⛰️Chapter 69
:ဆုတောင်းခြင်း။
လုဟယ်နျန် အလွန်အလုပ်များနေ၏။
သူက အပြင်ပန်းတွင် လုကော်ပိုရေးရှင်း၏ဒါရိုက်တာအဖြစ် အထင်ကြီးစရာကောင်းကာ အတိုင်းမသိစွမ်းဆောင်ရည်ရှိသော်လည်း နောက်ကွယ်တွင်စီးပွားရေးကိစ္စအများအပြားကိုကိုင်တွယ်ရ၏။သူက ယွင်ရုန်ကိုဟယ်ပေါ်အားဖြေရှင်းရာတွင် အဖော်ပြုခဲ့ပေးပြီးသည့်နောက်တွင် အိမ်တွင်အနားယူရာတွင်လည်း တစ်ရက်အဖော်ပြုခဲ့သေးသည်။လုပ်စရာအလုပ်များစွာက တောင်လိုပုံသွားလေသည်။ထို့ကြောင့် သူရုံးသို့ရောက်လာသည်နှင့် ချက်ချင်းပင်အလုပ်ပုံကြားထဲပစ်ဝင်လိုက်သည်။
ယွင်ရုန်က သူမရုံးခန်းထဲတွင် ချမ်းသာကြွယ်ဝမှုဖိတ်ခေါ်သည့်အလုပ်လုပ်ပြီးသွားသည်။သူမက ဆိုဖာပေါ်တွင်ထိုင်ကာ မုန့်စားပြီးတီဗီကြည့်နေ၏။မကြာခင်မှာဘဲ ယွင်ရုန်၏ရယ်သံက ရုံးခန်းထဲမှလွင့်လာလေသည်။
ကျန်းချုံမင်က ယွင်ရုန်၏ရုံးခန်းတံခါးရှေ့တွင်ရပ်ကာ တံခါးခေါက်ချင်သော်ငြား တွေဝေနေ၏။သူထွက်သွားတော့မည့်အချိန်မှာဘဲ ယွင်ရုန်က တံခါးရှေ့တွင်တစ်ယောက်ယောက်ရောက်နေသည်ကိုအာရုံခံမိသွားကာ တီဗီပိတ်ပြီးလှမ်းပြောလိုက်သည်။
“အပြင်မှာဘယ်သူလဲ အထဲဝင်ခဲ့ပါ”
“မစ်ယွင် ကျွန်တော်ပါ”
ကျန်းချုံမင်က အံကြိတ်ကာ တံခါးကိုတွန်းဖွင့်လိုက်သည်။
“ကျန်းချုံမင် ကိစ္စတစ်ခုခုရှိလို့လား ကျွန်မကူညီပေးရမယ့်အလုပ်ရှိလို့လား”
ယွင်ရုန်ကသူ့ကိုမြင်သောအခါ ချက်ချင်းထရပ်လိုက်သည်။လုပ်စရာအလုပ်များလွန်းသဖြင့် သူမကူလုပ်ပေးရမှာလားဟုတွေးလိုက်မိသည်။
“မဟုတ် မဟုတ်ပါဘူး မစ်ယွင် ကျွန်တော်ကတစ်ခုလောက်မေးချင်လို့ရောက်လာတာပါ”
ကျန်းချုံမင်က ချက်ချင်းလက်ခါပြကာငြင်းဆန်လိုက်သည်။သူကရှက်နေသောအမူအရာဖြင့်ပြောပြလာသည်။
“မစ်ယွင် ကျွန်တော်ကဆူးလီမြစ်ကကိစ္စနဲ့ပတ်သက်ပြီးတစ်ခုလောက်မေးချင်လို့ပါ”
