အပိုင်း ၄၂
Viewers 16k

Chapter 42

အိုးကို သယ်သွားခြင်း


လူအုပ်စုကြီးမှာ စားသောက်ဆိုင်ပြောင်းသွားပြီးနောက် စားပွဲတွင် ဝင်ထိုင်လိုက်သည်။ ဖူလီက စားပွဲပေါ်မှ လတ်လတ်ဆတ်ဆတ်ဟင်းပွဲကိုကြည့်ပြီး တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရသည်။ 

သူ ထိုအချိန်က စွမ့်ယွီကို အလွန်ရိုက်နှက်လွန်းခဲ့၍ ထိုလူများက ကြောက်လန့်သွားပြီး သူ့ကို ကောင်းမွန်စွာဆက်ဆံလိုကြခြင်းဖြစ်သည်။ အလွန်ကောင်းမွန်စွာဆောင်ရွက်ခြင်းကလည်း မနာလိုဝန်တိုမှုကိုဖြစ်စေသည်ဟု ကျန်းရှန်ပြောသည်မှာ မထူးဆန်းတော့ပေ။ အနာဂတ်တွင် သတိထားမှဖြစ်ပေမည်။ 

တိုက်ခိုက်ရေးစွမ်းရည် အလွန်မြင့်မားသောဖူလီက နှစ်လေးထောင်ခန့် ကျင့်ကြံထားသော ယုန်စီနီယာကြီးဖြစ်နေလိမ့်မည်ဟု ဗျူရိုမှဝန်ထမ်း တစ်ယောက်ကမှ မထင်ထားခဲ့ကြပေ။ ယုန်များ၏ သက်တမ်းတိုတောင်းလှပြီး ကျင့်ကြံဆင့် နိမ့်လှသောကြောင့် လူသားအသွင်ရောက်အောက် ကျင့်ကြံနိုင်လျှင် အလွန်ကံကောင်းလှပြီဖြစ်သည်။
ဖူလီ့လိုလူမျိုးကတော့...

ယုန်မိစ္ဆာတွေထဲမှာမှ မူမမှန်တဲ့ တစ်ယောက်ပဲဖြစ်မယ်...

ကျောက်ပုစွန် နှစ်ပန်းကန်ခန့် စားပြီးသောအခါ ကျန်းခယ့်က ရှက်ရွံ့နေသည့်မိန်းကလေးတစ်ယောက်သဖွယ် ဖူလီ့ကိုလှည့်ကြည့်လိုက်သည်။

" စီနီယာ... ‌ဒီဂျူနီယာလေးက စီနီယာ့ရဲ့ မူရင်းပုံစံကို ခမ်းနားထည်ဝါတဲ့ ကျောက်စိမ်းယုန်မှန်း မသိခဲ့ပါဘူး... နေ့လယ်စာစီစဉ်ရင်း စီနီယာကို စော်ကားမိပါပြီ ကျွန်တော် တောင်းပန်ပါတယ်..."

" ငါက ခမ်းနားတဲ့ လရောင်ရှု့မျှော်ကျောက်စိမ်းယုန်လည်း မဟုတ်ပါဘူး..."

ဖူလီက သူ အခွံခွာနေသည့် ကျောက်ပုစွန်ကို ချထားလိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ 

" ငါတို့က အနာဂတ်မှာ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတော့မှာပဲကို နာမည်ပဲခေါ်ပါ..."

သူက လက်ကို နှစ်ဆယ်စင်တီမီတာအထိ တိုင်းပြလိုက်ပြီး ပြောလိုက်သည်။

" တကယ်တော့ ငါက ဒီအရွယ်လောက်ပဲရှိတဲ့ နားရွက်ရှည်ယုန်တစ်ကောင်ပါ...  တောင်ရဲ့အကြီးအကဲ ဘုရင်ကန်းလေ့နဲ့ မျောက်ဝံဖြူကြီးတို့ ပင်လယ်မှာ ငါးရှာထွက်နေတုန်း ကလေးအရွယ်ပဲရှိသေးတဲ့ ငါ့ကိုရှာတွေ့ခဲ့တာ... ကာကွယ်ပေးနေတဲ့ အကြီးအကဲတွေလည်း မရှိတော့ ငါ့ကို သနားလို့ဆိုပြီး တောင်ပေါ်ခေါ်လာပြီးတော့ ငါ့ကိုမွေးထားခဲ့ကြတာ..."

