Chapter -36.1
(တဖြေးဖြေးနဲ့ ပြန်ဖြေရှင်းပြီ)
အမျိုးသားနှစ်ယောက် က တစ်ယောက်လက်တစ်ယောက် တင်းကြပ်စွာကိုင်လို့....
အထူးကြပ်မတ်ကုသရေးအဆောင်တွင် အထူးအပူချိန်နှင့် ပိုးသတ်ခြင်းစနစ် ရှိနေသော်လည်း လူအများအား စိတ်မသက်မသာဖြစ်စေသည်။ ထို့ကြောင့် အခြေအနေ တဖြည်းဖြည်း တည်ငြိမ်လာသည့်နောက် ဆရာဝန်သည် ဦးစွာ ထွက်ခွာသွားပြီး အဆေင်ထဲတွင် ကျောင်းမြန် နှင့် ဖို့ဒ် တို့နှစ်ယောက်သာ လူနာတစ်ဦးစီကို စောင့်ကြည့်ပေးနေသည်။
စီဆဲလ် နှင့် အယ်လန် တို့သည် မှန်နံရံအပြင်ဘက်ရှိ ခုံတန်းရှည်တစ်ခုပေါ်တွင် အနားယူနေကြပြီး အဆောင်တွင်းရှိလူများကို စောင့်ရှောက်ပေးနေသည်။
ထိုအချိန်တွင် လုံးဝတိတ်ဆိတ်နေခဲ့သည်။
ဗဟိုမြို့တော်မှ လူများသည် ဆေးရုံရှေ့မျက်နှာစာတွင် 'စီဆဲလ်အား အစွန်းရောက်များ၏ သွေးဆောင်ဖြားယောင်းမှုကို မခံစေရ ' ဟူသော စာတန်းပါသည့် ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒပြရန် စုဝေးနေကြပြီး သူတို့၏တစ်ဘဝလုံးကို အဖွဲ့ချုပ်အတွက် ပေးဆပ်ထားသည့် စီဆဲလ် နှင့် ဗိုလ်မှူးကုတို့အား အစွန်းရောက်များ၏ ဖြားယောင်းခြင်းမခံရစေဖို့ တောင်းဆိုနေကြကြောင်း ကတ်စပါ က စီဆဲလ်အား အစီရင်ခံခဲ့သည်။
စီဆဲလ်က ကံကောင်းစွာဖြင့် မြေညီထပ်ရှိ အသံကာစနစ်သည် အားကောင်းသောကြောင့် ကောင်းကင်ကြီး ပြိုကျသွားလျှင်ပင် အေးချမ်းမှုရှိနေကြောင်းအား တွေးနေခဲ့သည်။
စီဆဲလ်မှလည်း ကုရှင်းချီ၏ အခြေအနေကို အသေးစိတ်ရှင်းပြရန် မင်ရန်အား တရားဝင်ကြေညာချက်ထုတ်ပြန်ရန် အမိန့်ပေးခဲ့သည်။
ဒီဖြစ်စဥ်တွင် ပါဝင်သူတိုင်းသည် နေရာစုံမှ အထက်တန်းကျသော လူတန်းစားများဖြစ်ကြပြီး သာမန်လူများနားလည်ရန်မလွယ်ကူသော်လည်း တာဝန်ရှိသူများမှ အချိန်မီကြေညာချက် ထုတ်ပြန်နိုင်လျှင် မကျရှုံးနိုင်ပေ။
ကြေငြာချက်ထွက်လာပြီးနောက်တွင် စတားကွန်ရက်သည် ပို၍ပင် ရှုပ်ထွေးသွားလေသည်။
Dark Phoenix သည် စတားကွန်ရက်မှ ရေတပ်များကို လှုံ့ဆော်ပေးရန် တစ်စုံတစ်ယောက်အား စေခိုင်းခဲ့ပြီး တရားဝင်ကြေညာချက်အား မှားယွင်းသည့် အဓိပ္ပါယ်ဆောင်သည့် ယခင်က ကျောင်းမြန်၏ ဟောင်လုလုကို သယ်ဆောင်သည့် ဖြစ်စဥ်နှင့် ပေါင်းစပ်လိုက်သည့်အခါ ပို၍ပင် ထိတ်လန့်သွားကြတော့သည်။
ကတ်စပါ က ပြော၏။
"လူတွေ ထိန်းချုပ်လို့မရတော့ဘူး...ဗိုလ်ချုပ်ကြီး ကိုယ်တိုင်ဆင်းလာပြီး အခြေအနေကို တည်ငြိမ်အောင် ထိန်းပေးချင်လား..."
