Chapter 99
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၉၉)

"ဟူး ... အခု ကိုယ် စိတ်နည်းနည်း ငြိမ်သွားပြီ။ထင်ထားတဲ့အတိုင်း ထုတ်ပြောလိုက်ရမှပဲ ခံစားချက် ပိုကောင်းသွားတော့တယ်။"

ဆိုဗက်စ်စတာ အားပါးတရ သက်ပြင်းချ၍ ညည်းတွားလိုက်မိသည်။

မှန်ပေ၏။

အပြင်းအထန် ခုန်ပေါက်နေခဲ့ရပါသော နှလုံးသားက သူ ထုတ်ပြောမိလိုက်သည်နှင့် တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။

ထင်ထားတဲ့အတိုင်း အဖြေက ဖွင့်ဟဝန်ခံလိုက်ဖို့ ဖြစ်နေတာပဲ။

ထိုသို့ တွေးမိပြီး ဆိုဗက်စ်စတာ ပြုံးလိုက်လေသည်။

အိုဖီလီယာမှာတော့ ပါးစပ်အဟောင်းသားဖြင့် စိတ်နဲ့လူ မကပ်သကဲ့သို့ ဆိုဗက်စ်စတာကို ငေးကြည့်နေခဲ့သည်။

အခု ဆိုဗက်စ်စတာ ဘာပြောလိုက်တာလဲ ...

သူမက ဆိုဗက်စ်စတာကို ကြည့်နေမိသည်။

ဒီတော့ အခု ငါ့ကို ...

"ကျ ...ကျွန်မကို ကြိုက်တာလား။"

သူက ငါ့ကို ကြိုက်နေတာလား။

အိုဖီလီယာမှာ မယုံနိုင်သဖြင့် ပြန်မေးလိုက်မိသည်။

သူမ နားကြားလွဲသည်ဟုသာ ထင်နေခဲ့လေသည်။

"အင်း ... အမှန်ပဲ၊ ကိုယ် မင်းကို ကြိုက်တယ်။"

သို့သော် ဆိုဗက်စ်စတာက ပေါ့ပေါ့ပါးပါး မျက်နှာထားဖြင့် ထိုသို့ တစ်ထပ်တည်း ပြောလာလေသည်။

သူက သူမကို ကြိုက်တယ်ဆိုပြီး ပြောနေတယ်။

အား ... ခေါင်းကိုက်လိုက်တာ။

အိုဖီလီယာမှာ အနည်းငယ် ဒယီးဒယိုင်ဖြစ်နေရပြီး လသာဆောင်လက်ရန်းကို ထိတွေ့လိုက်မိသည်။

"ဘာကြောင့် ဒီလို တုံ့ပြန်နေရတာလဲ။"

အဘယ်ကြောင့် အိုဖီလီယာက ထိုသို့ ဖြစ်နေရသည့် အကြောင်းရင်းကို ဆိုဗက်စ်စတာ မသိပေ။

"ဘာကြောင့် ဒီလို တုံ့ပြန်နေရတာလဲ ဟုတ်လား။"

အိုဖီလီယာက ပြောသည်။

"ဒါပေါ့ ... ဒီလိုပဲ တုံ့ပြန်ရမယ်လေ။ဒီလို ဒေါသတကြီးနဲ့ ဖွင့်ပြောတာမျိုးကို ဘယ်သူကများ လုပ်ဖူးလို့လဲ။"

"အဲ့ဒီလူက ဒီမှာလေ။"

ဆိုဗက်စ်စတာက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပခုံးကို မတ်၍ ပြောလေသည်။

အိုဖီလီယာ ကြက်သေသေသွားရ၏။

ဘယ်လိုလူပါလိမ့်၊ တကယ်ကြီး!

