⛰️ Chapter 72
ထမင်းတစ်နပ်
“စီနီယာယွင် ဘာဖြစ်လို့လဲဟင်”
ဝမ်းပေါ်က ယွင်ရုန်၏အမူအရာပြောင်းလဲသွားသည်ကိုမြင်သွားရာ ဂရုတစိုက်မေးလသည်။
ရုတ်တရက်ပင် ယွင်ရုန်က မျက်လုံးများမှိတ်သည်အထိပြုံးဖြီးလာလေသည်။သူမက ဘူးလေးကို ဝမ်းပေါ်လက်ထဲထိုးထည့်ပြီးနောက် လှစ်ခနဲပင်သူမ၏ချန်ခွင်းအိတ်ထဲမှ ဆေးဖက်ဝင်မြက်တစ်ပင်ကိုထုတ်လိုက်သည်။ထို့နောက်သူမက အထူးရုံးမှလူသုံးယောက်ကိုမျှော်လင့်တကြီးကြည့်ကာပြောလိုက်၏။
“ဒဏ္ဍာရီထဲကဆေးဖက်ဝင်မြက်ဘဲ ငါမလိမ်ဘူးနော် ဝယ်ချင်လား”
“ဆေး ဆေးဖက်ဝင်မြက်လား”
ဒီတစ်ခေါက်တွင်မူ လူတိုင်းအံ့ဩရမည့်အလှည့်ဖြစ်သည်။နေ့တစ်ဝက်လောက်ကြာသွားပြီးမှသာ ဖုရှောင်က ယွင်ရုန်လက်ထဲမှမြက်ကိုလက်ညှိုးထိုးနိုင်တော့သည်။
“ဟုတ်တယ်လေ ဆေးဖက်ဝင်မြက်ကိုတစ်ကိုက်စားလိုက်ရုံနဲ့ ရုပ်ရည်ကိုငယ်ရွယ်စေရုံတင်မကဘူး အသားအရေကိုဖြူဖွေးလှပစေတယ် အသားအရေအကောင်းဆုံးရှိခဲ့တဲ့အနေအထားကိုပြန်ထိန်းသိမ်းပေးမှာ”
ယွင်ရုန်က မျက်လုံးတလက်လက်တောက်ပလျက်ပြောပြလာပြီး ‘ငါမလိမ်ဘူး နင်တို့အားလုံး မြန်မြန်ဝယ်ကြ မြန်မြန်ဝယ်ကြ’ဟူသောအမူအရာကိုဖော်ဆောင်ထားလေသည်။
ဖုရှောင်နှင့်ကျန်သူများ၏ကျင့်ကြံဆင့်နိမ့်လို့လားမသိ၊ သူတို့ကနားမလည်ကြပေ။သို့သော် ရွမ်ရှန်းကတစ်ချက်ကြည့်လိုက်ရုံနှင့်တင် ယွင်ရုန်လက်ထဲမှမြက်ပင်ပေါ်၌ဝိညာဉ်စွမ်းအင်ကြွယ်ဝနေသည်ကိုမြင်နိုင်လေသည်။သူမက ယွင်ရုန်ဆီလာကာမေးလိုက်သည်။
“စီနီယာယွင် ကျွန်မနည်းနည်းလောက်မြည်းကြည့်လို့ရမလား”
ယွင်ရုန်က လူသားများဈေးဝယ်ထွက်ပါက ထုတ်ကုန်များကိုစမ်းသပ်ကြည့်တတ်ကြောင်းသိသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“အကုန်လုံးစမ်းစားကြည့်ကြပါလား အဲ့လိုဆိုဒါကကောင်းမကောင်းဆိုတာကို အားလုံးတစ်ခါတည်းသိသွားတာပေါ့”
ထို့နောက်သူမက အပိုင်းသေးသေးလေးတစ်ခုဖြဲကာ လုဟယ်နျန်ကိုပေးလိုက်သည်။
“ဒုတိယအစ်ကိုလည်း စမ်းစားကြည့်”
လုဟယ်နျန်ကယွင်ရုန်လက်ထဲမှ မြက်ပိုင်းလေးကိုယူလိုက်သောအခါ အလွန်ပေါ့ပါးသည့်ရနံ့ကိုရလိုက်သည်။၎င်းက သူမကိုယ်မှရနံ့နှင့်အလွန်ဆင်လေသည်။သူကမြက်အပိုင်းစကိုယူပြီး တစ်ခါတည်းစားလိုက်ရန် အနည်းငယ်တုန့်ဆိုင်းနေသော်လည်း အဆုံးတွင်ပါးစပ်ထဲထည့်လိုက်သည်။