ဆေးရုံအပြင်ဘက်ရှိ လူများက ပို၍ပင် တုန်လှုပ်သွားကြသည်။
စီဆဲလ် : "မိဖုရားကြီးနဲ့ မာရှယ်တို့က အောက်မှာ နှစ်သိမ့်ဖို့ အရင်ရောက်နေပြီးပြီ...ဒါပေမယ့် ဘာမှ ထူးမလာဘူး.....ငါသွားတော့ရော ဘာအကျိုးထူးမှာမို့လို့လဲ..."
ဒါက... အဓိကအားဖြင့် တော်ဝင်မိသားစု သို့မဟုတ် မာရှယ်တို့ ဇနီးမောင်နှံ တို့သည် များသောအားဖြင့် အစိုးရကိစ္စများနှင့် ခပ်ကင်းကင်းနေကြသောကြောင့် သူတို့အပေါ် လူထု၏ ယုံကြည်ကိုးကွယ်မှုသည် သိပ်ပြီးများများစားစားမရှိပေ။
စီဆဲလ်သည် အတွင်းဘက်မှ အခြေအနေကို ကြည့်လိုက်သည်။
အောက်ထပ်မှ ရုန်းရင်းဆန်ခတ်ဖြစ်နေမှုကို သူ မဖြေရှင်းချင်၍ မဟုတ်ပေ။
ယခုအချိန်တွင် ကျောင်းမြန်နှင့် ကုရှင်းချီတို့အား ထားခဲ့ရန် ဆန္ဒမရှိသလို သူမရှိတုန်း တစ်စုံတစ်ခုဖြစ်သွားမည်ကို သူကြောက်ရွံ့နေလေသည်။
"ရပါတယ်"
အယ်လန် က ပြောလိုက်သည်။
"အခုဒီမှာလည်း အခြေအနေက တည်ငြိမ်နေပြီပဲ...."
အယ်လန်က ပြုံးကာ
"ကုရှင်းချီက နေကောင်းနေပါပြီ....မင်း အောက်ဆင်းကြည့်လို့ရတယ်..."
ဆေးရုံ၏ အထပ်တိုင်းတွင် အမှတ်၁၂ တပ်ဖွဲ့မှ စောင့်ကြပ်နေပြီး ဝင်ပေါက်သုံးခုမှ အထဲဝင်ရန် အတင်းကြိုးစားနေသူများကိုလည်း တင်းကြပ်စွာ စောင့်ကြပ်နေလေသည်။
စီဆဲလ်သည် မူလက လူအများစုကို နှစ်သိမ့်ပေးချင်သော်လည်း သူထွက်လာပြီး သိပ်မကြာခင်တွင် ကုမိသားစု၏ ဗိုလ်ချုပ်ဟောင်း အား ကုမိသားစုစစ်တပ်နှင့် အတူတွေ့လိုက်ရသည်။
ကုရှင်းချီကဲ့သို့ ရက်စက်သည့်အသွင်ဆောင်ပြီး ထူးခြားမှုမရှိသည့် လူလတ်ပိုင်းအရွယ် ကုမိသားစု၏ ပဲ့ကိုင်ရှင်သည် ရှည်လျားသော မက်ခါတွင်ထိုင်နေပြီး အသံချဲ့စက်ကို ဖွင့်ကာပြောလိုက်သည်။
"ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်....ရှင်းချီကို အခုလွှဲပေးပါ ...သူက ကုမိသားစုရဲ့ အကြီးဆုံးသားပဲ....ငါတို့အားလုံး တာဝန်ယူတယ်...."
