Chapter 71
Viewers 5k

⛰️Chapter 71

:ထမင်းတစ်နပ်။ 




50-60,000လောက်လား၊ အခြားခံစားခွင့်တွေလည်းရှိသေးတယ်ပေါ့။


ယွင်ရုန်က မသေမျိုးရတနာများကိုဂရုမစိုက်ပေ။သူမ၏ကျင့်ကြံဆင့်၌ ထိုသို့သောအရာများကိုသုံးဖို့မလိုတော့ပေ။သို့သော် ရွမ်ရှန်းက လစာနှင့်ခံစားခွင့်များအကြောင်းပြောပြလာသောအခါ သူမမျက်လုံးများက မနာလိုမှုကြောင့်နီရဲလာလေသည်။တစ်နှစ်ဆိုဘယ်လောက်တောင်ရလိုက်မလဲ။


ယွင်ရုန်က သူမ၏လက်ရှိလစာကိုနည်းသည်ဟုထင်ခြင်းမဟုတ်ပေ။လုကော်ပိုရေးရှင်းတွင် သူမကချမ်းသာမှုကိုဖိတ်ခေါ်ပေးရုံသာလုပ်ရပြီး အခြားဘာမှလုပ်စရာမလိုသဖြင့် 30,000ကအတော်လေးများနေပြီဖြစ်သည်။ယှဉ်ကြည့်ပါက ကွာခြားချက်များကိုတွေ့နိုင်လေသည်။


သူမက သက်ပြင်းချလိုက်မိသည်။ရှင်းရှင်းဆိုလျှင်သူမက ပိုက်ဆံအရမ်းလိုနေလေသည်။


ယွင်ရုန်က ထိုသို့တွေးသည်ကမကောင်းဟု ပြန်ထိန်းကာ မသိလိုက်ပါဘဲ လုဟယ်နျန်ကိုလှည့်ကြည့်လိုက်မိသည်။လုဟယ်နျန်ကလည်း ဘာအမူအရာမှမပြဘဲ သူမကိုကြည့်နေလေသည်။သို့သော်ထိုအကြည့်ထဲတွင် မဖော်ပြနိုင်သည့်နူးညံ့ညင်သာမှုတစ်ခုပါဝင်နေ၏။


ယွင်ရုန်က အပြစ်ရှိသလိုခံစားမိသွားသည်။

ဒါရိုက်တာက သူမအပေါ်အရမ်းကောင်းတာကို၊ဘယ်လိုများအလုပ်ပြောင်းဖို့စဉ်းစားနေတာလဲ။ပြီးတော့သူမက ဟိုင်ရှီးကနေ အကြာကြီးထွက်သွား၍လည်းမဖြစ်ပေ။

ယွင်ရုန်က အံကြိတ်ကာပြန်ဖြေလိုက်သည်။


“ကျွန်မကဟိုင်ရှီးကနေထွက်သွားလို့မရဘူး အဲ့ဒါကြောင့် မြို့တော်ကရုံးချုပ်မှာအလုပ်လုပ်ဖို့ကမဖြစ်နိုင်လောက်ဘူး”


ရွမ်ရှန်းကအနည်းငယ်စိတ်ပျက်သွားသော်လည်း လက်မလျှော့လိုသေးပေ။

“စီနီယာယွင် အရင်ဆုံးစဉ်းစားကြည့်ပါဦးလား စီနီယာရဲ့ကျင့်ကြံဆင့်နဲ့ဆို ရုံးချုပ်ကိုလာရင်အနည်းဆုံး ဌာနခေါင်းဆောင်တော့ဖြစ်မှာဘဲ နှစ်ကုန်ကျရင်အစုပေါ်အမြတ်တွေလည်းရှိသေးတယ်”


“အစုပေါ်အမြတ်ဆိုတာက ဘာလဲ”

