Chapter 100
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၀၀)

"အင်း ..."

ထူးဆန်းတယ်။

မည်မျှပင် တွေးကြည့်သည်ဖြစ်စေ ဖလဲရ်အနေဖြင့် ပြန်ပြေလည်နိုင်ရန်အလို့ငှာ လက်ဆောင်ပေးပို့စရာအကြောင်း မရှိပေ။

သူမ ဘာတွေ တွေးနေတာလဲ။

ထိုသို့ တွေးမိသည့်တိုင် ရေရေရာရာ အဖြေတစ်ခုမှ ထွက်မလာခဲ့။

ဒီအချိန်ရောက်မှ ဘာလုပ်မလို့ပါလိမ့်။

ဒီအကြောင်း မတွေးပဲ နေလိုက်ရအောင်။

စဥ်းစားကြည့်သော်လည်း အဖြေရှာမရသော မေးခွန်းတစ်ခုဖြစ်နေပါက ထပ်၍ စဥ်းစားနေရန် မသင့်သေးပေ။

ကျွန်မလည်း ပါးစပ်ထဲတွင် စွဲကျန်နေသော လက်ဖက်ရည်၏အရသာကို ကြိုးစားမေ့ပစ်ထားလိုက်ရသည်။

ကောင်းပြီလေ၊အကယ်၍ သူမ တကယ်ပဲ စိတ်ပြောင်းသွားရင်တော့ ငါ့ကို ထပ်ပြီး ဆက်သွယ်လာမှာပဲ။

ကျွန်မ ထိုသို့ တွေးမိသည်။

ထိုကိစ္စအပြင် ကျွန်မ အာရုံစိုက်သင့်သည့် ကိစ္စအများအပြား ရှိနေသေးသည်။

ဆိုဗက်စ်စတာနှင့် ဒုတိယမင်းသား လာဂိုတို့အကြောင်း ဖြစ်၏။

ယခုတွင် ဆိုဗက်စ်စတာနှင့် ပတ်သက်ပြီး ရှင်းလင်းသွားရပြီ ဖြစ်သည်။

ထပ်၍ ခေါင်းစားနေရန် မလိုအပ်တော့ပေ။

ထိုအခါ ပြဿနာက လာဂို ဖြစ်လာခဲ့သည်။

သူ ကပွဲကို မတက်ရောက်ခဲ့ဘူး မဟုတ်လား။

တော်ဝင်နန်းတော်မှ ကျင်းပသော ကပွဲကြီးဖြစ်လေရာ သူက အဘယ့်ကြောင့် တက်ရောက်ခြင်းမရှိသည်ကို ကျွန်မ မသိပါ။

အကြောင်းပြချက် တစ်စုံတစ်ရာ ရှိမည်မှာ သေချာ၏။

အာ... ငါ မသိတော့ဘူး။

အဖြေထွက်မလာတဲ့ ကိစ္စတစ်ခုကို ဒီလောက်အထိ ဘာလို့ စိတ်ထဲထားနေမလဲ။နောက်ပိုင်း လာဂိုနဲ့တွေ့တဲ့အခါမှ သူ့ကို တည့်မေးရင် မေး၊မဟုတ်ရင်လဲ ဆိုဗက်စ်စတာကိုပဲ မေးလိုက်တော့မယ်။

ဒီတော့ လာဂိုကိစ္စကိုလဲ အာရုံမစိုက်ပဲ နေရအောင်။

စိတ်နဲ့ခန္ဓာ တည်ငြိမ်အေးချမ်းနေဖို့က အရေးကြီးတယ်။

လက်ဖက်ရည်အသစ်တစ်ခွက် ယူခိုင်းလိုက်ပြီးတော့ လက်ဖက်ရည်သောက်ရင်း တရားထိုင်တာ ကောင်းမလားပဲ။

ထိုသို့ တွေးလိုက်ပြီး ခေါင်းလောင်းကြိုးကို ဆွဲလိုက်သည်။

ထိုအချိန်တွင်

"အာ ... မဒမ်ရေ!"

