Chapter 1
Viewers 92

Volume 1 (သေမျိုးနယ်မြေ ၀၀၁)


Chapter 1 (အနက်ရောင်ဖဲကြိုးချည်ထားသောမျက်လုံးများ)


ဩဂုတ်လဖြစ်၏။

တီတီ တီတီ!

ကြမ်းတမ်းသော ပုစဉ်းရင်ကွဲများ၏ အော်ဟစ်သံများနှင့် စည်ကားနေသော လမ်းများပေါ်တွင် မြည်ဟည်းနေသည့် ဟွန်းသံများက ရောထွေးနေကာ တောက်လောင်နေသော နေရောင်သည် မီးခိုးရောင် ကတ္တရာခင်းထားသောလမ်းကို ပူကျစ်စေသည်။

လမ်းဘေးရှိ သစ်ပင်အနည်းငယ်၏ အရိပ်အောက်တွင် လူငယ်အများအပြား စုရုံးကာ ဆေးလိပ်သောက်ရင်း မီးပွိုင့်ကို စောင့်နေကြသည်။

ရုတ်တရက် ဆေးလိပ်သောက်နေသော လူငယ်တစ်ယောက်သည် တစ်စုံတစ်ခုအား တွေ့ရှိသွားပုံရပြီး သူ့မျက်လုံးများက လမ်းထောင့်တစ်နေရာကို ကျရောက်သွားသည်။

"အာနိုး မင်း ဘာကြည့်နေတာလဲ" သူ့ဘေးရှိ အဖော်က မေးလေသည်။

အာနိုးဟု အမည်ရသော လူငယ်သည် စကားမပြောခင် လမ်းထောင့်ကို ခဏလောက် ကြောင်တောင်တောင် စိုက်ကြည့်ကာ "မင်းပြောကြည့်စမ်း… မျက်မမြင်တစ်ယောက်က လမ်းကို ဘယ်လိုဖြတ်ကူးကြလဲ"

အဖော်က ခဏလောက် အံ့အားသင့်သွားပြီး ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ယေဘုယျအားဖြင့်ပြောရရင် မျက်မမြင်တွေက အပြင်ကိုသွားတဲ့အခါ သူတို့ကို လမ်းပြပေးမယ့်လူ ဒါမှမဟုတ် လမ်းပြခွေးတွေပါလိမ့်မယ်။ ခေတ်မီတဲ့မြို့တစ်မြို့မှာဆိုရင် လမ်းဘေးမီးပွိုင့်အသံတွေလည်း ရှိပြီး မရှိဘူးဆိုရင်တောင် သူတို့က အသံနဲ့ လမ်းပြတုတ်အကူအညီနဲ့ ဖြည်းဖြည်းချင်း ရွေ့သွားလို့ရတယ်"

အာနိုးက ခေါင်းယမ်းလိုက်သည်။ "လမ်းပြရော လမ်းပြခွေးရော အချက်ပြအသံတွေရော မရှိဘဲ လမ်းပြတုတ်ကို မြေပဲဆီသယ်ဖို့တောင် သုံးထားတာဆိုရင် ဘယ်လိုလုပ်မလဲ"

"…မင်းကိုယ်မင်း ဟာသလုပ်နေတယ် ထင်နေသလား"

သူ့အဖော်သည် မျက်ဆံလှန်ပြပြီး အာနိုး၏အကြည့်အတိုင်း လိုက်ကြည့်ရာ နောက်အခိုက်အတန့်တွင် လူတစ်ယောက်လုံးက နေရာတွင် ရပ်နေလေသည်။

လမ်း၏ဆန့်ကျင်ဘက်ထောင့်တွင် လူငယ်တစ်ယောက်သည် အနက်ရောင်အင်္ကျီလက်တိုကို ဝတ်ဆင်ထားပြီး အဲဒီနေရာတွင် မတ်တတ်ရပ်နေကာ သူ့မျက်လုံးများကို အနက်ရောင်ဖဲကြိုးနဲ့ တင်းတင်းကျပ်ကျပ် ချည်ထားပြီး အလင်းရောင်အားလုံးကို ပိတ်ဆို့ထားသည်။

