Chapter 70
Viewers 5k

⛰️Chapter 70

ဆုတောင်းခြင်း။




ကျိုးယွီဖုန်းက အတွေးထဲလွင့်နေပြီး ယွင်ရုန်သူမကိုလှမ်းခေါ်မှသာသတိပြန်ဝင်လာသည်။သူမဘာမှပြန်မဖြေရသေးခင်မှာဘဲ မျက်လုံးထဲမှမျက်ရည်များကအလိုလိုကျလာလေသည်။သူမကချက်ချင်းမျက်ရည်သုတ်ကာ ကမန်းကတန်းပြန်ဖြေလိုက်သည်။


“ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ပါဘူး မစ်ယွင်တစ်ခုခုလိုတာများရှိလို့လား”


“ကျိုးကျဲ ဘာလို့ငိုနေတာလဲ”

ယွင်ရုန်အတွက်ပထမဆုံးအကြိမ် လူသားများငိုသည်ကိုမြင်ဖူးခြင်းဖြစ်သဖြင့် အနည်းငယ်ရင်တုန်သွားကာမေးလိုက်သည်။

“တစ်ခုခုဖြစ်လို့လား”


မိန်းမပျိုလေးက နူးညံ့စွာမေးမြန်းလာသဖြင့် ကျိုးယွီဖုန်းခက်ခက်ခဲခဲဖိနှိပ်ထားရသည့် ဝမ်းနည်းစရာကိစ္စအားပြန်ဆန်တက်လာစေလေသည်။နဂိုကတည်းကပိန်လှီသေးငယ်နေသောခန္ဓာကိုယ်ကပိုလို့တောင်သေးငယ်လာရာ အလွန်သနားစရာကောင်းလှသည်။


“ကျိုးကျဲ မငိုပါနဲ့ ဘာဖြစ်တာလဲ‌ဆိုတာ ကျွန်မကိုပြောပြကြည့်လေ ဖြေရှင်းဖို့နည်းလမ်းတစ်ခုခုရှိမှာပါ”

ကျိုးယွီဖုန်းက ငိုယိုကာ ရုတ်တရက်အားပျက်သွားသည်။ယွင်ရုန်ကချက်ချင်းပင်သူမကိုတွဲကာ ရုံးခန်းထဲသို့ခေါ်သွားလိုက်သည်။


ယွင်ရုန်က ကျိုးကျဲကိုဆိုဖာပေါ်တွင်ထိုင်ခိုင်းလိုက်ပြီးနောက် ရေတစ်ခွက်ထည့်ပေးလိုက်သည်။

“ကျိုးကျဲ ဘာများဖြစ်လို့လဲ”


ကျိုးယွီဖုန်းတွင် ရင်ဖွင့်စရာနေရာမရှိပေ။ရေ၏အပူချိန်က သူမစိတ်ကိုအနည်းငယ်ပြေလျော့သွားစေပြီးနောက် သူမကလက်နှစ်ဖက်ကိုလိမ်‌နေကာ ခနလောက်ကြာပြီးမှသူမရင်ထဲတွင်လေးလံနေရသည့် အကြောင်းရင်းကိုပြောပြလာသည်။


ဖြစ်ပုံမှာ ကျိုးယွီဖုန်းတွင် ဒီနှစ်၌အသက်ဆယ့်ရှစ်နှစ်ပြည့်မည့်သမီးတစ်ယောက်ရှိ၏။သူမသမီးက လှပထက်မြက်သောမိန်းကလေးအဖြစ်ကြီးပြင်းလာကာ စာမေးပွဲအမှတ်များကလည်းမဆိုးသဖြင့် ဟိုင်ရှီးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုအောင်ခဲ့ပေသည်။ဟိုင်ရှီးတက္ကသိုလ်က တစ်နိုင်ငံလုံး၌တတိယချိတ်‌ရာ သူမကအတော်ဆုံးများထဲမှတစ်ယောက်ဟုဆိုလိုနိုင်၏။ထို့ကြောင့်ကျိုးကျဲအတွက် သူမသမီးက အကြီးမားဆုံးဂုဏ်ယူစရာဖြစ်လာခဲ့သည်။