ယွင်ရုန်ကနားမလည်သဖြင့် ပြန်မေးလိုက်သည်။


ရွမ်ရှန်းက ယွင်ရုန်စိတ်ဝင်စားလာသည်ကိုသတိပြုမိသွားပြီး ပြုံးကာရှင်းပြလာသည်။

“ရှင်းရှင်းပြောရရင် အစုပေါ်အမြတ်ဆိုတာက နှစ်ကုန်ဘောနပ်တစ်ခုဘဲ ကျွန်မတို့ရုံးချုပ်က နိုင်ငံအတွင်းကသဘာဝလွန်ကိစ္စအများစုကိုဖြေရှင်းတာဆိုတော့ လုပ်ဆောင်ချက်ကသိပ်မဆိုးဘူးလို့ဆိုရမယ် နှစ်ကုန်ဘောနပ်က အနည်းဆုံးနှစ်မီလီယမ်ဝန်းကျင်လောက်ရှိမယ်”


ထိုစကားကိုကြားသောအခါ ယွင်ရုန်သာမက ဟိုင်ရှီးအထူးရုံးခွဲမှသူများပါ မျက်လုံးပြူးသွားကြသည်။ချိုးတုန်းမင်က ဝမ်းပေါ်ကိုကြည့်ပြီး မယုံနိုင်စွာပြောလာ၏။


“စီနီယာအစ်ကို ကျွန်တော်တို့ရဲ့အခြေခံလစာကျ ဘာလို့ 5000ဘဲရှိတာလဲ”


“စီနီယာအစ်ကို ကျွန်မလည်းလစာတိုးချင်တယ် အခုဆိုအရမ်းဆင်းရဲလွန်းလို့ စကပ်လှလှလေးတွေကိုတောင် မဝယ်နိုင်ဘူး”


ဖုရှောင်က ပါးစပ်ထဲစားစရာကိုဝါးရင်း ဝူးဝူးဝါးဝါးဝင်ပြောလာ၏။


ဝမ်းပေါ်ကတုန်ခနဲဖြစ်သွားကာ အသံတိုးပြီးပြန်ဖြေလိုက်သည်။

“မင်းတို့သာ သူတို့လိုအရည်အချင်းရှိရင် မင်းတို့ကိုလည်းလစာတိုးပေးဖို့ ငါစာတင်ပေးမယ်”


ချိုးတုန်းမင်၊ဖုရှောင်:。。。。ok ဘာမှထပ်ပြောစရာမလိုတော့ဘူး။


ယွင်ရုန်က အားကျစွာနားထောင်နေချိန်တွင် ဘေးမှလုဟယ်နျန်က လက်ထဲမှတူကိုတင်းတင်းဆုပ်လိုက်ကာ သူ့အမူအရာကလည်း ဖြည်းဖြည်းချင်းပြောင်းလဲလာသည်။


ဒါကသူ့ရှေ့မှာပေါ်တင်ကြီး သူ့လူကိုလာလုနေတာဘဲ။


ယွင်ရုန်က မသိလိုက်ဘဲလှည့်ကြည့်ပြီးနောက် လုဟယ်နျန်၏အမူအရာသိပ်မကောင်းသည်ကိုမြင်သွားသောအခါ ဆက်နားမထောင်တော့ပေ။သူမက တူကိုချကာသူ့ဘေးနားကပ်ပြီးမေးလိုက်သည်။

“ဒုတိယအစ်ကို ဘာဖြစ်လို့လဲ”


လူတိုင်းကစကားရပ်သွားပြီး လုဟယ်နျန်ကိုကြည့်လာကြသည်။


မိန်းကလေးက သူ့ကိုဂရုစိုက်နေတုန်းဘဲ။

လုဟယ်နျန်၏ရင်ထဲ၌နွေးထွေးမှုတစ်ခုဖြစ်ပေါ်လာသည်။သူက ခနလောက်ငြိမ်သွားပြီးမှ မျက်လွှာချကာအမူအရာကိုဖုံးကွယ်လိုက်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခုခုမြန်မြန်ချလိုက်ပြီး နားထင်ကိုဖိကာပြောလာ၏။

“ရုတ်တရက်ကြီး ကိုယ်နေလို့သိပ်အဆင်မပြေဖြစ်လာလို့ပါ。。。。”


လုဟယ်နျန်ကိုစသိကတည်းက သူ့ပုံစံကအမြဲပင်အေးစက်ကာ တသီးတခြားနေတတ်သောပုံစံမျိုးဖြစ်ခဲ့၏။အခုလိုအားနည်းနေတဲ့ပုံကိုဘယ်တုန်းကများမြင်ဖူးလို့လဲ။