သူ့ဘယ်ဘက်လက်တွင် ဈေးပေါသောဆိုင်မှ အသီးအရွက်အိတ်အပြည့်ကို သယ်ထားပြီး သူ့ညာဘက်လက်တွင် တုတ်ကဲ့သို့ လမ်းပြတုတ်ကို သူ့ပခုံးပေါ်တင်ထားကာ လမ်းပြတုတ်အစွန်းတွင် နေရောင်အောက်မှာ တောက်ပနေသော VAT အဝါရောင်မြေပဲဆီဘူးကို ချိတ်ထားသည်။

အနက်ရောင်ဖဲကြိုးချည်ထားသောမျက်လုံးများဖြင့် လမ်းပြတုတ်ကို ပခုံးပေါ်တင်ကာ ဘယ်ဘက်လက်တွင် အသီးအရွက်ထုပ်နဲ့ ညာဘက်လက်တွင် ဆီဘူးရှိနေသည်…

ဒီမယုံနိုင်စရာပုံရိပ်သည် ပတ်ဝန်းကျင်ရှိ လူအများအပြား၏ အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။

"အိုး ကြည့်ပါဦး အဲဒီလူက အရမ်းထူးဆန်းတာပဲ"

"မင်းရဲ့မျက်လုံးပေါ်မှာ အဝတ်စနဲ့ဝတ်ထားတာကို လမ်းကို မြင်နိုင်သေးလား"

"သူ့လက်ထဲက လမ်းပြတုတ်ကို မင်းမမြင်ဘူးလား သူက ကန်းနေလို့ဟ"

"ဘယ်ခေတ်ရောက်နေတာလဲ မျက်မမြင်တွေ ပုံမှန်အားဖြင့် နေကာမျက်မှန်တပ်တာပါ ဒီလောက်နေပူကြီးထဲမှာ ဘယ်သူက သူတို့မျက်လုံးကို အုပ်ဖို့ ဖဲကြိုးကို အသုံးပြုသေးလို့လဲ"

"ဟုတ်တယ် ပြီးတော့ မျက်မမြင်တစ်ယောက်က တုတ်နဲ့လမ်းလျှောက်မယ့်အစား ပစ္စည်းတွေသယ်လာတာကို မင်းမြင်ဖူးလား"

"ဒီနေ့ခေတ် လူငယ်တွေက တကယ်ကိုလက်ဆော့တတ်တာပဲ"

"…"

နွေရာသီ ပုစဉ်းရင်ကွဲများ၏ အော်ဟစ်သံများသည် ပတ်ဝန်းကျင်က လမ်းသွားလမ်းလာများ၏ တီးတိုးပြောသံများကို မဖုံးကွယ်နိုင်ဘဲ သူက တကယ်ပဲ မျက်မမြင်လား မျက်မမြင်ဟန်ဆောင်နေသလားဆိုတာ တီးတိုးပြောနေကြပြီး မျှော်လင့်စောင့်စားမှုတချို့နှင့် မှိတ်တုတ်မှိတ်တုတ်မီးနီကို စောင့်ဆိုင်းနေကြသည်။

ထိုအချိန်တွင် လူငယ်၏ဘေးမှ ကြည်လင်သောအသံတစ်ခု ထွက်ပေါ်လာသည်။

"အစ်ကို လမ်းဖြတ်ကူးဖို့ ညီမ ကူညီပေးရမလား"

ကျောင်းဝတ်စုံဝတ်ထားသော ကလေးမလေးသည် အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ်သာရှိပြီး သူမပါးပြင်ပေါ်တွင် ချွေးစက်အနည်းငယ် ကျဆင်းနေကာ အနက်ရောင်မျက်လုံးကြီးတစ်စုံက လူငယ်ကို စိုးရိမ်စိတ်ဖြင့် ကြည့်နေပြီး ဖြူစင်ကာ ရိုးသားသည်။

လူငယ်သည် အနည်းငယ် အံ့အားသင့်သွားကာ ‌ကလေးမလေး၏ ဦးတည်ရာဘက်သို့ သူ့ခေါင်းကိုလှည့်လိုက်ပြီး သူ့နှုတ်ခမ်းမှ အပြုံးပေါ်လာသည်။

"အင်း"

သူသည် အသီးအရွက်အိတ်ကို ညာဘက်လက်သို့ လွှဲပြောင်းလိုက်ပြီး လွှတ်သွားသော ဘယ်ဘက်လက်ကို သူ့အင်္ကျီထောင့်ပေါ်တွင် ချွေးသုတ်ကာ ကောင်မလေး၏လက်ဖဝါးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ 

ဖြတ်!

