အပိုင်း ၄၀
Viewers 17k

Chapter 40




နေ့လယ်ခင်းတွင် ဖူလီက ကျန်းရှန်နှင့်အတူထိုင်ပြီး နေ့လယ်စာစားနေကြသည်။ ကျန်းရှန်က ဖူလီ့ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။ 

" လောင်လော့ ဘယ်လိုသေသွားတယ်ဆိုတာ မင်းသိလား..."

" သူ ရေနစ်သွားတာ မဟုတ်ဘူးလား..."

ထိုလူသားအပေါ် ဖူလီ၏ စိတ်ဝင်စားမှုက သာမန်မျှသာဖြစ်၍ သူ့ကိစ္စများကိုလည်း စိတ်မဝင်စားမိပေ။

" သူက အလုပ်သွားမယ်ဆိုပြီး မိသားစုဝင်တွေကို လိမ်ခဲ့တာ ဒါပေမဲ့ တကယ်တော့ အပျော်အိမ်ကိုသွားတာတဲ့... အပြန်လမ်းမှာမှ ခြေချော်ပြီး မြစ်ထဲပြုတ်ကျလို့ ရေနစ်သွားတာ..."

ကျန်းရှန် ခေါင်းခါလိုက်သည်။

" ငါ သန့်ရှင်းရေးအန်တီဆီကကြားတာတော့ သူတို့မိသားစုထဲမှာ ပြဿနာအကြီးအကျယ်ဖြစ်နေတယ်တဲ့... လောင်လော့ရဲ့မိဘတွေက ဘော့စ်ပေးတဲ့ လျော်ကြေးငွေကြောင့် သူတို့ချွေးမနဲ့လည်း ပြဿနာဖြစ်နေတယ် အိမ်ပိုင်ဆိုင်မှုကြောင့်နဲ့လည်း သူတို့တရားရုံးအထိ သွားရမလိုဖြစ်နေတာတဲ့..."

" ဒါပေမဲ့ သူ့မှာကလေးနှစ်ယောက်ရှိသေးတယ်လေ... ကလေးတွေကို ပြုစုစောင့်ရှောက်ရတာ ငွေကုန်ကြေးကျများတာကို သူ့မိဘတွေကဘာလို့ ရသမျှ အကုန်လိုချင်နေတာလဲ... ပြီးတော့ အပျော်အိမ်ကဘာလဲ..."

ဖူလီ ခေါင်းရှုပ်သွားမိသည်။ 

" မင်းကအပျော်အိမ်အကြောင်းတောင်မသိတဲ့ အပျံသင်စ ငှက်ကလေးပေါ့လေ..."

ကျန်းရှန်က အသံတိုးတိုးဖြင့် ကျီစယ်လိုက်သည်။
" အဲဒါ မိန်းကလေးတွေကို သွားရှာလို့ရတဲ့နေရာလေ..."

ဖူလီ မျက်ခုံးတွန့်ချိုးလိုက်သည်။

" ဒါပေမဲ့ သူ့မှာ မိန်းမနဲ့ကလေးတွေ ရှိတယ်လေ ဘာလို့ အဲ့လိုတွေလုပ်ရတာလဲ လက်ရှိဥပ‌ဒေက တစ်လင်တစ်မယားစနစ်မလား..."

" ဥပဒေက ဒီလိုမျိုးဆိုပေမယ့် ကိုယ့်ကိုကိုယ် မထိန်းသိမ်းနိုင်တဲ့လူမျိုးတွေလည်း ရှိတယ်လေ... အခုတော့ သူ့မိန်းမနဲ့ကလေးတွေက သနားစရာအခြေအနေဖြစ်နေတာပေါ့လေ..."

ကျန်းရှန်က ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည်။

" လူသားတွေက ကိုယ့်အသိစိတ်နဲ့ သွေဖယ်နေတဲ့အရာကို မလုပ်တာ အကောင်းဆုံးပဲ ... တကယ်လို့ လောင်လော့သာ သူ့မိန်းမကို သစ္စာရှိခဲ့ရင် မြစ်ထဲပြုတ်ကျမှာလည်း မဟုတ်ဘူး..."

