Chapter 219
Viewers 49k

💘Chapter 219 

ရန်သူတစ်ထောင်ကိုအနာတရဖြစ်အောင်လုပ်ခြင်း

  



ရှန့်ကျားချီက မကြာခင်ပြန်လာပြီး ကျူးကောဖုန်းလည်းပါလာသည်။နှစ်ယောက်သား ရှန့်ကျားချီ၏ရုံးခန်းထဲကိုဝင်ပြီးနောက် တံခါးပိတ်လိုက်ကာအပြင်လောကကခိုးနားထောင်နေသောနားရွက်များ မကြားအောင်ကန့်သတ်လိုက်သည်။

 

သို့ပေမဲ့ တံခါးပိတ်သွားသည်နှင့် တစ်ဖက်က တစ်စုံတစ်ယောက်က သူတို့သုံးယောက်ဥက္ကဋ္ဌရုံးခန်းထဲရောက်နေပြီးဘာတွေအကွက်ချနေမှန်းမသိကြောင်းကို သိသွားလေသည်။

  

ထိုအချိန် ကျိုးထုံဖမ်း၏ရုံးခန်းထဲ၌။


ကျိုးထုံဖမ်းက မနေ့ကအလုပ်ကိုပြန်ရောက်လာသည်။သူ ဆေးရုံပေါ်မှာ တစ်လကျော်ကျော်လောက်လှဲနေခဲ့ရသည်။ကျိုးထုံဖမ်းက ပြန်မလာချင်ပေမဲ့ ထောက်ပို့ဌာနမှာဖြစ်ခဲ့သည့်ကိစ္စက ကျိုးထုံဖမ်းကို မကောင်းသည့်ခံစားချက်တစ်ခုပေးနေသည်။တစ်ခုခုဖြစ်တော့မည်ဟု သူအမြဲခံစားနေရသဖြင့် အလျင်အမြန်ဆေးရုံကဆင်းပြီးကုမ္ပဏီကိုအပြေးလာကြည့်ခြင်းဖြစ်သည်။

  

သူကုမ္ပဏီမှာရှိမနေချိန်မှာ တခြားသူများကသူ့ကိုမည်သို့အကွက်ချကြံစည်နေသည်ကို မသိခဲ့ရပေ။သို့ပေမဲ့ သူကုမ္ပဏီကိုပြန်လာပြီးတာဝန်ယူလျှင် သူ့ကိုပစ်မှတ်ထားနေသူများက သိပ်ပြီးပေါ်တင်လုပ်ကြတော့မှာမဟုတ်ပေ။အနည်းဆုံး သူအချိန်ခြစ်ခြုပ်ယူပြီး လေ့လာကာ ပြန်တိုက်၍ရသည်။

  

ဤအခိုက်အတန့်မှာ ရှန့်ကျားချီ၏ဘေးမှာသူထားထားသော သူလျှိုဆီကနေ ရှန့်ကျားချီက ဝေ့ချန်နှင့်ကျူးကောယွီကိုခေါ်ပြီးစကားပြောနေကြောင်းကြားလိုက်ရသည်။သူ ပိုပိုအဆင်မပြေဖြစ်လာပြီး သူ့ရင်ထဲမှာ ရက်ရက်စက်စက်လောင်ကျွမ်းနေသောမီးတစ်ခုရှိနေသလိုပင်ခံစားရပြီး သူ့ကိုဂနာမငြိမ်ဖြစ်စေသည်။

  

ချန်ယွင်ဇန်းက ကျိုးထုံဖမ်း၏ရုံးထိုင်ခုံမှာထိုင်ပြီး သူ့ရှေ့မှာ ကျိုးထုံဖမ်း အရှေ့လျှောက်လိုက်အနောက်လျှောက်လိုက်လုပ်နေသည်ကို တည်ငြိမ်စွာ ကြည့်နေကာ လက်ထဲကဖုန်းကိုလှည့်နေသည်။သူဘာတွေးနေလဲဆိုသည်ကား မသိရပေ။

  

ကျိုးထုံဖမ်းက ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး ချန်ယွင်ဇန်း၏တည်ငြိမ်သောအကြည့်များနှင့် ဆုံသွားချိန်မှာ သူက သက်ပြင်းလေးလံစွာချပြီး ဆိုလေ၏။

"ကိစ္စအကြီးကြီးတစ်ခုဖြစ်တော့မယ်လို့ ဘာလို့ခံစားနေရပါလိမ့်"

 

"ဘာကိစ္စအကြီးကြီးဖြစ်နိုင်မှာလဲ"

