Chapter 68
Viewers 5k

⛰️Chapter 68:

တိရိစ္ဆာန်။



 ယွင်ရုန်အိပ်ရာနိုးလာသောအခါ ခုနစ်နာရီခွဲနေပေပြီ။


မနက်ခင်းနေရောင်ကကောင်းမွန်လှ၏။နေရောင်ကမပြင်းထန်သော်ငြား ခန်းဆီးများကိုဖြတ်ကာအခန်းတွင်းသို့ နူးညံ့စွာဖြာကျနေ၏။သူမကငေးကြောင်ကြောင်ဖြင့် သူမဘေးကိုစမ်းလိုက်မိသည်။ရင်းနှီးနေသောဖက်လုံးကိုမခံစားမိသဖြင့် မကျေမနပ်နှာခေါင်းရှူံ့လိုက်ပြီးနောက် စောင်ကိုခေါင်းပေါ်ထိဆွဲခြုံလိုက်သည်။


သို့သော်သူမဆက်အိပ်မည့်အချိန်မှာဘဲ ခေါင်းအုံးဘေးမှဖုန်းမြည်လာသည်။ယွင်ရုန်ကဖုန်းသံမကြားချင်သဖြင့် စောင်ကိုနားပေါ်တွင်တင်းတင်းအုပ်လိုက်သည်။သို့သော်ဖုန်းခေါ်သည့်သူကလက်မလျှော့ဘဲ ဖုန်းကိုင်သည်အထိဆက်ခေါ်နေလေသည်။


ယွင်ရုန်ကမျက်မှောင်ကြုတ်လိုက်ကာ ဒေါသဖြင့်စောင်ကိုဖယ်လိုက်သည်။သူမကမျက်လုံးမှိတ်လျက်ဖြင့်ပင် ဖုန်းကိုလှမ်းယူကာ ဝေဝေဝါးဝါးရေရွတ်လိုက်၏။


“ဟယ်လို。。。”


“ဟယ် ဟယ်နျန်လား”

ကျန်းရူဟွား၏အသံထွက်လာသည်။


ကျန်းရူဟွားကဘာလို့ဖုန်းခေါ်လာတာလဲ။၎င်းကမနေ့ကကိစ္စနှင့်ဆိုင်ပေသည်။အွန်လိုင်းအစည်းအဝေးလုပ်နေချိန်တွင် ရှယ်ယာရှင်တိုင်းက မိန်းကလေးတစ်ယောက်၏အသံကိုကြားခဲ့ကြလေသည်။သူတို့က ဒါရိုက်တာသည်မိန်းကလေးတစ်ယောက်ကိုအိမ်ပေါ်ခေါ်တင်ထားခြင်းဖြစ်မည်ဟုခန့်မှန်းလာကြသည်။


သို့သော်ဝမ်ကျင်းကိုဘယ်လိုဘဲမေးပါစေ ဝမ်ကျင်းကဘာမှမသိဟုသာအသည်းအသန်ငြင်းနေ၏။


အမှန်တရားကမျက်လုံးရှေ့တင်ရှိနေတာကို မသိဘူးပြောလိုက်တာနဲ့ တကယ်မဟုတ်တော့ဘူးလား။


မသိဘူးပြောနေလဲကိစ္စမရှိပေ။ရှယ်ယာရှင်များ၏အတွေးများကအသက်ဝင်လာပြီဖြစ်သည်။လုအုပ်စု၏ဒါရိုက်တာက သာမာန်မိန်းကလေးကိုတော့အိမ်ခေါ်ထားမှာမဟုတ်ဘူး။အဲ့ဒါဆိုဘယ်အထက်တန်းစားမိသားစုက သမီးပျိုလဲ။နောက်ပိုင်းတွင် သူတို့လက်ထပ်သည်အထိရောက်လာပါက မျက်နှာချိုသွေးရန်မှာ ရှောင်ကျဉ်၍ရနိုင်မည်မဟုတ်ပေ။


ထို့ကြောင့်ရှယ်ယာရှင်များက အိမ်ပြန်ရောက်သည်နှင့် သူတို့မိန်းမများကို ကျန်းရူဟွားဆီမှ အချက်အလက်တစ်ချို့ရရန်ဆက်သွယ်ခိုင်းလိုက်လေသည်။