ဆေးဖက်ဝင်မြက်က သူ့ပါးစပ်ထဲရောက်သွားသည်နှင့် ကြည်လင်အေးမြသည့်ခံစားချက်တစ်ခုကသူ့လည်ချောင်းတစ်လျှောက် စီးဆင်းသွားသည်ကိုခံစားလိုက်ရသည်။စက္ကန့်အနည်းငယ်လောက်ကြာပြီးနောက်တွင် သူ့ခြေလက်များနှင့် ခန္ဓာကိုယ်ထဲမှအရိုးများအားလုံးကလန်းဆန်းလာသည်ကိုခံစားမိလာသည်။၎င်းက နွေပူပူကြီးတွင် ရေအေးအေးလေးချိုးလိုက်ရသလိုခံစားချက်မျိုးဖြစ်သည်။
“အရမ်းအရသာရှိတယ် ”
လုဟယ်နျန်က အရသာခံပြီးနောက် အနည်းငယ်အံ့အားသင့်စွာပြောလိုက်သည်။
ယွင်ရုန်က ဂုဏ်ယူစွာပြုံးလိုက်သည်။လက်ရှိမိစ္ဆာမျိုးနွယ်က တကယ်ပင်ကျဆင်းလာခဲ့လေသည်။ဒီအငယ်လေးတွေကိုဘဲကြည့် သူတို့ကပစ္စည်းကောင်းတွေကိုတစ်ခါမှမမြင်ဖူးသလိုဘဲ၊ ဝိညာဉ်စွမ်းအင်နည်းနည်းလေးပါတဲ့အရာတွေကိုရတနာလိုသဘောထားနေကြတယ်။ဒီဆေးဖက်ဝင်မြက်က လွန်ခဲ့တဲ့နှစ်သုံးထောင်ကဆို လမ်းဘေးကအပင်တွေဘဲ။လှပစေတာကလွဲရင် အခြားဘာမှအသုံးမဝင်လို့ မိစ္ဆာတွေကမစားချင်ကြဘူး။သူတို့က ဒါကိုတစ်ခါမှမမြင်ဖူးဘူးကြဘူးလို့ ထင်ကိုမထင်ထားဘူး။
လုဟယ်နျန်စားလိုက်သည်ကိုမြင်သောအခါ လူတိုင်းကလည်း မြက်အပိုင်းလေးများကိုပါးစပ်ထဲထည့်လိုက်ကြသည်။ထိုအထဲတွင် ဝူရွှမ်းကန်လည်း ပါ၏။
ဤအချိန်မှာဘဲ စားပွဲထိုးကာ ပန်းကန်လွတ်များကိုသိမ်းဖို့ရောက်လာလေသည်။သူကတံခါးဖွင့်လိုက်သည်နှင့် သီးသန့်ခန်းထဲသူအားလုံးက အတူတူထိုင်ပြီး ပါးစပ်ထဲတွင် သစ်ခွလိုမြက်ပင်တစ်ခုအားစားနေသည်ကိုမြင်လိုက်ရလေသည်။
သူတို့က အတူတူစုပြီးမြက်စားနေကြတာပဲ။
ဒီလူတွေကခေါင်းချောင်နေတာတော့မဟုတ်လောက်ပါဘူးနော်။စားပွဲထိုးကချက်ချင်းပင်ထိုသို့တွေးမိသွားသည်။သူကကြောက်လွန်းသဖြင့် ပန်းကန်များကိုတောင်မသိမ်းရဲတော့ဘဲ လျှပ်စီးလိုအရှိန်ဖြင့် အခန်းထဲမှပြေးထွက်သွားကာ တံခါးကိုဘန်းခနဲပိတ်ချလိုက်သည်။
ဘယ်သူကများ စားပွဲထိုးရဲ့တုံ့ပြန်မှုကို ဂရုစိုက်နိုင်ဦးမှာလဲ။
“ဝူး ဝူးဝူး。。。。”
ဖုရှောင်က မြက်ကိုစားလိုက်သည်နှင့် မျက်လုံးပြူးသွားကာ စကားပြောချင်သော်လည်း သူမပါးစပ်ထဲအရာကိုမြိုမချရက်ဖြစ်နေ၏။