ကျန်းချုံမင်၏ကောင်မလေး လော့ရှောင်ယာ၏မောင်၊ လော့ရှောင်ဖုန်းပျောက်သွားပြီးနောက်တွင် သူတို့တစ်မိသားစုလုံးကသူ့ကိုအပြင်းအထန်ရှာဖွေခဲ့ကြသည်။သူတို့ကမျှော်လင့်ချက်မဲ့ပြီး အဆုံးတွင်စိတ်ထိခိုက်လာကြလေသည်။လွန်ခဲ့သည့်ရက်အနည်းငယ်က လော့မိသားစုဝင်များသည် ရင်ကွဲလွန်းပြီးဆေးရုံတင်ရသည့်အဆင့်ထိပါရောက်ခဲ့သဖြင့် သူကရုံးတွင်ခွင့်ယူခဲ့ခြင်းဖြစ်သည်။
သို့သော်ရဲအရာရှိများသည် လော့ရှောင်ဖုန်းကိုရှာတွေ့ပြီဖြစ်ကြောင်း မနေ့ကအကြောင်းကြားလာ၏။သူတို့က လော့ရှောင်ဖုန်းသည်ခြေမခိုင်ဘဲဆူးလီမြစ်ထဲသို့ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်းဆိုလာ၏။လော့မိသားစုတစ်ခုလုံးက ထိုရှင်းပြချက်ကိုမယုံကြပေ။အကြောင်းမှာလော့ရှောင်ဖုန်းက ရေကြောက်တတ်သောကြောင့်ဖြစ်သည်။မြစ်ကမ်းဘေးကိုသွားဖို့မပြောနှင့်၊ ပုံမှန်အခြေအနေများတွင်သူက ရေကူးကန်တောင်သွားလေ့မရှိပေ။ထို့အပြင်လော့အိမ်မှဆူးလီမြစ်ကမ်းပါးထိသည် ကားနှင့်သွားပါကနာရီဝက်ကျော်ကြာ၏။အဲ့လိုဆိုလော့ရှောင်ဖုန်းက ဆူးလီမြစ်မှာဘယ်လိုလုပ်ပြီးရေသွားနစ်နိုင်မှာလဲ။
၎င်းကလုံးလုံးကို အဓိပ္ပါယ်ရှိမနေပေ။
ကျန်းချုံမင်က အစပိုင်းတွင်မယုံသော်လည်း ၎င်းကWeiboပေါ်မှတိုက်ရိုက်ထုတ်လွင့်မှုကိုမမြင်ရခင်အထိသာဖြစ်သည်။အခြားသူများကမသိသော်လည်း သူကအသံကြားကြားချင်းပင် ထိုအသံများကိုမစ်ယွင်နှင့်ဒါရိုက်တာတို့၏အသံမှန်းသိသွားလေသည်။သူတို့ကအဲ့ဒီအချိန်ကြီး ဆူးလီမြစ်ကမ်းကိုဘာသွားလုပ်ကြတာလဲ။
ကျန်းချုံမင်က ရှော့ပင်းမောလ်တွင် သူတို့အဝတ်အစားဝယ်ခဲ့သည့်အချိန်ကိုပြန်တွေးမိသွားသည်။သူပိုက်ဆံရှင်းပြီးထွက်လာသောအခါ မစ်ယွင်ကမြေခွေးဝိညာဉ်ဆိုသောအရာတစ်ခုခုပြောနေသည်ကိုကြားခဲ့ရ၏။အစပိုင်းတွင် သူကဒါရိုက်တာကိုမြူဆွယ်ချင်သည့် မျက်စိကန်းနေသည့်မိန်းမတစ်ယောက်ဟုထင်နေခဲ့ခြင်းဖြစ်သည်။သို့သော်ထိုသို့ဖြစ်ပြီးနောက် မောလ်ထဲ၌မြေခွေးတစ်ကောင်တကယ်ပေါ်လာခဲ့လေသည်။
ထိုမြေခွေးက သာမာန်မြေခွေးများထက်နှစ်ဆကြီးကာ အခုဆိုလျှင် တိရစ္ဆာန်ရုံ၌ထိန်းသိမ်းခံထားရ၏။