မီးစိမ်းလာသည်။

ကောင်လေးသည် အရှေ့ကို လှမ်းပြီး ကလေးမလေးနှင့်အတူ လမ်းဖြတ်ကူးခဲ့သည်။

ကလေးမလေးသည် စိတ်လှုပ်ရှားကာ မီးပွိုင့်တွင် ဘယ်ကြည့် ညာကြည့်ဖြင့် သတိနှင့်ကြောက်လန့်ခြင်းများဖြင့် လျှောက်လှမ်းလာသည်။

ကောင်လေးကတော့… သူက ခပ်မှန်မှန်လေး လျှောက်သွားသည်။

လူတိုင်း၏အမြင်မှာတော့ ဒီမြင်ကွင်းသည် ကြင်နာတတ်သော ကောင်မလေးက မျက်မမြင်ယောက်ျားကို လမ်းဖြတ်ကူးပေးတာမဟုတ်ဘဲ အစ်ကိုကြီးတစ်ယောက်က ကလေးကို လမ်းဖြတ်ကူးပေးနေသလိုဖြစ်နေသည်။ 

လမ်းသည် မကျယ်ပေမယ့် ၁၀ ဆယ့်စက္ကန့်အကြာ သူတို့နှစ်ယောက်သည် လမ်း၏တစ်ဖက်ကိုရောက်ပြီး ကောင်လေးသည် ကလေးမလေးကို ကျေးဇူးတင်ပါတယ်လို့ပြောကာ နောက်ပြန်မကြည့်ဘဲ ဝေးလံသောလမ်းကြားကို လျှောက်သွားသည်။

"သူက မကန်းဘူး" အာနိုးသည် ဒီမြင်ကွင်းကို မြင်ကာ သေချာစွာ ပြောလိုက်သည်။ "သူမြင်လောက်တယ်"

အာနိုးနောက်က လူငယ်သည် မေးစေ့ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ တစ်ခုခုကို တွေးတောနေပုံရပြီး ရုတ်တရက် သဘောပေါက်သွားသည်။

"ငါသိပြီ သူက မျက်မမြင်ဘုန်းကြီးလို ဟန်ဆောင်နေတာပဲ!"

ဖြန်း!

သူ့ခေါင်းနောက်ကို ရိုက်လိုက်ပြီး အာနိုးက ဆဲလေသည်။ "အမှိုက်ကောင် နေ့တိုင်း ဂိမ်းဆော့ဖို့ပဲသိတယ် ဘာမှမလုပ်ဘဲ လမ်းပေါ်မှာ မျက်မမြင်ဘုန်းကြီးလို cosplay လုပ်ဖို့ ဘယ်သောက်ကောင်က အားယားနေမှာလဲ။ သေချင်နေလို့လား"

နှစ်စက္ကန့်လောက် ရပ်တန့်ပြီးနောက် အာနိုးက အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။ "ပြီးတော့… အဲဒီမျက်မမြင်ဘုန်းကြီးတွေက သူတို့မျက်လုံးတွေကိုကာဖို့ အနီရောင်အဝတ်စကို သုံးတာ ဒီပုံစံက အဲဒါနဲ့ လုံးဝမတူဘူး"

"အာနိုး မင်းပြောသလိုဆို ငါ…"

"ပါးစပ်ပိတ်ထား"

"အိုး" သူကပြောလိုက်သည်။

လူနှစ်ယောက် စကားများနေကြစဉ် ထွက်သွားသော ကောင်လေး၏ နောက်ကျောကို တိတ်တဆိတ် စိုက်ကြည့်နေသော ဘေးနားက လူငယ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဘာဖြစ်တာလဲ" အာနိုးက သူ့အကြည့်ကို ရိပ်မိသွားသည်။

"ငါသူ့ကိုသိတယ်"

"သူ့ကိုသိတယ်လား"

"ဟုတ်တယ်" လူငယ်က ခေါင်းညိတ်လိုက်သည်။ "ငါ့ဝမ်းကွဲ မူလတန်းကျောင်းအရွယ်တုန်းက သူတို့ကျောင်းမှာ ‌ကျောင်းသားတစ်ယောက်က မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး သူ့မျက်လုံးတွေက ပြဿနာရှိနေတယ်လို့ ငါကြားခဲ့တယ်။ သူ့မျက်လုံးတွေကို ချည်ထားဖို့ အနက်ရောင်ဖဲကြိုးကိုပဲ အသုံးပြုရတာတဲ့ ပြီးတော့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း ရှိတယ်လို့ ပြောတယ်…"