ရွမ်ရှန်းကဖုရှောင်လောက် ကြီးကြီးကျယ်ကျယ်မတုံ့ပြန်သော်လည်း သူမမျက်နှာပေါ်တွင်အံ့အားသင့်နေသောအမူအရာပေါ်လာလေသည်။သူမကထိုခံစားချက်ပျောက်သည်အထိစောင့်ပြီးမှ စိတ်လှုပ်ရှားစွာပြောလာသည်။
“စီနီယာယွင် ဒီဆေးဖက်ဝင်မြက်ရဲ့ဝိညာဉ်စွမ်းအင်တွေက。。。。”
အရမ်းများတာဘဲ။
“စီနီယာယွင် ကျွန်တော်နည်းနည်းလောက်ထပ်မြည်းကြည့်လို့ရမလား ခုနကသေချာအရသာမခံဘဲ ချက်ချင်းမြိုချလိုက်မိလို့”
ချိုးတုန်းမင်က ပစ္စည်းကောင်းမှန်းသိသွားသောအခါ ထပ်လိုချင်လာသည်။
ယွင်ရုန်ကခေါင်းခါပြလိုက်သည်။၎င်းက သူမ မပေးချင်သောကြောင့်မဟုတ်ပေ။ အရင်တစ်ခေါက်တုန်းက လုဟွားနျန်ကိုအများကြီးပေးလိုက်မိသဖြင့် သူမကနှစ်အနည်းငယ်လောက်ပြန်ငယ်သွားလေသည်။သူမကိုမြင်ရသည်မှာ အသားမကျသည့်သူ အနည်းငယ်လည်းရှိလာ၏။ယွင်ရုန်က အလေးအနက်ပြောလာသည်။
“နင်ကလူသားဆိုတော့ အများကြီးစားလိုက်ရင် မကောင်းဘူး အသက်၇၀၊၈၀နှစ်လောက်ရှိလာပြီး အခုလိုပုံစံဘဲဖြစ်နေမယ်ဆိုရင် အခြားလူတွေက နင့်ကိုဂြိုလ်သားလို့ထင်ကြလိမ့်မယ်”
“ချိုးတုန်းမင် နင့်မျက်နှာက နံရံပေါ်မှာတောင် အင်္ဂတေကိုင်*လို့ရနေပြီ ဒီလိုပစ္စည်းကောင်းကိုနင်ကထပ်မြည်းကြည့်ချင်နေသေးတယ်ပေါ့”
ဖုရှောင်က သူ့ကိုလှောင်လိုက်သည်။
(TN:မျက်နှာအရေထူတယ်လို့ပြောတာပါ)
ချက်ချင်းပင်ချိုးတုန်းမင်၏မျက်နှာက နီရဲသွားကာ လည်ပင်းကိုပွတ်ပြီးပြန်ပြောလာ၏။
“ငါကသေချာအရသာမခံလိုက်ရလို့လေ မရဘူးလား”
သူတို့နှစ်ယောက်အငြင်းပွားနေသည့်အချိန်မှာဘဲ ရွမ်ရှန်းကရှေ့တိုးလာသည်။
“စီနီယာယွင် ဒါကိုဘယ်လောက်နဲ့ရောင်းမှာလဲ မသိဘူး”
ဝမ်းပေါ်က ဆေးဖက်ဝင်မြက်ကိုမြည်းကြည့်လိုက်ပြီးနောက် အထဲတွင်ပါဝင်သည့် ဝိညာဉ်စွမ်းအင်က သူ၏ကျင့်ကြံဆင့်ကိုအနည်းငယ်မြင့်သွားစေခဲ့လေသည်။သူလည်း ပစ္စည်းကောင်းမှန်းသိသွားပြီး ဆတ်ခနဲထပြောလာသည်။
“စီနီယာရွမ်ရှန်း ကျွန်တော်တို့အကုန်တွေ့ကြတာဆိုတော့ အားလုံးညီတူမျှတူခွဲယူကြတာပေါ့ မကောင်းဘူးလား”
“နင်က ငါ့ကိုစီနီယာလို့ခေါ်နေမှတော့ ငါနဲ့လာမလုနဲ့လေ”