သူမ စိတ်ထဲတွင် ငိုကြွေးနေမိသည်။

"ပြီးတော့ ကိုယ့်ဒေါသကို မထိန်းနိုင်တာကြောင့် မဟုတ်ပါဘူး။ကိုယ့်မှာ ဖွင့်ပြောဖို့ အစီအစဥ် ရှိပြီးသားပါပဲ။"

မဟုတ်ပေ။

သူ အမှန်တကယ် ဒေါသထွက်နေ၍သာ ဖွင့်ပြောလိုက်ရခြင်း ဖြစ်လေသည်။

အစီအစဥ်မရှိဘဲ ဆိုင်းမဆင့်ဗုံမဆင့် ဖွင့်ပြောမိသွားသည်။

သို့သော် ဖွင့်ဟဝန်ခံပြီးနောက် သူ စိတ်သက်သာရာရသွားခဲ့သည်။

တစ်ချိန်နည်းတွင် အိုဖီလီယာကို ထင်ထားသည်ထက် ပို၍နှစ်သက်သဘောကျနေမိကြောင်း သူ နားလည်သွားရသည်။

သူမကို အများကြီးသဘောကျနေမိလို့ ခံစားချက်တွေကို ဖုံးကွယ်မထားနိုင်တော့ဘဲ အခုလို ပေါက်ကွဲထွက်လာရတာ မဟုတ်ဘူးလား။

ယခု ဆိုဗက်စ်စတာ စိတ်ပြောင်းသွားခဲ့သည်။

ထိုသို့ ဖြစ်လာခဲ့ကတည်းက သူ အိုဖီလီယာ၏လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားတော့မည်။

"ရှင် ဟာသလုပ်နေတာပဲ!"

သို့သော် အိုဖီလီယာက ထိုသို့ မထင်ပေ။

ဟာသ လုပ်တာ။

အဲ့ဒါ ဘာကို ဆိုလိုတာလဲ။

ဆိုဗက်စ်စတာ ခေါင်းကို စောင်းငဲ့လိုက်မိသည်။

အိုဖီလီယာက ဆိုဗက်စ်စတာကို လျစ်လျူရှုထားပြီး ဆက်အော်လိုက်သည်။

"ဘာလို့ ရုတ်တရက်ကြီး ... ကျွန်မတို့ကြားမှ ဘာအရိပ်အယောင်မှ မရှိခဲ့ပဲနဲ့ ... ဘာဖြစ်လို့ ရှင်က ရုတ်တရက်ကြီး ဖွင့်ပြောလာရတာလဲ!"

"ဘာအရိပ်အယောင်မှ မရှိဘူးတဲ့လား ... မင်း တကယ်ပဲ ဒီလို ထင်တယ်ပေါ့။"

ဆိုဗက်စ်စတာက မေးလေသည်။

"ပြန်စဥ်းစားကြည့်ပါဦးကွာ ...ကိုယ်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အများကြီး ထုတ်ပြခဲ့တယ်လို့ ထင်တာပဲ။"

အိုဖီလီယာ သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထားမိလေသည်။

၎င်းက မှန်ကန်နေခဲ့၏။

သူမလည်း သတိထားမိပေသည်။

သူမ ကယ်လီယန်အကြောင်း ပြောချိန်တိုင်း သူ ဒေါသထွက်နေခဲ့တာကြောင့်ပဲ။

မဟုတ်ဘူး ... သူမ ဒီလို လုံးဝ မမျှော်လင့်ထားမိဘူး။

"မင်း မသိသလို ဟန်ဆောင်နေတာတော့ မဟုတ်ပါဘူးနော်။"

ခေါင်းထဲအထိ တိုးဝင်လာခဲ့သော ခံစားချက်များကို အိုဖီလီယာ မငြင်းပယ်နိုင်ခဲ့ပေ။

ကျစ်

သူမ နှုတ်ခမ်းဆူလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏။

ထိုအခါ ဆိုဗက်စ်စတာက ပြောလေသည်။

"ဒါဆို အဖြေက ဘာလဲ။"

"ဘာအဖြေလဲ။"