သဘက်အသစ်တစ်ထည် သွားယူသော အိုင်ရင်းက အခန်းထဲ ဝင်လာခဲ့၏။

ပြီးနောက် ကျွန်မကို စာတစ်စောင်ပေးသည်။

"ကောင့်မြို့စားကတော်ကာဒယ်လ်ရဲ့ စာပါ။"

"ကောင့်မြို့စားကတော်ကာဒယ်လ်လား။"

ကျွန်မ စာကို လက်ခံယူပြီး စာအိတ်ကို ဖောက်လိုက်သည်။

စာတွင် ရေးထားသည်က အတိုချုပ်မျှသာ။

[ကျွန်မ ဒီနေ့ ရှင့်ဆီ လာလည်လို့ရနိုင်မလား မဒမ်။ ]

ဘာကိစ္စနှင့် လာလည်ချင်သည်ကိုဖြင့် ထည့်မရေးထားပေ။

သူမက ကပွဲအကြောင်း ဆွေးနွေးရန်လာခြင်း ဖြစ်နိုင်လောက်သည်။

တော်ဝင်ကပွဲအကြောင်းနှင့် သူမတို့အိမ်တော်တွင် ကျင်းပမညိ့ ကပွဲအကြောင်း။

ကျွန်မတို့ ပရိဘောဂများ ဝယ်ခဲ့ပြီးကတည်းက အတန်ငယ်ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခုမှာ ကပွဲကျင်းပရမည့်အချိန် ရောက်ရှိလာခဲ့လေသည်။

"သူမကို လာဖို့ ပြောလိုက်ပါ။"

ထို့ကြောင့် အိုင်ရင်းဆီသို့ စာပြန်ပေးလိုက်ပြီး ကျွန်မ ပြောလိုက်သည်။

ကောင့်မြို့စားကတော်ကာဒယ်လ်၏လာရောက်လည်ပတ်မှုမှာ ကောင်းသောကိစ္စ ဖြစ်ပါစေဟု ကျွန်မ မျှော်လင့်မိသည်။

"ဟယ်လို မြို့စားကြီးကတော်ရှင့်!"

ကောင့်မြို့စားကတော်ကာဒယ်လ်မှာ တက်တက်ကြွကြွဖြင့် ရောက်လာခဲ့သည်။

"ကပွဲမှာ တွေ့ပြီးနောက်ပိုင်း အခုမှသာ ပြန်တွေ့ရတာပါ။အဲ့ဒီတုန်းက ကျွန်မ သင့်တင့်လျောက်ပတ်အောင် မနှုတ်ဆက်လိုက်ရပါဘူး။မဒမ် ဘယ်လိုနေပါသလဲရှင်။"

သူမက တောက်ပစွာ ပြုံး၍ ကျွန်မကို နှုတ်ခွန်းဆက်သသည်။သမားရိုးကျဖြစ်နေသည့်တိုင် ရင်းနှီးဖော်ရွေသော နှုတ်ဆက်စကားကြောင့် ကျွန်မမှာ အပြုံးဖွဖွလေးဖြင့် သူမကို ကြိုဆိုနှုတ်ဆက်လိုက်၏။

"ကျွန်မ အဆင်ပြေပြေရှိပါတယ်၊ရှင်ရော ဘယ်လိုနေလဲ။"

"ကျွန်မလဲ အရမ်းကို အဆင်ပြေပြေ ဖြစ်နေပါတယ်။ဒီအတွက် မြို့စားကြီးကတော်ကို ကျေးဇူးတင်ရမှာပါရှင်။"

"ကျွန်မကို ကျေးဇူးတင်ရမယ်ဆိုတာက ဘာကိုဆိုလိုချင်တာလဲနော်။"

