Chapter 41
ဖူလီ အလုပ်ဆင်းချိန်တွင် ညအလွန်နက်နေပြီဖြစ်သည်။ ဗလာကျဉ်းကာ တိတ်ဆိတ်နေသော လမ်းကျဉ်းလေးတစ်ခုထဲ လျှောက်လှမ်းနေစဉ်တွင် ကောင်းကင်ပေါ်ကို ရုတ်တရက် မော့ကြည့်လိုက်သည်။ ကောင်းကင်ယံတွင် နဂါးအနံတစ်မျိုးရလေသည်။ သူ အပေါ်သို့ ပျံတက်တော့မည့်အချိန်တွင် အသက်ကြီးကြီးလူသားတစ်ယောက်က တစ်ခုခုကို ရှာဖွေနေဟန်ဖြင့် အမှိုက်ပုံများထဲ မွှေနှောက်နေသည်ကို တွေ့လိုက်ရသည်။ နံစော်နေသည့်အမှိုက်ပုံးဘေးတွင် ခြင်များ ယင်ကောင်များ ပြည့်နေပေသည်။
သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ထိုအမှိုက်ပုံးနားကို လျှောက်သွားလိုက်သည်။ လူအိုကြီးက ချဉ်စုတ်စုတ်ပေါက်စီအချို့ကို စားနေပေသည်။ သူ့မျက်နှာကလည်း အရေးအကြောင်းများဖြင့် တွန့်ချိုးနေသည်။
ထိုလူ၏ကိုယ်ပေါ်မှ ကြွေးမြီများခြင်းပြစ်မှုတစ်မျိုးကို မြင်လိုက်ရပေသည်။ မိဘများကို မနာခံခြင်းနှင့် အိမ်ထောင်ဖက်ဖြစ်သူနှင့် သားသမီးများထံမှ စွန့်ပစ်ခံရသည့် ပြစ်မှုများစွာက သူ့အပေါ်စုပြုံနေသည်။ ဖူလီက အကြောင်းအရာကို ရှင်းလင်းစွာ နားလည်သွားသည့်ဟန်ဖြင့် ဆန့်ကျင်ဘက်အရပ်မျက်နှာကို လျှောက်သွားလိုက်သည်။ လူတိုင်းက သူတို့ပြုလုပ်ခဲ့သောအရာ၏ တန်ရာတန်ကြေးများကို ပေးဆပ်ရပေမည်။ အသက်ကြီးရင့်နေခြင်းကြောင့် သူ၏ အပြစ်များကို မျက်ကွယ်ပြုထားရမည်ဟု မဆိုလိုပေ။
နောက်တစ်နေ့ညတွင် ဖူလီ ယူနီဖောင်းဝတ်ပြီးချိန်၌ လုံခြုံရေးအစောင့်များ၏ မန်နေဂျာရောက်လာပြီး ဘော့စ်က သူ့ကိုရှာနေသည်ဟု ပြောလာသည်။ လုပ်ဖော်ကိုင်ဖက်များ၏ မနာလိုဖြစ်နေသောအကြည့်များအောက်တွင် ဖူလီက နားနေခန်းထဲမှ ထွက်လာခဲ့သည်။
ဝမ်ဟန်၏ရုံးခန်းကိုရောက်သည်နှင့် ဝမ်ဟန်တစ်ယောက်တည်းမဟုတ်ပဲ အခြားသက်ကြီးပိုင်းများပါ ရှိနေသည်ကို သိလိုက်ရသည်။ ထိုလူများအနက်မှ တစ်ယောက်မှာ ယောင်အစည်းအရုံးတွင် နေ့တိုင်း မာကျောက်လာကစားရခြင်းကိုနှစ်သက်သော ဝမ်စွေ့ဟွားဟူသည့် အမျိုးသမီးကြီးဖြစ်သည်။
" ဖူလေး မင်းတကယ်ကို အလုပ်ကြိုးစားတာပဲ..."
