် လက်ခံလိုက်သည်။

သူတို့အပြင် လွင်ပြင်ဂိုဏ်းမှကျုံးဇယ်၊ လင်အန်းဘုန်းတော်ကြီးကျောင်းမှ တာအိုပညာရှင်ချင်ရှု၊ ရေကန်ဝါလိပ်မိစ္ဆာဟွမ်လုံနှင့် စုန့်ယွီဟု ခေါ်သော အမည်မသိမိစ္ဆာတို့က တရားဝင်မခန့်အပ်ရသေးသော အလုပ်သမားများအဖြစ် စီမံခန့်ခွဲရေးဗျူရိုနှင့် စာချုပ်ချုပ်ဆိုခဲ့ရသည်။

လူသစ်လက်ခံစာရင်းကို ထုတ်ပြန်ပြီးချိန်တွင် ‌ကျင့်ကြံရေးလောကတစ်ခုလုံး လှိုက်လှိုက်လှဲလှဲဖြစ်သွားကြသည်။ အဘယ့်ကြောင့်ဆိုသော် စီမံခန့်ခွဲရေးဗျူရိုက အဖွဲ့ဝင်သစ်ပေါင်းများစွာကို ခန့်အပ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့်ပင်။ ‌ဗျူရိုက လူသစ်အရေအတွက် တိုးမြှင့်ခေါ်လိုက်ခြင်းမှာ အရေးကြီးကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်ထားခြင်းကြောင့်ဟု ဂိုဏ်းအချို့က ထင်လိုက်ကြသည်။ သူတို့မေးမြန်းစုံစမ်းလိုက်ပြီးချိန်တွင်မှ ယခုနှစ် ဖြေဆိုသူများက အလွန်ထူးချွန်ကြ‌သည့်အကြောင်း သိရှိလိုက်ရပြီး စိတ်အေးလက်အေးဖြစ်သွားကြသည်။ 

ဗျူရိုမှ လက်ခံလိုက်သည့် တပည့်များရှိသည့်ဂိုဏ်းများမှာ သတိပေးစာကို လက်ခံရရှိပြီးသည်နှင့် သောင်းနှင့်ချီသော မီးရှူးမီးပန်းများကို  ဝယ်ယူပြီး ဝင်ပေါက်များတွင် ဖောက်ချင်ခဲ့ကြသည်။ သို့ရာတွင် မြို့တော်၌ မီးရှူးမီးပန်းဖောက်ခြင်းကို တားမြစ်ထားသောကြောင့် သူတို့လုပ်နိုင်သည်မှာ စားသောက်ပွဲကြီးတစ်ခုကျင်းပပြီး ကျင့်ကြံရေးလောကမှ နာမည်ကြီးသူများကိုဖိတ်ခေါ်ကာ အနည်းငယ်ကြွားဝါရုံသာဖြစ်သည်။

ချင်းရှောင်ဂိုဏ်းမှာ သူတို့၏တပည့်တစ်ယောက်က ဗျူရိုမှ အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်နေသည့်အပြင် အခြားတပည့်တစ်ယောက်ကိုလည်း ဗျူရိုက လက်ခံလိုက်သည့်အတွက် ဂုဏ်အယူဆုံးဖြစ်နေသည်။ ထို့အပြင် ယခုတပည့်ကိုလည်း တရားဝင်အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ခြင်းဖြစ်ပေသည်။ ချင်းရှောင်ဂိုဏ်းက အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်နေခြင်းကြောင့် ကျင့်ကြံရေးဂိုဏ်းများ၏ forum appတွင် တစ်ပတ်စာ ကြော်ငြာများကို ဝယ်ယူထားခဲ့သည်။ ကျင့်ကြံသူများက appထဲ ဝင်လိုက်သည်နှင့် " စီမံခန့်ခွဲရေးဗျူရို၏ လူသစ်ခန့်အပ်ခြင်းအတွက် ဂုဏ်ပြုပါသည် " ဟူသော စာကြောင်းကို စာလုံးအကြီးများဖြင့် ရေးထားသည်ကို တွေ့နိုင်ပြီး home pageတွင်ပါ ဆက်တိုက်တက်နေသည်ကို မြင်ရပေမည်။ ထိုစာကြောင်းများအပြင်  အသစ်လက်ခံလိုက်သော လူအမည်စာရင်းလည်း ပါဝင်နေကာ ချင်းရှောင်ဂိုဏ်း၏ ဝေ့စန်းက စာရင်းထိပ်ဆုံးတွင်ဖြစ်သည်။

အပင်များစိုက်ပျိုးပြီး သူတို့၏နာမည်ကျော်ကြားမှုကို ရရှိထားသော လွင်ပြင်ဂိုဏ်းကလည်း နောက်ကောက်မကျန်ရစ်ခဲ့ပေ။ သူတို့ဂိုဏ်း၏ တပည့်က  စာချုပ်ဝန်ထမ်းသာ ဖြစ်သော်လည်း စီမံခန့်ခွဲရေးဗျူရိုက စာချုပ်ဝန်ထမ်းများ ခေါ်ယူသည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ သူတို့၏လုပ်ဆောင်ချက်များ ကောင်းမွန်ပါက အမြဲတမ်းဝန်ထမ်းဖြစ်သွားရန် အခွင့်အရေးရှိပေသည်။ သူတို့က ကြော်ငြာများ မဝယ်ယူထားကြသော်လည်း သူတို့ကိုလာရောက်ဂုဏ်ပြုသူတိုင်းကို ဝိညာဉ်ဆန်များနှင့်ဆေးများ ရက်ရက်ရောရောပေးကမ်းကြသည်။