"ကိုယ် မင်းကို ကြိုက်တယ်လို့ ဖွင့်ပြောထားတယ်လေ။ဒီတော့ မင်း ကိုယ့်ကို အဖြေပြန်ပေးရမှာပေါ့။"

ဆိုဗက်စ်စတာက အိုဖီလီယာအနားသို့ ခြေတစ်လှမ်း တိုးကပ်လာခဲ့သည်။

သူ၏နောက်ကျောဘက်တွင် ကျယ်ပြန့်လှသော အနက်ရောင်ကောင်းကင်ပြင်ကြီး ရှိနေခဲ့သည်။ကောင်းကင်တစ်ခွင်မှ ကြယ်ကလေးများ၏ အလင်းတန်းများသည် သူ့ကိုယ်ပေါ်သို့ ဖြာကျ၍ တောက်ပနေခဲ့၏။ 

သူ၏မျက်ဝန်းပြာများက အိုဖီလီယာကို ငေးကြည့်နေခဲ့သည်။အေးစက်စက် မျက်ဝန်းများထဲတွင် ချက်ချင်းဆိုသလို နွေးထွေးမှုများ ရောက်ရှိလာခဲ့သည်မှာ များလွန်း၍ ပြည့်လျှံထွက်ကျလာတော့မည့်နှယ်။

"မင်း ..."

ဆိုဗက်စ်စတာက အိုဖီလီယာဆီသို့ ဖြည်းဖြည်းချင်း လက်ဆန့်လိုက်သည်။

"မင်း ကိုယ့်ကို မကြိုက်ဘူးလား။"

ပြီးနောက် သူက အိုဖီလီယာ၏ပါးပြင်ကို လက်ဖဝါးဖြင့် ခပ်ဖွဖွ ထိတွေ့လိုက်သည်။သူ့လက်များမှ အေးစက်စက် ကိုယ်အပူချိန်ကို ခံစားလိုက်ရသဖြင့် အိုဖီလီယာ၏ပခုံးများ တွန့်သွားရလေသည်။

သို့သော် မကြာခင် အဆင်ပြေသွားရသည်။ထိုသူမှာ ဆိုဗက်စ်စတာသာဖြစ်ပြီး တခြားသူ မဟုတ်ပေ။

ဒုတ် ဒုတ် ဒုတ် ဒုတ်

သူမ၏နှလုံးသားက ခုန်ပေါက်နေခဲ့၏။

သူမ၏မျက်နှာ နီရဲပူနွေးလာသည်ကို အိုဖီလီယာ ခံစားမိသည်။နားသန်သီးလေးများအထိ ပူလောင်လာရ၏။

"အာ ..."

သူမ အထစ်ထစ်အငေါ့ငေါ့ဖြင့် နောက်ဆုတ်လိုက်မိသည်။သို့သော် သူမ၏နောက်ကျောနှင့် လသာဆောင်လက်ရန်းက ထိကပ်မိသွားလေသည်။

ဆိုဗက်စ်စတာ ပြုံးလိုက်ပြီး လသာဆောင်လက်ရန်းပေါ်သို့ သူ့လက်နှစ်ဖက်ကိုတင်၍ အိုဖီလီယာကို လက်မောင်းများကြားထဲတွင် ချုပ်နှောင်ထားလိုက်သည်။

"ကိုယ့်ကို ပြန်ဖြေပေး"

ပြီးနောက် သူ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"မင်း ကိုယ့်ကို ကြိုက်တယ်လို့ ..."