အားလုံးက အရူးများသဖွယ် သူ့ကိုကြည့်နေသည်အား မြင်လိုက်ရသောအခါ ဖူလီ၏ပါးပြင်က နီရဲလာသည်။

ထိုစကားများကို ကြားသည့်အခါ ကျွမ်းချင်က နဂါးများဝမ်းဗိုက်ထဲ အစာအဖြစ်ရောက်သွားရသည့် ရောင်ပြန်မြူတောင်မှ ကြက်နာတတ်သည့် မိစ္ဆာငယ်လေးများကို တွေးမိသွားသည်။ မိုးပြာနဂါးမျိုးနွယ်အပေါ်  သူ၏မုန်းတီးမှုက ပိုမိုတိုးပွားလာသည်။

" ကျေးဇူးရှင်လေးက အံ့ဩစရာကောင်းလိုက်တာ..."

ချူးယွီက လေးစားအံ့အားသင့်နေသည့်မျက်နှာမျိုးဖြင့် ပြောလိုက်သည်။ 

" ကျွန်တော် နှစ်တစ်ထောင်ကျော် ကျင့်ကြံပြီးတဲ့အချိန်တုန်းကဆို မူရင်းပုံစံက အလျားနှစ်လက်မ အနံတစ်လက်မလောက်ပဲ ရှိခဲ့တာ..."

သူ့ကျေးဇူးရှင်က အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်မှသာ မြင်နိုင်သော အရွယ်အစားဖြစ်လျှင်ပင် ‌လေးစားဦးညွတ်ရန် ဆုံးဖြတ်ထားခဲ့သော ချူးယွီမှာ ဖူလီက နှစ်ဆယ်စင်တီမီတာရှိသော ယုန်တစ်ကောင်ဖြစ်နေ၍ ဆိုဖွယ်ရာပင် မလိုတော့ပေ။

ချူးယွီ ထိုစကားများကို ပြောလိုက်ချိန်တွင် အားလုံးက ဖူလီကို ပို၍တလေးတစားကြည့်မိလိုက်ကြသည်။

သာမန် နားရွက်ရှည်ယုန်တစ်ကောင်အတွက် ဒီလိုမျိုးလက်ရှိ အခြေအနေရောက်အောင် ကျင့်ကြံခဲ့ရဖို့ သွေးချွေးတွေနဲ့ ပေးဆပ်ခဲ့ရမှာပဲ...

သူကတော့ သံမဏိလူသားပဲ ဪ မဟုတ်ဘူး ယုန်သားလို့ ပြောရမလား... ဘာပဲဖြစ်ဖြစ် အံ့ဩစရာကောင်းလွန်းတယ်...

သူတို့က စွမ်းအားကြီးသော ကျင့်ကြံသူများကို လေးစားရိုသေကြသည်။ သို့ရာတွင် သာမညသတ္တဝါလေးများက ကြီးကျယ်ခမ်းနားသော အဆင့်တစ်ခုရောက်လာအောင် ကျင့်ကြံနိုင်ပါက ပိုမိုလေးစားကြပေသည်။ 

" ဒါပေမဲ့ စီနီယာ့ကို ပျိုးထောင်ခဲ့တဲ့ ယောင်ကျင့်ကြံသူတွေကလည်း တော်တော်လေး အထင်ကြီးစရာကောင်းတာပဲ... ကျွန်တော်သာဆို ယုန်တစ်ကောင်တွေ့ရင် ချက်စားဖို့ အိမ်ယူသွားမှာ..."