ဝမ်စွေ့ဟွားက ဖူလီ၏လက်မောင်းကို အကြိမ်အနည်းငယ် ဆက်တိုက်ပုတ်လိုက်သည်။
" ငါ အစောတည်းက မင်းမှာ အလားအလာရှိတယ်ဆိုတာကို မြင်တယ်... ကြည့်ပါဦး အချိန်ဘယ်လောက်မှ မကြာသေးဘူး စီမံခန့်ခွဲရေးဗျူရိုကိုတောင် ရောက်သွားပြီ... ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်..."
သူမက စကားပြောနေစဉ်တွင် ရှင်းပြချက်တစ်ခုမှ မပေးပဲ ဖူလီ၏လက်ထဲကို အနီရောင်စာအိတ်ကြီးတစ်အိတ် ထိုးထည့်ပေးလိုက်သည်။
အခြားသော လူကြီးများက မြင်သည့်အခါ သူတို့ကလည်း စာအိတ်နီများ ထုတ်ပေးကြလေသည်။
" ဝမ်စွေ့ဟွားရဲ့မိတ်ဆွေက ငါတို့ ဝမ်ယွဲ့ဂိုဏ်းရဲ့မိတ်ဆွေပဲပေါ့... စာအိတ်နီကို ယူလိုက်ပါ..."
ဖူလီ : အခုခေတ်လူသားကျင့်ကြံသူတွေက တော်တော်လေး ရက်ရောကြတာပဲ...
" ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်... ဒါက ကံကြမ္မာပဲ ဒီလိုမဟုတ်ရင် မင်းက ငါတို့ဂိုဏ်းရဲ့ဟိုတယ်မှာ ဘာလို့ အလုပ်လာလုပ်မှာလဲ..."
ဖူလီ : ဝမ်စွေ့ဟွားက သူ့ကိုအနောက်တံခါးကနေ ဝင်ခွင့်ရအောင် လုပ်ပေးခဲ့လို့ မဟုတ်ဘူးလား...
" အနာဂတ်မှာ မင်း ငါတို့ဟိုတယ်မှာ မလုပ်တော့ဘူးဆိုပေမယ့် မင်းက ငါတို့နဲ့ သက်ဆိုင်သေးတယ်နော်... တကယ်လို့ တစ်ခုခုလိုတယ်ဆိုရင် ငါတို့ဆီလာလို့ရတယ်..."
ဝမ်ဟန်က အားပါးတရပြုံးလိုက်ပြီး ဖူလီ့ထံသို့ စာအိတ်နီကြီးတစ်အိတ် ထိုးပေးလိုက်သည်။
ဖူလီက စာအိတ်အနီတစ်အိတ်ပြီးတစ်အိတ်ကို ကိုင်ထားရသည်။
" ဒါပေမဲ့ ကျွန်တော်က စီမံခန့်ခွဲရေးဗျူရိုကိုသွားဖို့စိတ်ကူးမှ မရှိတာ..."
" ဘယ်လို..."
ဝမ်ယွဲ့ဂိုဏ်းမှ လူအားလုံးမှာ သူတို့နားများ တစ်ခုခုဖြစ်နေသည်ဟုပင် ထင်သွားကြသည်။
စာမေးပွဲအောင်ပြီးတာတောင်မှ စီမံခန့်ခွဲရေးဗျူရိုကို မသွားချင်တဲ့သူ ရှိသေးတာလား...
ဝမ်စွေ့ဟွားက ဖူလီ့ကိုထောင့်တစ်ထောင့်ကို ဆွဲခေါ်သွားပြီး မေးလိုက်သည်။
" ဖူလေး ဘာလို့မသွားချင်တာလဲ ငါ့ကိုပြောပါဦး..."
" ဒီအလုပ်ကလည်း တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်လို့ ကျွန်တော်ထင်လို့ပါ... ဗျူရိုကိုသွားတော့ရော ဘာအသုံးဝင်မှာလဲမသိလို့..."