ယွင်ရုန်ကရင်တုန်သွားကာ ထရပ်ပြီး ဂရုတစိုက်မေးလာသည်။

“မဟုတ်ရင်လည်း ကျွန်မတို့တွေဆေးရုံသွားကြမလား”


ယွင်ရုန်၏စိုးရိမ်နေသောပုံစံကိုမြင်သောအခါ လုဟယ်နျန်ကမသက်မသာဖြစ်သွားပြီး ထိုင်နေသောပုံစံကိုအနည်းငယ်မတ်လိုက်သည်။


“အဆင်ပြေပါတယ် အရမ်းကြီးမဆိုးတော့ ဆေးရုံသွားစရာမလိုပါဘူး အားလုံးလည်းဆက်စားကြလေ ဟုတ်ပြီလား”


“မကောင်းတဲ့အရှိန်အဝါက ပြသနာရှိနေလို့လား”


ယွင်ရုန်ကစိတ်မချနိုင်ဘဲ လုဟယ်နျန်ကိုယ်ထဲမှနိမိတ်မကောင်းသောအရှိန်အဝါများကိုစစ်ဆေးလိုက်သည်။ထိုအရှိန်အဝါအား ကောင်းမွန်စွာချိတ်ပိတ်ထားဆဲဖြစ်ကာ နည်းနည်းလေးမှစိမ့်ထွက်မနေပေ။


ယွင်ရုန်နှင့်လုဟယ်နျန်တို့စကားပြောနေချိန်တွင် ဝူရွှမ်းကန်က မျက်မှောင်ကြုတ်ကာဝင်ပြောလာသည်။


“စီနီယာယွင် ဒီလူကြီးမင်းလုရဲ့ကိုယ်ထဲကနိမိတ်မကောင်းတဲ့အရှိန်အဝါက နောက်ဆိုထိန်းသိမ်းဖို့ခက်ခဲလာလိမ့်မယ် အလုံးစုံပျောက်အောင်မဖယ်ရှားနိုင်ခဲ့ရင် သူ့ဘဝအတွက်အတားအဆီးဖြစ်လာမှာကို စိုးမိတယ် အခုချိန်မှာအဲ့ဒါကငြိမ်သက်နေတာကလည်း စီနီယာရဲ့ဝိညာဉ်စွမ်းအင်လွှမ်းမိုးမှုကြောင့်ဘဲ စီနီယာတို့နှစ်ယောက်သာဝေးကွာသွားရင် အဲ့ဒီစွမ်းအင်တွေကပြန်ထကြွလာပြီး ရလဒ်ကလည်းပိုပြင်းထန်လိမ့်မယ်”


“နင်အဲ့ဒီအကြောင်းမပြောလို့မဖြစ်ဘူးလား”


ရွမ်ရှန်းက ဝူရွှမ်းကန်၏ခြေထောက်ကို စားပွဲအောက်မှ လှမ်းကန်ကာအသံတိုးပြီးလှမ်းပြောလိုက်သည်။သူတို့ကနှစ်ထောင်ချီနေသည့်မိစ္ဆာများဖြစ်ရာ လုဟယ်နျန်ကိုယ်ထဲမှထိုအရှိန်အဝါများကိုသတိပြုမိပေသည်။ဒီလိုနာကျင်စရာကောင်းသောကိစ္စမျိုးကိုလွယ်လင့်တကူမပြောလိုက်သင့်ပေ။


ဝူရွှမ်းကန်က တဲ့တိုးပြောတတ်သောမိစ္ဆာဖြစ်ကာ ပြန်ရေရွတ်လာသည်။

“ငါပြောတာ ဘာမှလည်းမှားမနေဘူးလေ”


လုဟယ်နျန်က ထိုစကားများကိုကြားသောအခါ သူ့ရင်ထဲတွင်လေးလံသွားသည်။ဝူရွှမ်းကန်ပြောသည်မှာ အရင်ကဆရာသခင်ကျန်းပြောခဲ့သည်နှင့်အတူတူပင်ဖြစ်သည်။ဆရာသခင်ကျန်းကလည်း သူသည်အသက်သုံးဆယ်ကိုကျော်ရန်အတွက်ခက်ခဲသည်ဟုဆိုခဲ့ပေသည်။