ခေါင်းဆောင်က ချိုသာစွာပြောကာ စီဆဲလ်အား လုံလောက်စွာ မျက်နှာသာပေးခဲ့သည်။
မာရှယ် နှင့် ဇနီးတို့ကဲ့သို့သော မိသားစုခေါင်းဆောင်များသည် အရင်တစ်ချိန်က ထူးချွန် ထက်မြက်ခဲ့ကြပြီး ယခုအခါ နိုင်ငံရေးနယ်ပယ်မှ အနားယူသွားကြသော်လည်း ကုမိသားစု၏ စစ်တပ်အင်အားမှာ အာဏာရှိနေဆဲဖြစ်သည်။
ထိုအချိန်တွင် ကုကျင်းလန်သည် သူ့လက်ထဲတွင် လက်နက်တစ်ခုကို ကိုင်ဆောင်ထားပြီး ဆေးရုံပတ်ဝန်းကျင်ရှိ လူများ၏နောက်မှ မက်ခါကို မောင်းကာ ထွက်လာခဲ့သည်။
စီဆဲလ်က ကတ်စပါကို တစ်ချက်ကြည့်လိုက်ပြီး တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားရန် ပြောခဲ့သည်။
မာရှယ်တို့ ဇနီးမောင်နှံနှင့် မိဖုရားကြီးတို့အား အဝေးတစ်နေရာသို့ ပြောင်းခိုင်းလိုက်ပြီး စီဆဲလ်သည် သူ့ရှေ့တွင် အော်ဟစ်နေကြသော လူများကို တစ်လှည့် မိသားစု စစ်တပ်ကို တစ်လှည့် ကြည့်ကာ ခေါင်းကိုက်လာတော့သည်။
ဓားသွားသည် တဆတ်ဆတ်တုန်နေပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
စီဆဲလ်သည် တံခါးစောင့်နေသော တပ်အား ဖယ်ထုတ်လိုက်ပြီး ဒေါသထွက်နေသော လူအုပ်ကြီးနှင့် ကုကျင်းလန်အားတွေ့ရန် ထွက်လာခဲ့သည်။
"ဗိုလ်ချုပ်ကျောင်းရဲ့ အပင်ကုထုံးက ရှင်းချီကို သေချာပေါက် ပျောက်ကင်းအောင်ကုပေးနိုင်တယ်ဆိုတာ ကျုပ်မျိုးရိုးနဲ့ အာမခံတယ်.....နောက်တစ်ညပဲ အချိန်ပေးပါ..ကုရှင်းချီပြန်ကောင်းလာစေရမယ်.....ဗိုလ်ချုပ်ကုက အတင်းအကျပ် လူကိုခေါ်သွားမယ်ဆိုရင် ရှင်းချီကိုပဲ နာကျင်စေလိမ့်မယ်...."
စီဆဲလ်က ရယ်မောလိုက်ပြီး ကုကျင်းလန်ဘက်သို့ လှည့်ကာ...
" ရှင်းချီနဲ့ သူ့တပ်သားတွေအတွက်...ပြီးတော့ ငါ့တပ်သားတွေအတွက် ... ဗိုလ်ချုပ်ကု က တိုက်မယ်ဆိုရင်လည်း ငါစိတ်ထဲမထားပါဘူး..."
ကုမိသားစု၏ သခင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် သူသည် လူစုလူဝေး၏ ခံစားချက်ကို လှုံ့ဆော်ပေးရန် ဆုံးဖြတ်ခဲ့သည်။
"ကျေးဇူးပြုပြီး ဗိုလ်မှူးကု ကိုပြန်ပေးပါ...ငါတို့ရဲ့ ကုသခင်လေးကို စမ်းသပ်ခန်းက ကြွက်ဖြူတစ်ကောင်လိုမျိုး စမ်းသပ်တာကို ငါလက်မခံနိုင်ဘူး..."
လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြပြီး စီဆဲလ်အား ကုရှင်းချီကို ပြန်ပေးဖို့ တောင်းဆိုသော ကြွေးကြော်သံများပင် ရှိနေခဲ့သည်။
"အစွန်းရောက်မှုတွေကို ရပ်လိုက်ပါ....အပင်တွေကို ဖယ်ရှားပေးပါ....ဗိုလ်မှူးကုကို ပြန်ပေးပါ..."