ကျန်းခယ့်က ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်ပြီး ငတုံးတစ်ယောက်သဖွယ် ရယ်နေသည်။

ဖူလီက မျက်လွှာချထားပြီး ကျောက်ပုစွန်ခေါင်းကို ထောက်ခနဲ ကိုက်ဖြတ်လိုက်သည်။

ကျန်းခယ့်က တံတွေးမျိုချလိုက်ပြီး ယုန်သားစားမည့်ကိစ္စကို ထပ်မပြောရဲတော့ပေ။

ကြိုဆိုပွဲအပြီးတွင် အားလုံးက ဖူလီ၏ မူရင်းပုံစံကို သိရှိသွားခဲ့ကြသည်။ အမှန်တွင် စုန့်ယွီဟု နာမည်တုနှင့်နေသော စွမ့်ယွီမှာ ဖူလီ၏ မူရင်းပုံစံကို သိရှိပြီးနောက် လဲကျလုမတတ်ဖြစ်သွားရသည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူက ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်သည်။
သူက ယုန်တစ်ကောင်တီးတာကို မျက်ရည်ထွက်တဲ့အထိ ခံလိုက်ရတယ်ပေါ့လေ...

မဟုတ်သေးဘူး တကယ်တော့ မေးရမယ့်မေးခွန်းက - ယုန်တွေက သူတို့ရဲ့ပင််ကိုဗီဇကိုကျော်ပြီးတော့ မဟာမိစ္ဆာတစ်ကောင်ကို ဒီအခြေအနေရောက်တဲ့အထိ တိုက်ခိုက်နိုင်တာလား...

သူ့ကြောင့် ရှေးဟောင်းမိစ္ဆာတွေတော့ နာမည်ပျက်ပါပြီ... ဒါပေမဲ့ ကံကောင်းတာတစ်ခုက ရှေးဟောင်းမိစ္ဆာတွေက အခု ပုန်းရင်ပုန်း မပုန်းရင် သေကုန်ကြပြီ... သူ ဘယ်လောက်သနားစရာကောင်းတယ်ဆိုတာ ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး...

ထိုသို့တွေးလိုက်သောအခါ စုန့်ယွီ စိတ်အေးသွားရသည်။ 

သနားစရာကောင်းတဲ့ ကလေးတွေက နောက်တစ်ခေါက် ပြန်ပေါ်လာတဲ့အချိန်မှာ နာမည်ကြီးနေပြီဆိုတဲ့ဇာတ်လမ်းတွေက လူသားတွေကြားထဲမှာ နာမည်ကြီးတယ်မလား... ယောင်လောကမှာတော့ ဖူလီက သနားစရာကောင်းတဲ့ ဇာတ်လိုက်တစ်ယောက်ပဲ... ဒီလိုဆိုရင်တော့ ဖူလီက သူ့ကို အရှက်တကွဲဖြစ်အောင်လုပ်နိုင်တဲ့စွမ်းရည်ရှိတာ ကျိုးကြောင်းဆီလျော်ပါတယ်...

စီနီယာဝန်ထမ်းများ၏ရှေ့တွင် လူသစ်အချို့က အေးအေးဆေးဆေး မနေတတ်ကြပေ။ ဝေ့စန်းက ကျန်းခယ့်၏ဂျူနီယာဖြစ်သည်။ သူက ယောင်ကျင့်ကြံသူအဖြစ် ဂိုဏ်းကို ဝင်ရောက်ခဲ့သော်လည်း ချင်းရှောင်ဂိုဏ်းမှ တပည့်တပန်းများ၏ လှိုက်လှိုက်လှဲလှဲကြိဆိုခံခဲ့ရသည်။ သို့ဖြစ်၍ စားပြီးသည်နှင့် ကျန်းခယ့်အနားကို လျှောက်သွားလိုက်သည်။

" စီနီယာ ဒါကျွန်တော့်ရဲ့ဂျူနီယာလေးလေ ဝေ့စန်းတဲ့..."

ကျန်းခယ့်က ဖူလီနှင့် ဝေ့စန်းအကြား ဆက်ဆံရေး ကောင်းမွန်စေလို၍ အချင်းချင်းမိတ်ဆက်ပေးလိုက်သည်။

" နောက်‌ဆိုရင် သူ့ကိုကြည့်ရှု့စောင့်ရှောက်ပေးဖို့ တောင်းဆိုပါတယ်..."