"စိတ်ပိုင်းဆိုင်ရာပြဿနာလား" အာနိုးက အံ့အားသင့်သွားကာ အခုလေးတင် အခြေအနေကို ဂရုတစိုက်ပြန်လည်တွေးကြည့်ရင်း "ငါကြည့်တာတော့ ဘာပြဿနာမှမရှိသလိုပဲ"

"အဲဒါက လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သူပြန်ကောင်းလာပေမယ့် အဲဒီအချိန်မှာ ကိစ္စက တော်တော်ပြင်းထန်ပုံရပြီး ကျောင်းသားက ရက်အနည်းငယ်အတွင်းမှာ ကျောင်းကထွက်ပြီး မျက်မမြင်အတွက် အထူးကျောင်းကို ပြောင်းရွှေ့ခံရတယ်လို့ ဆိုတယ်"

ထိုအချိန်တွင် တခြားလူတစ်ယောက်က စိတ်ဝင်စားလာပြီး စကားဝိုင်တွင် ဝင်ပါလာသည်။ "ဒီတော့ မတော်တဆမှုက ဘာလဲ။ အဲဒါက လူတွေကို မျက်စိကန်းအောင်လုပ်ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိအောင် လုပ်နိုင်တာလား"

"ငါမသိဘူး" သူက ခေတ္တတန့်လိုက်သည်။ "ဒါပေမယ့်… ငါကြားတာတော့ အဲဒီထက် ပိုကြောက်စရာကောင်းတယ်"

"သနားစရာလူပဲ" အာနိုးက သက်ပြင်းချလိုက်သည်။ "သူ့နာမည်ကဘာလဲ"

"အဲဒါက လင်… လင်… လင်ချီးယဲ့" 


နေဝင်ချိန်တွင် လင်ချီးယဲ့က တံခါးကို ဖွင့်လိုက်သည်။     

ချက်ချင်းဆိုသလိုပင် အိမ်အတွင်းမှ အသီးအရွက်များ၏ ရနံ့သည် သူ့နှာခေါင်းထဲသို့ စိမ့်ဝင်သွားကာ ရှူရှိုက်ရင်း တံတွေးမျိုချကာ အိမ်ထဲသို့ ပစ္စည်းများသယ်လာခဲ့သည်။

ကျွီး!

တံခါးဟောင်းမှ မြည်သံသည် မီးဖိုချောင်မှ ဟင်းချက်သံကို ဖုံးကွယ်ကာ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် မီးဖိုချောင်တံခါးကို တွန်းဖွင့်လိုက်ရာ လင်ချီးယဲ့သည် အိတ်ကြီးများ သယ်ဆောင်လာတာကို တွေ့လိုက်ရသည်။  

"ရှောင်ချီး နင်ဘာလို့ ပစ္စည်းတွေအများကြီး ဝယ်လာရတာလဲ" အမျိုးသမီးသည် သူမ၏ခါးစည်းနဲ့ လက်သုတ်ကာ လင်ချီးယဲ့ဆီမှ ပစ္စည်းများကိုယူရန် အမြန်ကူညီပေးခဲ့ပြီး အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။

"ဒါက မြေပဲဆီပုံးကြီးမလား။ ကောင်လေး နင့်ရဲ့ အစိုးရထောက်ပံ့ကြေးကို ထပ်ပြီး အလွဲသုံးစားလုပ်နေတာလား"

"ဒေါ်လေး မသန်စွမ်းသူတွေအတွက် အစိုးရက ထောက်ပံ့ငွေကို စားဝတ်နေရေးအတွက် သုံးတာပါ။ ကျွန်တော်က အဲဒါကို ဆီဝယ်ဖို့ သုံးလိုက်တာပါ" လင်ချီးယဲ့က ပြုံးလိုက်သည်။