ဖူလီ နှုတ်ခမ်းတင်းတင်းစေ့ထားပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဤကဲ့သို့သော ခံစားချက်မျိုးကို သူနားမလည်နိုင်သော်လည်း ဘဝလက်တွဲဖော်ကို သစ္စာဖောက်ခြင်းဟူသောအရာမျိုးက မှားယွင်းနေပေသည်။ လောင်လော့ အညှိုးကြီးတစ္ဆေမဖြစ်သွားမီညက စကားများကို သူပြန်တွေးနေမိသည်။ 

သူ့မိသားစုနဲ့ မခွဲနိုင်ဘူးတဲ့လား... တကယ်လို့ သူသာတကယ် မိသားစုနဲ့ မခွဲနိုင်ဘူးဆိုရင် ဘာလို့ ဒီလိုအမှားမျိုးတွေ လုပ်ရတာလဲ..."

ဒါက လူသားတွေပြောနေကျ သူတော်ကောင်းယောင်ဆောင်တယ် ဆိုတာမျိုးလား...

" မင်း ဘာလို့ စကားမပြောတာလဲ စိတ်ဆိုးနေတာလား..."

ကျန်းရှန်လှည့်ကြည့်လိုက်သည့်အခါ ဖူလီ၏ အမူအရာက မှိုင်တွေနေသည်ကို မြင်လိုက်ရသည်။ သူ့စကားများ လွန်သွားသည်ကိုသိ၍ သူ အမြန်ပြောလိုက်သည်။

" ငါ မင်းကိုနောက်လိုက်တာပါ... ဒီအကြောင်းတွေ ငါမင်းကိုပဲပြောပြတာနော် တခြားသူတွေကို မပြောပြရသေးဘူး... တ တကယ်တော့ ငါလည်းအရင်က ကောင်မလေး မရှိခဲ့ဖူးပါဘူး..."

ဖူလီလှည့်ကြည့်လိုက်သောအခါ နေရခက်နေသည့် ကျန်း‌ရှန်ကို မြင်လိုက်ရ၍ မျက်တောက်တစ်ချက်ခတ်လိုက်သည်။

" မင်းအခု ကောင်မလေးမရှိလည်း အဆင်ပြေပါတယ် မင်းရဲ့ဇာတာခွင်မှာ လိုက်ဖက်ညီတဲ့အိမ်ထောင်ဖက်နဲ့တွေ့ပြီး ကလေးတွေရမယ်လို့ ပြနေတယ်..."

" ဖူကောက အဲ့လိုပြောမှတော့ ကျွန်တော့်အနာဂတ်အတွက် ကြိုပြီးမျှော်လင့်နေမိပြီ..."

ကျန်းရှန်က ဖူလီ၏လည်ပင်းကို ဖက်ထားလိုက်သည်။

" သွားကြမယ် ဒီနေ့ ဒုတိယမျိုးဆက်လူချမ်းသာ‌လေးတွေ တွေ့ဆုံပွဲရှိတာထင်တယ် သူတို့က ဟိုတယ်ရဲ့ ဖျော်ဖြေရေး‌ဧရိယာတစ်ခုလုံးကို ဘိုကင်လုပ်ထားတာ အဲ့တော့ ငါတို့ ဒီနေ့ည အချိန်ပိုဆင်းရတော့မယ်..."

သူ ဖူလီ့ကိုတစ်ချက်ကြည့်ပြီး ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်လိုက်သည်။ 

" လူတွေများလာရင် နေရာက ကမောက်ကမဖြစ်လာနိုင်တယ် သတိထားဦး..."

ယခုခေတ်တွင် အမျိုးသမီးများသာမက အမျိုးသားများကိုပါ ကာကွယ်ပေးရန် လိုအပ်လာသည်။

ဖူလီ : ဘာလဲဟ...

ဒီလိုအားနည်းတဲ့လူသားတွေကို သူ့လက်တစ်ချက်ဝေ့လိုက်ရုံနဲ့တင် အနိုင်ယူလို့ရတာကို ဘာလို့ သတိထားရမှာလဲ...