ဒီလိုပြောပေးလို့ ရှင့်ကို ကျေးဇူးတင်တယ်။

ကောင့်မြို့စားကတော်ကာဒယ်လ်ကို ကျွန်မ လက်ဖက်ရည်တစ်ခွက် ညွှန်းပေးလိုက်သည်။

ဖလဲရ် ပို့ပေးထားသော လက်ဖက်ရည်တော့ မဟုတ်ပေ။

ယနေ့ လက်ဖက်ရည်မှာ ဂျက်စမင် လက်ဆောင်ပေးထားသည့်တစ်ခု ဖြစ်သည်။

လက်ဖက်ရည်သောက်ရင်း ဤနေရာတွင် ရှိမနေသည့် ဂျက်စမင်ကို ကျွန်မ တွေးမိသွားရသည်။

"လက်ဖက်ရည်က ကောင်းလိုက်တာရှင်။"

ကောင့်မြို့စားကတော်ကာဒယ်လ်ကလည်း ကျွန်မနည်းတူ တွေးမိပုံဖြင့် လက်ဖက်ရည်သောက်ရင်း ပြုံးနေလေသည်။

ထပ်

သူမက လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။

ပြီးနောက် ကျွန်မ၏မျက်လုံးများထဲသို့ တည့်တည့်ကြည့်လာခဲ့၏။

ယခုမှသာ သူမက အဓိကလာရင်းကိစ္စကို ပြောလာတော့မည်ဟု ကျွန်မ တွေးမိသည်။

သူမ ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်ဟလာသည်ကို ကျွန်မ ကြည့်နေလိုက်၏။

"ရှင် သိထားတဲ့အတိုင်း မကြာခင် ကျွန်မတို့အိမ်တော်မှာ ကပွဲကျင်းပတော့မှာပါ။"

"အင်း ... အရင်က ကျွန်မတို့ ပြောဖူးတယ်လေ။"

"ဟုတ်ကဲ့၊မှန်ပါတယ်၊ဒါကြောင့် မြို့စားကြီးကတော်အနေနဲ့ ကပွဲကို ကြွရောက်ပေးလိမ့်မယ်လို့ ကျွန်မ တကယ်ပဲ မျှော်လင့်မိတာပါ။"

"အိုကေလေ"

ပေါ့ပေါ့ပါးပါး ခေါင်းငြိမ့်ပြလိုက်ပြီးမှ ကျွန်မ သိချင်နေသည့်ကိစ္စကို ထုတ်မေးလိုက်သည်။

"ရှင် ဒီကိစ္စကို စာရေးလိုက်လို့ ရပါတယ်၊ဒါပေမဲ့ ဘာဖြစ်လို့ လူကိုယ်တိုင် လာခဲ့ရတာလဲ။"

ကောင့်မြို့စားကတော်ကာဒယ်လ်မှာ မသိမသာ တွန့်ခနဲ ဖြစ်သွားသည်။

ဘာဖြစ်လို့လဲ။

"ကျွန်မ ဒီကိုရောက်နေတာ ရှင် မမုန်းပါဘူးနော်။"

အာ...

တစ်ဖက်သား တစ်မျိုးထင်စေမည့် စကားအချို့ကို ကျွန်မ သုံးမိသွားခြင်း ဖြစ်ရမည်။

ကျွန်မ ခေါင်းခါလိုက်သည်။

"မဟုတ်တာပဲ၊ကျွန်မ ဒီအတိုင်း သိချင်လို့ မေးလိုက်မိတာပါ၊တခြားသဘော မဟုတ်ပါဘူး။"

"ဟုတ်ကဲ့ မြို့စားကြီးကတော်၊ကျွန်မလဲ အဲ့လိုထင်ပါတယ်။"

ယခုမှသာ ကျွန်မ၏စိတ်နေစိတ်ထားကို သူမ နားလည်သွားပုံရ၏။ကောင့်မြို့စားကတော်ကာဒယ်လ်က ပြုံး၍ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

ပြီးမှ လက်ဖက်ရည်ခွက်ကို ချ၍ ပါးစပ်ဟလိုက်ပြန်သည်။

"ထူးထူးခြားခြားတော့ မဟုတ်ပေမဲ့လဲ ကပွဲကို မြို့စားကြီးပါ တက်ရောက်ပေးနိုင်မလားလို့ ကျွန်မ သိချင်နေခဲ့တာပါ။"