“တကယ်တော့ ငါလည်းထူးဆန်းတယ်လို့ခံစားနေရတာ သူ့ကိုယ်ထဲကစွမ်းအင်အရှိန်အဝါက အသက်ကြီးလာတာနဲ့အမျှ ပိုပိုပြီးအားကောင်းလာတယ် ဒီလိုမျိုးစွမ်းအင်နဲ့မွေးလာတဲ့သူတွေရှိပေမယ့် ပုံမှန်ဆိုရင်သူတို့ကအရွယ်ရောက်တဲ့အထိမရှင်နိုင်ကြဘူး ကံကောင်းထောက်မပြီးအရွယ်ရောက်တဲ့အထိအသက်ရှင်လာခဲ့ရင်လည်း သူတို့ကမိစ္ဆာအရှိန်အဝါရဲ့ရေရှည်တိုက်စားမှုကြောင့် နေမကောင်းဖြစ်လွယ်ပြီး တစ်ချို့ဆိုအသိလွတ်ပြီးရူးသွားကြတယ် သူ့ဆီမှာကျ အဲ့လိုကိစ္စမျိုးတွေမတွေ့ရဘူး”


ယွင်ရုန်က မျက်မှောင်ကြုတ်လိုက်မိသည်။သူမကနှစ်သုံးထောင်ကျော်အိပ်မောကျနေခဲ့ရာ အငယ်ပိုင်းမျိုးဆက်များက တစ်ချို့ကိစ္စများတွင် သူမထက်ပိုသိကောင်းသိနေနိုင်ပေသည်။


ခနလောက်တွေးကြည့်ပြီးနောက် သူမကမေးလာသည်။

“နင်တို့တွေ ဒီလိုအခြေအနေမျိုးကြုံဖူးလား”


ဝူရွှမ်းကန်က ခနလောက်ငြိမ်သွားပြီးမှ ပြန်ဖြေလိုက်သည်။

“အဲ့ဒါကလေ ကျိန်စာတစ်ခုလို့ စီနီယာမခံစားမိဘူးလား”


“ကျိန်စာလား”


ယွင်ရုန်ကကြောင်အသွားသည်။ဘယ်လိုကျိန်စာကများ တစ်ဘဝလုံးကိုယူဆောင်သွားနိုင်တာလဲ။ပြီးတော့ ပြန်လည်ဝင်စားလာပြီးတာတောင်မှ ဖယ်ရှားလို့မရနိုင်ဖြစ်နေတဲ့အထိ ကျိန်စာကဘယ်လောက်များအမုန်းတရားတွေကြီးမားနေတာလဲ။


ဝူရွှမ်းကန်ကခေါင်းငြိမ့်ပြသည်။


“ကျွန်တော်လည်း ရှေးမျိုးဆက်တစ်ယောက်ပြောဖူးတာကိုကြားဖူးတာပါ တစ်ခါတုန်းကကောင်းကင်ကိုအာခံတဲ့သူတစ်ယောက်ရှိပြီး သူကမိုးကောင်းကင်ရဲ့ကျိန်စာကိုခံခဲ့ရတယ် ဘဝတိုင်းမှာသူတို့က ဘဝရဲ့အထွတ်အထိပ်အချိန်ကိုမရောက်နိုင်ဘဲ ဆက်တိုက်ဆိုသလို ခါးသီးတဲ့ပြန်လည်ဝင်စားခြင်းစက်ဝန်းကိုဝင်နေရမှာတဲ့”


“အဲ့ဒါကအရမ်းရက်စက်လွန်းတာဘဲ”


ချိုးတုန်းမင်က လူတိုင်းစိတ်ဝင်တစားနားထောင်နေချိန်တွင်ထပြောလာသည်။ပြောပြီးမှသာ အခုချိန်တွင်ထို့သို့မပြောလိုက်သင့်ကြောင့်သဘောပေါက်သွားလေသည်။ထို့ကြောင်းသူကကမန်းကတန်းပြန်ပြောလာသည်။