"အစွန်းရောက်မှုတွေကို ရပ်လိုက်ပါ....အပင်တွေကို ဖယ်ရှားပေးပါ....ဗိုလ်မှူးကုကို ပြန်ပေးပါ..."
.................
ဤသို့ အော်ဟစ်နေချိန်တွင် ကုမိသားစု သခင်ကလည်း အော်ပြောလိုက်သည်။
"ကျုပ်တို့ ခေတ်မှာ စစ်သားတွေက အဖွဲ့ချုပ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး...ပြည်သူတွေရဲ့ အားကိုးရာပဲ....ခင်ဗျား.အခု ဗိုလ်ချုပ်ကျောင်းရဲ့ စကားကိုနားထောင်ပြီး အပင်တွေကို သုံးနေမယ်ဆိုရင် ကျုပ်တို့စစ်သားတွေ အဆိပ်မိပြီး အဖွဲ့ချုပ်ကို ထိခိုက်စေလိမ့်မယ်...."
"ချွမ်း....!"
စီဆဲလ်က တစ်ချက်လှောင်ပြောင်လိုက်ပြီး သူ့ဓားကို မြေကြီးထဲ ထိုးစိုက်လိုက်သည်။
မြေပြင်သည် ကတ္တရာခင်းထားသော်လည်း စီဆဲလ်၏ ခွန်အားသည် သံဓားကို မြေကြီးထဲသို့ တိုက်ရိုက်နစ်မြုပ်သွားစေသည်အထိ ပြင်းထန်ပြီး စူးရှသော အသံကြောင့် လူတိုင်းကို ထိတ်လန့်စေကာ သူ့ရှေ့မှ လူများကို ရုတ်တရက် တိတ်ဆိတ်သွားစေခဲ့သည်။
"ငါက အဖွဲ့ချုပ်ကို ထိခိုက်စေမယ်တဲ့လား"
စီဆဲလ်က သူ့နှုတ်ခမ်းထောင့်များကို ထိလိုက်ပြီး
အော်ပြောလိုက်သည်။
"အခု ဒီမှာရှိနေတဲ့လူတိုင်းက ငါက...အဖွဲ့ချုပ်ကို ဒုက္ခပေးမယ်လို့ ထင်နေတယ်မလား...ငါက အဖွဲ့ချုပ်ရဲ့ အပြစ်သား လို့ထင်နေကြတဲ့သူပဲ ...အော်လေ....ဆက်အော်ကြလေ.."
"........"
အော်သံက တဖြည်းဖြည်း ငြိမ်ကျသွားသည်။
စီဆဲလ်သည် ဖက်ဒရေးရှင်း၏နတ်ဘုရားဖြစ်ပြီး ယခုအချိန်တွင် မည်မျှပင် အခြေအနေဆိုးရွားနေပါစေ သူ့အား တိုက်ရိုက် ငြင်းဆိုရဲသူမရှိပေ။
"ငါက ပြည်ထောင်စုတပ်မတော်ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး စီဆဲလ် ဆိုတာကို မင်းတို့ မှတ်မိကြမယ်လို့ မျှော်လင့်မိတယ်....ဆေးဖက်ဝင်အရွက်တွေကသာ လူတွေကို ဒုက္ခပေးနိုင်တယ်ဆိုရင် ငါက သုံးခွင့်ပေးမယ်ထင်နေတာလား..."