ညအချိန်ရောက်သောအခါ ဖူလီက လူသားများက မြက်ခင်းပြင်ပေါ်တွင် သောက်စား၍ သီချင်းဆိုပြီး ကခုန်နေကြသည်ကို ကြည့်နေမိသည်။ ရေကူးကန်ထဲ ပြုတ်ကျထားသော အရက်မူးနေသည့်လူတစ်ယောက်ကိုပင် သူ ကယ်ထားရသည်။ ဖူလီက သူတို့ ရေကူးကန်ထဲ ပစ်ချထားသော ဘီယာပုလင်းများနှင့် အမှိုက်ထုတ်များကို တိတ်ဆိတ်စွာကြည့်နေမိသည်။ သန့်ရှင်းရေးသမားများက သူတို့ပစ်ချလိုက်သည်နှင့် အမြန်ကောက်လိုက်ပြီး သူတို့ပျော်ရွှင်နေသည်ကို အနှောင့်အယှက်မဖြစ်စေရန် ဘေးနားပြန်ကပ်ပြီး စောင့်ကြည့်နေရသည်။

" ညီလေး မင်းရဲ့ ခန္ဓာကိုယ်အချိုးအစားက မဆိုးဘူးပဲ ဒီနားလာပြီး အစ်ကိုကြီးနဲ့ တူတူသောက်ပါလား..."

မူးနေသူတစ်ယောက်က ဖူလီ၏ပခုံးကို လာမှီသည်။ သူ့ခြေထောက်နှစ်ဖက်ကလည်း တုန်ယင်ကာ ခြေလှမ်းမှန်မှန် မလှမ်းနိုင်ဖြစ်နေသည်။ ဖူလီက သူ့ကို ခုံတစ်ခုံပေါ် ထိုင်ခိုင်းလိုက်ပြီး သူ့လက်ထဲမှ ဘီယာပုလင်းကို သိမ်းလိုက်သည်။ ထိုလူက ခဏတာညည်းညူနေသော်လည်း ခဏအကြာတွင် ခွေးပေါက်စတစ်ကောင်ကဲ့သို့ ခုံပေါ်တွင်အိပ်မောကျသွားသည်။

မနီးမဝေးတွင်လည်း မိန်းကလေးအချို့က အငြင်းအခုံဖြစ်နေကြသည်။ အချို့က သန့်ရှင်းရေးအန်တီပေါ်သို့ ဝိုင်များ မတော်တဆ ဖိတ်ကျသွား၍ သူတို့အိတ်ထဲမှငွေများထုတ်ပြီး သူမလက်ထဲ အတင်းထိုးထည့်နေသည်။ သန့်ရှင်းရေးအန်တီက အလိုက်တသိဖြင့် ပြုံးလိုက်ပြီး သူတို့ကိုကျေးဇူးတင်ပြီးနောက် ထောင့်တစ်နေရာသို့သွားကာ ပိုက်ဆံကို သူမအင်္ကျီအတွင်းအိတ်ထဲ ထည့်နေသည်။ ငွေက ပြုတ်မကျသွားကြောင်းသေချာမှ သူမမျက်နှာပေါ်မှ ဝိုင်များကိုသုတ်လိုက်ပြီး မြေကြီးပေါ်မှ အမှိုက်များကို ဆက်ကောက်နေသည်။

ဖူလီက အကြည့်ပြန်လွှဲလိုက်ပြီး ခေါင်းငုံ့ကာ ဘေးပတ်ဝန်းကျင်မှ အမှိုက်များကိုကောက်ပြီး အနားမှ အမှိုက်ပုံးထဲ ထည့်နေသည်။

သူ ထိုနေရာမှ ထွက်သွားရန် ပြင်နေစဉ်မှာပင် အဖြူရောင်အင်္ကျီနှင့် အမျိုးသားတစ်ယောက်က မြေကြီးပေါ်မှ ဘီယာပုလင်းများကိုကောက်ပြီး စားပွဲပေါ် တင်‌နေသည်။ သူက စားပွဲပေါ်မှ အမှိုက်များကိုပင်  အမှိုက်အိတ်ထဲထည့်ပေးနေသည်။

ဖူလီ၏အကြည့်ကို သတိပြုမိသောအခါ ထိုအမျိုးသားက သူ့ကိုခေါင်းညိတ်ပြလိုက်သည်။

ဖူလီက သူ့ကိုပြုံးပြလိုက်သည်။ ထို့နောက် ရေကူးကန်ဘက်ပြန်သွားပြီး အရမ်းမူးနေသူများ ကန်ထဲ ခုန်မချအောင် တားမြစ်ရန် သွားလိုက်သည်။ ညကောင်းကင်ယံထက်တွင် လေပြည်လေညှင်းများက တိုက်ခတ်နေသည်။ ဖူလီ ခေါင်းတစ်ချက်ညိတ်ပြီး ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီးနောက် သူ့မျက်ခွံများ လေးလံလာသည်။ 

.....