ထိုအရာများက သာမာန်တိုက်ဆိုင်မှုများလိုသာထင်ရ၏။သို့သော်သေချာစစ်ဆေးကြည့်ပါက တစ်ခုခုထူးဆန်းနေပေသည်။ကျန်းချုံမင်က မစ်ယွင်သည်ထိုကိစ္စ၏အမှန်တရားကို သေချာပေါက်သိနေမည်ဟုခံစားမိပေသည်။
သူကဒီလိုမမေးသင့်သော်လည်း ဆုံးသွားသောသူမှာသူ့ကောင်မလေး၏မောင်ငယ်ဖြစ်သည်။ကျန်းချုံမင်က ဝင်မပါဘဲမနေနိုင်ချေ။
“မစ်ယွင် အခုထိကလေးတွေအများကြီးပျောက်နေတုန်းဘဲ အဲ့ဒါကဆူးလီမြစ်မှာဖြစ်ခဲ့တာနဲ့များ တစ်ခုခုဆိုင်နေတာလား”
ယွင်ရုန်က ကျန်းချုံမင်ထိုသို့မေးမည်ဟုမထင်ထားပေ။သူမကခနလောက်တွေးပြီးမှပြန်ဖြေလိုက်သည်။
“ရှင့်မိသားစုမှာတစ်ယောက်ယောက်ပျောက်နေလို့လား”
“ကျွန်တော့်ကောင်မလေးရဲ့မောင်ပါ”
ကျန်းချုံမင်ကခေါင်းငြိမ့်လာသည်။
“မစ်ယွင် ဒီကိစ္စကလျို့ဝှက်ထားရမယ့်ကိစ္စဆိုတာကို သိပါတယ်၊သေချာပေါက်လျှောက်ပြောမှာမဟုတ်ပါဘူး ကျွန်တော်ကအဖြစ်မှန်ကိုပဲသိချင်တာပါ”
သူနှင့်လော့ရှောင်ယာတွဲနေသည်မှာ နှစ်ဝက်ကျော်ခဲ့ပြီး လက်ထပ်ဖို့စီစဉ်နေကြပြီဖြစ်သည်။သူသည်လည်း လော့ရှောင်ဖုန်းကိုညီအရင်းအဖြစ်မှတ်ယူထား၏။အခုဆိုလျှင် လော့ရှောင်ဖုန်းမရှိတော့သဖြင့် သူ့ရင်ထဲတွင်အဆင်မပြေခံစားနေရပေသည်။
“ကျွန်မကရွှမ်းမန်ကသူဆိုတာကို အရင်ကပြောပြဖူးတယ်မလား၊ တကယ်ပဲဆူးလီမြစ်ထဲကထွက်လာတဲ့မိစ္ဆာတစ်ကောင်ရှိတယ် လွန်ခဲ့တဲ့နှစ်ညလောက်ကဘဲ ကျွန်မတို့သူ့ကိုသတ်လိုက်ကြပြီ အဲ့ဒီပျောက်နေတဲ့ကလေးတွေက တကယ်တော့အဲ့ဒီမိစ္ဆာသတ်တာကိုခံလိုက်ရတာပါ”
ကျန်းချုံမင်ကရိုးသားစွာမေးလာသဖြင့် ယွင်ရုန်ကခနလောက်တွေးလိုက်ပြီးနောက် သူ့ကိုအမှန်တရားတစ်ချို့ပြောပြလိုက်သည်။သူမ သူ့ကို မပြောပြလိုက်သည်မှာ တကယ်တော့ ထိုကလေးများကိုဟယ်ပေါ်စားလိုက်ခြင်းဖြစ်၏။သို့သော်လူသားများက သေဆုံးသွားသူများအား ကောင်းကောင်းအနားယူနိုင်ရန် မြေမြုပ်သဂြိုလ်ရသည်ကို အလေးထားကြလေသည်။သူတို့က ထိုပျောက်နေသောကလေးများသည် ခန္ဓာကိုယ်လေးတောင်မကျန်ဘဲ သေဆုံးသွားရသည်ကိုသိပါက မိသားစုဝင်များအတွက်လက်ခံရပိုခက်ခဲမည်ကို စိုးရိမ်မိသည်။