မထင်မှတ်ထားစွာဖြင့် ရွမ်ရှန်းကမျက်ခုံးပင့်ကာ ချက်ချင်းငြင်းလာ၏။
အရင်ကဆိုပါက ဝမ်းပေါ်ကသေချာပေါက်အလျှော့ပေးလိုက်မှာဖြစ်သည်။သူမက ရုံးချုပ်မှစီနီယာတစ်ယောက်ဖြစ်သည့်အပြင် သူကသူမနှင့်မယှဉ်နိုင်ပေ။သို့သော်ဒီတစ်ခေါက်တွင်မူ သူအလျှော့မပေးချင်ပေ။သူကမျက်နှာပေါ်တွင်အပြုံးတစ်ခုကိုဆင်ထားဆဲဖြစ်ပြီး ပြောလာသည်။
“စီနီယာ ဒီဆေးဖက်ဝင်မြက်က အပင်အကြီးကြီးဆိုတာကို စီနီယာလည်းမြင်တာဘဲ ကျွန်တော်တို့နဲ့နည်းနည်းမျှယူလိုက်လို့ မနစ်နာသွားပါဘူးဗျာ”
“တစ်ပင်ကို တစ်မီလီယမ်”
သူတို့နှစ်ယောက်က အပင်ကိုယူပြီးအငြင်းပွားတော့မည်ကိုမြင်သောအခါ ယွင်ရုန်က ပျော်သွားသည်။သူမကမကြာခင်မှာဘဲ လိုအပ်သည့်ပိုက်ဆံအားလုံးကိုစုဆောင်းနိုင်တော့မည်ဟုခံစားမိလာသည်။အစကသူမပြောလိုက်သည့်ဈေးနှုန်းကိုတွေဝေနေခဲ့သေးသည်။အရင်ကဆိုပါက ဒီလောက်ထိဈေးအမြင့်ကြီးထားမှာမဟုတ်ပေ။သူမမျက်လုံးထဲတွင် ဆေးဖက်ဝင်မြက်များက တောင်ပေါ်မှလမ်းဘေးအပင်များသာဖြစ်သည်။သို့သော်ရုပ်ပျိုဆေးတစ်လုံးက 100,000တန်ဖိုးရှိ၏။မြက်ပင်တစ်ပင်က ဆေးဆယ်လုံးစာအာနိသင်နှင့်ယှဉ်နိုင်ပေသည်။
“တစ်မီလီယမ်ဟုတ်တယ်မလား ဝူရွှမ်းကန် ပိုက်ဆံပေးလိုက်”
ရွမ်ရှန်းက ဝူရွှမ်းကန်ကို ပိုက်ဆံပေးဖို့ပြောပြီးနောက် ယွင်ရုန်ကိုပြောလာသည်။
“စီနီယာ ပိုက်ဆံကိုအခုဘဲလွှဲပေးလိုက်မှာပါ စီနီယာက ဆေးဖက်ဝင်မြက်ကိုပေးလို့ရပြီမလား”
ဒီတစ်ကြိမ်တွင် ဝူရွှမ်းကန်ကရွမ်ရှန်းနှင့်အငြင်းမပွားတော့ဘဲ ဖုန်းကိုထုတ်ကာပိုက်ဆံလွှဲပေးလာသည်။
ဟိုင်ရှီးအထူးရုံးမှသူများမှာ စိုးရိမ်တကြီးဖြစ်လာကြသည်။ဆေးဖက်ဝင်အပင်ကအဆုံးတွင် ရွမ်ရှန်းလက်ထဲရောက်တော့မည်ကိုမြင်သောအခါ ချိုးတုန်းမင်က ချက်ချင်းပင်အရွက်တစ်ရွက်ကိုဆွဲပြီးပြောလာ၏။
“စီနီယာရွမ်ရှန်း ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့က ဟယ်ပေါ်ကိုဖြေရှင်းရင်းနဲ့ ဆက်ဆံရေးတစ်ခုရှိလာတာဘဲ ကျွန်တော်တို့ကအများကြီးမလိုချင်ပါဘူး ဒီ100,000ကိုကျွန်တော်တို့နဲ့မျှပေးရအောင်ဗျာ မကောင်းဘူးလား”
“ဟုတ်ပါတယ် ကျွန်တော််တို့အတွက်ဆယ်ပုံတစ်ပုံစာဘဲဝယ်ရရင်တောင် လုံလောက်ပါပြီ”