ကျွမ်းချင်၏ဗီလာတွင် မဖိတ်ခေါ်ထားသည့် ဧည့်သည်အချို့ရောက်ရှိနေသည်။

နှစ်ဖက်လုံးက မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။ ကျွမ်းချင်က ရွှေ၊ ငွေ၊ ပုလဲတို့ဖြင့်ပြည့်နေသည့် သူ့ရှေ့မှ သေတ္တာများကို တစ်ချက်ကြည့်လိုက်သည်။ တောက်ပသည့် အလင်းရောင်များက ဆွဲဆောင်မှု ရှိနေပေသည်။

" နဂါးသခင်..."

" ကျွန်တော့်ကို အဲ့လိုခေါ်စရာမလိုပါဘူး... ကျွန်တော်က ရေကန်တွေ သမုဒ္ဒရာတွေကြိ အုပ်ချုပ်နေတာလည်းမဟုတ်ဘူး အဲ့လိုဂုဏ်ပုဒ်မျိုးကို မခံယူချင်ပါဘူး..."

ကျွမ်းချင်က ချင်ယန်းကို ဖြတ်ပြောလိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

" မြောက်ပိုင်းရေကန်က နဂါးသခင်ရဲ့အမှုကို စီရင်ချက်ချပြီးသွားပြီဆိုတော့ ကျင့်ကြံရေးလောကတစ်ခုလုံးလည်း ဒီအကြောင်းကို သိပြီးသွားပါပြီ... အဲဒါကြောင့်မို့ ဒီက လူကြီးမင်းတွေ ဘယ်လောက်ပဲ လက်ဆောင်တွေ ယူလာယူလာ နောက်ဆုံးစီရင်ချက်ကိုတော့ ပြောင်းလဲလို့ မရတော့ပါဘူး..."

" နဂါးသခင်က အထင်လွဲနေပါပြီ..."

ချင်ယန်းက ကျွန်းချင်၏အမူအရာ ပိုမိုအေးစက်သွားသည်ကိုမြင်၍ လေသံကိုပြောင်းလိုက်သည်။ 

" ငါတို့ ဒီကိုရောက်လာတာ မြောက်ပိုင်းရေကန်က နဂါးသခင်ကြောင့် မဟုတ်ပါဘူး... သူက ပြစ်မှုကျူးလွန်ထားတဲ့သူဆိုတော့ အပြစ်ပေးခံရမှ အမြင်မှန်ရသွားမှာပါ... ငါတို့မျိုးနွယ်က တစ်ယောက်မှ ဒါကိုသဘောမတူတဲ့သူ မရှိပါဘူး..."

ကျွမ်းချင်၏မျက်နှာက အနည်းငယ်ရှုံ့မဲ့သွားပြီး သရော်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

မိုးပြာနဂါးမျိုးနွယ်က သဘောမတူတဲ့သူ မရှိဘူးဆိုရင် အရင်တုန်းက လာတိုက်တာက ဘာအတွက်လဲ...

ကျွမ်းချင် ငြိမ်နေသည်ကို မြင်သောအခါ ချင်ယန်းက မိုးပြာနဂါးမျိုးနွယ်မှ အခြားလူများနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ဆက်ပြောသည်။

" တကယ်တော့ ကျွမ်းကျင့်ကြံသူကို တောင်းပန်ဖို့အတွက် ဒီလက်ဆောင်တွေ ယူလာတာပါ... ငါတို့တွေက နဂါးမျိုးနွယ်ချင်းအတူတူဖြစ်တာတောင်မှ မင်းကို နှစ်ပေါင်းများစွာ ပစ်ထားမိ‌တယ်လေ ငါတို့စိတ်ထဲမှာလည်း လိပ်ပြာမသန့်ကြပါဘူး...ဒီအသေးအဖွဲ လက်ဆောင်လေးတွေကို လက်ခံပေးဖို့‌ မျှော်လင့်ပါတယ်..."

ကျွမ်းချင်က သေတ္တာထဲမှ ပုလဲနက်များကိုထုတ်ပြီး ဆော့ကစားနေကာ မျက်ခုံးပင့်လိုက်သည်။ 

" အင်း..."