" ကျုပ်က ကုရှင်းချီနဲ့အတူကြီးပြင်းလာခဲ့တာ...အခုသူက စစ်မြေပြင်မှာ သေလုနီးပါးဖြစ်ခဲ့တာကို သူ့ကို ဒုက္ခထပ်ပေးရမှာလား....အဖွဲ့ချုပ်ကို ကျုပ်က လျစ်လျူရှုထားတယ်ပေါ့လေ....မဟုတ်မှ မင်းတို့မျက်စိထဲမှာ ကျုပ်က ရှိနေတဲ့ကာလပတ်လုံးမှာ ဦးနောက်မရှိတဲ့ ဗိုလ်ချုပ်ကြီးပေါ့လေ... ကောင်းတယ်၊ သူက ငါ့အသက်နဲ့ သေဆုံးခြင်းနဲ့ပဲ တန်တယ်ပေါ့ ဟုတ်လား"
စီဆဲလ်သည် အမြဲတစေ ပေါ့ပေါ့တန်တန်နေတတ်သော်လည်း သူသည် ကျောင်းမြန်နှင့် မတူပေ။
ကျောင်းမြန်က လူအများ၏ သံသယ နှင့် ထင်မြင်ချက်ကို ဂရုမစိုက်ဘဲ ရှင်းပြနေမည် မဟုတ်ပေ။
သို့သော် စီဆဲလ်သည် ကျောင်းမြန် မဟုတ်သောကြောင့် သူ့ကိုယ်သူ ယုံကြည်မှုရှိပြီး လူအများနှင့် ဆက်ဆံရာတွင်လည်း အကျွမ်းတဝင်ရှိသည်။ သူ့ကိုယ်တိုင် နှင့် သူ၏ပတ်ဝန်းကျင်မှ လူများကို တစ်စက်ကလေးမှ ထိခိုက်ခွင့် မပြုနိုင်ပေ။
ဤအခိုက်အတန့်တွင် မျက်နှာအမူအရာကင်းမဲ့လေ့ရှိသော ဗိုလ်ချုပ်ကြီး၏မျက်နှာတွင် ရုတ်တရက် ပြင်းထန်လာပြီး ထိုအချိန်တွင် လူအများအပြားရှိနေသော်လည်း မည်သူမျှ စကားမပြောရဲကြပေ။
ထို့နောက် အဖွဲ့ချုပ်၏ အဓိက အရောင်အဝါဖြစ်သည့် "စီဆဲလ်" ကလည်း လူစုလူဝေးကို တဖြည်းဖြည်း ငြိမ်သက်သွားစေခဲ့သည်။
ကုမိသားစု၏သခင်က လှောင်ပြောင်လိုက်ပြီး လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။
"ဒုန်း....."
သူ့ကို ချိန်ကာ တည့်တည့်ပစ်လိုက်သည်။
ရေခဲမြစ် အင်ပါယာ၏ ယခင်က တော်ဝင်မိသားစုများကဲ့သို့ ညစ်ပတ်ပြီး ဆိုးဝါးသော အစိုးရမျိုး မဟုတ်သဖြင့် ဗုံးများကို လူသားအချင်းချင်း တိုက်ခိုက်သည့် စစ်ပွဲများတွင် မသုံးရန် ပြဠာန်းထားသည်။
ထို့ကြောင့် စီဆဲလ်နှင့် ကျောင်းမြန်တို့သည် စစ်မြေပြင်တွင် စစ်သားများကို ဒရုန်းများနှင့် စက်ကိရိယာများကိုသာ မောင်းနှင်စေပြီး လုံခြုံသည့်ဇုန်မှ တိုက်ခိုက်ခဲ့ကြသည်။
သို့သော် အခုအချိန်တွင် ကုမိသားစုသည် စစ်တပ်အင်အားနှင့် တိုက်ပွဲဝင်မက်ခါများကိုပါ အသုံးပြုခဲ့သည်။
အမှတ် ၁၂ တပ်ဖွဲ့သည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်၍ ယခုအချိန်တွင် တိုက်ပွဲအခြေအနေအားလုံးကို အဆင်သင့်ရင်ဆိုင်နိုင်လေသည်။
ပြည်ထောင်စု တပ်မတော်မှ လူအများကို ကယ်ထုတ်နေစဉ်တွင် လူအုပ်ကြီးက အော်ဟစ်ကာ ထွက်ပြေးခဲ့ကြသည်။
"ဒုန်း.....ဒုန်း..."
လေအမြောက်များသည် ဆေးရုံရှေ့ရှိ သစ်ပင်များပေါ်သို့ ကျသွားကာ ချက်ခြင်း ပျက်ဆီးသွားပြီး ဆူညံသံများက ကောင်းကင်ယံအား ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။
ဆေးရုံရှေ့တွင် နှစ်ဖက်စလုံးမှ တိုက်ပွဲများဖြစ်ခဲ့သည်။
..........