ထို့ကြောင့်မနေ့ညတွင်ကျန်းရူဟွားက ဖုန်းခေါ်ဆိုမှုအများအပြားရရှိခဲ့ကာ တိုက်ရိုက်ရောသွယ်ဝိုက်မေးမြန်းမှုများကိုပါလက်ခံခဲ့ရလေသည်။အစတွင်သူမက သားဖြစ်သူကိုကောင်းကောင်းနားလည်သဖြင့် မယုံခဲ့ပေ။အိမ်ကိုမိန်းကလေးတစ်ယောက်ခေါ်ဖို့မပြောနှင့်၊ သူကပုံမှန်ဆိုလျှင်မိန်းကလေးများနှင့်စကားတစ်လုံးတောင်ပြောချင်စိတ်မရှိပေ။


သူသာ မိန်းကလေးတစ်ယောက်ကိုခေါ်လာပြီး တစ်ညအတူတူကုန်ဆုံးပါက သူမက သူ့ရှေ့ရေးအတွက်အရမ်းစိုးရိမ်နေစရာလိုတော့မှာမဟုတ်ပေ။


အခုဆိုလျှင် သူက ယွင်ရုန်ကိုကြိုက်နေသဖြင့် အခြားမိန်းကလေးတစ်ယောက်နှင့်ရှုပ်ရှုပ်ထွေးထွေးဆက်ဆံရေးရှိရန်မှာ ပိုလို့တောင်မဖြစ်နိုင်ပေ။ကျန်းရူဟွားက ယွင်ရုန်ကိုမိန်းမငယ်လေးဘဲရှိသေးသည်ဟုသတ်မှတ်ထားသဖြင့် ထိုမိန်းကလေးကိုယွင်ရုန်ဟုမထင်လိုက်ပေ။သူမသားက အဲ့လိုတိရိစ္ဆာန်ကောင်တော့မဟုတ်လောက်ပါဘူးနော်။


သို့သော်ဖုန်းဖြေသည့်အသံကိုကြားလိုက်သောအခါ ကျန်းရူဟွားကအံ့ဩသွားသည်။ဖုန်းတစ်ဖက်မှမိန်းကလေးအသံထွက်လာ၏။သူမက သူမနံပါတ်မှားခေါ်မိခြင်းမဟုတ်စေရန် ဖုန်းကိုပြန်ကြည့်လိုက်သေးသည်။ထို့နောက်တွင်မှ သူမကမေးလိုက်သည်။


“အခုပြောနေတာဘယ်သူလဲ”


ယွင်ရုန်က ကျန်းရူဟွားအသံကိုကြားသောအခါချက်ချင်းအိပ်ချင်ပြေသွားသည်။သူမက သူမဖုန်း‌မြည်နေသည်ဟုထင်ခဲ့ခြင်းပင်။ဒါရိုက်တာ၏ဖုန်းမှန်းသိပါက ကိုင်လိုက်မှာမဟုတ်ပေ။


ယွင်ရုန်ကခနလောက်အသံတိတ်သွားပြီးမှ နှုတ်ဆက်လိုက်သည်။


“ဟယ်လို ဒေါ်လေးကျန်း သမီးယွင်ရုန်ပါ အိပ်ပျော်နေပြီး ဘယ်သူ့ဖုန်းလဲဆိုတာကို သေချာမကြည့်ဘဲကိုင်လိုက်မိတယ် တကယ်တောင်းပန်ပါတယ်”


အခြားသူများ၏ပိုင်ဆိုင်မှုများကို ခွင့်ပြုချက်မရှိဘဲကိုင်တွယ်သည်မှာ မယဉ်ကျေးကြောင်း ယွင်ရုန်သိပေသည်။


“ယွင်ရုန်လား”


ကျန်းရူဟွားကလန့်သွားကာ လက်ထဲမှဖုန်းကိုပစ်ထုတ်လုမတတ်ဖြစ်သွားသည်။သူမအသံက‌ မေးခွန်းထုတ်ရင်း‌ တဖြေးဖြေးကျယ်လာ၏။