ကျွမ်းချင်၏စိတ်ထဲမှ အတွေးများကို ဖောက်ထွင်းမမြင်နိုင်သောကြောင့် ချင်ယန်း၏လေသံက ပိုပြီး ယဉ်ကျေးလာသည်။

" ကျွမ်းကျင့်ကြံသူလည်း ဒီလိုဗျူရိုကြီးတစ်ခုကို စီမံနေရတာ လွယ်တာမဟုတ်ဘူး...ဗျူရိုကို မင်းတစ်ယောက်တည်း ထောက်ပံ့နေရတာပဲ... မင်းကြောင့်သာမဟုတ်ရင် ယောင်ကျင့်ကြံသူတွေက အခုချိန်ထိ ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာ မဟုတ်ဘူးပဲ... ဒါပေမဲ့ မိစ္ဆာတွေနဲ့လူသားတွေကတော့ ကွာခြားလွန်းပါတယ်... ယောင်လောကမှာဆို ခွန်အားက အရာရာပဲလေ... ကျင့်ကြံရေးလောက က စီမံခန့်ခွဲရေးဗျူရိုရဲ့ အမိန့်တွေကိုနာခံတယ်ဆိုတာလည်း မင်းရဲ့ကျင့်ကြံဆင့်က နက်နဲလို့လေ... အဲဒါကြောင့်လည်း အခုလို အေးအေးချမ်းချမ်းနေနေရတာပေါ့..."

" ကောင်းကောင်းမွန်မွန်သာ နေထိုင်ရမယ်ဆိုရင် ဘယ်သူတွေကရော တစ်ချိန်လုံး ထွက်ပြေးပုန်းရှောင်နေချင်မှာလဲ..."

ကျွမ်းချင်က ပုလဲနက်များကို သေတ္တာထဲပြန်ထည့်ထားလိုက်ပြီး သရော်လိုက်သည်။

" နဂါးသခင် ပြောစရာရှိတယ်ဆိုရင် တည့်ပဲပြောပါ..."

" ပြောချင်တာကတော့ တစ်ရက်မှာ မင်းထက်ပိုပြီး ကျင့်ကြံဆင့်နက်နဲတဲ့သူ ပေါ်လာပြီး မင်းနေရာကို စိန်ခေါ်ပြီး မင်း အားစိုက်ထုတ်ထားရတဲ့ အသီးအပွင့်တွေကို လုယူသွားမယ်ဆိုရင် မင်းရဲ့ကာကွယ်မှုအောက်က ကျင့်ကြံသူတွေ ဘာများလုပ်ကြလိမ့်မလဲ..."

ချင်ယန်းက ခွက်ကိုကိုက်ပြီး ကျွမ်းချင်၏ခွက်နှင့် တိုက်သည့်ဟန် လုပ်ပြလိုက်သည်။ ‌ခွက်ထဲမှရေများက လည်ချောင်းထဲဝင်သွားသည့်အခါ ၎င်းက သာမန်ဘုံပိုင်ရေတစ်ခွက်သာဖြစ်ပြီး လက်ဖက်ခြောက်ပင် တစ်ရွက်မှ မထည့်ထားသည်ကို သိလိုက်ရသည်။ သူ ရေသောက်လိုက်ပြီးနောက် ဖော်ရွေစွာဖြင့် ပြုံးပြလိုက်သည်။

" ရေကကောင်းသားပဲ..."

[ ကပ်စေးနဲလွန်းလို့ အိမ်ကိုလာတဲ့ဧည့်သည်ကို ဘုံပိုင်ကရေပဲတိုက်တာပါ အဲဒါကို ဒီဘက်ကလူက မျက်နှာလိုမျက်နှာရလုပ်ချင်တာနဲ့ ရေကကောင်းတယ် ပြောလိုက်တာပါ🤣 ]

ကျွမ်းချင် ခေါင်းညိတ်ပြလိုက်သည်။ 

" မရေမတွက်နိုင်တဲ့ မိုးရေစက်တွေကိုမှ သေချာစစ်ပြီး ပိုးသတ်ထားတဲ့ရေဆိုတော့ ကောင်းတာ သဘာဝပါပဲ..."

ချင်ယန်း၏အပြုံးက အနည်းငယ် တောင့်တင်းသွားသည်။

ငါ့ကို ဘုံပိုင်ရေပဲတိုက်ပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောနေပြန်ပြီ...