" ငါ့နာမည်ကိုပဲ ခေါ်လို့ရတယ်လို့ ပြောထားတယ်လေ... စီနီယာလို့ခေါ်တာက ထူးဆန်းပြီးတော့ ခေတ်နောက်ကျနေပြီ..."

ဖူလီက ပေါင်းသင်းဆက်ဆံရလွယ်ကူသူတစ်ယောက်ဖြစ်ပေသည်။  ဗျူရိုမှလူများက သူ့အတွက် ဟုန်မန်စားသောက်ပွဲ ပြင်ဆင်ပေးထားသည်ဟု သံသယရှိလိုက်သော်လည်း သူက စိတ်သဘောထားကြီးသူဖြစ်၍ လူငယ်မျိုးဆက်များနှင့် တွက်ကပ်မနေတော့ပေ။

သို့ရာတွင် ဝေ့စန်း၏ လူသားပုံစံမှတစ်ဆင့် သူ့မူရင်းပုံစံကို ကြည့်လိုက်မိသည့်အခါ သူအနည်းငယ် မနာလိုဖြစ်သွားရသည်။ ထိုကောင်လေး၏ မူရင်းပုံစံက ကျားတစ်ကောင်ဖြစ်နေသည်။

ဖူလီက စွမ့်ယွီကို အသေရိုက်နှက်နေခဲ့သည်ကို မြင်ခဲ့ရသော ဝေ့စန်းမှာ ဖူလီ့ကိုမြင်သည်နှင့် အပိုးကျိုးသွားခဲ့သည်။ ကျန်းခယ့် သူ့ကို ပြောစရာမလိုပဲနှင့်ပင် ဖူလီ့ကို တလေးတစားခေါ်လိုက်သည်။

" ဖူကော..."

သူ့ပုံစံက ဖူလီ့ထက် နည်းနည်းအသက်ကြီးတဲ့ပုံပေါက်နေပေမယ့်ပေါ့...

" ဖူကော ဒီနေရာအထိ အငှားကားစီးလာရတာ မသက်မသာဖြစ်တယ်လား ကျွန်တော်ပြန်လိုက်ပို့မယ်လေ..."

ဖူလီက စီနီယာဟု အခေါ်ခံရသည်ကို မနှစ်သက်ကြောင်း သိလိုက်သည့်အခါ သူက အလိုက်တသိဖြင့် ဖူကောဟု ခေါ်လိုက်ပေသည်။ 

" မလိုပါဘူး..."

ကျွမ်းချင်က သူတို့ထံ လျှောက်လာသည်။
" ငါက သူနေတဲ့နေရာနားကလမ်းတွေကို ပိုသိတယ် ငါပဲလိုက်ပို့ပေးလိုက်မယ်..."

" ဟုတ်ကဲ့ဘော့စ်..."
ကျန်းခယ့်က ဝေ့စန်းကို ပြန်ဆွဲခေါ်သွားသည်။

ကျွမ်းချင်က ဖူလီနှင့်အတူ ထွက်သွားသည့်အခါမှသာ သူ ဝေ့စန်းကို အသံတိုးတိုးနှင့် ပြောလိုက်သည်။

" ငါကြားဖူးတာတော့ နဂါးနဲ့ကျားတွေက မသင့်မြတ်ကြတဲ့အပြင် တူတူရှိတာနဲ့ တိုက်ခိုက်ကြရောတဲ့... ဗျူရိုကိုရောက်ပြီးရင် ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ဖို့ လေ့ကျင့်ထားဦး... ဘော့စ်က အသက်၂၀၀၀တောင် မပြည့်သေးပေမယ့် သူ့ရဲ့ကျင့်ကြံဆင့်က ဘယ်လောက်အတိုင်းအတာရောက်နေတယ်ဆိုတာ မှန်းလို့မရဘူး... ငါ ဗျူရိုမှာ အလုပ်လုပ်လာတာ ဆယ်နှစ်ရှိပြီ ဘော့စ်က တစ်ယောက်ယောက်နဲ့တိုက်ခိုက်တိုင်း ရှုံးတယ်ဆိုတာကို မမြင်ဖူးဘူး..."