" သေချာပေါက် အသုံးဝင်တာပေါ့... မင်းက ကျေးလက်မှာပဲ နေခဲ့တာဆိုတော့ အပြင်လောကရဲ့ ရှုပ်ထွေးပွေလီမှုတွေကိုမသိတာ... အတိတ်တုန်းက စီမံခန့်ခွဲရေးဗျူရို မရှိခင်ကဆိုရင် လူသားကျင့်ကြံသူတွေက ယောင်ကျင့်ကြံသူတွေကိုသတ်ပစ်တယ် ... ယောင်ကျင့်ကြံသူတွေကလည်း လူသားကျင့်ကြံသူတွေကိုစားတယ်... လူသားတွေနဲ့ မိစ္ဆာတွေက အမြဲတမ်း မတူညီတဲ့ အစွန်းနှစ်ဖက်မှာ ရှိနေခဲ့ကြတာ... စီမံခန့်ခွဲရေးဗျူရိုပေါ်လာပြီးမှ ယောင်ကျင့်ကြံသူတွေက အဖျက်အမှောင့်လုပ်ငန်းတွေ မလုပ်ရဲကြတော့တာ... လူသားကျင့်ကြံသူတွေဘက်ကလည်း ယောင်ကျင့်ကြံသူတွေကို ဆေးသန့်စင်တာ လက်နက်တီထွင်တာတွေအတွက် မသုံးတော့ဘူး အားလုံးလည်း အသက်ရှည်ရှည်နေခဲ့ရတယ်... တကယ်လို့ မင်းလိုမျိုးစွမ်းအားကြီးတဲ့လူက စီမံခန့်ခွဲရေးဗျူရိုကို မသွားဘူးဆိုရင် ကျင့်ကြံရေးလောကမှာ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်လိုဟန်ချက်ညီအောင်လုပ်ပြီး မတရားမှုအတွက် တိုက်ခိုက်ပေးတော့မှာလဲ..."
" ဒါပေမဲ့ ကျွန်တော် တက္ကသိုလ်တက်ပြီး အစိုးရဝန်ထမ်း ဖြစ်ချင်သေးတယ်..."
ဝမ်စွေ့ဟွားက ဝမ်ဟန်ကို လှည့်ကြည့်လိုက်သည်။ ဝမ်ဟန်ကလည်း အမြန်ခေါင်းခါပြသည်။ ဤယောင်ကျင့်ကြံသူလေးထံတွင် ထိုသို့သောကြီးကျယ်ခမ်းနားသည့် အိမ်မက်မျိုးရှိကြောင်း သူ မသိခဲ့ပေ။
" စီမံခန့်ခွဲရေးဗျူရိုမှာ အလုပ်လုပ်ရတာက လူသားလောကမှာ အစိုးရဝန်ထမ်းလုပ်ရတာနဲ့ အတူတူပဲလေ..."
ဝမ်စွေ့ဟွားက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ငါကြားတာတော့ စီမံခန့်ခွဲရေးဗျူရိုကို နိုင်ငံတော်က ကြီးကြပ်တာတဲ့... မင်းဗျူရိုမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ရင် အနာဂတ်မှာ အစိုးရဝန်ထမ်းဖြစ်လာတဲ့အခါကျ အထူးအခွင့်အရေးတွေ ရမှာပေါ့..."
ဖူလီက သင်္ကာမကင်းစွာဖြင့် မေးလိုက်သည်။
" တကယ်လား..."
" အနည်းဆုံးတော့ အခု စာမေးပွဲဝင်ဖြေဖို့ လုပ်နေတာထက် ပိုကောင်းတာပေါ့..."
ဝမ်စွေ့ဟွားက လေးနက်တည်ကြည်သော အမူအရာဖြင့် ဖူလီ့ပခုံးကို ပုတ်လိုက်သည်။
" ငါ့ကိုယုံစမ်းပါ ငါစားလာခဲ့တဲ့ဆားက မင်းစားခဲ့တဲ့ထမင်းစေ့အရေအတွက်ထက်တောင် ပိုများတယ်..."
" ဒါပေမဲ့ ကျွန်တော်က အဖွားထက် အနှစ် ၃၉၀၀တောင် ပိုကြီးတာလေ... အဖွား အဲ့လောက်ငန်တဲ့စားစရာတွေပဲ စားနေတာလား..."