 á€á€ťá€”်ယွင်ဇန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ထောက်ပို့ဌာနက ဆူဆူပူပူဖြစ်တာက ခင်ဗျားဒီလောက်ကြောက်ချီးပါနေဖို့ထိုက်တန်လို့လား"

  

"လူကြီးမင်းချန် ရှန့်ကျားချီကိုမင်းနားမလည်ပါဘူး...သူရူးသွားရင် သူကဘာမဆိုလုပ်ပစ်နိုင်တယ်"

ကျိုးထုံဖမ်းကမျက်မှောင်ကြုပ်ကာစိတ်ပူနေပုံပေါ်၏။

"ကျွန်တော် စိတ်ပူတာက သူထောက်ပို့ဌာနခေါင်းဆောင်ရဲ့ကိစ္စကိုအသုံးချပြီး ကုမ္ပဏီရဲ့ခေါင်းဆောင်ပိုင်းကိုအိတ်သွန်ဖာမှောက်စုံစမ်းစစ်ဆေးမှုစတင်လိုက်မှာကိုပဲ...လူကြီးမင်းချန် ကျွန်တော်တို့လူတွေ..."

  

ကျိုးထုံဖမ်းက တန့်သွားပြီး မသိစိတ်ဖြင့် တံတွေးမျိုချလိုက်ကာ အကြောင်းပြချက်တချို့ကြောင့် သူအနည်းငယ်ကြောက်လာသလို ခံစားလိုက်ရလေသည်။

"ကျွန်တော်တို့လူတွေက သိပ်မသန့်ရှင်းကြဘူးလေ"


သူတို့ထဲက မသန့်ရှင်းဆုံးက သူကျိုးထုံဖမ်းဖြစ်ပြီး ထို့ကြောင့် ရှန့်ကျားချီက အကျင့်ပျက်ခြစားမှုပပျောက်ရေးမီးကိုမွှေးလိုက်မည်ကို သူကြောက်နေခြင်းဖြစ်သည်။နိုင်ငံတော်က လက်ရှိအချိန်မှာ အကျင့်ပျင်ခြစားရေးကို ထိထိရောက်ရောက်နှိမ်နင်းနေသည်။ရှန့်ကျားချီက တကယ်ကြီးသက်သေများရှာတွေ့သွားလျှင် သူ့နောက်မှာချန်မိသားစုရှိလျှင်ပင် အချည်းနှီးဖြစ်ဖို့ကသေချာသလောက်ရှိသည်။


"ဘာတွေကြောက်နေတာလဲ"

ချန်ယွင်ဇန်းက သရော်လိုက်၏။

"ရှန့်ကျားချီက သန့်ရှင်းတယ်ဆိုရင်တောင် သူ့လက်အောက်ငယ်သားတွေကသန့်ရှင်းပါ့မလား...ဝေ့ချန်ကိုပဲကြည့်...ဝေ့ချန်ပါတနာရဲ့အကောင့်ထဲမှာ ဝင်ငွေသန်းသုံးဆယ်ကျော်ရှိတယ်...ကျွန်တော်စစ်ဆေးကြည့်လိုက်တော့ အဲဒီအချိန်တုန်းက ဝေ့ချန်ကုမ္ပဏီရဲ့လုပ်ငန်းတစ်ခုကို အနောက်တောင်စီရင်စုက ကုမ္ပဏီခွဲကိုလွှဲပေးလိုက်တဲ့အချိန်ပဲ...အနောက်တောင်စီရင်စုက ဘယ်လိုလုပ် အဲလောက်လုပ်ငန်းအကြီးကြီးကိုမျိုနိုင်မှာလဲ...အဲဒီထဲမှာတစ်ခုခုမရှိပါဘူးလို့ ခင်ဗျားယုံလား"

 

ကျိုးထုံဖမ်းက ချန်ယွင်ဇန်း၏စကားများကို စဥ်းစားကြည့်ပြီးနောက် မကြာမီဘဲချန်ယွင်ဇန်းဆိုလိုသည်ကိုနားလည်သွားသည်။သူ့မျက်ခုံးများက ချက်ချင်းဆိုသလိုပဲ ပျံ့တက်လာသည်။


"လူကြီးမင်းချန် မင်းဆိုလိုတာက..."