ဝမ်းပေါ်က အခြားရွေးချယ်စရာဖြင့်ဖြေရှင်းလာသည်။
ယွင်ရုန်က သူတို့အငြင်းပွားတော့မည်ကိုမြင်သောအခါ ကမန်းကတန်းဝင်ပြောလာသည်။
“ရန်မဖြစ်ကြနဲ့လေ ငါ့မှာထပ်ရှိသေးတယ် နင်တို့ဘယ်လောက်လိုချင်တာလဲ”
သူမကပြောရင်းဖြင့် ချန်ခွင်းအိတ်ထဲမှ ဆေးဖက်ဝင်မြက်နှစ်ပင်ကိုထပ်ထုတ်လိုက်သည်။သို့သော်သူမဘေးမှ လုဟယ်နျန်ကသူမလက်ကိုဖိကိုင်လာလေသည်။
ယွင်ရုန်က နားမလည်နိုင်စွာကြည့်လိုက်သောအခါ လုဟယ်နျန်ကခေါင်းအသာရမ်းပြပြီး သူမကို မြက်ပင်များထပ်မထုတ်ရန်ပြောလာလေသည်။ယွင်ရုန်ကအကြောင်းရင်းကိုမသိသော်လည်း မသိလိုက်ပါဘဲလုဟယ်နျန်၏စကားကိုနားထောင်လိုက်ဆဲပင်။
ကံကောင်းစွာဖြင့် လူတိုင်းကယွင်ရုန်အခုလေးတင်ထုတ်လိုက်သည့် ဆေးဖက်ဝင်မြက်နှစ်ပင်ပေါ်တွင်သာအာရုံရောက်နေသဖြင့် သူတို့နှစ်ယောက်၏အပြုအမူများကို ဘယ်သူမှသတိမထားမိလိုက်ပေ။
ဆေးဖက်ဝင်မြက်ပင်က သစ်ခွပင်နှင့်တူကာ ပင်စည်တစ်ခုတည်းရှိ၏။ယွင်ရုန်၏ဘယ်လက်က တစ်ပင်ကိုကိုင်ကာ ညာလက်က ကျန်တစ်ပင်ကိုကိုင်ထားလေသည်။ဒီတစ်ကြိမ်တွင် ရွမ်ရှန်းတောင်မှမတည်ငြိမ်နိုင်တော့ပေ။
အဲ့ဒါကဒဏ္ဍာရီထဲကဆေးဖက်ဝင်မြက်လေ။အဲ့ဒါကိုမြင်ဖူးချင်ပေမယ့် တစ်ခါမှမမြင်ဖူးတဲ့မိစ္ဆာတွေဘယ်လောက်တောင်များလိုက်လဲ။ဒါပေမယ့် စီနီယာကတော့ အဲ့ဒါတွေကိုဈေးထဲကကြက်သွန်မြိတ်လိုသဘောထားနေတာပဲ။ ဘာကိုမှဂရုမစိုက်ဘဲ ဆေးဖက်ဝင်မြက်တွေကိုသယ်ပြီး လျှောက်သွားနေတယ်။
သီးသန့်ခန်းထဲရှိ မိစ္ဆာသုံးကောင်နှင့်လူနှစ်ယောက်မှာ ခနလောက်စိတ်လွင့်သွားကြပြီး သူတို့မျက်လုံးထဲတွင် လေးစားကြည်ညိုလိုမှုများဖြစ်လာသည်။လက်စသတ်တော့ ဘစ်ရှော့ဆိုတာ ဒီလိုမျိုးပါလား၊ သူတို့အရင်ကဆုံဖူးခဲ့တာတွေက ဘစ်ရှော့အစစ်မဟုတ်ဘူးဘဲ။
သူတို့တွေရုံးချုပ်ကပေးမယ့် မသေမျိုးရတနာတွေအကြောင်းပြောတုန်းက ယွင်ရုန်စိတ်မလှုပ်ရှားတာမထူးဆန်းတော့ပါဘူး။အဲ့ဒါတွေက သူမမျက်လုံးထဲဝင်နိုင်မှာတဲ့လား။သူမက ဆေးဖက်ဝင်မြက်ကိုတောင် ကြက်သွန်မြိတ်လို သဘောထားပြီးရောင်းနေတာ။
လုဟယ်နျန်၏အမူအရာတစ်ခုတည်းကသာ တည်ငြိမ်နေဆဲဖြစ်သည်။အရင်တစ်ခါ သူမ လုဟွားနျန်ကိုပေးခဲ့စဉ်က ဂရုမစိုက်ဘဲလက်လွတ်စပယ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