တာအိုကျင့်ကြံရေးဂိုဏ်းဖြစ်သော လင်အန်းဘုန်းကြီးကျောင်းမှာမူ ထိုကိစ္စအတွက် ဆင်နွှဲပုံက ပို၍ထိန်းချုပ်ထားသည်။ ဤရက်အနည်းငယ်အတွင်းမှာပင် တာအိုကျင့်စဉ်ဆွေးနွေးပွဲငယ်နှစ်ခု ကျင်းပခဲ့သည်။ ဘုန်းကြီးကျောင်း၏ တာအိုပညာရှင်များက ဝင်ပေါက်တွင် စားပွဲတန်းရှည်ကြီး ပြင်ဆင်ထားကာ ဘုန်းကြီးကျောင်းကို လာရောက်သူတိုင်း၏ ကံကြမ္မာကို ကြည့်ပေးကြသည်။  သူတို့၏အနောက်မှ အနီရောင်ရဲရဲနှင့် စာတန်းရှည်များကိုလည်း အားလုံးမြင်တွေ့နိုင်ပေသည်။

ထိုနေရာတွင် ရေးထားသော စာလုံးများမှာ :
( ပြောင်မြောက်တဲ့ရလဒ်တွေ ရခဲ့တဲ့အတွက် ငါတို့လင်အန်းဘုန်းကြီးကျောင်းရဲ့ ချင်ရှုကို ဂုဏ်ပြုပါတယ် )

ထိုစာတန်းက လင်အန်းဘုန်းကြီးကျောင်း၏ လျှို့ဝှက်ဆန်းကြယ်သောအော်ရာနှင့် မအပ်စပ်ပဲ လောကီရေးရာများဖြင့်လည်း ဝေးကွာနေပေသည်။ သို့ရာတွင် နက်နဲသည့်ကျင့်ကြံဆင့်ရှိသော တာအိုဘုန်းကြီးများက ထိုနေရာနားမှ ဖြတ်သွားချိန်တိုင်း ကျေနပ်သဘောကျသည့် အမူအရာဖြင့် ပြုံးသွားကြသည်။ သို့ဖြစ်၍ တာအိုဘုန်းကြီးကျောင်းကို ယုံကြည်ကြသူများက တအံ့တဩဖြစ်ကုန်ကြသည်။

ဒီလို တာအိုဘုန်းကြီးတွေရဲ့ မျက်နှာတွေကိုတောင် အပြုံးနဲ့ပြည့်နေအောင် လုပ်ထားနိုင်တယ်ဆိုတော့ ဒီရလဒ်က ဘယ်လောက်တောင် ဝမ်းသာစရာကောင်းနေတာလဲ...

ဂိုဏ်းမရှိသော ရေကန်ဝါလိပ်မိစ္ဆာ၏ ရေမျိုးနွယ်စုပင် ဟွမ်လုံအတွက် ဆင်နွှဲပေးနေကြသည်။ သူတို့က စည်ကားသိုက်မြိုက်စွာဖြင့် စားပွဲများစီထားပြီး နှစ်ရက်တိတိ ပွဲတော်ကြီးဆင်နွှဲခဲ့ကြသည်။

သူတို့လေးယောက်နှင့်ယှဉ်ပါက  စွမ့်ယွီနှင့် ဖူလီမှာ ထိုသို့ ဂုဏ်ပြုပေးမည့်လူမျိုး မရှိသည့်အပြင် ဤကိစ္စကို အထူးတလည်ကြေညာပြီး ဆင်နွှဲနေစရာဟုလည်း သူတို့ မသတ်မှတ်ထားပေ။ စွမ့်ယွီက စူပါအစားကြီးသူအဖြစ် livestreamဆက်လက်ပြုလုပ်နေပြီး သူရရှိသောငွေကို အလုပ်ရှင်နှင့် ညီတူညီမျှ ခွဲဝေယူနေရသည်။ 

ဖူလီက စီမံခန့်ခွဲရေးဗျူရိုကို သွားသင့်မသွားသင့် စဉ်းစားနေသည်။ သူ့အတွက် ဟိုတယ်တွင် အလုပ်လုပ်ရခြင်းက ပိုစိတ်ဝင်စားစရာကောင်းပြီး စိတ်ဝင်စားဖွယ်ရာလူသားများစွာဖြင့်လည်း အပြန်အလှန်ထိတွေ့ဆက်ဆံနိုင်ပေသည်။ သူက မိစ္ဆာများဖြင့် နေထိုင်ရသည်ကို ငြီးငွေ့နေပြီဖြစ်၍ လူသားများက သူတို့ထက်ပို စိတ်ဝင်စားစရာကောင်းသည်ဟု တွေးနေမိသည်။