ချန်ယွင်ဇန်းက ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းထောင့်ကိုအနည်းငယ်ပင့်ကာ အတော်လေးဉာဏ်များသော အပြုံးရေးရေးတစ်ခုပြသလိုက်၏။

  

ကျိုးထုံဖမ်းက သဘောပေါက်လေဟန်ဖြင့်ပြန်ပြုံးပြလိုက်သည်။ရှန့်ကျားချီက ထောက်ပို့ဌာနကို ဆင်ခြေအဖြစ်သုံးပြီးကုမ္ပဏီ၏ခေါင်းဆောင်ပိုင်းမှာအကျင့်ပျက်ခြစားမှုဖမ်းဆီးရေးလုပ်ချင်မှတော့ သူကျိုးထုံဖမ်းကလည်း ဤအခွင့်အရေးကိုအသုံးချပြီး ရှန့်ကျားချီ၏ညာလက်ရုံးကိုရှင်းပစ်နိုင်သည်။

  

ချန်ယွင်ဇန်းက လက်ထဲကဖုန်းကိုဆက်လှည့်နေသည်။ကျိုးထုံဖမ်း၏အမူအရာအပြောင်းအလဲကိုမျက်မြင်မြင်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းတစ်ဖက်က မသိမသာကော့တက်သွားသည်။သူဘာတွေးနေလဲကိုဆိုသည်ကိုရော ဘာရယ်နေလဲဆိုသည်ကိုပါဘယ်သူမှမသိပေ။


ကျိုးထုံဖမ်း ခန့်မှန်းထားသလိုပင် ရှန့်ကျားချီက ထောက်ပို့ဌာနကအကျင့်ပျက်ခြစားမှုကိုအခွင့်ကောင်းယူပြီး အခြေအနေကိုချဲ့ထွင်ကာခေါင်းဆောင်ပိုင်းကြားရှိအကျင့်ပျက်ခြစားမှုကိုထိထိရောက်ရောက်နှိမ်နင်းရန်ကြံစည်နေခြင်းဖြစ်သည်။

  

ဤတစ်ခေါက် ဝေ့ချန်နှင့်ကျူးကောဖုန်းက ထိုကိစ္စကြောင့် အခေါ်ခံရခြင်းဖြစ်သည်။သုံးယောက်သား တစ်မနက်ခင်းလုံး ရုံးခန်းထဲမှာ ထိုအကြောင်းကိုဆွေးနွေးခဲ့ကြသည်။နေ့လည်စာစားနားချိန်ရောက်ခါနီးမှာ ရှန့်ကျာချီက လက်ကိုဝှေယမ်းပြီးစကားဝိုင်းကိုအဆုံးသတ်လိုက်သည်။အရေးယူဆောင်ရွက်ရန်အစီအစဥ်ကို အကြမ်းအားဖြင့် သတ်မှတ်ပြီးပြီဖြစ်လေသည်။

  

အစောတုန်းက ရှန့်ကျားချီက ဖိုင်ကိုယူပြီး ကုမ္ပဏီ၏စည်းကမ်းထိန်းသိမ်းရေးဌာနကိုသွားခဲ့သည်။လျှောက်လွှာဖိုင်တချို့တင်သွင်းပြီးနောက် သူကစည်းကမ်းထိန်းသိမ်းရေးဌာနကို စုံစမ်းစစ်ဆေးအဖွဲ့တစ်ခုဖွဲ့ပြီး ချန်ဖုန်းအုပ်စုကခြများကို အိတ်သွန်ဖာမှောက် ဆေးကြောသန့်စင်ခိုင်းရန် စီစဥ်ခဲ့သည်။

  

အနှီခြများထဲမှာ ရှန့်ကျားချီ၏အုပ်စုမှ လူများပါကောင်းပါနိုင်သည်၊သို့ပေမဲ့ ကျိုးထုံဖမ်းပြောသလိုပဲ ရှန့်ကျားချီကသူရူးသွပ်သွားချိန်မှာ ဘာမဆိုလုပ်နိုင်သည်။ထိုသို့ပြုလုပ်ခြင်း၏အကျိုးဆက်က ရန်သူတစ်ထောင်ကို အနာတရဖြစ်အောင်လုပ်ရင်း မိမိတပ်သားရှစ်ရာကို အနာတရဖြစ်စေခြင်းပဲ ဖြစ်ပေမဲ့ ရှန့်ကျားချီကဂရုမစိုက်ပေ။

  

ပထမအနေဖြင့် ယင်းကချန်ဖုန်းအုပ်စုကို ပုံစံအသစ်တစ်ခုပေးနိုင်သည်။ဒုတိယမှာ ဤကိစ္စအပြီးတွင် ပြန်လမ်းမဲ့သောလမ်းကိုရွေးရန်ပြင်နေကြသူများကိုဖြစ်စေ၊ရွေးချင်သလိုလိုဖြစ်နေကြသူများကိုဖြစ်စေ ထိုးနှက်ချက်အကြီးကြီးတစ်ခုပေးကာ ချန်ဖုန်းအုပ်စုအတွင်မှာ ကိုယ့်ကိုကိုယ်ကြွယ်ဝချမ်းသာအောင်လုပ်ရန်မဖြစ်နိုင်ကြောင်း ပြောပြရန်ဖြစ်သည်။