ကျိုးယွီဖုန်းတစ်ယောက်ဟိုင်ရှီးတွင် အလုပ်ကြိုးစားနေသည်မှာလည်း သူမသမီးလေးဘဝတွင်ကောင်းကောင်းမွန်မွန်နေနိုင်ဖို့သာဖြစ်သည်။သူမသည်လွန်ခဲ့သည့်နှစ်အနည်းငယ်လောက်ကတည်းက တောင်ပေါ်ရွာလေးတစ်ခုမှလာခဲ့ခြင်းဖြစ်ကာ ဤသမီးလေးကိုမွေးခဲ့ပြီးနောက် ခန္ဓာကိုယ်ထိခိုက်သွားပြီး နောက်ထပ်ကလေးမလွယ်နိုင်တော့ချေ။သူမကခင်ပွန်းဖြစ်သူ၏မိသားစုဘက်မှ ရှူံ့ချခြင်းကိုခံရကာ ကွာရှင်းခဲ့ရလေသည်။ကွာရှင်းသည်ဟုဆိုသော်လည်း သူမ၏နောက်ခံကအမည်မရှိသည်တောင်ပေါ်ရွာလေးတစ်ခုသာသာဖြစ်သဖြင့် မောင်းထုတ်ခံလိုက်ရခြင်းသာဖြစ်သည်။


ကျိုးယွီဖုန်းကအလျော့မပေးပေ။သူမကသမီးဖြစ်သူကို သူမမိဘအိမ်ဆီပြန်ခေါ်သွားပြီးနောက် ဟိုင်ရှီးတွင်တစ်ယောက်တည်းအလုပ်ကြိုးစားလုပ်ကိုင်ခဲ့သည်။နှစ်ဆယ်ချီကျော်သွားသော်လည်း သူမကနောက်အိမ်ထောင်ပြုရန်စိတ်ကူးမရှိဘဲ သူမ၏မျှော်လင့်ချက်အားလုံးကို သမီးဖြစ်သူမအပေါ်တွင်သာပုံအပ်ခဲ့လေသည်။


အစက နွေရာသီအားလပ်ရက်ပြီးလျှင် သူမသမီးကစာလေ့လာရန်အတွက်ဟိုင်ရှီးသို့လာရမည်ဖြစ်သဖြင့် သားအမိနှစ်ယောက်ပြန်ဆုံနိုင်ပြီဟုတွေးထားခဲ့ခြင်းဖြစ်သည်။မတော်တဆမှုတစ်ခုဖြစ်လာမည်ဟုထင်မထားခဲ့ပေ။လွန်ခဲ့သည့်ရက်အနည်းငယ်လောက်က သူမသမီး ကျပန်းအလုပ်တစ်ခုအတွက်ကျေးလက်ဘက်သို့ထွက်သွားချိန်တွင် လမ်း၌မြေပြိုမှုတစ်ခုဖြစ်ပြီး ခေါင်းထိသွားလေသည်။သူမကလျင်မြန်စွာသတိပြန်ရလာသော်လည်း ဘာမှမကြားရတော့ပေ။ဆရာဝန်ပြောသည်မှာတော့ သူမ၏ဦးနှောက်ထဲ၌ထိခိုက်မှုတစ်ခုဖြစ်သွားပြီး ပြသနာအရင်းမြစ်ကိုမူ လက်ရှိအချိန်တွင်မရှာနိုင်သေးဟုဆို၏။

 

ဦးနှောက်ထဲမှထိခိုက်မှုများသည် ခေတ်မှီဆေးပညာနှင့်တောင်မှ ကုသရန်ခက်ခဲလေသည်။ဆရာဝန်ကထိုသို့ပြောလိုက်သော်လည်း မျက်စိပါသည့်ဘယ်သူမဆိုသူပြောတာကိုကြားသည်နှင့် သဘောပေါက်နိုင်ပေသည်။ထိုနားများအကောင်းပကတိပြန်ဖြစ်လာရန်မှာ ခက်ခဲလှသည်။


ကျိုးယွီဖုန်းအတွက် သူမသမီးတစ်ဘဝလုံးနားမကြားရတော့မည်ကိုတွေးကြည့်လိုက်ရုံနှင့်တင် မိုးပြိုမတတ်ခံစားရလေသည်။သို့သော်သူမ အလုပ်ဆက်ကြိုးစားမှဖြစ်မည်။မဟုတ်ပါက ဆရာဝန်ပြရန်ပိုက်ဆံရှိတော့မည်မဟုတ်ပေ။ထို့ကြောင့် ဒီနေ့မနက်တွင်သူမအပြင်းအထန်ငို‌ခဲ့သော်လည်း အလုပ်လာလုပ်ခြင်းဖြစ်သည်။


“မစ်ယွင် ကျွန်မတကယ်အားနာလိုက်တာ အခုချိန်မှာကျွန်မအတွက်ရင်ဖွင့်စရာဘယ်သူမှမရှိလို့ပါ”