“သမီးကအိပ်ပျော်နေတာလား”


အိပ်တာက ဘာအံ့ဩစရာကောင်းလို့လဲ။ယွင်ရုန်က ကျန်းရူဟွားတစ်ယောက်ဘာလို့ရုတ်တရက်ကြီးစိတ်လှုပ်ရှားလာသည်ကို နားမလည်နိုင်ခဲ့ပေ။သို့သော်လည်းသူမက ကောင်းကောင်းမွန်မွန်ပြန်ဖြေလိုက်၏။


“ဟုတ်ပါတယ် ဒေါ်လေးကျန်း”


မိန်းမငယ်လေး၏နူးညံ့ညင်သာသောအသံကိုနားထောင်ကာ ကျန်းရူဟွားကထိတ်လန့်ရာမှသတိဝင်လာခဲ့သည်။သူမရင်ထဲတွင်စိတ်လှုပ်ရှားလာကာ အင်အားရှိသမျှဖြင့်နူးညံ့ညင်သာအောင်ပြောလိုက်သည်။


“ယွင်ရုန်လား အာ ဒေါ်လေးတောင်းပန်ပါတယ်ကွယ် သမီးအိပ်နေတာကိုနှောင့်ယှက်မိသွားတယ် သမီးက ဟယ်နျန်ရဲ့အိမ်မှာလား”


ယွင်ရုန်က အခုမှအိပ်ရာနိုးလာကာ ခေါင်းမကြည်သေးသဖြင့် ဘာမှထွေထွေထူးထူးမတွေးဘဲပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ် အခုသမီးက ဒုတိယအစ်ကိုအိမ်ကိုရောက်နေတာ”


ကလေးမလေးကိုတကယ် အိမ်ခေါ်သွားတာပဲ။


ယွင်ရုန်၏အဖြေကိုကြားသောအခါ ကျန်းရူဟွားကစိတ်လှုပ်ရှားစွာဖြင့် ဖုန်းကိုတင်းတင်းဆုပ်လိုက်မိသည်။သူမကအသံကိုငြိမ်နေအောင်တတ်နိုင်သမျှထိန်းကာဆက်မေးလိုက်သည်။


“ဒါဆို ဟယ်နျန်ရောသမီးဘေးမှာရှိနေလား”


“ဒုတိယအစ်ကိုလား”

ယွင်ရုန်ကအနားတဝိုက်ကိုကြည့်လိုက်သော်လည်း လုဟယ်နျန်ကိုမတွေ့ပေ။သူမအခန်းပြင်သို့ထွက်လိုက်သောအခါ ရေချိုးခန်းမှရေသံကြားသဖြင့် ကျန်းရူဟွားကိုပြန်ဖြေလိုက်သည်။


“ဒေါ်လေးကျန်း ဒုတိယအစ်ကိုကရေချိုးနေတယ် သမီးသူ့ဆီဖုန်းယူသွားပေးမယ်လေ”


ရေချိုးနေတာလား။ဒီလိုမနက်အစောကြီးကိုလေ။ဘာရေချိုးတာလဲ။


ကျန်းရူဟွားကအံ့ဩသွားသော်လည်း ချက်ချင်းပင်သူမနှုတ်ခမ်းများက ထိန်းမရနိုင်အောင်ပြုံးဖြီးလာလေသည်။သူမကလျင်မြန်စွာပြန်ပြောလိုက်သည်။


“မလိုဘူး မလိုဘူး ဒေါ်လေးနောက်မှပဲသူနဲ့ပြောလိုက်တော့မယ် အခုဒေါ်လေးကသမီးနဲ့စကားပြောချင်နေတာ”


ကျန်းရူဟွားက သူမဦးနှောက်ကိုအလုပ်ပေးပြီး တမင်ပြောလိုက်သည်။

“ဟယ်နျန်က ဘယ်လိုဖြစ်ပြီးသမီးကိုအိမ်ခေါ်လာတာလဲ ပုံမှန်ဆိုရင်အဲ့ဒီမှာသူတစ်ယောက်ဘဲနေတော့ ပစ္စည်းပစ္စယတိုင်းကိုတစ်ယောက်စာဘဲပြင်ထားတာ ဧည့်သည်ခန်းကိုတောင်မရှင်းထားဘူး မနေ့ညကကောင်းကောင်းအိပ်ပျော်ရဲ့လား”