နဂါးမျိုးနွယ်နှင့် နိုင်လိုမင်းထက်ပြုမှုဟူသောအရာမှာ မွေးဖွားစဉ်တည်းက ဒွန်တွဲပါဝင်လာခဲ့သည့်အရာဖြစ်သည်။ သို့ဖြစ်၍ ဂုဏ်သိက္ခာဟူသည်က သူတို့အတွက် အလွန်အရေးကြီးသည်။  ကျွမ်းချင်က တစ်ယောက်ယောက်၏ စိန်ခေါ်ခံရမည်ကို သည်းခံမနေနိုင်ဟု သူ့စိတ်ထဲ တွေးနေပေသည်။

 သူ ကျွမ်းချင်၏ ကျောထောက်နောက်ခံကို အထူးတလည် ရှာဖွေကြည့်လိုက်သည့်အခါ သူမွေးဖွားစဉ်တည်းက လူသားများက သူ့ကိုပျိုးထောင်လာခဲ့ကြောင်း သိလိုက်ရသည်။ သူ၏ လူသားမိခင်က နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားသည့်အခါမှသာ နဂါးမျိုးနွယ်စုက သူ့ကို အချိန်တစ်ခုအထိ စောင့်ရှောက်ပေးထားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကျွမ်းချင်က နဂါးမျိုးနွယ်စုနှင့် ဆက်ဆံရေးပြေလည်မှု မရှိခဲ့ပေ။ နဂါးဖြူနှင့် နဂါးနီမျိုးနွယ်က သူ့တစ်ကိုယ်လုံးကို သွေးများဖြင့် ဖုံးလွှမ်းနေပြီး ကြေးခွံများပါ ကြမ်းပြင်ပေါ်ကွာကျ‌သည်အထိ နှိပ်စက်ခဲ့သည်ဟု ပြောကြပေသည်။ သို့သော်လည်း ကျွမ်းချင်က သူတို့ကို ပြန်လည်တုံ့ပြန်ခြင်းမပြုလုပ်ခဲ့ပေ။ ထို့နောက်တွင် သူ အသက်သုံးဆယ်မပြည့်မီအချိန်မှာပင် နဂါးနန်းတော်မှ ထွက်ခွာလာခဲ့ပေသည်။

ထိုအချိန်က လောကကြီးမှာ ယခုအချိန်လောက် အကြင်နာတရား မရှိပေ။ နဂါးတစ်ကောင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီကို ရတနာဟု သတ်မှတ်ကြသည့်အတွက် မကောင်းဆိုးဝါးမိစ္ဆာများကသာ နဂါးမျိုးနွယ်ကို ပစ်မှတ်ထားကြသည်မဟုတ်ပဲ စိတ်ဓာတ်မကောင်းသည့်လူသားကျင့်ကြံသူများကပါ နဂါးများထံမှ အမြတ်ထုတ်လိုကြသည်။  နဂါးမျိုးနွယ်အတွက်မူ အသက်သုံးဆယ်သာရှိသေးသည့်နဂါးက ကလေးအရွယ်သာဖြစ်သည်။ သူတစ်ယောက်တည်းကို လူသားလောကသို့ လျှောက်လှမ်းခိုင်းလိုက်ခြင်းက အလွန်အန္တရာယ်များမည်ကို တွေးကြည့်၍ပင် မရ‌နိုင်ပေ။

ကျွမ်းချင်က သူ့အသက်ဆုံးရှုံးရမယ်ဆိုရင်တောင် သူမှားတယ်လို့ ဝန်မခံချင်တဲ့အထိ စိတ်ကြီးတာကို သူ့ထက်စွမ်းအားကြီးတဲ့ ယောင်ကျင့်ကြံသူတစ်ယောက် တည်ရှိမှာကို  သည်းခံနိုင်မယ်တဲ့လား...

" အဲဒီယောင်ကျင့်ကြံသူဖူလီက..."

ချင်းယန်က ကျွမ်းချင်၏ မျက်နှာအမူအရာကို တစ်ချက်စစ်ဆေးလိုက်ပြီး ပုံမှန်မဟုတ်သည်ကို မတွေ့ရသောအခါမှ ဆက်ပြေလိုက်သည်။

" ဖူလီရဲ့ မူလဇစ်မစ်ကိုလည်း မသိရဘူး... ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံဆင့်က ခြိမ်းခြောက်နိုင်တဲ့ အဆင့်တစ်ခုမှာရှိတယ်... ငါတို့တွေ အတိတ်တုန်းက အထင်အမြင်လွဲမှားတာလေးတွေ ရှိခဲ့တယ်ဆိုပေမယ့် ငါတို့အားလုံးက နဂါးမျိုးနွယ်တွေဆိုတော့ ငါတို့နှလုံးသားက တစ်တန်းတည်းဖြစ်နေမှာ သဘာဝပဲလေ.. အဲဒီဖူလီကို သတိထားတာ မင်းအတွက် ပိုကောင်းလိမ့်မယ်..."