“လူကြီးမင်းလုက သေချာပေါက်အဲ့လိုမဟုတ်လောက်ပါဘူး စီနီယာယွင်နဲ့ဆို ဘယ်မိစ္ဆာအရှိန်အဝါကိုများ မဖယ်နိုင်ဘဲနေမှာလဲ”


သို့သော်ယွင်ရုန်က စိတ်မသက်သာသွားပေ။တကယ်ဘဲမိုးကောင်းကင်၏ကျိန်စာဖြစ်နေပါက သာမာန်လူသားတစ်ယောက်ရင်‌ဆိုင်နိုင်သောအရာမဟုတ်ပေ။ကောင်းကင်ဥပဒေက ရက်စက်ပြင်းထန်ကာ သက်ရှိအားလုံးကို ခွေးများမြက်များလိုသာ ဆက်ဆံလေသည်။သူမကလည်း ထိုသက်ရှိများထဲမှတစ်ယောက်သာဖြစ်လေသည်။


ဝူရွှမ်းကန်နှင့် ရွမ်ရှမ်းတို့ကလည်း ထိုအကြောင်းကိုတွေးမိသွားကာ ချက်ချင်းပင်လူတိုင်း၏အမူအရာများက လေးလံသွားကြသည်။


ဆန့်ကျင်ဘက်တွင် အငယ်လေးနှစ်ယောက်ဖြစ်သည့် ချိုးတုန်းမင်နှင့် ဖုရှောင်ကမူ ဘာမှသိပ်နားမလည်သဖြင့် စားသာစားနေရင်း ဖုရှောင်ကမေးလိုက်သည်။


“စီနီယာဝူ အဲ့ဒါကိုဖြေရှင်းဖို့နည်းလမ်းတစ်ခုခုရှိလား”


“ရှိတယ် ယင်းလုံက ငါတို့နိုင်ငံမှာ အကြီးမြတ်ဆုံးမိစ္ဆာမျိုးနွယ်ဘဲ သူ့ရဲ့နှလုံးနဲ့သွေးကိုသာရနိုင်ခဲ့ရင် ကျိန်စာကိုဖျက်နိုင်လိမ့်မယ်”

ဝူရွှမ်းကန်က ကူကယ်ရာမဲ့နေသောအပြုံးတစ်ခုဖြင့်ပြောပြလာသည် 


“ယင်းလုံ အဲ့ဒါကဒဏ္ဍာရီတစ်ခုဘဲမဟုတ်ဘူးလား”

ချိုးတုန်းမင်ကမယုံနိုင်ပေ။


“ဟယ်ပေါ်တောင်တကယ်ရှိနေတာလေ ယင်းလုံကရောဘာလို့မရှိနိုင်ရမှာလဲ”

ဝမ်းပေါ်က ချိုးတုန်းမင်ကိုပြန်ငြင်းလိုက်သည်။


ယွင်ရုန်က သူ့အမူအရာကိုအခြားသူများကိုမမြင်နိုင်အောင်ခေါင်းငုံ့ထားသည့် လုဟယ်နျန်ကိုကြည့်လိုက်မိသည်။ဘယ်သူ့အတွက်ဆို သေခြင်းတရားသည် ဆိုးရွားသောအရာတစ်ခုဖြစ်သည်။ရုတ်တရက်ပင်ဒါရိုက်တာကလည်း အရမ်းကြီးကျယ်သည့် အကြွင်းမဲ့အာဏာရှင်မဟုတ်ပါလားဟု သူမတွေးလိုက်မိသည် 


ရုတ်ချည်းပင်သူမရင်ထဲတွင် ဝမ်းနည်းမှုတစ်ခုလှိုက်တက်လာသည်။သူမက လုဟယ်နျန်လက်ကိုလှမ်းကိုင်ကာ ပြောလိုက်သည်။

“ဒုတိယအစ်ကို စိတ်မပူနဲ့နော် ကျွန်မသေချာပေါက် ဒုတိယအစ်ကိုကိုကူညီပေးမှာ”


“အရမ်းအရမ်းကိုနည်းတဲ့ လူအနည်းငယ်လောက်ဘဲ မိုးကောင်းကင်ရဲ့ကျိန်စာတိုက်တာကိုခံရတာ ဒါကအဲ့လောက်ထိတော့ မပြင်းထန်လောက်ပါဘူး”