အဆုံးတွင်ဤဆေးဖက်ဝင်မြက်နှစ်ပင်လည်း အဝယ်ခံလိုက်ရသည်။ရွမ်ရှန်းက ချမ်းသာပြီးလွှမ်းမိုးနိုင်စွမ်းရှိကာ အလွယ်တကူပင်ပိုက်ဆံနှစ်မီလီယမ်ကိုထုတ်ပေးလာလေသည်။ဘေးရှိဝမ်းပေါ်ကမူ ခါးသီးနေရုံသာတတ်နိုင်တော့သည်။သူကခက်ခက်ခဲခဲဖြင့် ပိုက်ဆံ900,000ကျော်ကိုသာစုနိုင်ခဲ့၏။ယွင်ရုန်ကသူတို့၏သနားစရာကောင်းသောပုံစံများကိုမြင်သောအခါ ပိုက်ဆံသောင်းအနည်းငယ်လောက်ဈေးလျှော့ပေးလိုက်သည်။
အစတွင်ဝူရွှမ်းကန်နှင့် ရွမ်ရှန်းတို့က ဤအလုပ်ခရီးကိုမသွားချင်ခဲ့ကြပေ။မထင်မှတ်ထားစွာဖြင့် သူတို့မပြန်ခင်တွင်ဒီလိုပစ္စည်းကောင်းများကိုရရှိခဲ့လေသည်။သူကနေရာမှာဘဲ အလွန်သေးငယ်သည့်လိပ်ခွံလေးကိုထုတ်ကာ ဆေးဖက်ဝင်မြက်အားဂရုတစိုက်ထည့်လိုက်သည်။
“ချန်ခွင်းအိတ်ထဲထည့်ထားလို့ရတယ်လေ အရမ်းဂရုတစိုက်လုပ်နေစရာမလိုပါဘူး”
ယွင်ရုန်က သူတို့အလွန်သတိထားနေသည်ကို မြင်သောအခါ သတိပေးလိုက်သည်။
“ဆေးဖက်ဝင်မြက်က အရမ်းမနုနယ်ဘူး”
“စီနီယာ ကျွန်တော်တို့ဆီမှာချန်ခွင်းအိတ်မှမရှ်ိတာ”
ဝူရွှမ်းကန်က လိပ်ခွံကိုသိမ်းပြီး ရှက်ရှက်ဖြင့်ပြောပြလာသည်။
“ဒါဆိုအပြင်သွားရင် ပစ္စည်းတွေယူရတာ အဆင်မပြေမဖြစ်ဘူးလား”
ယွင်ရုန်ကမယုံနိုင်ပေ။ချန်ခွင်းအိတ်ဆိုတာက အဆင့်မြင့်မှော်အသုံးအဆောင်လည်းမဟုတ်ဘူးလေ မိစ္ဆာတိုင်းမှာတစ်အိတ်စီရှိသင့်တာမဟုတ်ဘူးလား။အဲ့ဒါကလူသားတွေရဲ့မိုဘိုင်းဖုန်းလိုဘဲလေ။
ရွမ်ရှန်းကအမူအရာမပျက်ပြန်ဖြေလာသည်။
“စီနီယာယွင် ချန်ခွင်းအိတ်တွေလုပ်ဖို့ကရှုပ်ထွေးတယ် အခုဆိုဘယ်သူမှမလုပ်နိုင်တော့ဘူး”
လက်ရှိတွင် ချန်ခွင်းအိတ်ဟူ၍ ဆယ်ခုလောက်သာရှိတော့သည်။အကုန်လုံးက မြို့တော်မှစီနီယာများ၏လက်ထဲတွင်ဖြစ်သည်။
ယွင်ရုန်ကထိုစကားကိုကြားသောအခါ အံ့ဩတုန်လှုပ်သွားသည်။မိစ္ဆာမျိုးနွယ်က ဘယ်လိုများဒီအခြေအနေထိတောင်ကျဆင်းလာရတာလဲ။သူတို့က ချန်ခွင်းအိတ်ကိုတောင် မလုပ်နိုင်တော့ဘူးဆိုတော့ ဒီကိစ္စသာသတင်းထွက်လာရင် မျက်နှာပြစရာရှိဦးပါ့မလား။