ဤတစ်ခေါက် ရှန့်ကျားချီတကယ်ရူးသွပ်သွားပြီဖြစ်သည်။

  

ရှန့်ကျားချီဆီ၏ အချက်ပြမှုအောက်မှာ စည်းကမ်းထိန်းသိမ်းရေးဌာန၏စုံစမ်းစစ်ဆေးရေးက တိတ်တဆိတ် စတင်ခဲ့လေသည်။အကင်းပါးသောသူတချို့က ကောင်းကင်ကြီးစတင်ပြောင်းလဲနေပြီဖြစ်ကြောင်းသတိပြုမိနေကြပြီဖြစ်ကာ လူတိုင်းကစပြီး လိပ်ပြာမလုံဖြစ်လာကြသည်။နုံအသူများက ပေါ်တင်အမှားလုပ်နေကြဆဲဖြစ်ပြီး အထက်ကလူများက မမြင်နိုင်ဟုထင်နေကြသည်၊ဤအရာများက စကားဖြင့်ပြောစရာမလိုသောစည်းမျဥ်းများဟုသူတို့ထင်နေကြသည်။

  

သုံးရက်အကြာမှာပဲ ပထမဆုံးကျားက နှိမ်နင်းခြင်းခံလိုက်ရသည်။

  

ဤကျားက မတရားသောအားဖြင့်ရရှိထားသောအမြတ်များဖြင့် ဝဖီးနေသော လက်ထောက်အထွေထွေမန်နေဂျာကျန့်မှာလွဲ၍တခြားမဟုတ်ပါချေ။

   

စည်းကမ်းထိန်းသိမ်းရေးဌာန၏စုံစမ်းစစ်ဆေးမှုအပြီးမှာ လက်ထောက်အထွေထွေမန်နေဂျာကျန့်လာဘ်စားထားသောငွေများက သန်းရာချီကြောင်းပေါ်ထွက်လာခဲ့လေသည်။လက်ထောက်အထွေထွေမန်မေဂျာကျန့်က လောင်းကစားရုံကိုလစဥ်သွားကြောင်းပင်တွေ့ရှိခဲ့ရသည်။သူလောင်းကစားလုပ်တိုင်း ဘဏ္ဍာငွေသန်းဆယ်နှင့်ချီပေးချေခဲ့ပြီး အကြိမ်တိုင်းမှာ သူ၏လက်ထောက်အထွေထွေမန်နေဂျာကျန့်ဟူသည့်ကိုယ်ပိုင်အကောင့်ကိုပဲ တိုက်ရိုက်အသုံးပြုလေသည်။

  

ဘာလို့ လက်ထောက်အထွေထွေမန်နေဂျာကျန့်ကဒီလောက် ပေါ်တင်ကြီး အကျင့်ပျက်ခြစားတာလဲ...စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဤမေးခွန်းကိုစဥ်းစားမိသည်မှာသဘာဝပဲဖြစ်သည်။အဖြေကတော့ အလွန်ကိုရိုးရှင်းလေသည်–လက်ထောက်အထွေထွေမန်နေဂျာကျန့်၏အထက်မှာ သူ့ကိုဖုံးပေးနေသည့် တစ်စုံတစ်ယောက် ရှိနေ၍ဖြစ်သည်။

  

ဤအဖြေထွက်လာသည်နှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပေါ်ပေါ်ထင်ထင်မလုပ်တော့ဘဲ အရာရာ တိတ်တိတ်လေးပဲ စုံစမ်းစစ်ဆေးခဲ့ကြသည်။သူတို့ဤတစ်ခေါက်မှာကျားအကြီးကြီးတစ်ကောင်ကို မိလိမ့်မည်ဟု တွက်ဆထားပြီးနေကြပြီဖြစ်သည်။လက်ထောက်အထွေထွေမန်မေဂျာကျန့်ထက်ပိုမြင့်သောလူများကို လှုပ်သိပ်ရန်အတွက် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယင်အနည်းငယ်ကိုလည်း တစ်ဆက်တည်း ရိုက်ပြပြီး သူတို့ကလက်ရှိမှာ ယင်ရိုက်ရာမှာအာရုံစိုက်နေသည်ဟု အထင်မှားအောင်ဖန်တီးခဲ့သည်။

  