ရွမ်ရှန်းက ပြုံးကာဝင်ပြောလာသည်။


“စီနီယာယွင် မြို့တော်မှာစီနီယာတစ်ချို့ရှိသေးတယ် ကျွန်မသူတို့ကို ကျိန်စာဘယ်လိုဖယ်ရမလဲဆိုတာကိုပတ်မေးကြည့်လိုက်မယ် တစ်ခုခုသိရတာနဲ့ စီနီယာကိုအကြောင်းကြားလိုက်ပါ့မယ်”


“ဟုတ်ပြီလေ ကျေးဇူးပဲ”


ယွင်ရုန်ကနည်းနည်းစိတ်သက်သာသွားကာ ခေါင်းငြိမ့်ပြလိုက်သည်။


“ဒါစားလိုက်ဦး”


လုဟယ်နျန်ကဘာမှမထူးခြားသောအမူအရာဖြင့် သူခွာထားပေးသည့် ပုစွန်ပန်းကန်ကို ယွင်ရုန်ရှေ့ချပေးလာသည်။ထို့နောက်သူက ယွင်ရုန်၏လက်ပေါ်မှအုပ်ကိုင်ကာ ဂရုမစိုက်သလိုဟန်ဆောင်လိုက်လေသည်။


“အဲ့ဒါက အဲ့လောက်ကြီးလည်းမပြင်းထန်လောက်ပါဘူး ကိုယ်ကနှစ်သုံးဆယ်နီးပါးလောက် ဘဝမှာကောင်းကောင်းနေထိုင်ခဲ့ပြီးသွားပြီလေ မကြာခင်မှာပဲသေတော့မယ့်ပုံစံမျိုးမပေါက်နေပါဘူး”


သေရမည်ကို ဂရုမစိုက်သောသူဟူ၍မရှိပေ။သို့သော်လူအများအပြားက သူအသက်သုံးဆယ်မကျော်နိုင်ဟုထပ်ခါတလဲလဲပြောနေသောကြောင့်ဖြစ်မည်၊အချိန်ကြာလာသောအခါ လုဟယ်နျန်ကစိတ်အေးလာခဲ့သည်။ငါအသက်ရှင်န်ိုင်ခဲဲဲ့ရင် ငါကံကောင်းလို့၊ငါမလုပ်နိုင်ခဲ့ရင်လည်း အဲ့ဒါက ငါ့ကံဘဲပေါ့။အမှန်တွင် သူကသေရမှာကို မကြောက်ပေ။သူ့မိဘ၊မောင်နှမများ。。。

。သူ၏မိန်းကလေးတို့နှင့် မခွဲခွာချင်ရုံသာဖြစ်သည်။

 

လုဟယ်နျန်ပြောသည်ကိုကြားသောအခါ ယွင်ရုန်ကလည်း သူမအရမ်းတွေးမိသွားပြီဟုထင်သွားသည်။ကောင်းကင်ဥပဒေက လူများအား ကြုံရာကျပန်းကျိန်စာတိုက်မှာမဟုတ်ပေ။အတိုင်းထက်အလွန်ရက်စက်ယုတ်မာသောသူဆိုမှသာ မိုးကောင်းကင်က ထိုသူ၏ဝိဉာဉ်ပေါ်တွင်အမှတ်အသားထားလိုက်မှာဖြစ်သည်။ထို့နောက်တွင်ထိုလူ၏ဝိဉာဉ်သည် ပြန်လည်ဝင်စားလာပြီးနောက် သူလုပ်ခဲ့သောမကောင်းမှုများကိုခြေဖျက်ရန်အတွက် အခက်အခဲမျိုးစုံကိုခံစားရမှာဖြစ်သည်။


လုဟယ်နျန်က တကယ်ပင်ထိုသို့ရက်စက်ယုတ်မာတတ်သည့်သူတစ်ယောက်နှင့်မတူပေ။


ထိုသို့တွေးလိုက်နိုင်ခါမှ ယွင်ရုန်ကသက်ပြင်းချလိုက်ပြီး လုဟယ်နျန်ကိုပြုံးပြလိုက်သည်။