"ကျွန်မခင်ပွန်းလား"

"ဟုတ်ကဲ့ ... အဆင်ပြေနိုင်မလား မသိဘူး။"

ကျွန်မ မျက်လုံးများ မှေးကျဥ်းလိုက်မိသည်။

ထိုသို့ ပြောလာသည်က အကြောင်းပြချက် ရှိလောက်သည်။

"အကြောင်းပြချက်က ဘာများလဲ။"

ထို့ကြောင့် ကျွန်မ မေးလိုက်၏။

ကောင့်မြို့စားကတော်ကာဒယ်လ်က အနည်းငယ် ရှက်ရွံ့နေပုံရလေသည်။

ထို့နောက် ရွေးချယ်စရာမရှိသကဲ့သို့ သူမက ပခုံးကိုတွန့်၍ ပြန်ဖြေခဲ့သည်။

"ဒုတိယအရှင့်သားက တက်ရောက်ဖို့ ဆန္ဒရှိပါတယ်ဆိုပြီး ပြောလာပါတယ်။ဒါပေမဲ့ သူက မြို့စားကြီး လာမှသာ ကပွဲကို တက်ရောက်ပါမယ်ဆိုလို့ပါ မဒမ်။"

"ဘာ"

ကျွန်မ နဖူးတွန့်ရင်း ပြန်မေးလိုက်မိသည်။

လာဂို လာမယ်တဲ့လား။

ထူးဆန်းတယ်။

တော်ဝင်ကပွဲမှာတော့ မျက်နှာလေးတောင် လာမပြဘဲနဲ့ ဘာဖြစ်လို့ ကောင့်မြို့စားရဲ့ကပွဲကိုမှ တက်ရောက်မှာလဲ။

တစ်ခုခုတော့ တစ်ခုခုပဲ။

ကျွန်မ တံတွေးမျိုချပြီး မေးစေ့ကို ပင့်လိုက်သည်။

"အင်း ... ကောင်းပြီလေ၊ခင်ပွန်းဖြစ်သူကို ပြောလိုက်ပါမယ်။"

ယခုထိ ဆိုဗက်စ်စတာကို တွေ့ရန် ခက်ခဲနေသော်လည်း ခံစားချက်က ခံစားချက်၊ဤကိစ္စက ဤကိစ္စ၊သက်သက်စီသာ ဖြစ်၏။

လာဂို ပါဝင်နေမှန်း သိနေသည့်တိုင် ကျွန်မ သည်အတိုင်း လွှတ်ထားမပေးနိုင်ပေ။

ဒါပေမဲ့ အိုဖီလီယာ၊မင်း စိတ်ထဲမှာ ဒါကို မှတ်ထားလိုက်။

မင်း ထိုက်သင့်တဲ့တန်ဖိုးကို ပြန်မပေးရင် ငါ သက်ညှာပေးနေမှာ မဟုတ်ဘူး။

ထိုစကားများကို ကြားခဲ့ပြီးမှ လာဂိုအား မသိသလို ဟန်ဆောင်၍ သည်အတိုင်းထားလိုက်ရန် မည်သို့ ဖြစ်နိုင်တော့မည်နည်း။

ထိုစကားများက မည်သည်ကို ဆိုလိုနေကြောင်းနှင့် အတိတ်က လာဂိုနှင့် အိုဖီလီယာကြားတွင် မည်သည့်ဆက်ဆံရေးမျိုး ရှိနေခဲ့ကြောင်းကို ရှာဖွေဖော်ထုတ်ရလိမ့်မည်။

တစ်စုံတစ်ရာ အမှားအယွင်း ရှိနေပါက ကွာရှင်းပြီးနောက် ပျော်ရွှင်စွာ နေရမည့်ဘဝလေးမှာ ပျက်စီးသွားနိုင်သည်။