ချိုမြိန်သောအသံက သူမ၏နားများကို အရည်ပျော်သွားစေလောက်သည်။

အား ... ငါ ရူးတော့မှာပဲ။

အိုဖီလီယာ အသက်ပြင်းပြင်း ရှူလိုက်သည်။

"ကျွန်မ ရှင့်ကို မကြိုက်ဘူး။"

သူမက မျက်စိစုံမှိတ်၍ သူ့ကို တွန်းထုတ်လိုက်သည်။

"တကယ်ပြောတာ ...ကျွန်မ ရှင့်ကို မကြိုက်ဘူး။"

အိုဖီလီယာ၏ငြင်းဆန်မှုကြောင့် ဆိုဗက်စ်စတာက ညင်ညင်သာသာဖြင့် နောက်ဆုတ်ပေးလိုက်သည်။

ပြီးနောက် သူ မျက်မှောင်ကြုတ်၍ ပခုံးတွန့်လိုက်ရန် မမေ့ပေ။

၎င်းမှာ အမှန်ပင် မရိုးဖြောင့်သော အသွင်အပြင်ဖြစ်သည့်တိုင် အိုဖီလီယာအတွက် မုန်းစရာဖြစ်မနေပဲ ချစ်စရာပင် ကောင်းနေခဲ့သည်။

အိုး ... ငါ ရူးတော့မယ်။

အိုဖီလီယာ အကြာကြီး သက်ပြင်းချနေပြီး မျက်နှာကို လက်ဖြင့် အုပ်ထားလေသည်။

"ဒါဆိုလဲ မတတ်နိုင်ဘူးပေါ့ကွာ။"

ဆိုဗက်စ်စတာက ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် အိုဖီလီယာ ကြက်သီးထသလို ခံစားရသဖြင့် ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်မိသည်။

"ရှင် ... ဘာကို ဆိုလိုချင်တာလဲ။"

"မင်း ကိုယ့်ကို ကြိုက်လာအောင် လုပ်ရတော့မှာပဲလေ ... မတတ်နိုင်ဘူးပေါ့။"

"ဘာ!"

အိုဖီလီယာ အံ့အားသင့်ပြီး အော်လိုက်မိသော်လည်း ဆိုဗက်စ်စတာက တည်ငြိမ်နေခဲ့သည်။

"မင်း ဒါကို စောင့်မျှော်နေလို့ ရတယ်။"

သူက ပြုံး၍ အိုဖီလီယာ၏ပါးပြင်ကို ထိတွေ့လိုက်လျှင် လက်ချောင်းထိပ်ဖျားလေးများနှင့် ထိမိသမျှ နေရာတိုင်းက အဖျားတက်လာသလို ခံစားရသောကြောင့် အိုဖီလီယာမှာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်ရသည်။

အား ...

ရူးတော့မယ်လို့!

စိတ်ထဲတွင် ထိုသို့ ဖြစ်နေခဲ့၏။

*

အိုဖီလီယာနှင့် ဆိုဗက်စ်စတာတို့ ထွက်သွားသော လသာဆောင်ရှိရာသို့ ကယ်လီယန် ကြည့်နေမိသည်။

ပြီးနောက် သူ့လက်သူ ငုံ့ကြည့်မိ၏။

ထိုလက်ထဲတွင် ယခုထိ အိုဖီလီယာ၏အနွေးဓါတ်က စွဲကျန်နေခဲ့သည်။

အရှင့်သားနဲ့ မလိုက်ဖက်ပါဘူး။

အရှင့်သားအတွက် မိန်းမဆိုးလေးတစ်ယောက် ရှိဖို့ လိုအပ်ပါတယ်။

အင်ပါယာမှာ ကျွန်မထက် ပိုဆိုးတဲ့ မိန်းမ ရှိလို့လားရှင်။

ပြောသွားသည်က အံ့ဩစရာကောင်းလှသည်။

အင်း

တကယ်ကို အံ့ဩစရာကောင်းတဲ့ စကားတွေပဲ။

သို့သော် ကယ်လီယန်မှာ သူမ၏အသံက နားထဲမှ ထွက်မသွားဘဲ ရှိနေသည်ကို မတတ်သာဘဲ ဝန်ခံလိုက်ရသည်။