ချန်ဖုန်းအုပ်စု၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယင်ရိုက်ရင်းအလုပ်ရှုပ်နေကြပြီး ယင်းကချန်ဖုန်းအုပ်စုတစ်ခုလုံးကို ရုတ်ချည်းဆိုသလို ဗြောင်းဆန်သွားစေခဲ့သည်။သာမန်ဝန်ထမ်းများကအဆင်ပြေသည်၊သူတို့က ဤအရာများနှင့်ထိတွေ့ရန်အခွင့်အရေးမရှိပေ။သို့ပေမဲ့ ကုမ္ပဏီ၏ လက်ရှိအခြေအနေကိုမြင်ရချိန်မှာ သူတို့အနည်းငယ်ရှုပ်ထွေးသွားကြဆဲဖြစ်သည်။

  

ဘယ်လိုဖြစ်လို့ ရက်ပိုင်းလေးအတွင်းမှာ ကုမ္ပဏီတစ်ခုလုံး ပြောင်းလဲသွားတဲ့ပုံပေါ်နေတာလဲ...ယနေ့မှာဤလူက သူတို့၏အထက်လူကြီးဖြစ်နေသေးပေမဲ့ နောက်တစ်နေ့ရောက်၍အလုပ်လာသည့်အခါ ထိုသူကစည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဘာဆင်ခြေမှပေးခွင့်မပြုဘဲ ခေါ်ဆောင်သွားခြင်းခံရလေသည်။

  

သို့ပေမဲ့ မကြာမီဤသာမန်ဝန်ထမ်းများက အသိပြန်ဝင်လာကြသည်။အသိပြန်ဝင်လာပြီးနောက်သူတို့အလွန်ပျော်သွားကြသည်။လက်အောက်ငယ်သားတစ်ယောက်အနေဖြင့် ဘယ်သူမှ သူများကိုအခွင့်ကောင်းယူတတ်သော၊အထက်ဖားအောက်ဖိလုပ်တတ်သော၊သူတို့၏အောင်မြင်မှုအသီးအပွင့်များကိုခိုးယူတတ်သော အထက်လူကြီးကိုမကြိုက်ကြပေ။ထိုခြများတစ်ကောင်ပြီးတစ်ကောင်ခေါ်ဆောင်သွားခံရသည်ကိုကြည့်ပြီး သာမန်ဝန်ထမ်းများမှာ လက်ခုပ်ထတီးမိလုမတတ်ပင်။


သေချာပေသည်၊စိတ်လွှင့်နေကြသောဝန်ထမ်းတချို့မှာလည်း ကုမ္ပဏီ၏အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကြိုးစားမှုအပေါ်ထားရှိသည့် ကုမ္ပဏီ၏လေးနက်မှုကိုမြင်ပြီး အသူရာချောက်ဆီလှမ်းနေသည့် သူတို့ခြေတစ်ဖက်ကို ပြန်ရုတ်သွားကြသည်။

  

ချန်ဖုန်းအုပ်စုတစ်ခုလုံး လက်ရှိအချိန်မှာ မျက်လူးဆံပြာဖြစ်နေကြသည်ဟုဆိုရပေမည်။သို့ပေမဲ့ ရှန့်ကျားချီက ဝေ့ချန်နှင့်ကျူးကောဖုန်းကို ဦးဆောင်ပြီး ကိုယ်တိုင် တာဝန်ယူဆောင်ရွက်နေကာ ချန်ယွင်ဇန်းကလည်း ဤအချိန်မှာသူ့အခန်းကဏ္ဍကနေပါဝင်ထမ်းဆောင်ခဲ့သည်။ချန်ယွင်ဇန်းက လုပ်ရည်ကိုင်ရည်လည်းအတော်ရှိသည်ဟု ဝန်ခံရပေမည်။သူ၏ဦးဆောင်မှုအောက်မှာ မားကတ်တင်းဌာနကလည်း စည်းစနစ်ကျနစွာလည်ပတ်နေခဲ့သည်။

  

ထိုလူလေးယောက်ကြောင့်၊ချန်ဖုန်းအုပ်စုက ဤအကြီးအကျယ်အကျင့်ပျက်ခြစားမှုပပျောက်ရေးလှုပ်ရှားမှုကြောင့် ဂနာမငြိမ်ဖြစ်နေသော်ငြား ကုမ္ပဏီ၏လည်ပတ်မှုက လုံးဝသက်ရောက်ခြင်းမခံရဘဲ ဆက်လက်တိုးတက်နေဆဲဖြစ်သည်။

  

တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးလာလေလေ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပိုပိုအင်အားကြီးလာလေလေဖြစ်သည်။သို့သော်လည်း အကြီးဆုံးကျားလက်ထောက်အထွေထွေမန်နေဂျာကျန့်မှလွဲ၍ စည်းကမ်းထိန်းသိမ်းရေးကော်မတီက မထင်မရှားယင်ကောင်လေးများကိုပဲ ပစ်မှတ်ထားနေခဲ့သည်။သို့တိုင် ကျိုးထုံဖမ်းက စိတ်ပူနေဆဲကြောက်နေဆဲဖြစ်သည်။အကြောင်းမှာ လက်ထောက်အထွေထွေမန်နေဂျာကျန့်အတွက် ဖုံးဖိပေးနေသည့်လူက သူဖြစ်နေသောကြောင့်ဖြစ်၏။