ကျောင်းမြန်နှင့် အယ်လန် တို့သည် အောက်ထပ်မှ လှုပ်ရှားမှုများကို သဘာဝအတိုင်း ခံစားမိနေကြကာ အယ်လန်၏နှလုံးသားမှာ မသက်မသာ ခံစားလိုက်ရပြီး ကုရှင်းချီအား စောင့်ကြည့်ရန် အထူးကြပ်မတ်ကုသဆောင်သို့ သွားခဲ့သည်။
"စိတ်မပူပါနဲ့ စီဆဲလ်က ဂရုစိုက်မှာပါ"
ကျောင်းမြန်က စိတ်အေးအေးထားရန် ပြောလိုက်သည်။
အယ်လန်က ထိတ်လန့်နေလေသည်။
ထိုအချိန်တွင် ဖိုဒ့်က ခဏ အနားယူရန် အပြင်သို့ထွက်သွားသောကြောင့် အယ်လန်နှင့် ကျောင်းမြန်သာ ကျန်ခဲ့ပြီး မျက်နှာချင်းဆိုင်ထိုင်နေလေသည်။
ထိုအချိန်တွင် ကျောင်းမြန်က မေးလိုက်သည်။
"အရှင့်သားက ဗိုလ်မှူးကု ကို အရမ်းဂရုစိုက်တာပဲ...သူနိုးလာတဲ့အခါကျရင် ခင်ဗျားဖြစ်ချင်တာတွေအကုန်လုံးကို သူ့ကိုပြောပြလို့ရပြီ..."
အယ်လန်သည် စီဆဲလ် ၊ ကျောင်းမြန်တို့နှင့်အတူ အမြဲတမ်း ကျီစယ်လေ့ရှိပြီး ယခုအချိန်တွင် ကျောင်းမြန်၏ အနီးကပ် ပြောဆိုမှုများကြောင့် သတိမထားလိုက်မိဘဲ ပြောထွက်သွားသည်။
"သူက ဘာမှနားလည်တဲ့လူ မဟုတ်ဘူး.."
"ဟင်"
အယ်လန်က သူ့ဆံပင်ကို သပ်တင်လိုက်ကာ ပြောခဲ့သည်-
"ကိုယ်တို့က ငယ်ငယ်ကတည်းက အတူတူရှိခဲ့ကြတာ....စစ်သင်တန်းကျောင်းမှာလည်း စာအတူတူသင်ခဲ့တာ..."
အမှန်တွင် အယ်လန်က ပြသနာရှာလေ့ရှိပြီး
သူ၏နောက်ကွယ်မှ လိုက်ရှင်းပေးရသူမှာ ကုရှင်းချီ သာဖြစ်သည်။
"အဲ့ဒါနဲ့ ကိုယ်အရွယ်ရောက်လာတော့ ကိုယ်တစ်ယောက်တည်းမဖြစ်ချင်တော့လို့ ရိုးရိုးသားသားပြောရရင် ကိုယ် သူ့ကို ဖွင့်ပြောလိုက်တယ်..."
ကျောင်းမြန် အံ့ဩသွားလေသည်။
သို့သော် အယ်လန်၏ ပင်ကိုယ်စရိုက်ကို တွေးမိပြီး သူနားလည်နိုင်ခဲ့သည်။
အယ်လန် က ဒီလိုလူစားမျိုးပဲ.....။
“ဒါပေမယ့် သူက ငြင်းရုံတင်မကဘူး ကိုယ်တို့ ခင်မင်မှုကိုပါ ဖြတ်ပစ်ဖို့ပြောလာတယ်..."
အယ်လန်က အံကိုကြိတ်ကာ ဆက်ပြောလေသည်။
"ပြီးတော့...သူ!..သူက ဘာမှအသိမပေးဘဲ ဖွင့်ပြောတာကို ရပ်ခိုင်းခဲ့တယ်.."