သူမက အခြားလူများကိုစိတ်အနှောင့်အယှက်မပေးချင်ပေ။သူမရင်ထဲတွင်လုံးဝသည်းမခံနိုင်တော့လို့သာ၊ မဟုတ်ပါကဤအကြောင်းကိုအခြားသူများအား ပြောပြမည်မဟုတ်ပေ။


“ကျွန်မရဲ့မင်မင်ကအခုမှဆယ့်ရှစ်နှစ်ဘဲရှိသေးတာ အနာဂတ်ကအရှည်ကြီးရှိသေးတယ် တကယ်ဘဲဘာလုပ်ရမလဲကိုမသိတော့ပါဘူး”


“ကျိုးကျဲ ကျဲရဲ့*ရန်ကျုံး*ကအပြည့်ရှိတယ် မျက်လုံးမျက်ခုံးတွေကလည်း ကံကောင်းမှုရှိတဲ့လူတစ်ယောက်ရဲ့ အရှိန်အဝါရှိတယ် စိတ်ကိုအေးအေးထားပါ ဒီကိစ္စကမကြာဘူးပြီးသွားမှာပါ”

ယွင်ရုန်က ကျိုးယွီဖုန်း၏မျက်နှာအသွင်အပြင်ကိုသေချာကြည့်လိုက်ပြီးနောက် စိတ်အားထက်သန်စွာပြောလာသည်။

(Tn:**ရန်ကျုံး-philtrum နှာခေါင်းနဲ့နှုတ်ခမ်းကအလယ်တည့်တည့်က ဒေါင်လိုက်အမြှောင်းလေးပါ)


“ကျွန်မကအဲ့လိုကိစ္စမျိုးတွေကိုမယုံပါဘူး အဲ့ဒါတွေကဒီအတိုင်း。。。。”

ကျိုးယွီဖုန်းကဆက်ပြောဖို့ ခေါင်းမော့လိုက်သောအခါ ယွင်ရုန်ကသူမအားညင်သာစွာကြည့်နေသည်ကိုမြင်လိုက်ရလေသည်။ယွင်ရုန်ကအသိအသာပင် အသက်နှစ်ဆယ်မကျော်သေးသည့်မိန်းမငယ်လေးဖြစ်သော်လည်း သူမကိုကြည့်နေသည်က အငယ်ပိုင်းမျိုးဆက်မှသူကိုကြည့်နေသလိုမျိုးဖြစ်ကာ ဗြောင်းဆန်နေသောသူမရင်ကိုခနလောက်ငြိမ်းချမ်းသွားစေ၏။


ထူးဆန်းစွာပင်ကျိုးယွီဖုန်းကစကားပြောင်းလိုက်သည်။

“မစ်ယွင် ပွင့်ပွင့်လင်းလင့်ပြောရမယ်ဆိုရင် တကယ်ဘဲနတ်ဘုရားတွေရှိပြီး ကျွန်မရဲ့မင်မင်လေးကိုသက်သာအောင်ဆောင်မပေးနိုင်မယ်ဆိုရင် ကျွန်မကလတိုင်းလတိုင်းရဲ့ ပထမဆုံးရက်နဲ့ ဆယ့်ငါးရက်နေ့တွေမှာ လှူဖွယ်ပစ္စည်းဆက်ကပ်ဖို့ဆန္ဒရှိပါတယ် ကျွန်မရဲ့တစ်ဘဝလုံးကျေးဇူးတင်သွားမိမှာပါ”


ယွင်ရုန်က ကျိုးယွီဖုန်းကျိန်လာမည်ဟုမထင်ထားသဖြင့်အံ့ဩသွားသည်။သူမအတွက်လူသားများ၏ဆုတောင်းကိုမကြားခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။သူမကပြုံးလိုက်သည်။

“အခုပြောလိုက်တဲ့စကားတွေကို တည်အောင်ထိန်းရလိမ့်မယ်နော်”

ယွင်ရုန်က ပြတင်းပေါက်ကိုကျောပေးရပ်နေ၏။နေရောင်ကပြတင်းပေါက်ကို ထိုးဖောက်ဝင်ရောက်လာကာ သူမအနောက်တွင်ရောင်ခြည်တစ်ခုဖြာထွက်နေသလို‌ပုံစံပေါ်သွားသည်။ရှိန်လောက်သည့်ဖိအားတစ်ခုဖြစ်ပေါ်လာကာ လေထုကိုလေးနက်လာစေလေသည်။ကျိုးယွီဖုန်းက ယွင်ရုန်ကိုကြည့်ကာ ခနလောက်ဆွံ့အသွားသည်။ရုတ်တရက်သူမကရင်တုန်လာကာ ‌ကြာကြာဆက်ကြည့်ပါကအပြစ်ဖြစ်သွားနိုင်သလိုခံစားချက်မျိုးကြောင့် လျင်မြန်စွာခေါင်းငုံ့လိုက်သည်။