“ဒုတိယအစ်ကိုက ကံကြမ္မာကောင်းရှိတဲ့သူပါ ကျွန်မပြောတာကိုယုံလို့ရတယ်”


သူမစကားကို အခြားသူများနားမလည်နိုင်လောက်သော်လည်း လုဟယ်နျန်ကမူသဘောပေါက်သွားလေသည်။သူ၏မိန်းကလေးက တောင်စောင့်နတ်တစ်ပါးဖြစ်ရာ သူမပြောသောစကားတစ်ခွန်းစီတိုင်းက တကယ်ဖြစ်လာလိမ့်မည်။

ဤသို့တွေးမိလိုက်သောအခါ လုဟယ်နျန်၏ရင်ထဲတွင်နွေးထွေးသွားပြီး မသိလိုက်ပါဘဲလက်ဆန့်ကာ သူမခေါင်းကိုပွတ်ပေးလိုက်သည်။

“ဟုတ်ပါပြီ ကိုယ်မင်းကိုယုံတယ်”


ဝူရွှမ်းကန်နှင့်ကျန်သောသူများ :。。。。ကြည့်ရတာ ငါတို့ဒီလာတာက ညစာစားဖို့မဟုတ်ဘဲ ခွေးစာစားရဖို့နဲ့တူတယ်။


လူတိုင်းကစားလိုက်ပြောလိုက်ဖြင့် မသိလိုက်ပါဘဲ ဟင်းပွဲအကုန်ပြောင်သွားလေသည်။ဝူရွှမ်းကန်က တကယ်စားနိုင်ကာ ဝမ်းပေါ်ကထိုအကြောင်းကိုသိသဖြင့် အထူးပင်လူဆယ်ယောက်စာပြင်ဆင်ထားခဲ့၏။မထင်မှတ်ထားစွာဖြင့် ယွင်ရုန်ကလည်းအများကြီးစားနိုင်ကာ အနည်းဆုံးစားပွဲတစ်ဝက်စာလောက်က သူမဗိုက်ထဲဝင်သွားလေသည်။အရင်တစ်ခါဘာဘီကျူးစားတုန်းက ဒီလောက်မစားခဲ့ပါဘူး။


ဝမ်းပေါ်က တစ်ဖက်တွင်ဟိုင်ရှီးရုံးခွဲ၏ရန်‌ပုံငွေအတွက်စိတ်သောကရောက်နေသော်လည်း တစ်ဖက်တွင်သူက ဘူးသေးသေးလေးကိုထုတ်ပြီး ယွင်ရုန်ကိုပေးလိုက်သည်။


“စီနီယာယွင် ဒီတစ်ခေါက်ဟယ်ပေါ်ကိုဖြေရှင်းခဲ့တာမှာ စီနီယာရဲ့အကူအညီကြောင့် ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော်တို့ဟိုင်ရှီးရုံးခွဲမှာ စီနီယာကိုပေးစရာ ရှားပါးရတနာတော့မရှိဘူး ဒါကဖုရှောင်လုပ်နေတဲ့ ရုပ်ပျိုဆေးလေ ဒါကိုစားလိုက်တာနဲ့ ငယ်ရွယ်တဲ့ပုံစံကိုပြန်ရနိုင်လိမ့်မယ် ပစ္စည်းသေးသေးလေးဘဲဆိုပေမယ့် စီနီယာလက်ခံပေးဖို့မျှော်လင့်ပါတယ်”


ရုပ်ပျိုဆေးသည် ဘာမှထူးထူးခြားခြားမဟုတ်ဟုထင်နိုင်သော်လည်း ဟိုင်ရှီးအထူးရုံးခွဲ၏ထိပ်တန်းပိုင်ဆိုင်မှုဟုယူဆနိုင်ပေသည်။အမျိုးသမီးအမျိုးသားမိစ္ဆာအကုန်လုံး ဤဆေးကိုပုံမှန်လာဝယ်လေ့ရှိကြသည်။မိန်းကလေးများကအလှကြိုက်သဖြင့် သူမကိုဤ‌အရာပေးသည်မှာမမှားဟု ဝမ်းပေါ်ထင်လေသည်။