ယခုအချိန်မှာ ကျိုးထုံဖမ်းကောင်းကောင်းပင်အိပ်မပျော်ပေ။အိပ်မက်ထဲမှာဆိုလျှင်အမြဲ စည်းကမ်းထိန်းသိမ်းရေးကော်မတီက သူ့အိမ်ထဲပြေးဝင်လာခြင်းကိုဖြစ်စေ၊ သူ့ကို စုံစမ်းစစ်ဆေးရန်အတွက် ရုံးခန်းထဲကနေခေါ်ဆောင်သွားခြင်းကိုဖြစ်စေ၊သူ့ကိုယ်သူ လက်ထိတ်တန်းလန်းနှင့် တရားရုံကဝက်ခြံထဲမှာရပ်နေပြီးတရားသူကြီး၏ကြားနာစစ်ဆေးမှုကိုခံယူနေသည်ကိုဖြစ်စေ မြင်မက်ရတတ်သည်။

 

သူက အလွန်အမင်းကိုကြောက်နေခဲ့သည်။ဤအတောအတွင်မှာ သူသွေးများတရိပ်ရိပ်တိုးနေခဲ့ပြီး ခေါင်းထဲမှာမိုက်ခနဲဖြစ်ဖြစ်သွားသည်မှာ တစ်ကြိမ်ထက်မကပေ။သို့သော်လည်း သူဆေးရုံးမသွားခဲ့ပေ။အကြောင်းမှာ သူဆေးရုံသွားလျှင် စဥ်းတီတုံးပေါ်ကအသားလိုဖြစ်သွားပြီးခုခံရန်အခွင့်အရေးမရလိုက်မည်ကိုသူကြောက်သည်။

  

ထိုနေ့မှာ ကျိုးထုံဖမ်းက သူ့ရုံးခန်းထဲမှာထိုင်နေပြီး ဂနာ မငြိမ်ဖြစ်ကလုံးလုံးလျားလျားထိန်းချုပ်မှုလွတ်သွားခဲ့သည်။သူဘာတွေးနေလဲသူ့ကိုယ်သူမသိပေ။သူကထိုင်ခုံကနေဗြုန်းခနဲထရပ်လိုက်ပြီး မားကတ်တင်းဌာနဆီ ခပ်သုတ်သုတ်ပြေးသွားခဲ့သည်။သူကတံခါးပင်မခေါက်ဘဲချန်ယွင်ဇန်း၏ရုံးခန်းတံခါးကိုတိုက်ရိုက်တွန်းဖွင့်လိုက်သည်။

  

ချန်ယွင်ဇန်းကတည်ငြိမ်အေးဆေးဟန်ရှိနေဆဲဖြစ်သည်။ကျိုးထုံဖမ်းဝင်လာသည်ကိုမြင်ချိန်မှာ သူကရုံးခန်းထဲကဆိုဖာကိုလက်ညှိုးထိုးပြလိုက်ပြီး ယဥ်ယဥ်ကျေးကျေး ပြောလိုက်သည်။


"ဒုဥက္ကဋ္ဌကျိုး ရေးကြီးသုတ်ပြာနဲ့ ဘယ်လိုဖြစ်ရတာလဲ...ထိုင်ပါ...ကျွန်တော့်အတွင်းရေးမှူးကိုခင်ဗျားအတွက်ကော်ဖီပူပူတစ်ခွက်ဖျော်ခိုင်းလိုက်မယ်"


ကျိုးထုံဖမ်းက ချန်ယွင်ဇန်းနှင့်စကားပြောချင်၍လာခြင်းမဟုတ်ပါချေ။သူက ရုံးခန်းတံခါးကို ပိတ်ပြီး ချန်ယွင်ဇန်း၏စားပွဲဆီလျှောက်သွားလိုက်သည်။သူက ခခယယပြောလိုက်သည်။ 


"လူကြီးမင်းချန် ကျေးဇူးပြုပြီးကျွန်တော့်ကို ချန်လီရဲ့ယွမ်သုံးဆယ်ကျေယ်ငွေလွှဲအဝင်မှတ်တမ်းကိုပေးပါလားဗျာ...ကျွန်တော် ဝေ့ချန်ကိုစည်းကမ်းထိန်းသိမ်းရေးဌာနသွားတိုင်လိုက်မယ်...သူတို့က ကျွန်တော့်ကိုဒီလောက်ထိဖိချင်နေမှတော့ ကျွန်တော်ကလည်းသူ့တိုကိုယဥ်ကျေးမနေတော့ဘူး"