ကျန်းချုံမင်က ယွင်ရုန်ပြောပြသည်ကိုနားထောင်ပြီးနောက် ခနလောက်အသံတိတ်သွားသည်။ထို့နောက်သူကထရပ်ကာ ယွင်ရုန်ကိုခါးကိုင်းအရိုအသေပေးပြီး စိတ်အားထက်သန်စွာပြောလာသည်။
“မစ်ယွင်ကိုကျေးဇူးတင်ပါတယ် လူမရှိတော့ပေမယ့် အမှန်တရားကိုသိလိုက်ရတော့ စိတ်အေးသွားပါပြီ”
“သေသွားတဲ့သူက ပြန်မရှင်နိုင်ဘူး ကံကြမ္မာစက်ဝိုင်းတစ်ခုမှာ အရာအားလုံးက ကံစီမံထားပြီးသားပါဘဲ ရှင့်ကောင်မလေးကို အရမ်းဝမ်းမနည်းနေဖို့ဖြောင်းဖြလိုက်ပါ”
ယွင်ရုန်က ထိုသို့ပြောလိုက်သည်။ဒီတစ်ကြိမ်တွင် ရုတ်တရက်လူအများအပြားသေဆုံးသွားရကာ သူမစွမ်းအင်ကလည်းအရင်ကနှင့်မတူရသည့်အကြောင်းရင်းကို အဖြေမရှာနိုင်သေးပေ။ထို့ကြောင့်သူမရင်ထဲတွင် မွန်းကြပ်နေ၏။
“ကျွန်တော်နားလည်ပါပြီ”
ကျန်းချုံမင်ကခေါင်းငြိမ့်ပြလာသည်။သူကတံခါးနားသို့ရောက်ပြီးမှ ရုတ်တရက်ပြန်လှည့်ကာပြောလာ၏။
“မစ်ယွင် မစ်ယွင်ကရွှမ်းမန်ကသူဆိုမှတော့ ဘေးကင်းလုံခြုံရေးအတွက်အဆောင်တစ်ခုခုရှိလားဗျ ကျွန်တော့်ကိုနှစ်ခုလောက်ရောင်းပေးလို့ရမလား”
ဒီတစ်ကြိမ်တွင် လော့ရှောင်ဖုန်းရေနစ်ပြီးရုတ်တရက်ဆုံးပါးသွားခြင်းက ကျန်းချုံမင်အား ဘဝတွင်သေခြင်းရှင်ခြင်းသည် ကြောက်စရာကောင်းလောက်အောင်အချိန်တိုလေးအတွင်းဖြစ်ကြောင်းသဘောပေါက်သွားစေ၏။သူ့မိသားစုတွင်သူကတစ်ဦးတည်းသောသားဖြစ်ကာ သူ့မိဘများကလည်းဟိုင်ရှီးတွင်မရှ်ိသဖြင့် သူ့အနေဖြင့်နေ့တိုင်းဂရုစိုက်မှုမပေးနိုင်ပေ။ထို့ကြောင့်သူကအဆောင်နှစ်ခုလောက်လိုချင်နေခြင်းဖြစ်သည်။
ဒါ ဒါစီးပွားရေးလုပ်ငန်းက တံခါးလာခေါက်တယ်ဆိုတာမျိုးလား။
ယွင်ရုန်က ကြောင်အစွာစိုက်ကြည့်လိုက်သော်လည်း ချက်ချင်းပင်အရင်တစ်ခေါက်က ဝမ်းပေါ်တစ်ယောက် ကျန်းယန်အားဘေးကင်းအဆောင်ရောင်းခဲ့သည်ကိုသတိရသွားသည်။ထိုအချိန်တုန်းကဆိုလျှင် သူမတကယ်မနာလိုဖြစ်ခဲ့လေသည်။ထိုအဆောင်တစ်ခုလျှင် ယွမ်100,000တန်သည်ကို သူမမှတ်မိနေဆဲဖြစ်သည်။