သူမ၏စကားလုံးများမှာ ထိုမျှအထိ ဆွဲဆောင်အားကောင်းလှသည်။

ရူးချင်စရာပဲ။

ကယ်လီယန် သက်ပြင်းချ၍ လက်ကို မြှောက်လိုက်သည်။

ထိုစဥ် အနောက်ဘက်မှ တစ်စုံတစ်ယောက်က ကယ်လီယန်ကို လှမ်းခေါ်ခဲ့သည်။

"အရှင့်သား"

ဖလဲရ် ဖြစ်လေသည်။

ထိုသို့တွေးမိမှ နောက်ထပ်သီချင်းတစ်ပုဒ် စတင်သည်အထိ သူ ဖလဲရ်ကို အတူတွဲကရန် မဖိတ်ခေါ်ခဲ့မိပေ။

"ကိုယ် တောင်းပန်ပါတယ်၊ခဏလောက် တွေးနေမိလို့ပါ။"

ကယ်လီယန်က သူ့အမှားကို မြန်မြန်ဆန်ဆန် ဝန်ခံလိုက်သည်။

"အဆင်ပြေပါတယ် အရှင့်သား။"

ဖလဲရ် ခေါင်းခါလိုက်သည်။

"ကျွန်မက ရပါတယ်၊ဒါပေမဲ့ အရှင့်သား အဆင်ပြေရဲ့လားဆိုတာကို ကျွန်မ စိုးရိမ်နေမိတာပါ။"

သူမက ကယ်လီယန်ကို စိတ်ပူပန်စွာ ကြည့်လာ၏။

"အရှင့်သား ... ရိုင်ဇန်မြို့စားကြီးကတော်နဲ့ စကားပြောရတာ ဆိုးရွားခဲ့လို့လားဟင်။"

စကားပြောရတာ ဆိုးရွားတယ်။

အင်း

စကားပြောခဲ့သည်က ဆိုးရွားသည်ဟု ကယ်လီယန် တွေးမိသည်။

သူ မကြားချင်သည့် တစ်စုံတစ်ရာကို ကြားခဲ့ရသောကြောင့် ဖြစ်သည်။

ဖြစ်နိုင်ပါက ကယ်လီယန်သည် အိုဖီလီယာထံမှ ကြားခဲ့သမျှကို မေ့ပစ်လိုက်ချင်၏။

သို့သော် ထိုစကားများက သူ့ခေါင်းထဲတွင် စွဲထင်နေလေရာ မမေ့ဖျောက်နိုင်ခဲ့ပေ။

ကယ်လီယန် မျက်လုံးကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်သည်။

"အရှင်သား အဆင်ပြေပါရဲ့လား။"

"အာ ..."

ဖလဲရ်၏စကားကြောင့် ကယ်လီယန်မှာ ချက်ချင်းပင် အသိစိတ်ပြန်ဝင်လာခဲ့သည်။

"ကိုယ် အဆင်ပြေပါတယ်။"

ကယ်လီယန်က ခေါင်းကို အကြိမ်အနည်းငယ်ခန့် ခါလိုက်ပြီးနောက် ဖလဲရ်ဆီသို့ လက်ကမ်းပေးလိုက်သည်။

သူ မသိလိုက်ခင် သီချင်းတစ်ပုဒ် ပြောင်းလဲသွားသောကြောင့် ဖြစ်၏။

"ကကြရအောင်"

ဖလဲရ်၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ကယ်လီယန်၏လက်ကို ဆွဲလိုက်၏။

ပြီးနောက် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင့်သား။"

ကယ်လီယန် ခေါင်းကို စောင်းငဲ့လိုက်မိသည်။

"မင်းက ဘာအတွက်များ ကျေးဇူးတင်နေရတာလဲကွာ။"

"ဒါ ..."