“ကျွန်မကပြောတဲ့အတိုင်းလုပ်မှာပါ”

ကျိုးယွီဖုန်းရင်ထဲတွင်ခံစားချက်တစ်ခုရလာပြီး ခိုင်မာစွာပြန်ဖြေလိုက်သည်။


သူမထိုသို့ပြောလိုက်သောအခါ ယွင်ရုန်၏အပြုံးကပိုလို့တောင်တောက်ပလာလေသည်။ကျိုးယွီဖုန်းမမြင်နိုင်သည့် အစိမ်းဖျော့ရောင်အမှတ်သားတစ်ခုက သူမပုခုံးပေါ်၌ပေါ်လာသည်။၎င်းကတောင်စောင့်နတ်၏အမှတ်အသားပင်။


တောင်စောင့်နတ်ကိုပေးသည့်ကတိအား ဖောက်ဖျက်၍မရပေ။


ယွင်ရုန်က အံဆွဲဘက်လှည့်လိုက်ပြီးနောက် သူမ၏ချန်ခွင်းအိတ်ထဲမှ ရိုးတံပါသည့်အသီးကိုထုတ်လိုက်သည်။ထို့နောက်ကျိုးယွီဖုန်းလက်ထဲထည့်ပေးကာ ပြောလာသည်။

“ကျိုးကျဲက ကျွန်မကိုယုံတယ်ဆိုမှတော့ ဒါကိုကျဲရဲ့သမီးဆီယူသွားပြီး စားခိုင်းလိုက်ပါ ခနလောက်နေရင်သူမနားပြန်ကြားလာနိုင်လိမ့်မယ်”


ကျိုးယွီဖုန်းကသူမလက်ထဲမှ ဆောင်းဆီးသီးကိုကြည့်ကာ အံ့ဩသွားသည်။အသီးက ‌ရတနာဆိုင်မှပတ္တမြားလိုနီရဲတောက်ပနေ၏။ဆီးသီးဖြစ်သော်လည်း ကြည့်လိုက်သောအခါရွှေရောင်ဝင်းနေလေသည်။


အရင်ကဆိုပါက ကျိုးယွီဖုန်းသည် အသီးလေးတစ်လုံးက ဆေးရုံမှာတောင်မကုပေးနိုင်သည့်နားမကြားနိုင်သောရောဂါကို ကုသပေးနိုင်သည်ဟုယုံကြည်မှာမဟုတ်ပေ။သို့သော်ယွင်ရုန်၏ယုံကြည်ချက်ရှိသောပုံစံကို မြင်သောအခါ သူမရင်ထဲတွင်အသံတစ်ခုက ဤအသီးသည်တကယ်ဘဲ သူမသမီးကိုကုသပေးနိုင်သည်ဟုပြောနေသလိုခံစားလိုက်ရသည်။


အသီးညှာတံကိုကိုင်ကာ ကျိုးယွီဖုန်းကချက်ချင်းထရပ်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“မစ်ယွင် ဒါကတကယ်ဘဲ。。。。。”

ယွင်ရုန်ခေါင်းငြိမ့်ပြသည်ကိုမြင်သောအခါ သူမလက်ထဲမှအသီးအား တင်းကြပ်စွာကိုင်ပြီး ထွက်သွားရန်လုပ်လိုက်သည်။

“မစ်ယွင် ကျေးဇူးပါဘဲ ကျွန်မသွားပြီး သမီးလေးကိုကျွေးကြည့်လိုက်ဦးမယ် တကယ်ကျေးဇူးတင်ပါတယ်。。。。”

ထို့နောက်သူမက ယွင်ရုန်ပြန်ဖြေသည်ကိုတောင်မစောင့်နိုင်တော့ဘဲ ရုံးခန်းထဲမှပြေးထွက်သွားသည်။