ဘေးကင်းအဆောင်က အရိုးရှင်းဆုံးအဆောင်ဘဲ၊ သူမကတစ်နေ့ကို ရာအနည်းငယ်လောက်ဆွဲနိုင်တယ်။
ကျန်းချုံမင်က ယွင်ရုန်ဘာမှမပြောလာသဖြင့် သူမရောင်းပေးလို့မဖြစ်ဟုထင်သွားကာ ချက်ချင်းပြန်ပြောလိုက်သည်။
“မစ်ယွင် ကျွန်တော်ရဲတင်းလွန်းသွားတယ် အဆင်မပြေရင်လည်း ရပါ。。。。”
“ပြေပါတယ် ဘာလို့မပြေရမှာလဲ”
ယွင်ရုန်က ကျန်းချုံမင်ထွက်သွားတော့မည်ကိုမြင်သောအခါ ချက်ချင်းပင်သူ့လက်မောင်းကိုလှမ်းဆွဲလိုက်သည်။
“တစ်ခုကို 50,000 ဘယ်နှစ်ခုလိုချင်လဲ”
ကျန်းချုံမင်ကိုလူရင်းဟုယူဆနိုင်သဖြင့် ယွင်ရုန်ကအများကြီးတောင်းလို့မကောင်းပေ။ထို့အပြင်ဘေးကင်းအဆောင်ကလည်း တကယ်ပင်လုပ်ရမခက်ပေ။သူမကတစ်ခုလျှင်ယွမ်100,000မတောင်းရက်ပေ။
မစ်ယွင်က မကောင်းဆိုးဝါးကိုတောင်ကိုင်တွယ်နိုင်တာ သေချာပေါက်အရည်အချင်းရှိမှာဘဲ။ဟိုသာမာန်ဘုန်းကြီးကျောင်းတွေက အဆောင်တွေဆိုရင် တကယ်အစွမ်းရှိမရှိကိုမသိနိုင်ပေမယ့် တစ်ခုကိုယွမ်သိန်းကျော်တန်ဖိုးရှိတယ်။အခုက တစ်ခုကိုယွမ်50,000သာဖြစ်ရာ ကျန်းချုံမင်ကတန်သည်ဟုခံစားမိသွားသည်။
“ကျွန်တော်နှစ်ခုလိုချင်ပါတယ်”
ကျန်းချုံမင်က ယွင်ရုန်စိတ်ပြောင်းသွားမည်ကိုစိုးရိမ်သဖြင့် ကမန်းကတန်းဖုန်းကိုထုတ်လိုက်သည်။
“မစ်ယွင် ကျွန်တော်အခုဘဲလွှဲပေးလိုက်မယ်နော်”
ပိုက်ဆံက ယွင်ရုန်ဆီလျင်မြန်စွာဝင်လာ၏။သူမကသူမဖုန်းထဲမှ ငွေပမာဏကိုကြည့်ကာ ပြုံးလိုက်လေသည်။
“ကျွန်မအခုဘာအဆောင်မှမယူလာမိဘူး မနက်ဖြန်မနက်ကျမှ ရှင့်ကိုပေးမယ်နော်”
အရင်တစ်ကြိမ်တုန်းက လူသားများ၏အဆောင်များသည် စာရွက်ဝါပေါ်တွင် ပြဒါးရည်သုံးကာဆွဲခြင်းဖြစ်ကြောင်းသိခဲ့ရ၏။ထိုသို့မှသာ ပိုပရော်ဖက်ရှင်နယ်ကျလိမ့်မည်။၎င်းကအနည်းငယ်ဒုက္ခများသော်လည်း သူမ၏ပထမဆုံးစီးပွားရေးဖြစ်သည်။သူမက ဤအလုပ်ကိုပြီးပြည့်စုံစွာလုပ်ကာ ရွှမ်းမန်မှဖြစ်ကြောင်းကို အသားပေးဖော်ပြချင်ပေသည်။