ဤသို့ဖြစ်ပါမူ မကွာရှင်းခင်ကတည်းက ရှုပ်ထွေးနေသည်ကို မြန်မြန် ဖြည်ထုတ်ပစ်ရမည်။

သို့မှသာ တည်ငြိမ်အေးချမ်းသော ဘဝလေးနှင့် နေနိုင်ပေလိမ့်မည်။

"ဟုတ်ကဲ့၊မြို့စားကြီးကတော်ရဲ့ ကြင်ကြင်နာနာ ပူးပေါင်းဆောင်ရွက်မှုကို ကျွန်မ စောင့်မျှော်နေပါ့မယ်။"

ကောင့်မြို့စားကတော်ကာဒယ်လ်က ပြောသည်။

"ကောင်းပါပြီ၊မစိုးရိမ်ပါနဲ့။"

ဆိုဗက်စ်စတာက ကျွန်မကို နှစ်သက်သဘောကျနေသူဖြစ်ရာ ကျွန်မနဲ့အတူ ကပွဲသို့တက်ရောက်ပေးရန် တောင်းဆိုလိုက်ပါက ကျွန်မနောက် လိုက်လာပေးလိမ့်မည်။

၎င်းက ပြဿနာကြီး မဟုတ်ပါပေ။

သို့သော် ကျွန်မတွင် မေးခွန်းတစ်ခု ရှိသေးသည်။

"ဒါပေမဲ့..."

ကျွန်မ မျက်ခုံးပင့်ပြီး ကောင့်မြို့စားကတော်ကာဒယ်လ် လက်ဖက်ရည်သောက်နေသည်ကို ကြည့်လိုက်၏။

"ဒါက ရှင် ကျွန်မဆီ ရောက်လာရတဲ့ တကယ့်အကြောင်းအရင်းလို့ မထင်မိဘူး။"

ကောင့်မြို့စားကတော်ကာဒယ်လ်၏ပါးစပ်က အနည်းငယ် တင်းတင်းစေ့သွားရသည်။

သူမ၏မျက်နှာပေါ်တွင် 'ဘယ်လိုဖြစ်ပြီး သိသွားရတာလဲ' ဆိုသော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။

ကျွန်မ ဘာမှမဖြစ်သလို ပခုံးတွန့်လိုက်မိ၏။

"ဒီကိစ္စတစ်ခုတည်းအတွက်နဲ့ အလှမ်းဝေးတဲ့ ကျွန်မရဲ့အိမ်တော်အထိ ရောက်လာရအောင် ရှင် မအားဘူးဆိုတာ ကျွန််မ သိပါတယ်။ဒီတော့ ပြောပါ၊ရှင် ဘာကြောင့် ကျွန်မကို လာတွေ့ရတာလဲ။"

"မြို့စားကြီးကတော်ကို တကယ်ပဲ လှည့်စားလို့ မရပါလားရှင်။"

ကောင့်မြို့စားကတော်ကာဒယ်လ်က ပြုံး၍ လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ပြီးနောက် သူမက ကျောမတ်မတ် ထိုင်လိုက်၏။

"ကျွန်မ သတင်းတွေ ကြားပါတယ်။"

"ဘာသတင်းလဲ။"

"ရှင် စိန်တွင်းတစ်တွင်း ရှာတွေ့တယ်ဆိုတာပါ။"

"အာ ... ဒါလား။"

မှန်ပေ၏။

မနေ့က ကျွန်မထံသို့ မိုင်းတွင်းအလုပ်သမားများ ဆက်သွယ်လာခဲ့သည်။

ဂျက်စမင် ကျွန်မထံပေးထားသော မိုင်းတွင်း၏အောက်ထဲတွင် စိန်များ တူးဖော်ရရှိခဲ့၏။၎င်းမှာ အမှန်ပင် ပွပေါက်တိုးခြင်း ဖြစ်လေသည်။

ထိုသတင်းကို ပိုင်ဆိုင်မှုရှယ်ယာတစ်ချို့ ရရှိထားသော ဂျက်စမင်ထံ အကြောင်းကြားလိုက်လျှင် သူမက မျက်ရည်အပြည့်နှင့် စာတစ်စောင် ပို့လာခဲ့သည်။