ဖူလီ ထိတ်လန့်သွားရသည်။
( အူတက်နေပြီ အဖွားထက် သားတစ်လကြီးနေတာ🤣)
ဝမ်စွေ့ဟွားက နေရခက်သွားဟန်ဖြင့် ရယ်လိုက်သည်။ ဤလူငယ်လေးက နာခံမှုရှိလွန်းလှ၍ သူက လူသားမဟုတ်ပဲ မိစ္ဆာဖြစ်ကြောင်းကို သူမ မေ့သွားခဲ့သည်။
" ဟုတ် ဟုတ်တယ် ငါက အရသာ လေးတဲ့ စားစရာတွေ ပိုကြိုက်တာ..."
" ကျန်းမာရေးအစီအစဉ်မှာပြောတာတော့ ငန်တဲ့စားစရာတွေက ကျန်းမာရေးအတွက် မကောင်းဘူးတဲ့... အဖွား ကျန်းမာရေးကို ဂရုစိုက်ဦးနော်..."
ဝမ်စွေ့ဟွား “...”
နှစ် ၃၉၀၀ဟူသော မျိုးဆက်ကွာဟချက်က အလွန်ကြီးမားလွန်းလှ၍ သူမ ဤစကားဝိုင်းကို ဆက်မပြောနိုင်တော့ဟု ထင်နေသည်။
.....
" အိုင်း စက်တင်ဘာလရောက်ပြီဆိုတော့ အပြင်မှာ တော်တော်ပူတာပဲ..."
ကျန်းခယ့် အပြင်မှ ပြန်ရောက်လာသည့်အခါ ခွက်တစ်ခွက်ယူပြီး ရေကို အားပါးတရသောက်လိုက်သည်။
" ကြိုဆိုပွဲအတွက် ဘိုကင်တင်တာ ပြီးသွားပြီ... မင်းတို့အားလုံး ဒီတစ်ခါ စိတ်ချထားလိုက်ပါ... ငါတို့ဗျူရိုက မိစ္ဆာတွေရဲ့ မူရင်းပုံစံနဲ့ဟင်းပွဲ တစ်ပွဲမှ မပါလာစေရဘူး..."
ဤကဲ့သို့သော အများနှင့်ဆိုင်သည့် ကြိုဆိုပွဲက စည်ကားစေရန် ဆိုလိုပေသည်။ အချို့သော ယောင်ကျင့်ကြံသူများက မျိုးစိတ်အတူတူချင်းကို မစားသုံးပဲ ရှောင်ကြဥ်ကြပြီး အချို့ကမူ ဤကိစ္စကို သိသိသာသာ အာရုံစိုက်ကြသည်။ သို့ဖြစ်၍ စီမံခန့်ခွဲရေးဗျူရိုက ဘိုကင်လုပ်ရာတွင် ဤကိစ္စများကို အထူးရှောင်ရှားကြသည်။
" ဒီတစ်ခါ ငါး၊ အမဲသား၊ သိုးသားနဲ့ ကြက်သား လုံးဝလုံးဝကို မပါတာ..."
ကျန်းခယ့်က အသက်ဝဝရှုသွင်းလိုက်ပြီးနောက် သူ့ရင်ဘတ်ကိုပုတ်လိုက်သည်။
" ငါ ယုန်သားတွေနဲ့ ဟင်းပွဲချည်းပဲ ဘိုကင်လုပ်ထားလိုက်တယ်... ငါတို့စီမံခန့်ခွဲရေးဗျူရိုက တစ်ယောက်မှ ယုန်မိစ္ဆာ မဟုတ်ကြဘူးမလား..."
" ကျန်းခယ့်က ဒီတစ်ခါတော့ ကောင်းကောင်းလုပ်ခဲ့သားပဲ ယုန်သားက အရမ်းအရသာရှိတာ..."