"အဓိပ္ပါယ်မရှိတာ ဒီပိုက်ဆံက နင်ကောလိပ်တက်ဖို့ သီးသန့်ထားထားတာလေ။ မဆင်မခြင် ဘယ်လိုလုပ်သုံးရတာလဲ။ ငါနင့်ကိုပြောမယ် ဒေါ်လေး အလုပ်ဆီက ရတဲ့ငွေနဲ့ ဒေါ်လေးတို့သုံးယောက်ကို ထောက်ပံ့ဖို့ တကယ်လုံလောက်ပါတယ်။ နင်မဆင်မခြင် လျှောက်မသုံးနဲ့"

ဒေါ်လေးသည် ဆီဘူးကို သူမလက်နဲ့ ညင်သာစွာ ကိုင်လိုက်ရာ သူမ၏အမူအရာမှာ အနည်းငယ် ကြေကွဲရင်း တိုးတိုးပြောလိုက်သည်။ "ဒီလောက်ကြီးတဲ့ဆီဘူး၊ ဒီတံဆိပ်နဲ့… ပိုက်ဆံအများကြီးကုန်မှာပေါ့ ဟုတ်တယ်မလား"
 
လင်ချီးယဲ့ ဘာမှပြန်မပြောခင်မှာ ဒေါ်လေးက ရုတ်တရက် တုံ့ပြန်လိုက်သည်။

"မဟုတ်သေးဘူး… ဒီလောက်ပစ္စည်းတွေအများကြီးကို မင်းဘယ်လိုပြန်ယူလာတာလဲ"

"အိုး လမ်းမှာ ကြင်နာတတ်တဲ့လူတချို့နဲ့တွေ့ပြီး သူတို့က ကျွန်တော့်အတွက် ယူလာပေးတာပါ" လင်ချီးယဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

"အင်း အင်း လူ့အဖွဲ့အစည်းမှာ လူကောင်းတွေ အများကြီးရှိသေးပုံပဲ… နင် သူတို့ကို ကျေးဇူးတင်ခဲ့သလား"
 
"ကျေးဇူးတင်ခဲ့ပါတယ်" လင်ချီးယဲ့က အကြောင်းအရာပြောင်းလိုက်သည်။ "ဒေါ်လေး အားကျင့်က ဘယ်မှာလဲ"

"လသာဆောင်မှာ သူအိမ်စာတွေ လုပ်နေတယ်… စကားမစပ် ဒီနှစ် စိတ်ကျန်းမာရေးဆေးရုံက ဆရာဝန်က လုပ်ရိုးလုပ်စဉ် ပြန်လည်သုံးသပ်ဖို့အတွက် အခန်းထဲမှာ စောင့်နေတယ်။ နင် ဆရာဝန်ကို သွားတွေ့လိုက်ဦး ဒေါ်လေး အရင်ဆုံး ဟင်းချက်လိုက်ဦးမယ် အဆင်သင့်ဖြစ်ရင် လှမ်းခေါ်လိုက်မယ်နော်*

လင်ချီးယဲ့သည် အနည်းငယ် ခေတ္တရပ်တန့်ပြီးနောက် အသံပြုကာ အိမ်ခန်းဆီသို့ လှည့်လိုက်သည်။


"မင်္ဂလာပါ ငါက ယန်ကွမ်းစိတ်ကျန်းမာရေးဆေးရုံက ဆရာဝန်ပါ။ ငါ့နာမည်က လီ ပါ"

လင်ချီးယဲ့သည် တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်တာနဲ့ အိပ်ခန်းထဲက ခုံတန်းလေးပေါ်မှာ ထိုင်နေသော လူငယ်သည် မတ်တတ်ရပ်လိုက်ပြီး သူ့ပါးစပ်ကို ညင်သာစွာ ဖွင့်ကာ သူ့မျက်နှာပေါ်တွင် ကြီးမားသော အနက်ရောင်ကိုင်းပါသည့် မျက်မှန်ကို တပ်ဆင်ထားသည်။

လင်ချီးယဲ့သည် အံ့အားသင့်စွာ မျက်ခုံးပင့်လိုက်သည်။ "အရင်တုန်းက ဆရာဝန်ဟန် ဒီကို မလာဘူးလား"

"ဆရာဝန်ဟန်က မနှစ်က ဒုဥက္ကဋ္ဌအဖြစ် ရာထူးတိုးခံခဲ့ရတယ်" ဆရာဝန်လီက ပြုံးကာ သူ့မျက်လုံးထဲတွင် အနည်းငယ်မနာလိုမှုရှိနေသည်။