ကျေးဇူးပါ၊ကျေးဇူးတင်ပါတယ် မဒမ်ဟူ၍။

၎င်းမှာ မူလကတည်းက သူမ၏မိုင်းတွင်းဖြစ်နေသဖြင့် ကျွန်မအနေဖြင့် အလွန်အမင်း ကျေးဇူးအတင်ခံနေရန် မလိုပါပေ။

မည်သို့ပင် ဆိုစေကာမူ ကျွန်မ စီစဥ်ထားသည့်အတိုင်း စိန်တွင်းတစ်တွင်း ပိုင်ဆိုင်နိုင်ခဲ့သည်။

သို့သော် ထိုကိစ္စကို ကောင့်မြို့စားကတော်ကာဒယ်လ်က မည်သို့မည်ပုံ ရှာတွေ့သွားရသနည်း။

"ရှင် ဘယ်လို သိတာလဲ။"

"ကျွန်မရဲ့ခင်ပွန်းက စီးပွားရေးသမားပါ။"

ကောင့်မြို့စားကတော်ကာဒယ်လ်က ပေါ့ပါးစွာ ပြန်ဖြေသည်။

"အင်ပါယာထဲက သတင်းတွေကို သူ့အနေနဲ့ မသိစရာ အကြောင်းမရှိပါဘူး။"

ကောင်းပြီ။

ဒါက မှန်တာပဲ။

ကျွန်မ လက်ခံသကဲ့သို့ ခေါင်းငြိမ့်ပြလိုက်၏။

ပြီးမှ ကောင့်မြို့စားကတော်ကာဒယ်လ်ကို ကြည့်လိုက်သည်။

"ဒီတော့ ရှင်က ပိုင်ဆိုင်မှုရှယ်ယာနဲ့ပတ်သက်ပြီး ပြောချင်တာများရှိလို့လား။"

"မဟုတ်တာ ... အဲ့လို မဟုတ်ပါဘူး။"

သူမက လက်ကို ယမ်းလိုက်၏။

"ဒါဆို ရှင် ဘာလိုချင်တာလဲ။"

"ပွင့်ပွင့်လင်းလင်း ပြောရရင် ..."

ကောင့်မြို့စားကတော်ကာဒယ်လ်၏စကားများက အဆုံးသတ်တွင် တိမ်ဝင်သွားခဲ့သည်။မကြာခင်ပဲ သူမက ကျောကို ဖြောင့်မတ်သွားအောင် ပြုပြင်၍ ပါးစပ်ပြန်ဖွင့်လိုက်သည်။

"မိုင်းတွင်းက ထွက်တဲ့စိန်တွေကို ကျွန်မတို့ ရောင်းချခွင့် ရချင်လို့ပါ မဒမ်။"

ဘုရားရေ!

ဒါက သူမ လိုချင်တာပေါ့။

ကျွန်မ စောင်းပါးရိပ်ခြည်သဘောဖြင့် နှုတ်ခမ်းကို တွန့်လိုက်သည်။

"ဘယ်လောက်အချိုးလဲ။"

"မဒမ် စိတ်မပျက်ရအောင် ကျွန်မ အကောင်းဆုံး ဆောင်ရွက်ပေးမှာပါ။"

"ဒီလိုလား။"

အချိန်အကြာကြီး စိုးရိမ်ပူပန်နေစရာ မလိုတော့ပါပေ။

"ဒါဆို ရှင်လဲ စိတ်မပျက်ရအောင် ကျွန်မဘက်က ခွင့်ပြုချက် ပေးရမှာပေါ့။"

ကျွန်မ၏စကားကြောင့် ကောင့်မြို့စားကတော်ကာဒယ်လ်မှာ အံ့ဩတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားရသည်။

"ရှင် အလွယ်တကူပဲ သဘောတူပေးလိုက်တာလား။"