ကျန်းရူဟွားက လုဟယ်နျန်အကြောင်းညည်းညူပြောလာသဖြင့် ယွင်ရုန်ကချက်ချင်းပြန်ဖြေလိုက်သည်။

“မနေ့ညကအရမ်းကိုကောင်းကောင်းအိပ်ရပါတယ် ဒုတိယအစ်ကိုက သမီးကိုကောင်းကောင်းဂရုစိုက်ပေးတယ် သူကသမီးကို အိပ်ရာပေါ်မှာတောင်ပေးအိပ်တယ်”


“အဲ့လိုဘဲဖြစ်သင့်တာမဟုတ်ဘူးလား သမီးကမိန်းကလေးလေ သေချာပေါက်ဟယ်နျန်ကကောင်းကောင်းဂရုစိုက်ပေးသင့်တာပေါ့”

ယွင်ရုန်က လုဟယ်နျန်ဘက်မှကာပြောလာသည်ကိုကြားလိုက်ရသောအခါ ကျန်းရူဟွားကပိုလို့တောင်ပျော်ရွှင်လာသည်။


ကြည့်ရတာသူတို့နှစ်ယောက်ကြားကခံစားချက်တွေက တော်တော်လေးကောင်းတဲ့ပုံဘဲ။


“အိပ်ရာပေါ်မှာသမီးကိုပေးအိပ်တော့ ဟယ်နျန်ကဆိုဖာပေါ်မှာအိပ်တာပေါ့‌ဟုတ်လား”


ကျန်းရူဟွားက မေးခွန်းလှည့်ကာမေးလိုက်သည်။


ယွင်ရုန်က ဒီမေးခွန်းကိုအတော်လေးထူးဆန်းသည်ဟုခံစားမိသော်လည်း ပြန်ဖြေလိုက်ဆဲဖြစ်သည်။


“မဟုတ်ပါဘူး ဒုတိယအစ်ကိုလည်းအိပ်ရာပေါ်မှာဘဲအိပ်တာ”


“ဒီလူရမ်းကားကောင်စုတ်လေးကတော့”


ကျန်းရူဟွားက စောစောစီးစီးမြေးချီနိုင်ရန်မျှော်လင့်နေသော်လည်း သူမသားကိုဒီလောက်မြန်မြန်လှုပ်ရှားဖို့ကိုတော့ မထင်ထားခဲ့မိပေ။ယွင်ရုန်က မိန်းမပျိုလေးပဲရှိသေးတာကို တစ်အိပ်ရာထဲတူတူအိပ်နေပြီ။သူကတိရိစ္ဆာန်မဟုတ်ရင် ဘာကောင်လဲ။


ကျန်းရူဟွားကအံကြိတ်ကာနှစ်သိမ့်ပေးလိုက်သည်။


“ယွင်ရုန် သမီးစိတ်မပူနဲ့ သူပြန်လာရင် ဒေါ်လေးကသေချာပေါက်သူ့ကိုဆူပေးမယ်”


 ဒေါ်လေးကျန်းကဘာလို့ရုတ်တရက်ကြီး လူတွေကိုဆူချင်လာတာလဲ။ယွင်ရုန်က အံ့ဩသွားကာ ကျန်းရူဟွားဆိုလိုချင်သည်ကိုသဘောမပေါက်ဘဲ ပြန်ပြောလိုက်သည်။


“ဒေါ်လေး ဒုတိယအစ်ကိုကသမီးအပေါ်တကယ်ကောင်းတာပါ မနေ့နေ့လယ်တုန်းကသမီးအတွက်နေ့လယ်စာကို သူကိုယ်တိုင်လုပ်ပေးတယ် အစကသူဆိုဖာပေါ်မှာအိပ်‌ချင်ပေမယ့် သမီးကသူကောင်းကောင်းမအိပ်ရမှာကိုစိုးရိမ်တာနဲ့ အိပ်ရာပေါ်မှာတူတူအိပ်ဖို့ပြောလိုက်တာပါ ဘယ်လိုဘဲဖြစ်ဖြစ် အိပ်ရာကအရမ်းကြီးတော့ နှစ်ယောက်အတူအိပ်လည်းကြပ်‌မနေဘူးလေ”