ဟွမ်စန်က ချီးကျူးလိုက်သည်။
မူရင်းပုံစံက အပင်ဖြစ်သော မိစ္ဆာအများစုက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ကြကာ စိတ်အားတက်ကြွသွားသည့်ပုံဖြစ်ကြသည်။
လူသားပုံစံရလာအောင် အပြင်းအထန် ကြိုးစားအားထုတ်၍ ကျင့်ကြံပြီးသည့်နောက်တွင် သူတို့က အစာကွင်းဆက်၏ ထိပ်ဆုံး၌ ရပ်တည်နိုင်ပြီဖြစ်သောကြောင့် လက်တစ်ချောင်းပင် မလှုပ်ရှားရပဲ အရသာရှိသည့် စာကောင်းသောက်ဖွယ်များကို အားပါးတရစားသောက်နိုင်ပြီဖြစ်သည်။
အဲ့လိုမဟုတ်ရင် ငါးဆားနယ်တစ်ကောင်နဲ့ အသားမစားရတဲ့အပင်တစ်ပင်က ဘာကွာတော့မှာလဲ...
လူသစ်များက ဗျူရိုသို့ တရားဝင် မဝင်ရောက်ရမီနေ့ရက်တွင် စီမံခန့်ခွဲရေးဗျူရို၏ကြိုဆိုပွဲအတွက် ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့ကြသည်။ ဖူလီက သူ၏လုပ်ဖော်ကိုင်ဖက်အသစ်များနှင့် အဆင်ပြေပြေနေထိုင်သင့်သည်ဟု တွေးလိုက်သည်။ သို့ဖြစ်၍ အဝတ်အစားသစ်များ ဝတ်လိုက်ပြီး ငွေကုန်ခံ၍ အငှားယာဉ်စီးကာ ဦးတည်ရာသို့ ရောက်အောင် လာခဲ့သည်။
စားသောက်ဆိုင်ဝင်ပေါက်သို့ ရောက်သည့်အခါ ယုန်တစ်ကောင် သက်ဝင်လှုပ်ရှားနေသည်နှင့်တူသော ပန်းပုရုပ်တစ်ရုပ်ကို ထင်ထင်ရှားရှားမြင်လိုက်ရသည်။ "လောင်ဇီဟောင် ယုန်သားစားသောက်ပွဲကြီး" ဟူသောစာလုံးများကိုလည်း နံရံတွင်ကပ်ထားသည့် ဆိုင်းဘုတ်ကြီးပေါ်တွင် ရေးထားပေသည်။
" စီနီယာ..."
ကျန်းခယ့်က ဖူလီ့ကိုမြင်သည့်အခါ ဖော်ရွေပျူငှာစွာဖြင့် သီးသန့်ခန်းတစ်ခုထဲ ဆွဲခေါ်လာခဲ့သည်။
" အပြင်မှာ အရမ်းပူတယ် အခန်းထဲလာထိုင်..."
အအေးဟင်းပွဲများနှင့် ယုန်ပုံစံစားစရာများကို စားပွဲပေါ်တွင် ချထားပြီးဖြစ်သည်။
ဖူလီက လူသစ်ဖြစ်သော်လည်း စီမံခန့်ခွဲရေးဗျူရိုမှလူများအမြင်တွင် သူက အဆင့်တစ်ခု၌ ရှိနေသူဖြစ်ကာ အထူးတလည်ဖြစ်လှ၍ သူ့အတွက် အဓိကစားပွဲတွင် နေရာတစ်ခု စီစဉ်ပေးထားသည်။ ဖူလီဝင်လာသည်ကို မြင်သည်နှင့် အားလုံးက သူ့ကို လက်ဝှေ့ယမ်းပြပြီး ထိုင်ခိုင်းကြသည်။
" ကျေးဇူးရှင်လေး ဒီစားသောက်ဆိုင်က မြို့တော်တစ်ခုလုံးမှာ ယုန်သားကို အကောင်းဆုံးဖြစ်အောင်ချက်တတ်တဲ့ ဆ်ိုင်ပဲ..."