" စီနီယာက အတွေးလွန်နေတာပဲ..."

ဝေ့စန်းက ဖူလီနှင့် ကျွမ်းချင်တို့ ထွက်သွားသည့်ဘက်ကို လေးစားမှုပြည့်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။ 

" နဂါးနဲ့ကျားက မတည့်ဘူးဆိုတာ လူတွေ ဇာတ်လမ်းထွင်ထားတာပါ... နဂါးမျိုးနွယ်စုနဲ့ မသင့်မြတ်တာ ဖုန့်ဟွမ်လေ..."

" နဂါးနဲ့ ဖုန့်ဟွမ်က ကံကောင်းခြင်း သင်္ကေတ မဟုတ်ဘူးလား..."

ကျန်းခယ့်က သူ၏ အာရုံများ ရောထွေးသွားသည်ဟုပင် ခံစားလိုက်ရသည်။ 

" အမှန်တရားက အရေးမကြီးပါဘူး လူသားတွေ ပျော်နေသရွေ့ အဆင်ပြေတယ်... ပြီးတော့ ကျွန်တော်မွေးလာတည်းက ဖုန့်ဟွမ်ကို မမြင်ဖူးဘူး သူတို့တွေက မျိုးသုဉ်းကုန်ပြီထင်တယ်... လူသားတွေက နဂါးကို ယုံကြည်ကြပေမယ့် နဂါးအများစုက ထွက်သွားကြပြီလေ အဲ့လိုတိုက်ပွဲမျိုး ရှိလာတော့မှာ မဟုတ်ပါဘူး..."

ဝေ့စန်းက လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲထည့်ပြီး ပခုံးတွန့်ပြလိုက်သည်။ သူ့ပုံစံက အလွန်တည်ငြိမ်အေးချမ်းနေပေသည်။ 

" ကောင်းကင်ဘုံရဲ့အောက်မှာရှိတဲ့ ကမ္ဘာမြေပြင်ကြီးကို ဟိုးအရင်တည်းက လူသားတွေပဲပိုင်တာလေ..."

ယခင်က ခမ်းနားထည်ဝါခဲ့သော မိစ္ဆာမျိုးနွယ်စုမှာ လူသားများ၏ ကျက်သရေရှိသော သမိုင်းမှတ်တမ်းများနှင့် ဆင်တူပေသည်။ အချိန်က နောက်ပြန်ရွေ့လျားနေခြင်းမဟုတ်၍ သူတို့လည်း ပြန်လာနိုင်မည်မဟုတ်ပေ။ ခေါင်းမော့ရင်ကော့၍ ရှေ့သို့ဆက်လက်လျှောက်လှမ်းမှသာလျှင် သူတို့၏အနာဂတ်တွင် မျှော်လင့်ချက်အသစ် ရှိလာမည်ဖြစ်သည်။

ကျန်းခယ့်က သူ့ဂျူနီယာကို အထွတ်အထိပ်အချိန်အား ကျော်လွန်ခဲ့ရသည့် သူရဲကောင်းတစ်ယောက်ကဲ့သို့ စိုက်ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် ဝမ်းနည်းမှုအချို့ ဝင်ရောက်လာသည်။

" စီနီယာ ဘာတွေတွေးနေတာလဲ..."

ဝေ့စန်း သက်ပြင်းချလိုက်မိသည်။ သူ့မျက်ဝန်းထဲတွင်မူ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော လောကကြီး၏ အသွင်ပြောင်းလဲမှုတို့ ပါဝင်နေသည်။

" အဆင်ပြေပါတယ် ဘယ်လိုပဲဖြစ်ဖြစ် အချိန်တွေကလည်း ပြောင်းလဲသွားပြီဆိုတော့ ကျွန်တော်တို့ အသားကျသွားမှာပါ..."

ကျန်းခယ့် : ဟမ် ဘာလဲ...