ယွင်ရုန်က ဟယ်ပေါ်နှင့်တိုက်ပွဲဖြစ်ပြီးနောက်တွင် ဝိညာဉ်စွမ်းအင်များကုန်ဆုံးကာ ရုတ်ချည်းပင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။လုဟယ်နျန်ကသာသူမကိုအိမ်ပြန်ခေါ်လာပေးသောသူဖြစ်၏။သူက သူမကိုဂရုစိုက်ပေးရုံသာမက အရသာရှိသည့်စားစရာများကိုလည်းလုပ်ပေးသေးသည်။ထို့အပြင် သူမလူသားမဟုတ်သည်ကိုသိသွားသော်လည်း အလုပ်မထုတ်သည့်အပြင် ရုံးတွင်ဆက်နေခွင့်ပေး၏။ဒီလိုလူကောင်းမျိုးကို သူမကြောင့်အခြားသူများအထင်လွဲသွားပါက သူမတကယ်ကိုအပြစ်ရှိသွားလိမ့်မည်။


ယွင်ရုန်က ရိုးသားစွာရှင်းပြလိုက်သည်။


ကျန်းရူဟွားကနားထောင်ပြီးသောအခါ ပျော်ရမလားစိတ်ပျက်ရမလားတောင်မသိတော့ပေ။မမျှော်လင့်ထားစွာဖြင့် မိန်းကလေးဘက်ကလက်ဦးမှုယူလိုက်ခြင်းဖြစ်နေ၏။


သူမကလုဟယ်နျန်ကိုဝေဖန်လိုက်သည်။

ကြည့်ဦး၊နင်ကအသက်သုံးဆယ်ဘဲပြည့်တော့မယ်၊ ဒီလိုကိစ္စမျိုးမှာမိန်းကလေးဘက်ကလက်ဦးမှုယူဖို့လိုနေတုန်းဘဲလား။တကယ်ကိုယောက်ျားမစစ်တာပဲ။


ကျန်းရူဟွားက ‌လုဟယ်နျန်ရေချိုးပြီးသွားကာ သူမယွင်ရုန်ဆီမှအကြောင်းစုံအစ်ထုတ်သည်ကိုသိသွားမှာစိုးရိမ်သဖြင့် စကားနည်းနည်းလောက်သာပြောပြီး ဖုန်းချလိုက်လေသည်။သူမမျက်နှာပေါ်မှအပြုံးကို ဖုံးဖိမရတော့ပေ။သူမက အိမ်အကူအား အောင်ပွဲဆင်ရန်အတွက် ဟင်းပွဲတစ်ချို့ထပ်ချက်ဖို့မှာလိုက်ကာ ယွင်ရုန်အတွက်လက်ဆောင်ဝယ်ပေးဖို့ကိုလည်း စဉ်းစားနေလိုက်သည်။


ခဏလောက်ကြာပြီးနောက်တွင် သူမကဒီနှစ်ကုန်၌ ရက်ရာဇာရှိမရှိတွေးကြည့်လိုက်သည်။နောက်ခဏလေးအတွင်းမှာဘဲ သူမက သူမ၏မြေးလောင်း၊မြေးမလောင်းလေးများ၏ နာမည်ကိုစဉ်းစားလိုက်ပြန်သည်။ကျန်းရူဟွား၏စိတ်အစဉ်က ရိုလာကိုစတာစီးနေသကဲ့သို့ လုံးဝကသောင်းကနင်းဖြစ်နေလေသည်။


*

လုဟယ်နျန်ကရေချိုးပြီးနောက် ရေချိုးခန်းထဲမှထွက်လာသောအခါ ယွင်ရုန်ကသူ့ဖုန်းကိုကိုင်ပြီးအိပ်ရာပေါ်တွင် ဒူးထောက်နေသည်ကိုမြင်လိုက်ရသည်။သူမပုံစံက အမှားတစ်ခုခုလုပ်မိထားသလိုဖြစ်နေ၏။သူက သူမဆီလျှောက်သွားကာ ခေါင်းကိုပွတ်ပေးလိုက်သည်။