လင်ချီးယဲ့သည် အနည်းငယ် ခေါင်းညိတ်ပြီး အသံပြုလိုက်သည်။

ထို့အပြင် ဆရာဝန်ဟန်သည် အသက်ကြီးပြီး ထူးချွန်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုရှိပြီး ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရခြင်းမှာ သူ့အတွက် အံ့သြစရာမဟုတ်ဘဲ ငယ်ရွယ်သောဆရာဝန်တစ်ယောက်က လုပ်ရိုးလုပ်စဉ် ပြန်လည်သုံးသပ်တာဟာ သဘာဝကျပါသည်။

လင်ချီးယဲ့ ထိုင်နေတာကိုမြင်တော့ ဆရာဝန်လီသည် သူ့လည်ချောင်းကိုရှင်းထုတ်ပြီး အိတ်ထဲက ဖိုင်တွဲများကို ထုတ်ယူလိုက်သည်။

"တောင်းပန်ပါတယ် ငါ အခုမှ ရောက်တာဆိုတော့ မင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး ငါသိပ်မသိဘူး အရင်ဆုံး ငါ့ကို အတိုချုံးနားလည်ခွင့်ပေးပါ" ဆရာဝန်လီက တောင်းပန်ဟန်ပြောလိုက်သည်။

လင်ချီးယဲ့က ခေါင်းညိတ်လိုက်သည်။

"မင်းနာမည်က… လင်ချီးယဲ့နော်"

"ဟုတ်ပါတယ်"

"အင်း… ပြောရရင် လွန်ခဲ့တဲ့ဆယ်နှစ်က မင်း မျက်စိကွယ်ပြီး ပြဿနာတချို့ကြောင့် ငါတို့ဆေးရုံကို ရောက်လာတာပေါ့"

"ဟုတ်ပါတယ်"

ဆရာဝန်လီက ခေတ္တမျှရပ်လိုက်သည်။ "မင်းရဲ့နာမည်ကို ပြောင်းဖူးသလား"

"…မပြောင်းဖူးပါဘူး ခင်ဗျားဘာလို့မေးတာလဲ" လင်ချီးယဲ့က မှင်တက်သွား၏။

ဆရာဝန်လီသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ကာ "အဟမ်း… ငါအတွေးလွန်သွားလို့ပါ"

သူသည် လက်ကိုဆန့်တန်းပြီး ဆေးမှတ်တမ်းထဲက အသက်ကို ခြစ်လိုက်ပြီး လွန်ခဲ့သော ဆယ်နှစ်က စကားသုံးလုံးကို ခြစ်လိုက်သည်။ "မင်းလည်းသိသလို လွန်ခဲ့တဲ့ဆယ်နှစ်က မင်းမျက်စိကွယ်သွားတုန်းက မင်းအသက်ခုနစ်နှစ်သာ ရှိသေးပြီး မင်းရဲ့နာမည်က လင်ချီးယဲ့ဆိုတော့ မင်းရဲ့အမြင်အာရုံကို ဆုံးရှုံးပြီးနောက် မင်းနာမည်ကို ပြောင်းမယ်လို့ ငါထင်ခဲ့တာ…" 

လင်ချီးယဲ့သည် အကြာကြီးတိတ်ဆိတ်သွားပြီး သူ့ခေါင်းကို ခါလိုက်သည်။ "မဟုတ်ဘူး… ကျွန်တော့်နာမည်ကို တစ်ခါမှ မပြောင်းဖူးဘူး။ ကျွန်တော် မမွေးခင်ကတည်းက ကျွန်တော့်မိဘတွေက ကျွန်တော့်ကို လင်ချီးယဲ့ ဆိုတဲ့နာမည်ကို ပေးဖို့ ဆုံးဖြတ်ခဲ့တာ"

"ဒါက အတော်လေး…" ဆရာဝန်လီသည် စကားတစ်ဝက်တွင် သူအလွန်မယဉ်ကျေးဘူးဆိုတာ သဘောပေါက်လိုက်ပြီး ပါးစပ်ပိတ်လိုက်သည်။

"အဲဒါက တိုက်ဆိုင်မှုတစ်ခုပါ" လင်ချီးယဲ့က ပေါ့ပါးစွာ ပြောလိုက်သည်။ "အဲဒါက တကယ်တိုက်ဆိုင်မှုတစ်ခုပါ"