ထို့ကြောင့်ယွင်ရုန်က အလုပ်ဆင်းပြီးသောအခါ စာရွက်ဝါနှင့်ပြဒါးရည်ဝယ်ရန်ပြင်ဆင်ပြီး ကျန်းချုံမင်အတွက် အထူးအဆောင်ဆွဲပေးရန်ဆုံးဖြတ်လိုက်သည်။
ကျန်းချုံမင်က ဘာလို့သဘောမတူရမှာလဲ။သူကချက်ချင်းပင် ကိစ္စမရှိကြောင်းပြောလိုက်ပြီး အဆောင်အားဘယ်လိုဝတ်ဆင်ရမည်ကိုပင် စိတ်ဝင်တစားမေးမြန်းလိုက်သေးသည်။
သူတို့နှစ်ယောက်စကားပြောနေသည့်အချိန်တွင် ဘေးဘက်မှအေးစက်စက်အသံတစ်ခုထွက်ပေါ်လာလေသည်။
“မင်းတို့နှစ်ယောက်ကဘာလုပ်နေတာလဲ”
ယွင်ရုန်က လှည့်ကြည့်လိုက်သောအခါ လုဟယ်နျန်ကတံခါးဝတွင်ရပ်ပြီး သူမနှင့်ကျန်းချုံမင်အားကြည့်နေသည်ကိုမြင်လိုက်ရသည်။ယွင်ရုန်ကပြုံးပြလိုက်သည်။
“ဒုတိယအစ်ကို ကျန်းချုံမင်က ကျွန်မဆီကနေ ဘေးကင်းအဆောင်နှစ်ခုဝယ်သွားတယ်”
ကျန်းချုံမင်ကမူ ယွင်ရုန်လောက်တည်ငြိမ်မနေပေ။ဒါရိုက်တာ၏သူ့အပေါ်ကြည့်လာသောအကြည့်များက လူသတ်ငွေ့များသန်းလာသည်ကိုသာ ခံစားနေမိ၏။သူကတုန်ယင်လာကာ အလိုလိုပင်နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ယွင်ရုန်နှင့် ငါးမီတာလောက်အကွာအဝေးတစ်ခုခြားလိုက်လေသည်။
“ဒါရိုက်တာ ကျွန်တော်မပြီးသေးတဲ့အလုပ်တွေရှိသေးလို့ ရုံးခန်းထဲပြန်နှင့်တော့မယ်ဗျ。。。。”
ကျန်းချုံမင်က ထစ်ထစ်အအနှင့်လုဟယ်နျန်ကိုပြောပြီးနောက် ယွင်ရုန်ဘက်လှည့်ကာပြောလိုက်သည်။
“မစ်ယွင် အဆောင်ကိစ္စအတွက် မစ်ယွင်ကိုဘဲဒုက္ခပေးတော့မယ်နော် ကျွန်တော်အရင်သွားနှင့်ပြီ”
ထိုသို့ပြောပြီးနောက် သူကလျှပ်စီးလိုပင် ကော်ရစ်ဒါအဆုံးသို့လှစ်ခနဲပျောက်ကွယ်သွားသည်။
“အယ် ကျွန်မပြောလို့မပြီးသေးဘူးလေ”
ယွင်ရုန်က ကျန်းချုံမင်ထွက်ပြေးသွားသည်ကိုမြင်သောအခါ လှမ်းအော်လိုက်သည်။ထို့နောက်သူမကလုဟယ်နျန်ကိုလှည့်မေးလာ၏။
“ဒုတိယအစ်ကိုက ဒီကိုဘာလို့ရောက်လာတာလဲ”
“ကိုယ့်လည်ပင်းက နည်းနည်းအဆင်မပြေဖြစ်နေလို့”