“ဘာဖြစ်လို့လဲ”


လုဟယ်နျန်ကအခုလေးတင်ရေချိုးလာခြင်းဖြစ်ရာ သူ့ကိုယ်ကစိုစိစိဖြစ်နေပြီး ရေချိုးဆပ်ပြာရနံ့က သူမမျက်နှာပေါ်သို့ရောက်လာသဖြင့် ယွင်ရုန်ကနည်းနည်းရှက်သွားသည်။သူမကလည်ပင်းကိုကျုံ့ကာပြန်ဖြေလိုက်သည်။


“ဒုတိယအစ်ကို ကျွန်မကအမှားတစ်ခုခုလုပ်မိသွားတယ်ထင်တယ်”


ယွင်ရုန်က ဖုန်းပြောနေစဉ်အတွင်း သူမလုပ်ခဲ့မိသည့်အမှားကိုပြောပြပြီးမျက်မှောင်ကြုတ်လိုက်သည်။


“ဒေါ်လေးကျန်းဖုန်းချသွားတုန်းက ပျော်နေတဲ့ပုံမပေါ်ဘူး သူမကဒုတိယအစ်ကိုကို ဆူဦးမယ်လို့တောင်ပြောသွားသေးတယ် ကျွန်မတစ်ခုခုမှားပြောမိသွားတာလား”


လုဟယ်နျန်ကအကြောင်းစုံကိုသိပြီးသောအခါ သဘောပေါက်သွားလေသည်။ယွင်ရုန်၏အဖြေကိုကြားလိုက်ရသဖြင့် မဒမ်ကျန်းကမပျော်ဘဲဘယ်ရှိမလဲ။မဒမ်ကျန်းရင်ထဲမှာပျော်လွန်းလို့ ပန်းတွေတောင်ပွင့်နေလောက်ပြီ။သူအိမ်ပြန်သွားပါက လက်ခံရမည့် ရှောင်လွှဲမရနိုင်သောသိချင်စိတ်လှိုင်းလုံးကြီးများကို စဉ်းစားမိလိုက်သောအခါ လုဟယ်နျန်ရင်ထဲတွင်ကြိတ်ကာသက်ပြင်းချလိုက်သည်။ထို့နောက် သူ ယွင်ရုန်ကိုနှစ်သိမ့်လိုက်သည်။


“ဘာမှမဟုတ်ဘူး မားကဒေါသထွက်နေတာမဟုတ်ပါဘူး”


“ကိုယ်အခုရုံးသွားတော့မလို့ မင်းအိမ်မှာပဲနားနေခဲ့မလား ဒါမှမဟုတ်ကိုယ်နဲ့အတူလိုက်မလား”


အိပ်ပြီးသွားသဖြင့် ယွင်ရုန်ကအနည်းနှင့်အများပြန်သက်သာလာပြီဖြစ်သည်။ကုန်ဆုံးသွားသည့်ဝိဉာဉ်စွမ်းအင်များက အချိန်တိုအတွင်းပြန်ရလာမှာမဟုတ်သဖြင့် ရုံးသွားသည်ကပိုကောင်းလိမ့်မည်။ထို့အပြင်ရုံးမသွားဘဲ လစာလိုချင်နေခြင်းမျိုးကို ယွင်ရုန်မလုပ်နိုင်ပေ။


ထို့ကြောင့်လုဟယ်နျန်၏မေးခွန်းကိုကြားသောအခါ ချက်ချင်းပြန်ဖြေလိုက်သည်။

“ကျွန်မ ဒုတိယအစ်ကိုနဲ့အတူရုံးကိုလိုက်မှာ”


လုဟယ်နျန်၏အိမ်တွင် ယွင်ရုန်အတွက်မျက်နှာသစ်သွားတိုက်စရာဘာပစ္စည်းမှမရှိပေ။ကံကောင်းစွာဖြင့်သူမကဆေးကြောစရာမလိုဘဲ သန့်ရှင်းရေးမန္တာန်နှင့်တင် သူမတစ်ကိုယ်လုံးက လုံးဝသစ်လွင်သွား၏။သူမက အထူးတလည်ပင်အဝတ်အစားသစ်များကိုပြောင်းလဲလိုက်သည်။