ကျန်းခယ့်က ဖူလီ့ကို သောက်စရာငှဲ့ပေးလိုက်ပြီး စားပွဲထိုးလေးကို ဟင်းပွဲများ ချပေး၍ရပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။
စားပွဲပေါ်တွင် တစ်ခဏတွင်းချင်း ဟင်းပွဲများဖြင့်ပြည့်သွားပြီး အားလုံး၏ တူများကလည်း မြန်ဆန်စွာလှုပ်ရှားလာကြသည်။ ကျွမ်းချင်က ယုန်သားပိုင်မုန့်တစ်ခုကိုယူပြီး ယုန်ခေါင်းကိုတစ်ချက်တည်း ကိုက်ဖြတ်လိုက်သည်။
မော့ကြည့်လိုက်သောအခါ ဖူလီက သူ့လက်ထဲမှ ပိုင်မုန့်ကို စိုက်ကြည့်နေသည်။ သူ သင်္ကာမကင်းစွာဖြင့် မေးလိုက်သည်။
" မင်း စားချင်လို့လား..."
သူ မတ်တပ်ရပ်ပြီး ယုန်သားပိုင်မုန့်ကို ဖူလီ့ရှေ့တွင် ချပေးလိုက်သည်။
ဖူလီက သူ့ပန်းကန်ထဲမှ ပွယောင်းယောင်းယုန်သားပိုင်မုန့်ကိုကြည့်နေသည်။ သူ့လည်ပင်းကို သူပြန်ပွတ်နေလိုက်ပြီး နှဖူးပြင်တွင်လည်း ဇောချွေးများ ပြန်လာတော့သည်။
" ကောင်းကောင်းအရသာခံကြည့်လိုက် ဒီစားသောက်ဆိုင်ရဲ့ပိုင်မုန့်တွေက သာမန်လောက်ပါပဲ ဒါပေမဲ့ မွှေးပြီးနူးညံ့နေတဲ့ ယုန်သားတုံးလေးတွေကမှ သူတို့ရဲ့ ဂန္တဝင်ဟင်းပွဲပဲ..."
ကျန်းခယ့်က ယုန်သားကို တူဖြင့်ယူပြီး ဖူလီ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
" မြည်းကြည့်ပါဦး..."
ပန်းကန်ဘယ်ဘက်တွင် ကျွမ်းချင်ထည့်ပေးထားသော ယုန်သားပိုင်မုန့်နှင့် ညာဘက်တွင် ကျန်းခယ့်ထည့်ပေးထားသော မာလာယုန်သားတို့ ရှိနေသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် သူ၏ အနာဂတ်လုပ်ဖော်ကိုင်ဖက်များ၏ အပြုံးပန်းဝေနေသည့်မျက်နှာများ ရှိနေသည်။ ဖူလီက ဖတ်စာအုပ်ထဲတွင် သူဖတ်ခဲ့ဖူးသော ဟုန်မန်စားသောက်ပွဲဟူသည့် ဂန္တဝင်ဇာတ်လမ်းတစ်ပုဒ်အကြောင်း ရုတ်တရက် စဉ်းစားမိသွားသည်။
သတ်ဖြတ်ချင်စိတ်ကို ဖုံးကွယ်ထားပြီး လှည့်ဖြားဖို့ကို အသေးစိတ် ပြင်ဆင်ထားတာလား... စီနီယာတွေက လူသစ်တွေကို ပညာပြနေတာများလား...
သူ့ကိုယ်သူ ကောင်းကောင်းဖုံးကွယ်ထားမိတယ်လို့ထင်ပေမယ့် သူက ယုန်မိစ္ဆာဆိုတာကို အားလုံးသိနေကြတာလား...