ကျွမ်းချင် သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။ သူ လက်တစ်ဖက်မြှောက်ပြီး ဆက်ပြောရန် အချက်ပြလိုက်သည်။ 

သူ ဆက်နားထောင်လိုစိတ်ရှိသည်ကို တွေ့လိုက်ရ၍ ချင်ယန်း၏ မျက်နှာထက်မှ အပြုံးက ပိုနွေးထွေးလာသည်။ 

" ငါကြားတာတော့ အဲဒီဖူလီက မင်း ရှေးဟောင်းမဟာမိစ္ဆာတစ်ကောင်ကို အနိုင်ယူလို့ရအောင် ကူညီခဲ့တယ်ဆို... ဒါပေမဲ့ အဲဒီလိုတိုက်ဆိုင်မှုမျိုး ရှိနိုင်ပါ့မလား... မင်းတို့လူသစ်ရွေးတဲ့နေ့မှာပဲ မဟာမိစ္ဆာတစ်ကောင်ပေါ်လာတယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖူလီက ဗျူရိုရဲ့ ကျင့်ကြံသူတွေရှေ့မှာ လက်စွမ်းပြလို့ရသွားတယ်... မဟုတ်မှလွဲရော..."

ချင်ယန်းက အသံရှည်ဆွဲလိုက်သည်။
" သူက ကိစ္စအကြီးကြီးတစ်ခု စီစဉ်ထားတာများလား..."

ထောင့်တစ်နေရာမှ သလင်းကျောက်များက မြေပြင်ပေါ်ကျလာ၍ တဒုန်းဒုန်းအသံများ ကြားလိုက်ရသည်။ ယခုက ည၁၁နာရီဖြစ်သည်။

ညသန်းခေါင်ယံအချိန်သို့ နီးကပ်လာပြီဖြစ်သည်။

" နဂါးသခင်ချင်ယန်းက တစ်ခုခုကို မရှင်းမလင်းဖြစ်နေပုံပဲ..."

ကျွမ်းချင် မတ်တပ်ရပ်ပြီး ချင်ယန်းကိုအုပ်မိုး၍ ကြည့်လိုက်သည်။ 

" ကျွန်တော်က ဗျူရိုကိုတစ်ယောက်တည်း စီမံနေရတာမဟုတ်သလို ... ကျင့်ကြံဆင့်တစ်ခုတည်းအပေါ် လုံးဝမှီခိုနေရတာမျိုးလည်း မဟုတ်ပါဘူး... ကျွန်တော့်မှာက ဦးနှောက်ရှိတဲ့အပြင် ကျင့်ကြံရေးလောက ကလည်း အရင်လို သေရေးရှင်ရေးအတွက် သတ်ဖြတ်နေရတဲ့ အချိန်မျိုးတွေကို ပြန်မရောက်ချင်ကြတော့လို့ပါ..."

သူက ရတနာသေတ္တာတစ်လုံးပြီးတစ်လုံးကို ပိတ်လိုက်သည်။ မိုးပြာနဂါးမျိုးနွယ်၏ အမျက်ချောင်းချောင်းထွက်နေသည့် အကြည့်များအောက်တွင် သေတ္တာအားလုံးကို ထပ်လိုက်သည်။

" ခင်ဗျားတို့ရဲ့ လက်ဆောင်တွေကို ကျွန်တော်လက်ခံပါတယ် အချိန်လည်းနောက်ကျနေပြီဆိုတော့ ကျေးဇူးပြုပြီး နဂါးနန်းတော်ကို စောစောပြန် အနားယူကြပါ..."

" မင်း..."

မိုးပြာနဂါးမျိုးနွယ်မှ တစ်ယောက်ယောက်က ဒေါသပေါက်ကွဲထွက်မတတ်ဖြစ်သွားသော်လည်း ချင်ယန်းက သူ့ကိုတားလိုက်သည်။ 

" ငါတို့က ရင်ထဲက စိုးရိမ်ပူပန်မှုတွေကို လာပြောပြရုံပါပဲ တခြားရည်ရွယ်ချက် မရှိပါဘူး... ငါ‌တို့ အတွေးလွန်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..." 