ယွင်ရုန်၏လုပ်ဆောင်မှုများကအလွန်မြန်သဖြင့် သူမရေချိုးခန်းထဲမှထွက်လာသောအချိန်တွင် လုဟယ်နျန်ကနက်ခ်တိုင်စည်းနေဆဲဖြစ်သည်။

ဒီနေ့တွင်သူက မြစိမ်းပြာရောင်ဝတ်စုံပြည့်ဝတ်ထား၏။ကွက်တိကျနေသောအဝတ်အစားက သူ့ကိုအရပ်ရှည်ပြီး ပုခုံးပြင်ကျယ်ကာခါးသိမ်သလိုဖြစ်သွားစေ၏။


“ဒုတိယအစ်ကိုက ဝတ်စုံပြည့်နဲ့ဆိုပိုကြည့်ကောင်းတယ်”


လွန်ခဲ့သည့်နှစ်ညလောက်က လှုပ်ရှားသွားလာရာတွင်အဆင်ပြေစေရန်အတွက် လုဟယ်နျန်က အားကစားဝတ်စုံကိုဝတ်ဆင်ခဲ့၏။ယွင်ရုန်က ဘာမှမပြောသော်လည်း အားကစားဝတ်စုံကလုဟယ်နျန်နှင့်မလိုက်သလိုခံစားခဲ့ရသည်။


လုဟယ်နျန်က ယွင်ရုန်ကိုနောက်ကျောပေးထားရာ သူ့နှုတ်ခမ်းများအလိုလိုကွေးညွှတ်လာလေသည်။သူကသူမဘက်လှည့်လိုက်သည်နှင့် သူ့အမူအရာကပုံမှန်ပြန်ဖြစ်သွားကာ တမင်မေးလိုက်သည်။


“ဒါဆိုကိုယ်က အားကစားဝတ်စုံဝတ်ထားရင်ကြည့်မကောင်းဘူးပေါ့”


“အဲ့ဒါလည်းကြည့်ကောင်းပါတယ် ဒါပေမယ့်ဝတ်စုံပြည့်နဲ့လောက်ကြည့်မကောင်းဘူး”


ယွင်ရုန်က အမှန်တိုင်းဖြေလိုက်သည်။

“အဲ့ဒါက。。。ဘယ်လိုပြောရမလဲ ဟိုးဝေးလံတဲ့နေရာကမသေမျိုးတစ်ယောက်လိုဘဲ အဝေးကနေဘဲကြည့်နေနိုင်တယ် စနောက်ကျီစယ်တာမျိုး မလေးစားတာမျိုးကိုမလုပ်သင့်သလိုမျိုး”


ယွင်ရုန်၏အလေးအနက်ဖြေနေသောပုံစံကိုကြည့်ကာ လုဟယ်နျန်၏နှလုံးသားထဲ၌ ယားယံလာလေသည်။သူကသူမ၏နဖူးကိုအသာတို့လိုက်သည်။


“မင်းပြောတာတွေကနားဝင်ချိုရင်တောင်မှ ကိုယ်မင်းကိုလစာပိုပေးမှာမဟုတ်ဘူးနော်”


ယွင်ရုန်က မပျော်တော့ဘဲ‌မျက်မှောင်ကြုတ်လိုက်သည်။

“ဒုတိယအစ်ကို ကျွန်မကအဲ့လိုလူဟုတ်လို့လား ကျွန်မကရင်ထဲရှိတဲ့အတိုင်းချီးကျူးတာပါနော်”


“ဒါကမင်းဖန်ဆင်းထားတာလား”

လုဟယ်နျန်က စကားလွှဲလိုက်သည်။သူက ယွင်ရုန်သူ့ကိုထပ်ချီးကျူးလာပြီး သူ့မျက်နှာတည်အောင်ထိန်းလို့မရတော့မှာကိုစိုးရိမ်မိလာသည်။ထို့ကြောင့်သူကယွင်ရုန်၏ဝတ်စုံကိုလက်ညှိုးထိုးကာ စကားလမ်းကြောင်းလွှဲလိုက်သည်။