လူသားတစ်ယောက်ဖြစ်ရဲ့သားနဲ့ ဘာလို့ သူ့မျိုးနွယ်က ကျိန်ဆဲခံလိုက်ရသလို ခံစားနေမိတာလဲ...

.....

ဖူလီ ကျွမ်းချင်၏‌ကားနားရောက်သည့်အခါ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။

" ကား ပြင်ထားလိုက်တာလား..."

ထိုမေးခွန်းကြောင့် ကျွမ်းချင်က မကြာသေးမီက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကို သတိရသွားပြီး သူ့ရင်ထဲတွင် အနည်းငယ်နာကျင်သွားရသည်။  

" အင်း..."

" နဂါးတစ်ကောင်ဆိုပေမယ့် မင်းက တော်တော်လေး သဘောထားကြီးတာပဲ... လူအများကြီးကို နေ့လည်စာကျွေးလိုက်ရတာဆိုတော့ တော်တော်ကုန်ကျသွားမှာ...."

ဖူလီက ထိုင်ခုံ ခါးပတ်ပတ်နေရင်း ပြောလိုက်သည်။

" အဆင်ပြေပါတယ်..."

၎င်းကို အထက်လူကြီးများက ပေးထားသောကြောင့် သူ့ပိုက်ဆံလည်း မဟုတ်နေပေ။ ဤတစ်ကြိမ်တွင် ဗျူရိုက နှစ်လေးထောင်ကျင့်ကြံထားသော မိစ္ဆာတစ်ကောင်နှင့် ရှေးဟောင်းမှတ်တမ်းများထဲမှ မဟာမိစ္ဆာတစ်ကောင်ကိုပါ ခန့်ထားနိုင်ခဲ့ခြင်းဖြစ်၍ အထက်လူကြီးများက အလွန်ပျော်ရွှင်နေကြပြီး ရန်ပုံငွေအနည်းငယ် ပို့ထားခဲ့ပေသည်။

" ငါတို့ မင်းရဲ့မူရင်းပုံစံကိုမသိလို့ နေ့လယ်စာစီစဉ်တုန်း စော်ကားမိသလိုဖြစ်သွားပါတယ်... ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့..."

ကျွမ်းချင်က ဖူလီ၏ အမူအရာကို အသေးစိတ်ကြည့်ရှု့စစ်ဆေးနေသည်။ 

" စိတ်မပူပါနဲ့ စိတ်မပူပါနဲ့ ငါက ယုန်သားမစားပေမယ့် မင်းတို့စားတာက ဘာမှမဖြစ်ပါဘူး... ဥပမာဆိုရင် ငါတို့တောင်ဘုရင်ရဲ့ မူရင်းပုံစံက ဝက်တစ်ကောင်ဆိုပေမယ့် တခြားသူတွေအားလုံးက ဝက်သားစားကြတာပဲလေ..."

ကျွမ်းကျင်၏စိတ်ထဲတွင် ပြတ်သားသောပုံရိပ်တစ်ခုက ရုတ်ချည်းပေါ်လာသည်။ ဝက်က ယုန်သားကင်စားနေပြီး ယုန်က ဝက်သားစားနေကာ မျောက်တစ်ကောင်က စာကလေးကင်စားနေပြီး စာကလေးက သစ်ကိုင်းပေါ်တွင် ငါးတစ်ကောင်စားနေသည်။ ဤသတ္တဝါလေးကောင်က စက်ဝိုင်းပုံစံထိုင်နေပြီး လေထုအခြေအနေက စည်းချက်ကျနနေပေသည်။ 

သူ့စိတ်ထဲတွင် တွေးလိုက်မိသောအရာများကို အလွန်ကြောက်လန့်သွားမိ၍ ကျွမ်းချင် ခေါင်းခါလိုက်မိသည်။ ဖူလီက သူ့ကိုကယောင်ကတမ်းဖြစ်သွားအောင် လုပ်လိုက်ခြင်းဖြစ်ပေသည်။ 