ဖလဲရ်က လက်ကို ကယ်လီယန်၏လက်များနှင့် ယှက်နွယ်လိုက်သည်။

"အရာအားလုံးအတွက်ပါ။"

သူမက ယခင်အတိုင်း တောက်ပစွာ ပြုံးလိုက်လျှင် မျက်နှာထက်တွင် ယှက်သန်းသွားသော ဖြူစင်ပြီး ကြင်နာတတ်သည့် ခံစားချက်များကို ကယ်လီယန် ခံစားလိုက်ရသည်။

မိန်းမကောင်းလေးတွေက စိတ်ကို တည်ငြိမ်အေးချမ်းမှု ပေးနိုင်ပါတယ်၊ဒါပေမဲ့ နိုင်ငံရေးနှင့်ပတ်သက်ရင်တော့ တည်ငြိမ်နေအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

အိုဖီလီယာ၏စကားများက သူ့ခေါင်းထဲသို့ ရောက်လာပြန်၏။

*

'စောင့်မျှော်နေပါ'ဆိုသော စကားများနှင့် မကိုက်ညီစွာ ဆိုဗက်စ်စတာမှာ နောက်နေ့ရောက်ကတည်းက အလုပ်များနေတော့သည်။

သူက အခန်းထဲသို့ပင် ရောက်မလာတော့ဘဲ တစ်ချိန်လုံး ရုံးခန်းထဲတွင် ရှိနေခဲ့၏။

ထမင်းစားချိန်ရောက်လာသည့်တိုင် မျက်နှာ လာမပြတော့ပေ။

ရှင် ဘာတွေ ဒီလောက်လုပ်နေရတာလဲ။

ကျွန်မ အနည်းငယ် ဒေါသထွက်လာ၏။

သူ၏ဖွင့်ဟဝန်ခံခြင်းက အလွန်ပြင်းထန်သည်မှာ မှန်ပေ၏။

ဒါက ငါ့ကို ယောကျ်ားတစ်ယောက်က ဖွင့်ပြောလာခဲ့တဲ့ ပထမဆုံး အကြိမ်လေ။

မှန်ပါ၏။

ယခင်ဘဝတွင် ကျွန်မမှာ တစ်ချိန်လုံး ဆေးရုံပေါ်တွင် ရှိနေခဲ့သည်။

ဘယ်လိုလုပ်ပြီး ယောကျ်ားတစ်ယောက်နဲ့ ဆုံတွေ့နိုင်ပါ့မလဲ။

ကျွန်မ ယောကျ်ားများနှင့် တစ်ခါမှပင် အဆက်အဆံ မလုပ်ဖူးပေ။

ထို့ကြောင့် ဖွင့်ပြောခံရသည်ဟူ၍ တစ်ကြိမ်ကလေးမျှ မရှိခဲ့။

ထိုသို့ အခြေအနေတွင် ဆိုဗက်စ်စတာ၏ဖွင့်ဟဝန်ခံခြင်းမှာ ...။အထိုက်အလျောက် မဟုတ်ခဲ့သော်လည်း သူ့နည်းသူ့ဟန်ဖြင့် ရိုးသားစွာ ဖွင့်ဟဝန်ခံချက်တစ်ခု ဖြစ်နေခဲ့သည်။

ထို့ကြောင့် ကျွန်မ၏နှလုံးသားက ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည်။

သို့သော် နှလုံးသားကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သော ဆိုဗက်စ်စတာကဖြင့် မျက်နှာလေးတောင် ထုတ်မပြတော့ပါပေ။

ဒါက အရမ်းမများလွန်းဘူးလားဟင်။

ရှင် ဒီလိုမျိုး လုပ်မယ်ဆိုရင်လဲ ကျွန်မကို စောင့်မျှော်နေလိုက်တို့ ဘာတို့ မပြောပါနဲ့လား။ 

ဟွန့်

ကြည့်လေ။

ကျွန်မ နှာမှုတ်လိုက်ပြီး လက်ပိုက်နေခဲ့သည်။

"မဒမ် ဒီနေ့ သိပ်မပျော်ရွှင်သလိုပဲ။"

အိုင်ရင်းက ကျွန်မ၏မျက်နှာကို ကြည့်၍ ပြောသည်။

"ငါ ခံစားချက် မကောင်းရုံလေးပါ၊ဆိုးရွားတဲ့ကိစ္စ မဟုတ်ပါဘူး။"