ဖုရှောင်၏မူရင်းအသွင်မှာ တာအိုဘုန်းကြီးကျောင်းတစ်ခုမှ မြင်းမြှီးယပ်တံတစ်ခုဖြစ်သည်။ထို့ကြောင့်သူမကျင့်ကြံကာ မိစ္ဆာအဖြစ်အောင်မြင်စွာအသွင်ပြောင်းနိုင်ခဲ့ပြီးနောက်တွင် သူမကဆေးဖော်ရာ၌အရည်အချင်းပါလာခဲ့‌သည်။သူမကို ဤရုပ်ပျိုဆေးဖော်ရာတွင်ဆရာတစ်ခုဟုတောင်ခေါ်‌ဆိုနိုင်၏။


ဖုရှောင်က ချက်ချင်းပင်ယွင်ရုန်ကိုပြောလာသည်။

“စီနီယာယွင် ဒီဆေးတစ်လုံးစားပြီးရင် ရုပ်ရည်ကိုတစ်နှစ်လောက်ထိန်းသိမ်းပေးနိုင်လိမ့်မယ် အဲ့ဒါကဟိုဒဏ္ဍာရီထဲက ဆေးဖက်ဝင်မြက်နဲ့အာနိသင်တူတူဘဲ စီနီယာသဘောကျရင် ကျွန်မဆီကိုလာရှာလို့ရတယ်”


သူမကဘယ်တုန်းကများ ရုပ်ပျိုဆေးစားစရာလိုသွားတာလဲ။သူမလူသားအသွင်ပြောင်းလာကတည်းက အမြဲတမ်းဤပုံစံသာရှိနေခဲ့ခြင်းဖြစ်သည်။အစတွင်ယွင်ရုန်က ငြင်းဖို့လုပ်လိုက်သော်လည်း သူတို့၏စိတ်အားထက်သန်မှုများကိုမြင်သောအခါ ဘူးလေးကိုတစ်ချက်ဖွင့်ကြည့်လိုက်သည်။ဘူးထဲတွင် အမဲရောင်ဆေးလုံးနှစ်လုံးရှိ၏။ဘူးဖဖွင့်လိုက်သည်နှင့် ဆေးရနံ့ကချက်ချင်းပင် နှာခေါင်းထဲတိုးဝင်လာကာ ဝိဉာဉ်စွမ်းအင်ဖျော့ဖျော့စီးဆင်းနေသည်ကိုခံစားမိနိုင်သည်။


သူမကခနလောက်တွေးကြည့်လိုက်ပြီးနောက် ဘူးကိုပိတ်ကာမေးလိုက်သည်။

“‌ဒါတစ်လုံးကို ဘယ်လောက်ကျလဲ”


ဖုရှောင်ကခနလောက်ကြောင်အသွားပြီးမှပြန်ဖြေလိုက်သည်။

“တစ်လုံးကို 100,000ပါ”


100,000လား။ဒီရွှမ်းမန်ကပစ္စည်းတွေက အရမ်းဈေးကြီးတာဘဲလား။တစ်လုံးကို100,000တဲ့လား။


ဘူးကိုကိုင်ထားသည့် သူမလက်များကအနည်းငယ်တုန်ယင်သွားသည်။မတုန်ဘဲနေမလား။သူမလက်ထဲမှာကိုင်ထားတာက 200,000တောင်လေ။ဒါကအရိုးရှင်းဆုံး ဆေးလုံးမျိုးဖြစ်သည်။ သူမကဆေးမဖော်စပ်နိုင်သော်လည်း လွန်ခဲ့သည့်နှစ်သုံးထောင်ကျော်ကဆိုလျှင် မိစ္ဆာငယ်များတောင်မှ ဒီလိုဆေးလုံးမျို

းကိုစားမှာမဟုတ်ပေ။အခုတော့ တစ်လုံးကို100,000ကြီးများတောင်တန်ဖိုးရှိနေပြီ။


“စီနီယာယွင် ဘာဖြစ်လို့လဲဟင်”

ဝမ်းပေါ်က ယွင်ရုန်၏အမူအရာပြောင်းလဲသွားသည်ကိုမြင်သွားရာ ဂရုတစိုက်မေးလေသည်။



⛰️