လွန်ခဲ့သော နှစ်ပေါင်းများစွာ သူ အသက်၅၀၀မပြည့်သေး၍ လူသားအဖြစ် အသွင်မပြောင်းနိုင်မီအချိန်က မျောက်ဝံဖြူကြီး၏ တောင်ပြင်ပမှ ဇာတ်လမ်းများက သူ့အတွက် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ သူ ကစားပြီး အပြင်ထွက်သွားမိချိန်၌ အလွန်ကြောက်စရာကောင်းသည့် မြွေထူးဆန်းနှစ်ကောင်နှင့် တွေ့ခဲ့သည်။ သူတို့က အတောင်ပံများ ရှိရုံသာမက ခေါင်းနှစ်လုံးလည်း ရှိပေသည်။ သူ့ကိုမြင်သည့်အခါ ထိုမြွေများက အားနည်းသည့်ပုံပန်းသွင်ပြင်ကြောင့် လှောင်ပြောင်သရော်ကြရုံသာမက ပါးစပ်ဟပြီး သူ့ကိုစားပစ်ရန် ပြင်ကြသည်။ သူက အလွန်ငယ်ရွယ်လွန်းသောကြောင့် အကြောက်လွန်ပြီး တုန်ယင်နေခဲ့သည်။အကယ်၍ ဘုရင်ကန်းလဲ့က တစ်ဟုန်ထိုးရောက်လာပြီး သူ့က်ို မကယ်တင်ခဲ့ပါက ထိုမြွေများ၏ အစားခံရနိုင်သည်။
ထိုအချိန်မှစ၍ ပြောင်ချောချောနှင့် အမွေးအမျှင်မရှိသည့်အရာများကို မြင်ရခြင်းအား စက်ဆုပ်မုန်းတီးခဲ့သည်။ ထိုအဖြစ်အပျက် ပြီးဆုံးသွားပြီးနောက်မှသာ ထိုမြွေထူးဆန်းများကို ဖေးယီဟုခေါ်ကြောင်း သိခဲ့ရသည်။ ထိုမြွေမျိုး၏ အသားကိုစားခြင်းက ကျန်းမာရေးအတွက်ကောင်းသည်ဟု မျောက်ဝံဖြူကြီးက ပြောခဲ့သော်လည်း သူတို့၏ အကျည်းတန်လှသော အသွင်အပြင်ကို တွေးကြည့်မိရုံဖြင့် သူ့စိတ်ထဲ အော်ဂလီဆန်မိပေသည်။
သူက ယုန်တစ်ကောင်ဖြစ်နေရရင်ရော ဘာဖြစ်လဲ... ကောင်းကောင်းသာ ကျင့်ကြံမယ်ဆိုရင် ယုန်တစ်ကောင်ကလည်း လောကကြီးကို မြင်နိုင်တာပဲလေ...
သူ့ရှေ့မှပန်းကန်ကို ခပ်ဝေးဝေးတွန်းလွှတ်လိုက်ပြီး ဗျူရိုမှလူအားလုံးကို သနားသည့်ဟန်ဖြင့် ကြည့်လိုက်သည်။
" ယုန်လေးတွေက ချစ်စရာကောင်းတယ် ငါ သူတို့ကို မစားလို့ရမလား..."
မင်းတို့ဘာသာစားရင်ရတယ်လေ... မင်းတို့စားတာကို ငါ့ဘာသာ ထောင့်တစ်နေရာက ထိုင်ကြည့်နေလည်းရတယ် ဒါပေမဲ့ ဘာဖြစ်လို့ ငါ့ပန်းကန်ထဲကိုလာထည့်ပြီး အတင်းစားခိုင်းနေရတာလဲ... သူက ကိုယ့်မျိုးနွယ်ကိုယ် ပြန်စားတဲ့ ဟိုဘဲခေါင်းစိမ်းလိုမျိုးမှ မဟုတ်တာ...
" ယုန်လေးတွေက ချစ်စရာကောင်းပါတယ် ဒါပေမဲ့ သူတို့အသားက ပိုအရသာရှိတယ်လေ သူတို့အမွေးတွေကလည်း လှတာပဲ..."
ရှုယွမ်က ပြောလိုက်သည်။
" စီနီယာစိတ်အေးအေးထားပါ ဒီယုန်သားမှာ ဓာတုပိုးသတ်ဆေးတွေအများကြီးလည်း မပါဘူး... ဒီစားသောက်ဆိုင်ရဲ့ ပါဝင်ပစ္စည်းတွေက အရည်အသွေးကိုပဲကြည့်တာ... ဒီယုန်သားတွေက မွေးမြူရေးခြံကယုန်တွေဆိုတော့ လတ်ဆတ်ပြီးတော့ နူးညံ့နေတာပဲ..."