ချန်ယွင်ဇန်းက မျက်ခုံးများကိုပွတ်သပ်ကာဆို၏။

"ဒုဥက္ကဋ္ဌကျိုး ဘာလို့ဒီလောက်လောနေရတာလဲ...ဒီကိစ္စကိုစောင့်ကြည့်ပါဦးလား...အလှည့်အပြောင်းတစ်ခုရှိချင်ရှိလာမှာပါ"

  

"လူကြီးမင်းချန်..."

ကျိုးထုံဖမ်းက ရက်စက်ကြမ်းကြုတ်သောမျက်နှာနှင့်အော်လိုက်သည်။

"ကျွန်တော်မစောင့်နိုင်တော့ဘူး...ကျွန်တော်တကယ်မစောင့်နိုင်တော့ဘူး...ဝေ့ချန်ကိုအရင်ဝင်သွားခိုင်းတာက ကျွန်တော့်အတွက်အလှည့်အပြောင်းဖြစ်ဖို့အခွင့်အရေးပဲ... သက်သေကိုသာ ကျွန်တော့်ကိုပေးစမ်းပါ"

  

ချန်ယွင်ဇန်းက ခေါင်းတခါခါလုပ်နေပြီး နောက်ဆုံးမှာအံဆွဲထဲကUSB flash driveကိုထုတ်ပြီး ကျိုးထုံဖမ်းကိုကမ်းပေးလိုက်သည်။


"ဒါက ငွေလွှဲမှတ်တမ်းပဲ...စည်းကမ်းထိန်းသိမ်းရေးကော်မတီကိုပေးလိုက်ပါ...သူတို့သေချာပေါက် စုံစမ်းစစ်ဆေးကြလိမ့်မယ်"

  .

ကျိုးထုံဖမ်းက ဝမ်းမြောက်ဝမ်းသာပြုံးလိုက်ပြီး ခုနတုန်းကစိတ်ဒုက္ခနှင့်ရက်စက်ကြမ်းကြုတ်မှုများက ဤ္USB flash driveကြောင့်လေနှင့်အတူလွှင့်ပါသွားကြသည်။သူက ချန်ယွင်ဇန်း၏ရုံးခန်းထဲကလှည့်ပြန်သွားပြီး စည်းကမ်းထိန်းသိမ်းရေးကော်မတီရုံးခန်းဆီ တချိုးတည်းပြေးလေသည်။

 

ချန်ယွင်ဇန်းက ကျိုးထုံဖမ်း၏ကျောပြင်ကိုကြည့်ပြီး နောက်ဆုံးမှာ မထိန်းနိုင်ဘဲ ပြုံးလိုက်၏။ဤအပြုံးက သူနှုတ်ခမ်းထောင့်စွန်းများကအနည်းငယ်ကော့တက်နေပြီး သူ့မျက်လုံးများက အကြင်နာမဲ့မှုများ တလက်လက်ဖြာထွက်နေသည်။


ရေခွက်နှင့်အတူဝင်လာသောအတွင်းရေးမှူးမလေးက ချန်ယွင်ဇန်း၏အပြုံးကိုမြင်ပြီး ကျောရိုးတလျှောက်စိမ့်တက်သွားသည်။သူမလက်ချော်ပြီး ရေခွက်ကကြမ်းပြင်ပေါ်ကျကွဲသွားလေသည်။

  

အတွင်းရေးမှူးမလေးက အလျင်အမြန်ငုတ်တုပ်ထိုင်ပြီး ဖန်ကွဲစများကိုကောက်လိုက်သည်။ချန်ယွင်ဇန်းက သူမနားကိုရောက်လာပြီး နူးညံ့စွာမေးလေသည်။


"အဆင်ပြေရဲ့လား...ဘာလို့ဒီလောက် သတိမထားရတာလဲ"

  

"တောင်းပန်ပါတယ်ဒါရိုက်တာချန်...ကျွန်မမရည်ရွယ်ပါဘူး"

အတွင်းရေးမှူးမလေးကအမြန်တောင်းပန်လိုက်၏။

  

"လူအဆင်ပြေလို့တော်သေးတာပေါ့...လူတိုင်းက တစ်ခါတစ်လေ သတိလွတ်သွားတတ်ပါတယ်"