လူသားတစ်ယောက်၏ဆုတောင်းကို‌ဖြည့်ဆည်းပေးလိုက်ပြီးနောက် ယွင်ရုန်ကခံစားချက်အလွန်ကောင်းနေသည်။သူမက သီချင်းငြီးကာ တီဗီကြည့်နေလိုက်သည်။ထို့နောက်သိပ်မကြာခင်မှာဘဲ ဝမ်းပေါ်ဆီမှဖုန်းဝင်လာ၏။ဝမ်းပေါ်က သူမနှင့်လုဟယ်နျန်အား ထမင်းတစ်နပ်ကျွေးချင်နေခဲ့ခြင်းဖြစ်သည်။အရင်တစ်ခါဟယ်ပေါ်နှင့်တိုက်ပွဲဖြစ်ပြီးနောက် သူတို့ကအိမ်ပြန်ရောက်ရောက်ချင်းမေ့လဲသွားကြလေသည်။နှစ်ရက်လောက်ကြာပြီးမှသာ သူတို့ကအိပ်ရာထဲမှထွက်လာနိုင်လေသည်။ဝူရွှမ်းကန်နှင့် ရွမ်ရှန်းတို့ကသက်သာလာသည်နှင့် မြို့တော်ကိုပြန်ရတော့မှာဖြစ်သည်။ထို့ကြောင့်ဒီတစ်ကြိမ်စားသောက်ပွဲကို နှုတ်ဆက်ပွဲဟုလည်းဆိုနိုင်၏။


ယွင်ရုန်က အချိန်အများကြီးပိုနေသဖြင့် ကိစ္စမရှိပေ။သို့သော်သူမ၏အချိန်စာရင်းကို လုဟယ်နျန်စီစဉ်ခြင်းဖြစ်သဖြင့် လုဟယ်နျန်ကိုအရင်မေးရလိမ့်မည်။ထို့အပြင်လုဟယ်နျန်ကပြီးခဲ့သည့်နှစ်ရက်လုံးသူမကိုအဖော်ပြုပေးခဲ့သဖြင့် အလုပ်အများအပြားကို နောက်ရွှေ့ခဲ့ရလေသည်။


ယွင်ရုန်ကလက်ထဲတွင်ဖုန်းကိုကိုင်ထားပြီး လုဟယ်နျန်ရုံးခန်းဆီဦးတည်လိုက်သည်။ လုဟယ်နျန်က ဖိုင်တစ်ခုကိုကြည့်နေပြီး သူမဝင်လာသည်ကိုမြင်သောအခါ မေးလာသည်။

“ဘာဖြစ်လို့လဲ”


“ဝမ်းပေါ်က ကျွန်မတို့ကိုထမင်းတနပ်လောက်လိုက်ကျွေးချင်လို့တဲ့ ဒုတိယအစ်ကို သွားချင်လားဟင် မသွားချင်ရင် ကျွန်မဘာသာသွားလိုက်မယ်”


လုဟယ်နျန်၏ ဝူရွှမ်းကန်အပေါ်အမြင်များကသိပ်မကောင်းပေ။သူမတစ်ယောက်တည်းသွားပါက အနိုင်ကျင့်ခံရမည်ကိုစိုးရိမ်မိသလို ကားစီးနေချိန်တွင်လူရမ်းကားများနှင့်ကြုံမှာကိုလဲတွေးပူ‌မိ၏။လုဟယ်နျန်ကနှုတ်ခမ်းကိုစေ့ပြီးနောက် ပြန်ဖြေလိုက်သည်။

“ကိုယ်မင်းနဲ့အတူလိုက်ခဲ့မယ်”


“ကောင်းပြီလေ”

ယွင်ရုန်ကပြုံးရွှင်လာသည်မှာ သူမအတွက် လုဟယ်နျန်နှင့်ဘာဘဲလုပ်ရလုပ်ရ ပျော်ရွှင်စရာကောင်းသည့်အရာတစ်ခုဖြစ်နေသကဲ့သို့ပင်။သူမကအသံတိုးကာဆက်ပြောလာ၏။

“ဝမ်းပေါ်ဒကာခံမှာတဲ့ ကျွန်မတို့တွေကောင်းကောင်းကြီးစားရတော့မှာဘဲ”

သူမကမျက်စိမှိတ်ပြလာသည်။


ဖုန်းကိုင်ထားသောဝမ်းပေါ်:。。。。ကြီးမြတ်လှသောအဒေါ်ကြီးရယ် ဖုန်းမချရသေးဘူးဗျ။


လုဟယ်နျန်က ကူကယ်ရာမဲ့စွာဖြင့် ရယ်ကာခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်ပြီလေ ကိုယ်တို့တွေသွားပြီး ဂုန်းဆင်းကြတာပေါ့”