လုဟယ်နျန်ကဘေးမှနေ၍ ယွင်ရုန်၏အမူအရာကိုကြည့်ကာ စိတ်ထဲတွင်ကြိတ်ရယ်လိုက်မိသည်။သူမရင်ထဲမှာ ကြိတ်ပြီးဝေဖန်နေလောက်ပြီ။
ဟိုင်ရှီးအထူးရုံးကမူ ပိုလို့တောင်သနားစရာကောင်းလှသည်။ချန်ခွင်းအိတ်မပြောနှင့် သူတို့ကအသုံးပြုစရာ မှော်အသုံးအဆောင်များတောင်မရှိပေ။
ချိုးတုန်းမင်က ဆေးဖက်ဝင်မြက်အား လက်နှစ်ဖက်နှင့်သာသေချာဆုပ်ကိုင်ထားလေသည်။သူသတိထားနေသည့်ပုံစံက သူ့ကောင်မလေးအားကိုင်ထားသလိုဖြစ်နေ၏။
သူတို့ကစားသောက်ပြီးသလို ရောင်းစရာရှိသည်ကိုလည်းရောင်းပြီးသွားကြသဖြင့် လူတိုင်းကလမ်းခွဲကြရန်လုပ်လိုက်သည်။မပြန်ခင်၌ ရုတ်တရက်ပင်ယွင်ရုန်က သူမ ကျန်းချုံမင်အား အဆောင်ရောင်းထားသည်ကိုသတိရသွားသည်။သူမက ချက်ချင်းပင် ဝမ်းပေါ်ကိုလှမ်းပြောလိုက်သည်။
“ဝမ်းပေါ် ပြဒါးရည်နဲ့အဝါရောင်စာရွက်တွေယူလာလား ငါ့ကိုတစ်ခါလောက်ငှားပါဦး”
ဝမ်းပေါ်က ထိုပစ္စည်းများကိုအမြဲဆောင်ထားလေ့ရှိသည်။ယွင်ရုန်သုံးချင်သည်ကိုကြားသောအခါ သူကထုတ်ပေးရင်းမေးလာ၏။
“စီနီယာက ဘာအဆောင်ဆွဲမလို့လဲ”
“အရိုးရှင်းဆုံး ဘေးကင်းအဆောင်ပါ လူတစ်ယောက်ကဝယ်ချင်နေလို့လေ ငါနင့်ဆီကငှားပြီးအဆောင်နှစ်ခုလောက်ဆွဲမလို့”
ယွင်ရုန်ကပြန်ဖြေလိုက်သည်။
ဝမ်းပေါ်က ယွင်ရုန်သည်ဒီမှာဘဲအဆောင်ချက်ချင်းဆွဲမည်ဟုမထင်ထားပေ။အဆောင်ဆွဲရသည်မှာ အသေးစိတ်ကျမှုလိုအပ်သည်။အပြည့်အဝအာရုံစိုက်ပြီး နာရီအနည်းငယ်လောက်ဆွဲမှပြီးနိုင်၏။သူကနေ့လယ်တွင်လုပ်စရာရှိသေးသဖြင့် နာရီအနည်းငယ်လောက်စောင့်နေလို့မရပေ။ထို့ကြောင့် သူကချက်ချင်းပြောလိုက်သည်။
“ရုံးမှာ ပြဒါးရည်နဲ့စာရွက်အများကြီးရှိသေးတယ် စီနီယာယွင်ကဒါတွေကိုယူသွားလိုက်လို့ရပါတယ်”
ယွင်ရုန်ကစာရွက်ဝါအား စားပွဲပေါ်တွင်ဖြန့်ကာ ပြဒါးရည်ကိုပြင်ရင်းပြောလိုက်သည်။
“မလိုဘူး မလိုဘူး ငါမြန်မြန်ဆွဲလိုက်မယ် နင့်ဆီကပစ္စည်းအများကြီးယူရတာ အားတောင်နာနေပြီ”
“စီနီယာယွင် အဆောင်မဆွဲခင်မှာ ရေချိုးသန့်စင်ပြီး အဝတ်အစားလဲ。。。。。”