“အာ ဟုတ်တယ် ကျွန်မကဝတ်စုံတစ်ခုကိုကြည့်ပြီးတာနဲ့ အဲ့လိုပုံစံဖန်ဆင်းလိုက်လို့ရတယ်”


ယွင်ရုန်ကခေါင်းငြိမ့်ပြလာသည်။

“အဲ့ဒါကြောင့် အရင်တစ်ခါတုန်းက ဒုတိယအစ်ကိုကို အဝတ်အစားတွေအများကြီးမဝယ်ခိုင်းတာပေါ့ ပိုက်ဆံဖြုန်းစရာမလိုဘူးလေ”


လုဟယ်နျန်က သူမပြောပြသည်ကိုနားထောင်ရင်း သူ့ခေါင်းထဲတွင်ထူးဆန်းသည့်အတွေးတစ်ချက်ပေါ်လာကာ လွှတ်ခနဲထုတ်ပြောလိုက်လေသည်။


“ဒါဆိုရင်အခုမင်းက တကယ်တော့ဘာမှမဝတ်ထားဘူး ဒါကမင်းဖန်ဆင်းထားတာပဲပေါ့ဟုတ်လား”


ထိုသို့ပြောပြီးပြီးချင်းပင် သူ့မျက်နှာကနီရဲသွားသည်။


ယွင်ရုန်ကကြောင်အစွာစိုက်ကြည့်နေပြီးမှ မျက်လုံးပြူးသွားသည်။သူမ ပါးတင်မက လည်ပင်းကပါ ပန်းရောင်သန်းလာပြီး ပြန်ပြောလိုက်သည်။


“‌ဒုတိယအစ်ကိုအဲ့လိုမျိုးတွေပြောရင် လူတွေရိုက်တာခံရလိမ့်မယ်နော် နားလည်လား”


လုဟယ်နျန်က သူ ထိုသို့မမေးလိုက်သင့်ဟုခံစားမိသဖြင့်အသာချောင်းဟန့်လိုက်သည်။သူနဲ့လူရမ်းကားက ဘာကွာသေးလို့လဲ။သို့သော်အခုချိန်တွင် ယွင်ရုန်ကဘာမှမဝတ်ထားသည်ကိုမတွေးမိဘဲမနေနိုင်ပေ။ထိုသို့တွေးမိသောအခါ သူကယွင်ရုန်ကိုတောင်မကြည့်ရဲတော့ဘဲ ရှေ့မှဦးဆောင်ကာထွက်သွားလိုက်သည်။


“လာ ရုံးသွားကြတာပေါ့”


ယွင်ရုန်က လုဟယ်နျန်နောက်မှလျင်မြန်စွာလိုက်သွားသည်။


နာရီဝက်လောက်ကြာပြီးနောက်တွင် သူတို့နှစ်ယောက်ကကုမ္ပဏီထဲသို့ဝင်သွားသည်။ကျန်းချုံမင်က ခွင့်သုံးရက်ယူထားပြီး ဒီနေ့ကသူပထမဆုံးအလုပ်ပြန်ဆင်းသောရက်ဖြစ်သည်။သူကကုမ္ပဏီထဲဝင်ဝင်ချင်းမှာဘဲ ဒါရိုက်တာနှင့်မစ်ယွင်ရုန်တို့က ကားတစ်စီးပေါ်ကတူတူဆင်းလာပြီး ဓာတ်လှေကားထဲတူတူဝင်သွားသည်ကိုမြင်လိုက်ရ၏။


သူကအံ့ဩသွားလေသည်။သူခွင့်သုံးရက်ယူခဲ့မိသော်လည်း ဒါရိုက်တာတို့နှစ်ယောက်ကြားမှလေထုကထူးဆန်းနေသလိုခံစားမိသွားသည်။ဆယ်မီတာအကွာတွင်ရှိသည့်လူများပင် ပန်းရောင်ပူဖောင်းလေးများကိုမြင်နိုင်၏။


ဒီသုံးရက်အတွင်းဘာတွေဖြစ်သွားတာလဲ။


⛰️