ကမ်းလှမ်းလာခဲ့သည်ကို ကျွန်မ သဘောတူလိုက်သည်။

အမှန်တွင် ထိုသို့ပြုမူခြင်းမှာ ကောင်းသော အရောင်းအဝယ်တစ်ခု ဖြစ်မနေပေ။

သို့သော် ကျွန်မ ထိုသို့လုပ်ရသည့် အကြောင်းပြချက်တစ်ခုသာ ရှိလေသည်။ 

ကောင့်မြို့စားကတော်ကာဒယ်လ်ကို ကျွန်မဘက်သို့ လုံးလုံးလျားလျား ရောက်လာစေရန်သာ ဖြစ်၏။

ကျွန်မ ကောင့်မြို့စားကတော်ကာဒယ်လ်ဆီသို့ လက်လှမ်းလိုက်သည်။

"ကျွန်မ မပြောခဲ့ဘူးလား။"

ပြီးနောက် သူမ၏ကျောကုန်းကို ဖွဖွပုတ်ပေးလိုက်သည်

"ကျွန်မရဲ့လူတွေအပေါ် တကယ်ကို ကောင်းပေးမှာပါလို့။"

ကောင့်မြို့စားကတော်ကာဒယ်လ်က ကျွန်မကိုင်ထားသော သူမ၏လက်ကို ငုံ့ကြည့်ပြီးမှ မျက်လုံးပင့်၍ ကျွန်မကို ကြည့်လာခဲ့သည်။

ပြီးမှ သူမ၏နှုတ်ခမ်းများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

"မြို့စားကြီးကတော် ..."

သူမ၏မျက်လုံးထဲတွင် တစ်စုံတစ်ရာ ရှိနေသည်။သေချာသည်မှာ ...

"ကျွန်မ အကောင်းဆုံး လုပ်ပါမယ်။"

သစ္စာစောင့်သိခြင်း ဖြစ်ပါ၏။

ကျွန်မ၏ဘက်ကို ခိုင်မာတောင့်တင်းအောင် လုပ်နိုင်ခဲ့ပြီဟူသော အတွေးဖြင့် နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိတော့သည်။

ယခု ကောင့်မြို့စားကတော်ကာဒယ်လ် ပြန်သွားလေပြီ။

ကျွန်မ ထပ်၍ အတွေးလွန်နေမိ၏။

ဘာဖြစ်လို့ လာဂိုက ကောင့်မြို့စားကာဒယ်လ်ရဲ့ကပွဲကို တက်ရောက်ဖို့ လက်ခံလိုက်ရတာလဲ။

ကောင့်မြို့စားကာဒယ်လ်နဲ့ ကိစ္စတစ်ခုခု ရှိလို့များလား။

အင်း

ကောင့်မြို့စားက ချမ်းသာတယ်။

ဈေးကြီးပြီးတော့ အဖိုးထိုက်တန်တာတွေ အပြည့်ရှိတယ်။

ဒါပေမဲ့ ...

လာဂိုက ဒါတွေကို လိုချင်နေစရာအကြောင်း မရှိဘူး။

ဒီတော့ ဘာကြောင့် ဖြစ်မလဲ။

အင်း ...

ကျွန်မ အတွေးထဲ နစ်မျောနေခဲ့၏။

" ... လီယာ"

လာဂိုမှာ အလွန်ကောက်ကျစ်စဥ်းလဲပြီး ဥာဏ်နီဥာဏ်နက်များသော ဇာတ်ကောင် ဖြစ်သည်။

ထိုသို့သော ဇာတ်ကောင်က အကြောင်းပြချက်မရှိဘဲ ဤသို့ ပြုမူမည် မဟုတ်ပေ။

"... ဖီလီယာ"

ငါ ဆိုဗက်စ်စတာကို မေးကြည့်ရမလား။

မရလောက်ဘူး၊သူ ဒီအကြောင်း မသိလောက်ဘူးဆိုတာ သေချာတယ်။

ဒီတော့ မတတ်နိုင်ဘူး၊လာဂိုကိုပဲ တည့်မေးလိုက်တော့မယ်။

"အိုဖီလီယာ"

"အား ... ဘာကြီးလဲ ... လန့်လိုက်တာ!"