"ဒါဆို ခင်ဗျား ဘယ်လိုတုံ့ပြန်လိုက်လဲ..."
"ကိုယ် သူ့မျက်နှာက်ု ပန်းအိုးနဲ့ ရိုက်ပစ်ပြီးတော့ ပေါင်ခြံကိုလည်း ကန်ပစ်ခဲ့တယ်.."
အယ်လန်က ဆက်ပြော၏။
"ပြီးတော့ သူနယ်စပ်ကို ထွက်သွားပြီးတော့ ငါတို့ ပြန်မတွေ့ဖြစ်ကြတော့ဘူး..."
ကျောင်းမြန်က ခေါင်းကိုငုံ့ကာ ပြောသည်။
"သူ ခင်းဗျားကို တစ်ခုခု မပြောပြဖြစ်ခဲ့တာလည်း ဖြစ်နိုင်တယ်.."
အယ်လန်က သူ၏နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး အောက်သို့ ငုံ့ကြည့်ကာ ဆို၏။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူက ကိုယ့်ကို မချစ်ဘူးလေ...ဒုက္ခလို့ပဲထင်နေတာ..."
ကျောင်းမြန်သည် ကုသရေး ဖန်ပေါင်းချောင်ထဲတွင် လဲလျောင်းနေသော လူကို ကြည့်ကာ သူ့စိတ်ထဲတွင် သံသယအချို့ ခံစားလိုက်ရသည်။
ယုတ္တိအဆန်ဆုံးနည်းအရ အချိန်အတော်ကြာအောင် အတူတူရှိနေခဲ့ကြလို့ ဒီလိုမျိုး စိတ်တွေ တကယ်ပြောင်းသွားနိုင်လား....။
အယ်လန်က ဆက်ပြောလေသည်။
"အဲ့ဒီနောက် ကိုယ်လည်း ပုံစံမျိုးစုံနေတယ်..တစ်နေ့ကို ရည်းစားတစ်ယောက်ထားတယ်...အပြင်မှာ မဲမှောင်နေတဲ့ အချိန်ထိ ကိုယ်က ဘားမှာပဲနေတယ်...သူကတော့ ကိုယ့်ကို လျစ်လျူရှုခဲ့တယ်....တစ်ချက်လေးတောင်လှည့်မကြည့်ဘဲနဲ့ နယ်စပ်ကို ထွက်သွားခဲ့တယ်..."
ကျောင်းမြန်က နွေးထွေးသောလေသံဖြင့် ပြန်နှစ်သိမ့်လိုက်သည်-
"ဒါတွေက အသက်သေသွားတာထက်စာရင် ပိုကောင်းပါတယ်....သူနိုးလာတဲ့အခါကျရင် ဘာလို့ သူ့ကို တိုက်ရိုက်မမေးကြည့်ရမှာလဲ"
အောက်ထပ်တွင် အမြောက်ပစ်ခတ်သံများ ပိုမိုကျယ်လောင်လာသော်လည်း ကံကောင်းထောက်မစွာဖြင့် ဆေးရုံသည် ထိခိုက်လို့မရသည့်နေရာဖြစ်သောကြောင့် ပထမတည်ဆောက်စဉ်က မတော်တဆမှုဖြစ်မည်ကို စိုးရိမ်ကြသဖြင့် အလွန်ခိုင်ခံ့သည့် အထူးပစ္စည်းများကို အသုံးပြုခဲ့ကြသဖြင့် ယခုအချိန်တွင် အနည်းငယ်တုန်ခါမှုသာရှိပြီး ထိခိုက်မှုမရှိသလောက်ပင်ဖြစ်သည်။
နှစ်ယောက်သား စကားအနည်းငယ်ပြောပြီး ကျောင်းမြန်သည် ကုရှင်းချီ၏ဗိုလ်ကြီး အခေုအနေတိုးတက်မှုရှိမရှိကို ကြည့်ရှုရန် ထလိုက်က်သည်။
"ဖြတ်!"
ရုတ်တရက် ကုသမှုခန်းက မှောင်သွားပြီး မီးတွေ အားလုံး မဲမှောင်သွားလေသည်။