ဒီတစ်ကြိမ်တွင်ဟယ်ပေါ်ကိစ္စကိုဖြေရှင်းရာ၌ အရာအားလုံးကိုယွင်ရုန်အပေါ်တွင်မှီခိုခဲ့ရလေသည်။ယွင်ရုန်ပါးစပ်ဖွင့်စရာမလိုဘဲ ဝမ်းပေါ်က ဟိုင်ရှီးရှိထိပ်တန်းစားသောက်ဆိုင်များထဲမှတစ်ခုကိုရွေးချယ်လိုက်သည်။လုဟယ်နျန်နှင့် ယွင်ရုန်တို့ရောက်သောအခါ လူတိုင်းကရောက်နေကြပြီဖြစ်ပြီး စားစရာများသာမချပေးရသေးခြင်းဖြစ်သည်။


“စီနီယာယွင်”

သူတို့နှစ်ယောက်သီးသန့်ခန်းထဲဝင်လာသောအခါ လူတိုင်းကထရပ်လိုက်ကြသည်။ဝူရွှမ်း‌ကန်တောင်မှ လုံးဝတုန့်ဆိုင်းမနေပေ။


ဤလိပ်ငယ်လေးကအရင်ကဆိုလျှင် နှာခေါင်းကိုမိုးပေါ်ထောင်ထားခဲ့လေသည်။ဒီနေ့တွင်မူ ရိုသေလေးစားသည့်ပုံစံပေါ်နေ၏။ယွင်ရုန်က အံ့ဩစွာဖြင့် သူ့ကိုအကြိမ်အနည်းငယ်လောက်ပြန်ကြည့်လိုက်မိသည်။ထို့နောက်သူမကလွတ်နေသောခုံသို့ဝင်ထိုင်လိုက်သည်။

“ဝူရွှမ်းကန် နင့်ဒဏ်ရာတွေကမပျောက်သေးဘူးလား”


ဝူရွှမ်းကန် အံ့ဩသွားသည်။ယွင်ရုန်က သူ့ကိုစိတ်ပူပေးနေရာ လိမ်မာသောအသွင်အပြင်ဖြင့် ပြန်ဖြေလိုက်သည်။


“စီနီယာဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ် ကျွန်တော်ကလိပ်ခွံအကာအကွယ်ရှိလို့ ကြီးကြီးမားမားထိခိုက်သွားတာမျိုးမရှိပါဘူး”


အရင်ကအထူးရုံးမှာ မာနတလူလူဖြစ်နေခဲ့တဲ့ပုံစံကဘယ်ရောက်သွားတာလဲ။ယွင်ရုန်က ပိုလို့တောင်နားမလည်နိုင်ဖြစ်လာကာ ထပ်မေးလိုက်သည်။

“ဒါဆိုရင် ဟယ်ပေါ်နဲ့တိုက်နေတုန်းက ခေါင်းထိသွားတာလား”


ဝူရွှမ်းကန်ပြန်မဖြေရသေးခင်မှာဘဲ ဘေးမှရွှမ်ရှန်းကရယ်ကာဝင်ပြောလာသည်။


“ဝူရွှမ်းကန် နင်ရဲ့မူရင်းအသွင်အပြင်ကိုမေ့မနေနဲ့ ခွေးတစ်ကောင်လိုလျက်ပြနေတာက ဘာမှအကျိုးထူးမှာမဟုတ်ဘူး”


“အမွှေးအိတ်ကြီး မင်းကငါနဲ့တစ်နေ့လောက်ရန်မဖြစ်ရရင်ကို မနေနိုင်တော့ဘူးလား”

ဝူရွှမ်းကန်က သူမပြောလာသည်ကိုကြားလိုက်သည်နှင့် ချက်ချင်းပင်ယဉ်ကျေးလိမ်မာသောအရေခွံကွာကျသွားလေသည် သူကမျက်မှောင်ကြုတ်ကာ ထိုင်ခုံပေါ်မှခုန်ထမတတ်ဖြစ်လာသည်။

(Tn:ရွမ်ရှန်းရဲ့မူလအသွင်က အမွှေးအိတ်လေးပါ ရှေးခေတ်ကားတွေထဲမှာ ခါးမှာချိတ်တဲ့ဟာမျိုးလေးလေ)


“ဟုတ်ပါပြီ ဟုတ်ပါပြီ စီနီယာနှစ်ယောက် ကျွန်တော်တို့ဒီကိုလာတာက စီနီယာယွင်ကို ကျေးဇူးတင်ဖို့လေ ပြောစရာရှိရင်ကောင်းကောင်းပြောကြပါ”