ကျွန်မ အိပ်ရာပေါ်သို့ လူးလှိမ့်လိုက်ပြီး ပခုံးများကို လက်ဖြင့် ကြမ်းကြမ်းတမ်းတမ်း ပွတ်ချလိုက်ရသည်။

ခေါင်းလှည့်ကြည့်လိုက်လျှင် ထိုနေရာ၌ ဆိုဗက်စ်စတာ ရပ်နေခဲ့သည်။

"ရှင် ဘာဖြစ်လို့ အသံမပေးဘဲ ရောက်လာရတာလဲလို့ ...ဘာဖြစ်လို့လဲ၊အားရှ် ... ကျွန်မ လန့်သွားပြီ!"

ဆိုဗက်စ်စတာက လေထဲတွင် ယမ်းခါနေသော ကျွန်မ၏လက်များကို ကြည့်ပြီးနောက် အနည်းငယ် စိတ်ညစ်သွားသော အမူအရာဖြင့် ပြောလေသည်။

"ကိုယ် မင်းကို ခေါ်နေတာ အကြိမ်ပေါင်း မနည်းတော့ဘူး၊မင်း မကြားလိုက်လို့ပါ။"

"ကျွန်မကလေ ... အဲ့လိုလား။"

ဒါနဲ့ ဘာလို့ ရှင်က သနားစရာကောင်းအောင် ပြောနေရတာလဲ။ကျွန်မ အားနာမိသွားရသည်။

အကြောင်းပြချက်မရှိဘဲ ကသိကအောက် ဖြစ်သွားရသဖြင့် ကျွန်မ ပါးစပ်ပိတ်ထားလိုက်သည်။

ထိုအချိန်တွင် ဆိုဗက်စ်စတာက တစ်စုံတစ်ခုကို ပစ်ပေးလာသည်။

"ယူလိုက်"

ဟမ်

ကျွန်မ အလိုလို လှမ်းဖမ်းလိုက်မိသည်။ကြည့်လိုက်မိလျှင် ထိုအရာက ဘူးလေးတစ်ဘူး ဖြစ်၏။

"ရှင်က ရက်နည်းနည်းကြာတဲ့အထိ မျက်နှာလေးတောင် လာမပြဘူး၊ဒါပေမဲ့ ဒါက ဘာများလဲ။"

"ဒီတိုင်းပဲ ဖွင့်ကြည့်လိုက်လေ။"

သူပြောသကဲ့သို့ ကျွန်မ ဘူးကို ဖွင့်ကြည့်လိုက်သည်။ဘူးထဲတွင် ရင်ထိုးတစ်ခုရှိနေပြီး ထိုရင်ထိုး၏အလယ်တည့်တည့်တွင် ပန်းရောင်စိန်တစ်ပွင့် ရှိနေ၏။

"ဘာဖြစ်လို့ ရင်ထိုးလဲ။"

"လက်ဆောင်"

"ရုတ်တရက်ကြီးလား။"

"အင်း"

ဆိုဗက်စ်စတာက ခပ်ပြတ်ပြတ်သာ ပြန်ဖြေ၏။

ပြီးမှ သူ လှည့်လာပြီး ကျွန်မကို ကြည့်လေသည်။

သူက သက်ပြင်းချလိုက်ပြီး ရှေ့ဆံပင်များကို ထိုးဖွနေခဲ့၏။ 

"တကယ်တော့ ဒါက အကြောင်းပြရုံ သက်သက်ပါပဲ။"

သူက ကျွန်မဘေးနားတွင် ဝင်ထိုင်ရင်း ပြောခဲ့သည်။

"ကိုယ် ဒီကိုလာခဲ့တာ မင်းကို လွမ်းနေလို့လေ။"

အား ... ဘာလဲ ... တကယ်ကြီးလား!

ရှင် ဘာလို့ ရုတ်တရက်ကြီး ဒါတွေ ပြောနေရတာလဲလို့။


TK Team
++++++++