"ဒါက အတူတူပဲ မဟုတ်ဘူးလား။"

"မတူပါဘူး။"

သူမက မရမက ပြောချင်ပုံရသော်လည်း ကျွန်မ မသိချင်ယောင်ဆောင်နေလိုက်သည်။

"မဒမ် ဒီလက်ဖက်ရည်ကို ကြိုက်လားဟင်။"

တွေးမိမှ ကျွန်မ ယခုသောက်နေသော လက်ဖက်ရည်မှာ ပထမဆုံးသောက်ဖူးသော အရသာအသစ် ဖြစ်နေခဲ့၏။

၎င်းက အရသာရှိ၏။ထို့ကြောင့် ကျွန်မ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"အင်း ... ကောင်းပါတယ်၊ဘယ်သူ ဝယ်ခဲ့တာလဲ။"

"ကောင့်မြို့စားကတော် ဖလဲရ်ပါ။"

"ဖွီး..."

ထိုအခါ ကျွန်မ၏ပါးစပ်ထဲမှ လက်ဖက်ရည်များ လွင့်စင်ထွက်လာတော့၏။

"ဘုရားရေ ... ဒီနေရာကို သုတ်လိုက်ပါဦး ၊ဒီမှာရော ...ဒါနဲ့ သုတ်လိုက်ပါ။"

အိုင်ရင်း၏သဘက်ဖြင့် ကျွန်မ ပါးစပ်နှင့်လက်များကို သုတ်ပစ်လိုက်ရသည်။

မဟုတ်သေးဘူး၊ဖလဲရ်က ဒါကို ယူလာခဲ့တာလား။

"ဘာဖြစ်လို့ သူမက ဒါကို လာပေးရတာလဲ။"

"သူမက တောင်းပန်တဲ့အနေနဲ့ ဒီလက်ဖက်ခြောက်တွေကို ပို့လိုက်တာပါ။အိုး ... ဒါပေါ့၊ကျွန်မ ဒါကို ငှက်တွေဆီ အရင်ဆုံး ကျွေးကြည့်ပြီး အဆိပ်ရှိ၊မရှိ စစ်ဆေးခဲ့ပါသေးတယ်။ကျွန်မ ကောင်းကောင်း လုပ်ခဲ့ပါရဲ့လား။"

"ဒါက ပြဿနာ မဟုတ်ဘူး!"

ကျွန်မ အော်လိုက်သည်။

သို့သော် ကျွန်မ အိုင်ရင်းကို ဒေါသဖြစ်နေရမည့် ကိစ္စမဟုတ်ပေ။ထို့ကြောင့် ကျွန်မ မြန်မြန်ဆန်ဆန် ထရပ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို အဝေးသို့ တွန်းဖယ်ထုတ်လိုက်ခဲ့သည်။

"ကျစ် ... ငါ သောက်ချင်စိတ် မရှိတော့ဘူး၊လက်ဖက်ခြောက်တွေကို လွှင့်ပစ်လိုက်တော့။"

"ရှင် ...ဒါပေမဲ့"

"ဒါမှမဟုတ် အစေခံတွေကို ခွဲဝေပေးလိုက်။နင့်စိတ်ကြိုက်သာ လုပ်လိုက်တော့။"

"ကျွန်မ နားလည်ပါပြီ။"

အိုင်ရင်းက တောက်ပသော အပြုံးလေးဖြင့် ပြောသည်။

ဖလဲရ် ရုတ်တရက် အသိတရားရသွားလိမ့်မည်ဟု ကျွန်မ မထင်ပါ။

ကျွန်မ အနောက်သို့ မှီထားရင်း အတွေးထဲ နစ်မြောနေခဲ့သည်။

ဖလဲရ်က ဘာလို့ ရုတ်တရက်ကြီး ဒါကို ပို့လာရတာလဲ။


TK Team
++++++++