ဝမ်းပေါ်က မိစ္ဆာကြီးနှစ်ကောင်ရန်ဖြစ်တော့မည်ကို မြင်သောအခါ ကမန်းကတန်းထရပ်ပြီးဝင်ဖြောင်းဖြပေးလာသည်။


ဝူရွှမ်းကန်က ယွင်ရုန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်တည်တည်ဖြင့်ပြန်ထိုင်ချပြီး အေးစက်စွာနှာခေါင်းရှူံ့လိုက်သည်။

“စီနီယာယွင်ရဲ့မျက်နှာကိုထောက်လိုက်ပါ့မယ် ယောက်ျားစစ်တစ်ယောက်က မိန်းမတွေနဲ့ရန်ဖြစ်မှာမဟုတ်ဘူး”


“စီနီယာယွင်ကိုမျက်နှာသာပေးနေတာမဟုတ်ဘူး နင်ကငါ့ကိုလုံးဝမရိုက်နိုင်တာပါနော်”

ရွမ်ရှန်းက အသံတိုးတိုးဖြင့်ခွန်းတုံ့ပြန်လိုက်သည်။


ဤအချိန်တွင် စားပွဲထိုးကလည်း စားစရာများကိုလာပို့လေသည်။သူတို့နှစ်ယောက်ရန်ထပ်ဖြစ်မှာစိုးရိမ်သဖြင့် ဝမ်းပေါ်ကလူတိုင်းကိုအရင်စားကြရန်ပြောလိုက်သည်။နောက်ဆိုပါကသူမြို့တော်မှအကူအညီမတောင်းရဲတော့ပေ။ဤနှစ်ယောက်ကအလွန်ပင်ဒေါသကြီးကြလေသည်။


ယွင်ရုန်က ပါးစပ်ဖွင့်ပြီးမေးခွန်းတစ်ခုမေးလိုက်ရုံနှင့် ထိုနှစ်ယောက်အားရန်ဖြစ်အောင်လုပ်နိုင်ခဲ့မည်ဟုမထင်ထားခဲ့ပေ။သူမကရှက်ရှက်နှင့် လုဟယ်နျန်ကိုလှည့်ကြည့်လိုက်ရာ သူကနှစ်သိမ့်သောအပြုံးတစ်ခုပြုံးပြလာသည်။သူက ကျောက်ပုစွန်ကိုအခွံခွာပြီး သူမ၏ပန်းကန်ထဲထည့်ပေးလိုက်သည်။ယွင်ရုန်ကပုံမှန်ဆိုလျှင် ပင်လယ်စာစားရသည်ကိုသဘောကျသည်ဟုသူထင်မိသည်။


လူတိုင်းကစားသောက်နေသဖြင့် လေထုကတည်ငြိမ်လာသည်။ရွမ်ရှန်းက အလွန်နည်းနည်းသာစားလေသည်။တလုတ်နှစ်လုတ်လောက်စားလိုက်ပြီးနောက် သူမလက်ထဲမှတူကိုချကာ ယွင်ရုန်ကိုကြည့်လာသည်။


“စီနီယာယွင် ဒီတစ်ခေါက်ဟယ်ပေါ်ကိုသတ်နိုင်တာက စီနီယာရဲ့အကူအညီကြောင့်ပါ မြို့တော်ကအထူးရုံးနဲ့ကျွန်မတို့ ဒီအကြောင်းကိုပြောပြီးသွားပြီ ခေါင်းဆောင်တွေကအရည်အချင်းရှိတဲ့သူတွေကိုတန်ဖိုးထားပါတယ် တစ်နိုင်ငံလုံးမှာဘယ်နေရာဘဲကြည့်ကြည့် စီနီယာနဲ့ကျင့်ကြံဆင့်တူတဲ့သူ မရှိနိုင်ပါဘူး စီနီယာအနေနဲ့ ကျွန်မတို့အထူးရုံးကိုဝင်ချင်လားမသိဘူး ရုံးချုပ်မှာပေးတဲ့ အကျိုးအမြတ်တွေကအရမ်းကောင်းပါတယ်”


“ခံစားခွင့်တွေကအရမ်းကောင်းတာလား ဘယ်လိုကောင်းတာလဲ”

ယွင်ရုန်က အလေးအနက်နားမထောင်နေသော်လည်း ခံစားခွင့်များအလွန်ကောင်းသည်ကိုကြားသောအခါ သိချင်လာပြီးပြန်မေးလိုက်သည်။


ဟိုင်ရှီးအထူးရုံးမှလူများ၏အကြည့်ကလည်း ရွမ်ရှန်းအပေါ်ကျရောက်လာလေသည်။ဘယ်သူကများ ရုံးချုပ်ကခံစားခွင့်တွေကို မသိချင်ဘဲနေမှာလဲ။