သူက ယောင်လောကတွင် ခမ်းနားကြီးကျယ်သော အခိုက်အတန့်များကို မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရသော်လည်း ဖူလီက ရိုးရှင်းသောပတ်ဝန်းကျင်တစ်ခုတွင်သာ နေထိုင်ခဲ့ကြောင်း သေချာပေသည်။ ဖူလီက အန္တရာယ်များသည်ဟု သူ့စိတ်ထဲတွင် ထူးထူးဆန်းဆန်းခံစားမိချိန်များရှ်ိသော်လည်း သူ့ကိုယ်ပေါ်မှချီဓာတ်က အလွန်သန့်စင်လွန်းနေသည်။ ၎င်းက ကံကြမ္မာဖြင့် အရစ်ပတ် မခံရသည့် လူသားမစားသောမိစ္ဆာများနှင့် ရက်စက်ကြမ်းကြုတ်သည့်စရိုက်မရှိသော မိစ္ဆာများတွင်သာ မြင်တွေ့ရခြင်းဖြစ်သည်။ 

" မင်းဘာလို့ ဟိုတယ်ကို သွားနေသေးတာလဲ... အခုထိ အလုပ်လုပ်နေတုန်းလား..."

ကျွမ်းချင်က စတီယာရင်ကို တစ်ချက်ရိုက်လိုက်သည်။

" ငါ အလုပ်ထွက်စာသွားတင်မလို့ပါ..."

ဖူလီက သူ့ကုတ်အင်္ကျီထဲမှ နှုတ်ထွက်စာတစ်စောင်ကို ထုတ်ယူလိုက်သည်။ 

" ဝမ်ကျင့်ကြံသူက ငါအလုပ်ထွက်မှာကို ကြိုပြီးလက်ခံထားတယ်ဆိုပေမယ့်လည်း လုပ်ထုံးလုပ်နည့်အရဆိုရင်တော့ HRဌာနကို ငါကိုယ်တိုင် သွားပေးရမှာ..."

" မင်းက တော်တော်လေးစည်းကမ်းလိုက်နာတာပဲ..."

ကျွမ်းချင်က ဤကိစ္စနှင့်ပတ်သက်ပြီး အခြားမည်သည့်မှတ်ချက်မှ မပြုပေ။ လူသားလောကသို့ ကူးပြောင်းနေထိုင်ကြသောမိစ္ဆာအများစုရှိသော်လည်း ဤမျှအထိ စည်းကမ်းလိုက်နာသော ယောင်ကျင့်ကြံသူက ရှားပါးလွန်းပေသည်။

ကားက ဟိုတယ်သို့ရောက်သည်နှင့် ကျွမ်းချင်က စက်သတ်ထားလိုက်သည်။

" သွားလေ ငါမင်းကို ကားထဲကပဲ စောင့်နေမယ်..."

ဖူလီ၏စိန်တုံးနှင့် ဟွင်းယွမ်ဆေးလုံးကြောင့်မဟုတ်ပါက ယုန်တစ်ကောင်၏ကိုယ်ပိုင်ယာဉ်မောင်းသူအနေဖြင့် ဓာတ်ဆီများကို ဖြုန်းတီးပစ်နေမည် မဟုတ်ပေ။ အခြားသူ၏ ပစ္စည်းကို ယူထားမိသူက လက်များကို ချည်နှောင်ထားသကဲ့သို့ ဖြစ်သွားရပြီး အခြားသူထံမှ တစ်ခုခု စားမိပါက စကားပြောပုံဆိုပုံကို ပျော့ပျောင်းပစ်ရပေသည်။ ထို့အပြင် သူက ပစ္စည်းကိုယူပြီး စားသောက်ထားခြင်းပါ ပြုလုပ်ထား၍ စိတ်အခြေအနေကို အနိ့မ့်ဆုံးတွင် ထားထားရသည်။

နှုတ်ထွက်စာတင်ပြီးသည့်နောက်တွင် ဖူလီက သူ့အပြန်လမ်း၌ ကျန်းရှန်နှင့်တွေ့သည်။ ဖူလီက ဇီဝကုမ္ပဏီတစ်ခုတွင် အလုပ်ကောင်းတစ်ခု ရထားသည်ဟု သိထားခြင်းဖြစ်၍ သူ့ကိုတစ်ဝိုင်းလိုက်ကျွေးရန် ကျီစယ်နေသည်။