ချင်ယန်းက မတ်တပ်ရပ်ပြီး မျိုးဆက်တူသူချင်း အရိုအသေပြုဟန်ဖြင့် နှုတ်ဆက်လိုက်သည်။ 

" ကျင့်ကြံသူကျွမ်း ကောင်းကောင်းအနားယူလိုက်ပါဦး ငါတို့ပြန်ပြီ..."

" ဂရုစိုက်သွားကြပါ..."

ကျွမ်းချင်က ကျေးဇူးပြု၍ဟူသော အမူအရာမျိုး လုပ်ပြလိုက်သည်။

ချင်ယန်းက သူ့မျိုးနွယ်တူနှစ်ယောက်ကို စူးစူးရဲရဲကြည့်လိုက်ပြီးမှ ကျွမ်းချင်၏ဗီလာမှ အပြုံးလေးဖြင့် ထွက်သွားသည်။

ဗီလာမှ ထွက်သွားပြီးသည့်အခါတွင်မှ မျိုးနွယ်တူတစ်ယောက်က ခပ်ပြင်းပြင်းနှာမှုတ်လိုက်သည်။

" ဒါ ဘယ်လိုကြီးလဲ... သူက အနုနည်းရော အကြမ်းနည်းရောနဲ့ အလုပ်မဖြစ်ပါလား... ပြီးတော့ လက်ဆောင်တွေကိုတောင် ယူထားလိုက်သေးတယ်... ဒီလိုအရှက်မရှိတဲ့နဂါးကို တစ်ခါမှ မမြင်ဖူးဘူး..."

" ထားလိုက်ပါတော့..."

ချင်ယန်း၏မျက်နှာထက်မှအပြုံးက မှေးမှိန်သွားသည်။ 

" ကျွမ်းချင်ကလည်း ငတုံးမဟုတ်ဘူး.... တကယ်လို့ ငါတို့ပြောတဲ့ စကားနည်းနည်းကြောင့်နဲ့ စိတ်ပြောင်းသွားတယ်ဆိုရင် စီမံခန့်ခွဲရေးဗျူရိုက ဘာများ အသုံးဝင်တော့မှာလဲ..."

" ဒါဆိုရင် ကျွန်တော်တို့ ဒီခရီးကို အလဟဿ လာလိုက်ရတာပေါ့..."

" ဒါကို အလဟဿလို့ ပြောလို့ဘယ်ရမလဲ..."

ချင်ယန်း၏အပြုံးက နွေဦးလေပြည်နှင့်တူသည်။ 

" လူတစ်ယောက်က ရာထူးအဆင့်အတန်းမြင့်လာလေ သူ့ရင်ထဲက သံသယနဲ့ မနာလိုဝန်တိုမှုက ပိုကြီးလာလေပဲ... ပြီးတော့ ကျွမ်းချင်က အကင်းပါးတဲ့သူ... အဲ့လိုလူမျိုးတွေက ပိုပြီး စဥ်းစားတတ်ကြတယ်..."

ဖူလီဟုခေါ်သော ယောင်ကျင့်ကြံသူက ဆက်လက်တည်ရှိနေ၍ မရပေ။ 

ကျွမ်းချင်က သူတို့ထွက်သွားသည်နှင့် ပုလဲများကို သွန်ချလိုက်သည်ကို မိုးပြာနဂါးမျိုးနွယ်မှလူများ မသိလိုက်ကြပေ။ အရောင်စုံပုလဲများက ကြမ်းပြင်ပေါ် ပြန့်ကျဲကုန်သည်။ သူ ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ အရံအတားတစ်ခုကို ဂရုတစိုက်တည်ဆောက်ပြီးသည့်အခါ အလွန်မကြီးလှသည့် ရွှေနဂါးတစ်ကောင်အဖြစ် ရုတ်ချည်းအသွင်ပြောင်းလိုက်ပြီး တောင်ပုံရာပုံဖြစ်သွားသည့် ပုလဲများကြားထဲကူးခတ်ကာ အကြိမ်အနည်းငယ်ခန့် လှိမ့်လိုက်သည်။ 

ပုလဲများဖြင့် လွှမ်းခြုံခံထားရသဖြင့် သူ့ခန္ဓာကိုယ် အချို့အစိတ်အပိုင်းများမှ အရောင်ဖျော့နေသည့်ကြေးခွံများက ပိုမိုတောက်ပလာသည်။ 

.....