အတွင်းရေးမှူးမလေးက ဖန်ကွဲစများကိုရှင်းလင်းရင်း ချန်ယွင်ဇန်း၏ရည်မွန်တင့်တယ်သောဟန်ပန်ကိုသတိပြုမိလိုက်သည်။ခုနတုန်းက ယုတ်မာပက်စက်ပြီးအကြင်နာမဲ့သောအမူအရာက ဘယ်တုန်းကမှမဖြစ်ခဲ့သည့်အတိုင်းပင်။

*

 

ကျိုးထုံဖမ်း ချန်ယွင်ဇန်း၏ရုံးခန်းကနေထွက်သွားခါရှိသေး ထိပ်ဆုံးအထပ်ရှိရှန့်ကျားချီက ထိုသတင်းကိုလက်ခံရရှိလိုက်ပြီး ကျိုးထုံဖမ်းနှင့်ချန်ယွင်ဇန်းဘာတွေပြောခဲ့သည်ကိုပင်သိလိုက်ရလေသည်။

  

ရှန့်ကျားချီကိုထိုသတင်းပြောသည့်လူက ရှန့်ကျားချီ၏သူလျှိုမဟုတ်ပေ။ထို့ကြောင့် ထိုလူကအတွင်းပိုင်းဖုန်းကိုချသွားချိန်မှာရှန့်ကျားချီအတော်လေးရှုပ်ထွေးသွားသည်။သူ့ဆီကို သတင်းပေါက်ကြားအောင်လုပ်တာဘယ်သူလဲ...ဘာလို့သူ့ကိုမှလဲ...

  

မကြာမီ ရှန့်ကျားချီ အဖြေရှာတွေ့သွားသည်။

  

သူဆီကိုသတင်းပေါက်ကြားစေခဲ့သူက သူနှင့်ဝေ့ချန်ကြားမှာ စိတ်ဝမ်းကွဲမှုမျိုးစေ့ချပေးပြီး သံသယမျိုးစေ့ပျိုးချင်နေသည်။ထိုမှသာ သူကဝေ့ချန်ကို ယုံကြည်မှုကင်းမဲ့လာမှာဖြစ်သည်။

  

အတွင်းပိုင်းဇာတ်လမ်းကိုသိသည့် ရှန့်ကျားချီ၏အမြင်မှာ ချန်ယွင်ဇန်းနှင့်ကျိုးထုံဖမ်းသိထားသည့် ယွမ်သန်းသုံးဆယ်ကျော် အလွှဲအပြောင်းသတင်းက အင်မတန်ကို နုံအပြီးရယ်စရာကောင်းလွန်းသည်။


သူတို့၏အမြင်မှာ ချန်လီက အော်တစ်ဇင်ရောဂါသည်တစ်ယောက်၊အရူးတစ်ယောက်မျှသာဖြစ်ပုံရသည်။သူက မည်သို့ဝင်ငွေယွမ်သန်းသုံးဆယ်ကျော်ရှိပါမည်နည်း။ထို့ကြောင့်ချန်လီယွမ်သန်းသုံးဆယ်ကျော်ကထူးဆန်းသောနေရာမှလာသည်ဟုတွေးပစ်လိုက်ပြီး သဘာဝအတိုင်း ဝေ့ချန်ကိုငွေအလွဲသုံးစားလုပ်သည်ဟု သံသယဝင်သွားကြသည်။

  

ဒါပေမဲ့ ယွမ်သန်းသုံးဆယ်ကျော်ကချန်လီအတွက် တကယ်ပဲရှာဖို့ခက်ခဲတာလား...

  

ဟာသပင်။ချန်ယွင်ဇန်းနှင့်ကျိုးထုံဖမ်းသာ ချန်လီ၏ပန်းချီကားများက သူတို့အသိုင်းအဝိုင်းအတွင်းမှာ ယွမ်သန်းခုနစ်ဆယ်ရှစ်ဆယ်လောက်စျေးပေါက်သည်ကိုသိလျှင် ဒေါသထွက်လွန်း၍သွေးအန်ကြလိမ့်မည်လား။

  

ရှန့်ကျားချီက အပြုံးတစ်ပွင့်နှင့် တွေးလိုက်ပြီး ထိုသို့သောအဆုံးသတ်မျိုးကအလွန်စိတ်ဝင်စားစရာကောင်းသည်ဟုရုတ်တရတ်ခံစားလိုက်ရလေသည်။

  

သူ့ကိုသတင်းပေးသည့်လူကဘယ်သူလဲဆိုရန်အတွက်မူ ရှန့်ကျားချီ၏စိတ်ထဲမှာခန့်မှန်းချက်တစ်ခုရှိနေပြီဖြစ်သည်။ကျိုးထုံဖမ်းကလွဲ၍ တခြားမဖြစ်နိုင်ပေ။



<< >>

💘