ခဏတာ နောက်ပြောင်ကျီစယ်နေပြီးသည့်နောက်တွင် ကျန်းရှန်က ဖူလီကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" ဖူလေး ငါမနေ့ညတုန်းက အိမ်ပြန်ရောက်ပြီးမှ ချန်လုံ‌ဇီဝနည်းပညာကုမ္ပဏီကို သွားကြည့်ခဲ့သေးတယ်... အဲ့ကုမ္ပဏီကို ဒီလောက်အထိ အထင်ကြီးစရာကောင်းမယ်မှန်း မထင်ထားခဲ့မိဘူး... ဆေးပညာနဲ့ဆိုင်တဲ့မိတ်ကပ်တွေနဲ့ သူတို့သုတေသနလုပ်နေတာတွေက မိန်းကလေးတွေကြားမှာ တော်တော်နာမည်ကြီးတယ် သူတို့က ဆေးတွေလည်း ထုတ်တဲ့ပုံပဲ...

ဘာပဲဖြစ်ဖြစ် သိုသိုသိပ်သိပ်နေပြီး တော်တော်နာမည်ကြီးတဲ့ ကုမ္ပဏီပဲ... လူလိမ်တွေတော့ မဟုတ်ဘူး မင်း စိတ်ချလက်ချ အလုပ်လုပ်လို့ရတယ်..."

ဖူလီက ချန်လုံ‌ဇီဝနည်းပညာကုမ္ပဏီ သူ့ကိုဝန်ထမ်းအဖြစ် လက်ခံခဲ့သော်လည်း လုပ်သင့်မလုပ်သင့် မသေမချာဖြစ်နေကြောင်း ကျန်းရှန်ကို လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ပြောပြခဲ့သည်။ ဖူလီက လူလိမ်ကုမ္ပဏီဖြစ်မည်ကို ပူပင်နေသည်ဟု ကျန်းရှန်ထင်သွားခဲ့၍ သူကိုယ်တိုင် သွားရောက်စုံစမ်းပေးခဲ့ခြင်းဖြစ်သည်။

ဖူလီ ထိုသို့ထင်သည်မှာလည်း အပြစ်တင်၍မရပေ။ ယခုခေတ်တွင် ဇီဝနည်းပညာကုမ္ပဏီဟု အမည်ခံထားသော လူလိမ်ကုမ္ပဏီများစွာက ရှိနေသည်။ 
ဖူလီက လူလိမ်အဖွဲ့နဲ့တိုးနေရင် ဘယ်လိုလုပ်မလဲ....

အကယ်၍ ကျန်းရှန် မပြောပြခဲ့ပါက စီမံခန့်ခွဲရေးဗျူရိုက ဈေးကွက်ထဲတွင် ထုတ်ကုန်များရောင်းချနေကြောင်း ဖူလီသိရှိဦးမည်မဟုတ်ပေ။ ၎င်းက အမှန်ပင် သဟဇာတဖြစ်လှသော အသွင်ယူခြင်းတစ်မျိုးပင်ဖြစ်သည်။ 

" ကျေးဇူးတင်ပါတယ်..."

ဖူလီက ရင်းနှီးဖော်ရွေလှသည့်လူသားကိုကြည့်ကာ ပခုံးကိုတစ်ချက်ပုတ်လိုက်သည်။

" ငါ ပိတ်ရက်ရရင် မင်းကို ထမင်းတစ်နပ်လိုက်ကျွေးမယ်..."

" ဒါပေါ့ ကျွေးသင့်တာပေါ့..."

ကျန်းရှန်ကလည်း ဖူလီ၏ပခုံးကို ပြန်ပုတ်လိုက်သည်။

" စောစောနားလေ မင်း မနက်ဖြန် ကုမ္ပဏီအသစ်မှာ အလုပ်လုပါရတော့မှာဆိုတော့ စွမ်းအင်တွေပြည့်နေမှဖြစ်မယ်..."

" အင်း..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။