ဝမ်းပေါ်ကဆက်ဖြောင်းဖြချင်သော်လည်း ယွင်ရုန်ကစုတ်တံကိုကိုင်ကာ စဆွဲလိုက်လေသည်။သူမလှုပ်ရှားမှုများကချောမွေ့သပ်ရပ်ကာ သန့်ရှင်းနေပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် အဆောင်တစ်ခုဆွဲပြီးသွားသည်။နောက်ဆုံးစုတ်ချက်ပြီးသောအခါ ဘေးကင်းအဆောင်က ရွှေရောင်အလင်းတန်းတစ်ခုတောက်ပလာပြီး ကျောက်စိမ်းတိုက်မိသည့်အသံမျိုးကို ခပ်ဖျော့ဖျော့လေးကြားလိုက်ရသည်။ဤသို့ဖြင့် အဆောင်တစ်ခုဆွဲပြီးသွားလေသည်။
ချက်ချင်းဆိုသလိုပင် ဝမ်းပေါ်ပြောချင်သည့်စကားများက လည်ချောင်းထဲ၌တစ်သွားသည်။သူကဘာမှမပြောနိုင်တော့ပေ။
တကယ်ကို 'သာမာန်'ဘေးကင်းအဆောင်ပါလားနော်။
“WTF ဒါကအဆင့်မြင့်ဘေးကင်းအဆောင်ဘဲ”
ချိုးတုန်းမင်သည် ရုပ်လွန်လောကနှင့်ဆက်စပ်သောမျိုးရိုးရှိသည့် မိသားစုမှလာခြင်းဖြစ်သည်။သူ့မိသားစုက အဆောင်ဆွဲသည်ကိုအထူးအားထားလေသည်။သူ၏အဆင့်ကသိပ်မမြင့်သော်လည်း အဆောင်ကောင်းမကောင်းကိုမူ ခွဲခြမ်းနိုင်ဆဲဖြစ်သည်။
ဝူရွှမ်းကန်နှင့်ရွမ်ရှန်းတို့က ပြန်ဖို့လုပ်နေချိန်တွင် ချိုးတုန်းမင်၏အော်သံကြောင့်စိတ်ဝင်စားသွားသည်။သူတို့ကအဆောင်ကိုမြင်သောအခါ ကြောက်လန့်တကြားထခုန်မိသွားသည်။ရုံးချုပ်တွင်လည်း အဆောင်ဆွဲရာတွင်ကျွမ်းကျင်သည့် ဆရာသခင်တစ်ယောက်ရှိ၏။သို့သော်အဆောင်ကိုပေါ့ပေါ့ပါးပါးဆွဲပြီး အဆင့်မြင့်အဆောင်တစ်ခုလုပ်ဖို့ဆိုသည်မှာ မဖြစ်နိုင်လောက်ပေ။
အဆောင်ဆွဲရာတွင် ဝိညာဉ်စွမ်းအင်ထည့်သွင်းပေးရသည်။ထိုမှသာအဆောင်က ဝိညာဉ်စွမ်းအင်နှင့်ပြည့်နေမှာဖြစ်သည်။အဆောင်တစ်ခုတွင် ဝိညာဉ်စွမ်းအင်များများပါလေ ပိုပိုပြီးအစွမ်းထက်လေပင်။သို့သော်ယနေ့ခေတ်တွင် ဝိညာဉ်စွမ်းအင်များကနည်းပါးလာသဖြင့် အဆောင်ထဲဝိညာဉ်စွမ်းအင်ထည့်သွင်းရသည်မှာလည်း ပိုခက်ခဲလာခဲ့သည်။
ချိုးတုန်းမင်ကအံ့ဩတကြီးအော်နေသည့်အချိန်မှာဘဲ ယွင်ရုန်ကအဆောင်ဆယ်ခုဆွဲပြီးသွားလေသည်။လုံလောက်ပြီဟုထင်သဖြင့် သူမကစုတ်တံကိုချကာ လက်ခုပ်တီးလိုက်သည်။
“ပြီးပြီ ဒါတွေငှားပေးလို့ကျေးဇူးဘဲနော် နောက်တစ်ကြိမ်ကျ ငါနင့်ကိုပြန်ပေးမယ်”
“မလို ပြန်ပေးစရာမလိုပါဘူး。。。”
ဝမ်းပေါ်ကတံတွေးမြိုချလိုက်သည်။ယွင်ရုန်ကအဆောင်များကိုသိမ်းဖို့လုပ်နေချိန်တွင် သူက သူမလက်ကိုလှမ်းဆွဲပြီးပြောလိုက်သည်။
“စီနီယာယွင် ဒီအဆောင်တွေကိုရောင်းဖို့ရှိလားဟင်”
⛰️