[TK: 林七夜(Lin QiYe) = လင်(တောအုပ်), ချီး(ခုနစ်), ယဲ့(ည)၊ ခုနစ်နှစ်သားအရွယ်မှာ မျက်စိကွယ်တာနဲ့ လင်ချီးယဲ့ဆိုတဲ့ နာမည်က တိုက်ဆိုင်နေတာကြောင့်ပါ]

ဆရာဝန်လီသည် ရှက်ရွံ့ပြီး အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ "အင်း… မင်းရဲ့မျက်စိကွယ်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာကို ဖြစ်စေတဲ့ မတော်တဆမှုနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်များစွာ ထည့်သွင်းပုံမပေါ်ဘူး။ အဆင်ပြေရင် ပြောပြပေးပါလား။"

လင်ချီးယဲ့ ပါးစပ်မဖွင့်ရသေးခင် ဆရာဝန်လီက အလျင်အမြန် ဆက်ပြောလိုက်သည်။ "ငါ စော်ကားဖို့ မရည်ရွယ်ပါဘူး လူနာတွေကို ပို‌နားလည်အောင်ပါ။ သူတို့ကို ပိုကောင်းအောင် ကုသပေးဖို့ပါ ဟုတ်တာပေါ့ မင်းမပြောချင်ရင် ငါဖိအားမပေးပါဘူး"

လင်ချီးယဲ့သည် ထိုနေရာတွင် ငြိမ်သက်စွာထိုင်နေပြီး အနက်ရောင်ဖဲကြိုးအောက်ရှိ သူ့မျက်လုံးများက ဆရာဝန်လီကို စောင့်ကြည့်နေပုံရသည်။

ခဏကြာပြီးနောက် သူဖြည်းညှင်းစွာ ပြောလိုက်သည်။

"ပြောလို့မရတာ မဟုတ်ပါဘူး… ဒါပေမယ့် ခင်ဗျားယုံမှာမဟုတ်သလို ကျွန်တော့်ကိုတောင် စိတ်ကျန်းမာရေးဆေးရုံဆီ ပို့လောက်တယ်"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါတို့ရဲ့ဆက်ဆံရေးကို ဆရာဝန်နဲ့ လူနာအဖြစ် မတွေးပါနဲ့။ သူငယ်ချင်းတွေကြားက သာမန်စကားဝိုင်းတစ်ခုလိုပဲမြင်ပါ။ အဲဒီလောက်အထိ မသွားပါဘူး။ အဘိုးအိုကြောင့် မင်းက မီးဖိုထဲ ဆွဲသွင်းခံရတယ်လို့ ပြောရင် ငါမင်းကို ယုံမှာပါ" ‌ဆရာဝန်လီက စနောက်ဟန်တစ်ဝက်ဖြင့် ပြောလိုက်သည်။

လင်ချီးယဲ့သည် ခဏမျှ တိတ်ဆိတ်သွားပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ငယ်ငယ်တုန်းကတော့ နက္ခတ္တဗေဒပညာကို ကျွန်တော်ဝါသနာပါတယ်"

"အင်း ဒီတော့"

"အဲဒီညက အိမ်အိုကြီးရဲ့ တံစက်မြိတ်မှာ လဲအိပ်ပြီး လကို ကြည့်လိုက်တယ်"

"မင်းဘာမြင်သလဲ။ လယုန်လား" ဆရာဝန်လီက ရယ်လေသည်။

လင်ချီးယဲ့သည် ခေါင်းခါပြီး သူ့နောက်စကားတစ်ခွန်းကို ပြောလိုက်ရာ ဆရာဝန်လီ၏ မျက်နှာပေါ်ကအပြုံးကို တိုက်ရိုက် တင်းကျပ်သွားစေခဲ့သည်။

"မဟုတ်ဘူး ကျွန်တော် တမန်တော်တစ်ပါးကို တွေ့ခဲ့တယ်" လင်ချီးယဲ့သည် သူ့ပါးစပ်ကို အလေးအနက်ဖွင့်ပြီး သူ့လက်များက သူ့ရှေ့တွင် ရှိနေသည်။

"ရွှေရောင်တောက်ပနေတဲ့ အဖြူရောင်တောင်ပံခြောက်ခုနဲ့ ကောင်းကင်တမန်တော်ပဲ"


TK Team (Chapter 1)