ကျန်းချုံမင်ထွက်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် လုဟယ်နျန်၏အကြည့်များကနူးညံ့ညင်သာလာသည်။သူက ထွေထွေထူးထူးမတွေးဘဲ ပြန်ဖြေလိုက်သည်။သူက အလုပ်လုပ်နေရင်းတန်းလန်း သူမကိုသတိရလာသဖြင့် လာခဲ့ခြင်းဟုပြောလိုက်လို့မရဘူးမလား။
ယွင်ရုန်က သူပြောသည်ကိုကြားသောအခါ သူမကလုဟယ်နျန်ကိုဖိပြီးအိပ်ခဲ့သည့်ပုံစံကိုသတိရသွားသည်။သူမကအပြစ်ရှိသလိုခံစားမိလာကာ လှစ်ခနဲရောက်လာပြီးလုဟယ်နျန်၏လည်ပင်းကိုထိကြည့်လိုက်သည်။
“ဒီနေရာကနာတာလား ဒါရိုက်တာ ကျွန်မအပြစ်ပါ ကျွန်မကဒါရိုက်တာအပေါ်ဖိမိလို့。。。。。”
ဒီနေ့ညတော့ ဟိုတယ်မှာဘဲပြန်အိပ်တာကောင်းမယ်ထင်တယ်။
ယွင်ရုန်၏လက်က ဝါဂွမ်းလုံးလေးလိုနူးညံ့နေ၏။လုဟယ်နျန်၏သူငယ်အိမ်များကပိုပိုပြီးနက်မှောင်လာကာ အသံတိုးတိုးဖြင့်ငြီးညူပြီး ပြောလိုက်သည်။
“ကိုယ့်ဘာသာ အိပ်တာပုံမကျလို့လည်ပင်းတောင့်သွားတာပါ”
အစကသူကဒီအတိုင်းလွှတ်ခနဲပြောလိုက်မိခြင်းဖြစ်သော်လည်း အခုချိန်တွင်မရှင်းပြချင်သဖြင့် လည်ပင်းကိုကိုင်ကာ နေရအဆင်မပြေဖြစ်နေသည့်ပုံစံလုပ်ပြလိုက်သည်။
ယွင်ရုန်က သူ့ပုံစံကိုမြင်သောအခါ ပိုလို့တောင်အားနာလာသည်။သူမကခနလောက်တွေးကြည့်ကာပြောလိုက်သည်။
“ဒုတိယအစ်ကို ကျွန်မနှိပ်ပေးမယ်လေ ဟုတ်ပြီလား”
ထို့နောက်သူမက လုဟယ်နျန်ပြန်ဖြေသည်ကိုတောင်မစောင့်ဘဲ သူ့ကိုသူမရုံးခန်းထဲသို့ဆွဲခေါ်လိုက်သည်။
ယွင်ရုန်က လုဟယ်နျန်ကိုထိုင်ခိုင်းလိုက်ပြီးနောက် သူမ၏လက်တစ်ဖက်က သူ့လည်ပင်းပေါ်တွင်နေရာယူလိုက်သည်။
“ဒုတိယအစ်ကို အဆင်မပြေဖြစ်တာနဲ့ ကျွန်မကိုပြောနော် ကျွန်မကဒါမျိုးတစ်ခါမှမလုပ်ဖူးဘူး ဒါပေမယ့် ပုံမှန်အားဖြင့်လည်ပင်းနာတာက သွေးလည်ပတ်မှုမကောင်းလို့ဘဲ အဲ့ဒါကိုရှင်းဖို့ဝိညာဉ်စွမ်းအင်ကိုသုံးလိုက်ရင် မကြာဘူးသက်သာသွားမှာပါ”
လုဟယ်နျန်က ဆိုဖာပေါ်တွင်ထိုင်လိုက်သည်နှင့် တစ်ကိုယ်လုံးတောင့်တင်းလာကာ သူမ၏နူးနူးညံ့ညံ့လက်လေးများကသူ့ပုခုံးကိုနှိပ်နှယ်လာသည်ကိုခံစားလာရသည်။သူမကဝိဉာဉ်စွမ်းအင်ကိုသုံးနေလို့ဘဲလားတော့မသိ နွေးထွေးပြီး သက်တောင့်သက်သာမှုအား ထုံကျဉ်ကျဉ်ခံစားချက်နှင့်အတူခံစားမိလာလေသည်။