ဖူလီ၏ နှလုံးသားက အလွန်နူးညံ့သည်ဟု ထင်မိ၍ သူမ ဆက်ပြောလိုက်သည်။
" ယုန်လေးတွေက ချစ်စရာကောင်းပေမယ့် သူတို့ရဲ့အဓိကလုပ်ဆောင်ချက်က အစားခံရဖို့ အရေခွံခွာခံရဖို့နဲ့ သူတို့အမွေးတွေကို အင်္ကျီဝတ်ပစ်ဖို့ပဲလေ..."
ဖူလီ၏ မျက်နှာထက်တွင် ချွေးသီးချွေးပေါက်များစွာ ထွက်လာသည်။ သူ့အကြည့်က ပို၍ ဂနာမငြိမ်ဖြစ်လာပေသည်။
" မင်းတို့လူသားတွေက လူအချင်းချင်းစားရတာ သဘောမကျဘူးမလား... ဘာလို့ ယုန်တစ်ကောင်ကို ယုန်သားအတင်းစားခိုင်းနေကြတာလဲ..."
" ဘယ်လို..."
ကျန်းခယ့်မှာ နားကြားမှားသွားသည်ဟု ထင်လိုက်မိသည်။ သူ တစ်ဖက်ကိုလှည့်ပြီး ငတုံးတစ်ယောက်ကဲ့သို့ ကြည့်လိုက်မိသည်။ အခြားသူများကလည်း သူနှင့် ထူးမခြားနားဖြစ်သည်။ သူတို့၏တူများကိုကိုင်ထားစဉ်တွင် ပါးစပ်ထဲမှယုန်သားက မီးလျှံတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ အပူက ပြင်းထန်လွန်းလှ၍ အစာအိမ်ကို အဆက်မပြတ်လှုံ့ဆော်နေပေသည်။
ကျွမ်းချင်က သူ့လက်ထဲမှ စားလက်စ ယုန်သားပိုင်မုန့်ကိုကြည့်ကာ စားပွဲအောက်မှ အမှိုက်ပုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် မည်သည့်အရာမှ မဖြစ်ပျက်သွားသကဲ့သို့ လက်ဖက်ရည်ကြမ်းတစ်ငုံသောက်လိုက်သည်။
" ငါက ယုန်ဆိုရင်ရော ဘာဖြစ်လဲ... မင်းတို့တွေက ယုန်တွေကို အထင်သေးကြတာလား..."
ဖူလီက တောင့်တင်းနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
" အဲ့လိုမဟုတ်ပါဘူး..."
ရှုယွမ်က တူကိုဘေးနားချထားလိုက်သည်။
" ယုန်လေးတွေက ချစ်စရာကောင်းပြီး စွမ်းအားကြီးတယ်လေ... ငါတို့အားလုံးယုန်တွေကို သဘောကျကြပါတယ်..."
" ဟုတ်တယ် ဟုတ်တယ် ယုန်လေးတွေက အရမ်းချစ်စရာကောင်းတာ ကျွန်တော်တို့ ဘယ်လိုလုပ်စားရက်မှာလဲ..."
အသိစိတ်ပြန်ဝင်လာသောကျန်းခယ့်ကလည်း သူ့တူကို ဘေးနားပစ်ချထားလိုက်သည်။
" ဒီဘေးနားမှာ ကျောက်ပုစွန်ရောင်းတဲ့ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်... ကျောက်ပုစွန်သွားစားကြရအောင်..."
လူအုပ်စုကြီးမှာ စားသောက်ဆိုင်ပြောင်းသွားပြီးနောက် စားပွဲတွင် ဝင်ထိုင်လိုက်သည်။ ဖူလီက စားပွဲပေါ်မှ လတ်လတ်ဆတ်ဆတ်ဟင်းပွဲကိုကြည့်ပြီး တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရသည်။