ပုစွန်အခွံခွာနေသည့် လုဟယ်နျန်၏လှုပ်ရှားမှုများက ခနလောက်ရပ်သွားသည်။သူကခေါင်းမော့ပြီး ယွင်ရုန်ကိုလေးနက်စွာကြည့်လိုက်သည်။မိန်းမပျိုလေးက လောဘကြီးပေသည်၊ လုကော်ပိုရေးရှင်းထက်လစာပိုကောင်းပါက သူမတကယ်ဘဲအလုပ်ပြောင်းမှာလားဆိုသည်ကိုသူမသိနိုင်ပေ။


“တစ်လလစာကသိပ်မများပါဘူး 50-60000နဲ့ အာမခံငါးခုအတွက်ထောက်ပံ့ကြေးဘဲ၊ ပြီးတော့နှစ်တစ်ထောင်ကျော်တဲ့ကျင့်ကြံသူတွေအတွက် အခြားခံစားခွင့်တွေလည်းရှိသေးတဲ့အပြင် မိစ္ဆာတွေကိုသတ်ပေးရင်လည်းထပ်ရသေးတယ် အားလုံးပေါင်းလိုက်ရင် မြို့တော်မှာနေထိုင်ဖို့လုံလောက်ပါတယ် ”

အစကရွမ်းရှန်းသည် ရုံးချုပ်တွင်အလုပ်လုပ်ရသည့်အကျိုးကျေးဇူးများကိုပြောပြမလို့ဖြစ်သည်။သို့သော်ယွင်ရုန်က ခံစားခွင့်များကိုစိတ်ဝင်စားသွားလေသည်။

(Tn:အာမခံငါးခု-အသက်အာမခံ၊ဆေးအာမခံ၊ အလုပ်လက်မဲ့အာမခံ၊ လုပ်ငန်းတွင်ထိခိုက်မှုအာမခံ၊ ‌‌မွေးဖွားမှုအာမခံနှင့် အိမ်ရာပိုင်ဆိုင်မှုထောက်ပံ့ကြေးတို့ဖြစ်သည်)


ခံစားခွင့်နှင့်လစာများကို တကယ့်စွမ်းဆောင်ရည်ရှိသူများကဂရုစိုက်လေ့မရှိပေ။ဘစ်ရှော့ကြီးများက စားသောက်ရန်အတွက်ပိုက်ဆံကိုအားထားနေစရာမလိုပေ။ဤလစာနည်းနည်းလေးကတင် သူတို့အတွက်ပါးစပ်အပြည့်ဖြည့်ဖို့လုံလောက်နေပြီဖြစ်သည်။လူတိုင်းကအထူးရုံးတွင်အလုပ်လုပ်ရသည့်အကြောင်းရင်းမှာ သူတို့၏အရည်အချင်းနှင့် နိုင်ငံတွင်းအေးချမ်းလုံခြုံရေးကိုဂရုစိုက်ပေးလိုသောတာဝန်သိစိတ်ကြောင့်ဖြစ်သည်။

 

ယေဘုယျအားဖြင့် ထိုဝင်ငွေများကိုဂရုစိုက်သူများမှာ လတ်တလောမှအရွယ်ရောက်လာသည့်အဆင့်နိမ့်မိစ္ဆာများ သို့မဟုတ် ကျင့်ကြံဆင့်မမြင့်သေးသဖြင့် မစားသောက်ဘဲမနေနိုင်သေးသူများ၊ မှော်မန္တာန်ရွတ်ရသည့်အဆင့်ကိုမကျော်နိုင်သေးသူများဖြစ်သည်။ထို့ကြောင့်သူတို့၏ဘဝများကလူသားများလိုဖြစ်နေဆဲဖြစ်ကာ ရပ်တည်နေထိုင်ရန်အတွက်ပိုက်ဆံလိုအပ်လေသည်။


သို့သော်ယွင်ရုန်ကထိုခံစားခွင့်များအကြောင်းမေးလာသဖြင့် သူမကဆက်ရှင်းပြလိုက်သည်။


“တကယ်လို့စီနီယာယွင်က ရုံးချုပ်ကိုလာမယ်ဆိုရင် ခံစားခွင့်တွေကကျွန်မထက်တောင်ပိုကောင်းနေမှာ စီနီယာရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် စိတ်ဝိညာဉ်ရတနာတွေကိုစိတ်ကြိုက်သုံးလို့ရတယ်”




⛰️