သူကအသက်ပြင်းပြင်းရှူလိုက်ပြီးနောက် စိတ်ကိုလျှော့ကာပြောလိုက်သည်။
“မင်းနှိပ်တာက အရမ်းကောင်းတယ် အရမ်းသက်တောင့်သက်သာရှိတာဘဲ”
ယွင်ရုန်ကထိုစကားကိုကြားသောအခါ ပြုံးလိုက်သည်။
“အဲ့လိုဆိုတော်သေးတာပေါ့”
ဆယ်မိနစ်ကြာပြီးနောက် လုဟယ်နျန်ကနာရီကိုတစ်ချက်ကြည့်လိုက်သည်။သူက သူမပင်ပန်းမည်ကိုစိုးရိမ်သဖြင့် ချက်ချင်းပြောလိုက်သည်။
“ရပြီ ကိုယ်အခုတော်တော်လေးသက်သာလာပြီ ကိုယ့်ရုံးခန်းထဲပြန်လိုက်ဦးမယ်”
ယွင်ရုန်ကခေါင်းငြိမ့်ကာ လုဟယ်နျန်ကိုတံခါးနားထိလိုက်ပို့လိုက်သည်။သူမက ရုံးခန်းတံခါးကိုပြန်ပိတ်တော့မည့်အချိန်တွင် ကြမ်းသုတ်တံကိုကိုင်ထားသည့် အမျိုးသမီးတစ်ဦးက ကော်ရစ်ဒါပေါ်၌ရပ်နေသည်ကိုမြင်သွားသည်။သူမ၏ကျန်လက်တစ်ဖက်က ရေပုံးကိုကိုင်ကာ ခါးကုန်းပြီးလျှောက်လာလေသည်။
ယွင်ရုန် ထိုအမျိုးသမီးကိုသိ၏။သူမက အပေါ်ဆုံးအထပ်ကိုသန့်ရှင်းဖို့တာဝန်ရှိသူဖြစ်ကာ ယွင်ရုန်၏ရုံးခန်းကိုသန့်ရှင်းရေးလုပ်ပေးသည့် အမျိုးသမီးကျိုးပင်။
ယွင်ရုန်ကထူးဆန်းသလိုခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ပုံမှန်ဆိုလျှင် ကျိုးကျဲက ကြမ်းတိုက်ရန် ရှစ်နာရီလောက်ရောက်လာတတ်သည်။ဒီနေ့ကျမှ သူမကဘာလို့ဒီအချိန်ကျမှရောက်လာတာလဲ။သူမကကျိုးကျဲအနားရောက်လာသည်အထိစောင့်ပြီးနောက် ကျိုးကျဲ၏မျက်လုံးများကငိုထားသလိုယောင်ကိုင်းနေသည်ကိုမြင်လိုက်ရလေသည်။
“ကျိုးကျဲ ဘာဖြစ်လို့လဲ”
ယွင်ရုန်ကသူမကိုသွားမေးလိုက်သည်။ပုံမှန်ဆိုလျှင်ကျိုးကျဲက အလွန်အလုပ်ကြိုးစားသောသူဖြစ်ကာ သူမအလုပ်လုပ်ပုံက သန့်ရှင်းသပ်ရပ်ပြီးအစီအစဉ်ကျလေသည်။ယွင်ရုန်ကိုတွေ့သောအခါတိုင်း ကြင်နာသောမျက်လုံးများဖြင့်ကြည့်တတ်၏။ထို့ကြောင့်ကျိုးကျဲအပေါ် ယွင်ရုန်၏ထင်မြင်ချက်များက အလွန်ကောင်းလေသည်။
⛰️